← Chapters

အခန်း (၁၈၉၇)

Vol. 136 Ch. 1897

အခန်း (၁၈၉၇)

Vol. 136 Ch. 1897

အပိုင်း(၁၈၉၇)

"အဟမ်း..."

ဝေဝူယင်က လည်ချောင်းတစ်ချက်ရှင်းရင်း အားလုံးကို သတိမပေးမိသည့် အတွက် အားတုံ့အားနာ ဖြစ်သွားမိ၏။ သူသည် ဂလက်စီ အကွာအဝေး ရှိသည့် ဟင်းလင်းပြင် ပေါ်တယ် ဖန်တီးခြင်းကို လက်တွေ့ လောကတွင် ပထမဆုံး အကြိမ် အသုံးပြုခြင်း ဖြစ်သည်။ ယခင်က 'ဒုတိယ စိတ်' ၏ တွက်ချက်မှုစွမ်းရည်ဖြင့် စိတ်ကူးထဲတွင်သာ စမ်းသပ်ခဲ့ဖူးခြင်း ဖြစ်သည်။ အခြားသူများအပေါ် ဤမျှအကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော်လည်း... သူတို့အား ကြိုတင်သတိပေးခဲ့လျှင်ပင် ထူးခြားမည်မဟုတ်ပေ။ အကြောင်းကား... မိုင်ပေါင်း ကုဋေကုဋာ ချီသော အကွာအဝေးကို တစ်ဟုန်ထိုး ဖြတ်သန်းရသည့် အတွေ့အကြုံမျိုးမှာ ယခင်က မရှိခဲ့ဖူးသလို ဖော်ပြရန်လည်း ခက်ခဲလွန်းလှသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူတို့ အသက်တော့ ရှင်နေဆဲပင်။

ဝေဝူယင်၏ ရင်ထဲတွင်မူ ခရာတို၏ တိုးညင်းသည့် နဂါးရယ်သံကို ကြားနေရ၏။ ဤမျှ တိုတောင်းလှသည့် အကွာအဝေးလေးအား သွားလာရခြင်းအပေါ် ပြင်းထန်သည့် တုံ့ပြန်မှုများကို ကြည့်ကာ ရယ်မောနေခြင်း ဖြစ်သည်။ ဝေဝူယင်မှာလည်း လိုက်၍ရယ်ရမလို၊ အနေရခက်စွာ ချောင်းဟန့်ရမလို ဖြစ်နေတော့သည်။

ရွှေဖုန်းပေါင်နှင့် ယောင်ဟုန်ရီတို့မှာ မူးဝေနေသဖြင့် သင်္ဘောကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့်ပင်... ဥပဒေသ အကာအကွယ်လွှာနှင့် အစီအရင်များ ပွင့်ထွက်သွားကာ အလိုအလျောက် ခုခံရေးစနစ်များ အလုပ်လုပ်ကုန်သဖြင့် အမှောင်ဟင်းလင်းပြင် ထဲတွင် စွမ်းအင်လှိုင်းများ ရိုက်ခတ်သွားတော့သည်။

မီးလျှံရောင်မှ ရောင်စုံများအဖြစ် ကူးပြောင်းနေသည့် အီစီလီယံ အသေးစား သင်္ဘောသည် အနီးရှိ ကင်းစခန်း၏ အမြင်တွင် အထင်းသား ပေါ်ထွက်လာခဲ့တော့သည်။

ဝေဝူယင်က သင်္ဘောကို သူကိုယ်တိုင် ခေတ္တထိန်းချုပ်ရမလား သို့မဟုတ် သူတို့ သတိပြန်ရလာသည်အထိ စောင့်ရမလားဟု တွေးတောနေစဉ်မှာပင် သင်္ဘော၏ လေထုအလွှာကို အမိန့်ပေးသံများ ပါရှိသည့် ဝိညာဉ်အင်အား ပေါက်ကွဲသံကြီးများက လာရောက် ရိုက်ခတ်တော့သည်။

"ရပ်စမ်း...”

