← Chapters

အခန်း (၂၇၇)

Vol. 20 Ch. 277

အခန်း (၂၇၇)

Vol. 20 Ch. 277

အပိုင်း(၂၇၇)

‘နဂါးကို ဆေးဖက်ဝင် ပစ္စည်းအဖြစ် သုံးတယ် ဟုတ်လား… လီရှီကျန်းမှာ အဲဒီလောက်တောင် ထူးဆန်းတဲ့ အယူအဆမျိုး ရှိခဲ့တာလား'

လင်ကျဲ ကြောင်တောင်တောင် ဖြစ်နေမိ၏။

‘ငါ ဒီကလေးမလေကို 'ဆေးကျမ်းပေါင်းချုပ်' အစား ‘နဂါးနိုင်သိုင်းကျမ်း’ မှားပေးမိလိုက်တာများလား… ဒါမှမဟုတ် ဒီမိန်းကလေးက ငါ့ကို နောက်ပြောင်နေတာလား…’

‘မဟုတ်သေးပါဘူး…’

လင်ကျဲသည် ပရိုင်မာ၏ အပြစ်ကင်းစင်သော မျက်ဝန်းလေးများကို ကြည့်လိုက်သည်။

အသိပညာကို ဆာလောင်မွတ်သိပ်နေသော ထိုမျက်ဝန်းအစုံ…

၎င်းတွင် လိမ်ညာလှည့်ဖြားလိုခြင်း မရှိပေ။ သူမက တကယ်ကို သိချင်စိတ်ဖြင့် မေးမြန်းနေခြင်းသာ ဖြစ်သည်။

ယဉ်ကျေးမှု ကွာခြားချက်တွေကြောင့် သူမ တစ်ခုခုကို လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူလိုက်ခြင်း ဖြစ်ရမည်။

လင်ကျဲ တောင့်တင်းနေသည့် အပြုံးကို ထိန်းထားရင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖတ်ရှုခဲ့ဖူးသော 'ဆေးကျမ်းပေါင်းချုပ်' ထဲက အချက်အလက်များကို အသည်းအသန် ပြန်လည် စဉ်းစားလိုက်သည်။

အထက်တန်းကျောင်းသား ဘဝက ဖတ်ခဲ့ဖူးခြင်းဖြစ်သဖြင့် အချက်အလက်အချို့မှာ ဝေဝါးနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အချို့ကိုတော့ မှတ်မိနေသေးသည်။

လင်ကျဲ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်သွား၏။

အဘယ်ကြောင့်နည်း။ ထိုစာအုပ်ထဲတွင် 'နဂါး' အမည်ရှိ ဆေးအမျိုးအစား ကဏ္ဍတစ်ခု တကယ်ရှိနေသည်ကို သတိရသွားသောကြောင့်ပင်။

‘ဪ... ဒီလိုကိုး… လီရှီကျန်းရဲ့ အယူအဆက တကယ်ကို ထူးခြားဆန်းပြားတာပဲ’

'ဆေးကျမ်းပေါင်းချုပ်' သည် အလွန်စနစ်ကျသော စာအုပ်ဖြစ်သည်။ ဥပမာအားဖြင့် မြေ၊ ရေ၊ လေ၊ မီး၊ သတ္တု စသည့် 'ဓာတ်ကြီးငါးပါး' ကဏ္ဍများ ပါဝင်သလို၊ အရေးကြီးဆုံးဖြစ်သည့် ဆေးဖက်ဝင် အပင်များကဏ္ဍလည်း ပါဝင်သည်။

အပင်များကဏ္ဍကို ကောက်ပဲသီးနှံ၊ သစ်ရွက်နှင့် သစ်သီးဟူ၍ ထပ်မံခွဲခြားထားသလို၊ သတ္တဝါများကဏ္ဍကိုလည်း အင်းဆက်များ၊ အကြေးခွံရှိသော သတ္တဝါများနှင့် အခြားဟူ၍ အသေးစိတ် ခွဲခြားထားသည်။

