← Chapters

အခန်း (၂၇၉)

Vol. 20 Ch. 279

အခန်း (၂၇၉)

Vol. 20 Ch. 279

အပိုင်း (၂၇၉)

"ဟူး..."

လင်ကျဲမှာ နောက်ဆုံးတော့ လှည့်ဖျား၍ ပြောဆိုနိုင်ခဲ့ပြီဖြစ်သဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဤတစ်ကြိမ်တွင်မူ သူ တကယ်ပင် တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ ဤကဲ့သို့ ဖြစ်လာမည်မှန်း သိပါက ရိုးရိုးရှင်းရှင်း ဆေးပညာစာအုပ်တစ်အုပ်ကိုသာ သူ ရွေးချယ်ပေးခဲ့မိမည်။

ဆေးကျမ်းပေါင်းချုပ်သည် ဂန္ထဝင်မြောက်သည့် စာအုပ်တစ်အုပ် ဖြစ်သော်လည်း ၎င်း၌ ကိုယ်ပိုင် အားနည်းချက်များ ရှိနေသည်။ ဖတ်ရှုရန် ကောင်းမွန်သော်လည်း ဤကမ္ဘာခြားတွင်မူ ကြီးမားသော ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော်လည်း… အနည်းဆုံးတော့ သူ၏ လမ်းညွှန်မှုအောက်တွင် ဤမိန်းကလေးမှာ လမ်းမှားသို့ ရောက်သွားစရာ အကြောင်းမရှိပေ။

"တခြား သိချင်တာရှိရင်လည်း အားမနာဘဲ မေးနိုင်တယ်နော်…"

လင်ကျဲက ထပ်လောင်းပြောလိုက်၏။

ပရိုင်မာက လင်ကျဲ ကြောင်လေးနှင့် ကစားနေသည့် ကြည်နူးဖွယ် မြင်ကွင်းကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ဆရာလင်က ကြောင်လေး၏ခေါင်းအား ပွတ်သပ်ပေးနေသည်ကို မြင်ရသောအခါ သူမသည်လည်း ချစ်စရာကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည့် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကဲ့သို့ ပြုံးမိသွားသည်။

သို့သော်လည်း… ခဏအကြာတွင်မူ သူမ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်နှာမှာ သွေးဆုတ်ဖြူရော် သွားတော့သည်။

ဤကြောင်လေးမှာ အမှောင် အဲ့လ်ဖ် လူသတ်သမား လူသတ်သမားကို တစ်စစီ ဆွဲဖြတ်ကာ ဝါးမြိုပစ်ခဲ့သည့် ကြောက်မက်ဖွယ် သတ္တဝါဖြစ်ပေသည်။

အကယ်၍ ဤဖြူဖွေးပြီး ချစ်စရာကောင်းသည့် ကြောင်လေးနေရာတွင် ထိုကြောက်မက်ဖွယ် အရာကြီးကို အစားထိုး မြင်ယောင်ကြည့်လိုက်ပါက ဤမြင်ကွင်းမှာ ကြည်နူးစရာ မဟုတ်တော့ဘဲ ထိတ်လန့်ဖွယ်ရာ အတိ ဖြစ်နေပေလိမ့်မည်။

"ဒါနဲ့... ငါ ကြောင်စာဝယ်ဖို့ မေ့နေခဲ့တာပဲ… အဖြူလေးက စားစရာမရှိရင် ဗိုက်ဆာနေတော့မှာပေါ့"

"ဘယ်လိုလုပ်ရပါ့မလဲ... ကြောင်စာ အိမ်အရောက်ပို့တဲ့ ဝန်ဆောင်မှုမျိုးသာ ရှိရင် သိပ်ကောင်းမှာပဲနော်… ဟူး..."

လင်ကျဲက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။

သူက အဖြူလေး၏ ဖောင်းကားနေသည့် ဗိုက်ကို ပွတ်သပ်လိုက်စဉ် ဗိုက်ထဲမှ မြည်သံ သဲ့သဲ့လေးကို ကြားလိုက်ရသည်။ အမှန်တော့ သူ တကယ်ပင် မတတ်နိုင်ပေ။

နော်ဇင်မြို့တွင် အိမ်အရောက်ပို့ ဒယ်လီစနစ် မရှိသေးသဖြင့် ဤမြို့သို့ စရောက်ခါစက လင်ကျဲ အသားကျရန် အတော်ပင် အချိန်ယူခဲ့ရသည်။

