← Chapters

အခန်း (၂၇၃)

Vol. 20 Ch. 273

အခန်း (၂၇၃)

Vol. 20 Ch. 273

အပိုင်း(၂၇၃)

“အရာအားလုံး ပြီးဆုံးသွားပြီပေါ့လေ...”

ဒိုရစ် အားအင်ကုန်ခမ်းစွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ တောင်ဝှေး ကို ဆုပ်ကိုင်ထားသည့် လက်များမှာလည်း လျော့ရဲသွားသည်။

အဆက်မပြတ် စီးထွက်နေသည့် အသက်စွမ်းအားမှာ ထိန်းမနိုင် သိမ်းမရ အခြေအနေထိ ဖြစ်လာသည်။ အထွတ်အမြတ် သစ်ပင်များမှာ သူမ၏ အသက်စွမ်းအားကို ငတ်မွတ်စွာဖြင့် ဝါးမြိုနေကြပြီး ၎င်းကို ရပ်တန့်ရန် နည်းလမ်းမရှိတော့ပေ။

ကံကောင်းထောက်မစွာဖြင့်… ထိုသစ်ပင်များမှာ အပြည့်အဝ ကြီးထွားသွားခဲ့လေပြီ။

၎င်းတို့၏ ကြားတွင် ညပ်နေသည့် မြေအောက် လမ်းလျှောက်သူမှာလည်း ခန္ဓာကိုယ် အတွင်းရှိ အရည်များ စုပ်ယူခံလိုက်ရသဖြင့် ခြောက်ကပ်နေသည့် အရေခွံမျှသာ ကျန်ရှိ ပေတော့သည်။

‘ငါ တောင့်ခံခဲ့တာ တော်တော်ကြာသွားပြီ၊ ငါ့လူတွေ အားလုံးလည်း တခြားနေရာကို ကူးပြောင်းသွားနိုင်လောက်ပါပြီ…’

အသစ်ရောက်ရှိလာသည့် သားရဲနှစ်ကောင် မြေပြင်ပေါ်သို့ ပေါက်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် ဒိုရစ်သည် မျက်စိထဲတွင် မှောင်အတိကျသွားကာ လဲကျသွားတော့၏။

ထိုခဏ…

အလွန် တိုတောင်းလှသည့် ထိုခဏတွင်ပင် လဲကျနေသည့် သူမ၏ ခါးကို နောက်ဘက်မှ တစ်စုံတစ်ယောက်က လှမ်း၍ ထိန်းဖမ်းလိုက်သည်ကို ခံစားလိုက်ရသည်။

အဲ့လ်ဖ် မိန်းကလေးမှာ ဝေဝေဝါးဝါးဖြင့် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်၏။ ထိုအခိုက်တွင်ပင် ရင်းနှီးနေသည့် လူငယ်တစ်ဦး၏ အသံက နားထဲသို့ တိုးဝင် လာခဲ့သည်။

“ဟူး... အိပ်မက်ဆိုးတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ… အဲဒါကို ပြောင်းလဲပစ်ဖို့ ကျုပ်ကပဲ ကူညီပါရစေ…”

ဒိုရစ်သည် သူမ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည့် အသံကို သဲသဲကွဲကွဲ မကြားရပေ။

ထိုအသံမှာ ရေအောက်မှ စကားပြောနေသကဲ့သို့ ဝေဝါးနေကာ အသံနေအထားမှာလည်း တုန်ရီနေသည်။ စကားလုံးတစ်လုံးချင်းစီမှာ ရှင်းရှင်းလင်းလင်း မရှိလှသော်လည်း အသံနေအထားကတော့ တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ရှိသည်။

ထိုရင်းနှီးမှုကလေးကပင် ဒိုရစ်၏ နိမိတ်ဖိတ်နိုင်စွမ်းဗီဇကို နိုးထလာစေ၏။

ဒိုရစ်၏ စိတ်အစဉ်မှာ မှိန်ပျပျ မီးရောင်ရှိသည့် စာအုပ်ဆိုင်ကလေးဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ သူမ၏ရှေ့ မီးရောင် ဝါကျင်ကျင်အောက်တွင်တော့ အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် လူငယ်လေးတစ်ဦးမှာ ကောင်တာနောက်၌ ထိုင်နေခဲ့သည်...။ သူက မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကြင်နာစွာ ပြုံးပြနေ၏။

“ကြိုဆိုပါတယ်...”

