အခန်း (၁၉၀၁)
Vol. 136 Ch. 1901
အပိုင်း(၁၉၀၁)
"လောကရှန့်ထို အာရုဏ်ဦး..."
ဗာဂျန်က လက်သီးဆုပ်ကို မြှောက်လျက် ထပ်မံ ဦးညွှတ်နှုတ်ဆက်လိုက်၏။ အီစီလီယံ အသေးစား သင်္ဘောပေါ်တွင် လေထုအလွှာနှင့် အစီအရင်များအပြင် ဥပဒေသ အကာအကွယ်လွှာကိုပါ ဖွင့်ထားသဖြင့် ဗာဂျန်အနေဖြင့် ထိုးဖောက်မြင်နိုင်သည့် မျက်စိကျင့်စဉ်ကို အတင်းအကျပ် အသုံးမပြုပါက အတွင်းပိုင်းကို မြင်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း... သူသည် ဝေဝူယင်ကို မပြစ်မှားလိုသဖြင့် ထိုသို့လုပ်ရန် မဝံ့ပေ။
ဝှစ်...
ဗာဂျန်၏ ဘေးတွင် ဟင်းလင်းပြင် ပုံရိပ်တစ်ခု ဖျပ်ခနဲ ပေါ်ပေါက်လာ၏။ မည်သည့် စွမ်းအင်တုန်ခါမှုကိုမျှ မခံစားရသဖြင့် သူ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားရသည်။
ထို့ပြင် သင်္ဘောကို ဝန်းရံထားသော ဥပဒေသ အရှိန်အဝါများကြောင့် ဤစီနီယာသည် အနည်းဆုံး သူတော်စင် တစ်ဦး ဖြစ်ရမည်ဟု သူ ထင်မှတ်သွားတော့သည်။
"ကျုပ်ကို ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ အကြောင်း ပြောပြပါဦး..."
ဝေဝူယင်က ဗာဂျန်၏ ဘေးတွင် လွင့်မျောလျက် ဆိုလိုက်၏။
"ဟုတ်ကဲ့... သိစေရပါမယ် လောကရှန့်ထို အာရုဏ်ဦး..."
ဗာဂျန်က အလျင်အမြန် ဖြေကြားပြီးနောက် သင်္ဘောဘက်သို့ လက်ဟန်ပြလိုက်သည်။
"ကျွန်တော့် အနေနဲ့ အာကာသ လမ်းမ ၁၀၁၁၇၊ အာကာသ လမ်းမ ၃၈၈၈ နဲ့ အာကာသ လမ်းကြောင်း ၁၃ တို့ကို ဖြတ်သန်းဖို့ ခွင့်ပြုချက် ရထားပြီးပါပြီ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ စီနီယာ"
ဝေဝူယင်က သူ့အား သင်္ဘောပေါ်သို့ တက်ရန် ခွင့်မပြုသဖြင့် သူက ရှေ့မှ ဦးဆောင်ကာ သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းသွားလေသည်။
သူတို့ သွားနေသည့် အာကာသ နယ်မြေတွင် သိမ်မွေ့သည့် အာကာသစွမ်းအင် လှိုင်းများဖြင့် အမှတ်အသားများ ပြုလုပ်ထားကြောင်း ဝေဝူယင် ချက်ချင်း သတိထားမိလိုက်သည်။ ၎င်းမှာ သူတို့အတွက် လမ်းခင်းပေးထားသကဲ့သို့ပင်။
ယောင်ဟုန်ရီသည် သင်္ဘောပေါ်ရှိ အစီအရင်များကို အသုံးပြု၍ ထိုလမ်းကြောင်းကို မြင်တွေ့နိုင်ပြီး ထူးခြားသည့် အာကာသ တုန်ခါမှုများ တစ်လျှောက် ကျွမ်းကျင်စွာ မောင်းနှင်သွားတော့၏။
၎င်းမှာ ဥမင်လိုဏ်ခေါင်း ပုံသဏ္ဌာန်ရှိပြီး ကြီးမားသည့် ဟင်းလင်းပြင် သင်္ဘောကြီးတစ်စင်းပင် အလွယ်တကူ ဖြတ်သန်းနိုင်သည်။
လမ်း၌ ဗာဂျန်သည် ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ၏ အခြေခံအချက်အလက်အချို့ကို စတင်ရှင်းပြတော့သည်။ သူက ထိုထူးခြားသည့် အာကာသလမ်းမများကိုမူ ဝေ့ဝူယင်တို့ သိပြီးသားဖြစ်လိမ့်မည်ဟု ယူဆကာ ကျော်ဖြတ်သွား၏။
"ကျွန်တော်တို့ရဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံ မှာဆိုရင်..."
