← Chapters

အခန်း (၂၈၀)

Vol. 20 Ch. 280

အခန်း (၂၈၀)

Vol. 20 Ch. 280

အပိုင်း(၂၈၀)

အင်ဒရူးသည် မိမိကိုယ်ကို အကြိမ်ကြိမ် အားပေးပြင်ဆင်ပြီးနောက်မှသာ ဤလျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှသော စာအုပ်ဆိုင်ပိုင်ရှင်ထံသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤခရီးသည် သူ မဖြစ်မနေ လာရမည့် ခရီးတစ်ခုဖြစ်မှန်း စိတ်ထဲမှ ကောင်းကောင်းသိနေသည်။

သို့သော်လည်း တစ်ချိန်က စာအုပ်ဆိုင်အပေါ် ရန်လိုသော သဘောထားမျိုး ထားရှိခဲ့ဖူးပြီး မကောင်းကြံစည်မှုအချို့ကိုလည်း စီစဉ်ခဲ့ဖူးရာ အင်ဒရူးအနေဖြင့် မစိုးရိမ်ပါဟု ပြောလျှင် ၎င်းမှာ လိမ်ညာခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုနေ့ရက်များက လုပ်ရပ်များကို ပြန်တွေးမိတိုင်း သူ ချွေးစေးများ ပျံလာတတ်သည်။

စာအုပ်ဆိုင်ပိုင်ရှင် ပြသခဲ့ဖူးသော အစွမ်းအစများကို ကြည့်ခြင်းအားဖြင့် အင်ဒရူး၏ အသက်ကို နုတ်ယူရန်မှာ သူ့အတွက် လက်ဖျားနှင့်ခါသလောက်ပင် လွယ်ကူပေလိမ့်မည်။

အတိတ်က မဆင်မခြင် လုပ်ရပ်များမှာ ဂျရုမ်း၏ လှည့်ဖျားသိမ်းသွင်းမှုကြောင့် ဖြစ်မှန်း သူ နားလည်သွားခဲ့သော်လည်း၊ ဤအချက်ကြောင့်ပင် လင်ကျဲက သူ၏ ရန်လိုမှုများကို အရေးမစိုက်ဘဲ လွှတ်ထားပေးခြင်း ဖြစ်မည်ဟု အင်ဒရူးက မှတ်ယူထားသည်။

ထိုနေ့ရက်များ၌ သူ့စိတ်သည် ပြင်ပလွှမ်းမိုးမှု ခံထားရသောကြောင့် စေရင်း စေတနာ အစစ်အမှန်မဟုတ်ကြောင်း စာအုပ်ဆိုင် ပိုင်ရှင် သိနေသည်ဟု သူ ထင်နေမိသည်။

သို့သော်လည်း… အင်ဒရူးသည် စာအုပ်ဆိုင်ပိုင်ရှင်နှင့် တစ်ခါမျှ စကားမပြောဖူးသေးရာ ဤအရာအားလုံးမှာ သူ၏ တစ်ဦးတည်းသော ထင်မြင်ချက်များသာ ဖြစ်နေသည်။

အကယ်၍ လင်ကျဲက သူကဲ့သို့ 'ငါးစာ' တစ်ကောင်ကို လောလောဆယ် လွှတ်ထားပေးပြီး… နောင်မှ တစ်ခါတည်း အပြတ်ဖြေရှင်းရန် ကြံစည်ထားပါက မည်သို့လုပ်မည်နည်း။

ယခုလို မိမိသဘောဖြင့် မိမိ လာတွေ့ခြင်းမှာ သေတွင်းထဲ ကိုယ်တိုင် ဆင်းခြင်း ဖြစ်ကောင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း… အင်ဒရူးတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။

အမှန်တရား အသင်းတော်၏ ဒု-ဥက္ကဌ ဆက်လက် ဖြစ်နေသေးဆဲ ဖြစ်သော်လည်း ယခုအခါ သူ့လက်ထဲတွင် မည်သည့် အာဏာမှ မရှိတော့ချေ။

