အခန်း (၁၈၉၅)
Vol. 136 Ch. 1895
အပိုင်း(၁၈၉၅)
ဝှစ်...
မည်သည့်အသံမျှ ထွက်ပေါ်မလာဘဲ ဝေဝူယင်သည် အမှောင် ဟင်းလင်းပြင် အတွင်းမှ ကွယ်ပျောက်သွား၏။ သခင်လေးရှန့်အဖို့မူ ဝေဝူယင် ပြုမူသမျှ ထူးဆန်းအံ့သြဖွယ်ရာများကို မြင်တွေ့ရလွန်း၍ ထုံထိုင်းနေပြီ ဖြစ်သည်။ ကောင်းကင်နှင့် အပြိုင် ရဲရင့်လှသည့် ဝေဝူယင်၏ ယုံကြည်မှုကို သူ အထင်ကြီးမိသော်လည်း တစ်ခါတစ်ရံတွင်မူ လွန်ကဲလွန်းသည်ဟု ခံစားရသည်။ ထိုသို့တွေးတောရင်း သူ ဝိုင်တစ်ငုံကို ထပ်မံသောက်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။
ဝေဝူယင်၏ ကျင့်ကြံခြင်းအဆင့်ကို သူ အနည်းငယ်မျှပင် ခန့်မှန်း၍ မရချေ။ သေမျိုးတို့၏ အငွေ့အသက်နှင့် လျှို့ဝှက်တာအို၏ ထိုးထွင်းမသိနိုင်သော အရှိန်အဝါတို့ ရောယှက်နေကြသည်။ ဝေဝူယင်၏ အသက်အရွယ်ကို သိနိုင်ရန် သူ၏ ဝိညာဉ် အော်ရာကိုပင် ချောင်းကြည့်၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ ထိုလူငယ်မှာ လျှို့ဝှက်အာဏာရှင်တစ်ဦး ဖြစ်နေပြီလော။ သို့သော်လည်း သူ့ထံ၌ လျှို့ဝှက် ခြေချခြင်း နိမိတ်လက္ခဏာများကိုမူ မတွေ့ရပေ။
ထပ်မံစဉ်းစားကြည့်ပြန်လျှင်လည်း ဝေဝူယင်၏ အော်ရာမှာ ထူးခြားဆန်းပြားသလို တစ်ဖက်တွင်လည်း အလွန်ပင် ရိုးရှင်းနေပြန်သည်။ သေမျိုးတာအို၏ အထွတ်အထိပ်နှင့် လျှို့ဝှက်တာအို၏ စင်ကြယ်သည့် ဂုဏ်သတ္တိများ ပေါင်းစပ်ထားသကဲ့သို့ ပြည့်စုံလွန်းလှသည်။ အကြောင်းကို ပို၍သိလာလေလေ၊ အင်ပါယာ ဥပဒေသအား ပိုင်ဆိုင်ထားသည့် ဤသေမျိုးကျင့်ကြံသူကို ခန့်မှန်းရ ပို၍ခက်ခဲလာလေလေပင်။
"ဒါက ဘယ်လို ကံကောင်းမှုမျိုးလဲ..."
ခဏအကြာတွင် ယွီစွန်းလီက မေးမြန်းလိုက်၏။ မင်ရှုဖုန်းမှာလည်း နှေးကွေးခြင်းမရှိဘဲ ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။ ယွီစွန်းလီမှာ ဝေဝူယင်အတွက် မည်မျှ အဖိုးတန်သူဖြစ်ကြောင်း သူမ ကောင်းကောင်းသိသည်။
"ကျွန်မလည်း အတိအကျတော့ မသိပါဘူး၊ ဒါပေမဲ့ အံ့မခန်း ကံကောင်းမှု တစ်ခု ဖြစ်မယ်ဆိုတာကိုတော့ သေချာပေါက် သိနေပါတယ်...."