သူက ညင်သာစွာ ဆိုလိုက်သည်။ ယခုကြားလိုက်ရသော အသံနေအထားမှာ ထိုစဉ်ကနှင့် ထပ်တူပင် ဖြစ်သည်။

'သူဌေးလင်…’

အစောပိုင်းကတည်းက မည်သည့်နိမိတ်မှ မရှိခဲ့သလို ထူးခြားသော အီသာ လှိုင်း လှုပ်ရှားမှုမျိုးလည်း မခံစားခဲ့ရပေ။ အာရုံခံစားမှုအရ ဆိုလျှင်လည်း ယခုအချိန်တွင် သူမ၏ နောက်ဖက်၌ မည်သူမျှ ရှိမနေသင့်ပါ။ ဤသည်မှာ သေခါနီးတွင် မြင်မက်လေ့ ရှိသည့် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များလော။

သို့သော်လည်း… သူမ၏ ခါးနှင့် နောက်ကျောကို ထိတွေ့ထားသော အာရုံမှာ အလွန်ပင် စစ်မှန်လှသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ သူမ၏ နောက်မှနေ၍ ထိန်းပေး မထားပါက သူမ လဲကျသွားပေလိမ့်မည်။

‘မဟုတ်သေးဘူး... နေပါဦး…’

ဒိုရစ် သတိပြန်ဝင်လာကာ တောင်ဝှေး ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ အသက်ကို ဝဝရှူရင်း ခွန်အားများကို ပြန်လည်စုစည်းလိုက်၏။

ထိုအခါမှသာ သူမ၏ အသိစိတ်မှာ လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာတော့သည်။

မိန်းကလေး၏ မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွား၏။

အိပ်မက်ဘုံ အက်ကြောင်း ပွင့်မလာမီအချိန်က သစ်တောထဲတွင် တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသလိုမျိုး ခံစားခဲ့ရသည်ကို ပြန်လည် သတိရလိုက်သည်။ ထိုစဉ်ကတော့ အစွမ်းထက်သော လျှို့ဝှက်ပုဂ္ဂိုလ်တစ်ဦးဦး ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်။

ယခု အခြေအနေအရဆိုလျှင် ထိုသူမှာ 'လေဒီဆစ်ဗာ' ၏ ကောင်းချီးခံရသူပင် ဖြစ်နေသည့်ပုံ ပေါ်သည်။

သူဌေးလင်မှာ အစကတည်းက ဘေးမှနေ၍ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေခဲ့ခြင်းလော။

ဘေးအန္တရာယ်အား ကျော်လွှားနိုင်မည့် နည်းလမ်းကို ကြိုတင်ပေးထားရုံသာမက၊ ယခုကဲ့သို့ အကူအညီမဲ့နေသည့် အချိန်တွင်လည်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီပေးနေခြင်းလော။

ဤသည်မှာ စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။ သူတို့၏ စိတ်နှလုံးထဲမှ ကြည်ညိုမှုကို မြင်တွေ့သွားသဖြင့် လေဒီဆစ်ဗာက သူတို့ကို တစ်ဖန် ပြန်လည် စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

သို့သော်လည်း… မည်သည့်ခြေရာလက်ရာမျှ မကျန်စေဘဲ ဤနေရာသို့ ရောက်ရှိလာပုံနှင့်... ဆန်းကြယ်လှသော အကြီးအကဲ သင်္ကေတ…

ထိုအရာများက…

‘ဒီ ကောင်းချီးခံက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ…’

ဒိုရစ် စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ခန့်မှန်းနေမိသည်။

တစ်ချိန်တည်း၌… သူမ၏ အမြင်အာရုံမှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာပြီး အသစ်ရောက်ရှိလာသည့် မြေအောက် လမ်းလျှောက်သူ နှစ်ကောင်မှာ သူမထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည်။

ဤသည်က ငေးမောနေရမည့် အချိန်မဟုတ်ကြောင်း သူမ ပြန်လည်၍ သတိဝင် လာခဲ့၏။

ရန်သူများ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို သူမ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဒိုရစ် တောင်ဝှေး ကို မြှောက်ကာ တိုက်ပွဲဝင်ရန် ပြင်လိုက်သော်လည်း နောက်ဖက်မှ ပုဂ္ဂိုလ်က သူမကို လွှတ်မပေးပေ။ ထို့အစား သူမကို နောက်သို့ ဆွဲယူလိုက်ကာ စက်ဆုပ်ရွံရှာနေသည့် လေသံဖြင့် မှတ်ချက်ချလိုက်သည်။

