အခန်း (၂၈၁)
Vol. 21 Ch. 281
အပိုင်း (၂၈၁)
ခေတ်ဟောင်းဆန်ဆန် စက်မှုလက်ရာများဖြင့် ဖန်တီးထားသည့် နာရီပုံစံ အရာဝတ္ထုလေးကို မြင်လိုက်ရသောအခါ လင်ကျဲ မျက်နှာ မပျက် အောင် မနည်းထိန်းထားလိုက်ရ၏။
သူသည် စိတ်မသက်မသာ ဖြစ်နေသည့် အင်ဒရူးကို တစ်ချက်ကြည့်ကာ နာရီကို တစ်ချက် ပြန်ကြည့်လိုက်သည်။
‘ပေးစရာ လက်ဆောင်တွေ အများကြီး ရှိနေတာတောင် နာရီကို ရွေးရတယ်လို့… ခင်ဗျားက တောင်းပန်ဖို့ လာတာလား… ကျိန်စာတိုက်ဖို့ လာတာလား…’
လင်ကျဲက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
(ဘာသာပြန်သူ မှတ်ချက် - တရုတ်ယဉ်ကျေးမှုတွင် လူကြီးပိုင်းအား နာရီလက်ဆောင်ပေးခြင်းသည် နာရေးပို့ဆောင်ခြင်းနှင့် အသံထွက်ဆင်သဖြင့် အမင်္ဂလာဟု ယူဆကြသည်။)
သို့သော်လည်း လင်ကျဲ ဤစကားကို အပြင်သို့ ထုတ်မပြောခဲ့ပေ။
အင်ဒရူးသည် အဇီး ဒေသခံတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသူဖြစ်ကြောင်း ထင်ရှားလှသည်။ အင်္ဂလိပ် ယဉ်ကျေးမှုအရမူ 'နာရီလက်ဆောင်ပေးခြင်း' သည် 'နာရေးပို့ဆောင်ခြင်း' ဟု အဓိပ္ပာယ်ရသည့် အသံထွက်တူ စကားလုံးမျိုး မဟုတ်ချေ။
အမှန်တကယ်တွင် လင်ကျဲသည်လည်း ပုံမှန်အားဖြင့် အဇီးသုံး အင်္ဂလိပ်ဘာသာဖြင့်သာ ပြောဆိုလေ့ရှိပြီး ကျိကျစ်ရှို့နှင့် စကားပြောသည့်အခါမှသာ မန်ဒရင်းဘာသာစကားကို အသုံးပြုခြင်း ဖြစ်သည်။
သူ ဖြန့်ဝေထားသော စာအုပ်များသည်လည်း မန်ဒရင်းနှင့် အင်္ဂလိပ် နှစ်ဘာသာတွဲ စာအုပ်များသာ ဖြစ်ကြသည်။
ထို့အပြင် အင်ဒရူးကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးအနေဖြင့် ယခုကဲ့သို့ နှိမ့်ချစွာ လာရောက်ပြီးမှ နောက်ပြောင်စရာ အကြောင်းလည်း မရှိပေ။
‘ဒါက အမှားတစ်ခုပဲ ဖြစ်မှာပါ…’
လင်ကျဲ သိပ်တော့ မကျေနပ်မိ…။
'ဒါပေမဲ့ အင်ဒရူးက အမှန်တရား အသင်းတော်ရဲ့ ဒုတိယဥက္ကဋ္ဌပဲလေ…’
အမှန်တရား အသင်းတော် ကဲ့သို့သော ပညာရှင် အဖွဲ့အစည်းတစ်ခုတွင် ဒုတိယဥက္ကဋ္ဌ ရာထူးကို ရရှိရန်မှာ ဗဟုသုတ အလွန်နှံ့စပ်သူ ဖြစ်ရပေမည်။ တကယ်ဆို သူက ဘာသာစကားနှစ်ခုလုံး၏ နက်နဲသော အဓိပ္ပာယ်များကို နားလည်နိုင်စွမ်း ရှိသင့်ပေသည်။
လင်ကျဲ သံသယဖြစ်မိသော်လည်း အင်ဒရူး၏ ပုံစံကို ကြည့်ရသည်မှာ ထိုမျှအထိ သိပုံမရချေ။
လင်ကျဲ အတန်ကြာ စဉ်းစားပြီးနောက် လက်ဆောင်ပစ္စည်းဆီသို့ အကြည့်ကို ပြန်လည်ပို့လိုက်၏။