အွန်လိုင်းမှ ဈေးဝယ်ခြင်း ကဲ့သို့ အခြားသော ဝန်ဆောင်မှုများလည်း မရှိချေ။

ကြောင်စာဝယ်လိုလျှင်ပင် အနီးနားရှိ အိမ်မွေးတိရစ္ဆာန်ဆိုင်ကို ရှာဖွေပြီး ကိုယ်တိုင် သွားရောက်ဝယ်ယူရသည့် ဒုက္ခရှိသည်။ တစ်ခါတစ်ရံတွင်မူ လင်ကျဲ တစ်ယောက် သူ အနှစ်သက်ဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းကိုပင် သတိရမိတတ်သည်။

သို့သော်လည်း… အဖြူလေး၏ အိစက်ညက်ညောပြီး လှုပ်ခါနေသည့် ဝမ်းဗိုက်ထဲရှိ အဆီများကို ကြည့်ခြင်းအားဖြင့် ဤကြောင်ဝတုတ်လေးမှာ ခဏတဖြုတ်တော့ အောင့်ခံနိုင်မည်ဟု လင်ကျဲ တွေးမိသည်။

'သာမန် စားစရာတွေလည်း အဆင်ပြေမှာပါ...'

လင်ကျဲ တွေးတောရင်း ကောင်တာပေါ်တွင် လူးလိမ့်နေသည့် ကြောင်ဖြူလေးကို ကြည့်နေလိုက်သည်။

ပရိုင်မာသည် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ မစ္စတာလင်၏ စကားများကို မကြားချင်ယောင်ဆောင်ရင်း စာအုပ်ထဲသို့သာ အာရုံစိုက်နေဟန် ပြုမူလိုက်သည်။

ကြောင်စာ တဲ့လား...

ဤကြောက်မက်ဖွယ် သတ္တဝါအတွက် 'ကြောင်စာ' ဆိုသည်မှာ ငရဲဘုံ အဆင့် ရှိသည့် သဘာဝလွန် စွမ်းအားရှင်များပင် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မစ္စတာလင်က သဘာဝလွန် စွမ်းအားရှင် တစ်ယောက်ယောက် စာအုပ်ဆိုင်သို့ ရောက်ရှိလာတော့မည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

‘နောက်ထပ် လူသတ်သမားတွေ လာဦးမှာလား မသိဘူး…’

ပရိုင်မာ တွေးတောနေမိ၏။ သူမ၏ ဦးလေး ဂျရုမ်းသည် မာဂရက်ကို တစ်ယောက်တည်း ပြန်ပေးဆွဲနိုင်စွမ်း မရှိသည်မှာ သေချာသည်။ သူ၏ ဂုဏ်သတင်းနှင့် မျိုးနွယ်စုအတွင်း ဆက်ဆံရေးမှာ သူမ၏ အစ်မနှင့် ယှဉ်နိုင်သည် မဟုတ်ပေ။ သူ့ နောက်ကွယ်တွင် ထောက်ပံ့ပေးနေသည့် အုပ်စုတစ်စု ရှိနေရမည်။

ဂျရုမ်းသည် အမှောင် လူသတ်သမားနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်ကို သိသည်နှင့် တစ်ပြိုင်နက် နောက်ထပ် လုပ်ဆောင်မှုများ ပြုလုပ်လာမည်မှာ သေချာသည်။

ငရဲဘုံ အဆင့် ရှိသော လူသတ်သမား တစ်ယောက် ရှုံးနိမ့်သွားပြီ ဖြစ်ရာ နောက်တစ်ကြိမ်တွင် ပိုမိုအစွမ်းထက်သည့် သူများကို စေလွှတ်လာပေလိမ့်မည်။ ဖျက်ဆီးခြင်း အဆင့် ရှိသူများကိုပင် ငှားရမ်းလာနိုင်ချေ ရှိသည်။

သို့သော်လည်း... ပရိုင်မာ လင်ကျဲကို ခိုးကြည့်လိုက်၏။ မည်မျှပင် စေလွှတ်ပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ မစ္စတာလင်း ရှိနေသရွေ့ ဖျက်ဆီးခြင်း အဆင့် ရှိသူများသည်ပင်လျှင် သားကောင်များသာ ဖြစ်သွားပေလိမ့်မည်။

ယခုအခါ မိန်းကလေး၏ စိတ်ထဲတွင် လင်ကျဲကို အခရာ အဆင့် ထက်ပင် သာလွန်သော အမြင့်ဆုံး နေရာတစ်ခုတွင် တင်ထားမိလေပြီ ဖြစ်သည်။

ကလောင်…

သို့သော်လည်း စာအုပ်ဆိုင် တံခါးဝမှ ဝင်လာသူမှာ သူမ မျှော်လင့်ထားသည့် ကြောက်မက်ဖွယ် လူသတ်သမား မဟုတ်ခဲ့ပေ။

