← Chapters

အခန်း (၂၈၂)

Vol. 21 Ch. 282

အခန်း (၂၈၂)

Vol. 21 Ch. 282

အပိုင်း(၂၈၂)

ဟူး...

အင်ဒရူး တစ်ယောက် မောပန်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ဤမျှ အဖိုးမဖြတ်နိုင်သည့် လက်ဆောင်ကိုမှ အဘယ်ကြောင့် မနှစ်မြို့ရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။

အင်ဒရူး နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များကို စဉ်းစားနေစဉ်မှာပင် ကြောက်မက်ဖွယ် အတွေးတစ်ခုမှာ သူ၏ စိတ်ထဲသို့ ဝင်လာပြန်သည်။

‘ဒါမှမဟုတ်... စာအုပ်ဆိုင်ပိုင်ရှင်က အချိန်ကို ထိန်းချုပ်တဲ့ အတတ်ပညာကို တတ်မြောက်ထားပြီးသား မလို့ ဒီပိုးကောင်လေးကို မြင်တဲ့အခါ အရေးမပါတဲ့ လက်ဆောင်တစ်ခုလို့ ထင်ပြီး စိတ်ဆိုးသွားတာလား…’

အင်ဒရူး တစ်ယောက် ထိတ်လန့် တုန်လှုပ် သွားခဲ့၏။

သို့သော်လည်း… ပို၍ စဉ်းစားလေလေ၊ ထိုအချက်မှာ ပို၍ ယုတ္တိတန်လေလေ ဖြစ်နေသည်။

အချိန်စက်ကွင်းပိုးကောင် ဆိုသည်မှာ အခရာ အဆင့် ရှိသူတစ်ဦး၏ အမြင်တွင်ပင် အလွန်ရှားပါးလှသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။

လက်ဆောင်တစ်ခုအနေဖြင့် ၎င်းသည် ဧကန်အမှန်ပင် တန်ဖိုးကြီးလှသည်။ အနည်းဆုံးတော့ နတ်ဆိုးဓားနှင့် တန်ဖိုးချင်း ညီမျှပေလိမ့်မည်။

ထို့ကြောင့် စာအုပ်ဆိုင်ပိုင်ရှင်၏ ဝန်လေးနေမှုမှာ ဤပစ္စည်း၏ တန်ဖိုးနည်းပါးမှုကြောင့် မဟုတ်သည်မှာ သေချာသလောက် ရှိနေသည်။

အချိန်စက်ကွင်းပိုးကောင် တစ်ကောင် ထုတ်ဖော်နိုင်သည့် စွမ်းအားမှာ အသုံးပြုသူ၏ 'အီသာ' ပမာဏအပေါ်တွင် လုံးဝ မူတည်နေသည်။

များပြားလှသည့် ကန့်သတ်ချက်များကြောင့် ဖျက်ဆီးခြင်း အဆင့် တစ်ဦးက သူ၏ စွမ်းအားအကုန် ထုတ်သုံးလျှင်ပင် နယ်မြေအသေးစားလေး တစ်ခု အပေါ်တွင်သာ သက်ရောက်မှု ရှိစေနိုင်သည်။

အခြေခံအားဖြင့်… ၎င်းကို အသက်အန္တရာယ်နှင့် ကြုံရသည့် အလွန် အရေးကြီးသော အခိုက်အတန့်များတွင်သာ အသက်ကယ်ရန် အသုံးပြုနိုင်သည်။

သို့သော်လည်း… အသုံးမပြုနိုင်မီမှာတင် အသတ်ခံလိုက်ရပါက ဤအကောင်လေးမှာ အသုံးမဝင်တော့ချေ။ ၎င်း၏ အသုံးဝင်မှုမှာ အလွန်ပင် ကန့်သတ်ချက် ရှိလှသည်။

သို့သော်ငြားလည်း ၎င်းသည် ကံကြမ္မာကိုပင် ပြောင်းလဲနိုင်စွမ်းရှိသော အစွမ်းထက် လက်နက်တစ်ခု ဖြစ်နေဆဲပင်။