ယွီစွန်းလီ၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူမသည် ကောင်းကင် နိမိတ်ဖတ် ပညာရှင်များကို သိပ်မယုံကြည်သလို သဘောလည်းမကျပေ။ အကြောင်းကား... သူမ ဖမ်းဆီးခေါ်ဆောင်ခံရသည့် နှစ်ပေါင်းငါးရာအတွင်း သူမ၏ မိခင်ဖြစ်သူမှာ ဗေဒင်ဟောကိန်းများအတွက် ငွေကြေး အမြောက်အမြား အကုန်အကျခံခဲ့သော်လည်း သူမကို ရှာမတွေ့ခဲ့သောကြောင့် ဖြစ်သည်။
မင်ရှုဖုန်းမှာ ယွီစွန်းလီ၏ အကြည့်များထဲမှ မယုံကြည်မှုကို ခံစားမိနေသည်။ သူမ ခေါင်းငုံ့ထားကာ လက်ထဲမှ ဆေးပုလင်းငယ်ကိုသာ ပွတ်သပ်နေမိ၏။ အကယ်၍ ယွီစွန်းလီသာ သွေးထိုးပါက ဝေဝူယင်က သူမကို ဖယ်ရှားကာ အခြားသူတစ်ဦးအား ရှာဖွေသွားမည်လားဟု စိုးထိတ်နေမိသည်။
ဤအပြောကျယ်လှသည့် ဟင်းလင်းပြင်ထဲတွင် သူမ၏ အခြေအနေမှာ ဓားသွားပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ ရှိပြီး၊ အစားထိုး၍မရနိုင်သည့် အသုံးဝင်သူတစ်ဦး ဖြစ်ကြောင်း သက်သေပြရန် အသည်းအသန် လိုအပ်နေသည်။
ယခု... ယွီစွန်းလီ၏ မယုံကြည်မှုက မင်ရှုဖုန်း၏ ကြောက်စိတ်ကို ပိုမိုလှုံ့ဆော်ပေးနေသည်။ ကောင်းချီးခံများ၊ အထူးသဖြင့် ကောင်းချီးခံ အမျိုးသားများနှင့် ဆက်ဆံရာတွင် သတိထားရန် မဟာ ပုရောဟိတ် သင်ကြားခဲ့သော သင်ခန်းစာများက သူမ၏ ရင်ထဲတွင် တုန်ရင်စွာ ပဲ့တင်ထပ်နေခဲ့လေသည်။
"ကောင်းပြီလေ"
ယွီစွန်းလီက အပြောကျယ်လှသော ဟင်းလင်းပြင်ဆီသို့ အကြည့်လွှဲလိုက်၏။ ထိုစဉ် လက်တစ်ဖက်က သူမ၏ ခါးထက်သို့ ဖြည်းညင်းစွာ ရောက်ရှိလာ၏။ မိန်းကလေး၏ နှုတ်ခမ်းထက်တွင် အပြုံးများ ပြန်လည်ဝေဆာလာသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဝေဝူယင်မှာ သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး အေးစိမ့်စိမ့် အပြာရောင် မြူခိုးများ တောက်ပနေသော ပုံဆောင်ခဲတစ်ခုအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုပုံဆောင်ခဲအတွင်း၌ မူလ ဥပဒေသ အပေါ် သာမည အာဏာမှ ဖြစ်ပေါ်လာသည့် စင်ကြယ်သော အဖြူရောင် မြူများက ဗဟိုချက်ရှိ အရာတစ်ခုကို ဝန်းရံထားသည်။
ရွှေဖုန်းပေါင်မှာ ထိုပုံဆောင်ခဲကို ကြည့်လိုက်ရုံမျှဖြင့် မသက်မသာဖြစ်မှုကို ခံစားလိုက်ရ၏။
"ရေခဲဥပဒေသလား..."