“ဒီသန်ကောင်တွေက တကယ်ကို ရုပ်ဆိုးတာပဲ… သူတို့ကို ကြည့်ကောင်းအောင် လုပ်လို့ မရဘူးလား…”

ယခုတစ်ကြိမ်တွင်တော့ ဒိုရစ်အနေဖြင့် စကားလုံးများကို ပီပီသသ ကြားလိုက်ရသဖြင့် ဆိုလိုရင်းကို နားလည်လိုက်သည်။ သို့သော်လည်း နားလည်လေလေ ပို၍ ဇဝေဇဝါ ဖြစ်လေပင်။

မြေအောက် လမ်းလျှောက်သူများကို ရုပ်ဆိုးသည်ဟု သူ ယူဆခြင်းကို ဒိုရစ် နားလည်နိုင်သော်လည်း “ကြည့်ကောင်းအောင် လုပ်လို့မရဘူးလား” ဆိုသည်က အဘယ်အဓိပ္ပာယ်နည်း။

သူမ ပြန်လည် မေးမြန်းချင်စိတ်ပင် ပေါက်သွား၏။

“သူတို့ကို ကြည့်ကောင်းအောင် လုပ်ဖို့ဆိုတာ တကယ်ပဲ ဖြစ်နိုင်လို့လား”

ဟူ၍…။ ဖန်ဆင်းရှင်များ မဟုတ်သရွေ့ အိပ်မက်သားရဲများ၏ ပုံသဏ္ဌာန်ကို အဘယ်သို့ ပြောင်းလဲနိုင်ပါမည်နည်း။

သူမ တွေးတောနေစဉ်မှာပင် သူဌေးလင်မှာ 'ကြည့်ကောင်းအောင် လုပ်ခြင်း' ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း လက်တွေ့ ပြသလိုက်တော့သည်။

…

ဒိုရစ်၏ အတွေးများက မှန်ကန်ပေသည်။ ရုတ်တရက် ရောက်ရှိလာပြီး ကယ်တင်ရှင်အဖြစ် ပါဝင်လာသူမှာ အခြားသူမဟုတ်၊ စိတ်ဝင်စားစရာ ကောင်းသည့် ရုပ်ရှင်တစ်ကားကို ဘေးမှနေ၍ ကြည့်ရှုနေခဲ့သည့် လင်ကျဲပင် ဖြစ်လေသည်။ သို့သော်လည်း… ဤရုပ်ရှင်မှာ မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ အသံနှင့် ပုံရိပ်များမှာ ဝေဝါးနေခဲ့သည်။

အစတုန်းက လင်ကျဲသည် အိပ်မက်၏ ဇာတ်ကွက်ကို ကြည့်ရှုရင်း ဒိုရစ်၏ စိတ်ကူးစိတ်သန်းများကို ခွဲခြမ်းစိတ်ဖြာရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ခွဲခြမ်းစိတ်ဖြာမှုမှာလည်း အစပိုင်းတွင် မှန်ကန်နေခဲ့သည်။

ဥပမာအားဖြင့် - ဧရာမသန်ကောင်ကြီးမှာ ဒိုရစ်၏ စိတ်ထဲမှ ကြောက်ရွံ့မှုကို ကိုယ်စားပြုပေလိမ့်မည်။ အဲ့လ်ဖ်မျိုးနွယ်စု ပေါ်လာခြင်းမှာ သူမ၏ မိသားစုအပေါ် ထားရှိသော တာဝန်သိစိတ်ကို ဖော်ပြနေခြင်းပင်။ ထို့ပြင် သူမ၏ မျိုးနွယ်စုဝင်များကို ရေးဆွဲခိုင်းစေသည့် မှော်သင်္ကေတများမှာ သူ ရောင်းချလိုက်သော စာအုပ်များကို စိတ်ကူးဖြင့် ပုံဖော်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဤသည်က ဒိုရစ်၏ မျိုးနွယ်စုမှာ သူ့ စာအုပ်ကို ရှင်သန်ခြင်း မျှော်လင့်ချက်အဖြစ် မှတ်ယူထားသည်ဟု ဆိုလိုခြင်းပင်။

