အခန်း (၁၉၀၄)
Vol. 136 Ch. 1904
အပိုင်း(၁၉၀၄)
"အထင်ကြီးစရာပါပဲ"
ဝေဝူယင်ကတော့ စဉ်းစားဟန်ဖြင့် မှတ်ချက်ပေးလိုက်၏။ ရှေးဟောင်း ချိပ်ပိတ်နယ်မြေတွင် ပေါ်ထွန်းလာခဲ့သည့် ထာဝရ ဧကရာဇ်ရော သူရော နှစ်ယောက်စလုံးက အဂ္ဂိရတ် ပါရမီတွင် နှစ်တစ်သန်းတွင် တစ်ယောက် မပေါ်ထွန်းနိုင်သည့် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့အပြင်... အဂ္ဂိရတ် တာအိုမှာ မည်မျှ ခက်ခဲသည်ကို သူ အသိဆုံး ဖြစ်ပေသည်။
ဗာဂျန်သည် အစောပိုင်းက အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ၏ သမိုင်းကြောင်းကို ပြောပြခဲ့ရာ ၎င်းမှာ နှစ်ပေါင်း လေးသန်းကျော် တည်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်ပေါင်း သုံးသန်းခန့်ကမှ သမိုင်းမှတ်တမ်းများကို သေချာစွာ မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင်... အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ ပထမဆုံး မှတ်တမ်းတင်ထားသည့် လျှို့ဝှက် အရှင်သခင် (လျှို့ဝှက် အာဏာရှင် အဆင့် ခုနစ်၊ အာဏာရှင် ရှန့်ထို အဆင့်) ကျင့်ကြံသူမှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သန်းကျော်က ပေါ်ထွန်းခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ကြယ်တစ်လုံး ခေတ် မစတင်မီလေးတင် ဖြစ်သည်။
နှစ်ပေါင်း နှစ်သန်း ကြာပြီးနောက်တွင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ တိုတက်မှုများမှာ တုံ့ဆိုင်းသွားခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ၎င်းမှာ မူမမှန်လောက်အောင်ပင် ထင်ရှားလှသည်။
ဗာဂျန်၏ ခန့်မှန်းချက်အရ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၌ လျှို့ဝှက်အရှင်သခင် ဆယ်ဦးထက် မနည်း ပေါ်ထွန်းခဲ့ဖူးသည်။ သို့သော်လည်း လောလောဆယ်တွင် လျှို့ဝှက်အရှင်သခင် ငါးဦးထက် ပိုသည်ဟု အသေအချာ ပြောရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ အများအပြားမှာ ပိုမိုမြင့်မားသည့် လမ်းစဉ်များကို ရှာဖွေရန် အဖြူရောင် အဘိဿဲလ် (ဂလက်ဆီ ဗဟို) ထဲသို့ စွန့်စားဝင်ရောက်သွားခြင်း သို့မဟုတ် ဂလက်ဆီ၏ အပြင်ဘက်ရှိ အမှောင် ဟင်းလင်းပြင် ဆီသို့ ထွက်ခွာသွားကြသည်ဟု ကောလာဟလများ ထွက်ပေါ်နေသောကြောင့် ဖြစ်သည်။
ဝေဝူယင်၏ ချီးမွမ်းမှုကြောင့် ဗာဂျန်၏ ညှိုးငယ်နေသည့် မျက်နှာမှာ အပြုံးဖျော့ဖျော့လေး တစ်ခုအဖြစ် ပြောင်းလဲသွား၏။
"လောကရှန့်ထို အာရုဏ်ဦးက သဘောကောင်းလွန်းပါတယ်"
"အဲ့ဒီမျိုးဆက်တွေကို တည်ထောင်ခဲ့တဲ့သူတွေက အခု ဘယ်မှာလဲ"
