အခန်း (၂၇၆)
Vol. 20 Ch. 276
အပိုင်း(၂၇၆)
လင်ကျဲသည် မွန်းကို လိင် အသိပညာပေးရန်နှင့် စည်းကမ်းရှိစေရန် အထူးပင် ဂရုစိုက်လေ့ရှိသည်။ အစပိုင်းတွင် မွန်းမှာ အခန်းတံခါးကို ဘယ်တော့မှ ပိတ်လေ့မရှိသော်လည်း ယခုအခါတွင်တော့ လိမ္မာပါးနပ်စွာဖြင့် တံခါးကို ပိတ်တတ်နေပြီ ဖြစ်သည်။ ထို့ပြင် အနေရခက်သည့် အဖြစ်အပျက်များ မကြုံရစေရန် ရေချိုးခန်းသုံးသည့်အခါတိုင်းလည်း သူမက လင်ကျဲကို အသိပေးတတ်လာသည်။
ဤသည်မှာ 'ဖခင်' တစ်ဦး အဖြစ် ခံယူထားသော လင်ကျဲအတွက် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
ဂျောက်...
တံခါးပွင့်သွားပြီးနောက် မွန်းမဟုတ်ဘဲ ဆံပင်ကျစ်ဆံမြီး ကျစ်ထားသည့် မျက်မှန်နှင့် ပရိုင်မာ ထွက်လာသည်။
ထိုမိန်းမငယ်လေး၏ မျက်နှာမှာ အနည်းငယ် ဖြူရော်နေပြီး နေမကောင်းဖြစ်နေသူနှင့် ဆင်တူသည်။ သူမက ဝါဂွမ်းဖိနပ်ကလေးကို စီးထားပြီး မွန်း၏ အဖြူရောင် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ မွန်းက သူမ၏ အဝတ်အစားများကို ပရိုင်မာအား ဝေမျှပေးထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
“မင်္ဂလာနံနက်ခင်းပါ”
လင်ကျဲက ဖော်ရွေသော အပြုံးဖြင့် နှုတ်ဆက်လိုက်စ။
“ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား… မွန်းနဲ့ရော အဆင်ပြေရဲ့လား…”
ပရိုင်မာက အနည်းငယ် မလုံမလဲ ဖြစ်စွာဖြင့် ပြန်ဖြေသည်။
“ဟုတ်ကဲ့... အားလုံး အဆင်ပြေပါတယ်”
သူမက ဆက်လက်၍ ထစ်ထစ်ငေါ့ငေါ့ဖြင့်…
“မမမွန်းက တကယ်ကို တော်တဲ့သူပါ… အရမ်းလည်း သဘောကောင်းပါတယ်… ကျွန်မတို့ တကယ်ကို အဆင်ပြေကြပါတယ်… မမနဲ့ စကားပြောခွင့်ပေးတဲ့ အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်… ဒါဟာ ကျွန်မဘဝမှာ အကြီးမားဆုံး ဂုဏ်ယူစရာပါပဲ… ကျေးဇူးအများကြီး တင်ပါတယ်…”
ပရိုင်မာမှာ မွန်းနှင့်အတူ ညက စကားပြောခဲ့ရသည်များကို ပြန်လည် အမှတ်ရရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေတော့သည်။ သူမသည် စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်လေရာ ရင်ဘတ်ကို လက်ဖြင့် အလိုအလျောက် ဖိထားမိ၏။
ထိုညက မွန်းမှာ ဝါးပူဂစ်၏ အိပ်မက်ဘုံကို ဆက်ခံလိုက်ပြီ ဖြစ်ကြောင်း သူမ သိခဲ့ရသည်။ သူမသည် 'ကမ္ဘာဦးစုန်းမကြီး' ၏ ဆက်ခံသူဖြစ်ရုံသာမက မြင့်မြတ်လှသော 'လမင်း' ၏ တာဝန်ကိုပါ တစ်ပြိုင်နက်တည်း ထမ်းဆောင်နေသူ ဖြစ်ပေသည်။
သူမသည် ဝါးပူဂစ်နှင့် အဆင့်အတန်းချင်း တူညီနေပြီ ဖြစ်သည်။ ဝါလ်ပူဂစ်၏ ကောင်းချီးခံရသူ တစ်ဦးဖြစ်သည့် ပရိုင်မာအတွက်မူ ဤသည်မှာ ဘာသာဝင်တစ်ဦး သူတို့၏ ဘုရားသခင်နှင့် တွေ့ဆုံရသကဲ့သို့ပင်။
ပရိုင်မာ တစ်ယောက် ပီတိများဖြင့် ဝေဝါးနေမိတော့၏။
မွန်းက သူမကို ဝေါပူဂစ်၏ အိပ်မက်ဘုံထဲသို့ပင် ဖိတ်ခေါ်ခဲ့သေးသည်။ ထိုအတွေ့အကြုံကြောင့် သူမမှာ မျက်ရည်ကျခဲ့ရပြီး မွန်း၏ ရှေ့မှောက်တွင် ဒူးထောက်ကာ သစ္စာခံခဲ့သည်။ ပရိုင်မာက လင်ကျဲ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မေးမြန်းသည့်အခါ မွန်း၏ အဖြေက သူမကို အံ့အားသင့်စေခဲ့သည်။