သူ၏ စကားသံများမှာ သင်္ဘောတစ်စင်းလုံးတွင် ပဲ့တင်ထပ်သွားကာ လူတိုင်းမှာလည်း ဤဂလက်ဆီ အသစ်အကြောင်း တစ်လုံးမကျန် စိတ်ဝင်တစား နားထောင်နေကြတော့သည်။
ဝေဝူယင်က ရံဖန်ရံခါတွင် ကြယ်တာရာ တည်ရှိပုံများ၊ လိုက်နာရမည့် ကျင့်ဝတ်များ စသည့် အသေးစိတ် အချက်အလက်များကို အထူးတလည် ဝင်ရောက် မေးမြန်းလေ့ရှိသည်။
ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံသည် အဖြူရောင် အဘိဿဲလ် ဂလက်ဆီအတွင်းရှိ ဂလက်ဆီဇုံ လေးခုအနက် တစ်ခုဖြစ်သည်။ ဂလက်ဆီဇုံ တစ်ခုချင်းစီသည် မိမိတို့ကိုယ်ကို အဘိဿဲလ် အဖြစ် ရိုသေစွာ သတ်မှတ်ကြပြီး၊ အုပ်ချုပ်သူများ၏ ဝါသနာ သို့မဟုတ် မျိုးနွယ်စု၊ ဇစ်မြစ် မည်သို့ပင်ရှိစေကာမူ သူတို့၏ အမည်နောက်တွင် အဘိဿဲလ် ဟူသော စကားလုံးကို ထည့်သွင်းမှည့်ခေါ်ကြသည်။
ဗာဂျန်သည် အခြားသော ဇုံများအကြောင်းကို အကျယ်တဝင့် ပြောပြရန် ဝန်လေးနေပုံရသော်လည်း ၎င်းတို့၏ အမည်များကိုမူ သေချာစွာ ပြောပြခဲ့သည်။ ၎င်းတို့မှာ 'ခရမ်းရောင် အဘိဿဲလ်’ 'ဓား အဘိဿဲလ်’၊ 'အသံမဲ့ အဘိဿဲလ်’ နှင့် 'ငြိမ်းချမ်းမှု အဘိဿဲလ်’ တို့ ဖြစ်ကြသည်။
ဗာဂျန်၏ အဆိုအရ ဓား အဘိဿဲလ်နှင့် ငြိမ်းချမ်းမှု အဘိဿဲလ်တို့သည် အမြဲတစေ ပဋိပက္ခဖြစ်ပွားနေသော အိမ်နီးချင်းများ ဖြစ်ကြသည်။
ထိုလောက အင်ပါယာ လမ်းပြက လှောင်ပြောင်သရော်သည့် လေသံဖြင့် ထိုနှစ်ဖွဲ့၏ ဆက်ဆံရေးမှာ ၎င်းတို့၏ အမည်များအတိုင်းပင် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဓား အဘိဿဲလ်က စတင်တိုက်ခိုက်ပြီး ငြိမ်းချမ်းမှု အဘိဿဲလ်ကမူ ငြိမ်းချမ်းရေးနှင့် ပြေလည်မှုကိုသာ ရှာဖွေသည်။ ကံဆိုးစွာပင် ငြိမ်းချမ်းမှု အဘိဿဲလ်မှာ အင်အားနည်းပါးသဖြင့် အသံမဲ့ အဘိဿဲလ်၏ ပွင့်လင်းသည့် ထောက်ခံအားပေးမှုကိုသာ အားကိုး၍ အမြဲတစေ ကျူးကျော်မှုကို ခုခံနေရသည်။
အကယ်၍ ဓား အဘိဿဲလ်တွင်သာ ပြည်တွင်းရေး မငြိမ်မသက်မှုများ မရှိပါက အဖြူရောင် အဘိဿဲလ် ဂလက်ဆီတွင် ဇုံ သုံးခုသာ ကျန်ရှိတော့မည်မှာ ကြာလှပြီ ဖြစ်သည်။
ထိုအကြောင်းအရာများကို ရှင်းပြရာတွင် ဗာဂျန်သည် သွယ်ဝိုက်သော သဘောဖြင့် အချက်အလက်အချို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ဥပမာအားဖြင့် ငြိမ်းချမ်းမှာ အဘိဿဲလ်သည် ဂလက်ဆီ၏ ဗဟိုချက်ဖြစ်သည့် ဧရာမ ဟင်းလင်းပြင် နေရာလွတ် နယ်မြေနှင့် နီးကပ်စွာ တည်ရှိပြီး ၎င်း၏ ထူးခြားသော တည်နေရာကြောင့် ထူးခြားသည့် သဘာဝရတနာများ ထွက်ရှိသော အကြောင်းများပင်။
