အခန်း (၂၇၈)
Vol. 20 Ch. 278
အပိုင်း(၂၇၈)
“ကျောင်းသူ ပရိုင်မာ… ဘာမေးစရာ ရှိလို့လဲ…”
လင်ကျဲက ပုံမှန်အတိုင်းပင် တုံ့ပြန်လိုက်၏။
“ဟုတ်ကဲ့ ဆရာ…’’
ပရိုင်မာက ခေါင်းညိတ်လိုက်ရင်း စာအုပ်ကို စတင်ဖတ်ကတည်းက စိတ်ထဲတွင် ရှိနေသည့် မေးခွန်းကို မေးလိုက်သည်။
“လူသားတွေရဲ့ ဦးခေါင်းခွံ၊ အချင်း နဲ့ အရိုးပြာတွေကို ဆေးအဖြစ် အသုံးပြုတာက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်မလဲဟင်…”
ဤသည်မှာ အလွန်ပင် ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သဖြင့် သူမ မေးရန် တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ၎င်းက လင်ကျဲ၏ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ကို မေးခွန်းထုတ်နေသကဲ့သို့ပင်။
သို့သော်လည်း… မစ္စတာလင်းမှာ အလွန်ပင် ဖော်ရွေသူ ဖြစ်သည်။ ထို့ပြင် မွန်းကဲ့သို့သော သူပင် လင်ကျဲကို အကြွင်းမဲ့ ယုံကြည်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် ပရိုင်မာသည်လည်း လင်ကျဲကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
တစ်စုံတစ်ယောက်ကို အကြွင်းမဲ့ ယုံကြည်ရန်ဆိုလျှင် ဘာမှ ဖုံးကွယ်မထားဘဲ ပွင့်လင်းစွာ ဆွေးနွေးရမည် ဖြစ်သည်။
‘အမ်... တကယ်ပဲ အဲဒီလို အရာတွေ ရှိလို့လား…’
လင်ကျဲသည် 'ဆေးကျမ်းပေါင်းချုပ်' ထဲတွင် ထိုအစိတ်အပိုင်းများနှင့် ပတ်သက်၍ ဘာတွေ ရေးထားသည်ကို ပြန်လည် စဉ်းစားကြည့်လိုက်သည်။
ဦးခေါင်းခွံ၊ အချင်းနှင့် မီးသင်္ဂြိုဟ်ရာမှ ရရှိသော အရိုးပြာ…
၎င်းတို့ကို ဆေးအဖြစ် မှတ်တမ်းတင်ထားရုံသာမက ၎င်းတို့၏ အရသာနှင့် ကုသနိုင်သည့် ရောဂါဝေဒနာများကိုပါ မှတ်တမ်းတင်ထားသည်။
ဥပမာအားဖြင့် ဦးခေါင်းခွံသည် အသက်စွမ်းအားကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်ဟု ဆိုထားသည်။ ဤသည်မှာ 'တူရာကို စားသုံးခြင်းဖြင့် အားဖြည့်ခြင်း' ဟူသော တရုတ်ဆေးပညာ အယူအဆအပေါ် အခြေခံထားခြင်း ဖြစ်သည်။
လင်ကျဲမှာ မိမိမကျွမ်းကျင်သော နယ်ပယ်တွင် စိတ်ထင်တိုင်း မပြောဆိုရန်ဟူသော အခြေခံမူကို အမြဲ ဆုပ်ကိုင်ထားသူ ဖြစ်သဖြင့် လေးလေးနက်နက်ပင် ရှင်းပြလိုက်သည်။
“အကယ်၍ အဲဒီအရာတွေကို ဆေးအဖြစ် သုံးခဲ့လို့ တကယ်ပဲ ဆေးဖက်ဝင်တယ်ဆိုရင်တောင်… အဲဒါတွေကို ကိုယ်ကျင့်တရားနဲ့အညီ ရရှိခဲ့မယ်ဆိုရင်တော့ ဘာမှားယွင်းမှုမှ မရှိပါဘူး… ဒါပေမဲ့ အဲဒီအရာတွေမှာ တကယ်တမ်း ဆေးဖက်ဝင်တဲ့ အစွမ်းမရှိဘဲ မိမိရဲ့ စပ်စုချင်စိတ် ဒါမှမဟုတ် ရက်စက်လိုတဲ့ စိတ်ကို ကျေနပ်အောင် သုံးစွဲနေတာမျိုး ဆိုရင်တော့ ဒါကို လုံးဝ ရှောင်ကြဉ်ရပါမယ်… သဘောပေါက်လား ကျောင်းသူ ပရိုင်မာ…”
“အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် အမှားအမှန် သိမြင်ဖို့ပါပဲ… မင်းအနေနဲ့ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ အကျိုးပြုမှုတွေ လုပ်နိုင်မလား၊ ပိုပြီး ထိရောက်တဲ့ ဆေးရည်တွေကို ဖန်တီးပြီး ကိုယ့်ရဲ့ တန်ဖိုးကို မြှင့်တင်နိုင်မလား ဆိုတာပဲ လိုရင်းပါ”
လင်ကျဲသည် ထုံးစံအတိုင်း ဆုံးမစကားများကို စတင် ပြောကြားလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ခေါင်းစဉ်ပြောင်းလိုက်သည်။
“အရာရာတိုင်းရဲ့ တန်ဖိုးဟာ အမြဲတမ်း ပြောင်းလဲနေတတ်တယ် ဆိုတာကို မင်း နားလည်ထားရမယ်… သာမန် ဆေးဖက်ဝင် အပင်တစ်ပင်ဟာ မင်းရဲ့လက်ထဲ ရောက်တဲ့အခါ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်သွားနိုင်တယ်… အဲဒီကွာခြားချက်ကတော့ မင်း အခုအချိန်အထိ ကြိုးစားအားထုတ်ခဲ့တဲ့ အပေါ်မှာပဲ မူတည်နေတာပါ”
ပရိုင်မာ တစ်ယောက် စိတ်ထဲမှ ဝေခွဲမရဖြစ်မှုများ ပျောက်ကွယ်သွားသဖြင့် ခေါင်းညိတ်လိုက်၏။ နောက်ဆုံးတော့ သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။
လောကကြီးအား ဖန်ဆင်းခဲ့သည့် အရှင်သခင်များသည် အရာရာတိုင်းတွင် လူသားအားလုံးအတွက် အကျိုးရှိမည့် စွမ်းအားများ ချန်ရစ်ခဲ့သည်။
သူတို့ကဲ့သို့သော ဆေးဖော်စပ်သူများ၏ တာဝန်မှာတော့ နည်းလမ်းမှန်မှန်ဖြင့် ထိုစွမ်းအားများကို ဆွဲထုတ် အသုံးချရန်သာ ဖြစ်ပေတော့သည်။
ပရိုင်မာသည် အရာအားလုံးကို ထွင်းဖောက်မြင်သွားသလို ခံစားလိုက်ရ၏။ သူမ၏ စိုးရိမ်ပူပန်မှုများမှာ အရာမထင်တော့ဘဲ အပိုအလုပ်များသာ ဖြစ်ခဲ့ချေပြီ။
အမှန်စင်စစ် သူမသည် အမြဲတမ်း စိတ်ခံစားမှုနောက်သို့သာ ကောက်ကောက်ပါအောင် လိုက်နေခဲ့မိသည်။ စစ်မှန်သော ဆေးဘက်ဆိုင်ရာ သုတေသနတစ်ခုသည် အကြွင်းမဲ့ အာရုံစူးစိုက်မှုနှင့် ကျိုးကြောင်းဆီလျော်သော စိတ်ဓာတ်အခြေခံရှိရန် လိုအပ်ပေသည်။
ယခုတော့ သူမသည် လည်ပတ်စရာ နေရာတစ်ခု၏ သမိုင်းကြောင်းကို အငြင်းပွားနေသည့် ဘာမှမသိနားမလည်သော ခရီးသွားတစ်ဦးကဲ့သို့ ဖြစ်နေခဲ့လေပြီ။
တကယ်ဆိုလျှင် သူမ၏ အချိန်များကို ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၏ ဂုဏ်သတ္တိ၊ အာနိသင်နှင့် ပိုမိုထိရောက်သည့် ဆေးရည်များ မည်သို့ထုတ်လုပ်ရမည် ဆိုသည်ကိုသာ လေ့လာဆည်းပူးရင်း ကုန်ဆုံးစေသင့်ခဲ့သည်။
အချို့သော ကုန်ကြမ်းပစ္စည်းများသည် ကြည့်ရသည်မှာ စက်ဆုပ်ဖွယ်ကောင်းနေနိုင်သလို ၎င်းတို့ကို ရယူပုံမှာလည်း ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေပါလိမ့်မည်။
သို့သော်လည်း… အဆုံးစွန်၌မူ ၎င်းတို့သည် ဆေးဖက်ဝင် ပစ္စည်းများသာ ဖြစ်ကြသည်။
