← Chapters

အခန်း (၂၆၉)

Vol. 20 Ch. 269

အခန်း (၂၆၉)

Vol. 20 Ch. 269

အပိုင်း(၂၆၉)

အိပ်မက်ထဲ၌ လင်ကျဲ ပထမဆုံး မြင်လိုက်ရသည့် အစွဲအလမ်းက... အိပ်မက်တစ်ခုလုံးမှာ လွန်စွာ စိမ်းလန်းစိုပြေနေခြင်းပင်။ ၎င်း၏ နောက်ခံမှာ ရှေးဟောင်း သစ်တောကြီးတစ်ခုနှင့်ပင် အလွန် တူသည်။

ကမ္ဘာမြေမှာတုန်းက ကျေးလက်ဒေသများကို သုတေသနလုပ်ရန် တောနက်များအား ဖြတ်သန်း ခရီးနှင်ခဲ့ရသည့် အချိန်များကိုပင် လင်ကျဲ ပြန်လည် သတိရမိပြီး လွမ်းဆွတ်လာခဲ့မိသည်။

ပတ်ဝန်းကျင်တွင် ရေညှိများ ဖုံးလွှမ်းနေပြီး နွယ်ပင်များ ရစ်ပတ်နေသည့် သစ်ပင်ကြီးများ၏ အမြစ်များမှာ ယှက်နွယ်နေကြကာ၊ မြေပြင်ပေါ်တွင်လည်း ရွက်ကြွေ သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေသည်။ မှောင်ရီပျိုးစ ညဉ့်ဦးယံတွင် ရှိနေသကဲ့သို့ အပင်ငယ်လေးများမှာ အပြာရောင် အလင်းဖျော့ဖျော့လေးများကို ထုတ်လွှတ်နေကြသည်။

ဤနေရာတွင် အတောက်ပဆုံးကတော့ ဒိုရစ် ကိုယ်တိုင်ပင်...။ တောက်ပလှပသည်ဆိုသော စကားလုံးမှာ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားကို ဖော်ပြရုံတင် မကပေ။ မိန်းကလေးမှာ ရုပ်ပိုင်းဆိုင်ရာအရ အမှန်တကယ်ပင် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေခြင်း ဖြစ်သည်။

ဒိုရစ်သည် လှပဆန်းကြယ်သည့် ရွှေရောင်ပန်းခက်များကို အဖျားနားတွင် အလှဆင်ထားသည့် အဖြူရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထား၏။ နဖူးပေါ်တွင် ဆင်မြန်းထားသည့် မြစိမ်းရောင် ဆွဲသီးလေးမှာလည်း သူမ၏ ကြည်လင်လှသည့် စိမ်းပြာရောင် မျက်လုံးများနှင့် အလွန်ပင် လိုက်ဖက်လှသည်။ သူမ၏ လက်ထဲတွင်မူ နွယ်ပင်များ ရစ်ပတ်နေပြီး ထိပ်ဖျားတွင် အိုင်းရစ် ပန်းတစ်ပွင့် ပါရှိသည့် သစ်သား မှော်တောင်ဝှေးကို ကိုင်ဆောင်ထားသည်။

အောက်သို့ ဖြာကျနေသည့် ရွှေရောင် ဆံနွယ်ရှည်များ...

တည်ငြိမ်ပြီး ကျော့ရှင်းလှသည့် ကိုယ်ဟန်...

နောက်... လေးနက်သည့် မျက်နှာအမူအရာနှင့် မြင့်မြတ် သန့်စင်သည့် အရှိန်အဝါ...

ပတ်ဝန်းကျင်ရှိ ထူးဆန်းသော အလင်းရင်းမြစ်များက အမှောင်ထုကို ဖယ်ရှားပေးနေသဖြင့် မိန်းကလေးမှာ ပုံပြင်ထဲမှ အဲ့လ်ဖ်ဘုရင်မတစ်ဦးနှင့် အတိအကျ တူညီနေတော့သည်။

‘အရင်တစ်ခါတုန်းက သူ ဝတ်ထားတဲ့ ကော့စ်ပလေးကို ကြည့်ပြီး ဒီကောင်မလေးရဲ့ စိတ်ကူးယဉ် ရူးသွပ်တဲ့ ရောဂါက တော်တော်လေး ဖြစ်နေပြီလို့ ငါ ထင်ထားတာ... အခု ဒါက သူ့စိတ်ကူးယဉ်က အဆုံးစွန်ဆုံးသော ရူးသွပ်မှု ပုံစံပေါ့လေ...’

