← Chapters

အခန်း (၁၈၉၂)

Vol. 136 Ch. 1892

အခန်း (၁၈၉၂)

Vol. 136 Ch. 1892

အပိုင်း(၁၈၉၂)

အချိန်အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဝေ့ဝူယင် သက်ပြင်းကို မျှင်းမျှင်းကလေး ချလိုက်မိ၏။

"ကိုယ့်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက လက်တွေ့မှာ ဒီလောက်အထိ ထူးထူးခြားခြား ဖြစ်တည်လာတာကို မြင်ရပြီး တုန်လှုပ်မိသွားတာက မှန်ကန်တဲ့ ခံစားချက် ဖြစ်ပါ့မလား"

သူ ခပ်တိုးတိုး ရယ်မောလိုက်မိသည်။

"..."

ပိုင်ရှုမှာ ထိုစကားကို မည်သို့ပြန်ပြောရမည်မှန်း မသိတော့သဖြင့် ဆွံ့အလျက်သာ ရှိနေတော့၏။

"ထားလိုက်ပါတော့... ငါတို့လျှောက်လှမ်းနေတဲ့ ဒီလမ်းစဉ်က ရှေ့ဆက်နေသရွေ့ ငါတို့ရဲ့ ကျင့်ကြံခြင်းကလည်း ဆက်ရှိနေဦးမှာပဲ... ခြေလှမ်းတိုင်းကိုလည်း နည်းနည်းလေးမှ လျော့ရဲမသွားစေဘဲ ခိုင်ခိုင်မာမာ လှမ်းသွားရမယ်"

ဝေ့ဝူယင်၏ ကျင့်ကြံခြင်းအပေါ် ထားရှိသော စိတ်ဓာတ်မှာ အနှိုင်းမဲ့ ခိုင်မာလှပေသည်။ အလွန်အမင်း ထူးချွန်ပြောင်မြောက်နေခြင်းမှာ သူစိုးရိမ်နေရမည့် ပြဿနာမဟုတ်ချေ။ ဤမျှသော အားသာချက်များ ရှိနေလင့်ကစား သူသည် သေမျိုးတစ်ဦးသာ ဖြစ်နေသေးသည်။ မည်သည့်အချိန်တွင်မဆို အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။ သူက အနှိုင်းမဲ့ ပြိုင်ဘက်ကင်းသူ တစ်ယောက် မဟုတ်သေး...။

ဤအချက်ကို သူ့ကိုယ်သူ အမြဲတစေ သတိပေးနေရသည်။

ဂျွတ်... ဂျွတ်...

ကြယ်တာရာ ဝိညာဉ်လေးကောင်မှာလည်း တစ်စုံတစ်ခုကို မြိန်ရည်ယှက်ရည် ဝါးမြိုနေသည့် အသံများဖြင့် ထောက်ခံနေကြ၏။

"အခုဆိုရင် ငါ့ကိုယ်ငါ အစစ်အမှန် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လို့ သတ်မှတ်လို့ရပြီ"

ဝေ့ဝူယင်သည် 'ကောင်းကင် သုံးဆယ့်သုံးပါး ဆေးဖော်စပ်ခြင်း နည်းလမ်း' ကို အောင်မြင်စွာ အသုံးချနိုင်ပြီးသည့်နောက်မှသာ မိမိကိုယ်မိမိ မည်သည့်အဆင့်၌မဆို အစစ်အမှန် အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဖြစ် စတင်အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယခု ထိုနည်းလမ်းကို အကြိမ်ကြိမ် အောင်မြင်ပြီး ဖြစ်လေရာ အဆင့်အတန်းနှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် သံသယဖြစ်စရာ မရှိတော့ချေ။