ထိုသို့သာ မဟုတ်ပါက အင်ဒရူး၏ မိသားစုသည် အလွန် ကြီးမားသော ကုန်ကျစရိတ်ကို အကုန်အကျခံကာ ဤစက်ယန္တရားကို တည်ဆောက်မည် မဟုတ်သလို၊ ဤပစ္စည်းကိုလည်း မျိုးနွယ်စုခေါင်းဆောင် အဆက်ဆက် လျှို့ဝှက်စွာ လက်ဆင့်ကမ်းရသည့် မိသားစု အမွေအနှစ်အဖြစ် ထိန်းသိမ်းထားမည် မဟုတ်ပေ။

‘ဒါပေမဲ့…’

အင်ဒရူးအနေဖြင့် အချက်တစ်ချက်ကို လျစ်လျူရှုထားမိသလို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ရှေ့တွင်ရှိနေသော စာအုပ်ဆိုင်ပိုင်ရှင်ပင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်မှာ မည်ကဲ့သို့သော စွမ်းအားနယ်ပယ်ကို ပိုင်ဆိုင်ထားပြီး မည်သည့်အတိုင်းအတာအထိ အစွမ်းထက် နေသနည်း။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က စာအုပ်ဆိုင်နှင့် ပတ်သက်သည့် သတင်းအချက်အလက် အားလုံးကို ‘ချိပ်ပိတ်’ အဖြစ် သတ်မှတ်ထားသောကြောင့် အမှန်တရား အသင်းတော် အနေဖြင့် လက်ရှိတွင် အပိုင်းအစလေးများကိုသာ စုံစမ်းသိရှိထားသည်။

သူတို့ စုံစမ်းရသလောက် လင်းကျဲ၏ စွမ်းအားမှာ အနည်းဆုံး အခရာ အဆင့် သို့မဟုတ် ထိုထက်မက မြင့်မားကြောင်းနှင့် 'အရာရာကို သိမြင်နိုင်ပြီး အရာရာကို တတ်စွမ်းနိုင်သူ' ဟူသော ယေဘုယျ ဖော်ပြချက်ကိုသာ သိရသည်။

သို့သော်လည်း… မည်သည့် ဘာသာတရားကမဆို သူတို့၏ ဘုရားသခင်ကို အရာရာသိမြင်တတ်စွမ်းသူအဖြစ် ဖော်ပြလေ့ရှိသည် မဟုတ်ပါလား။

အင်ဒရူးသည် အရာအားလုံးကို ယုတ္တိဗေဒရှုထောင့်မှသာ ကြည့်ရန် ကြိုးစားခဲ့ပြီး စာအုပ်ဆိုင်ပိုင်ရှင်မှာ သတင်းများ ထွက်သလောက် အစွမ်းမထက်နိုင်ဟု ယူဆခဲ့သည်။ ဤသတင်းများက အခြားဝယ်သူများ၏ ချဲ့ကားပြောဆိုမှု သို့မဟုတ် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က မျက်နှာသာရရန် ကြိုးပမ်းမှုများသာ ဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း… ယခုအခါတွင်မူ သူ ချက်ချင်းပင် နားလည်သွားခဲ့ပြီ ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်မှာ အရာရာကို တတ်စွမ်းနိုင်သည့် အဆင့်သို့ မရောက်သေးလျှင်ပင်၊ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ မြှောက်ပင့်ဖားချမှုများကို ကြည့်ခြင်းအားဖြင့် သူက ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုကို ထိန်းချုပ်ထားသူ ဖြစ်ရပေမည်။

မစဉ်းစားမခြင်ဘဲ အတတ်ကောင်းသွားပြမိရာမှ ယခုအခါ ကျွမ်းကျင်သူတစ်ဦး၏ ရှေ့မှောက်တွင် ဆရာကြီး သွားလုပ်မိသလို ဖြစ်နေလေပြီ...။

အင်ဒရူးသည် မိမိရှေ့တွင် ထိုင်နေသည့် လူငယ်လေး၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်၏။ သို့သော်လည်း… မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ပေ။

တစ်မိနစ်ထက်တစ်မိနစ် ပို၍ ထူးဆန်းလာသည့် အမှန်တရား အသင်းတော် ဒုတိယဥက္ကဋ္ဌကို သံသယဖြင့် ကြည့်လိုက်ရင်း လင်ကျဲ စားပွဲကို တတောက်တောက် ခေါက်လိုက်၏။

"တောင်းပန်ဖို့ လာတာအပြင် တခြားကိစ္စ ရှိသေးလို့လား… တစ်ခုခု မေ့နေတာများ ရှိလား"

