← Chapters

အခန်း (၂၇၁)

Vol. 20 Ch. 271

အခန်း (၂၇၁)

Vol. 20 Ch. 271

အပိုင်း(၂၇၁)

တောအုပ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေ၏။ အိုင်းရစ် မျိုးနွယ်စုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတော့မည့် အရေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်လေသည်။ တစ်ဖက်တွင်လည်း 'ဖျက်ဆီးခြင်းအဆင့်' အိပ်မက်သားရဲတစ်ကောင်မှာ ထပ်မံထွက်ပေါ်လာတော့မည့်ဆဲဆဲပင်...။

ဒိုရစ် တစ်ယောက် ဘက်ပေါင်းစုံမှ ဝိုင်းရံပိတ်ဆို့ခြင်း ခံထားရသကဲ့သို့ အကူအညီမဲ့နေရှာ၏။ သူက အံကိုတင်းတင်းကြိတ်ကာ မျိုးနွယ်စုဝင်များရှိရာဘက်သို့ ခြေလှမ်းအမြန်လှမ်း၍ ပြေးထွက်လာခဲ့သည်။

‘ငါ့လူတွေကို အရင်ဆုံး ကယ်တင်ရမယ်...’

ဖျောက်... ဖျောက်...

ချော်ရည်ပူများမှ ဖြစ်ပေါ်လာသည့် မီးတောက်မီးလျှံများမှာ သစ်တောတစ်ခုလုံးကို တဟုန်ထိုး ဝါးမြိုဖျက်ဆီးနေလေ၏။

တောအုပ်တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေပြီး သူမ၏ မျိုးနွယ်စုမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတော့မည့် အရေးနှင့် ရင်ဆိုင်နေရသည်။

“နတ်ဆရာ…”

အဲ့လ်ဖ် မျိုးနွယ်ဝင် မိန်းကလေး တစ်ဦးမှာ ဒိုရစ်ကို လှမ်းမြင်လိုက်ရလေရာ တုန်တုန်ရင်ရင် အော်ဟစ်ခေါ်ဆိုလိုက်၏။

သူမ၏ မျက်ဝန်းအစုံမှာ ကြောက်ရွံ့ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ဒိုရစ်ကို မြင်လိုက်ရသည့် ခဏတွင်ပင် မျှော်လင့်ချက်နှင့် အားကိုးရာကို ရှာတွေ့သွားသည့်နှယ် တဖျပ်ဖျပ် လင်းလက် လာခဲ့၏။

“မေမေ…”

ထိုအဲ့လ်ဖ် မိန်းကလေး၏ နံဘေးတွင်တော့ အသက် ၁၅ နှစ်အရွယ် သားငယ်လေးတစ်ဦး ပါလာ၏။

အဲ့လ်ဖ်တို့၏ သက်တမ်းအရဆိုလျှင် ၆ နှစ်၊ ၇ နှစ်အရွယ် ကလေးငယ်မျှသာ ရှိသေးသဖြင့် အသွင်အပြင်မှာ အလွန်နုနယ်လှသည်။ လူသားတို့၏ စံနှုန်းနှင့် တိုင်းတာလျှင်ပင် ကလေးသူငယ်မျှသာ ရှိသေးသည့် ထိုကောင်လေးမှာ မိခင်ဖြစ်သူကို ဖက်တွယ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။ ထိတ်လန့်တကြား ပြေးလွှားရင်း လဲကျခဲ့သဖြင့် ခြေထောက်တွင်လည်း ညိုမည်းစွဲနေသော ဒဏ်ရာတစ်ခု ရရှိထားသည်။

အဲ့လ်ဖ် မိန်းကလေးမှာ သားဖြစ်သူကို နှစ်သိမ့်ရန် အတွက် ကြိုးစားရင်း အားယူကာ ပြုံးပြလိုက်၏။

“နတ်ဆရာ ရောက်လာပြီဟေ့…”

“နတ်ဆရာ လာပြီ…”

အခြားလူများမှာလည်း ဒိုရစ်ကို သတိပြုမိသွားကြ၏။ သူတို့က သူမထံသို့ မျှော်လင့်တကြီး လှမ်းကာ ကြည့်ရှုရင်း အကူအညီတောင်းခံသံများမှာ အရပ်ရပ်သို့ ပွက်လောရိုက်သွားလေသည်။