ယခုပြောနေသော 'နဂါး' ဆိုသည်မှာ 'အကြေးခွံရှိသော သတ္တဝါများ' ကဏ္ဍအောက်တွင် ရှိနေခြင်းဖြစ်သည်။

သို့သော် ၎င်းသည် ဥရောပ ဒဏ္ဍာရီထဲက အတောင်ပံပါသည့် နဂါးကြီးများ မဟုတ်သလို၊ ဒိုင်နိုဆောများ လည်း မဟုတ်ပေ။ (လီရှီကျန်း၏ စဉ်းစားပုံကိုတော့ မည်သူမျှ အတိအကျ မသိနိုင်ပါ)။

အမှန်စင်စစ် ၎င်းသည် ဆင်၊ ကြံ့ သို့မဟုတ် မြင်း စသည့် နို့တိုက်သတ္တဝါတို့၏ 'ကျောက်ဖြစ်ရုပ်ကြွင်း' များကို ဆိုလိုခြင်းသာ ဖြစ်သည်။

လင်ကျဲ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိ၏။

'ငါတောင် လန့်သွားတာပဲ…’’

ဤကမ္ဘာသစ်တွင် အချိန်အတော်ကြာ နေထိုင်လာခဲ့မိသဖြင့် 'နဂါး' ဆိုသည်နှင့် အတောင်ပံပါသော သတ္တဝါကြီးကိုသာ အရင်ဆုံး မြင်ယောင်မိသွားခြင်း ဖြစ်သည်။

‘ဒါက အဓိပ္ပာယ်ကောက်ယူမှု လွဲမှားခြင်း သက်သက်ပါပဲ…’

လင်ကျဲ ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သွားသော်လည်း နောက်ထပ် အခက်အခဲတစ်ခု ကျန်နေသေးသည်။

‘ဒီကလေးမကို ငါ ဘယ်လို ရှင်းပြရမလဲ…’

ရှေးလူကြီးများ မြင်တွေ့ခဲ့ရသည့် နဂါးဆိုသည်မှာ ကျောရိုးရှိ သတ္တဝါတွေအပေါ် အခြေခံပြီး သူတို့ စိတ်ကူးယဉ်ခဲ့ကြသည့် အရာများ ဖြစ်နိုင်သည်။

လင်ကျဲအနေနဲ့ စာပေအထောက်အထားများ၊ သုတေသန နမူနာများကို နာရီပေါင်းများစွာ ကိုးကားပြီး ထိုအရာမှာ နို့တိုက်သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းတွေပါဟု ရှင်းပြနိုင်ပါသည်။ သို့သော်လည်း...

ဤကမ္ဘာရှိ လူသားများအတွက်တော့ နဂါးဆိုသည်မှာ ခေါင်းတွင် ဦးချိုပါပြီး ကျောတွင် အတောင်ပံ၊ နောက်တွင် အမြီးပါသော ခြေလေးချောင်း သတ္တဝါကြီးများသာ ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် လုံးဝစိမ်းနေသော နယ်ပယ်တစ်ခု ဖြစ်သဖြင့် ရှင်းပြရန် ခက်ခဲလှသည်။

“မစ္စတာလင်...”

လင်ကျဲ စဉ်းစားနေသည်ကို ကြည့်ရင်း ပရိုင်မာမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။

‘နဂါး ဆိုတဲ့ စကားလုံးက သူ့ကို တစ်ခုခု သတိရသွားစေတာလား…’

ပရိုင်မာ တွေးမိသည်။

‘ရှေးဟောင်းနဂါးတွေဆိုတာ ကမ္ဘာဦးစုန်းမကြီးတွေ လက်ထက်၊ ကမောက်ကမ ဖြစ်ရပ်တွေ ရှိခဲ့တဲ့ အချိန်ကတည်းက ရှိခဲ့တာ… မစ္စတာလင်မှာ အဲဒီတုန်းကတည်းက အတွေ့အကြုံတွေ အများကြီး ရှိခဲ့ပုံရတယ်'

