အခန်း (၁၈၉၆)
Vol. 136 Ch. 1896
အပိုင်း(၁၈၉၆)
လျူစုယင်မှာ ဝေ့ဝူယင်၏ လက်ဆောင် အသစ်ဖြစ်သည့် 'ရေခဲအမိန့်တော် ဆွဲကြိုး' ကို ကိုင်ကြည့်လိုက်သောအခါ အေးမြမှုနှင့်အတူ ထူးခြားသည့် နွေးထွေးမှုကိုပါ ခံစားလိုက်ရ၏။ မိန်းကလေးမှာ ရှက်သွေးဖြာသွားကာ ဝေဝူယင်ကို တပ်မက်သော အကြည့်များဖြင့် ကြည့်လိုက်မိသည်။ သေမျိုးအမျိုးသမီးများသည် စိန်ကျောက်မျက်ရတနာများကို လှပ၍ တန်ဖိုးကြီးသောကြောင့် နှစ်သက်ကြသော်လည်း၊ ယခုအရာမှာ ထိုအရာများထက် အဆမတန် ပိုမိုလှပကာ တန်ဖိုးဖြတ်မရနိုင်သည့် ရတနာ တစ်ခု ဖြစ်သည်။ သူမ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
တစ်ချိန်တည်း၌... မင်ရှုဖုန်းမှာမူ ဝေဝူယင်က ယွီစွန်းလီအား ဂရုတစိုက်ရှိနေချိန်တွင် အခြားအမျိုးသမီးများ မနာလိုဝန်တိုမှု မရှိကြသည်ကို အံ့သြနေမိသည်။ သို့သော် လျူစုယင်၏ လည်ပင်းမှ အနှိုင်းမဲ့ရတနာကို မြင်လိုက်ရသောအခါတွင်မူ... ဝေဝူယင်မှာ လူတို့၏ ခံစားချက်ကို ကိုင်တွယ်ရာတွင် ဆရာတစ်ဆူ ဖြစ်ကြောင်း သူမ နားလည်သွားတော့သည်။ လူငယ်မှာ မိန်းကလေး တစ်ဦးချင်းစီကို နည်းလမ်းအမျိုးမျိုးဖြင့် စိတ်ကျေနပ်မှုများ ပေးနိုင်ပြီး မည်သူ့ကိုမျှ လစ်ဟင်းမှုမရှိစေရန် ဂရုစိုက်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံနေသူများအဖို့ အဘယ်ကြောင့် မနာလိုစိတ် ထားကြတော့မည်နည်း။
ထို့နောက်... ဝေဝူယင်က ယွီစွန်းလီကို ခါးမှ ဖက်ထားရင်း အီစီလီယံ အသေး သင်္ဘော၏ ရှေ့ပိုင်းသို့ ဦးဆောင်ခေါ်သွားလေ၏။ ချင်ချူးမူနှင့် ချောင်စွေ့ဖုန်းတို့မှာလည်း သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။
"နှမြောစရာပဲ... ငါတို့ ဒီထက်ပိုပြီး မလေ့လာနိုင်တော့ဘူး"
ယွီစွန်းလီက တိုးညင်းစွာ ရေရွတ်လိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ရှင် ပေးထားတဲ့ ပထမဆုံး ကတိကိုတော့ တည်ပြီးပြီ"
မိန်းကလေး၏ စကားသံမှာ လေပြေညင်းကလေးအလား သာယာနေပြီး ရင်ထဲတွင်လည်း ကြည်နူးမှုများဖြင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်က အံ့ဩမှင်တက်ဖွယ်ရာ ရှုခင်းများနှင့် နိမိတ်လက္ခဏာများကို အတူတူ ကြည့်ရှုကြမည်ဟု ကတိပေးခဲ့ဖူးသည်။ ယခုမူ သူတို့သည် တစ်ခုနှစ်ခုမကသော အံ့ဖွယ်များကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။