သူ၏ အမိန့်တိုင်းမှာ အတည်မပြုမီ စစ်ဆေးခြင်း ခံနေရရာ အချုပ်ကျ နေသကဲ့သို့ပင် ဖြစ်နေသည်။

ဂျရုမ်းကလည်း စိတ်ထိန်းချုပ်ဆေးရည်ဖြင့် ကော်မတီကို သိမ်းသွင်းကာ စုံစမ်းစစ်ဆေးမှု ရလဒ်များကို ပြောင်းလဲနိုင်ပြီး အင်ဒရူး၏ အစီအစဉ်များကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်သည်။

အမှန်တရား အသင်းတော်၏ အခြား ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သော ဒိုင်းယမန်တေကိုလည်း ဂျရုမ်း လွှမ်းမိုးထားနိုင်သည်ဟု အင်ဒရူး သံသယရှိနေသည်။ ဂျရုမ်းသည် အမှန်တကယ်ပင် ရည်မှန်းချက် ကြီးမားပုံရသည်။

သူ့နောက်ကွယ်မှ ထောက်ပံ့နေသူများက သူ့ကို ယုံကြည်မှု အပြည့်ပေးထားပုံရပြီး အမှန်တရား အသင်းတော် တစ်ခုလုံးကိုပင် ထိန်းချုပ်ရန် စိတ်ကူးယဉ်နေဟန် တူသည်။

ထို့အပြင်… ဤအရာအားလုံးသည် ဥက္ကဋ္ဌ မာရီယာ မရှိနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူညီနေသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အင်ဒရူးသည် ဤအခြေအနေကို ပြောင်းလဲလိုသည်။ သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အစွမ်းထက်သော စာအုပ်ဆိုင်ပိုင်ရှင်၏ အကူအညီကို ရယူရန်သာ ဖြစ်သည်။

သို့သော်လည်း… သူ နောက်ဆုံးမျှော်လင့်ချက်ဟု သတ်မှတ်ထားသော စာအုပ်ဆိုင်ပိုင်ရှင်က သူ့ကိုပင် မမှတ်မိခြင်းမှာ ထိတ်လန့်စရာပင်။

အင်ဒရူး ဆွံ့အသွားမိသ၏။ ငါတော့ သွားပြီ... ဟူသော အတွေးမှာ သူ၏ စိတ်ထဲသို့ ပထမဆုံး ဝင်ရောက်လာသည်။

ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး သူ၏ အတွေးများမှာ ရုတ်ချည်း ပြောင်းလဲသွား၏။

‘သူ့မှာ အရာအားလုံးကို သိနိုင်တဲ့ ဂုဏ်သတင်း ရှိထားတာပဲ၊ ဒါတောင် ငါ့ကို မမှတ်မိဘူးလို့ ပြောနေတယ်… ငါ ဒီကို မရောက်ခင် ငါ့ကို မေ့နေတယ်လို့ ပြောရင် ယုံနိုင်သေးတယ်၊ အခု ငါက သူ့ရှေ့တည့်တည့်မှာ ရပ်နေတာတောင် ဒီလို ပြောနေတာကတော့ အသိသာကြီး လိမ်နေတာပဲ…’

ထို့ကြောင့် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သူက သိလျက်နှင့် မသိချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့ လုပ်ရသည့် အကြောင်းရင်းက ရှင်းသည်။ စာအုပ်ဆိုင် ပိုင်ရှင်က သူ့ တောင်းပန်မှုကို လက်မခံလိုခြင်းပင်။

အင်ဒရူး စိတ်လေးလံသွား၏။

‘ငါ အခြေအနေကို မှားတွက်မိတာလား… သူ တကယ်ပဲ စိတ်ဆိုးနေပြီးတော့ အခုလို ငါ ဒုက္ခရောက်နေတာကို ကြည့်ပြီး လက်စားချေချင်နေတာလား…’

