အခန်း (၂၇၂)
Vol. 20 Ch. 272
အပိုင်း(၂၇၂)
မြေအောက် လမ်းလျှောက်သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ သားအမိနှစ်ဦးအပေါ်တွင် မိုးထားကာ အရိပ်မည်းကြီးတစ်ခုသာ သူတို့ အပေါ်သို့ ကျရောက်နေ၏။
ရှဲ… ရှဲ…
၎င်း၏ ပါးစပ်ဖျားမှ ပူပြင်းလှသော အက်စစ်ရည်များ တစက်စက် ကျဆင်းနေပြီး မြေကြီးပေါ်သို့ ထိမှန်သည့်အခါတိုင်း အပေါက်ကြီးများ ဖြစ်သွားသည်အထိ လောင်စားသွားတော့သည်။
သို့သော်လည်း… ထိုသတ္တဝါကြီးသည် ရှေ့သို့ ထပ်မံမတိုးလာဘဲ ကြောက်စရာကောင်းသည့် အရာတစ်ခုခုနှင့် တွေ့ကြုံနေရသည့်နှယ် ထိုနေရာတွင်ပင် တုန့်ဆိုင်းကာ တွန့်ဆုတ်နေလေသည်။
သတ္တဝါကြီး တုံ့ဆိုင်းသွားသည့် ခဏမှာပင် ဒိုရစ်သည် အခွင့်ကောင်းကို အမိအရ ယူလိုက်၏။
ရွှမ်း… ရွှမ်း…
၎င်း၏ ဘေးတစ်ဖက်တစ်ချက်စီမှနေ၍ မြေကြီးကို ဆူးချွန်ကြီးများအဖြစ် ဖန်တီးကာ တစ်ပြိုင်နက်တည်း ထိုးစိုက်လိုက်ခြင်းပင်။
“ဝေါင်း…”
စူးရှလှသည့် အော်ဟစ်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက် သန်ကောင်ကြီးမှာ အပြင်းအထန် လူးလွန့်လာ၏။ ၎င်းသည် ခေါင်းကို အပေါ်သို့ မတ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ဘုန်းဘုန်းလဲကျသွားကာ အသက်ပျောက်သွားလေတော့သည်။
အသက်ဝိညာဉ် ချုပ်ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် ဝမ်းဗိုက်အတွင်း သိုလှောင်ထားသည့် ချော်ရည်ပူများမှာ ခန္ဓာကိုယ် အပေါက်များ အတွင်းမှ အပြင်သို့ လျှံကျလာ၏။
အမှောင်ထုထဲတွင် ရွှေဝါရောင်သန်းသည့် အနီရောင် အရည်များမှာ အလွန်တရာပင် တောက်ပနေပြီး အက်စစ်အချွဲများနှင့် ဓာတ်ပြုကာ မီးလျှံများကို ပိုမိုပြင်းထန်စေတော့သည်။
သို့သော်လည်း… ဒိုရစ်မှာ ထိုမီးများအား စိုးရိမ်နေရန် အချိန်မရှိပေ။
သူမသည် ကာကွယ်ရေး အစီအရင်ဆီသို့ အပြေးအလွှား ပြန်သွားပြီး လက်ထဲမှ လေးဖြင့် ကျန်ရှိနေသည့် မြေအောက် လမ်းလျှောက်သူကို ပစ်ခတ်လိုက်၏။
ရွှစ်…
လေးညှို့မှ လွှတ်လိုက်သည့် မြားမှာ လျှပ်စီးလက်သကဲ့သို့ လေထုကို တိုးဝှေ့ကာ သန်ကောင်ကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ၎င်း၏ မာကျောသော အခွံကို ဖောက်ထွက်ကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေ၏။
“ဝေါင်း...”