“ဘော့စ်က ငါ့ကို အသိပညာ၊ ခွန်အားနဲ့ ဘဝသစ်ကို ပေးသနားခဲ့တဲ့ ငါ့ရဲ့ ဖခင်ပဲ…”
ပရိုင်မာ သူမ၏ ရှေ့တွင်ရှိနေသော သာမန်လူငယ်လေးကို အကဲခတ်ကြည့်လိုက်၏။ သူက ထိုမျှအထိ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု မယုံကြည်နိုင်ဘဲ ရှိနေခဲ့သည်။
'ကမ္ဘာဦးစုန်းမကြီး' တစ်ဦး၏ ဖခင်…
ပရိုင်မာမှာ လျှို့ဝှက်မှော်ပညာရပ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသူ ဖြစ်သဖြင့် ဤ 'ဖခင်' ဟူသော စကားလုံးမှာ ရိုးရိုးဖခင်ကို ဆိုလိုခြင်းမဟုတ်ဘဲ နက်နဲသော အယူအဆတစ်ခု ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
ကမ္ဘာဦးစုန်းမကြီးများသည် အပျက်အစီး ဖြစ်ရပ်များ မှ မွေးဖွားလာကြသည်ကို လူတိုင်း သိကြသည် မဟုတ်ပါလော…။
ပရိုင်မာမှာ ရင်ခုန်သံများ မြန်လာကာ မျက်နှာကလေး နီမြန်းလာမိ၏။ ဤကဲ့သို့ အံ့မခန်း ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်နေရာတည်းတွင် ရှိနေရသည်မှာ သူမအတွက် စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေသည်။
လင်ကျဲကတော့ အရောင် အမျိုးမျိုး ပြောင်းလဲနေသည့် ထိုမိန်းကလေး၏ မျက်နှာလေးကို ကြည့်ကာ မျက်နှာသေဖြင့် ရှိနေမိသည်။
'သူ စကားပြောတဲ့ပုံက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ… ပြီးတော့ ဒီကလေးမက အသက်တူတူလောက်ကိုတောင် အရမ်း ယဉ်ကျေးလွန်းနေပါလား…’
‘မွန်းက သဘောကောင်းတယ် ဟုတ်လား… သူက ဘယ်လိုမျိုး သဘောကောင်းတာလဲ… ညက မင်းတို့ နှစ်ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့ကြလို့လဲ… မင်း… မင်းတို့ ဟိုလိုတွေတော့ မဟုတ်ပါဘူးနော်…’
လင်ကျဲ တစ်ယောက် ကြက်သီးထသွားကာ လေထုထဲတွင် စစ်ထရပ်စ်နံ့များ ပျံ့လွင့်လာ သကဲ့သို့ ခံစားလိုက်ရသည်။
(မှတ်ချက် ။ စစ်ထရပ်စ် ဆိုသည်မှာ အမျိုးသမီး အချင်းချင်း ချစ်ကြိုက်သည့် ဇာတ်လမ်းများကို တင်စားခြင်း ဖြစ်သည်။)
“ရပါတယ်... အားနာစရာ မလိုပါဘူး…”
ထိုမှတစ်ပါး လင်ကျဲအနေဖြင့် ဘာများ ပြန်ပြောနိုင်ပါဦးမည်နည်း။
သူသည် ခေတ်နောက်ကျသည့် ဖခင်မျိုး မဟုတ်ပေ။ ကြင်နာတတ်သည့် လူကြီးတစ်ဦး၏ အကြည့်ဖြင့် သူ ပရိုင်မာ၏ နဖူးလေးကို အသာအယာ ပုတ်လိုက်၏။
“မင်းတို့ နှစ်ယောက် ပျော်နေကြရင်ပဲ ငါ ကျေနပ်ပါပြီ… မကြာခင်မှာ ငါတို့အားလုံး မိသားစုဝင်တွေ ဖြစ်လာကြမှာပဲ”
ပရိုင်းမာမှာ ဖခင်တစ်ဦး၏ မေတ္တာအပြည့်ရှိသည့် အကြည့်ကို ခံစားလိုက်ရသဖြင့် သူမ၏ စိတ်နှလုံးမှာ ကြည်နူးမှုများဖြင့် ပြည့်နှက်သွားလေ၏။
‘ဟုတ်တာပေါ့… သီအိုရီအရ ဆိုရင်တော့ မမမွန်းရဲ့ မိသားစုဝင် ဖြစ်လာတာဟာ မစ္စတာလင်းနဲ့ အမျိုးတော်စပ်တာပဲ… တကယ်ကို မိသားစုဝင်တွေ ဖြစ်သွားတာပေါ့…’
‘ဝါးပူဂစ်ရဲ့ ပဋိညာဉ်လက်စွပ်က ဘာကြောင့် မစ္စတာလင်းရဲ့ လက်ထဲကို ရောက်နေရတာလဲဆိုတာ အံ့သြစရာ မရှိတော့ပါဘူး… သူတို့က မိသားစုဝင်တွေ ဖြစ်နေကြတာကိုး…’