ထိုသူမှာ ယဉ်ကျေးသိမ်မွေ့ပြီး ထူးခြားထင်ရှားသည့် အဘိုးအို တစ်ဦးသာ ဖြစ်သည်။

မှန်ပေသည်။ ပရိုင်မာသည် ဝတ်စုံအပြည့်နှင့် ကျက်သရေရှိလှသည့် ဤအဘိုးအိုကို ဖော်ပြရန် 'ထူးခြားထင်ရှားသူ' ဟူသော စကားလုံးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူက ရွှေရောင်ဆံပင်များကို သေသပ်စွာ ဖြီးသင်ထားပြီး နက်ရှိုင်းသည့် အပြာရောင် မျက်ဝန်းတစ်စုံကို ပိုင်ဆိုက်ထားသည်။ သူ၏ စွဲမက်ဖွယ် ကောင်းသော အကြည့်များမှာ ချမ်းသာကြွယ်ဝသော လူကုံထံ ပွဲလမ်းသဘင်များတွင် တွေ့ရတတ်သည့် လူငယ်လေးများနှင့်ပင် ယှဉ်နိုင်လောက်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။

တစ်ချိန်တည်းမှာပင် သူသည် ပညာရှင်တစ်ဦး၏ တည်ငြိမ်မှုနှင့် ဂုဏ်သိက္ခာရှိသည့် အရှိန်အဝါကိုလည်း ပိုင်ဆိုင်ထားသည်။

ဤကဲ့သ်ို့ ဆန့်ကျင်ဘက် လက္ခဏာနှစ်ရပ် ပေါင်းစပ်နေခြင်းက သူ့ကို ပဟေဠိဆန်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖန်တီးပေးထားသည်။ သူသည် လူပျိုဘဝက မိန်းကလေးများ ဝိုင်းဝိုင်းလည်ခဲ့မည့်သူ ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။

သို့သော်လည်း… သူ စာအုပ်ဆိုင်ထဲသို့ ဝင်လာချိန်တွင်မူ သူသည် စိတ်အနှောင့်အယှက် ဖြစ်နေပုံရပြီး တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားနေရသော်လည်း ခြေလှမ်းတိုင်းတွင် သတိကြီးစွာ ထားနေရရှာသည်။

၎င်းမှာ ကြောက်ရွံ့တတ်သူ တစ်ဦး သရဲအိမ်ထဲသို့ ဝင်ရန် အားတင်းထားရသကဲ့သို့ ဖြစ်နေပြီး ကြောက်လန့်နေမှုကို အတင်းအကျပ် ဖုံးကွယ်ထားရသည့် ပုံစံမှာ ရယ်စရာပင် ကောင်းနေတော့သည်။

ပရိုင်မာ ထိုအဘိုးအိုကို မြင်လိုက်ရသောအခါ အံ့အားသင့်သွား၏။

ထိုပုဂ္ဂိုလ်မှာ မာဂရက်က သူမကို အမြဲမှတ်သားထားရန် အတင်းအကျပ် ပြောခဲ့ဖူးသည့် လူနည်းစုထဲမှ တစ်ဦး ဖြစ်နေသောကြောင့်ပင်။

သူကား အမှန်တရား အသင်းတော်၏ ဒုတိယဥက္ကဋ္ဌ အင်ဒရူး ပင် ဖြစ်သည်။

ပရိုင်မာ အင်ဒရူးကို တစ်ချက်ကြည့်လိုက်၊ အဖြူလေးကို တစ်ချက်ကြည့်လိုက်နှင့် ချက်ချင်းပင် မျက်နှာ ပို၍ ဖြူရော် သွားတော့၏။

‘ဒါ... ဒါက... အိမ်အရောက် ပို့ပေးလိုက်တဲ့ ကြောင်စာလား…’

လင်ကျဲသည် မော့ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။

"ကြိုဆိုပါတယ်…"

ပရိုင်မာကတော့ ထိုအပြုံး၏ နောက်ကွယ်တွင် ရက်စက်မှုကို ခံစားလိုက်ရသလိုပင်။

အင်ဒရူးသည် ဆိုင်ထဲဝင်လာသည်နှင့် ကောင်တာဆီသို့ တန်းတန်းမတ်မတ် လျှောက်လာ၏။ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် သူက စကားစလိုက်သည်။

"ကျွန်တော် ဘာကြောင့် လာတယ်ဆိုတာ ခင်ဗျား သိမှာပါ… အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် တကယ်ပဲ တောင်းပန်ပါတယ်..."

"ခဏလေးပါဦး.. "

လင်ကျဲက ပြုံးနေဆဲဖြစ်သော်လည်း သူ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသည်။

"ကျွန်တော် မသိလို့ ခွင့်လွှတ်ပေးပါဦးဗျာ… ကျွန်တော်တို့ ဆုံဖူးကြလို့လား... ခင်ဗျားက ဘယ်သူပါလိမ့်..."

အင်ဒရူး "...”

***

All Chapters