မြေအောက် လမ်းလျှောက်သူမှာ ချက်ချင်းပင် အာရုံလွဲသွားပြီး ဒိုရစ်ထံ ဦးတည်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။
ထို့နောက်… ၎င်းသည် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ မြေအောက်ထဲသို့ ပြန်လည် ငုပ်လျှိုးသွားတော့သည်။
သားငယ်ကို ကာကွယ်ထားသော အဲ့လ်ဖ် မိန်းကလေးသည် သူမ၏ ရှေ့မှ သတ္တဝါကြီး ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ခဏမျှ မှင်တက်နေမိ၏။ ထို့နောက်မှ မြေပြင်ပေါ်သို့ ပုံရက်သားလဲကျသွားကာ မျက်ရည်များ ကျဆင်း လာတော့သည်။ သူမသည် ထိတ်လန့်နေသည့် သားငယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ရှိုက်ကြီးတငင် ငိုကြွေးကာ ချော့မြှူနေရှာ၏။
ဒိုရစ်သည် တောင်ဝှေးကို အောက်သို့ချကာ သူတို့ထံသို့ လျှောက်သွားလိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ အဲ့လ်ဖ်များမှာလည်း အံ့အားသင့်လျက် မည်သည့် အရာများ ဖြစ်သွားသည်ကို နားမလည်နိုင်ဘဲ ရှိနေကြသည်။
သို့သော်လည်း… ပထမဆုံး သတိပြန်ဝင်လာသူတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် လည်ချောင်းကွဲ မတတ် အော်ဟစ်လိုက်၏။
“ဒါက မှော်သင်္ကေတပဲ… အကြီးအကဲ သင်္ကေတက ငါတို့ကို ကာကွယ်ပေးနေတာ…”
သူက အဲ့လ်ဖ် မိန်းကလေး၏ အဝတ်အစားပေါ်တွင် ရေးဆွဲထားသည့် ဆန်းကြယ် ထူးဆန်းလှသော ငါးထောင့်ကြယ်ပုံစံ အမှတ်အသားကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအခါမှ ကျန်သောအဲ့လ်ဖ်များလည်း သဘောပေါက်သွားကြပြီး ကပ်ဘေးကြီးမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသည့်နှယ် တစ်ဦးကိုတစ်ဦး ဝမ်းသာအားရ ဖက်တွယ်ကြတော့သည်။
အချို့က မျက်နှာကို လက်နှင့်အုပ်ကာ ဝမ်းသာမျက်ရည် ကျကြသလို၊ အချို့ကလည်း ဒူးထောက်လျက် ယဇ်ပလ္လင်ဘက်သို့ လှည့်ကာ တစာစာဖြင့် ဆုတောင်းနေကြ၏။
“လေဒီဆစ်ဗာရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်…”
“အိုင်းရစ်ပန်းရဲ့ ဘုန်းအာနုဘော်ဟာ အတိတ်မှာလည်း တည်ရှိခဲ့သလို၊ ယနေ့မှာလည်း တည်ရှိနေဆဲ၊ နောင်အနာဂတ်မှာလည်း ထာဝရ တည်တံ့နေပါစေ…”
သူတို့သည် လက်များကို အပေါ်သို့ မြှောက်ကာ အသံကုန် ဟစ်ကြွေးနေကြ၏။
မြင်ကွင်းတစ်ခုလုံးမှာ ပွက်လောရိုက်ကာ ရှုပ်ယှက်ခတ်နေတော့သည်။
“ဟူး...”
ဒိုရစ် တစ်ယောက် မျိုးနွယ်စုဝင်များ၏ ဝမ်းသာအားရ ဆူညံသံများကို နားထောင်ရင်း၊ မြေအောက် လမ်းလျှောက်သူ ချန်ရစ်ခဲ့သည့် မြေပြင်ပေါ်ရှိ အစအနများကို ကြည့်ရှုရင်း သက်ပြင်းတစ်ချက်ကို အားယူကာ ချလိုက်မိသည်။
‘အကြီးအကဲ သင်္ကေတက တကယ် အစွမ်းထက်တာပဲ…”