တစ်ချိန်တည်း၌ သခင်လေးရှန့်မှာလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
"ဒါ... ဒါက အမိန့်တော်မျိုးစေ့လား... တကယ့် အမိန့်တော်မျိုးစေ့ အစစ်အမှန်လား"
တစ်နေ့လုံး ဝိုင်သောက်နေသောသူ တစ်ယောက်ဟု မထင်ရလောက်အောင်ပင် သူက ဝေဝူယင်ထံသို့ လျင်မြန်စွာ ပြေးသွားလေသည်။ သူ၏ မျက်ဝန်းများမှာ ကြယ်တာရာများ အလား တဖျပ်ဖျပ် တောက်ပနေပြီး ထိုအရာကို အတည်ပြုရန် မျက်လုံးကျင့်စဉ်' တစ်ခုကိုပင် အသုံးပြုလိုက်သည်။
ပုံဆောင်ခဲသည် အေးစိမ့်စိမ့် မြူခိုးများ ဝန်းရံထားရုံသာမက ဟင်းလင်းပြင်ကို ပုံဆောင်ခဲအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ သခင်လေးရှန့်၏ စကားကို နားထောင်ရင်း ဝေဝူယင်၏ စိတ်ဝင်စားမှုမှာ ပိုမိုမြင့်တက်လာခဲ့၏။
"အမိန့်တော်မျိုးစေ့ဆိုတာ ဘာလဲ..."
ချောင်စွေ့ဖုန်းက အခြားသူများကဲ့သို့ပင် ထိုပုံဆောင်ခဲကို စိုက်ကြည့်ရင်း ရှေ့သို့ တိုးလာကာ မေးလိုက်၏။ ဝေဝူယင်က သခင်လေးရှန့် ပိုမိုခံစားမိစေရန် အရှိန်အဝါ အချို့ကို ထုတ်လွှတ်ပေးလိုက်သည်။
"အမိန့်တော်မျိုးစေ့ ဆိုတာ ကောင်းကင်ဘုံကပေးတဲ့ သဘာဝ ရတနာတစ်ခုပဲ... သက်ဆိုင်ရာ ဥပဒေသလောကရဲ့ အမတေ အပိုင်းအစတွေကနေ ကွဲထွက်ပြီး ငါတို့လောကထဲကို ဆင်းသက်လာမှ ဖြစ်တည်လာနိုင်တာ... နည်းလမ်းအမျိုးမျိုးနဲ့ ဖြစ်နိုင်တယ်.... အဲ့ဒါက ဘယ်လောကကနေ ဆင်းသက်လာသလဲပေါ် မူတည်ပြီး မဟာလောက သုံးထောင်ရဲ့ ကောင်းကင်ဘုံ ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေနိုင်သလို၊ သဘာဝ ဥပဒေသမျိုးစေ့ ဖြစ်တည်ဖို့အတွက်လည်း အထောက်အကူပြုတယ်... အောင်မြင်မှုနှုန်းကတော့... ပြည့်စုံလုနီးပါးပဲ"
ဝေဝူယင်က အမိန့်တော်မျိုးစေ့ တစ်ခုအား ဖမ်းဆီးရမိထားသည်ကို သခင်လေးရှန့်မှာ မယုံကြည်နိုင်အောင်ပင် ဖြစ်နေခဲ့သည်။ တစ်နည်း ဆိုရသော်... ၎င်းမှာ 'ဥပဒေသမျိုးစေ့' ပင် ဖြစ်သည်။
ဟင်းလင်းပြင်သင်္ဘောပေါ်ရှိ သူအားလုံးမှာ မြေကြီး ရှန့်ထို အဆင့်နှင့် နှင့် လောကရှန့်ထို အဆင့်များ၏ အထက်သို့ တက်လှမ်းရန် ဥပဒေသများ လိုအပ်ကြောင်း သိထားကြလေရာ အားလုံး၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုများ အစီအရီ တောက်ပလာကြသည်။
"ဒါက ရေခဲအမိန့်တော်မျိုးစေ့ ဖြစ်လိမ့်မယ်... ဒြပ်စင် ဥပဒေသ လောကရဲ့ အစိတ်အပိုင်းတစ်ခုပဲ... ဒါပေမဲ့ အမိန့်တော်မျိုးစေ့ ဆိုတာ အဲ့ဒီလောက် မရိုးရှင်းဘူး... ကျင့်ကြံခြင်းလောကမှာ သဘာဝကနေ ဖြစ်တည်လာတဲ့ အရာတွေက ဘယ်တော့မှ မရိုးရှင်းကြဘူး... နေကြယ်တွေနဲ့ လျှို့ဝှက် အလင်းရောင်တွေလိုပဲ သေမျိုးတာအိုရော လျှို့ဝှက်တာအိုမှာပါ အဲ့ဒီအချက်က မှန်ကန်တယ်...”
