← Chapters

အခန်း (၂၈၃)

Vol. 21 Ch. 283

အခန်း (၂၈၃)

Vol. 21 Ch. 283

အပိုင်း(၂၈၃)

"ဂျရုမ်း…”

အင်ဒရူး ထိတ်လန့်သွား၏။

‘ဒါကြောင့်ကိုး…’

သူ နားလည်သွားခဲ့လေပြီ။ စာအုပ်ဆိုင်ပိုင်ရှင်သည် အဖြေကို သိနှင့်ပြီးသား ဖြစ်နေသည်။ ပရိုင်မာ၏ ဖြူရော်နေသည့် မျက်နှာကို ကြည့်ရင်း သူမတွင် ဒဏ်ရာရထားသည်ကို အင်ဒရူး သတိပြုမိသွားသည်။

၎င်းက ဂျရုမ်းမှာ အမှန်တကယ်ပင် သစ္စာဖောက်ဖြစ်ကြောင်းနှင့် မာဂရက်ကို တိုက်ခိုက်ခဲ့သည့် အုပ်စုထဲတွင် ပါဝင်နေကြောင်း သက်သေပင် ဖြစ်သည်။

ဂျရုမ်းမှာ မာဂရက်ကိုသာ လုပ်ကြံခဲ့ရုံသာ မဟုတ်ဘဲ ပရိုင်မာကိုပါ သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ရမည်။ ပရိုင်မာသည်လည်း အကူအညီတောင်းရန် စာအုပ်ဆိုင်သို့ ကံကောင်းထောက်မစွာ ရောက်ရှိလာခဲ့သည်။ ဆိုလိုသည်က သူတို့နှစ်ဦးလုံးတွင် ဘုံရန်သူ တစ်ယောက်တည်း ရှိနေခြင်းပင်…။

"ခင်ဗျား သိပုံရသားပဲ..."

လင်ကျဲက ဆို၏။ အင်ဒရူးက ခါးသီးစွာ ပြုံးလိုက်သည်။

"ရှေ့ဆက်ပြောဖို့ မလိုတော့ပါဘူး… သူ သစ္စာဖောက်မှန်း မသိခဲ့တာဟာ ကျွန်တော့်ရဲ့ တာဝန်ပျက်ကွက်မှုနဲ့ မိုက်မဲမှုကြောင့်ပါပဲ… အရင်ကလည်း သူ့ရဲ့ လွှမ်းမိုးမှုကြောင့် အမှားတွေ အများကြီး လုပ်ခဲ့မိပါတယ်… ဒါပေမဲ့ အခုတော့ ကျွန်တော် နောင်တရပါပြီ၊ ကျွန်တော့်ရဲ့ အမှားတွေအတွက် တာဝန်ယူသွားမှာပါ"

လင်ကျဲမှာ သူ ဘာမှ ထပ်ပြောရန် မလိုတော့ ဟုပင် တွေးလိုက်မိသည်။ သူ့ရှေ့တွင်ရှိသည့် ဒုတိယဥက္ကဋ္ဌမှာ ဂျရုမ်း၏ အပြစ်များကို သိရှိနေပြီးသား ဖြစ်သည်။ ထို့အပြင် ဂျရုမ်း၏ မကောင်းမှုများမှာ ဤမျှနှင့်တင် ဆုံးမည် မဟုတ်ပေ။

"ကောင်းပါပြီ… ကျွန်တော်လည်း သူ့ကို ပြောစရာလေးတွေ ရှိနေတာနဲ့ အတော်ပဲ… သူ့ကို ခဏလောက် ခေါ်ပေးလို့ ရမလား"

အင်ဒရူး ကြောင်သွား၏။

"သူ့ကို... ဘာကိစ္စအတွက်လဲ ခင်ဗျာ"

လင်ကျဲသည် သိမ်မွေ့သော အပြုံးတစ်ခုဖြင့် တံခါးဝကို ညွှန်ပြလိုက်သည်။ အင်ဒရူး လှည့်ကြည့်လိုက်သောအခါ အပေါက်ကြီးတစ်ခုအား ပြန်ဖာထားသည့် တံခါးကို မြင်လိုက်ရသည်။

"ဒီတံခါး ပျက်စီးသွားတဲ့အတွက် လျော်ကြေးကိစ္စကို သူ့နဲ့ ဆွေးနွေးချင်လို့ပါ"

"အဆင်ပြေပါတယ်ခင်ဗျာ…"

အင်ဒရူက ချက်ချင်းပင် ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်၏။ သူ အလွန်ပင် ဝမ်းသာသွားခဲ့သည်။