"မင်းတို့ရဲ့ အစီအရင်တွေကို ချက်ချင်း ပိတ်လိုက်... အဲဒီလို မလုပ်ရင် ရန်သူလို့ သဘောထားပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမယ်"

ထိုအသံ၏ မြစ်ဖျားခံရာကို ရှာဖွေကြည့်လိုက်ရာ ဝေဝူယင်မှာ လူသားအများစု ပါဝင်သည့် သက်ရှိပေါင်း သိန်းချီ နေထိုင်သော ဂြိုဟ်သိမ်လေးတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုနေရာတွင် တိုးတက်သော လူ့ယဉ်ကျေးမှုတစ်ခု ရှိနေ၏။

ထိုယဉ်ကျေးမှုမှာ အလွန်အမင်း အင်အားကြီးမားလှသည်တော့ မဟုတ်ပေ။ အင်အားအကြီးဆုံးသူနှင့် သာမန်လူတို့ကြားရှိ ကွာဟချက်မှာ သဘာဝ မကျစွာပင် ကြီးမားနေသည်။ မြို့ပြများ၊ ကျေးရွာများနှင့် တောတောင်များထဲတွင် ချီပျစ်ခဲခြင်း အဆင့် သေမျိုးများ နေထိုင်ကြသော်လည်း ကြယ်တာရာ အမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးမျှ မရှိချေ။

သို့သော်လည်း လျှို့ဝှက် ဝိညာဉ်အဆင့်နှင့် ထိုထက် ပိုမြင့်သည့် လျှို့ဝှက်အာဏာရှင် အဆင့် ကျင့်ကြံသူများမူ ရှိနေကြသည်။

အားနည်းသော သက်ရှိများ၏ သွေးမျိုးဆက် စီးဆင်းမှုမှာ ဆင်တူနေကြသဖြင့် သူတို့သည် ဆွေမျိုးများ ဖြစ်ပုံရ၏။ အချို့မှာ နီးစပ်ပြီး အချို့မှာ အလွန်ဝေးကွာသော်လည်း တူညီသည့် ဘိုးဘွားမျိုးနွယ်စုမှ ဆင်းသက်လာပုံရသည်။

ဤဂြိုဟ်မှာ ကင်းစခန်းတစ်ခု ဖြစ်သလို၊ တစ်စုံတစ်ယောက်၏ မိသားစု မျိုးနွယ်စုများ နေထိုင်ရာ နေရာလည်း ဖြစ်ပေလိမ့်မည်။ သွေးမျိုးဆက် ပြတ်တောက်မသွားစေရန် ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် ဖန်တီးထားခြင်းလည်း ဖြစ်နိုင်သည်။

"လျှို့ဝှက်အာဏာရှင်အဆင့် ရှိတဲ့သူတွေက ဒီမှာ တာဝန်ကျတဲ့ အစောင့်တွေ ဖြစ်ရမယ်..."

ဝေဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သခင်လေးရှန့်ထံမှ သိရှိခဲ့ရသည့် အတွေ့အကြုံများအရ ကင်းစခန်းတစ်ခု ရှိနေလိမ့်မည်ဟု သူ မျှော်လင့်ထားသော်လည်း ဂြိုဟ်တစ်ခုလုံး ဖြစ်နေလိမ့်မည် ဟုတော့ မထင်ထားခဲ့ပေ။

သခင်လေးရှန့်၏ အဆိုအရ ကင်းစခန်းအများစုမှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့၏ အရိပ်ဥ ကဲ့သို့ ဟင်းလင်းပြင် သင်္ဘောများသာ ဖြစ်ကြပြီး၊ အာရုံခံနိုင်စွမ်း မြင့်မားကာ ကျူးကျော်သူရှိပါက သတင်းပို့ဖို့ အတွက် ထွက်ပြေးနိုင်သည့် နည်းလမ်းများ ရှိကြသည်။

အဖြူရောင် အဘိဿဲလ် ဂလက်ဆီကို ဂလက်ဆီဇုံ လေးခု အဖြစ် ခွဲထားသော်လည်း ၎င်းတို့မှာ နယ်မြေ၏ ၁၅ ရာခိုင်နှုန်းထက် ပို၍ မသိမ်းပိုက်ထားကြချေ။ အကြောင်းကား ဂလက်ဆီ၏ အလယ်ဗဟိုရှိ ဟင်းလင်းပြင် နေရာလွတ်ကပင် ၁၀ ရာခိုင်နှုန်းကျော်ကို ရယူထားသည့် အပြင် အန္တရာယ်ကြောင့် သို့မဟုတ် ပြည်တွင်းရေး ကိစ္စရပ်များကြောင့် မသိမ်းပိုက်ရသေးသည့် အမှောင်ဟင်းလင်းပြင် နယ်မြေများစွာ ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။