ဝေ့ဝူယင်တို့ အဖွဲ့ကတော့ ကျင့်ကြံခြင်းလောက၏ အခြေခံသဘောတရားများမှာ မည်သည့်ဂလက်ဆီ၊ မည်သည့်မျိုးနွယ်စုတွင်မဆို တူညီနေပေသည်ဟု တွေးမိကြတော့သည်။
မျိုးနွယ်စုဆိုင်ရာ အခြေအနေနှင့် ပတ်သက်လျှင်မူ အလွန်ပင် ကွဲပြားခြားနားလှသည်။ ဝေဝူယင်မှာ လူသားမျိုးနွယ် ဖြစ်သည်ကို သိရသဖြင့် ဗာဂျန်မှာ ဝမ်းသာနေပုံ ရ၏။ သူ့ အဆိုအရ အဘိဿဲလ် မျိုးနွယ်စုသည် ဤဂလက်ဆီတွင် ဩဇာအာဏာ အရှိဆုံး မျိုးနွယ်စု ဖြစ်သည်။
လူသားများသည် အဇူရာ မူလ ဂလက်ဆီဇုံရှိ အယ်ဗန်နှင့် ရှို့ရန်များ ကဲ့သို့ အဆင့်နိမ့် မျိုးနွယ်များ အဖြစ် သတ်မှတ်မခံရသော်လည်း... သိသိသာသာ အားနည်းသော လူမျိုးစုအဖြစ် အများက အသိအမှတ်ပြုထားကြသည်။
လူဦးရေ များပြားခြင်းနှင့် မွေးဖွားနှုန်း မြင့်မားခြင်းတို့ကြောင့် လူသားများကို စီမံကိန်းအများအပြားအတွက် အရေးပါသည့် အလုပ်သမားများအဖြစ် ရှုမြင်ကြပြီး၊ အဆင့်အတန်းမြင့်မားသော လူသားများအကြားတွင်ပင် လူသားအစေခံများ သို့မဟုတ် ကျွန်များကို ထားရှိကြသည်။ ဇုံတစ်ခုချင်းစီ၏ အုပ်ချုပ်မှု အာဏာကိုမူ အဘိဿဲလ်မျိုးနွယ်စုများကသာ ချုပ်ကိုင်ထားကြသည်။
"လူသားအုပ်ချုပ်သူ တစ်ယောက်မှ မရှိဘူးလား..."
အီစီလီယံ အသေးစား ပေါ်ရှိ ခရီးသည်များအတွက် ဤအချက်မှာ အံ့အားသင့်စရာ ဖြစ်နေ၏။ သူတို့ထဲမှ အများစုမှာ လူသားများ ဖြစ်ကြပြီး အချို့မှာ လူသားအများစု ကြီးစိုးရာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်နှင့် ထာဝရ ကြယ်ကွင်းပြင်တို့မှ လာကြသူများ ဖြစ်သည်။ သူတို့ နေရာတွင် ထိပ်တန်းပညာရှင် အများစုမှာ လူသားများသာ ဖြစ်ကြသည်။
ထို့အပြင်... ဦးဆောင်နေသည့် အဖွဲ့အစည်း အားလုံးမှာလည်း လူသား မျိုးနွယ်များသာ ဖြစ်ကြသည်။ သွေးနှောမှုအချို့ ရှိနိုင်သော်လည်း လူသားမျိုးနွယ်မှာ ဦးဆောင်အင်အားစု ဖြစ်သည်။ အစကတည်းက လူသားများသည် သာလွန်သည့် ပါရမီနှင့် မြင့်မားသည့် မွေးဖွားနှုန်း ရှိသည်ဟု အမွမ်းတင်ခံခဲ့ရသည်။ အာဏာရှင် အဖွဲ့ဝင်များသည် လူမျိုးရေးကိစ္စတွင် အမြင်ကျယ်သူများ ဖြစ်ကြသော်လည်း၊ လူသား အများစု နေထိုင်ရာ ဂလက်ဆီဇုံ လေးခုလုံးတွင် လူသားအုပ်ချုပ်သူ တစ်ဦးမျှ မရှိခြင်းမှာ သူတို့အတွက် ထူးဆန်းနေတော့သည်။
ဗာဂျန်သည် ဤအချက်ကို ရှင်းပြနေစဉ်တွင် ခင်မင်ပျူငှာသည့် အပြုံးကို ထိန်းသိမ်းထားရန် ကြိုးစားနေသော်လည်း၊ ဝေဝူယင်ကတော့ သူ၏ အတွေးများထဲမှ ထွက်ပေါ်လာသည့် နာကျင်ပင်ပန်းမှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ခံစားမိနေသည်။