အဇူရာ မူလ ဂလက်ဆီဇုံ၏ ရှုခင်းကို မြင်တွေ့ရုံမျှဖြင့် ထိုကတိမှာ ပြီးပြည့်စုံလုနီးပါး ရှိသော်လည်း ဝေဝူယင်မှာ ထိုထက်မကသော အရာများကို လုပ်ဆောင်ပေးခဲ့သည်။ သူက သူမကို ကြယ်တာရာ ဝါးမြိုသူ၏ အလောင်းရှိရာသို့ပင် ခေါ်ဆောင်သွားပြီး ကြယ်တာရာ ဟင်းလင်းပြင် အရည်တစ်ခွက်ကို ခပ်ယူပေးခဲ့သေးသည်။ သူမသည် ထိုအရည်ကို အသုံးပြု၍ ဆေးရောင်သစ်များပင် စပ်နေပြီ ဖြစ်သည်။
တွေးလိုက်ရုံမျှဖြင့် ရင်ခုန်ရသည့် နောက်ဆုံးအစီအစဉ် မတိုင်မီတွင် ခမ်းနားထည်ဝါလှသော ဂုဏ်ပြုပွဲကြီးတစ်ခုသာ ကျန်ရှိတော့သည်။ ဝေဝူယင်မှာ သူသတ်မှတ်ထားသည့ အချိန်ဇယားထက်ပင် များစွာ ရှေ့ရောက်နေခဲ့ပြီ ဖြစ်သည်။
"..."
ဝေဝူယင်က မိန်းကလေးကို စိုက်ကြည့်လိုက်၏။ ယွီစွန်းလီမှာ ဝေဝူယင် ပြောချင်နေသည့် စကားများကို ကြားနေရသကဲ့သို့ ခံစားလိုက်ရပြီး ကြယ်တာရာများဆီသို့ အကြည့်လွှဲလိုက်သည်။
"ရှင် ကျွန်မကို မသိစေချင်ဘူးဆိုရင် ကျွန်မလည်း သိဖို့မလိုပါဘူး"
သူမက ဆိုလိုက်သည်။ ထိုစကားများမှာ သူမ၏ စိတ်ရင်းအမှန်များ ဖြစ်ကြ၏။ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့က အဘယ်ကြောင့် သူမကို ဖမ်းဆီးခဲ့သနည်း။ အဘယ်ကြောင့် သူတော်စင် တစ်ဦးက သူမကို ရန်ပြုချင်နေရသနည်း။ ထိုအချက်များကို ဝေဝူယင်က သူမအား မပြောပြခဲ့ပေ။ ထို့အပြင်... ဝေဝူယင်သည် ထိုအကြောင်းအရာများကို အစကတည်းက ကြိုတင်သိရှိနေပုံ ရသည်။
အကယ်၍ သူက သူမကို မပြောပြသေးဘူးဆိုလျှင် သူမကို မလိုအပ်ဘဲ စိုးရိမ်ပူပန်မှု မဖြစ်စေချင်၍သာ ဖြစ်ပေလိမ့်မည်။
လူတွေက သူမကို အဘယ်ကြောင့် လိုချင်နေကြသနည်း။ အင်အားကြီးသူများသာ စိုးမိုးသည့် ဤလောကတွင် သူမကိုယ်သူမ ဂလက်ဆီတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်လောက်သည့် အလှ ဧကရီ တစ်ဦး အဖြစ် သဘောထားလိုက်ခြင်းကပင် လုံလောက်သော အကြောင်းပြချက် ဖြစ်နေပြီ ဖြစ်သည်။
ဝေဝူယင်မှာ ယွီစွန်းလီ၏ ထိုစကားကို ကြားရသောအခါ ရင်ထဲတွင် အနည်းငယ်မျှ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူမ အနေဖြင့် ကောင်းကင်ရှန့်ထိုအဆင့်သို့ မရောက်မချင်း ဤလျှို့ဝှက်ချက်ကို မသိရှိခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဝေ့ဝူယင် ခံစားရသည့် အပြစ်မကင်းသည့် စိတ်မှာ ခဏတာမျှသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်...