အဂ္ဂိရတ် ပညာရှင် အတော်များများမှာ ဆေးဖော်စပ်မှု အောင်မြင်နှုန်း နှစ်ဆယ်ရာခိုင်နှုန်းခန့်ကို စံနှုန်းအဖြစ် သတ်မှတ်ထားကြသော်လည်း၊ ဝေ့ဝူယင်၏ စံနှုန်းမှာမူ တစ်ပြိုင်နက်တည်း သုံးဆယ့်သုံးလုံး အောင်မြင်ရမည်ဟူသော အဓိပ္ပာယ်မရှိသည့် စံနှုန်းမျိုး ဖြစ်သည်။ သူသည် မည်သည့်အခါမျှ ကံစမ်းသည့် အောင်မြင်နှုန်းအပေါ် အခြေမခံခဲ့ချေ။ ဤသည်မှာ အမှန်တကယ်ပင် ရူးသွပ်လောက်သော စံနှုန်းပင်။

အကယ်၍ လောကရှိ အဂ္ဂိရတ် ပညာရှင်များသာ 'ဧဒင်ကမ္ဘာဂိုဏ်း’ မှ ဂိုဏ်းချုပ်ငယ်လေးတစ်ဦးက အစစ်အမှန် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အဓိပ္ပာယ်ကို သတ်မှတ်ရန် ဤကဲ့သို့သော စံနှုန်းမျိုးအား အသုံးပြုနေသည်ကို သိသွားပါက သူတို့ ဒေါသတကြီး အော်ဟစ်ကြပေလိမ့်မည်။

သို့သော်လည်း... ယခုအခါ အသက်ကိုးဆယ့်ကိုးနှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည့် သေမျိုးလူငယ်လေးသည် ထိုအရာကိုပင် အောင်မြင်မှု၏ အခြေခံစံနှုန်းအဖြစ် အသုံးပြုခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထိုစံနှုန်းကို လိုက်နာခဲ့ခြင်းကပင် သူ့အား သာမန်ထက် များစွာ သာလွန်သည့် အမြင်များကို ပိုင်ဆိုင်စေခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ဝေ့ဝူယင်ထံသို့ သတင်းစကား နှစ်စောင် တစ်ပြိုင်နက်တည်း ရောက်ရှိလာ၏။

တစ်ခုမှာ စုမေ့ထံမှ ဖြစ်သည်။

နောက်တစ်ခုမှာမူ ရွှယ်ယီဖေးထံမှ ဖြစ်သည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ"

"ချစ်ရသူ... အသက် (၁၀၀) ပြည့် မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ပထမတစ်ခုမှာ လက်ရှိအချိန်တွင် ပေးပို့ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုမှာမူ သူ၏ အသက် အော်ရာနှင့် ချိတ်ဆက်ကာ အချိန်ကိုက် ပေးပို့ရန် လွန်ခဲ့သည့် နှစ်များကတည်းက သူ၏ ရှန့်ထိုလက်စွပ်အတွင်း၌ ထည့်သွင်းပေးထားခဲ့ခြင်း ဖြစ်သည်။

ဖော်ပြရန် ခက်ခဲလှသည့် နွေးထွေးမှုတစ်ခုမှာ သူ၏ နှလုံးသား၊ စိတ်ဝိညာဉ်နှင့် အစစ်အမှန် ဝိညာဉ်တို့အတွင်း၌ လွှမ်းခြုံ ပျံ့နှံ့သွားတော့၏။

...

သခင်လေးရှန့်သည် အရက်ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်။ တစ်ခါတစ်ရံတွင် သူသည် ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်ကာ ငေးမောကြည့်ရှုနေတတ်ပြီး၊ တစ်ခါတစ်ရံတွင်မူ အီလီဆီယံ အသေးစား ၏ အစွန်းတွင် ခြေထောက်များကို လွတ်လပ်စွာ ချထားလျက် အိပ်မောကျနေတတ်သည်။