ငွေရောင်သေတ္တာမှာ အနံ ၁၀ စင်တီမီတာနှင့် အမြင့် ၂၀ စင်တီမီတာခန့် ရှိသည်။ စိမ်းပြာရောင် ကြွေရည်သုတ်ထားသည့် အပြင်ဘက်အလွှာက သေတ္တာကို အနုစိတ်ပြီး ကျက်သရေရှိစေသည်။
ပို၍ အံ့ဩစရာကောင်းသည်က အတွင်းပိုင်းတွင် ရှိသော အရာများပင် ဖြစ်၏။ အပြင်ဘက်တွင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့် ငွေရောင်စက်သွားများနှင့် သိပ်သည်းလှသည့် စက်မှုတည်ဆောက်ပုံ အလွှာများမှာ ကြည့်မဝစရာပင်။
သေတ္တာ၏ ထိပ်ပိုင်းတွင်တော့ စင်ကြယ်သော ငွေထည်ဘောင်အတွင်း မြှုပ်နှံထားသည့် ပတ္တမြား နာရီမျက်နှာပြင် ရှိပြီး နာရီလက်တံနှင့် မိနစ်လက်တံတို့မှာ သီးခြားစီ ရွေ့လျားနေကြသည်။ နာရီမျက်နှာပြင်ပေါ်ရှိ အပေါက်ဖောက် ပန်းပုလက်ရာများမှာ ရှေးဟောင်း ပန်းပု လက်ရာများကဲ့သို့ပင် အလွန်တရာ အနုစိတ်လှပေသည်။
ကျဉ်းမြောင်းလှသည့် နေရာလွတ်အတွင်း အလှဆင်ပစ္စည်းများကို အချိုးကျ စီစဉ်ထားပုံမှာ ပြည့်စုံလွန်းလှသည်။ ဤလက်ရာမှာ နတ်တို့ဖန်ဆင်းသည့်အလား ထူးခြားဆန်းပြားလှ၏။
အဖိုးတန် ကျောက်မျက်ရတနာများနှင့် ငွေထည်ကိုယ်ထည်တို့ ပေါင်းစပ်ထားမှုကို ကြည့်ရုံဖြင့် ဤပစ္စည်းမှာ အဖိုးဖြတ်မရသော ရတနာတစ်ပါး ဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။
သို့သော်လည်း ထိုသေးငယ်သော နာရီ၏ အောက်ခြေတွင် ထူးဆန်းသော ကြွက်ပြေးဘီး နှင့် ဆင်တူသော အစိတ်အပိုင်းတစ်ခု ရှိနေသည်။
‘ဘီးမှာ ရှိနေတာက... ပိုးလောင်းတစ်ကောင်လား…’
လင်ကျဲသည် အံ့ဩသွားသဖြင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိ၏။
ဝမ်းဗိုက်တွင် ထူးဆန်းသည့် အဖြူရောင် အစက်အပြောက်များပါသည့် မဟူရာရောင် ပိုးလောင်းတစ်ကောင် ဘီးအတွင်း၌ ရှိနေသည်မှာ အမှန်ပင်။
ဤပိုးကောင်သည် အမြဲတစေ ဖြည်းညှင်းစွာ ရှေ့သို့ တိုးနေပြီး ၎င်း၏ လှုပ်ရှားမှုကြောင့် ဘီးမှာ လည်ပတ်နေသည်။ ဘီးလည်ပတ်သွားသည့်အခါ ချိတ်ဆက်ထားသော စက်သွားများ နိုးထလာပြီး နာရီမှာ တချက်တချက် မြည်ကာ အလုပ်လုပ်တော့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ထိုသေးငယ်သော ဘီးလေးသည် နာရီတစ်ခုလုံး၏ အင်ဂျင် ဖြစ်ပေသည်။
လင်ကျဲ လုံးဝ ဆွံ့အသွားရ၏။
‘ဘာတွေလဲ… ပိုက်ဆံချမ်းသာတဲ့သူတွေရဲ့ အကြိုက်က တကယ်ကို ထူးဆန်းတာပဲ… ကြောင်တွေ၊ ကြွက်တွေကို ဘီးပေါ်မှာ ပြေးခိုင်းရတာ အားမရလို့ အခု ပိုးလောင်းတွေကိုပါ အသုံးချနေကြပြီလား...