အင်ဒရူး မျှော်လင့်ချက်မဲ့စွာဖြင့် ခါးသီးသော အပြုံးတစ်ခုကို ပြုံးမိလိုက်သည်။

‘မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ နောက်ပြောင်တတ်တဲ့ အကျင့်ဆိုးပဲပေါ့လေ…’

‘ဒါပေမဲ့... မဟုတ်သေးဘူး…’

အတွေးတစ်ခုက အင်ဒရူး၏ ဦးနှောက်ထဲသို့ ဖျပ်ခနဲ ဝင်လာစ။

‘သူ ခုနကပဲ ကြိုဆိုပါတယ် လို့ ပြောခဲ့တယ်မဟုတ်လား… အဲဒါက သူ ငါ့ကို ငြင်းပယ်နေတာ မဟုတ်ဘူးလို့ ဆိုလိုတာပဲ… သူက ငါ့ကို စာအုပ်ဝယ်သူတစ်ယောက်လို ဆက်ဆံနေတာပဲ'

'ဒါဆို သူ ငါ့တောင်းပန်မှုကို ငြင်းပယ်ရတဲ့ အကြောင်းရင်းက ငါ့အနေနဲ့ တောင်းပန်စရာ မလိုဘူးလို့ ယူဆနေတာကြောင့်လည်း ဖြစ်နိုင်တယ်… အဆုံးစွန်ထိ တွေးကြည့်ရင် အဲဒါတွေက ဂျရုမ်းရဲ့ ယုတ်မာတဲ့ အကြံအစည်တွေပဲလေ၊ ငါ့အမှားမှ မဟုတ်တာ... သူက ငါ့ကို ပထမဆုံးအကြိမ် လာတဲ့ ဖောက်သည် တစ်ယောက်အနေနဲ့ပဲ သီးသန့်စကားပြောနေတာ… ဒါက အစကနေ ပြန်စဖို့ အခွင့်အရေးပေးတာပဲ ဖြစ်ရမယ်'

‘အခုတော့... သူ ငါ့ကို အကဲခတ်နေတုန်းပဲ… ငါ့ရဲ့ စိတ်ရင်းမှန်မှုကို သူ စမ်းသပ်နေတာ ဖြစ်ရမယ်… ဟား ဟား... တော်သေးတာပေါ့… ငါ ဒီကိုမလာခင် ကြိုတင်လေ့လာခဲ့လို့…’’

အင်ဒရူး၏ စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် ပြန်လည် တောက်ပလာပြီး စိတ်ဓာတ်များလည်း ရုတ်ချည်း တက်ကြွလာ၏။

ထို့နောက် သူက ရုတ်တရက် ထိတ်လန့်စွာ မော့ကြည့်လိုက်မိသည်။

‘နေဦး... သူက ငါ့စိတ်ထဲ ဘာတွေတွေးနေလဲဆိုတာ အခု သိနေတာလား... ငါတော့ လူပြိန်းကြီး ဖြစ်နေပြီ ထင်တယ်…’

အင်ဒရူး တစ်ယောက် လျင်မြန်စွာ ပြောင်းလဲနေသည့် သူ၏ မျက်နှာအမူအရာများကို ထိန်းချုပ်ရန် ကြိုးစားနေရင်း ဝမ်းချုပ် အီးအီးညှစ််နေသည့် လူတစ်ဦး၏ ပုံစံပေါက်နေလေတော့၏။

…

တစ်ချိန်တည်း၌ လင်ကျဲမှာ သူ့ ရှေ့တွင် တိတ်ဆိတ်နေသည့် ဝယ်သူကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

‘ဒီတစ်ယောက်က ဘာဖြစ်နေတာလဲ…’

စာအုပ်လာဝယ်သူနှင့်လည်း မတူ။ ဆိုင်ထဲရောက်သည်နှင့် အဓိပ္ပာယ်မရှိ တောင်းပန်စကား ဆိုသည်။

