← Chapters

အခန်း (၂၇၄)

Vol. 20 Ch. 274

အခန်း (၂၇၄)

Vol. 20 Ch. 274

အပိုင်း(၂၇၄)

“...”

ထိတ်လန့်တကြား ပြေးလွှား အော်ဟစ်နေကြသည့် အဲ့လ်ဖ်များမှာ ရုတ်ချည်း ငြိမ်ကျသွားကာ ပါးစပ်အဟောင်းသားဖြင့် ထိုမြင်ကွင်းကို ကြည့်နေမိကြသည်။

“ဒါ... ဒါက ဘာဖြစ်သွားတာလဲ…”

“အိပ်မက်သားရဲကြီးတွေ ဘယ်ရောက်သွားတာလဲ…”

“ဟိုကြောင်လေးတွေက... မဖြစ်နိုင်တာ၊ ငါတို့ မြင်လိုက်ရတာ မဟုတ်ဘူးမလား…”

ယခုလေးတင် ဖြစ်ပျက်သွားသည့် မြင်ကွင်းမှာ သာမန်လူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

တောင်ကုန်းကြီး တစ်ခု သဖွယ် ကြီးမားလှသော 'ဖျက်ဆီးခြင်းအဆင့်' အိပ်မက်သားရဲ နှစ်ကောင်မှာ ရုတ်တရက် ကြောင်ပေါက်လေးများ အဖြစ် ပြောင်းလဲသွားခြင်း…

မည်သူ စဉ်းစားနိုင်ပါမည်နည်း။

လင်ကျဲကတော့ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

“...”

သူ၏ နောက်ဖက်တွင်တော့ ဒိုရစ်တစ်ယောက် “ညောင် ညောင်” ဆိုသော အသံများကြား၌ မှင်တက်နေမိသည်။

ဤသည်မှာ မျက်လှည့်တစ်ခု မဟုတ်သလို အသွင်ပြောင်းလဲခြင်းတစ်ခု မျှသာ မဟုတ်ကြောင်းလည်း သူမ အသေအချာ သိသည်။ ဤသည်မှာ လက်တွေ့ပင်။

ဧရာမသန်ကောင်ကြီးများမှာ ကြောင်လေးများ ဖြစ်သွားခဲ့လေပြီ။

သက်ရှိ ဖြစ်တည်မှု တစ်ခုလုံးကို အစိတ်အပိုင်းအဖြစ် ဖြိုခွဲကာ ပုံစံသစ် တစ်ခုအဖြစ် ချက်ချင်း ပြန်လည် တည်ဆောက်လိုက်ခြင်းပင်…။

ဤသည်မှာ... ဤသည်မှာ 'ဖန်ဆင်းရှင်' တစ်ဦးသာ တတ်စွမ်းနိုင်သည့် စွမ်းပကား ဖြစ်ပေသည်။

ရွှံ့ရုပ်လေးများကို ပုံဖော်သကဲ့သို့ပင် မူလပုံစံမှာ ရုပ်ဆိုးလွန်းလှသဖြင့် ဖျက်ဆီးကာ ပုံစံသစ် တစ်ခုအဖြစ် ပြန်လည် သွန်းလုပ်လိုက်ခြင်း….။

ဒိုရစ် ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိ၏။ ဤသည်မှာ မည်သည့် သဘာဝလွန် စွမ်းအားရှင်မျှ မတတ်စွမ်းနိုင်သော အရာဖြစ်သည်။ 'ဖျက်ဆီးခြင်းအဆင့်' သော်လည်းကောင်း၊ 'အခရာအဆင့်' သော်လည်းကောင်း ဤကဲ့သို့သော ကိစ္စရပ်မျိုးကို မလုပ်ဆောင်နိုင်ပေ။

ဘုရားသခင်...