သူသည် ယွီစွန်းလီ၏ အနုပညာ အလှတရားများကို စိတ်ဝင်တစား စောင့်ကြည့်လေ့ရှိသလို၊ ချင်ချူးမူနှင့်လည်း ကြယ်တာရာများနှင့် သဘာဝတရား၏ အံ့ဖွယ်များကို ဆွေးနွေးတတ်သည်။ ချောင်စွေ့ဖုန်း၏ များပြားလှသော မေးခွန်းများကိုလည်း ဖြေကြားပေးကာ၊ လျူစုယင်၏ အေးစက်စက် လျစ်လျူရှုမှုကိုလည်း ပေါ့ပါးသော နှလုံးသားဖြင့် ရယ်မောရင်း ရင်ဆိုင်လေသည်။

သူသည် လေကဲ့သို့ လွတ်လပ်သည်။ ခန္ဓာကိုယ် ကန့်သတ်ချက်များ မရှိသော ဝိညာဉ်တစ်ခုကဲ့သို့ အနှောင်အဖွဲ့ကင်းကာ နှိမ့်ချသော ဘုန်းကြီးတစ်ပါးကဲ့သို့ပင် ဖော်ရွေလှပေသည်။

ဝေ့စီပင်လျှင် သူ့ကို ကြည့်၍ ရယ်မောမိသည်။ သို့သော်လည်း... သခင်လေးရှန့် တစ်ယောက် သင်္ဘောပေါ်မှ အစွန့်ပစ်ခံရလုနီးပါး ဖြစ်စေခဲ့သည့် 'မတော်တဆမှု' လေးတစ်ခုတော့ ရှိခဲ့သည်။

သူက ဝေ့စီကို နောက်ပြောင်ကာ အရက်အိုးထဲမှ အရက်တစ်ငုံ တိုက်ရန် ကြိုးစားခဲ့ခြင်းပင်။ သို့သော်လည်း... စကားပင် မဆုံးသေးမီမှာပင် သခင်လေးရှန့်မှာ သူ့ကို အာကာသထဲသို့ လွင့်စဉ်သွားစေမည့် ဟင်းလင်းပြင် စွမ်းအင်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ထိုအချိန်မှစ၍ သူသည် ထို့ပိဟန်ကိုသာ အရက်တိုက်ဝံ့ တော့သည်။

သင်္ဘောပေါ်ရှိ အမျိုးသမီးများကိုမူ သူ ဘယ်တော့မှ မစချေ။ သူသည် မိမိကိုယ်မိမိ မည်သို့ ကာကွယ်ရမည်ကို အလွန်ပင် သိနားလည်သူ ဖြစ်သည်။

ထို့ပိဟန်နှင့် သခင်လေးရှန့်တို့ နှစ်ဦးမှာ အရက်ကို အတူတူ သောက်ကြပြီး ကုန်းပတ်ပေါ်ရှိ နေရာအနှံ့တွင် မူးမူးရူးရူးဖြင့် ကြယ်တာရာများကို ငေးကြည့်ရင်း အိပ်ပျော်နေတတ်ကြသည်။ သူတို့သည် အရက်နှင့် အသက်အရွယ်တို့တွင် မိတ်ဆွေ တစ်ယောက်ကို ရှာတွေ့သွားကြခြင်းပင်။

သခင်လေးရှန့်မှာ သူ၏ ကျင့်ကြံခြင်း အခြေခံနှင့် နှိုင်းယှဉ်လျှင် ငယ်ရွယ်သည်ဟု ဆိုနိုင်သော်လည်း တိုတောင်းလှသည့် ကာလအတွင်း အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရသူ ဖြစ်သည်။

ဂလက်ဆီများကြားရှိ ဟင်းလင်းပြင် နေရာလွတ် အတွင်း ဖြစ်ပေါ်နေသည့် ထူးဆန်းသော မြင်ကွင်းများသည် လူတစ်ဦး၏ ဘဝကို ပြောင်းလဲစေလောက်သည့် အတွေ့အကြုံများပင် ဖြစ်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ခံစားခွင့်ရသည့် သေမျိုးဟူ၍ အလွန်ပင် ရှားပါးလှပေသည်။