ချောင်စွေ့ဖုန်းက မေးလိုက်၏။ မြေကြီး အဂ္ဂိရတ်ရှန့်ထို တစ်ဦးအနေဖြင့် သူမသည် ထိုထူးခြားသည့် အဂ္ဂိရတ် ပညာရှင်များ၏ အခြေအနေကို သိချင်နေခြင်း ဖြစ်သည်။ သူမသည် လေ့လာသင်ယူလိုစိတ်လည်း ရှိနေ၏။
"အမ်... သူတို့ ဘယ်မှာလဲ ဟုတ်လား"
ဗာဂျန်က ချောင်စွေ့ဖုန်း၏ မေးခွန်းကို လိုက်လံ၍ ရေရွတ်လိုက်၏။ ထိုစဉ် သူ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းရိပ်တစ်ခု ဖြတ်သန်းသွားခဲ့၏။
"အဲ့ဒီမျိုးဆက်တွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကျော်က ပေါ်ထွန်းခဲ့တာပါ... အဲ့ဒီ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ ကျွန်တော်တို့ လောကကြီးကနေ ထွက်ခွာသွားကြတာ ကြာပါပြီ... သူတို့ရဲ့ ခရီးစဉ်အပြီးမှာ ကောင်းကင်ဘုံနဲ့အတူ ထာဝရ အနားယူသွားကြပါပြီ"
သူ၏ စကားလုံးများမှာ လှပနေသော်လည်း ထိတ်လန့်စရာကောင်းသည့် အနက်အဓိပ္ပာယ်မှာ ပါဝင်နေပြီးသား ဖြစ်သည်။
"ဒါဆို အခု အသက်ရှင်နေတဲ့ လောက အဂ္ဂိရတ် ရှန့်ထို ရှိလား..."
ချောင်စွေ့ဖုန်းက ထပ်၍ မေးလိုက်၏။ အဂ္ဂိရတ်မျိုးဆက်တစ်ခု ရှိနေခြင်းမှာ လက်ရှိရှိနေသည့် အဂ္ဂိရတ် ပညာရှင် အရေအတွက်ကို ကိုယ်စားမပြုပါချေ။ သို့သော်လည်း... ၎င်းမှာ ထိုအဂ္ဂိရတ် ပညာရှင်များ၏ အမြင့်ဆုံး ကန့်သတ်ချက်ကို အဆုံးအဖြတ် ပေးနိုင်ပေသည်။
ဥပမာအားဖြင့်... ချောင်စွေ့ဖုန်း၊ ထာဝရ နတ်ဘုရား၊ ထျန်းတိန်ကျန့်နှင့် စန်းလော့ယန်တို့မှာ ထာဝရ အဂ္ဂိရတ် မျိုးဆက်ကို အမှီပြု၍ မြေကြီးအဂ္ဂိရတ်ရှန့်ထို များ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။
ဝေဝူယင်ကတော့ ဗာဂျန်၏ မျက်နှာအမူအရာ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပျက်ယွင်းသွားရသနည်း။ အဘယ်ကြောင့် သူ့ ရှေ့တွင် ဤမျှ ယဉ်ကျေးပျူငှာနေရသနည်းဟူသော အချက်ကို ယခုမှပင် သဘောပေါက်လိုက်တော့သည်။
ဗာဂျန်က ဝေဝူယင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အမှန်အတိုင်းပင် ဖြေကြားလိုက်၏။
"တစ်ယောက်မှ မရှိပါဘူး"
ထိုစကားတစ်ခွန်းတည်းနှင့်ပင် အဖွဲ့သားအားလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၏ ကျင့်ကြံခြင်းလောက အဘယ်ကြောင့် တုံ့ဆိုင်းနေရသနည်းဆိုသည်မှာ မဆန်းတော့ချေ။
မဟုတ်သေး... ဤကိစ္စက ထိုထက်ပို၍ ရှုပ်ထွေးလှသည်။
ချောင်စွေ့ဖုန်းက ခေါင်းတစ်ချက်ညိတ်ရင်း ကောက်ချက်ချလိုက်၏။
"ဒါဆိုရင် အဲ့ဒီ လောကအဂ္ဂိရတ်ရှန့်ထို မျိုးဆက်တွေဆိုတာ အမှိုက်တွေပဲ ဖြစ်ရမယ်..."