အချိန်အခါက အလွန်ပင် ကိုက်ညီလှသည်။ ဂျရုမ်း ဆိုသည့် သကောင့်သားမှာ အချိန်ကိုက်ပင် ပြဿနာ ရှာထားခဲ့သဖြင့် အင်ဒရူးအနေဖြင့် စာအုပ်ဆိုင်၏ အမည်ပျက်စာရင်းမှ လွတ်မြောက်ရန် အခွင့်အရေး ရသွားခဲ့ပြီ မဟုတ်ပါလား။

လင်ကျဲ စိတ်ကျေနပ်သွားကာ ဆက်ပြောလိုက်၏။

"ခင်ဗျားဆီက သတင်းကောင်းကို စောင့်နေပါ့မယ်... အော် ဒါနဲ့ .. ခင်ဗျား ဘယ်လိုစာအုပ်မျိုးကို ရှာနေတာလဲ"

"ကျွန်တော် စာအုပ်အချို့ အကြံပြု ပေးနိုင်ပါတယ်… ဥပမာ ဒီ အယ်ခီမစ်ဆိုတဲ့ စာအုပ်မျိုးပေါ့… ကျွန်တော်ကိုယ်တိုင်လည်း တကယ်ကို ကြိုက်တဲ့ စာအုပ်တစ်အုပ်ပါ..."

…

ဘုတ်...

လင်ကျဲ စာအုပ်ကို စားပွဲခုံပေါ်သို့ အသာအယာ ချလိုက်၏။ ဤစာအုပ်သည် အယ်ခီမစ် (The Alchemist) ဟု အမည်တွင်သော်လည်း တရုတ်ဘာသာစကားဖြင့် 'သိုးကျောင်းသားလေး၏ စိတ်ကူးယဉ်ခရီးစဉ်' ဟုလည်း လူသိများပေသည်။ ဘာသာပြန်အမည်မှာ မူရင်းအမည်လောက် မကျော်ကြားသော်လည်း စာအုပ်၏ အနှစ်သာရကို ပိုမိုထိမိစေသည်။

ဇာတ်လမ်းမှာ ရိုးရှင်းလှ၏။ အီဂျစ် ပိရမစ်များတွင် ရတနာရှိသည်ဟု အိပ်မက်မက်ခဲ့သည့် သိုးကျောင်းသားလေးတစ်ဦး ထိုရတနာကို ရှာဖွေရန် ခက်ခဲကြမ်းတမ်းသော ခရီးကို နှင်ခဲ့ရပုံ၊ ထိုခရီးစဉ်အတွင်း ဆန်းကြယ်သော စွမ်းအားများ ရရှိခဲ့ပြီး ချစ်ခြင်းမေတ္တာနှင့် ဆုံစည်းခဲ့ပုံတို့ကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

သို့သော်လည်း... အဆုံးသတ်ကတော့ တစ်မျိုးလေးပင်။ ထိုလူငယ်လေးမှာ ပိရမစ်များသို့ အရောက်လှမ်းနိုင်ခဲ့သည့်တိုင် မည်သည့်ရတနာကိုမျှ မတွေ့ရှိခဲ့ပေ။ နောက်ဆုံးတွင်မူ သူရှာဖွေနေသည့် ရတနာမှာ သူ ပထမဦးဆုံး အိပ်မက်မက်ခဲ့သည့် ဘုရားရှိခိုးကျောင်းပျက်ကြီးထဲ၌ပင် ရှိနေကြောင်း သဘောပေါက်သွားခဲ့ခြင်းမျိုးပင်။

ဤစာအုပ်သည် အလွန်နက်ရှိုင်းသည့် တင်စားချက်များဖြင့် ပြည့်နှက်နေသည့် ဂန္ထဝင်လက်ရာတစ်ခု ဖြစ်လေရာ မည်သူမဆို မိမိတို့ဖြတ်သန်းနေရသည့် ဘဝအဆင့်အတန်းအလိုက် မတူညီသည့် အမှန်တရားများနှင့် ခွန်အားများကို ရရှိနိုင်ကြသည်။ အရွယ်သုံးပါးမရွေး ဖတ်ရှုသင့်သော စာကောင်းပေမွန်တစ်အုပ်ဟု ဆိုရမည်။

တစ်နည်းအားဖြင့်ဆိုသော် ဤစာအုပ်သည် လူကြိုက်များမည့် စာအုပ်ဖြစ်ပြီး မည်သူ့ကိုမဆို ညွှန်းဆိုရန် သင့်တော်ပေသည်။ လင်ကျဲသည် ပုံမှန်အားဖြင့် မိမိသေချာမသိသေးသော ဖောက်သည်များအတွက် မည်သည့်စာအုပ်က အဆင်ပြေမည်ကို ဝေခွဲမရသည့်အခါမျိုးတွင် လူကြိုက်အများဆုံး စာအုပ်များကိုသာ ရွေးချယ်ပေးလေ့ရှိသည်။