မှန်ပေ၏။ ဘုရားသခင် တစ်ပါးတည်းသာလျှင် လုပ်ဆောင်နိုင်သည်။ မိမိဖန်ဆင်းထားသော အရာများကို မိမိအလိုရှိသလို လွတ်လပ်စွာ ပြုပြင်နိုင်သည်မှာ ဘုရားသခင် တစ်ပါးတည်းသာလျှင် ရှိသည် မဟုတ်ပါလော။

သို့သော်လည်း… ဤမျှနှင့် မပြီးသေးပေ။

လင်ကျဲသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ထပ်မံ ပြောကြားလိုက်ပြန်၏။

“အင်း... မီးတွေကိုလည်း ငြိမ်းလိုက်ရင် ကောင်းမယ်…”

ရှဲ… ရှဲ…

ထိုခဏတွင်ပင် သစ်တောတစ်ခုလုံးကို ဝါးမြိုလုနီးပါး ဖြစ်နေသည့် အလွန်ကြီးမားလှသော မီးတောက်မီးလျှံကြီးများမှာ ပျောက်ကွယ်သွားပြီး မီးလောင်ကျွမ်းနေသည့် သစ်ပင်များနှင့် ပြာပုံများသာ ကျန်ရစ်ခဲ့သည်။

“အားလုံး မူလအတိုင်းပဲ ပြန်ဖြစ်သွားစေတော့…”

ဒိုရစ် တစ်ယောက် သူမ၏ ဘေးမှ ထွက်ပေါ်လာသော ပေါ့ပေါ့ပါးပါး လေသံကို နားထောင်ရင်း မှင်တက်နေမိ၏။

ဟူး… ဟူး…

ထိုအချိန်တွင် အရာအားလုံးသည် အချိန်နောက်ပြန် လှည့်သွားသည့်နှယ် မူလအတိုင်း ပြန်လည် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

မြေအောက်ရှိ အိပ်မက်ဘုံ အက်ကြောင်းကြီးမှာလည်း တစ်ခါမှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားတော့သည်။

အရာအားလုံးမှာ အိပ်မက်တစ်ခုနှယ်ပင်…။

…

တောအုပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

အဲ့လ်ဖ်အားလုံးသည် တစ်ယောက်မကျန် မှင်တက်မိနေကြပြီး သူတို့၏ ရှေ့မှောက်တွင် ဖြစ်ပျက်သွားသည့် မယုံကြည်နိုင်ဖွယ်ရာ ပုံပြင်ဆန်ဆန် မြင်ကွင်းကို ငေးကြည့်ကာ ဝေဝါးနေခဲ့ကြသည်။

‘ငါတို့က ဘယ်သူလဲ... ငါတို့ ဘယ်ကို ရောက်နေတာလဲ... ငါတို့ ဘာလုပ်နေတာလဲ…’

ဤလေးနက်လှသည့် ဒဿနမေးခွန်း သုံးခုသာ သူတို့၏ စိတ်ထဲ၌ ကျန်ရစ် နေခဲ့လေ၏။ သူတို့ လက်ခံထားသည့် ယုတ္တိဗေဒ အလုံးစုံမှာလည်း ခဏချင်းအတွင်း ပြိုလဲပျက်စီးသွားခဲ့ပြီ မဟုတ်ပါလော။

တောင်ကုန်းတမျှ ကြီးမားလှသည့် 'ဖျက်ဆီးခြင်းအဆင့်' သားရဲကြီး နှစ်ကောင်မှာ အားကိုးရာမဲ့သည့် ကြောင်ပေါက်ကလေးများအဖြစ် ပြောင်းလဲသွားကာ ခုန်ဆွခုန်ဆွဖြင့် သွားလာနေကြသည်။

သစ်တောနှင့် လမ်းတစ်လျှောက်ရှိ အရာခပ်သိမ်းကို ဝါးမြိုနေသည့် ကမ္ဘာပျက်မီးလျှံကြီးမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့လေပြီ။

အဆန်းကြယ်ဆုံး အချက်မှာတော့ သေဆုံးနေသည့် သစ်ပင်များနှင့် မီးလောင်ပြင် အတိဖြစ်နေသည့် မြေပြင်မှာ မူလအတိုင်း စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်အဖြစ် ပြန်လည် ပြောင်းလဲသွားခြင်းပင်။

ပျက်စီးယိုယွင်းနေသော ကင်းဗတ်စကြီးကို ခွာချလိုက်သဖြင့် မူလ အလှတရား ပေါ်ထွက်လာသည့်နှယ်။

အတိတ်က ပျက်စီးမှုများမှာ အိမ်မက်တစ်ခု ဖြစ်ခဲ့ပြီး ယခုမြင်တွေ့နေရသည်ကသာ အစစ်အမှန် ဖြစ်နေတော့သည်။