ဂလက်ဆီဇုံတိုင်းမှာ အဇူရာ မူလ ဂလက်စီဇုန် ကဲ့သို့ တိုးတက်နေသည်တော့ မဟုတ်ပေ။ ထိုဒေသမှာမူ နှစ်ပေါင်း သန်းချီကြာအောင် ညီညွတ်မှုဖြင့် ဂလက်ဆီ၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

"အစီအရင်အားလုံးကို ပိတ်လိုက်စမ်း... ငါတို့ တက်ရောက်စစ်ဆေးတာကို ခံယူဖို့ ပြင်ထားပါ... ခုခံဖို့ ကြိုးစားတဲ့ ဘယ်လို အရိပ်အယောင်မျိုးကိုမဆို ရန်သူလို သဘောထားပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမယ်"

ဝေဝူယင်မှာ ထိုဟိန်းဟောက်သံများကို ဂရုမစိုက်ဘဲ အဖြူရောင် အဘိဿဲလ် ဂလက်စီကိုသာ စိုက်ကြည့်နေမိသည်။

ထိုနေရာတွင် မြူဖြူများ ဝေနေသည့် နယ်မြေတစ်ခု ရှိ၏။ ၎င်း၏ အတွင်းပိုင်းမှ အလင်း ထွက်ပေါ်မလာသော်လည်း ဟင်းလင်းပြင် နေရာလွတ်ကို ဖွဲ့စည်းထားသော မန်နာ၏ ဂုဏ်သတ္တိများကြောင့် အဖြူရောင် တောက်ပနေသည့် အသွင်ကို ဆောင်နေခြင်း ဖြစ်သည်။ ၎င်းမှာ အလွန်ကြီးမားလှသဖြင့် ဂလက်ဆီ၏ အစွန်အဖျားမှ ကြည့်လျှင်ပင် မမြင်ဘဲ မနေနိုင်လောက်ပင်။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ..."

ဝေဝူယင်က မှတ်ချက်ပေးလိုက်၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤဂလက်ဆီ၏ ကြယ်တာရာ တည်ဆောက်ပုံများမှာ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ စံနှုန်းများနှင့် ကိုက်ညီနေကြောင်း တွေ့ရှိလိုက်သည်။ ထိုနေရာတွင် ကြယ်ကွင်းပြင်များ၊ ကြယ်တာရာ နယ်မြေများ၊ နေကြယ်များ၊ ဂြိုဟ်များနှင့် လများ ရှိကြသည်။ သို့သော်လည်း ကုန်းမြေတိုက်ကြီးများမှာမူ မရှိချေ။

ထို့အပြင်... အာကာသ၏ နက်ရှိုင်းသော နေရာများတွင် နယ်မြေကွင်းပြင်များကို မတွေ့ရပေ။ လောကနယ်မြေများနှင့် လျှို့ဝှက် နယ်မြေများ ရှိသော်လည်း ၎င်းတို့မှာ သဲသောင်ပြင်ပေါ်ရှိ ကျောက်ခဲကလေးများကဲ့သို့ အနည်းငယ်မျှသာပင်။

ဤကျင့်ကြံခြင်း လူ့အဖွဲ့အစည်းမှာ အာကာသ နယ်မြေများ ဖန်တီးခြင်းကို အသားမပေးကြောင်း ထင်ရှားလှသည်။

အကယ်၍ သေမျိုးတစ်ဦးက ဂလက်ဆီကို တစ်ချက်လှမ်းကြည့်ရုံဖြင့် ဤမျှ အသေးစိတ် အချက်အလက်များအား သိရှိနေသည်ကိုသာ တစ်စုံတစ်ယောက် သိသွားပါက အံ့အားသင့်လွန်း၍ မယုံနိုင်အောင် ဖြစ်သွားပေလိမ့်မည်။

ဝေဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အံ့မခန်း ဝိညာဉ် အင်အားတို့မှာ အရာအားလုံးကို ထိုးဖောက် မြင်နိုင်စွမ်း ရှိသည်။ မမြင်နိုင်ဟု ဆိုကြသည့် နတ်ဘုရားများပင် သူ၏ အမြင်မှ မလွတ်ကင်းနိုင်ချေ။ အာကာသ သာမည ဥပဒေသ၊ မူလ သာမည ဥပဒေသ နှင့် အမြုတေ လေးခုတို့၏ ဝိညာဉ်အင်အားတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ အာရုံခံစားမှုမှာ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။

