← Chapters

အခန်း (၂၆၈)

Vol. 20 Ch. 268

အခန်း (၂၆၈)

Vol. 20 Ch. 268

အပိုင်း(၂၆၈)

ဖရန်စစ်တို့ တစ်သိုက်မှာ ဆေးကုသမှု ခံယူထားကြသော်လည်း၊ စည်းကမ်းချိုးဖောက်ခဲ့ကြသူများ ဖြစ်သဖြင့် အသက်ရှင်ရုံ သာ ကုသပေးထားခြင်း ဖြစ်သည်။ သူတို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲပင်။

ယခုအချိန်တွင် သူတို့အားလုံးမှာ ကုလားထိုင်များပေါ်တွင် လက်ထိပ်ခတ်ခံထားရပြီး၊ စစ်ဆေးမေးမြန်းမှု မစတင်မီကပင် စိတ်ဓာတ်များ ပြိုလဲကာ နာကျင်မှုကြောင့် ညည်းတွားနေကြသည်။

ဤနေရာမှာ ထောက်လှမ်းရေးဌာန၏ ‘အကျဉ်းခစန်း’ ဖြစ်ပြီး ရာဇဝတ်သားများကို စစ်ဆေးမေးမြန်းရန် အထူး အသုံးပြုသည့် နေရာဖြစ်သည်။

ဖရန်စစ်တို့ အဖွဲ့မှာ ဤနေရာသို့ တစ်ခါမှ ခြေမချဖူးသော်လည်း၊ ဤနေရာနှင့် ပတ်သက်သည့် ကြောက်မက်ဖွယ် သတင်းများကို ကြားဖူးကြသည်။ ဤနေရာသို့ ရောက်လာပြီဆိုလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သူရဲကောင်းကျင့်ဝတ်များမှာ ခေတ္တ ပျောက်ကွယ်သွားတတ်သည်။ အပြစ်ရှိသူဖြစ်စေ၊ အမှားလုပ်မိသူဖြစ်စေ၊ ဤနေရာသို့ ရောက်လာသူကို လူသားတစ်ယောက်ကဲ့သို့ပင် မဆက်ဆံတော့ပေ။

“ဟင့်အင်း... ဟင့်အင်း... ကျွန်တော် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကို ထိခိုက်အောင် ဘာမှ မလုပ်ခဲ့ပါဘူး… ကျွန်တော်က အရမ်း သစ္စာရှိတာပါ… ဒါတွေ အားလုံးက မတော်တဆမှုတွေပဲ... ဝယ်လ် ရှိနေမယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားခဲ့ဘူး… တကယ်လို့ သိခဲ့ရင်... ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင် အဲဒီနားကို သွားဖို့ အိပ်မက်တောင် မမက်ရဲပါဘူး…”

ဖရန်စစ်မှာ ထိတ်လန့်တကြား အော်ဟစ်ကာ ခုခံပြောဆိုနေသည်။

သူသည် ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်လုနီးပါး ဖြစ်နေသည်။ သာမန် စာအုပ်ဆိုင်လေး တစ်ဆိုင်ကို သွားသိမ်းသည့် ရိုးရှင်းသော တာဝန်တစ်ခုဟု သူ ထင်ခဲ့သော်လည်း၊ တကယ့်လက်တွေ့တွင် ဂျူရက်ဆစ် ပန်းခြံ ထဲ ရောက်သွားသကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

ဖရန်စစ်မှာ လူအ တစ်ယောက် မဟုတ်ပေ။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် စုစည်းထားသည့် အင်အားများကို ကြည့်ပြီး သူ အမှားကြီး မှားခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူ မတော်တဆ ရန်သူကို သတိပေးလိုက်မိပြီး ဝယ်လ်ကို ဖမ်းဆီးမည့် အစီအစဉ်ကိုလည်း ပျက်ပြားစေခဲ့သည်။