ထိုအခိုက်အတန့်တွင်ပင် လင်ကျဲသည် အတွေးကမ္ဘာထဲမှ လက်တွေ့လောကသို့ ပြန်လည် ရောက်ရှိလာ၏။ သူက ပရိုင်မာကို အားနာစွာ ကြည့်လိုက်ပြီး ချောင်းတစ်ချက် ဟန့်လိုက်ကာ…

“စိတ်မရှိပါနဲ့ကွယ်၊ အတိတ်က အကြောင်းအရာအချို့ကို သတိရသွားလို့ပါ…”

လင်ကျဲ ဤအခြေအနေကို ဘယ်လိုနည်းနှင့် လိမ်ညာပြီး ကျော်ဖြတ်ရမလဲဟု စဉ်းစားနေမိသည်။

သူတစ်ပါးကို စိတ်ဓာတ်ခွန်အားပေးသည့် နေရာတွင် ကျွမ်းကျင်လှသော 'ဆရာကြီးလင်' အနေဖြင့် ကလေးမလေးတစ်ယောက်၏ မေးခွန်းကို မဖြေနိုင်လျှင် ဂုဏ်သိက္ခာ ထိခိုက်ပေလိမ့်မည်။

ရုတ်တရက် လင်ကျဲ၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွားကာ မျက်လုံးများ တောက်ပလာ၏။

‘နေဦး… ဒီသီအိုရီကို မရှင်းပြနိုင်ပေမဲ့ ငါ့လက်ထဲမှာ နဂါးကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု တကယ်ရှိနေတာပဲလေ…’

ချယ်ရီဆီက ရခဲ့သည့် နဂါးနှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းမှာ မြေအောက်ခန်းတွင် ရှိနေသေးသည်။

ထိုနှလုံးသားအတွင်းမှ ထူးခြားသည့် စွမ်းအားများကို စုပ်ယူလိုက်ပြီးနောက် ၎င်းမဇာ ခြောက်ကပ်သွားကာ ကျောက်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

‘ဒီအလွဲကိုပဲ အခွင့်ကောင်း ယူလိုက်ရတော့မယ်…’

၎င်းမှာ ကျောက်တုံးတစ်ခု ဖြစ်သွားပြီဖြစ်သဖြင့် အမှုန့်ကြိတ်ပြီး ဆေးအဖြစ် ကျိုချက်လိုက်လျှင်လည်း အလွန်ဆုံး ဗိုက်နာရုံလောက်သာ ရှိပေလိမ့်မည်။ ထို့ထက် ပိုဆိုးသော ဘေးထွက်ဆိုးကျိုး ရှိနိုင်မည် မဟုတ်ပေ။

ထို့ပြင် ပရိုင်မာသည် ဆေးသုတေသနတွင် ကျွမ်းကျင်သူဖြစ်ပြီး သူ့ထက်ပင် ပို၍ ဗဟုသုတ ရှိသူဖြစ်သဖြင့် သူမအနေဖြင့် မဆင်မခြင် လုပ်ဆောင်မည် မဟုတ်ပေ။ အကယ်၍ ဆေးက အစွမ်းမထက်ခဲ့လျှင်လည်း ဤနမူနာမှာ ထိန်းသိမ်းမှု မကောင်းခဲ့လို့ပါဟု လင်ကျဲ လွယ်လွယ်ကူကူ ဆင်ခြေပေးနိုင်သည် မဟုတ်ပါလော။

လင်ကျဲသည် ချောင်းဟန့်လိုက်ပြီး ရှင်းပြလိုက်၏။

“မှန်ပါတယ်… အစစ်အမှန် နဂါးတွေဟာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေမဲ့ သူတို့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကတော့ ဒီနေ့အထိ ရှိနေဆဲပါ… အဲဒါတွေဟာ ဆေးဖက်ဝင် ပစ္စည်းတွေအဖြစ် အသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေပဲပေါ့”