အမျိုးသား အဲ့လ်ဖ်အချို့ကတော့ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစား နေကြ၏။ သူတို့သည် အခြေခံ မှော်ပညာရပ်များကို အသုံးပြု၍ မီးငြှိမ်းသတ်ရန် အားထုတ်ကြသော်လည်း တဟုန်ထိုး တိုးပွားလာသော မီးလျှံများကြောင့် နောက်သို့သာ ဆုတ်ခွာနေရ၏။

အိုင်းရစ် မျိုးနွယ်စု၏ အဓိက မှော်ဆရာများ၊ စစ်သည်တော်များနှင့် လေးသမားများမှာ ဟိုဘက်အစွန်းရှိ ချုံခိုတိုက်ခိုက်ရေးစခန်းသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

သူတို့၏ မူလ အစီအစဉ် … နတ်ဆရာမ ဒိုရစ်က အိပ်မက်သားရဲ သတ္တဝါကြီးကို ထိုနေရာသို့ မြှားခေါ်သွား၍ အကုန်လုံး ဝိုင်း၍ သုတ်သင်ကြရန် ဖြစ်သည်။

ထို့ကြောင့်ပင်… လောလောဆယ် ဤနေရာ၌ ကျန်ရစ်သူများမှာ အားနည်းသည့် သာမန်အဲ့လ်ဖ်များသာ ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

သူတို့၏ ပတ်လည်၌ ကာကွယ်ရေး မှော်အစီအရင်များ ရှိနေသော်လည်း 'ဖျက်ဆီးခြင်း အဆင့်' အိပ်မက် သားရဲ တစ်ကောင်၏ တိုက်ခိုက်မှုကို တစ်ခဏမျှသာ ခံနိုင်ရည်ရှိပေလိမ့်မည်။

အကယ်၍… မြေအောက် လမ်းလျှောက်သူ တစ်ကောင်တည်းဆိုလျှင်တော့ တောင့်ခံကောင်း ခံနိုင်ပါသေးသည်။

“မစိုးရိမ်ကြနဲ့... မထိတ်လန့်ကြနဲ့…”

ဒိုရစ်က လက်ထဲမှ တောင်ဝှေးဖြင့် မြေကြီးကို ခေါက်လိုက်၏။

ဒိန်း…

ထိုအသံမှာ မျိုးနွယ်စုဝင်တိုင်း၏ နားထဲသို့ လှိုင်းများသဖွယ် စိမ့်ဝင်သွားကာ တုန်လှုပ်နေသည့် စိတ်အစဉ်ကို ထူးခြား ဆန်းပြားစွာ ငြိမ်သက်သွားစေသည်။

“ကာကွယ်ရေး အစီအရင်တွေ ရှိနေသေးသရွေ့ ဒီသတ္တဝါတွေ ခဏတော့ ဟန့်တားခံထားရမှာပါ… အခု ယဇ်ပလ္လင်ဆီကို မြန်မြန်သွားကြ၊ အကြီးအကဲတွေ စီစဉ်ပေးလိမ့်မယ်…”

ယဇ်ပလ္လင်တွင် နော်ဇင်မြို့တော်ဆီသို့ တိုက်ရိုက်ကူးပြောင်းနိုင်သည့် နေရာ ကူးပြောင်းခြင်း မှော်အစီအရင် တည်ရှိနေသည်။

သို့သော်လည်း… ထိုမှော်အစီအရင်ကို အသုံးပြု လိုက်ခြင်းမှာ ဤတောအုပ်ကြီးကို စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။

မှော်အစီအရင်မှာ သူတို့၏ နောက်ဆုံးလက်နက်လည်း ဖြစ်သည်။ သို့သော်လည်း… ၎င်းသည်ပင် မျိုးနွယ်စုဝင် သုံးပုံတစ်ပုံခန့်ကိုသာ ပို့ဆောင်ပေးနိုင်သည်။

ဒိုရစ် တစ်ယောက် အကူအညီမဲ့ ပြေးလွှားနေသည့် လူများကို စီမံ ခန့်ခွဲရင်း ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့် အခြားသူများကို သတိရလိုက်သည်။ မြေအောက် လမ်းလျှောက်သူများမှာ သူတို့ကို ရိပ်မိသွားပြီဖြစ်သဖြင့် ထိုထောင်ချောက်မှာလည်း အဓိပ္ပာယ်မဲ့သွားပြီ ဖြစ်သည်။

