← Chapters

အခန်း (၂၈၄)

Vol. 21 Ch. 284

အခန်း (၂၈၄)

Vol. 21 Ch. 284

အပိုင်း(၂၈၄)

‘အံ့ဩစရာ ကောင်းလိုက်တာ...’

အင်ဒရူးမှာ ရယ်ရမလို ငိုရမလိုပင် ဖြစ်နေ၏။ ဝယ်လ်ကဲ့သို့ မာနကြီးသူတစ်ဦးက အဘယ်ကြောင့် ဤစာအုပ်ဆိုင်ထံသို့ သူ၏ ဝိညာဉ်ကို ရောင်းချခဲ့သနည်း။ ဂျိုးဇက်ကဲ့သို့ ပုဂ္ဂိုလ်ကပင် အဘယ်ကြောင့် သူ၏ ပုဂ္ဂိုလ်ရေး နာကျည်းချက်များကို ဘေးဖယ်ကာ ဤဆိုင်ကို ရိုသေလေးစားနေသနည်း။ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' က 'အမှန်တရား အသင်းတော်' နှင့် ပူးပေါင်းဆောင်ရွက်မှုကို အဘယ်ကြောင့် ရပ်ဆိုင်းခဲ့သနည်း။

ထိုမေးခွန်းအားလုံးကို သူ ယခု၌ နားလည်ခဲ့ပြီ ဖြစ်လေသည်။ စာအုပ်ဆိုင်ရှင်က စာအုပ်ကို ချပြလိုက်သည့်အခါ သူ အားလုံးကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီ ဖြစ်လေသည်။

လူတစ်ယောက် တစ်သက်လုံး ရှာဖွေနေရသည့် အရာက ဤစာအုပ်ဆိုင်ထဲတွင် အမှတ်မထင် ကောက်ယူနိုင်သည့် စာအုပ်တစ်အုပ်သာ ဖြစ်နေခဲ့သည်။ မိမိယုံကြည်သမျှ ပြိုလဲသွားသည့်အခါ မည်သည့်အရာကို ဆက်လက် အားကိုးရတော့မည်နည်း။

"ရတာပေါ့"

လင်ကျဲက စာအုပ်ကို သူ့ဘက်သို့ အသာတိုးပေးရင်း ပုံမှန်အတိုင်းပင် ပြောလိုက်၏။

"စာအုပ်ဆိုတာ ဖတ်ဖို့ပဲလေ... ကျွန်တော် ထင်တာတော့ ဒီစာအုပ်က ခင်ဗျားအတွက် ရည်ရွယ်ထားတာ ဖြစ်မှာပါ... မကြာခင်က ခင်ဗျားကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် အကူအညီ ဖြစ်နိုင်ပါလိမ့်မယ်"

သူ နူးညံ့စွာ ပြုံးပြလိုက်၏။

‘ဖတ်ပြီးရင်တော့ ဝယ်ရတော့မှာပေါ့... ဟဲဟဲ... ကြည့်ရတာ ဒီလူက ပိုက်ဆံအိတ် တော်တော်ထူမယ့်ပုံပဲ... ပြီးတော့ သိက္ခာကိုလည်း အရမ်းအလေးထားမယ့်ပုံပဲ... ပုံရိပ်ကောင်းတစ်ခု ချန်ထားချင်ရင်တော့ သူ စိတ်မပါရင်တောင် ဝယ်သွားရမှာပဲ’

“...”

အင်ဒရူးကတော့ မှင်သက် နေမိ၏။

‘ဘယ်လောက်တောင် ရက်ရောတဲ့ လက်ဆောင်လဲ... မစ္စတာလင်က ကောလဟလတွေထဲက အတိုင်း တကယ့်ကိုပဲ...’

"ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား"

အင်ဒရူး တစ်ယောက် တောင့်တောင့်ကြီး ထိုင်နေသည်ကို မြင်သောအခါ လင်ကျဲ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်၏။ အင်ဒရူးက မိမိစကားကို သံသယရှိနေသည်ဟု သူ ထင်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ ဆက်လက်၍ ဆွဲဆောင်လိုက်ပြန်သည်။

"ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲပေါ့... ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ် ဆိုတာဟာ တကယ်တော့ ရေစီးကြောင်းတစ်ခုထဲကို ရောက်သွားတာပဲ... အဲဒီရေစီးကြောင်းက ခင်ဗျား တစ်ခါမှ မတွေးဖူးတဲ့ နေရာတစ်ခုဆီ ခင်ဗျားကို ခေါ်ဆောင်သွားလိမ့်မယ်... ကမ္ဘာပေါ်က လူသားအားလုံးရဲ့ အတွေ့အကြုံတွေဟာ ဒီရေစီးကြောင်းကနေတစ်ဆင့် ဆက်နွှယ်နေကြတာပါ... ဒါကြောင့်လည်း ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆုံကြတာပေါ့... ကံကြမ္မက အားလုံးကို သတ်မှတ်ပြီးသားမို့လို့လေ"

နားမလည်နိုင်သော အပြုံးမျိုးဖြင့် လင်ကျဲက ဆက်ပြောလိုက်သည်။

"ဒီနေ့ ခင်ဗျား ဒီစာအုပ်ကို တွေ့လိုက်ရတာဟာ တကယ်တော့ ကံကြမ္မာရဲ့ လမ်းဆုံမှာ ရွေးချယ်မှုတစ်ခု လုပ်နေရတာပါပဲ... ခင်ဗျားရဲ့ ရွေးချယ်မှု မှန်လား၊ မှားလားဆိုတာကိုတော့ တစ်နေ့နေ့မှာ ခင်ဗျား သိလာပါလိမ့်မယ်..."

လင်ကျဲ၏ စကားလုံးများမှာ ဝေဝါးနေသော်လည်း နားထောင်သူအဖို့ စဉ်းစားစရာ ဖြစ်သွားစေသည်။ ဝယ်လိုက်လျှင် ခဏတာ နောင်တရနိုင်သော်လည်း မဝယ်လိုက်လျှင်မူ တစ်သက်လုံး နောင်တရသွားနိုင်ပေသည်။ စိတ်ထဲရှိ ချိန်ခွင်လျှာက တစ်ဖက်သို့ ယိမ်းသွားကာ 'သိပ်လည်း စျေးမကြီးတာပဲ၊ ဝယ်ပြီး စမ်းဖတ်ကြည့်လိုက်တာပေါ့' ဟု တွေးမိစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

အင်ဒရူး တံတွေးတစ်ချက် မျိုချလိုက်မိ၏။ သူ၏ ရှေ့မှောက်တွင် ကံကြမ္မာလမ်းနှစ်သွယ် ခွဲထွက်သွားသလို ခံစားလိုက်ရ၏။ သူ မျက်လုံးများကို မှိတ်ကာ တုန်ရီနေသော လက်များဖြင့် စာအုပ်ကို လှန်လိုက်သည်။

"ကျွန်တော် ဒီနေ့ရဲ့ ရွေးချယ်မှုအတွက် နောင်တရမှာ မဟုတ်ဘူးလို့ ထင်ပါတယ်"

သူ တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။

...

အင်ဒရူးသည် ရှုပ်ထွေးလှနေသည့် ခံစားချက်တို့ဖြင့် စာအုပ်မျက်နှာဖုံးကို လှန်လိုက်၏။ ဤသည်မှာ ကံကြမ္မာကို ရင်ဆိုင်ရန် အသင့်ပြင်လိုက်ခြင်းပင် ဖြစ်သည်။

စာရွက်ကလေးမှာ ပါးလွှာ ပေါ့ပါးလှသော်လည်း အင်ဒရူးအဖို့မူ တောင်ကြီးတစ်လုံးပမာ လေးလံလှသည်ဟု ခံစားနေရသည်။

ပုံသဏ္ဌာန် မရှိသည့် ဖိအားကြီးမှာ အရပ်မျက်နှာအနှံ့မှ လှိုင်းလုံးကြီးများကဲ့သို့ စီးဝင်လာ၏။

ဟင်းလင်းပြင်ထဲမှ စူးစိုက်ကြည့်နေသည့် အကြည့်များ...

ကောင်းကင်ယံ ထာဝရကြယ်တာရာများထံမှ ဖိအားများ...

အင်ဒရူး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုတို့ စိမ့်တက်လာ၏။ နားထင်များ တဒိတ်ဒိတ် ခုန်လာပြီး စိတ်ထဲတွင်လည်း ဖရိုဖရဲ အော်ဟစ်သံများဖြင့် ဆူညံသွားသည်။ ကခုန်နေသည့် အရိပ်မည်းများက သူ့ကို ဝန်းရံလာကာ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘေးအန္တရာယ်တစ်ခုက ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသလို ခံစားရ၏။

ဒုတ်... ဒုတ်... ဒုတ်...