‘ဒါပေမဲ့ ဒါတွေ အားလုံးက မတော်တဆမှုဖြစ်သွားတာလေ… ငါက ခွင့်ပြုချက်မရှိဘဲ လုပ်ခဲ့တာ မှန်ပေမဲ့ ဘာမှတောင် မလုပ်ရသေးဘူး… အများဆုံး လုပ်ခဲ့တာ ဆိုလို့ စာအုပ်ဆိုင်နားမှာ ဝေ့လည်နေခဲ့တာပဲ ရှိတာ... ဒါက ရာဇဝတ်မှု မမြောက်နိုင်ပါဘူး… ဘာလို့ ငါ့ကို ဒီ အကျဉ်းချခန်းထဲ ခေါ်လာရတာလဲ…’

ဖရန်စစ် အံကြိတ်ထားမိ၏။ သူ ဘယ်လိုပင် စဉ်းစားစဉ်းစား အဖြေရှာမရပေ။ ဤနေရာသို့ ရောက်လာပြီဆိုမှတော့ သူ၏ လျှို့ဝှက်ချက်များ အားလုံး ပေါ်လာတော့မည် ဖြစ်သည်။ မပြောဘဲ နေလျှင်လည်း တစ်ချိန်ချိန်တွင် အဖြေကို ညှစ်ထုတ်ခံရမည် ဖြစ်သဖြင့် ကိုယ်ကပဲ ဦးအောင် ပြောလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့နှင့်… ဖရန်စစ်သည် အထက်လူကြီးများကို ငဲ့ညှာမနေတော့ဘဲ တော့ဒ်၏ အမိန့်နှင့် မေလီဆာ တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ အမှန်တရားအားလုံးကို ပြောပြလိုက်တော့သည်။

ကလောက်၏ မျက်နှာက မှောင်မည်း သွားခဲ့၏။

‘ငါက မတော်တဆလို့ ထင်နေတာ၊ တကယ်တော့ ဒါတွေ အားလုံးက ကြိုတင် ကြံစည်ထားတာပေါ့ ဟုတ်လား…’

‘စာအုပ်ဆိုင်ထဲကို အတင်းဝင်ဖို့ပါ ရည်ရွယ်ထားတာလား…’

ကလောက် ဖရန်စစ်တို့၏ အော်ဟစ်သံများကို လျစ်လျူရှုကာ အခန်းထဲမှ ထွက်လာခဲ့ပြီး၊ လက်အောက်ငယ်သားများကို ဤအုပ်စုအား ပြင်းထန်စွာ အပြစ်ပေးရန် ညွှန်ကြားလိုက်သည်။

သူတို့ကို အမှောင်ခန်းထဲတွင် သုံးရက်တိုင်တိုင် အစာနှင့် ရေ မကျွေးဘဲ ပိတ်လှောင်ထားမည် ဖြစ်ပြီး၊ ထို့နောက်တွင်မူ ရာထူးချခြင်း သို့မဟုတ် အလုပ်ထုတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ရုံးကို ပြန်ရောက်လာပြီးနောက်တွင် ကလောက်သည် ဂျိုးဇက်ကို တွေ့လိုက်ရ၏။ သူ၏ နောက်တွင်တော့ အမှား လုပ်ထားမိဆသာ မေလီဆာမှာ မျက်နှာငယ်လေးနှင့် လိုက်ပါလာသည်။

မေလီဆာ၏ ခန္ဓာကိုယ်ပေါ်တွင် အစင်းရာအချို့ ရှိသော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိ မထားသဖြင့် ကလောက် သက်ပြင်းချနိုင်ခဲ့သည်။

“ဆရာ…”

ကလောက် သူတို့ဆီသို့ သွားကာ စစ်ဆေးမေးမြန်းမှု ရလဒ်များကို တင်ပြလိုက်၏။

ဂျိုးဇက်က စိတ်ပျက်လက်ပျက်ဖြင့် ပုခုံးတွန့်ပြသည်။

“ဒီချစ်သမီးလေးကတော့ လူကို သတိလစ်အောင် ရိုက်ပြီးရင် ငါ့ကိုပဲ အမှိုက်သိမ်းခိုင်းနေတာပဲ…”