ဂြိုဟ်ပေါ်ရှိ အမြင့်ဆုံး တောင်ထိပ်တွင်တော့ အစောင့်များသည် ခရမ်းရောင် သံချပ်ကာများကို ဝတ်ဆင်ထားကြ၏။ အဆိုပါ သံချပ်ကာများ၏ သတ္တုပြင်များပေါ်တွင် မင်ရည်များ စီးကျနေ သကဲ့သို့ ပုံရိပ်များ ရှိနေ၏။ ၎င်းတို့မှာ ခန္ဓာကိုယ်နှင့် အံကိုက်ဖြစ်နေပြီး ပျော့ပျောင်းမှုနှင့် ခိုင်ခံ့မှုကို ပေးစွမ်းနိုင်သည်။

သူတို့သည် လေထဲမှ ရုတ်တရက် ပေါ်လာသော ရောင်စုံသင်္ဘောကြီးကို ကြည့်ရင်း စိုးရိမ်တကြီး အကြည့်ချင်း ဖလှယ်နေကြ၏။

သူတို့၏ လက်ထဲတွင်တော့ သုံးခွလှံတံများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြသည်။ အကယ်၍ ယဉ်ကျေးမှုတစ်ခုချင်းစီတွင် စံပြုလက်နက်များ ရှိမည်ဆိုပါက အဇူရာ မူလ ဂလက်ဆီသည် လှံရှည်များ၊ လှံတိုများကို အဓိက အသုံးပြုကြပြီး၊ အဖြူရောင် အဘိဿဲလ် ဂလက်ဆီကတော့ သုံးခွလှံနှင့် နှစ်ခွလှံများကို စံပြုလက်နက်အဖြစ် အသုံးပြုကြသည်။

ဝေဝူယင်ကဲ့သို့ ဆေဘာ အသုံးပြုသူမှာမူ ကျင့်ကြံခြင်း လောကတွင်ပင် ရှားပါးလှသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ ကာလ အတွင်း၌ နှစ်ဖက် ဓားရှည်များသည်ကာ အဓိက လက်နက်များ ဖြစ်ခဲ့ကြသည်။

အီစီလီယံ အသေးစား သင်္ဘောထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိလေရာ အစောင့်များမှာ ပို၍ စိုးရိမ်လာကြသည်။

ကင်းစခန်း၏ ခေါင်းဆောင်ဖြစ်သူ၊ အသက် ၂၀ ကျော် အရွယ် ဆံပင်စိမ်းရင့်ရောင်နှင့် ခန့်ညားသော အမျိုးသားက လျှို့ဝှက် ဝိညာဉ်အဆင့် အစောင့်တစ်ဦးကို အချက်ပြလိုက်သည်။

"သတင်းပို့လိုက်စမ်း..."

အစောင့်မှာ စိတ်ပိုင်းဖြတ်ထားသော အကြည့်များဖြင့် ခေါင်းညိတ်ပြကာ ပြေးထွက်သွားလေ၏။ ရန်သူက တိုက်ခိုက်မှုဟု အထင်မလွဲစေရန်နှင့် ယခုကဲ့သို့ အရေးတကြီး ထွက်ခွာသွားသည်ကို သင်္ဘောပေါ်ရှိသူများ မသိစေရန် အာကာသ ကူးပြောင်းခြင်းကို အသုံးမပြုဘဲ ပြေးသွားခြင်း ဖြစ်ပေသည်။

ကင်းစခန်းခေါင်းဆောင်သည် လောကရှန့်ထို အဆင့် ကျင့်ကြံခြင်းအခြေခံရှိသည့် အစစ်အမှန် လောက အင်ပါယာ တစ်ဦး ဖြစ်သော်လည်း သုံးခွလှံကို ကိုင်ထားသည့် သူ၏ လက်ဆစ်များမှာ ဖြူရော်သည် အထိ တင်းကျပ်နေ၏။ ဤသည်မှာ ဂလက်ဆီအချင်းချင်း တိုက်ခိုက်ကြမည့် စစ်ပွဲကြီး၏ အစပျိုးခြင်းလော။ ထိုသို့ဖြင့်... သူ၏ အတွေးများမှာ အမျိုးမျိုး နယ်ချဲ့နေတော့သည်။

သူသည် တတိယအကြိမ်မြောက် အမိန့်ကို ထုတ်ပြန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်သူငယ်အိမ်များမှာ ကျုံ့ဝင်သွားလေ၏။

***

All Chapters