လင်ကျဲ တစ်ယောက် ဒိုရစ်၏ နောက်တွင် ရပ်ကာ မေးစေ့ကို ပွတ်ရင်း အိပ်မက်၏ ဇာတ်လမ်းက မည်ကဲ့သို့ ဖြစ်လာမည်၊ ဒိုရစ်၏ ရင်ထဲက မည်သည့် အလိုဆန္ဒများကို ရောင်ပြန်ဟပ်နေမည်ကို စဉ်းစားနေမိသည်။

အခြားသူများ၏ အိပ်မက်ဘုံထဲတွင် ရှိနေစဉ် လင်ကျဲသည် များသောအားဖြင့် စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။ သူ၏ ခန္ဓာကိုယ်မှာ အခြားသူများအတွက် မမြင်နိုင်သလို ထိတွေ့၍လည်း မရချေ။ ပြောရလျှင်... သူသည် စောင့်ကြည့်လေ့လာနိုင်စွမ်းသာ ရှိသည့် နာမ်ဝိညာဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

သူ့ကို မိမိကိုယ်ပိုင် အိပ်မက်ဘုံထဲသို့ အာဏာအပြည့်အဝဖြင့် လိုလိုလားလား လက်ခံခဲ့သည့် ဆစ်ဗာလို ဖြစ်ရပ်မျိုးတွင်သာ လင်ကျဲသည် မိမိစိတ်ကြိုက် လုပ်ဆောင်နိုင်သည်။

သို့သောလည်း ခြွင်းချက် တစ်ခုတော့ ရှိပါသေးသည်။ အီသာ စွမ်းအင်ပင်။

သူ့အနေဖြင့် အီသာ စွမ်းအင်ကို အသုံးချကာ အခြားလူများ၏ အိပ်မက်ဘုံ အတွင်း တစ်စုံတစ်ခုကို ပြောင်းလဲရန် သို့မဟုတ် ကိုယ်ထင်ပြရန်အတွက် လုပ်ဆောင်နိုင်သည်။

ယခုအချိန်အထိ လင်ကျဲတွင် အီသာစွမ်းအင် အနည်းငယ်သာ ရှိသေးသည်။ အမိုးခုံး ဘုရားကျောင်းတော်၏ ဗဟို ဆုတောင်းခန်းမ အိပ်မက်ဘုံကြီး ပြိုလဲသွားပြီးနောက် သူ ၎င်းတို့ကို ပြန်လည် စုဆောင်းထားခဲ့ခြင်းပင်။ လင်ကျဲသည် ထိုစွမ်းအင်များကို ယခုလို အခြေအနေတွင် အလဟဿ အသုံးမပြုလိုပေ၊ စောင့်ကြည့်ရုံနှင့်ပင် လုံလောက်လှသည်။

ယခင်က ဖရွိုက်၏ စာအုပ်ကို သေချာဖတ်ဖူးသဖြင့် လင်ကျဲထံတွင် အိပ်မက်များနှင့် ပတ်သက်သည့် သီအိုရီပိုင်းဆိုင်ရာ နားလည်မှု အချို့ ရှိထားသည်။ မူလ ရည်ရွယ်ချက်မှာ သူ၏ ကိုယ်ပိုင် အိပ်မက်များကို အဓိပ္ပာယ်ဖော်ရန် ဖြစ်သော်လည်း၊ အချိန်အတော်ကြာ ကြိုးစားပြီးနောက် လင်ကျဲသည် သူ ဆစ်ဗာကို အိပ်မက်မက်ခြင်း မဟုတ်ဘဲ၊ ဆစ်ဗာ၏ အိပ်မက်ဘုံထဲသို့ မတော်တဆ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော်လည်း... အိပ်မက်များကို အဓိပ္ပာယ်ဖော်နိုင်သည့် သူ၏ စွမ်းရည်အပေါ် လင်ကျဲ ယုံကြည်ချက် ရှိနေဆဲပင်...။ သူ၏ ကိုယ်ပိုင် အိပ်မက်များကို အဓိပ္ပာယ်မဖော်နိုင်သော်လည်း အခြားသူများ၏ အိပ်မက်များကိုမူ လုပ်ဆောင်နိုင်ပေလိမ့်မည်။

“အင်း... လှုပ်ရှားမှုတွေ ရှိလာပြီ၊ ဒီအိပ်မက်ရဲ့ ဇာတ်ကွက်က စတင်တော့မှာလား...”