ဤဒု-ဥက္ကဋ္ဌမှာ တစ်ခုခု ချို့ယွင်းနေသည်ဟု လင်ကျဲ သံသယဝင်မိသည်။ သူ၏ အမူအရာမှာ ဟိုးယခင်က သူမြင်ဖူးသည့် အယ်လ်ဇိုင်းမား ဝေဒနာရှင် တစ်ဦးနှင့် ဆင်တူနေသည်။ တစ်ဖက်လူ၏ မျက်နှာကို ခဏခဏ အကဲခတ်ကြည့်ပြီး မိမိ၏ မှတ်ဉာဏ်ထဲတွင် တစ်ခုခု မှားယွင်းနေမှာကို စိုးရိမ်နေသည့်အပြင်၊ မိမိ ဘာလုပ်နေသလဲဆိုသည်ကို အသည်းအသန် ပြန်လည်သတိရရန် ကြိုးစားနေသည့် ပုံစံမျိုးပင်။

“...”

လင်ကျဲ၏ မေးခွန်းကြောင့် အင်ဒရူး၏ အမူအရာက နောက်တစ်ကြိမ် ပြောင်းလဲ သွားပြန်၏။

‘ဒါက သတိပေးချက်ပဲ…’

ထိုအချက်ကိုလည်း သူ ကောင်းစွာ သိရှိလိုက်သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ အခုလေးတင် ပေးခဲ့သည့် လက်ဆောင်ကို သဘောမကျချေ။ ထို့ကြောင့် သူ့ အနေဖြင့် ပိုမိုခိုင်မာသော အာမခံချက်တစ်ခု ပေးရန် လိုအပ်နေပြီ ဖြစ်သည်။ မစ္စတာလင်က သူ၏ စိတ်ရင်းမှန်မှုကို ပြသရန် အလျင်အမြန် တိုက်တွန်းနေပြီ ဖြစ်သည်။

"စာအုပ်ပါ… စာအုပ် ဝယ်ချင်လို့ပါ…"

အင်ဒရူးက အလောတကြီး အော်ပြောလိုက်ပြီးမှ သတိဝင်လာကာ အမြန်ပင် ထပ်လောင်းပြောလိုက်သည်။

"မစ္စတာလင်နဲ့ ဒီစာအုပ်ဆိုင်အကြောင်းကို ကျွန်တော် ကြားဖူးနားဝ ရှိတာ ကြာပါပြီ… ပညာဗဟုသုတ ရှာမှီးဖို့ ဘဝကို မြှုပ်နှံထားတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ရော၊ အမှန်တရား အသင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပါ ကျွန်တော် မစ္စဝာာလင်ကို အလွန်ပဲ လေးစားအားကျမိသလို အသိပညာကိုလည်း ဆာလောင်မွတ်သိပ်နေပါတယ်… ဒါကြောင့် ခင်ဗျားဆီက စာအုပ်တွေကို ဘယ်လိုဈေးနဲ့မဆို ဝယ်ယူချင်ပါတယ်"

အင်ဒရူး တစ်ယောက် စာအုပ်ဆိုင်၏ ဖောက်သည် တစ်ဦး ဖြစ်လာစေရန် မျှော်လင့်ချက်ဖြင့် ချိုသာသော စကားများကို အတတ်နိုင်ဆုံး ပြောဆိုနေတော့သည်။

စာအုပ်ဆိုင်ပိုင်ရှင်မှာ သူ့ထံ အကူအညီ လာတောင်းသည့် မည်သူ့ကိုမဆို ငြင်းပယ်လေ့မရှိကြောင်း သူ သိထားသည်။ သို့သော်လည်း… အခြေခံအချက်မှာ သူ၏ စာအုပ်များကို ဝယ်ယူရန်ပင် ဖြစ်သည်။ စာအုပ်ရရှိသူများသာလျှင် သူတို့ အလိုရှိသော စွမ်းအားကို ရရှိကြမည် မဟုတ်ပါလား။

လင်ကျဲမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် သူ၏ ပုံမှန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပြုံးမျိုး ပေါ်လာ၏။ မနှစ်မြို့မှုနှင့် တွန့်ဆုတ်မှု အရိပ်အယောင်များမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားသည်။ စီချွမ် ပြဇာတ်မင်းသားတစ်ဦး မျက်နှာဖုံး လဲလိုက်သကဲ့သို့ပင် သူ၏ အမူအရာမှာ လျင်မြန်စွာ ပြောင်းလဲသွားတော့၏။