သူမသည် ရိုင်းပျလို၍ ပြောခြင်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ အနည်းဆုံးတော့ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ ရှုထောင့်မှကြည့်လျှင် ထိုသို့ပင် ဖြစ်ပေလိမ့်မည်။
ချက်ချင်းပင် ဗာဂျန်၏ မျက်လုံးများ မှောင်မှောင်သွား၏။ သူ၏ ရင်ထဲတွင် ပြင်းထန်သည့် စိတ်ပျက်အားငယ်မှုများ ရှိနေသော်လည်း ၎င်းတို့ကို ထုတ်ဖော်ပြသရန် မဝံ့ရဲသလို၊ ပေါက်ကွဲပစ်ရန်လည်း မစွမ်းသာချေ။
"အမှိုက်တော့ မဟုတ်ပါဘူး"
ဝေဝူယင်က ထောက်ပြလိုက်သည်။ ထိုစကားကြောင့် ဗာဂျန်မှာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာ၏။ ဝေဝူယင်က ဆက်လက် ရှင်းပြလိုပ်သည်။
"ဒါက အရင်းအမြစ်တွေ၊ အခွင့်အရေးတွေနဲ့ အဲ့ဒီမျိုးဆက်တွေရဲ့ ထူးခြားချက်တွေကြောင့်လို့ ငါ ထင်တယ်။ အဘိဿဲလ်မျိုးနွယ်စုမှာ မန်နာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်လို့ ကျုပ် ကြားဖူးတယ်… ဟုတ်လားဗျ"
ဗာဂျန်မှာ မျက်ဝန်းများ တောက်ပသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင်… အဂ္ဂိရတ်မျိုးဆက် သုံးခုစလုံးဟာ အဘိဿဲလ်မျိုးနွယ်စုရဲ့ စွမ်းရည်တွေကို အခြေခံပြီး တီထွင်ထားတာ ဖြစ်ရမယ်… ဒါကြောင့် တခြားမျိုးနွယ်စုတွေအနေနဲ့ ဆေးဖော်စပ်တဲ့နေရာမှာ ထိရောက်မှု မရှိနိုင်ဘူး… ဖြစ်နိုင်တာက အဲ့ဒီဆေးလုံးတွေရဲ့ ထိရောက်မှုဟာ သွေးမျိုးဆက် ဒါမှမဟုတ် လူမျိုးစုအလိုက် ကန့်သတ်ချက်တွေ ရှိနေတာမျိုးပေါ့"
ဗာဂျန်မှာ အကြိမ်ကြိမ် ခေါင်းညိတ်ပြနေသဖြင့် အဖွဲ့သားအားလုံးလည်း သဘောပေါက်သွားကြ၏။
ထို လောက အဂ္ဂိရတ်ရှန့်ထို မျိုးဆက်အားလုံးသည် အဘိဿဲလ်မျိုးနွယ်စု အတွက်သာ သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဝေဝူယင်သည် သူ၏ အဂ္ဂိရတ် သက်တမ်း တစ်လျှောက်တွင် အချို့သော ထုတ်ကုန်များကို အမျိုးသမီး၊ အချို့ကို အမျိုးသား၊ အချို့ကို နတ်ဆိုး၊ ရှို့ရန်၊ သားရဲများ သို့မဟုတ် ထူးခြားသည့် ကျင့်ကြံခြင်း ဝိညာဉ်များနှင့် ထူးခြားသည့် ခန္ဓာကိုယ်များ အတွက် သီးသန့်ဖော်စပ်ခဲ့ရသည်ကို ပြန်လည် အမှတ်ရသွားမိသည်။