ပိုးကောင်လေးရဲ့ လုပ်အားကိုတောင် မညှာမတာ အသုံးချပြီး အပျော်အပါး လုပ်နေကြတာလား... ခင်ဗျားတို့ ဒီ အရင်းရှင် လူတန်းစားတွေဟာ တကယ့် သွေးစုပ်ဖုတ်ကောင်တွေပဲ… သတ္တဝါလေး တစ်ကောင်ရဲ့ လုပ်အားကိုတောင် ချန်မထားကြဘူး…’
သို့သော်လည်း တစ်ခုတော့ ရှိသည်...။
ပစ္စည်းစုဆောင်းသူ တစ်ယောက်၏ အမြင်အရ ဆိုလျှင် ဤပိုးကောင်ဘီးကို ထည့်သွင်းထားခြင်းကြောင့်ပင် ဤနာရီ၏ တန်ဖိုးမှာ ကောင်းကင်သို့ ထိုးတက်သွားရသည်။
၎င်းသည် သာမန် ဈေးကြီးသော အလှဆင်ပစ္စည်းတစ်ခုအဆင့်မှ ထူးခြားသော အနုပညာ စိတ်ကူးစိတ်သန်းနှင့် လက်ရာမြောက်လှသော ဖန်တီးမှုတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခြင်းပင် ဖြစ်သည်။
လင်ကျဲ၏ အမြင်အရမူ ထိုပိုးကောင်ကြောင့် ဤလက်ဆောင်၏ တန်ဖိုးမှာ အနည်းဆုံး နှစ်ဆခန့် မြင့်တက်သွားပေလိမ့်မည်။
ကြည့်ရသည်က... ဤပစ္စည်းမှာ အမှန်တရား အသင်းတော် ရှိ အထူးစက်မှုဌာနတစ်ခုမှ မှာယူဖန်တီးထားသည့် ပစ္စည်းဖြစ်ဟန်တူသည်။ ၎င်းမှာ အလွန်ပင် ဈေးကြီးပေလိမ့်မည်။
‘ဟူး... အင်ဒရူးက တကယ်ပဲ တောင်းပန်ဖို့ စိတ်ရင်းနဲ့ လာခဲ့တာပဲ…’
‘ဒါပေမဲ့ ခင်ဗျားရွေးတဲ့ လက်ဆောင်ကတော့... ထားပါတော့လေ… ခင်ဗျားရဲ့ စိတ်ရင်းကိုပဲ ကြည့်ပြီး ဒါကို နားလည်မှုလွဲတာလို့ပဲ သတ်မှတ်ပေးလိုက်ပါ့မယ်…’
လင်ကျဲသည် အင်ဒရူး၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်၏။
"ဒီလက်ဆောင်က... မဆိုးပါဘူး… ကျွန်တော် လက်ခံလိုက်ပါ့မယ်"
သူ၏ လေသံမှာ အနည်းငယ် ဝန်လေးနေသေးသည်။ မည်သို့ပင်ဖြစ်စေ တရုတ်လူမျိုးတစ်ဦး ဖြစ်သဖြင့် ထိုကဲ့သို့သော လျှို့ဝှက်အဓိပ္ပာယ်များကို သူ သတိထားမိနေဆဲပင်။
အခြားသော အခြေအနေမျိုးတွင်သာ ဆိုလျှင် လင်ကျဲ ပေါက်ကွဲမိသွားနိုင်သည်။
သို့သော်လည်း အပြစ်ဆိုဖွယ်မရှိသည့် လက်ရာနှင့် ပိုးကောင်ဘီးဟူသော ထူးခြားသည့် စိတ်ကူးပေါင်းစပ်မှုမှာ လင်ကျဲ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် လုံလောက်နေခဲ့သည်။ ထို့အပြင် အင်ဒရူးမှာလည်း အတော်ပင် စိတ်ရင်းမှန်ပုံရသဖြင့် လင်ကျဲ လက်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဟူး... တော်ပါသေးရဲ့.. မစ္စတာလင့်ရဲ့ သဘောထားကြီးမှုနဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ… ဟုဒ် နဲ့ ကျန်တဲ့သူတွေအားလုံးလည်း ခင်ဗျားကို အမြဲတမ်း ကျေးဇူးတင်နေကြမှာပါ"