ဒိုရစ် အချက်ပြလိုက်ကာ တိုက်ခိုက်နိုင်စွမ်းရှိသူများကို ဤနေရာတွင် ပြန်လည်စုရုံးစေလိုက်သည်။ ထိုသို့ဆိုလျှင် အနည်းဆုံးတော့ သားရဲတစ်ကောင်ကို နှိမ်နင်းနိုင်ပေလိမ့်မည်။

သို့သော်လည်း… ပြဿနာက နောက်ထပ်တစ်ကောင် ရှိနေသေးခြင်းပင်။

အမှန်အတိုင်း ဝန်ခံရပါက ဒိုရစ်၏ စိတ်ထဲတွင် သားရဲနှစ်ကောင်မက ရှိနေနိုင်သည်ဟု အာရုံရနေခဲ့သည်။ ဤသည်မှာ 'ဖျက်ဆီးခြင်းအဆင့်' ကျူးကျော်မှုမျိုး မဟုတ်တော့ဘဲ ထိုထက်မက ပိုမိုကြီးမားနေပြီ ဖြစ်သည်။

'ဖျက်ဆီးခြင်းအဆင့်' သားရဲ အုပ်စုလိုက်သည် 'အခရာအဆင့်' တစ်ကောင်နှင့် အဘယ်မှာ ခြားနားပါတော့မည်နည်း။

အခြေအနေများမှာ ပိုမိုဆိုးရွားလာနေခဲ့ပြီ ဖြစ်သည်။

ထိုအရာက ယခင် တစ်ခါမှ မကြုံဖူးခဲ့သည့် အခြေအနေ ဖြစ်သည်။ အိပ်မက်ဘုံ၏ အက်ကြောင်းက ပိုမို ကျယ်ပြန့်လာနေသလို၊ အိပ်မက်ဘုံထံမှ ကျူးကျော်မှုများအား ဟန့်တားပေးထားသည့် အစွမ်းများမှာလည်း တဖြည်းဖြည်း အားနည်းလာနေပြီ ဖြစ်သည်။ သူတို့ မသိနိုင်သည့် တစ်နေရာရာတွင် ထိတ်လန့်စရာ တစ်ခုခုတော့ ဖြစ်ပျက်နေလေပြီ။

ဒိုရစ်ကိုယ်တိုင်ပင် အံ့အားသင့်နေမိ၏။ သူမသည် အသက်တစ်ထောင်ကျော်နေပြီ ဖြစ်ပြီး သက်တမ်းရှည်သည့် အိုင်းရစ် မျိုးနွယ်စုတွင်ပင် အကြီးအကဲတစ်ဦးဟု ဆိုနိုင်သည်။ အရွယ်ရောက်ကတည်းက သူမသည် မျိုးနွယ်စု၏ နတ်ဆရာ အဖြစ် တာဝန်ယူကာ သစ်တောနှင့် နယ်မြေကို စောင့်ရှောက်ခဲ့သူ ဖြစ်သည်။

လူသားတို့ တည်ဆောက်ထားသည့် နော်ဇင်မြို့တော်ကြီးနှင့် ဝေးကွာရာတွင် ရှေးဟောင်းခေတ်မှ ကြွင်းကျန်ရစ်သော ထူးခြားသည့် သတ္တဝါမျိုးနွယ်စုများစွာမှာ အသီးသီး ပုန်းအောင်းနေထိုင်ကြရင်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။

စီးပွားရေးသမားများနှင့် စွန့်စားရဲသူများသာ နော်ဇင်သို့သွားကာ လူသားများနှင့် ဆက်သွယ်ကြသည်။

ယခုမူ… အိပ်မက်ဘုံမှ သားရဲများ၏ ကျူးကျော်မှုများအား ခုခံကာကွယ်ရသည်မှာပင် သူတို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေလေပြီ။

ဒိုရစ်၏ အိုင်းရစ် မျိုးနွယ်စုမှာလည်း ထို့အတူပင်။

အဲ့လ်ဖ်များသည် ဟိုးယခင်ကလိုမျိုး ခွန်အားကြီးမားသည့် စစ်သည်တော်များ မဟုတ်ကြတော့ပေ။ နှစ်ကာလ ကြာရှည်စွာ သီးခြားနေထိုင်လာခဲ့သည့် သမိုင်းကြောင်း တစ်လျှောက်တွင် သူတို့သည် အိပ်မက်သားရဲများမှလွဲ၍ အခြားသော ခြိမ်းခြောက်မှုများကို မရင်ဆိုင်ခဲ့ကြရပေ။ ကပ်ဘေးကြီးမှ လွတ်မြောက်လာသူများမှာလည်း အစွမ်းထက် ပုဂ္ဂိုလ်များ၏ မျိုးဆက်များ မဟုတ်ကြသဖြင့် သာမန်အဲ့လ်ဖ်အများစုမှာ အစွမ်းအစ မရှိကြရှာပေ။