ပရိုင်မာက လိမ္မာပါးနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လင်ကျဲက လက်ကို ပြန်ရုပ်လိုက်ပြီး စကားနည်းကာ မျက်နှာသေနှင့် ရှိနေတတ်သည့် သူ၏ လက်ထောက်မလေးကို အခန်းထဲတွင် လိုက်ရှာကြည့်လိုက်သည်။
“ဒါနဲ့ မွန်းကော ဘယ်မှာလဲ…”
ပရိုင်မာက ချက်ချင်းပင် ပြန်ဖြေ၏။
“မမမွန်းက ဆိုင်ဖွင့်ဖို့ အတွက် ပြင်ဆင်ဖို့ ဘေးက စာအုပ်ကဖေးကို သွားပါတယ်… ဆိုင်ပိတ်ထားတာ ရက်နည်းနည်း ရှိသွားပြီဆိုတော့ ဆရာ့အတွက် ငွေရှာပေးနိုင်အောင် ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး ပြန်ဖွင့်ချင်လို့ပါတဲ့”
လင်ကျဲ တစ်ယောက် အံ့အားသင့်သွားပြီး များစွာ စိတ်လှုပ်ရှားသွားမိသည်။
‘တကယ့် လိမ္မာလေးပဲ…’
ထို့နောက် သူ ပရိုင်မာကို မီးဖိုချောင်မှ နံနက်စာများအား ဘေး ကဖေးဆိုင်ရှိ မွန်းထံသို့ သွားပို့ပေးရန် ညွှန်ကြားလိုက်သည်။ အမှန်စင်စစ် လင်ကျဲကိုယ်တိုင် သွားပို့ရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ပရိုင်မာနှင့် မွန်းတို့ကြား ရင်းနှီးမှု ပိုမိုရရှိစေရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။
နံနက်စာ စားပြီးနောက် လင်ကျဲ ကြောင်ကလေးကို ကြည့်ရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။
“မြောင်... မြောင်…”
အိပ်ပျော်နေသည့် အဖြူလေးမှာ အပွေ့ခံလိုက်ရသဖြင့် ထိတ်လန့်သွားရှာသည်။ လင်ကျဲက နူးနူးညံ့ညံ့ ပွေ့ချီကာ အသာအယာ ပွတ်သပ်ပေးလိုက်သည့်အခါမှ 'ဖြူလုံး' မှာ ငြိမ်ကျသွားကာ လင်ကျဲ၏ ရင်ခွင်ထဲတွင် ကပ်ကာ ချွဲနေတော့သည်။
သူ စာအုပ်ဆိုင် တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်မှ လတ်ဆတ်သည့် လေကို ဝဝရှူလိုက်၏။ ထို့နောက် တစ်နေ့တာ လုပ်ငန်းဆောင်တာများ စတင်ရန် ကောင်တာတွင် ဝင်ထိုင်လိုက်တော့သည်။
နံနက်စာ သွားပို့ပြီးနောက် ပရိုင်မာမှာ လင်ကျဲထံမှ ဘောပင်နှင့် မှတ်စုစာအုပ်တစ်အုပ် တောင်းခံကာ ဘေးတွင် ထိုင်လျက် 'ဆေးကျမ်းပေါင်းချုပ်' ကို ဖတ်ရှုနေတော့သည်။
သူမသည် အလွန်ပင် အာရုံစိုက်ကာ လေ့လာနေပုံရပြီး တစ်ခါတစ်ရံတွင်လည်း နားလည်သကဲ့သို့ ခေါင်းညိတ်နေတတ်သည်။
သို့သော်လည်း… အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့ သူမ၏ မျက်မှောင်များမှာ တွန့်ချိုးသွားကာ စဉ်းစားခန်း ဝင်နေပုံရသည်။
ထို့နောက် သူမပ တစ်စုံတစ်ခုကို ပြောချင်နေသည့်အလား လင်ကျဲကို ခဏခဏ လှမ်းကြည့်နေတော့၏။
လင်ကျဲမှာ သူမ၏ အကြည့်ကို သတိပြုမိသွားကာ ပြုံးလျက်…
“နားမလည်တာ တစ်ခုခု ရှိလို့လား ကလေးမ…”
ပရိုင်မာ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ပါတယ်… ဒီစာအုပ်ထဲမှာ 'နဂါး' တွေကိုလည်း ဆေးဖက်ဝင် ပစ္စည်းတွေအဖြစ် အသုံးပြုတယ်လို့ ရေးထားပါတယ်… ဒါပေမဲ့ နဂါးတွေ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတာ ကြာလှပြီ မဟုတ်လား...”
“နဂါး... ဟုတ်လား”
လင်ကျဲ၏ အပြုံးမှာ ခဏတာ တောင့်တင်းသွား၏။ ဘာတွေလဲဟ...။
***