ထို့ပြင် ဤဒု-ဥက္ကဋ္ဌမှာ ဘဝခရီး၌ အဖုအထစ်များစွာနှင့် ကြုံတွေ့နေရဟန် ရှိသည်။ လင်ကျဲမှာ ရိုးရာ ဓလေ့ထုံးတမ်းများကို လေ့လာသူတစ်ဦးပီပီ တရုတ်ရိုးရာ မျက်နှာစာဖတ်ခြင်းအတတ်ကိုလည်း အနည်းငယ် သိရှိထားသည်။ ထို့ကြောင့်ပင် ဧည့်သည်၏ မျက်ခုံးနှစ်ခုကြားတွင် မှောင်ရိပ်သန်းနေသည်ကို မြင်လိုက်ရ၏။ မကြာသေးမီက အရေးကိစ္စများ အဆင်မပြေဖြစ်နေသည်မှာ သေချာလှသည်။ ထို့ကြောင့်ပင် သူ့အနေဖြင့် စိတ်ဓာတ်တက်ကြွစေမည့် အရာတစ်ခုခု လိုအပ်နေခြင်း ဖြစ်ပေလိမ့်မည်။

"ဒီစကြဝဠာထဲမှာ လူသားအားလုံး နားလည်နိုင်ပေမဲ့ မေ့လျော့နေကြတဲ့ ဘာသာစကားမျိုး ရှိတယ်ဗျ..."

လင်ကျဲက အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် စာအုပ်မျက်နှာဖုံးကို လက်ညှိုးညွှန်ရင်း ဆိုလိုက်သည်။

"ဒီစာအုပ်က အဲဒီဘာသာစကားအကြောင်း ရေးထားတာပါ... ခင်ဗျားရှာနေတဲ့ အဖြေမှန်သမျှ ဒီထဲမှာ ရှိတယ်"

အမှန်စင်စစ် အယ်ခီမစ်၏ စာရေးဆရာမှာ လက်တွေ့ ဖိုထိုးသည့် အဂ္ဂိရတ် အတတ်ပညာ အကြောင်းကို ရေးသားထားခြင်း မဟုတ်ဘဲ 'စိတ်ဝိညာဉ်နှင့် ဘဝ၏ အဂ္ဂိရတ်ပညာ' ကိုသာ ရည်ညွှန်းထားခြင်း ဖြစ်သည်။ ဤစာအုပ်က ဆိုလိုသော မေ့လျော့နေသည့် ဘာသာစကားကတော့ 'နှလုံးသား၏ အတွေးအခေါ်' ပင် ဖြစ်သည်။

သို့သော်လည်း... စာအုပ်ရောင်းသည့်အခါ ထိုသို့ တိုက်ရိုက်ပြော၍ မဖြစ်ပေ။ 'ဒါက စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်ပါ' ဟု အင်ဒရူးကို တည့်တည့်ပြောလိုက်လျှင် စွဲဆောင်မှု ရှိတော့မည်မဟုတ်ချေ။ အထင်ကြီးစေမည့် လျှို့ဝှက်ချက်များ ချန်ထားရမည်။

"စကြဝဠာရဲ့ ဘာသာစကားတဲ့လား..."

အင်ဒရူးမှာ စာအုပ် မျက်နှာဖုံးပေါ်ရှိ 'အမှန်တရား၏ တံခါးဦး' ဟူသော အမည်ကို မြင်ကတည်းက စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ယခု လင်ကျဲ၏ စကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီလာမှုကိုပင် မထိန်းနိုင်တော့ချေ။

သူက ဝိညာဉ် ကြည်ညိုမှုကို ရှာဖွေနေသည့် ဘုရားဖူးခရီးသည်တစ်ဦးကဲ့သို့ပင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း စာအုပ်၏ အနားသတ်များကို ထိတွေ့ရန် လက်ချောင်းများကို တုန်တုန်ရီရီဖြင့် ဆန့်ထုတ်လိုက်တော့၏။

အဂ္ဂိရတ်ပညာ...

စစ်မှန်သော အဂ္ဂိရတ်ပညာ၏ အဓိပ္ပာယ်မှာ ဤသည်ပင် ဖြစ်ပေသည်။

စကြဝဠာ၏ ဘာသာစကား...