ဤပစ္စည်းများကို မြင့်မြတ်သည့် ပုဂ္ဂိုလ်များကပင် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေလိုသည့် ကိုယ်ကျိုးစွန့် စေတနာများဖြင့် ဖန်တီးထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့ပါလျက်နှင့်… ဤဆေးဖက်ဝင် အပင်များမှာ ကိုယ်ကျင့်တရားနှင့် မညီညွတ်ဟု စိုးရိမ်ပူပန်နေမိခြင်းမှာ ရောင့်တက်လွန်းရာ ရောက်နေတော့သည်။ ဤသည်မှာ အမှန်တကယ်ပင် ရိုင်းပျလွန်းခြင်း ဖြစ်၏။ အလှူရှင်များ၊ သုတေသီများနှင့် အကျိုးခံစားရသူများ အားလုံးကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်းပင် ဖြစ်သည်။ ဆေးပညာရပ်အပေါ်တွင်လည်း များစွာ ရိုသေမှု ကင်းမဲ့ရာ ရောက်ပေသည်။
ပရိုင်မာ တစ်ယောက် ကိုယ့်ကိုယ်ကို စိတ်သဘောထား ကျဉ်းမြောင်းလွန်းသေးပြီး အမြော်အမြင် ကင်းမဲ့နေသလို ခံစားရသည်။ ဆေးဘက်ဆိုင်ရာ သုတေသနများမှာ ကြည်လင်သန့်ရှင်း၍ မွန်မြတ်သည့် စိတ်ထားရှိရန် လိုအပ်ပြီး သူမအနေဖြင့် နည်းပညာပိုင်း၌ရော စိတ်ပိုင်းဆိုင်ရာ၌ပါ များစွာ ကြိုးစားအားထုတ်ရန် လိုနေသေးသည်။
ဆရာလင်၏ စေတနာကို ပရိုင်မာ ချက်ချင်းပင် နားလည်သွားခဲ့၏။ သူမသည် တစ်ချိန်လုံး မိမိဖန်တီးထားသော ကမ္ဘာငယ်လေးထဲတွင်သာ နစ်မွန်းနေခဲ့ပြီး အပြင်လောကနှင့် အဆက်အသွယ်ဖြတ်ကာ အခန်းကျဉ်းလေးထဲ၌သာ သုတေသနပြုနေခဲ့သူ ဖြစ်သည်။ သူမ၏ မျိုးနွယ်စုထဲတွင်ပင် သူမကို သိသူ အလွန်နည်းပါးလှသည်။
ဤသည်မှာပင် ဆေးပညာရပ် နယ်ပယ်တွင် သူမ အောင်မြင်မှုများစွာ ရရှိခဲ့သည့် အကြောင်းရင်းဖြစ်ပြီး အစ်မဖြစ်သူ မာဂရက်တောင်မှ သူမ၏ မွေးရာပါ ပါရမီကို အံ့ဩချီးကျူးခဲ့ရသည်။
အကယ်၍ ပရိုင်မာသာ အမှန်တရား အသင်းတော်တွင် အရည်အချင်း အစစ်ဆေးခံရန် ဆန္ဒရှိပါက အခြားသော ပါရမီရှင် လူငယ်ဆိုသူများကို ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း မာဂရက်က အမြဲပြောလေ့ရှိသည်။
သို့သော်လည်း… တစ်ချိန်တည်းမှာပင် သူမသည် ပြဿနာများကို ဖြေရှင်းရန် အတွေ့အကြုံ မရှိခြင်း၊ စိတ်ခံစားမှုနောက်သို့ လွယ်လွယ်ကူကူ ပါသွားတတ်ခြင်းနှင့် စိတ်ကူးယဉ်တတ်ခြင်း စသည့် အားနည်းချက်များ ရှိနေသေးသည်။ ဤအရာအားလုံးမှာ သူမ ပြုပြင်ရမည့် အချက်များပင် ဖြစ်သည်။
သူမ အနေဖြင့်… ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်ချိန်တွင် ထားရှိသော တည်ငြိမ်အေးဆေးသည့် စိတ်ဓာတ်မျိုးကို ဘဝ၏ အခြားသော ကဏ္ဍများတွင်လည်း အသုံးချရန် လိုအပ်နေပြီ ဖြစ်သည်။
မိန်းကလေး၏ မျက်ဝန်းများမှာ တောက်ပလာပြီး ဆန်စပါးကို ဆိတ်နေသည့် ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ အဆက်မပြတ် ခေါင်းညိတ်ပြလိုက်သည်။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ… ကျွန်မမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ သိပါပြီ… ဆေးပညာ သုတေသနလမ်းကြောင်းမှာ လျှောက်လှမ်းဖို့ ခရီးအဝေးကြီး ကျန်ပါသေးတယ်"
***