"ရှင် ကျွန်မကို ကာကွယ်ပေးမှာ မဟုတ်လားဟင်"
ယွီစွန်းလီက သူမ၏ လုံခြုံမှုအတွက် စိုးရိမ်ပူပန်နေသော လေသံလေးဖြင့် တိုးတိုးလေး မေးလိုက်၏။
"ငါ့မှာ ရှိသမျှ အရာအားလုံးနဲ့ ရင်းပြီး ကာကွယ်ပေးမှာပါ"
ဝေဝူယင်၏ စကားသံက လောကနယ်မြေများ၊ ဥပဒေသများနှင့် စကြဝဠာများကိုပင် ပိုင်းဖြတ်နိုင်လောက်အောင် ထက်မြက်ပြတ်သားလှသည်။
ယွီစွန်းလီ၏ နှုတ်ခမ်းထက်တွင် နှစ်ပေါင်းထောင်ချီ စွဲလမ်းသွားစေနိုင်သည့် အလှပဆုံး အပြုံးတစ်ခု ထင်ဟပ်လာ၏။
"ရှင်ပြောခဲ့သလိုပဲ... လူတွေအများကြီး တက်ရောက်မယ့် ခမ်းနားကြီးကျယ်တဲ့ ဂုဏ်ပြုပွဲကြီးတစ်ခုကို ကျွန်မ လိုချင်တယ်"
ဝေဝူယင်သည် အသက်ကို အသာအယာ ရှူထုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
"အခုပဲ ထွက်ကြမယ်...”
ထို့နောက် သူက အခြားလူများဘက်သို့ လှည့်ကာ ကြေညာလိုက်သည်။ စုမေ့၊ စုမေ့၏အရိပ်၊ ထို့ပိဟန်၊ ယောင်ဟုန်ရီ၊ ရွှေဖုန်းပေါင်၊ ကျူးဟိုင် နှင့် လော့နင် တို့အားလုံးမှာ သူ၏အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြသည်။
အခြားလူများနှင့် ခြားနားစွာပင်... သူတို့မှာ အာဏာရှင်များ ဖြစ်ကြသည်။ သူတို့၏ တာဝန်မှာ ရှုခင်းကြည့်ရန်နှင့် နူးညံ့လှပသော အလှအပများကြောင့် လက်ဆောင်ရယူရန် မဟုတ်ချေ။
ဝေဝူယင်က အားလပ်နေသည့် လက်တစ်ဖက်ကို သင်္ဘော၏ ရှေ့ဘက်သို့ ဆန့်ထုတ်လိုက်၏။ ချက်ချင်းပင် အမှောင်ဟင်းလင်းပြင် တစ်ခုလုံး သိမ့်သိမ့်တုန်သွားသည်။
ဂျိန်း... ဂျိန်း...
ဧရာမ ကြီးမားလှသည့် အနက်ရောင် ဟင်းလင်းပြင် တံခါးပေါက်ကြီးသည် ထစ်ချုန်းမြည်ဟည်းနေသည့် အသံဆန်းကြီးနှင့်အတူ သင်္ဘော၏ ရှေ့တွင် ရုတ်ချည်း ပေါ်ပေါက်လာ၏။ လူတိုင်းမှာ ကျောရိုးထဲအထိ စိမ့်တက်သွားခဲ့သည်။
ဂျိန်း... ဂျိန်း...
၎င်းသည် မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းရာမှ မိုင်ဝက်ခန့်အထိ လျင်မြန်စွာ ကျုံ့ဝင်သွား၏။ တံခါးပေါက်၏ အနားသတ်များမှ မီးခိုးရောင် မြူတိမ်များ လိပ်တက်နေကာ ငွေရောင်လျှပ်စီးများနှင့် အမှောင်ရောင် အရည်စက်များ ဝဲလှည့်နေကြသည်။
“...”
သခင်လေးရှန့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။
“သူ... သူက...”
သို့သော်လည်း... သူ၏ အတွေး မဆုံးခင်မှာပင် အီစီလီယံ အသေးစားသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဟင်းလင်းပြင် တံခါးပေါက်ထဲသို့ တိုးဝင် သွားလေတော့သည်။ ထို့နောက်မှသာ သခင်လေးရှန့်၏ အတွေးမှာ အဆုံးသတ်သွားတော့၏။
“သူက အခုပဲ ဟင်းလင်းပြင်ကို အပေါက်ကြီးဖြစ်အောင် ဆွဲဖြဲ လိုက်တာလား...”