“ဟမ့်… သူတို့က အရင် စတာလေ”

မေလီဆာက ပြန်ပက်လိုက်သည်။

“နေပါဦး… မင်းအဖေက ဘယ်သူလဲဆိုတာ သိသိကြီးနဲ့ ဘယ်သူက မင်းကို အရင် လာရန်စမှာလဲ…”

“သူတို့က ဖေဖေက အောင်မြေနင်းစားတဲ့ လူလိမ်ကြီးလို့ ပြောတာကိုး…”

“...”

ဂျိုးဇက် တစ်ယောက် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်၏။

“အဲ့တာက ထားပါ… ခွင့်ပြုချက်မရှိဘဲ အာဏာသုံးစွဲမှုနဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားအောင် လုပ်ခဲ့တဲ့ ကိစ္စကော ဘယ်လိုလဲ…”

မေလီဆာ၏ မျက်နှာ ချက်ချင်း ငြိုးငယ်သွား၏။

“အဲဒါကတော့ သမီး အမှားပါ...”

“ဒီကိစ္စကို ငါ ဖြေရှင်းပေးမယ်… ဒါပေမဲ့ မင်း လျှို့ဝှက်မစ်ရှင်တစ်ခုကို သွားရမယ်…”

“ဟုတ်...”

ဂျိုးဇက် သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးရင်း မိမိကိုယ်မိမိ လက်လျှော့ခဲ့စဉ်က အချိန်များကို သတိရသွားသည်။ သမီးဖြစ်သူ မေလီဆာမှာလည်း ထိုအတင်းအဖျင်း စကားများကြောင့် အဆိုးဝါးဆုံး ခံစားခဲ့ရသူ ဖြစ်သည်။

“ဒီနေ့ကစပြီး ဘယ်သူမှ အဲဒီလို ထပ်မပြောစေရဘူး”

ဂျိုးဇက် ဆုံးဖြတ်ချက် ချရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

‘မစ္စတာလင် ပြောတာ မှန်တယ်… မိသားစုကို ပိုပြီး ကာကွယ်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရင် တိုးတက်အောင် လုပ်ရမယ်…”

'ကဲပါလေ… အော်စဝေါလ်ကနေပဲ စကြတာပေါ့…’

…

ဝယ်လ်နှင့် အခြားသူများကို ပြန်လွှတ်လိုက်ပြီးနောက် လင်ကျဲသည် ယနေ့အတွက် ဖောက်သည် ထပ်လာမည် မဟုတ်တော့ဟု ခံစားလိုက်ရသဖြင့် တရားထိုင်ကာ အိပ်မက်ဘုံထဲတွင် မှော်ပညာနှင့် ဓားသိုင်းပညာများကို ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

လင်ကျဲ အိမ်မက်ဘုံ အတွင်း ရောက်ရှိပြီးနောက် သူ ဖန်တီးထားသည့် အခြေခံ အိပ်မက်ဘုံထဲမှ ထွက်ခွာကာ အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် ရပ်နေသည်။ အခြားလူများ၏ အိပ်မက်ဘုံများစွာမှာ ညကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ပင် တဖျတ်ဖျတ် တောက်ပနေကြသည်။

များသောအားဖြင့် လင်ကျဲသည် ဤနေရာတွင်ပင် သူ၏ ပညာရပ်များကို လေ့ကျင့်လေ့ရှိသည်။ အခြေခံ အိပ်မက်ဘုံမှာမူ သူ၏ အရင်အိမ်ဟောင်းပုံစံဖြစ်ပြီး သုတေသနအတွက်သာ အသုံးပြုသည်။