“အမိန့်တော်မျိုးစေ့ဟာ ဥပဒေသမျိုးစေ့ကို သာမန်ထက် ပိုမိုမြန်ဆန်တဲ့ အရှိန်နဲ့ ပြုစုပျိုးထောင်ပေးနိုင်တယ်လို့ ဆိုကြတယ်... လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို အစစ်အမှန် သူတော်စင် အဆင့်အထိ ခိုင်မာအောင် လုပ်ပေးနိုင်တဲ့ အနှိုင်းမဲ့ ကောင်းကင်ဘုံရတနာပဲ... ဒါကိုရဖို့အတွက်ဆိုရင် လျှို့ဝှက် အာဏာရှင်အဆင့် ကျင့်ကြံသူတွေတောင် သတ်ဖြတ်ဖို့ ဝန်လေးမှာ မဟုတ်သလို၊ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူကြီးတွေတောင် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ဖျက်ဆီးပစ်ကြလိမ့်မယ်... ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ၊ ဥပဒေသတွေက ပိုပြီး အရေးကြီးလာလေလေပဲ မဟုတ်လား"
သခင်လေးရှန့်မှည အမိန့်တော်မျိုးစေ့အကြောင်းကို အမြဲတစေ ရှာဖွေခဲ့သူ ဖြစ်သဖြင့် ကောင်းစွာ သိရှိနေခြင်း ဖြစ်သည်။
ဝေဝူယင်မှာ သခင်လေးရှန့်၏ မှတ်ချက်ကို သံသယမရှိပေ။ ကံကောင်းထောက်မတာ တစ်ခုက ၎င်းကို ဟင်းလင်းပြင် ပုံဆောင်ခဲခြင်းဖြင့် ချိပ်ပိတ် သိမ်းဆည်း ထားနိုင်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက... ၎င်း၏ အရှိန်အဝါမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပေလိမ့်မည်။
ဝေဝူယင် ဤမျှမြန်မြန် ရှာတွေ့ရခြင်းမှာ ဤရတနာ၏ အရှိန်အဝါက ချင်ချူးမူကို ဝန်းရံထားသည့် သစ်ပင်များနှင့် များစွာ ဆင်တူနေသောကြောင့် ဖြစ်သည်။ ၎င်းမှာ ထူးဆန်းစွာပင် အပျက်အစီး အာကာသနှင့် တည်ငြိမ် အာကာသတို့၏ ကြားအလွှာတွင် တည်ရှိနေခြင်း ဖြစ်သည်။
ထို့အပြင်... ၎င်းသည် အလွန်အေးမြသော အော်ရာ ရှိသည့် တားမြစ်နယ်မြေ တစ်ခုကိုလည်း ဖန်တီးထားပြီး အမှောင်ဟင်းလင်းပြင်၏ အအေးဓာတ်ကို မြေကြီးရှန့်ထို ပင်လျှင် သေစေနိုင်လောက်သော အဆင့်အထိ မြှင့်တင်ပေးထားသည်။
အကယ်၍ မန်နာ အကြောင်း ကောင်းစွာ နားမလည်သူ ဖြစ်ပါက ထိုနေရာကို အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ တစ်ခုဟုပင် ထင်မှတ်သွားနိုင်ပေသည်။