အင်ဒရူး သက်ပြင်းတစ်ချက်ကို အပြည့်အဝ ချလိုက်၏။ မြန်နေသည့် နှလုံးခုန်သံများမှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ စိုးရိမ်ပူပန်မှုများ လျော့ကျသွားချိန်မှသာ သူ၏ ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေကြောင်း သူ သတိပြုမိတော့၏။
လင်ကျဲ၏ မျက်နှာ ညိုမှောင်သွားသည်ကို မြင်လိုက်ရစဉ်က သူ၏ နှလုံးမှာ ရပ်လုမတတ် ဖြစ်သွားခဲ့ရသည်။ အကယ်၍ စာအုပ်ဆိုင်ပိုင်ရှင်သာ ဤလက်ဆောင်ကို သဘောမကျပါက အင်ဒရူးအနေဖြင့် ဤဆိုင်ထဲမှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည် မဟုတ်ချေ။ ပို၍ အရေးကြီးသည်မှာ… မည်သည့်အချက်က မှားယွင်းသွားသည်ကို သူ လုံးဝ မသိရှိဘဲ ဇဝေဇဝါ ဖြစ်နေရခြင်းပင်။
အင်ဒရူးသည် စာအုပ်ဆိုင်နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို အချိန်အတော်ကြာ လေ့လာခဲ့သည်။ လင်ကျဲမှာ ထူးခြားဆန်းပြားသော အရာများ၊ ရှေးဟောင်းခေတ်များနှင့် ပတ်သက်သည့် အရာများကို အထူးနှစ်သက်သည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
ဥပမာအားဖြင့် ဝယ်လ်၏ အပြောင်မြောက်ဆုံး လက်ရာဖြစ်သော ကျောက်ဂါဂွိုင်းနှင့် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ရှေးဟောင်းပစ္စည်းဖြစ်သည့် နတ်ဆိုးဓား တို့ကဲ့သို့ပင်။
ထို့ကြောင့်ပင်… သေချာစွာ စဉ်းစားပြီးနောက် 'အချိန်စက်ကွင်းပိုးကောင်' မှာ အသင့်တော်ဆုံး လက်ဆောင်ဖြစ်မည်ဟု အင်ဒရူး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လင်ကျဲ၏ အတွေး မှန်ပါသည်။ အဓိကအချက်မှာ နာရီ မဟုတ်ပေ။
၎င်း၏ စစ်မှန်သော အနှစ်သာရမှာ နာရီကို အားအင်ပေးထားသည့် ပိုးလောင်းကဲ့သို့ သတ္တဝါပင် ဖြစ်သည်။ စက်မှုကိုယ်ထည်နှင့် အခြားသောအရာများမှာ ထိုပိုးကောင်ကို ထိန်းချုပ်ရန်နှင့် ၎င်း၏ စွမ်းအင်ကို အမြင့်ဆုံး အသုံးချနိုင်ရန်အတွက်သာ အသုံးတော်ခံရခြင်း ဖြစ်သည်။