မိမိ၏ စာအုပ်က ဒိုရစ်၏ အိပ်မက်ထဲတွင် ထူးဆန်းသည့် မှော်သင်္ကေတတစ်ခု ဖြစ်နေသည်ကို တွေးမိကာ လင်ကျဲမှာ ပြုံးမိသေးသည်။

သို့သော်လည်း… သားအမိနှစ်ဦး သန်ကောင်ကြီး၏ ဝါးမြိုခြင်းကို ခံရတော့မည့် အချိန်တွင်တော့ လင်ကျဲမှာ ဆက်လက် ကြည့်မနေနိုင်တော့ဘဲ အီသာ စွမ်းအားဖြင့် အိပ်မက်ကို ပြုပြင်ပြောင်းလဲရန် ပြင်လိုက်သည်။

သို့သော်လည်း… ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် မှော်သင်္ကေတမှာ အလုပ်ဖြစ် သွားခဲ့သည်။

ထို့နောက်တွင် ဖြစ်ရပ်များစွာမှာ ဆက်လက် ဖြစ်သွားခဲ့သည်။

ဤသို့နှင့် ဒိုရစ် တစ်ယောက် မျက်နှာ တစ်ခုလုံး ဖြူရော်ကာ လေတာထဲမှ မီးစာကုန်ခါနီး ဆီမီးတိုင်နှယ် အားနည်းလာခဲ့သည်။ ထိုကဲ့သို့သော အခြေအနေတွင်ပင် မိန်းကလေးသည် အလျှော့မပေးဘဲ ရင်ဆိုင်နေသည်ကို မြင်ရလိုက်သောအခါ လင်ကျဲမှာ ကိုယ်တိုင် ပါဝင်ပတ်သက်ရန် ဆုံးဖြတ်လိုက်တော့သည်။

စာအုပ်အုပ်ရေ ၃၀ ဝယ်ယူထားသည့် ဖောက်သည်တစ်ဦး မိမိမျက်စိရှေ့တွင် သေဆုံးသွားမည်ဆိုပါက လင်ကျဲ၏ ကိုယ်ကျင့်တရားအရ နောင်တရနေမည်မှာ အမှန်ပင်။ ဤသည်မှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သော်လည်း အရာအားလုံးက စစ်မှန်လွန်းနေသည်။ လင်ကျဲအတွက်တော့ ဤအခြေအနေမှာ အလွန်ပင် စိတ်မသက်မသာ ဖြစ်စရာ ကောင်းလှသည်။

ဘေးမှ ကြည့်နေသည့် မိမိပင် စိတ်မသက်မသာ ဖြစ်နေရလျှင် ဒိုရစ် ကိုယ်တိုင် ဆိုလျှင်ရော…။

ထို့ကြောင့်ပင် ဖောက်သည်ကြီး အတွက် ဤအိပ်မက်ကို ပြုပြင်ပြောင်းလဲပေးဖို့ လင်ကျဲ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဒီကောင်တွေ ကြောင်လေးတွေ ဖြစ်သွားရင် ပိုကောင်းမယ်…”

လင်ကျဲသည် ထိုသို့ပင် တွေးတောလိုက်သည်။ ထိုအတွေးနှင့်အတူ အီသာ စွမ်းအားများက အိပ်မက်ကို ပြန်လည် တည်ဆောက်လိုက်လေ၏။

ဝေါင်း… ဝေါင်း…

အစွယ်ကြီး တဖွေးဖွေး၊ ပါးစပ်အဟောင်းသားနှင့် သန်ကောင်ကြီး နှစ်ကောင်မှာ ကြည့်ရှုနေသူ အားလုံး၏ ရှေ့တွင်ပင် “ဖောက်” ခနဲ အသံနှင့်အတူ ကြောင်နက်လေး နှစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။

၎င်းတို့သည် မြေပြင်ပေါ်သို့ “ဘုတ်” ကနဲ ပြုတ်ကျသွားပြီးနောက် နို့ဆာနေသည့် ကြောင်ပေါက်လေးများကဲ့သို့ “ညောင်... ညောင်...” နှင့် အော်မြည်နေတော့သည်။

***

All Chapters