သို့သော်လည်း... ဝေဝူယင်သည် မူလ သာမည ဥပဒေသ၊ အစစ်အမှန် ဟင်းလင်းပြင်နဂါး သေမျိုးဆက် နှင့် ပါရဂွန် ခန္ဓဦကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်လေရာ သူ့ အတွက်မူ မည်သည့်အန္တရာယ်မျှ မရှိပေ။ သူသည် ရေခဲ ဥပဒေသ၏ သဘောတရားများကိုလည်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက နားလည်ထားပြီး ဖြစ်သည်။
"သိပ်လှတာပဲ"
လျူစုယင်သည် သူမ၏ ခံစားချက်ကို မထိန်းနိုင်ဘဲ မသိစိတ်ဖြင့် ရေရွတ်လိုက်မိ၏။ ထိုအခါ လူတိုင်းက သူမဘက်သို့ လှည့်ကြည့်လာကြ၏။
"လှတယ်လား... "
ဝေဝူယင်သည် ထိုပုံဆောင်ခဲကို လက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ပြီး ပြန်လည်ဖြန့်လိုက်သောအခါ စိတ်ကို ကြည်လင်စေသည့် အအေးဓာတ်များကို ထုတ်လွှတ်နေသော အပြာရောင်ပုံဆောင်ခဲလေး ဖြစ်သွားလေသည်။ သူက လျူစုယင်ထံသို့ တည်ငြိမ်သည့် ခြေလှမ်းများဖြင့် လျှောက်သွားကာ ထိုပုံဆောင်ခဲကို မူလအင်အားဖြင့် ဖန်တီးထားသည့် ကြိုးငယ်ဖြင့် သူမ၏ လည်တိုင်တွင် ဆွဲပေးလိုက်သည်။
"ဒါကို လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ... ငါ့ရဲ့ လှပတဲ့ မိန်းကလေးအတွက် လှပတဲ့ လက်ဆောင် တစ်ခုပေါ့လေ... ဒါမှလည်း ဒီရတနာရဲ့ တန်ဖိုးက ထိုက်တန်မှာဖြစ်သလို မင်းရဲ့အလှကိုလည်း ပိုပြီး ပေါ်လွင်စေလိမ့်မယ်..."
ဝေဝူယင်က ဆိုလိုက်သည်။
“...”
လျူစုယင်မှာ ဘာမှမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။ သခင်လေးရှန့်မှာမူ လက်ရှိဖြစ်ပျက်နေသည်ကို အိပ်မက်ဟုပင် ထင်မှတ်နေမိတော့သည်။ ငါသာ မိန်းကလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲဟုပင် သူ တွေးမိမတတ် ဖြစ်သည်။ ကောင်းကင်ဘုံက သူ့အပေါ်မှာ ရက်စက်လွန်းလှသည်ဟု ခံစားနေရ၏။
စုမေ့ကမူ ပြုံးနေ၏။ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ပညာရှင်များပင် အသက်ပေး၍ လုယူကြမည့် အဖိုးတန်ရတနာ ဖြစ်သော်လည်း ဝေဝူယင်ကတော့ ဝေဝူယင်သာ ဖြစ်သည်။ ဤကဲ့သို့ ပြုမူခြင်းဖြင့် လျူစုယင်၏ နှလုံးသားမှာ ထာဝရ ပြောင်းလဲသွားလိမ့်မည် ဖြစ်ကြောင်း သူမ သိသည်။ ထို့ပြင် ဤနေရာရှိ အမျိုးသမီးတိုင်းမှာလည်း ဤကဲ့သို့သော အဖိုးတန်ရတနာများမှာ ဝေဝူယင်၏ မျက်လုံးထဲတွင် သူ ချစ်ရသူများ၏ အလှကို ခြယ်သရန် အဆင်တန်ဆာမျှသာ ဖြစ်သည်ကို ရိပ်မိသွားကြပေလိမ့်မည်။ ဤကဲ့သို့သော ဆက်ဆံမှုမျိုးမှာ မည်သည့်နေရာတွင်မျှ မရှိနိုင်ချေ။
***