ထို့နောက်… သူ၏ စိတ်ခံစားချက်များမှာ မျှော်လင့်ချက်မဲ့စွာ ငိုကြွေးနေခြင်းမှသည် ငှက်ကလေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်သွားသည့် ပုံစံအထိ အမျိုးမျိုး ပြောင်းလဲနေသည်။

ကြည့်ရသည်က ထိုပုဂ္ဂိုလ်မှာ ဟန်ဆောင်မှု အတော်များပုံရသည်။ သူ့ အတွေ့အကြုံအရ ဆိုလျှင် ဤသူမှာ တစ်ချိန်က ကောင်မလေးများကို လှည့်စားခဲ့သည့် လူရှုပ်လူပွေ အဘိုးကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း… ထိုပုဂ္ဂိုလ်မှာ ယခု အဘယ့်ကြောင့် အပယ်ခံလိုက်ရသည့် လူတစ်ယောက်ကဲ့သို့ စိတ်ဓာတ်ကျနေရသနည်း...။

'ဘာတွေဖြစ်နေတာလဲဟ…’

ထိုအခိုက်၌ လင်ကျဲမှာ သူ့ကိုယ်သူ ကျောင်းစည်းကမ်းထိန်းသိမ်းရေး ဆရာတစ်ဦးကဲ့သို့ပင် ခံစားနေရ၏။ အဘိုးအိုကတော့ အတန်းထဲတွင် ဖုန်းခိုးသုံးရင်း လက်ပူးလက်ကျပ် မိနေသည့် ကျောင်းသားတစ်ဦးကဲ့သို့ပင်….။ ၎င်းက "P" အက္ခရာနှင့် စတင်သည့် ဝက်ဘ်ဆိုဒ်တစ်ခုကို ကြည့်နေရင်း လူပုံအလယ်တွင် အရှက်ခွဲခံလိုက်ရသလိုမျိုးပင်။

၎င်းမှာ အနည်းငယ် ထူးဆန်းသည့် ခိုင်းနှိုင်းချက် ဖြစ်သော်လည်း၊ လင်ကျဲသည် ထိုသူထံမှ သိမ်မွေ့သည့် အရှက်တရားနှင့် နောင်တတရားတို့ကို အမှန်တကယ်ပင် ခံစားနေရသည်။

"အဘိုး......"

လင်ကျဲသည် လည်ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဤအနေရခက်သော အခြေအနေကို စတင် ဖြိုခွင်းရန် ယဉ်ကျေးစွာ မေးလိုက်သည်။

"ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် သိပါရစေ . ကျွန်တော်နဲ့ မပတ်သက်တဲ့ ကိစ္စအတွက်ဆိုရင်တော့ ခင်ဗျားရဲ့ တောင်းပန်မှုကို ကျွန်တော် လက်ခံမှာ မဟုတ်ဘူးနော်"

အင်ဒရူး တစ်ယောက် ထိုအချိန်တွင် စိတ်ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်သည်။ လင်ကျဲ၏ စကားကို ကြားသောအခါ သူ၏ မျက်ဝန်းများ ခဏမျှ တောက်ပသွားပြီးနောက် တည်ကြည်သော မျက်နှာထားကို ပြန်လည် ဖမ်းလိုက်သည်။

‘ဒီမေးခွန်းက... စမ်းသပ်ချက်ပဲ ဖြစ်ရမယ်…’

စာအုပ်ဆိုင်ပိုင်ရှင်သည် သူ၏ စိတ်ကို အမှန်တကယ် ဖတ်နိုင်ရမည်။

သူ၏ စိတ်ရင်းမှန်မှုကို သိရှိသွားပြီ ဖြစ်သောကြောင့် တောင်းပန်ရန်နှင့် အမှားကို ပြုပြင်ရန် အခွင့်အရေး ပေးနေခြင်းပင် ဖြစ်သည်။ အကယ်၍ သူသာ ခွင့်လွှတ်မှုကို ရအောင် တောင်းပန်နိုင်ပါက စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်စိထဲတွင် လူကောင်းတစ်ယောက် ဖြစ်လာပေလိမ့်မည်။