...
အဖြူရောင် အဘိဿဲလ် ဂလက်စီ၊ အရိပ်မှောင် အဘိဿဲလ် ဂလက်စီဇုံ...
ဝှစ်...
ဂလက်ဆီဇုံ၏ အစွန်အဖျားတွင် မီးလျှံရောင် သင်္ဘောတစ်စင်းသည် လေထဲမှ ရုတ်ချည်း ပေါ်ထွက်လာသကဲ့သို့ ပေါ်ပေါက်လာ၏။ ထိုသင်္ဘောပေါ်၌ ဤဂလက်ဆီတစ်ခုလုံးကို တုန်လှုပ်စေမည့် သေမျိုးများနှင့် လျှို့ဝှက်အာဏာရှင်များ ပါရှိနေကြသည်ဟု ဆိုလျှင် မည်သူမှ ယုံကြည်ကြလိမ့်မည် မထင်ချေ။ ။
ဂလက်ဆီဇုံ၏ အစွန်ရှိ ကင်းစခန်းတစ်ခုတွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် လူတစ်စုသည် အမှောင်ဟင်းလင်းပြင် ဆီသို့ လှမ်းကြည့်ရင်း အံ့အားသင့်သွားကြ၏။
"သင်္ဘောတစ်စင်း လာနေပြီ"
"ရပ်စမ်း...”
"မင်းတို့ရဲ့ အစီအရင်တွေကို ချက်ချင်း ပိတ်လိုက်... အဲဒီလို မလုပ်ရင် ရန်သူလို့ သဘောထားပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမယ်"
ထိုစကားလုံးများမှာ လျှို့ဝှက် ဘာသာစကားဖြင့် မြည်ဟည်းလာခြင်း ဖြစ်ပြီး မြေကြီးရှန့်ထို တစ်ဦးထက်ပင် များစွာ သာလွန်သည့် အရှိန်အဝါနှင့် စွမ်းအားများ ပြည့်နှက်နေလေသည်။
အီစီလီယံ အသေးစား သင်္ဘောပေါ်ရှိ လူအားလုံးမှာ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တစ်ခုချင်းစီကို ပျို့အန်ချင်စိတ်များက ပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် လေထဲတွင်ပင် အူတက်မတတ် အန်ချင်နေကြလေ၏။
တစ်ဦးတည်းသော ချွင်းချက်မှာ ဝေဝူယင်ပင် ဖြစ်၏။ သူသည် ယွီစွန်းလီ၏ သွယ်လျသော ခါးလေးကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး၊ ယွီစွန်းလီမှာလည်း ပြုတ်မကျစေရန် ဝေဝူယင်၏ ဝတ်ရုံကို လက်ချောင်းကလေးများဖြင့် အားကိုးတကြီး ဆုပ်ကိုင်ထားသည်။ ဟင်းလင်းပြင် ပေါ်တယ်များမှတစ်ဆင့် ဖြတ်သန်းခြင်းသည် အာကာသဆိုင်ရာ ခံနိုင်ရည်အားနည်းသူများမှအပ ကျန်သူများအတွက် ဟင်းလင်းပွင့်နေသည့် တံခါးတစ်ခုကို ဖြတ်သန်းရသကဲ့သို့ လွယ်ကူလှသည်။
အာကာသ ပြောင်းလဲခြင်း အပေါ် ခံနိုင်ရည်နည်းပါက အာကာသ မူးဝေခြင်း ဝေဒနာကို ခံစားရလေ့ရှိသည်။ ကျူးဟိုင်မှာ ထိုဝေဒနာကို အစောပိုင်းကတည်းက ခံစားဖူးသူ ဖြစ်သည်။ ယခု၌ လူတိုင်းပင် ထိုမူးဝေခြင်းဒဏ်ကို အလူးအလဲ ခံနေရပုံပေါ်၏။