နှလုံးခုန်သံမှာ တစ်ချက်ချင်းစီ ပြင်းထန်လာ၏။ တစ်ကိုယ်လုံး သိသိသာသာ တုန်ရီနေပြီး ရေနစ်နေသူတစ်ဦးကဲ့သို့ အသက်ကို အလူးအလဲ ရှူသွင်းနေရသည်။

"ဟူး... ဟူး..."

ဤသည်မှာ ပါးလွှာသည့် စာအုပ်တစ်အုပ်ကို လှန်နေရခြင်းနှင့် လုံးဝမတူတော့ပေ။ အမှန်စင်စစ် သူသည် တားမြစ် အသိပညာ ဗဟုသုတများကို ပိတ်လှောင်ထားသည့် မဟာတံခါးကြီးတစ်ခုအား အတင်းအဓမ္မ တွန်းဖွင့်နေရခြင်း ဖြစ်သည်။

အင်ဒရူး၏ နဖူးမှ ချွေးသီးချွေးပေါက်များ တပြိုက်ပြိုက် ကျလာ၏။ စာအုပ်နှင့် လက်ချောင်းတို့ ထိတွေ့နေသည့် နေရာကို သူ ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ စာမျက်နှာများ မျက်နှာဖုံးမှ ကွာကျလာသည်နှင့်အမျှ သူ၏ ခွန်အားများမှာ စာအုပ်ထဲသို့ စုပ်ယူခံနေရသလို အင်ဒရူး ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူသည် နောက်ဆုတ်၍ မရသော လမ်းကျဉ်းလေးထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှေ့ဆက်တိုးရန်သာ ရှိတော့ပြီး ရပ်တန့်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း အင်ဒရူး သိလိုက်၏။ သူ၏ လက်မောင်းမှာ သက်ရှိ တစ်ကောင်ကဲ့သို့ အလိုအလျောက် လှုပ်ရှားလာပြီး စာအုပ်ကို ဖွင့်ရန် အားထုတ်နေ၏။ စာမျက်နှာများ ပွင့်ဟသွားသည့်အခါ ပုံပျက်ပန်းပျက် ဖြစ်နေသည့် တားမြစ်သင်္ကေတများမှာ သဲမုန်တိုင်းတစ်ခုကဲ့သို့ ပွင့်ထွက်လာသည်။

အင်ဒရူးမှာ "အသိပညာ" မုန်တိုင်းတစ်ခုထဲတွင် ပိတ်မိနေသလိုမျိုး ခံစားလိုက်ရ၏။ ထိုမုန်တိုင်းသည် ဓားသွားများသဖွယ် သူ၏ စိတ်ဝိညာဉ်ကို ထိုးခွဲဖျက်ဆီးနေသည်။ သူ၏ ခန္ဓာကိုယ်မှာ အလိုလို တွန့်လိမ်သွားပြီး အော်ဟစ်ထွက်ပြေးချင်သည့် စိတ်များက ပြင်းထန်လာ၏။

‘မဖြစ်ဘူး... မဖြစ်ဘူး... အား...’

နာကျင်မှုနှင့် ရူးသွပ်မှုတို့က အသိစိတ်ကို ဆွဲဖြဲပစ်နေသည့် အချိန်တွင် အင်ဒရူး တစ်ယောက် အသံတိတ် နာကျင်မှုများကို ထုတ်လွှတ် နေမိ၏။

သူ၏ အသိစိတ်မှာ လွင့်မျောသွားပြီး ထူးဆန်းလှသည့် ကမ္ဘာပေါင်းများစွာကို ဖြတ်ကျော်ကာ တွန့်လိမ်ဆန့်ထွက်နေသလို ခံစားရ၏။ သူ၏ ရှေ့မှောက်တွင် တံခါးတစ်ချပ် ပွင့်လာပြီး မှောင်မိုက်သည့် အရပ်မှ စူးရှရှ အလင်းတန်းများမှာ ရောင်ခြည်တော်ကဲ့သို့ ထွက်ပေါ်လာသည်။