သူတို့သည် အဲ့လ်ဖ်ဘဝ တစ်လျှောက်လုံး သိမှတ်ခဲ့သမျှ အရာအားလုံးကို သံသယဝင်လာကြတော့၏။

သို့သော်လည်း… ဤအရာမှာ ထင်ယောင်ထင်မှား ဖြစ်ရပ်တစ်ခု မဟုတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ရရှိထားသော ဒဏ်ရာများနှင့် အဝတ်အစားပေါ်ရှိ အကြီးအကဲ သင်္ကေတ အမှတ်အသားများမှာ ယခုတိုင် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင်တော့ ဆူညံပွက်လောရိုက်သံများ ပြန်လည် ထွက်ပေါ်လာတော့၏။

“ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”

“လေဒီဆစ်ဗာ ကိုယ်တိုင် ကြွမြန်းလာတာလား”

“ဒါက တကယ့်ကို အံ့ဖွယ်နိမိတ်ပဲ…”

“ဟား ဟား ဟား... အိုင်းရစ်မျိုးနွယ်စုရဲ့ ထာဝရ ဘုန်းအာနုဘော်ဆိုတာ ဘာလဲ”

“နေကြဦး... မင်းတို့တွေ ခုနက တစ်ခုခု ကြားလိုက်ကြသလား”

“ဘာကို ကြားတာလဲ”

“ဟုတ်တယ်… ဟုတ်တယ်… နတ်ဆရာ ရှိတဲ့ဘက်ကနေ အသံတစ်ခု ထွက်လာသလိုပဲ… တိုးတိုးလေးနဲ့ ဝေဝါးနေပေမဲ့ အသံတွေ အများကြီး ထပ်နေသလိုမျိုး… အဲဒီအသံ ဘာပြောတာလဲဆိုတာကို နားလည်ဖို့ ကြိုးစားလိုက်တိုင်း ခေါင်းထဲ အုန်းအုန်းထအောင် ကိုက်ခဲလာတာပဲ… ဒါပေမဲ့လည်း ငါ ဘာကြောင့်မှန်းမသိဘူး အဲဒီအသံကို ထပ်ပြီး နားထောင်ချင်နေမိတယ်...”

“ဒါက အခရာအဆင့်ရဲ့ လက်ချက်လား”

“မဟုတ်ဘူး... ငါ ထင်တာတော့ အဲဒီထက်မက ပိုပြီး မြင့်မားလိမ့်မယ်...”

အဲ့လ်ဖ်တို့အကြားတွင် ထိုကဲ့သို့သော စကားသံများမှာ ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်နေသည်။

ယဇ်ပလ္လင်ဆီမှ ထိတ်လန့်တကြား ထွက်လာကြသည့် အကြီးအကဲများမှာလည်း ဤမြင်ကွင်းကို ကြည့်ကာ မိမိတို့ အိပ်မက်မက်နေသလားဟုပင် တွေးတောနေမိကြသည်။

စိတ်လှုပ်ရှားမှုပေါင်းစုံဖြင့် ဆွေးနွေးနေကြသည့် မျိုးနွယ်စုဝင်များကို ကြည့်ရင်း ဒိုရစ်ကတော့ စိတ်ထဲတွင် လေးပင်နေမိ၏။

အရာအားလုံး ဖြစ်ပျက်ပြီး နောက်တွင်တော့ လင်ကျဲ၏ တည်ရှိနေမှုကို သူမ အာရုံမရတော့ပေ။

သူဌေးလင်မှာ လိုအပ်သည်များကို လုပ်ဆောင်ပေးပြီးနောက် ထပ်မံ ပတ်သက်လိုပုံမရဘဲ ပြန်လည် ထွက်ခွာသွားပုံရသည်။ ဤသည်မှာ အဆင့်မြင့် ပုဂ္ဂိုလ်တို့၏ ထုံးစံအတိုင်းပင် မဟုတ်ပါလော။ သို့သော်လည်း… ယခင်အတိုင်းပင် တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဒိုရစ် ခံစားနေရသည်။

ဤအာရုံကြောင့်ပင် ဆန်းကြယ်လှသော စာအုပ်ဆိုင်ပိုင်ရှင်မှာ လုံးလုံးလျားလျား ထွက်ခွာသွားခြင်း မရှိသေးကြောင်း သူမ သိလိုက်ရသည်။

***

All Chapters