၎င်းမှာ အချိန်ကို လှည့်စားနိုင်သည့် စွမ်းအားပင် ဖြစ်၏။
'အချိန်စက်ကွင်းပိုးကောင်' ဆိုသည်မှာ လေးဘက်မြင် ဒိုင်မန်းရှင်း၏ ထူးခြားဆန်းပြား သတ္တဝါတစ်မျိုး ဖြစ်သည်။ အရှိတရားအရ ၎င်းကို 'ပိုးကောင်' ဟု ခေါ်ဆိုခြင်းမှာ မမှန်ကန်သော်လည်း ခေါ်ရလွယ်ကူရန်သာ သုံးနှုန်းခြင်း ဖြစ်သည်။ ယခု မြင်တွေ့နေရသည့် ပိုးလောင်းကဲ့သို့ ပုံသဏ္ဌာန်မှာ သုံးဘက်မြင် လောကအတွင်းသို့ ၎င်း၏ ပုံရိပ်ကို ထင်ဟပ်ပြသထားခြင်းသာ ဖြစ်သည်
၎င်းကို ထိန်းချုပ်ထားသည့် ပတ်လည်ရှိ စက်ယန္တရားများမှာ အင်ဒရူး၏ မိသားစုအတွင်း မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည့် နှစ်ပေါင်းများစွာကြာ သုတေသနပြုမှု၏ အသီးအပွင့်များ ဖြစ်သည်။
အမှန်စင်စစ် ၎င်းမှာ သူ့ မျိုးနွယ်စု၏ လျှို့ဝှက်လက်နက်ဖြစ်သည်။ လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သည့် အင်ဒရူးမှာ ထိန်းသိမ်းစောင့်ရှောက်သူသာ ဖြစ်သည်။
သို့သော်လည်း… လွမ်းရေးထက် ဝမ်းရေးခက် အခြေအနေတွင် အင်ဒရူးသည် ပိုမိုကြီးမားသော အကျိုးစီးပွားကို ဦးစားပေးရန် ဆုံးဖြတ်ခဲ့သည်။
ထို့အပြင်… စာအုပ်ဆိုင် ပိုင်ရှင်ထံ အကူအညီ တောင်းခံပြီးနောက်တွင် သူ၏ ကံကြမ္မာသည် စာအုပ်ဆိုင်နှင့် တစ်သားတည်း ဖြစ်သွားမည်ဖြစ်ရာ သူ၏ မျိုးနွယ်စုမှာလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။
သို့ဖြစ်ရာ… အစကတည်းက အားလုံးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ဤနည်းဖြင့် သူ၏ စိတ်ရင်းမှန်မှုနှင့် စေတနာကို ဖော်ပြနိုင်မည် ဖြစ်သည်။
သို့ပါသော်လည်း လင်ကျဲ၏ ပထမဆုံး တုံ့ပြန်မှုမှာ မျှော်လင့်မထားစွာပင် မနှစ်မြို့သည့် အမူအရာ ဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်ပင် နောက်ဆုံးတွင်မူ သူ ထိုလက်ဆောင်ကို ဝန်လေးစွာဖြင့် လက်ခံလိုက်ပြီ ဖြစ်လေသည်။
(ဘာသာပြန် မှတ်ချက် ။
သုံးဖက်မြင် ဒိုင်မန်းရှင်း = အလျား + အနံ + အမြင့်
လေးဖက်မြင် ဒိုင်မန်းရှင်း = အလျား + အနံ + အမြင့် + အချိန်)
***