သူသည် ယခင်က ထိုသို့သော အဂ္ဂိရတ် ထုတ်ကုန်များကို အသုံးပြု၍ အနန္တ ဧကရာဇ်ဂိုဏ်းရှိ ပညာရှင်များကို လာဘ်ထိုးခဲ့ဖူးပြီး ပေ့ယင်ယင်နှင့် ပေ့ဝေဝေတို့ ပေါ်ထွန်းလာအောင်လည်း ကူညီပေးခဲ့ဖူးသည်။
ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စမျိုးမှာ သူ့အတွက် အစိမ်းသက်သက်တော့ မဟုတ်ပေ။
"လူသား လောက အဂ္ဂိရတ်ရှန့်ထို တစ်ယောက်မှ မရှိဖူးဘူးလား"
ဇနီးမယား အဖြစ် ဝေဝူယင်၏ အဓမ္မ သတ်မှတ်ခံရခြင်းကြောင့် တုန်လှုပ်နေသည့် ချင်ချူးမူ ပင်လျှင် ဤစကားဝိုင်းကို အလွန်စိတ်ဝင်စားသွားမိသည်။
အဖွဲ့သားအားလုံးသည် အီစီလီယံ အသေးစား ပေါ်တွင် ရှိနေကြပြီး ဝေဝူယင်၏ ဟင်းလင်းပြင်ပုံရိပ်ကသာ အပြင်ဘက်တွင် ဗာဂျန်နှင့်အတူ ရှိနေခြင်းဖြစ်သည်။ ဗာဂျန်သည် သင်္ဘောကို စစ်ဆေးရေးဂိတ်များမှတစ်ဆင့် လွယ်ကူစွာ ဦးဆောင်သွားပေးနေသည်။
"တစ်ယောက်မှ မရှိပါဘူး"
ဗာဂျန်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်၏။
"..."
လူတိုင်း တိတ်ဆိတ်စွာ စဉ်းစားနေမိကြသည်။ လူသားများသည် ဂလက်ဆီအတွင်း လူဦးရေ အများဆုံး ဖြစ်သည်။ သို့သော်လည်း… လျှို့ဝှက်လောက အဆင့်ရှိ အဂ္ဂိရတ် ထုတ်ကုန်များ၏ အထောက်အပံ့ မပါဘဲ ယနေ့အထိ မည်ကဲ့သို့ ရပ်တည်နိုင်သနည်း။
"ဒါပေမဲ့ အဲဒါက အချိုးအစား ညီမျှသွားတာ မဟုတ်ဘူးလား… ဘယ်မျိုးနွယ်စုမှာမှ လောကအဂ္ဂိရတ်ရှန့်ထို မရှိဘူးဆိုရင်တော့ ကွာဟချက်က သိပ်မကြီးသင့်ဘူး မဟုတ်လား"
ချင်ချူးမူက အဂ္ဂိရတ်ပညာကို ကောင်းစွာ နားမလည်သူတစ်ဦး၏ အပြစ်ကင်းသည့် မေးခွန်းကို မေးလိုက်သည်။
လော့နင်က အေးအေးဆေးဆေးပင် ဝင်ရောက် ရှင်းပြပေးသည်။
"လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို တစ်ဦးတည်း ဖော်စပ်နိုင်တဲ့ အဂ္ဂိရတ် ပညာရှင် မရှိပေမဲ့… မြေကြီး အဂ္ဂိရတ်ရှန့်ထို တွေနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ အများကြီး စုပေါင်းပြီး ဖော်စပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်… ထာဝရ အစည်းအရုံးမှာ ဆိုရင် သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေ စုပေါင်းပြီး လျှို့ဝှက်မြေကြီးအဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေကို ဖော်စပ်ခဲ့ဖူးတယ်… စန်းလော့ယန်ဆိုရင် ဒီစွမ်းရည်ကြောင့်ပဲ နာမည်ကြီးခဲ့တာ"