သခင်လေးရှန့်မှာမူ သာမန် ပျို့တက်ရုံတင် မကပဲ သူသောက်ထားသမျှ ဝိုင်မြစ်ကြီးများနှင့် အစာခြေရည်များကို သင်္ဘောကုန်းပတ်ပေါ်သို့ တိုက်ရိုက်ပင် ဝေါခနဲ အန်ချလိုက်တော့သည်။ ဆံပင်များ ဖရိုဖရဲ ဖြစ်နေကာ မျက်လုံးများ နီမြန်းလျက် ဒူးထောက်ကျရင်း ခေါင်းငိုက်စိုက်ကျနေသော သူ့ ပုံစံမှာ ကြည့်မကောင်းအောင်ပင် သနားစဖွယ် ဖြစ်နေလေသည်။
မင်ရှုဖုန်းမှာလည်း ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်လဲနေပြီး မျက်လုံးများမှာ ဝေဝါးနေ၏။ သူမက တဂိဂိဖြင့် ကြို့ထိုးနေရှာသည်။ မိန်းကလေး၏ ဝိညာဉ်တစ်ခုလုံးမှာ ချာချာလည်နေကာ အသိစိတ် ပင်လယ်ကြီး တစ်ခုလုး ပြောင်းပြန်လှန်ခံထားရသကဲ့သို့ ခံစားနေရ၏။
စုမေ့ပင်လျှင် မလွတ်ကင်းခဲ့ပေ။ ခရီးစဉ်၏ အရှိန်ကြောင့် သူမ မူးဝေနေပြီး လဲမကျသွားစေရန် ဓားအိမ်ကို မြေတွင်ထောက်ကာ အားပြုနေရသည်။ မိန်းကလေးမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်အာရုံတို့၏ ရှုပ်ထွေးနောက်ကျိမှုကို ပြေလျော့စေရန် အာကာသစွမ်းအင်များကို အကြိမ်ကြိမ် လည်ပတ်နေရ၏။
အခြားသော အာဏာရှင် အဖွဲ့ဝင်များမှာလည်း လျင်မြန်စွာပင် တုံ့ပြန်ကြသည်။ သူတို့သည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲမကျသွားစေရန် အစွမ်းကုန် ထိန်းထားကြရ၏။ ယောင်ဟုန်ရီမှာ ဝေဝါးနေသည့် မြှားတစ်စင်းကို လက်တွင်ကိုင်ကာ တောင်ဝှေးသဖွယ် အားပြု၍ မတ်မတ်ရပ်နေကာ အာကာသစွမ်းအင်များကို ပြင်းထန်စွာ စီးဆင်းစေလျက် ရှိသည်။
ရွှေဖုန်းပေါင်မှာမူ လူသား ပုံသဏ္ဌာန်ဖြင့် မသဲမကွဲဖြင့် ပုံပျက်နေသည့် မီးလျှံစုကြီးအဖြစ် ပြောင်းလဲသွား၏။ သူက သင်္ဘောကုန်းပတ်ပေါ်မှ လက်မအနည်းငယ်အကွာတွင် ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေမီးအိမ်ကလေးအလား လွင့်မျောနေသည်။ စုမေ့၏ အရိပ်မှာလည်း ပို၍ ခန့်ညားသည့် အမျိုးသား ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ မသက်မသာ ဖြစ်မှုကြောင့် ပုံပျက်ပန်းပျက် တွန့်လိမ်နေ၏။
ချောင်စွေ့ဖုန်းနှင့် လျူစုယင်တို့မှာမူ အကြောင်းပြချက်မရှိဘဲ တစ်ဦးကိုတစ်ဦး လှမ်းဖက်လိုက်ကြပြီး လဲမကျအောင် ထိန်းထားကြသည်။ သူတို့၏ မျက်နှာချင်းမှာ အလွန်နီးကပ်နေပြီး နှုတ်ခမ်းချင်း ထိလုနီးပါးပင် ရှိနေ၏။
ဤကဲ့သို့ အလိုအလျောက် ပေါင်းစပ်မိသွားခြင်းမှာ သောင်းကျန်းလှသည့် နဂါးကြီးကို နှစ်ဦးသား အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ထူးခြားသော အခြေအနေများကြောင့် ဖြစ်ပေလိမ့်မည်။
***