ဟင်းလင်းပြင်မှ မွေးဖွားလာသည့် သတ္တဝါများကို ထားဦး...။ သာမန် အာကာသ ဖြစ်စဉ်များသည်ပင် မကြာခဏ ဖြစ်ပေါ်နေတတ်သည်။

နေကြယ် ပေါက်ကွဲမှုများမျာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပဲ့တင်ထပ်နေကာ ဟင်းလင်းပြင် နယ်မြေများကို ထင်ဟပ် နေသယောင် ရှိသည်။ ထိုပေါက်ကွဲမှုများသည် လွန်ခဲ့သည့် အချိန်ကတည်းက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ တွင်းနက်ကြီးများမှာ ထိုနေရာတွင် မရှိတော့သော်လည်း၊ ထိုပျက်စီးခြင်း ဖြစ်ရပ်မှာ ဟင်းလင်းပြင်၏ သမိုင်းစာမျက်နှာတွင် ထာဝရ ရေးထိုးထားသကဲ့သို့ ရှိနေပြီး ၎င်းတို့၏ တည်ရှိမှုကို ဂုဏ်ပြုရန်အတွက် ထပ်တလဲလဲ ပြန်လည် မြင်တွေ့နေရခြင်း ဖြစ်သည်။

အလွန်အမင်း သိပ်သည်းပြီး လိမ်ယှက်နေသည့် ဟင်းလင်းပြင် စွမ်းအင်များဖြင့် ဖန်တီးထားသည့် ငွေရောင် အရည်ပင်လယ်ကြီး တစ်ခုလည်း ရှိနေသည်။

ထိုပင်လယ်၏ အလယ်ဗဟိုတွင် ကိုယ်ပိုင် ဆွဲငင်အားကို ထုတ်လွှတ်နေသည့် ရှေးဟောင်း ကြယ်တာရာ ဝါးမြိုသူ တစ်ကောင်၏ အလောင်းကြိး တည်ရှိနေသည်။ ၎င်းမှာ မည်သည့် ကြယ်တာရာ ဝါးမြိုသူ အမျိုးအစားဖြစ်သည်ကို ခွဲခြားရန် ခက်ခဲသော်လည်း ၎င်း၏ အရွယ်အစားမှာ အကြွင်းမဲ့ အရွယ် နေကြယ်ကြီးများထက်ပင် ကြီးမားလှပေသည်။

ထိုမြင်ကွင်းကို တွေ့ရှိစဉ်က ဝေ့ဝူယင်၏ အဗာတာ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ခရာတို၏ ကြယ်တာရာ ဝိညာဉ်ကို အဓိက စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုထားခြင်း ဖြစ်ကာ အခြားလူများနှင့် အတူ ထိုမြင်ကွင်းကို စောင့်ကြည့်ခဲ့သည်။

သခင်လေးရှန့်မှာမူ ထိုအလောင်းကြီးနှင့် အဝေးဆုံးနေရာတွင်သာ နေထိုင်ကာ၊ တစ်စုံတစ်ခု ဖြစ်လာမည်ကို စိုးရိမ်သကဲ့သို့ တုန်တုန်ရီရီဖြင့် ရှောင်ရှားနေတော့သည်။ သူက ဝေ့ဝူယင်မှာ အလွန်ပင် ငယ်ရွယ်ပြီး ကြောက်ရွံ့မှု ကင်းမဲ့လွန်းသည်ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

ထိုမြင်ကွင်းမှာ အလွန်ပင် လှပလှသော်လည်း အနီးသို့ ချဉ်းကပ်ရန်မှာမူ ရူးသွပ်သူများပင်လျှင် လုပ်ဆောင်ရဲလိမ့်မည် မဟုတ်ချေ။ အကြောင်းကား ဤသတ္တဝါမှာ ဒြပ်ထုမျှဖြင့်ပင် အမှောင် ဟင်းလင်းပြင်၏ စွမ်းအင်များကို ဖိသိပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ ၎င်းက သူတော်စင်များကိုပင် ကြောက်လန့် သွားစေနိုင်သည့် ဖြစ်တည်မှုမျိုး ဖြစ်သည်။