"ရှင်က လူသား မျိုးနွယ် လောက အင်ပါယာ တစ်ယောက် ဆိုတော့ ထိပ်တန်းမှာ လူသား အင်အားစုတွေကို ရှင် သိထားရမယ်... လူသား ကျင့်ကြံသူတွေထဲမှာ ဘယ်သူက အင်အားအကြီးဆုံးလဲ"
အီစီလီယံ အသေးစား ပေါ်မှ အသံတစ်ခု ထွက်ပေါ်လာရာ ဗာဂျန်မှာ အံ့အားသင့်သွားခဲ့၏။ သင်္ဘောပေါ်တွင် အမျိုးသမီးတစ်ဦး ရှိနေသည်လား။ ထို့ပြင် သူမ၏ စကားသံမှာ မမြင်နိုင်သည့် အာဏာစက်များ ပြည့်နှက်နေ၏။ သူမသည် 'လောကရှန့်ထို' တစ်ဦးကိုပင် ဂရုမစိုက်သကဲ့သို့ ပြောဆိုနေခြင်း ဖြစ်သည်။
ဤအမျိုးသမီးမှာ 'လောကရှန့်ထို အာရုဏ်ဦး' ၏ တိုက်ရိုက်မျိုးဆက် သို့မဟုတ် ဇနီးဖြစ်လိမ့်မည်ဟု သူ ချက်ချင်း တွေးတောမိလိုက်သည်။ ထို့ကြောင့်ပင်... သူသည် ရှေ့မှ ဦးဆောင်ပျံသန်းနေရင်း သင်္ဘောဘက်သို့ လှည့်ကာ ပြုံးလျက် ဦးညွှတ်လိုက်၏။
"အင်အားအကြီးဆုံး လူသား ကျင့်ကြံသူကို ဂလက်ဆီဇုံတွေကြားမှာ အတိအကျ သတ်မှတ်ဖို့ ခက်ခဲပါတယ်... ဒါပေမဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုန် ထဲမှာဆိုရင်တော့ ကျွန်တော့်ကို ထိပ်တန်း ဆယ်ဦးထဲမှာ ထည့်သွင်းနိုင်ပါလိမ့်မယ်... အငြင်းပွားဖွယ်မရှိတဲ့ ခေါင်းဆောင်ကတော့ အလယ်ပိုင်း ဟဲလစ်က ကောင်းကင်ရှန့်ထို ဘာဂျွန်ဖြစ်ပါတယ်"
ဗာဂျန်၏ အဖြေက အဖွဲ့သားများကို ကြောင်တောင်တောင် ဖြစ်သွားစေ၏။ ထိုစဉ်မှာပင် ချောင်စွေ့ဖုန်းက မျက်မှောင်ကြုတ်လျက် ထပ်မံ မေးမြန်းလိုက်သည်။
"ရှင်က ထိပ်တန်း ဆယ်ဦးထဲမှာလား... အင်အားအကြီးဆုံးသူက ကောင်းကင်ရှန့်ထို အဆင့်ပဲလား... ထားပါ... ထိပ်တန်း ကျင့်ကြံသူတွေရော... သူတို့က ဘယ်အဆင့်တွေလဲ"
ဗာဂျန်မှာ နှစ်ပေါင်း သောင်းချီ ကြိုးစားခဲ့ရသည့် သူ၏ ကျင့်ကြံခြင်း အဆင့်ကို နှိမ့်ချဆက်ဆံခံလိုက်ရသဖြင့် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိ၏။ သို့သော်လည်း သူက မည်သို့မျှ ပြန်မပြောဝံ့ဘဲ ပြုံးလျက်သာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့ရဲ့ ခရမ်းရောင် အဘိဿဲလ် ဂလက်ဆီဇုံရဲ့ အင်အားအကြီးဆုံး ကျင့်ကြံသူ ဖြစ်တဲ့ ခရမ်းရောင်ပင်လယ်ရဲ့ အရှင်သခင်၊ ခရမ်းရောင်ပင်လယ် နန်းတော်သခင်မဟာ အာဏာရှင် ရှန့်ထို အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိထားပါတယ်... လျှို့ဝှက်တာအို ရဲ့ သဘောတရားတွေကို အစွမ်းကုန် နားလည်ထားသူလို့ ဆိုကြပါတယ်... အခြား ဂလက်ဆီဇုံတွေကြားမှာတောင် သခင်မဟာ ဘယ်သူ့ကိုမှ မရှုံးနိမ့်ပါဘူး"
ခရမ်းရောင် ပင်လယ် နန်းတော် သခင်မမှာ လူသားမျိုးနွယ် မဟုတ်သော်လည်း ဗာဂျန်မှာ မျိုးချစ်စိတ်ဓာတ် အပြည့်ဖြင့် ဂုဏ်ယူစွာ ပြောကြားလိုက်လေ၏။
***