"ဪ... ဟုတ်လား… ကျေးဇူးတင်ပါတယ် စီနီယာလော့နင်"
ချင်ချူးမူ သဘောပေါက်သွားပြီဖြစ်သည်။ ထိုသို့ဆိုလျှင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ၌ လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဖန်တီးနိုင်ဆဲပင် ဖြစ်သော်လည်း၊ ထိုအဂ္ဂိရတ် ထုတ်ကုန်များမှာ အဘိဿဲလ်မျိုးနွယ်စုအတွက်သာ သင့်တော်နေခြင်း ဖြစ်သည်။
လော့နင်မှာမူ အနည်းငယ် အနေရခက်သွားရ၏။
အရှင်မင်းကြီး၏ ဇနီး ထံမှ ကျေးဇူးတင်စကားကို ရရှိခြင်း... ၎င်းကား…။ သူမအနေဖြင့် ချင်ချူးမူအား ခါးကိုင်း၍ ဂါရဝပြုလိုက်ရုံသာ တတ်နိုင်တော့သည်။
ထိုအပြုအမူကြောင့် ချင်ချူးမူမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားကာ လော့နင်ကို အမြန်ဆွဲထူရင်း ထိုသို့လုပ်ရန် မလိုကြောင်းသာ ပြောဆိုနေရတော့သည်။
"ဒါကြောင့်မို့လို့ ဂလက်ဆီက တုံ့ဆိုင်းနေရတာ ဖြစ်လိမ့်မယ်၊ ဆုတ်ယုတ်မသွားတာပဲ တော်သေးတယ်… ဖန်တီးရှင် မျိုးဆက်တွေ တိုးတက် မလာတော့ဘဲ မျိုးဆက်သစ်တွေကို စနစ်တကျ လက်ဆင့်မကမ်းနိုင်တဲ့အခါ လူ့အဖွဲ့အစည်းတွေမှာ အဲ့ဒီလို ဖြစ်လေ့ရှိတယ်"
သခင်လေးရှန့်က ဝိုင်သောက်ရင်း ဆိုလိုက်သည်။ ဤအကြောင်းအရာများမှာ သူ့အတွက် အသစ်အဆန်း မဟုတ်ပေ။
ကျင့်ကြံသူ အများစုမှာ အရည်အသွေးမပြည့်မီသည့် အဂ္ဂိရတ် ထုတ်ကုန်များကိုပင် ကျေကျေနပ်နပ် ကျင့်ကြံလေ့ရှိကြသည်။ အဆင့်နိမ့် အရည်အသွေး ဆိုသည်မှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရန် အခွင့်အလမ်း နည်းပါးသည်ဟုသာ သူတို့ ယူဆကြခြင်းဖြစ်သည်။ ပြီးပြည့်စုံမှုကို ရရှိရန်မှာ မည်မျှ ခက်ခဲပါသနည်း။
နောက်ဆုံးတွင် သူတို့သည် အာကာသလမ်းမ ၃၈၈၈ မှတစ်ဆင့် အာကာသလမ်းကြောင်း ၁၃ သို့ ရောက်ရှိလာကြပြီး ကြယ်တာရာ နယ်မြေ၏ နယ်စပ်တွင် ရပ်တန့်လိုက်ကြသည်။
၎င်းမှာ ခရမ်းရောင်ပင်လယ် ကြယ်တာရာ နယ်မြေ ပင် ဖြစ်လေသည်။
ထိုနေရာ၏ ဗဟိုချက်တွင် ခရမ်းရောင် နေမင်းတစ်စင်း ရှိနေပြီး အလယ်ဗဟိုတွင် အဖြူရောင် အဘိဿဲလ် ဂလက်ဆီ ကို အတုယူထားသကဲ့သို့ မင်ရောင်သန်းနေသည့် အဖြူရောင် အရည်များ ရှိနေ၏။