လင်ကျဲသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ ဒိုရစ်သည် ခေါင်းကို စောင်းကာ အဝေးသို့ စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ လက်ထဲမှ တောင်ဝှေးအား မြှောက်လိုက်သည်ကို သူ မြင်လိုက်ရသည်။ ထိုခဏ၌ တောက်ပသည့် အလင်းတန်းတစ်ခုမှာ အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွား၏။ ပုံသဏ္ဌာန်မဲ့ မှော်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။

ဘုန်း... ဘူန်း...

အစပိုင်းတွင် အနည်းငယ်မျှသော တုန်ခါမှုများ စတင်လာသော်လည်း ထိုအကာအကွယ်က ထိန်းချုပ်ထားနိုင်သည်။ သို့သော် များမကြာမီမှာပင် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှာလည်း လဲပြိုတော့မည့်အလား ဖြစ်လာသည်။ မကြာခင်မှာပင် မြေပြင်မှာ အက်ကွဲလာကာ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖောင်းကြွလာတော့၏။

အလင်းတန်းများ ဖုံးလွှမ်းနေသည့် ဒိုရစ် ပတ်ဝန်းကျင် ဧရိယာသာလျှင် ထိခိုက်မှုမရှိဘဲ ကျန်ရစ်ခဲ့သည်။ အိပ်မက်များမှာ ပြတ်တောင်းပြတ်တောင်းနှင့် ထူးဆန်းနိုင်သော်လည်း တစ်ခါတစ်ရံတွင် ဇာတ်လမ်းတစ်ပုဒ် ပြီးမြောက်ရန်အတွက် ခိုင်မာသော ယုတ္တိဗေဒတစ်ခုနှင့် ယှက်နွယ်နေတတ်သည်။

လင်ကျဲသည် ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်ရန်နှင့် ဇာတ်လမ်းများ ရှာဖွေရန်အတွက် ဤကဲ့သို့ အိပ်မက်ဘုံများအား လှည့်လည်ကြည့်ရှုရသည်ကို နှစ်သက်သည်။ ယခု အနေအထားအရ ကြည့်ရလျှင် ဒိုရစ်သည် သူမ၏ ကော့စ်ပလေး ဇာတ်ကောင်ကို အခြေခံပြီး အစစ်အမှန် အဲ့လ်ဖ် အိပ်မက်တစ်ခုကို ဖန်တီးထားပုံရသည်။

‘ဟူး... စိတ်ကူးယဉ် ရောဂါရဲ့ အထွတ်အထိပ်ပဲ...’

လင်ကျဲ တစ်ယောက် သူ၏ ဖောက်သည်တိုင်းမှာ ဤကဲ့သို့ ‘စိတ်ကူးယဉ်’ ရောဂါ ခံစားနေရသလားဟု တွေးမိရင်း ထူးဆန်းသော မျက်နှာထား ဖြစ်သွားခဲ့သည်။

“ဒီလောက်တောင် ခဏခဏ ဖြစ်နေတာလား... တစ်ခုခုတော့ မှားနေပြီ...”

လင်ကျဲသည် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်၏။

‘ဒိုရစ်က တကယ်ကြီး အဲ့လ်ဖ်တစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်...’

‘မဟုတ်ဘူး... မဟုတ်ဘူး... အဲဒါ မဖြစ်နိုင်ဘူး...’

ဤကမ္ဘာတွင် အဲ့လ်ဖ်များ တစ်ချိန်က ရှိခဲ့ဖူးသော်လည်း ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း သောင်းချ် ‘ဒုတိယခေတ်’ တုန်းကသာ ဖြစ်သည်။ နော်ဇင်မြို့ထဲတွင် အဲ့လ်ဖ် မျိုးနွယ်များ ကျန်ရှိနေသေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ထို့ပြင် ဒိုရစ်ကို ကျိကျစ်ရှို့ ကိုယ်တိုင်က အကြံပြုခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမငယ်လေးမှာ သူမ၏ မျိုးနွယ်စု ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ချင်နေခြင်း ဖြစ်သည်။ အကယ်၍ သူမသာ အဲ့လ်ဖ်တစ်ယောက် အမှန်တကယ် ဖြစ်နေလျှင် အဘယ့်ကြောင့် သာမန်လူသားတစ်ဦး၏ လမ်းညွှန်မှုဖြင့် သူ့စာအုပ်ဆိုင်လို သာမန် နေရာတစ်ခုကို အကူအညီ လာတောင်းရသနည်း... နောက် စာအုပ်တစ်မျိုးတည်းကို ၃၀ တောင် ဘာလို့ ဝယ်သွားရသနည်း...။