ဤမေးခွန်း၏ အခြေအနေက သူ တောင်းပန်မည့် အကြောင်းအရာသည် စာအုပ်ဆိုင်ပိုင်ရှင်နှင့် သက်ဆိုင်နေရမည် ဖြစ်သည်။

ထိုသို့ သက်ဆိုင်သည့် ကိစ္စဆို၍လည်း ဂျရုမ်း၏ ယုတ်မာသော အစီအစဉ်အတောအတွင်း စာအုပ်ဆိုင်ပိုင်ရှင် တိုက်ရိုက် ပတ်သက်ခဲ့သည့် ကိစ္စသာ ရှိသည်။

'နေဦး… ငါ အမှန်တရား ရှာဖွေသူတွေကို စာအုပ်ဆိုင်ကို သွားပြီး ပြဿနာရှာဖို့ ညွှန်ကြားခဲ့ဖူးတယ် မလား…’

အင်ဒရူးသည် အလွန်ပင် သတိထားကာ စကားကို ဆင်ခြင်၍ ပြောလိုက်၏။

"ဟုဒ် တို့တစ်သိုက်ကို မှတ်မိသေးရဲ့လား ခင်ဗျာ…"

လင်ကျဲ ခဏမျှ စဉ်းစားလိုက်၏။

"သန်းခေါင်ယံမှာ ကျွန်တော့်ဆိုင်ထဲကို အတင်းဝင်လာတဲ့ ကလေးတွေမလား… ဘာလို့လဲ... ခင်ဗျားက သူတို့ အဖေလား"

"သူတို့အတွက် ကိုယ်စား လာတောင်းပန်တာလား"

လင်ကျဲသည် ဟုဒ်တို့ လူစုကို မေ့လုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ထိုကိစ္စအတွက် လာရောက်တောင်းပန်ခြင်းမှာမူ ကျိုးကြောင်း ဆီလျော်မှု ရှိနေသည်။

"ဟုတ်ပါတယ်"

အင်ဒရူးမှာ ပထမအဆင့် စမ်းသပ်မှုကို အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက်… သူက ဆက်ပြောလိုက်သည်။

"ကျွန်တော်က အမှန်တရား အသင်းတော်ရဲ့ ဒုတိယဥက္ကဋ္ဌ ပါ… သီအိုရီအရ ပြောရရင် ကျွန်တော်က သူတို့ရဲ့ အထက်လူကြီး ဖြစ်ပြီးတော့၊ ဟုဒ် ကတော့ ဥက္ကဋ္ဌ မာရီယာရဲ့ တူမတော်စပ်ပါတယ်… ဒါကြောင့် သူတို့ဟာ ကျွန်တော့်ရဲ့ သားသမီးတွေလို့ ပြောရင်လည်း မမှားပါဘူး"

လင်ကျဲက နားလည်ကြောင်း ခေါင်းညိတ် ပြလိုက်သည်။

လင်ကျဲ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ အင်ဒရူးမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားရ၏။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အနုစိတ်စွာ ပြုလုပ်ထားသည့် ငွေရောင်သေတ္တာလေးတစ်လုံးကို ထုတ်ပြလိုက်သည်။

"ဒါက ကျွန်တော် မစ္စတာလင့် အတွက် ပြင်ဆင်လာတဲ့ လက်ဆောင်လေးပါ… ကျွန်တော့်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်..."

သူက ငွေရောင်သေတ္တာ၏ အဖုံးကို ဂရုတစိုက် ဖွင့်လိုက်သောအခါ လက်ရာမြောက်လှသော စက်မှုလက်ရာဖြင့် ပြုလုပ်ထားသည့် စားပွဲတင် နာရီတစ်လုံး ပေါ်ထွက်လာလေတော့သည်။

***

All Chapters