စာအုပ်ဆိုင်ရှင် ပြောသကဲ့သို့ပင် ဤသည်မှာ အဂ္ဂိရတ်ပညာရှင်များအတွက် စစ်မှန်သည့် စာအုပ်တစ်အုပ် ဖြစ်နေလေပြီ။

အင်ဒရူး၏ အမည်အပြည့်အစုံမှာ အင်ဒရူး ရပ်ဆဲလ် ဖြစ်သည်။ ရပ်ဆဲလ်ဆိုသည့် သူ၏ မျိုးရိုးနာမည်မှာ အဂ္ဂိရတ်ပညာရပ်တွင် အလွန်ပင် ထင်ရှားကျော်ကြားလှသည်။ သူသည် အခြားပညာရပ်များစွာကို လေ့လာခဲ့သော်လည်း အဂ္ဂိရတ်ပညာရပ်ဆိုင်ရာ အောင်မြင်မှုများနှင့် နှိုင်းယှဉ်လျှင် အခြားအရာများမှာ မှေးမှိန်သွားရသည်။

ဒု-ဥက္ကဋ္ဌ မဖြစ်လာမီက အင်ဒရူးသည် 'အမှန်တရား အသင်းတော်' ၏ အဂ္ဂိရတ်ဌာန အကြီးအကဲ ဖြစ်ခဲ့သည်။ သို့သော်လည်း... ရပ်ဆဲလ်မိသားစုအတွင်းရှိ ပညာရှင်များထဲမှ လက်ရှိအကြီးအကဲ 'ဝေါလ်တာ' လောက် အဂ္ဂိရတ်ပညာ၌ ထူးချွန်သူ မရှိသဖြင့် သူ၏ ရာထူးကို လွှဲပြောင်းပေးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အင်ဒရူးနှင့် ဝေါလ်တာတို့ ကြားရှိ ဆက်ဆံရေးမှာ မပြေလည်ခဲ့ပေ။

ထိုအရာများက အရေးမကြီးချေ။ အင်ဒရူးသည် မိမိရှေ့ရှိ စာအုပ်ကို ငေးကြည့်နေမိ၏။ သူ၏ အတွေးများမှာ ဖရိုဖရဲ ဖြစ်နေပြီး တစ်ကိုယ်လုံးရှိ ဆဲလ်များမှာလည်း ဟစ်အော်နေကြ၏။ အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ဗီဇစိတ်အရ ဤစာအုပ်ထဲတွင် သူတစ်သက်လုံး ရှာဖွေခဲ့သော အဖြေများ ရှိနေကြောင်း ခံစားမိနေသည်။

"ကျ... ကျွန်တော် ဒါကို ဖွင့်ကြည့်လို့ ရမလားခင်ဗျာ"

အင်ဒရူး၏ အသံမှာ တုန်ယင်ကာ တိုးညှင်းသွား၏။ တောင်းပန်တိုးလျှိုးနေသည့် လေသံမျိုး ပေါက်နေသည်။ သူသည် ထိုစာအုပ်ကို ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာတစ်ခုကဲ့သို့ စိုက်ကြည့်နေမိ၏။ နှလုံးခုန်သံများ မြန်ဆန်လာကာ နှုတ်ခမ်းများလည်း ခြောက်သွေ့လာသည်။ ယခုခံစားချက်မှာ သူ၏ ငယ်ဘဝ အချစ်ဦးနှင့် တွေ့ဆုံစဉ်ကထက်ပင် ပိုမိုရင်ခုန်စရာ ကောင်းနေလေသည်။

ဤသည်မှာ အယ်ခီမစ် အားလုံး၏ နောက်ဆုံးပန်းတိုင် ဖြစ်နေပါက ထိုအတွက် အရာအားလုံးကို စွန့်လွှတ်ရန် ဝန်လေးကြမည် မဟုတ်ပေ။ ပညာရှင်တိုင်းသည် အမှန်တရားကို ရှာဖွေကြသူများ ဖြစ်သည်။ လျှောက်လှမ်းပုံချင်း မတူကြသော်လည်း သူတို့၏ ရည်မှန်းချက်မှာ စကြဝဠာ၏ အမှန်တရားကို သိရှိရန်သာ ဖြစ်သည်။

ဤသည်မှာ 'အမှန်တရား အသင်းတော်' ကို တည်ထောင်ခဲ့သည့် အကြောင်းရင်းနှင့် မျှော်မှန်းချက်လည်း ဖြစ်သည်။ သို့သော်လည်း... ယခုအခါတွင်တော့ ထိုအမှန်တရားမှာ မိမိရှေ့မှောက်တွင် သာမန်ကာလျှံကာ ချထားခြင်း ခံနေရသလို အင်ဒရူး ခံစားနေရသည်။

***

All Chapters