ထို့ကြောင့်ပင် ဒိုရစ်သည် သူတို့ကို စောင့်ရှောက်သည်ဟု ဆိုသော လေဒီဆစ်ဗာ၏ အကူအညီကို တောင်းခံခဲ့ရခြင်း ဖြစ်သည်။

“နေဦး... လေဒီဆစ်ဗာ…”

ရုတ်တရက် ဒိုရစ် တစ်ယောက် ထိုအရှင်မကြီးထံမှ အကူအညီ တောင်းခံခဲ့ပြီးဖြစ်ကြောင်း သတိရလိုက်၏။ နော်ဇင်မြို့မှ စာအုပ်ဆိုင်ကလေးတွင် သူမသည် လေဒီဆစ်ဗာ၏ ကောင်းချီးပေးခံရသူ၊ ဖော်ရွေသည့် စာအုပ်ဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံခဲ့ဖူးသည်။

အိုင်းရစ်မျိုးနွယ်စု၏ ကြီးမြတ်လှသည့် ဂုဏ်သိက္ခာကို ပြန်လည်ရရှိရန်နှင့် လေဒီဆစ်ဗာ၏ ကောင်းချီးမင်္ဂလာ ခံယူရန် သူမက အကူအညီတောင်းခဲ့ပြီး ဆိုင်ရှင်ကလည်း သူမကို ‘အကြီးအကဲ သင်္ကေတ’ အမည်ရှိ စာအုပ်အုပ်ရေ ၃၀ ကို ရောင်းချပေးခဲ့သည်။

ထိုစာအုပ်မှာ နောင်လာမည့် ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး သူမ၏ မျိုးနွယ်စုဝင်များကို အရင်ဖတ်ကြည့်ခိုင်းရန်လည်း မှာကြားခဲ့ဖူးသည်။

ဒိုရစ်သည် ထိုစာအုပ်အတွင်းမှ 'တွန်းလှန်ခြင်း' နှင့် 'အိပ်မက်' ဟူသော အချက်အလက်များကို ခံစားမိခဲ့သည်။ သေချာစွာ လေ့လာကြည့်ပြီးနောက် ၎င်းမှာ ရှေးဟောင်း မှော်သင်္ကေတ တစ်ခုနှင့် ဆက်စပ်နေကြောင်း သိရှိခဲ့ရသည်။

ထိုသင်္ကေတတွင် အားကောင်းသည့် မှော်စွမ်းအင်များ ပါဝင်နေသော်လည်း လေ့လာရန် ခက်ခဲလှသည်။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း အိုင်းရစ်မျိုးနွယ်စုထဲမှ မှော်ဓာတ်ခံရှိသူ အနည်းငယ်သာ လေ့လာနိုင်ခဲ့ပြီး ထိုသင်္ကေတကို ရေးဆွဲနိုင်သူမှာလည်း တစ်ရာပင် မပြည့်ပေ။

သို့သော်လည်း… ယခုကဲ့သို့ အကျပ်အတည်းတွင် ၎င်းက ဒိုရစ်ကို အတွေးသစ်တစ်ခု ပေးလိုက်သည်။

‘ငါ တစ်ချိန်လုံး မှားယွင်းပြီး ယူဆနေခဲ့တာလား… ဒီသင်္ကေတက လူတိုင်း သင်ယူဖို့အတွက် မဟုတ်ဘဲ အခုလို ကပ်ဘေးကို ကျော်လွှားဖို့ ပေးခဲ့တဲ့ အရာလား…’

‘သူ... သူ အားလုံးကို ကြိုမြင်နေခဲ့တာပဲ…’

စာအုပ်ဆိုင်ပိုင်ရှင် လူငယ်၏ နားလည်ရ ခက်သည့် အပြုံးကို ဒိုရစ် ပြန်လည် အမှတ်ရလိုက်ပြီး စိတ်ထဲတွင်လည်း များစွာ သက်သာရာရသွားတော့သည်။

“နေကြဦး…”