ပရိုင်မာ တစ်ယောက် လင်ကျဲ၏ စကားသံထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ သူမသည် စိတ်လှုပ်ရှားစွာဖြင့် လင်ကျဲကို စိုက်ကြည့်နေတော့သည်။

လင်ကျဲက အေးဆေးစွာ ပြုံးလိုက်ရင်း…

“တကယ်တော့ ငါ့ဆီမှာ ရှားပါးတဲ့ နဂါးနှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု ရှိပါတယ်… မင်း အဲဒါကို လေ့လာချင်တယ်ဆိုရင် ငါ ဝမ်းမြောက်ဝမ်းသာ ပေးပါ့မယ်… အဲဒါက မြေအောက်ခန်းထဲမှာ ဖုန်တက်နေတာကလွဲရင် တခြားဘာမှ သုံးလို့မရတော့ဘူးလေ”

“ကျေးဇူးအများကြီး တင်ပါတယ်ရှင်… ကျွန်မ... ကျွန်မ မစ္စတာလင့်ကို ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး… အကယ်၍ ကျွန်မ တစ်ခုခုကို ထူးထူးခြားခြား ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် အဲဒီဆေးရည်ကို ဆရာ လိုအပ်တဲ့အခါ သေချာပေါက် ပြန်ပေးပါ့မယ်”

ပရိုင်မာမှာ ပျော်ရွှင်လွန်းသဖြင့် မျက်နှာကလေး နီမြန်းနေတော့၏။

သာမန်အချိန်တွင် ရှက်တတ်ကာ စကားနည်းသည့် ပရိုင်မာမှာ ဆေးသုတေသနနှင့် ပတ်သက်လာလျှင် အလွန်အမင်း စိတ်လှုပ်ရှားသွားတတ်သည်ကို လင်ကျဲ သတိထားမိလိုက်သည်။

‘ဟူး... ဒီကလေးမလေး ကြီးလာရင်တော့ တကယ့် သိပ္ပံပညာရှင် တစ်ယောက် ဖြစ်လာတော့မှာပဲ…’’

“ဒါဆိုရင်တော့ မင်းကိုပဲ အားကိုးရတော့မှာပဲ…”

လင်ကျဲက ရယ်မောလျက် ပြောလိုက်သည်။

ပရိုင်မာမှာ ရှက်တတ်သည့် မီမိုဆာ(ထိကရုန်း) ပင်လေးများ လေးကဲ့သို့ ပြန်လည် ငြိမ်ကျသွားကာ ခေါင်းကို ငုံ့လိုက်ရင်း…

“မဟုတ်ပါဘူး... ဒါ ကျွန်မရဲ့ တာဝန်ပါ...”

“ကဲ... ပြဿနာ ပြေလည်သွားပြီဆိုတော့ စာအုပ်ကို ဆက်ဖတ်ပါဦး… ဒါနဲ့ ကျန်းမာရေး ပြန်ကောင်းအောင်လည်း အာရုံစိုက်နော်… မင်းအစ်မ ကိစ္စကိုတော့ ငါ့ကိုပဲ လွှဲထားလိုက်ပါ”

လင်ကျဲက ဖော်ရွေစွာ ဆိုလိုက်သည်။

ပရိုင်မာသည် ခဏမျှ မှင်တက်သွားပြီးနောက် ကျေးဇူးတင်စိတ်များနှင့် အတူ မျက်နှာကလေး နီမြန်းလျက် စာအုပ်ထဲသို့ ခေါင်းပြန်စိုက်လိုက်၏။ စာအုပ်မှ ထွက်ပေါ်လာသည့် ထူးခြားသော ရနံ့ကို ဝဝရှူရင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းကာ လေ့လာမှုကို ဆက်လက် ပြုလုပ်နေတော့သည်။

အချိန်အနည်းငယ် ကြာပြီးနောက်... ပရိုင်မာ လက်ကို ရဲရဲဝံ့ဝံ့ မြှောက်လိုက်ပြန်၏။

“ကျောင်းသူ ပရိုင်မာ… ဘာမေးစရာ ရှိလို့လဲ…”

***

All Chapters