"ဪ... စာအုပ်ဝယ်ဖို့ လာတာလား… အစကတည်းက ပြောပါတော့လား… စာအုပ်ဝယ်မှာဆိုရင်လည်း ဝယ်ရုံပေါ့ဗျာ… လက်ဆောင်တွေ ဘာတွေတောင် ယူလာဖို့ မလိုပါဘူး၊ ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပြီ… ကဲ... ဒီမှာ ထိုင်ပါဦး"

လင်ကျဲက ကောင်တာရှေ့ရှိ ထိုင်ခုံမြင့်ကို ညွှန်ပြကာ ဖိတ်ခေါ်လိုက်၏။

"ဪ... ဟုတ်… ဟုတ်ကဲ့"

အင်ဒရူးမှာ ခဏမျှ တောင့်သွားပြီးမှ ကောင်တာရှေ့တွင် ဝင်ထိုင်လိုက်၏။ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများက သူ့ဆီသို့ လှိုင်းလုံးကြီးများအလား ရိုက်ခတ်လာတော့သည်။

ရိုလာကိုစတာ စီးခဲ့ရသလို ခံစားချက်များကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင်မူ သူသည် စာအုပ်ဆိုင်ပိုင်ရှင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီ ဖြစ်သည်။ စာအုပ်ဝယ်ယူခွင့်ကိုလည်း ရရှိခဲ့ပြီ ဖြစ်သည်။

အတိတ်က အမှားများကို ခွင့်လွှတ်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ယခု သူ မည်သို့ ပြုမူဆောင်ရွက်မည် ဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။

လင်ကျဲက အချိန်စက်ကွင်းပိုးကောင် ပါသည့် သေတ္တာကို ဘေးသို့ ရွှေ့လိုက်ပြီးနောက် ပရိုင်မာကို လက်လှမ်းပြလိုက်၏။

"ကျောင်းသူ ပရိုင်မာ… စိတ်မရှိရင် လက်ဖက်ရည် တစ်ခွက်လောက် ဖျော်ပေးပါလား"

ပရိုင်မာ၏ ဒဏ်ရာများမှာ အတော်ပင် သက်သာနေပြီဖြစ်သဖြင့် လမ်းလျှောက်သွားလာရန်မှာ ပြဿနာ မဟုတ်တော့ပေ။ ထို့ကြောင့်ပင် လင်ကျဲထံမှ အမိန့်ကို ကြားသည်နှင့် ချက်ချင်းပင် ကူညီရန် ပြေးလာခဲ့၏။

အင်ဒရူးမှာ ဤမိန်းကလေး ရှိနေသည်ကို အစကတည်းက သတိပြုမိထားသည်။ ထိုကလေးမမှာ မာဂရက်၏ ညီမဖြစ်ကြောင်း သိသော်လည်း အကျွမ်းတဝင်တော့ မရှိလှချေ...။

‘နေဦး... မာဂရက်ရဲ့ ညီမက ဘာလို့ ဒီကို ရောက်နေရတာလဲ…’

ရှုပ်ထွေးနေသည့် စိတ်နှင့် အာရုံကြောများ ပြေလျော့သွားချိန်မှသာ အင်ဒရူးအနေဖြင့် ဤအချက်ကို စဉ်းစားရန် အချိန်ရတော့သည်။ မာဂရက်မှာ ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ညီမဖြစ်သူမှာမူ စာအုပ်ဆိုင်သို့ ထူးဆန်းစွာ ရောက်ရှိနေလေပြီ...။

ထိုအချိန်တွင်ပင် လင်ကျဲက ပရိုင်မာထံမှ လက်ဖက်ရည်ပူတစ်ခွက်ကို ယူကာ အင်ဒရူးရှေ့သို့ တိုးပေးလိုက်ရင်း မေးလိုက်၏။

"ပရိုင်မာရဲ့ ဦးလေးက ဘယ်သူလဲဆိုတာ ခင်ဗျား သိသလား…"

သူ့ရှေ့တွင် အမှန်တရား အသင်းတော်၏ အဆင့်မြင့် အရာရှိတစ်ဦး ရောက်နေသည်ဖြစ်ရာ သတင်းအချက်အလက်ကို တိုက်ရိုက်မေးမြန်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။

***

All Chapters