တံခါးကြားမှ အနည်းငယ်မျှ ချောင်းကြည့်လိုက်ရုံနှင့်ပင် အင်ဒရူး၏ ဝိညာဉ်မှာ ကြေမွသွားလုမတတ် ခံစာလိုက်ရ၏။ သို့သော်လည်း အင်ဒရူး၏ မျက်လုံးများမှာ သတင်းအချက်အလက်ပေါင်းများစွာကို ထုတ်လွှင့်နေသည့် ထိုရောင်ခြည်မျက်နှာပြင်ပေါ်တွင် အသေစွဲနေသည်။ အသိပညာများ လွန်ကဲလာမှုကြောင့် ခဏချင်းပင် သူ၏ စိတ်မှာ ဖောင်းကားလာကာ မကြာခင်မှာပင် ပေါက်ကွဲထွက်သွားတော့၏။

အတွေးအာရုံများမှာ "အသိပညာ" မုန်တိုင်းနှင့် ရောယှက်နေ၏။ အင်ဒရူး၏ ဝိညာဉ်မှာ ပျက်စီးသွားခြင်း မရှိဘဲ မုန်တိုင်းနှင့် တစ်သားတည်း ဖြစ်သွားကာ... တဖြည်းဖြည်းချင်း ပြန်လည် မွေးဖွားလာလေသည်။

တကယ်တမ်းအားဖြင့်... ဤအဖြစ်အပျက်အားလုံးမှာ သူ၏ စိတ်၊ အတွေးနှင့် ဝိညာဉ်အတွင်းတွင်သာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အပြင်ပန်းမှ ကြည့်လျှင်မူ အင်ဒရူးမှာ တိတ်ဆိတ်စွာဖြင့် စာမျက်နှာများကို လှန်နေသည်ဟုသာ ထင်ရပေလိမ့်မည်။ သူ၏ ဦးခေါင်းမှာ ငိုက်စိုက်ကျနေပြီး မျက်လုံးများမှာလည်း အသက်မဲ့နေသလို ရှိ၏။

သို့သော်လည်း... သူ၏ သူငယ်အိမ် အတွင်းတွင်မူ အစမရှိ အဆုံးမရှိသည့် ထာဝရစက်ဝိုင်းတစ်ခုသဖွယ် တစ်စုံတစ်ခုက တဖြည်းဖြည်းချင်း လင်းလက်တောက်ပလာ၏။

....

ချပ်... ချပ်... ချပ်...

ငါးမိနစ်ခန့် ကုန်လွန်သွားသည်။

"မစ္စတာလင်... ဒုတိယ ဥက္ကဋ္ဌ အင်ဒရူး အဆင်ပြေရဲ့လားဟင်..."

ပရိုင်မာမှာ စိတ်မသက်မသာ ဖြစ်လာသဖြင့် မနေနိုင်ဘဲ မေးလိုက်မိ၏။ ထို့နောက်... ကောင်တာတွင် ထူးထူးဆန်းဆန်း တိတ်ဆိတ်စွာ ထိုင်နေသည့် အင်ဒရူး၏ ကျောပြင်ကို ကြည့်လိုက်မိသည်။

သူမသည် လွန်ခဲ့သော ငါးမိနစ်ခန့်က အစ်မဖြစ်သူက အထူးတလည် လေးစားရပါသည်ဆိုသော ဒုတိယဥက္ကဋ္ဌကြီး ပုံမှန်မဟုတ်ဘဲ တွန့်လိမ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ ရိုးရိုးကြွက်တက်ခြင်းမျိုး မဟုတ်ဘဲ ကြီးမားသော အင်အားလှိုင်းကြီး တစ်ခုက ဖိနှိပ်ထားသဖြင့် အစွမ်းကုန် ရုန်းကန်နေရသည့် ပုံစံမျိုး ဖြစ်နေသည်။

ပို၍ ထိတ်လန့်စရာ ကောင်းသည်က... အင်ဒရူး၏ ဝတ်စုံအောက်ရှိ ပခုံးသားများတွင် ထူးဆန်းစွာ တွန့်လိမ်နေသည့် သွေးကြောကြီးများနှင့် အဖုအထစ်များ သိသိသာသာ ထွက်ပေါ်နေခြင်းပင်။ တစ်စုံတစ်ရာသော မိစ္ဆာသတ္တဝါကြီးက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးလျှိုး ဝင်ရောက်သွားသည့်အတိုင်းပင်။

***

All Chapters