ထိုစဉ်က မိန်းကလေး၏ မျက်လုံးများကို ကြည့်ခြင်းအားဖြင့် ဒိုရစ်မှာ သူ့ကို အပြည့်အဝ ယုံကြည်နေကြောင်း လင်ကျဲ သိနိုင်သည်။

အကယ်၍ သူမသာ အဲ့လ်ဖ် တစ်ယောက် ဖြစ်နေလျှင် သူ၏ စာအုပ်မှာ သာမန် ပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်သာ ဖြစ်ကြောင်း၊ မှော်စာအုပ် တစ်အုပ် မဟုတ်ကြောင်း သိမြင်နိုင်ပေလိမ့်မည်။

“ငါ အရမ်းတွေ တွေးနေတာ နေမှာပါ...”

လင်ကျဲသည် မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျှေော့လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ စိတ်ထဲ ပေါ်လာသော သံသယများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

“အရင်ရက်တွေတုန်းက သဘာဝလွန် စွမ်းအား အရိပ်အယောင်တွေကို တွေ့နေရလို့ ငါ နည်းနည်း စိတ်စွဲနေတာ နေမှာ... သေချာစဉ်းစားကြည့်ရင် ဂါဘရီယယ်လို အားနည်းတဲ့လူတောင် အမိုးခုံး ဘုရားကျောင်းတော်ကို ထိန်းချုပ်နိုင်တယ်ဆိုမှတော့၊ ဒီကမ္ဘာမှာ အစွမ်းထက်တဲ့ သဘာဝလွန် မျိုးနွယ်စုတွေ ရှိနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး”

လင်ကျဲ စိတ်ကို အေးအေးထားကာ ဒိုရစ်၏ ကျောပြင်ကို ဆက်လက် စောင့်ကြည့်နေလိုက်၏။

ဟူး...

လင်ကျဲ ကြည့်နေစဉ်မှာပင် ကြီးမားလှသော အရိပ်မည်းကြီးတစ်ခုမှာ ဝေလငါးတစ်ကောင် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ခုန်တက်လာသကဲ့သို့ မြေပြင်မှ နေ၍ ကောင်းကင်ယံသို့ ခုန်တက်လာသည်ကို မြင်လိုက်ရတော့သည်။

လင်ကျဲ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေစဉ်မှာပင် ထိုကြီးမားသော သတ္တဝါကြီးမှာ ဒိုရစ်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့၏။

အမှောင်ထုထဲတွင် ငါးလင်ပန်းနှင့်တူသည့် ထိုသတ္တဝါကြီးမှာ ပါးစပ် တစ်ခုလုံး ထက်မြက်သော သွားများဖြင့် ပြည့်နှက်နေကာ၊ ကြောက်မက်ဖွယ် အသားမျှင်ပေါင်းများစွာကို ဆန့်ထုတ်၍ ၎င်းထက် အဆပေါင်းများစွာ သေးငယ်လှသော အဲ့လ်ဖ် မျိုးနွယ် မိန်းမငယ်လေးကို ဝါးမြိုရန် အပေါ်မှ စီးမိုးကာ ကျဆင်းလာတော့၏။

...

ဒိုရစ်သည် သူမ၏ အဲ့လ်ဖ်မျိုးနွယ်စု တစ်ခုလုံးကို ခြိမ်းခြောက်နိုင်သည့် အိပ်မက်ဘုံ အက်ကြောင်းတစ်ခုကို နောက်တစ်ကြိမ် ကြိုတင် မြင်တွေ့ခဲ့ရသည်။

ထုံးစံအတိုင်းပင် သူမသည် ကြိုတင် သိမြင်မှု ရရှိခဲ့ပြီး၊ ရန်သူကို ရင်ဆိုင်ရန် ဗျူဟာများ မချမှတ်မီ အိုင်းရစ် မျိုးနွယ်စုဝင်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြားခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် ရန်သူ၏ အာရုံကို ဆွဲဆောင်ရန်အတွက် မိမိကိုယ်ကိုယ် ‘ငါးစာ’ အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စတင်လိုက်သည့် အချိန်မှစ၍ တစ်စုံတစ်ခုမှာ အနည်းငယ် လွဲချော်နေသကဲ့သို့ သူမ ခံစားနေရသည်...။

မမြင်ရသည့် တစ်နေရာရာမှ တစ်စုံတစ်ဦးမှာ သူမကို အလွန် အာရုံစိုက်ကာ စူးစိုက်ကြည့်နေသကဲ့သို့ ခံစားချက်မျိုးပင်။

***

All Chapters