ဒိုရစ်က ထိတ်လန့်နေသည့် မျိုးနွယ်ဝင်များကို လှမ်းအော်ပြောလိုက်၏။

နတ်ဆရာအပေါ် အကြွင်းမဲ့ ယုံကြည်ကြသည့် အဲ့လ်ဖ်တို့မှာ ချက်ချင်းပင် ရပ်တန့်ကာ ဒိုရစ်ဘက်သို့ လှည့်ကြည့်ကြသည်။

ဒိုရစ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

“ငါ မင်းတို့ဆီကို လေဒီဆစ်ဗာရဲ့ ကောင်းချီးခံရသူဆီက လက်ဆောင်တစ်ခု ယူလာပေးခဲ့သေးတယ်… အဲ့တာကို မှတ်မိကြတယ် မလား… အဲဒါဟာ လေဒီဆစ်ဗာရဲ့ အလိုတော်ဖြစ်သလို ငါတို့ကို ဒီဘေးကနေ ကယ်တင်ပေးမယ့် သော့ချက်ပဲ…”

“အကြီးအကဲ သင်္ကေတ စာအုပ်ထဲက မှော်သင်္ကေတကို တတ်မြောက်ထားတဲ့သူတွေ… အခုချက်ချင်း မင်းတို့ ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ အဲဒီသင်္ကေတကို ရေးဆွဲပေးကြစမ်း”

ဝုန်း… ဝုန်း…

ကာကွယ်ရေး အစီအရင်မှာ ပြိုကွဲစပြုနေပြီး မြေကြီးမှာလည်း ငလျင် လှုပ်သလို တုန်ခါနေ၏။

အဲ့လ်ဖ်များမှာ ကြောက်လန့်နေကြသော်လည်း ဒိုရစ်၏ အမိန့်အတိုင်း လိုက်လံ လုပ်ဆောင် လိုက်ကြသည်။

ဘုန်း…

လူထက်ဝက်ခန့် ‘အကြီးအကဲ သင်္ကေတ’ အား ရေးဆွဲပြီးချိန်တွင်တော့ အစီအရင်မှာ ပေါက်ထွက်သွားကာ မြေအောက် လမ်းလျှောက်သူ နှစ်ကောင်မှာ ပါးစပ်အဟောင်းသားဖြင့် တိုးဝင်လာကြတော့၏။

...

“အီး... ဟီး...”

အဲ့လ်ဖ်များမှာ တစ်ဦးကိုတစ်ဦး တိုးဝှေ့ရင်း ပြေးလွှားနေကြရာ စောစောက အဲ့လ်ဖ် ကလေးငယ်လေးမှာ မြေကြီးပေါ်သို့ လဲကျသွားပြီး ငိုယိုနေရှာသည်။

ဝုန်း... ဝေါ...

မိခင်ဖြစ်သူ လှည့်ကြည့်လိုက်သောအခါ မြေကြီးထဲမှ ရုတ်တရက် ပွင့်ထွက်လာသော သန်ကောင်ကြီး တစ်ကောင်ကို တွေ့လိုက်ရ၏။ သတ္တဝါကြီးမှာ အလွန်ထက်မြက်လှသည့် သွားတန်းများစွာ ပါရှိသော ပါးစပ်ကြီးကို ဟလျက် ကလေးငယ်ဆီသို့ ဦးတည်နေလေပြီ။

“မဟုတ်ဘူး…”

အဲ့လ်ဖ် မိန်းကလေးမှာ ကလေးငယ်ကို ပြေးဖက်ကာ မျက်စိကို တင်းတင်းပိတ်လျက် သေမည့် အချိန်ကို စောင့်ဆိုင်း နေလိုက်တော့၏။

သို့သော်လည်း… အချိန်အတော်ကြာသည့် တိုင်အောင် ထင်မှတ်ထားသည့် နာကျင်မှုကို မခံစားရပေ။

သူမ ဝေဝေဝါးဝါးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သန်ကောင်ကြီးမှာ သူမတို့၏ အထက်တွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရ၏။

၎င်း၏ ပါးစပ်ကြီးမှာ လှုပ်ခါနေပြီး နံစော်လှသည့် အသက်ရှူသံများကိုပင် သူမ ခံစားနေရသည်။

သို့သော်လည်း… ထိုသတ္တဝါကြီးမှာ ရှေ့သို့ တိုးမလာရုံမျှမက ကြောက်ရွံ့နေသည့်အလား နောက်သို့ပင် ဆုတ်ခွာသွားလေတော့သည်။

***

All Chapters