သို့သော်လည်း... ထိုသေမျိုး တစ်စုကတော့ အနီးသို့ ချဉ်းကပ်ဝံ့ရုံတင်မကချေ။ ဝေ့ဝူယင်သည် ယွီစွန်းလီ၊ ချင်ချူးမူ၊ ချောင်စွေ့ဖုန်း၊ လျူစုယင်၊ ဝေ့စီနှင့် ထို့ပိဟန်တို့ကို ပြုံးရွှင်စွာဖြင့် ထိုငွေရောင် အရည်ပင်လယ်အနီးသို့ ခေါ်ဆောင်သွားကာ တစ်ယောက်လျှင် ခွက်တစ်ခွက်စာစီ ခပ်ယူစေခဲ့သည်။ သခင်လေးရှန့်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ရက်အတော်ကြာအောင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ရတော့သည်။

သူတို့သည် ချက်ချင်း သေဆုံးနိုင်သည့် နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြသူများ မဟုတ်သကဲ့သို့ အေးဆေးစွာ ရယ်မောရင်း ပြန်လာခဲ့ကြသည်။ သခင်လေးရှန့်မှာမူ ဦးရေပြားများ ထုံကျင်နေခဲ့သည်။ အကယ်၍သာ နောင်တစ်ချိန် ကောင်းချီးခံ ရီအင်ပါယာမှ လူများကို ‘သေမျိုးတစ်စုက ချက်ချင်း သေဆုံးနိုင်သော နယ်မြေတစ်ခုထဲမှ အရည်များကို ရယ်မောပျော်ရွှင်စွာ ခပ်ယူခဲ့ကြသည်’ ဟု ပြောပြပါက အရှက်မဲ့စွာ လိမ်ညာနေသူ တစ်ဦး ဟုသာ ကဲ့ရဲ့ပြစ်တင်ခြင်း ခံရပေလိမ့်မည်။

သို့သော်လည်း... သခင်လေးရှန့် မသိလိုက်သည့် အရာကတော့ ဝေ့ဝူယင်၏ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ပင် ဖြစ်လေသည်။

တစ်ခါတုန်းက ခရာတိုက သူ မသွားနိုင်သော နေရာနှင့် ပြန်မထွက်နိုင်သော နေရာဟူ၍ မရှိဟု ဆိုခဲ့သည်။ ထိုကောင်စုတ်လေးမှာ မိမိကိုယ်မိမိ လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုတို့၏ ပြယုဂ်အဖြစ် မှတ်ယူထားသည်။ ခရာတိုသည် တိုက်ခိုက်ရေးစွမ်းရည်တွင် အသန်မာဆုံး မဟုတ်နိုင်သော်လည်း၊ အပြောကျယ်လှသည့် ဟင်းလင်းပြင်ကို ဖြတ်သန်းရာတွင်လည်းကောင်း၊ အာကာသ သို့မဟုတ် အချိန်တို့နှင့် ထိတွေ့ဆက်ဆံရာတွင်လည်းကောင်း ၎င်းနှင့် ယှဉ်နိုင်သည့် ကြယ်တာရာ ဝိညာဉ် ဟူ၍ မရှိပေ။

ထိုနေ့က ဝေ့ဝူယင်သည် ဟင်းလင်းပြင် အရည်များရှိရာ နယ်မြေကို နှမြောတသစွာဖြင့် ကြည့်ခဲ့သည်။ အီလီဆီယံ အသေးစားက အကွာအဝေး မိုင်ပေါင်း သန်းချီကို ဖြတ်သန်းခဲ့ပြီး နောက်တွင် သူသည် ထိုအရာအားလုံးကို ပိုင်ဆိုင်ရန် ပြန်လှည့်လာခဲ့လေတော့သည်။

***

All Chapters