ထို့ပြင်… သူသည် တစ်ခါတစ်ရံတွင် အခြားသူများ၏ အိပ်မက်များကိုလည်း ဤနေရာမှတစ်ဆင့် တွေ့မြင်ရတတ်သည်။

ယနေ့တွင်လည်း ထုံးစံအတိုင်း လင်ကျဲသည် လေ့ကျင့်ခန်းပြီးနောက် စိတ်ဝင်စားစရာ အိပ်မက်ဘုံတစ်ခုကို ရှာဖွေရန် ကြံစည်လိုက်သည်။

မကြာခင်မှာပင် သူသည် စိမ်းဖန့်ဖန့် အရောင်ရှိသည့် အိပ်မက်ဘုံတစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရ၏။ ၎င်း၏ ပိုင်ရှင်က သူ ရင်းနှီးနေသည့် မျက်နှာတစ်ခုပင်။

ရွှေဝါရောင်ဆံပင်များနှင့် သမုဒ္ဒရာပြာရောင် မျက်ဝန်းပြာများ…

မိုးသည်းသည့် ညတစ်ညတွင် သူ့ စာအုပ်ဆိုင်ထဲသို့ ဝင်လာခဲ့ဖူးသည့် ‘အဲ့လ်ဖ်’ ကော့စ်ပလေးဝတ် ကောင်မလေး…

“ဒိုရစ်လား...”

လင်ကျဲ တစ်ယောက် အိပ်မက်များကြား ကူးလူးပျံသန်းနေရင်း ရုတ်တရက် ရပ်တန့်သွားကာ အံ့အားသင့်သွားခဲ့၏။ သူ အိပ်မက်၏ အစွန်းတွင် ရပ်ကာ အထက်စီးမှ ကြည့်လိုက်ရင်း သူမြင်နေရသည့် အရာမှာ မှန်ကန်ကြောင်း နောက်တစ်ကြိမ် သေချာစွာ အတည်ပြုလိုက်သည်။

သူ အမြင်မမှားချေ။ သစ်တောအုပ်ကြီးထဲတွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည့် လေးနက် တည်ငြိမ် လှပလွန်းသော အဲ့လ်ဖ် မိန်းမငယ်လေးမှာ ကျိကျစ်ရှို့၏ အကြံပြုချက်ဖြင့် မိုးရွာသည့် ညတစ်ညတွင် သူ့ဆိုင်သို့ လာရောက်ကာ ‘အမှတ်တံဆိပ်နှင့် အမှတ်အသားများ’ စာအုပ် အုပ်ရေ ၃၀ တိတိကို ဝယ်ယူသွားခဲ့သည့် ငွေတွင်းကြီး ... အဟမ်း... ထိပ်တန်းဖောက်သည်ကြီးပင် ဖြစ်တော့သည်။

“တကယ့်ကို သူပဲ... တိုက်ဆိုင်လိုက်တာ...”

လင်ကျဲသည် ဖောက်သည်များကို နှုတ်ဆက်နေကျ ဖြစ်သည့် ဖော်ရွေသော အပြုံးမျိုးကို ပြုံးလိုက်မိသည်။

“လပိုင်းလောက်တောင် ကြာသွားပြီပဲ... သူရဲ့ မျိုးနွယ်စုဝင်တွေ အဲဒီစာအုပ်ကို ဖတ်ပြီးသွားကြပြီလား မသိဘူးလား”

အခြားသူများ၏ အိပ်မက်များကို ကြည့်ရှုနေကျအတိုင်းပင် လင်ကျဲ တစ်ယောက် သူ၏ အသိစိတ်ကို အောက်သို့ နစ်မြုပ်စေလိုက်ပြီး ပြင်ပ ဟင်းလင်းပြင်နှင့် အိပ်မက်ဘုံကြားရှိ နယ်နိမိတ်ကို ဖြတ်ကျော်ကာ မိန်းမငယ်လေး၏ အိပ်မက်ထဲသို့ ရောက်ရှိသွားတော့သည်။

***

All Chapters