‘သူဌေးလင်က အိုင်းရစ်မျိုးနွယ်စုအပေါ် ကျရောက်လာမယ့် ဒီသေရေးရှင်ရေး အကျပ်အတည်းကို ဟိုးအရင်ကတည်းက ကြိုတင်မြင်ခဲ့တာပဲ… ဒါကြောင့်လည်း ငါ့ကို ဒီစာအုပ်တွေ ရောင်းပေးပြီး ငါ့လူတွေကို လေ့လာဖို့ ညွှန်ကြားခဲ့တာပေါ့…’’
‘လေဒီဆစ်ဗာက သူရဲ့ ဘိသိက်ခံတွေကို အမြဲတမ်း စောင့်ရှောက်ကြည့်ရှုပေးနေတာပဲ…’
'ဟိုမုဆိုး မိန်းကလေး ပြောခဲ့တာတွေ အကုန်မှန်နေတယ်… သူဌေးလင်က အရာခပ်သိမ်းကို သိမြင်ပြီး အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသူ ဆိုတဲ့ ချီးမွမ်းစကားနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်…’’
ဒိုရစ် အနည်းငယ် မနာလိုဖြစ်မိသည်။ လေဒီဆစ်ဗာက သူဌေးလင်ကို အလွန်အလေးထားပုံရသည်။ ထိုလူငယ်လေးမှာ သခင်မနှင့် အလွန်နီးစပ်ပြီး ယုံကြည်ရသည့် ကောင်းချီးခံ တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း… သူ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းမှာမူ လျှို့ဝှက်ချက်အဖြစ်သာ ရှိနေဆဲပင်။
ဒိုရစ်သည် အတွေးတို့ကို ခါထုတ်ကာ စိတ်ကို ပြန်လည်စုစည်းလိုက်၏။ သူမ တောင်ဝှေးကို မြေကြီးပေါ်တွင် အချက်ပေး ခေါက်လိုက်ကာ မျိုးနွင်ဝင်များကို စုစည်း၍ တတ်နိုင်သမျှ ဝေးဝေးသို့ ဆုတ်ခွာရန် ညွှန်ကြားလိုက်သည်။
မျိုးနွယ်စုဝင် အများစုမှာ အကြီးအကဲ သင်္ကေတ အမှတ်အသားကို မပြုလုပ်ရသေးသဖြင့် ဒိုရစ်သည် အမှတ်အသား ရှိသူနှင့် မရှိသူများကို ရောနှောထားစေပြီး တစ်ဦးကိုတစ်ဦး စောင့်ရှောက်စေသည်။
ကိစ္စအားလုံးကို စီစဉ်ပြီးနောက် ဒိုရစ်သည် အမောဖြေကာ ကာကွယ်ရေး နယ်နိမိတ်၏ အပြင်ဘက်သို့ ပြန်ထွက်ခဲ့၏။
နွမ်းနယ်မှုများသည် ပြင်းထန်သည့် အာရုံစူးစိုက်မှုအဖြစ် ပြောင်းလဲသွားရပြန်သည်။
စွမ်းအားများ အားလုံး ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း 'ဖျက်ဆီးခြင်းအဆင့်' အိပ်မက်သားရဲမှာ လွယ်လွယ်ကူကူ ရင်ဆိုင်ရမည့်အရာ မဟုတ်ပေ။
အမှန်စင်စစ် တိုက်ခိုက်ရေးမှာ သူမ၏ အားသန်သည့် ဘက်မဟုတ်ချေ။ သူမသည် ကြိုတင် နိမိတ်ဖတ်နိုင်စွမ်းကို အဓိကအားပြု၍ ရန်သူကို ရင်ဆိုင်ရခြင်း ဖြစ်သည်။
သို့သော်လည်း… သူမကို ယုံကြည်အားကိုးနေသည့် မျိုးနွယ်စုဝင်များကို စွန့်ခွာသွား၍ မဖြစ်ပေ။ ခွန်အားအားလုံး ကုန်ခမ်းသွားပြီး သေဆုံးရမည်ဆိုလျှင်ပင် ထိုအရာက 'နတ်ဆရာ' အဖြစ် သူမ၏ တာဝန်သာ ဖြစ်သည်။
‘လာစမ်း... ကြိုက်တဲ့ကောင်… ငါသေသွားရင် ငါ့ဝိညာဉ်ဟာ လေဒီဆစ်ဗာရဲ့ အိပ်မက်ဘုံထဲကို ရောက်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်'
လှပစွာ တောက်ပနေသည့် မျက်နှာပေါ်တွင် ပြတ်သားလှသော အပြုံးတစ်ခုကို ဆင်မြန်းရင်း ဒိုရစ်သည် သူမ၏ တောင်ဝှေးကို မြေကြီးထဲသို့ စိုက်သွင်းလိုက်သည်။
ရွှစ်… ရွှစ်…