အီစီလီယံ အသေးစား ပေါ်ရှိ အဖွဲ့သားအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေကြလေသည်။
သူတို့၏ ရှေ့တွင် ခရမ်းရောင်နှင့် အဝါရောင် လိုင်းများ ခြယ်သထားသည့် ဧရာမ ကျောက်တူးကြီး တစ်ခုသည် အာကာသထဲတွင် ပြားပြားဝပ် တည်ရှိနေ၏။ ထိုကျောက်ဆူးကြီး၏ မျက်နှာပြင်ပေါ်တွင် မင်ရည်များက အထက်မှ အောက်သို့ အဆုံးမရှိ စီးဆင်းနေသည်မှာ ပြင်းထန်သည့် မိုးရွာသွန်းမှုနှင့် တူလှသည်။ ၎င်းသည် တည်ငြိမ် အာကာသကို အတင်းအကျပ် ဆွဲထားသကဲ့သို့ ရှိနေပြီး မိုင်ပေါင်း တစ်သိန်း ပတ်လည်အတွင်း မည်သည့် အာကာသ ခုန်ကူးမှုမှ မပြုလုပ်နိုင်ရန် ချုပ်ကိုင်ထားလေသည်။
ထိုကျောက်ဆူးကြီးမှာ ကောင်းကင်ဖျက်ဆီးသူ သင်္ဘောများထက်ပင် ပိုမိုကြီးမားသော ဟင်းလင်းပြင် သင်္ဘောကြီးတစ်စင်း ဖြစ်သည်။
ထိုကျောက်ဆူးကြီးပေါ်တွင် ပြတင်းပေါက် ကဲ့သို့သော ဖန်သားပြင်များစွာကို အထပ်လိုက် တည်ဆောက်ထားသည်။ ထိုပြတင်းပေါက်များ အရ အထပ်ပေါင်း ရာနှင့်ချီ ရှိနေသကဲ့သို့ ထင်မှတ်ရသည်။ အတွင်းမှ လူများက အပြင်ကို မြင်နိုင်သော်လည်း၊ အပြင်မှလူများမှာမူ ထူးခြားသည့် အမြင်အာရုံ မရှိပါက အတွင်းပိုင်းကို မြင်ရန် ခက်ခဲလှသည်။
ဝေဝူယင်၏ ဝိညာဉ် အာရုံတွင် ထိုပြတင်းပေါက်များ၌ လူပေါင်းသောင်းနှင့်ချီ၍ ရှိနေသည်ကို မြင်တွေ့ရသည်။ အချို့မှာ အုပ်စုလိုက် ရှိနေကြပြီး အချို့မှာမူ တစ်ဦးတည်း ရှိနေကြသည်။ သူတို့အားလုံးသည် အီစီလီယံ အသေးစား ကို သိချင်စိတ်မျိုးစုံဖြင့် ကြည့်နေကြ၏။
အတွင်းရှိ လူအားလုံးမှာ လူသားများ မဟုတ်ကြဘဲ၊ အများစုမှာ အသားဖြူဖျော့ကာ အဝါရောင် သို့မဟုတ် အစိမ်းရောင် မျက်လုံးများ ရှိကြသည်။ အသားအရောင်မှလွဲ၍ ကျန်အရာအားလုံးမှာ လူသားများနှင့် တထပ်တည်း တူညီလှသည်။ ဝေဝူယင်သည် သူတို့နှင့် တူညီသည့် သို့မဟုတ် လူသားနှင့် နတ်ဆိုး နှောထားသော လူသားအချို့ကိုလည်း မြင်တွေ့ရသည်။
သူတို့က အဘိဿဲလ် မျိုးနွယ်စုများပင် ဖြစ်သည်။
"လောကရှန့်ထို အာရုဏ်ဦးကို နှုတ်ခွန်ဆက်သပါတယ်"
ရုတ်တရက်… နူးညံ့ နွေးထွေးလှသော အသံတစ်သံသည် မှောင်မိုက်သည့် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွား လေတော့၏။
***