မြေကြီးအတွင်း ကိန်းအောင်း နေသမျှ အစေ့အဆန်များမှာ ရုတ်ချည်းပင် အညှောက်ထွက်လာကာ အလျင်အမြန် ကြီးထွားလာပြီး ကျန်ရှိနေသည့် မြေအောက် လမ်းလျှောက်သူကို ဝိုင်းရံပိတ်ဆို့လိုက်တော့၏။
ဘုန်း… ဘုန်း…
မြေပြင်မှာ တုန်ခါနေ၏။ ပြိုကျနေသော မြေသားများကြားတွင် လူးလွန့်နေသည့် သန်ကောင်ကြီး၏ ပုံသဏ္ဌာန်မှာ ထင်ရှားစွာပေါ်ထွက်လာသည်။
ဘုန်း… ဘုန်း…
သစ်တောတစ်ခုလုံးမှာလည်း မြေကြီးပေါ်မှ ကြွတက်လာသကဲ့သို့ ပျက်စီးယိုယွင်းလာကာ ထိုမြင်ကွင်းမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
ဒိုရစ်၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်လာကာ တုန်ရီနေသည့် လက်များဖြင့် လေကို အမောတကော ရှူရှိုက်နေရသည်။ ဤမြေအောက် လမ်းလျှောက်သူများ သူမ၏ လူများကို မတိုက်ခိုက်သရွေ့ သူမအနေဖြင့် စွမ်းရည်များကို ပိုမိုထုတ်သုံးရန် အခွင့်အရေးရှိပေလိမ့်မည်။
'ဖျက်ဆီးခြင်းအဆင့်' အချင်းချင်း တိုက်ခိုက်ရာတွင် အပြစ်မဲ့သူများ ထိခိုက်ဒဏ်ရာရမှုကို အများဆုံး စိုးရိမ်ရသည်။ ဝယ်လ် နှင့် ဂျိုးဇက်တို့၏ ကျော်ကြားလှသော တိုက်ပွဲကို ဥပမာ ကြည့်လျှင်ပင် ဝယ်လ်ကို တောင်ကုန်းများထက်ရှိ လူသူကင်းမဲ့သော နေရာသို့ မျှားခေါ်သွားမှသာ နှစ်ဦးစလုံး (အထူးသဖြင့် ဂျိုးဇက်) အနေဖြင့် စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှစ်… ရွှစ်…
ဒိုရစ် အသက်သွင်းခဲ့သည့် မျိုးစေ့များမှာ မြင်တွေ့နေရသလောက် မရိုးရှင်းပေ။ ၎င်းတို့မှာ နှစ်ပေါင်းထောင်ချီ၍ မြေမြှုပ်ထားခဲ့သည့် ဒဏ္ဍာရီလာ အဲ့လ်ဖ်နိုင်ငံတော်၏ ‘အထွတ်အမြတ် သစ်ပင်' မျိုးစေ့များ ဖြစ်ကြသည်။ အလွန်မာကျောကာ ကြံ့ခိုင်လှပြီး ၎င်းတို့ ကြီးထွားရန်အတွက် ဒိုရစ်၏ အသက်စွမ်းအား ကို တိုက်ရိုက် ရယူရခြင်း ဖြစ်သည်။
ထိုကြောင့်ပင် ဒိုရစ်၏ အသက်စွမ်းအားများမှာ အလွန် လျှင်မြန်စွာ ကုန်ခမ်းလာကာ သူမကို ပိုမို အားနည်းသွားစေခဲ့သည်။
ထိုခဏတွင်ပင် ဒိုရစ်၏ စိတ်ထဲ၌ နောက်ထပ် အနာဂတ် နိမိတ်တစ်ခု ထပ်မံ ပေါ်ပေါက်လာ၏။
မြေအောက်ရှိ အိပ်မက်ဘုံ အက်ကြောင်းက ပိုမိုကျယ်ပြန့်လာနေခြင်းပင်။ ဒိုရစ်၏ ထင်မြင်ချက်မှာ မှန်ကန်နေသည်။ ဤမြေအောက် လမ်းလျှောက်သူများသည် အုပ်စုလိုက် နေထိုင်တတ်သော အိပ်မက်သားရဲများ ဖြစ်ကြသည်။
ယခုတစ်ကြိမ် ကြိုတင် နိမိတ် မြင်ကွင်းတွင်တော့ သားရဲနှစ်ကောင်မှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် နဂါးနှစ်ကောင်နှယ် တစ်ကောင်နှင့် တစ်ကောင် လိမ်ယှက်နေကြပြီး မြေပြင်ပေါ်သို့ တိုးထွက်လာနေကြ၏။ ဤမြေအောက် လမ်းလျှောက်သူ နှစ်ကောင်သည် တစ်မိနစ် မပြည့်မီ အချိန်အတွင်းမှာပင် ကမ္ဘာ့မြေမျက်နှာပြင်ပေါ်သို့ ရောက်ရှိကာ တိုက်ပွဲထဲသို့ ဝင်ရောက်လာတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင်တော့...
***