အခန်း (၂၈၅)
Vol. 21 Ch. 285
အပိုင်း(၂၈၅)
"ရှူး..."
လင်းကျဲက ချက်ချင်းပင် လက်ညှိုးကို နှုတ်ခမ်းပေါ်တင်၍ ပရိုင်မာကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ပရိုင်မာမှာလည်း အံ့အားသင့်သွားကာ သူမ၏ ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်ရသည်။
အင်ဒရူး တစ်ယောက် အာရုံပျက်မသွားကြောင်း သတိပြုလိုက်မိပြီးနောက် လင်းကျဲ ပရိုင်မာကို ဘေးသို့ ခေါ်ထုတ်သွားသည်။
ထို့နောက် သူက နားမလည်နိုင်သော အမူအရာဖြင့်...
"အဘိုးကြီးက စာအုပ်ထဲမှာ အာရုံနှစ်နေတာ မဟုတ်ဘူးလား... ဒါက ဘာမှားစရာ ရှိလို့လဲ"
“...”
ပရိုင်မာသည် လင်းကျဲ၏ ဂရုမစိုက်ဟန်ကို ကြည့်ရင်း အင်ဒရူး၏ ထူးဆန်းသော အခြေအနေကို ပြန်တွေးကာ သံသယများ ပိုမိုနက်ရှိုင်းလာတော့သည်။ မစ္စတာလင်သည် ညဉ့်နက်ပိုင်းကို အစိုးရသည့် ဝါးပူးဂစ်နှင့် ဆက်နွှယ်မှု ရှိသူဖြစ်ပြီး သူမထက်ပင် အဆင့်အတန်း မြင့်မားသူ ဖြစ်နိုင်ပေသည်။ သို့သော်လည်း... ဤသည်က မစ္စတာလင်မှာ အလွန် သဘောကောင်းသူ ဖြစ်မည်ဟု အာမမခံနိုင်ပေ။
ယနေ့... အင်ဒရူး၏ အမူအရာကို ကြည့်ရသလောက် သူသည် ယခင်က မစ္စတာလင်ကို စိတ်အနှောင့်အယှက် ပေးခဲ့ဖူးဟန် ရှိပြီး ယခု လာရောက် တောင်းပန်ခြင်း ဖြစ်ဟန်တူသည်။ ထို့ကြောင့်င် မစ္စတာလင်က သူ့ကို အနည်းငယ် အပြစ်ပေးနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ပရိုင်မာက ထိုသို့သာ မိမိကိုယ်ကို ဖြေသိမ့်လိုက်၏။
လင်ကျဲက စာအုပ်ထဲတွင် နစ်မျောနေသည့် အင်ဒရူးကို ကြည့်ရင်း ကျေနပ်စွာ ပြုံးလျက် ပြောလိုက်၏။
"ပညာရှင်တွေဆိုတာ သဘာဝအတိုင်း စာအုပ်ရဲ့ အနှစ်သာရကို ခံစားတတ်ကြတာပဲ... သူ့ရဲ့ စွဲလမ်းနှစ်သက်နေတဲ့ ပုံကို ကြည့်စမ်းပါဦး... စာအုပ်ထဲကိုပဲ စုပ်ယူခံထားရသလိုပဲ... ဟုဒ်တို့ တစ်သိုက်က ဘာလို့ ဒီဆိုင်က စာအုပ်တွေကို ခိုးဖို့ ကြိုးစားကြသလဲဆိုတာ မဆန်းတော့ပါဘူး"
"ကြည့်ရတာ အမှန်တရား အသင်းတော်က တကယ့် ဖောက်သည်ကြီးတွေပဲ... ငါသာ ဒီအတိုင်း ဆက်ပြီး ဆွဲဆောင်သွားရင်း အသင်းတော်တစ်ခုလုံးကိုပါ သိမ်းပိုက်နိုင်မလားပဲ...”
သူ ဆိုလိုသည်မှာ အသင်းတော်တစ်ခုလုံးကို သူ၏ ဖောက်သည်များ ဖြစ်လာစေရန် ဖြစ်သည်။
သို့သော်လည်း... ပရိုင်မာမှာမူ ကျောထဲသို့ စိမ့်တက်သွားတော့၏။
စာအုပ်ထဲ စုပ်ယူခံလိုက်ရတယ်...
အမှန်တရား အသင်းတော်တစ်ခုလုံးကို သိမ်းပိုက်မယ်...
‘ဘုရားရေ... မစ္စတာလင်က ဘာတွေ ကြံစည်နေတာလဲ... ဒါက တကယ့်ကို ကြောက်စရာကောင်းတဲ့ အစီအစဉ်ကြီးပဲ... နေပါဦး... ငါ ဒါတွေ အကုန်ကြားလိုက်ပြီဆိုတော့ ငါ့ကိုရော ဘာလုပ်မလဲ... နှုတ်ပိတ်ခံရတော့မှာလား...’
မိန်းမငယ်လေး၏ မျက်နှာက ဖြူရော်သွားကာ လင်းကျဲကို ထိတ်လန့်တကြား ကြည့်နေမိလေသည်။
“...”
လင်းကျဲမှာ သူမ၏ တုန့်ပြန်ပုံကို ကြည့်ကာ မိမိ၏ လေသံက ကလေးမလေးအတွက် အနည်းငယ် ပြင်းထန်သွားကြောင်း တွေးလိုက်မိ၏။ ထို့ကြောင့် ပရိုင်မာ၏ ခေါင်းကို အသာအယာ ပွတ်ပေးရင်း နွေးထွေးစွာ ပြောလိုက်သည်။
"မင်းကို လန့်သွားစေတယ် ဆိုရင် တောင်းပန်ပါတယ်ကွယ်... ငါက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ချင်လွန်းလို့ နည်းနည်း လောသွားတာပါ... စာအုပ်ဆိုင်မှာက ဖောက်သည်ဆိုတာ ရှားမှရှားတာကိုး"
ပရိုင်မာမှာ လင်းကျဲ၏ နွေးထွေးသော အပြုံးကို ကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်ကာ ခေါင်းကိုသာ ခပ်သွက်သွက် ခါလိုက်မိသည်။
"မ... မဟုတ်တာ... ရပါတယ်"
‘ငါ ဘာမှ မမြင်လိုက်ပါဘူး...’
လင်းကျဲမှာ ဤကလေးမလေး ထူးဆန်းနေသည်ဟု ခံစားရသော်လည်း သူမက အဆင်ပြေပါသည်ဟု ဆိုနေသဖြင့် ဆက်မမေးတော့ပေ။ သူ ပရိုင်မာကို ရေနွေးအိုး ယူလာရန် ခိုင်းလိုက်ပြီး ကောင်တာတွင် ပြန်ထိုင်လိုက်သည်။
အချိန်အတန်ကြာပြီး နောက်တွင်တော့ အင်ဒရူးမှာ ငေးမှိုင်နေသည့် အခြေအနေမှ နိုးထလာဟန် ရှိပြီး ကျန်ရှိသော စာမျက်နှာများကို အသာအယာ လှန်နေ၏။ သူ၏ မျက်လုံးများထဲတွင်မူ လေးနက်သော သန္နိဋ္ဌာန်နှင့် ပြင်းပြသည့် စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေ၏။
"ဘယ်လို ခံစားရသလဲဗျ"
လင်းကျဲက စိတ်ဝင်တစား မေးလိုက်သည်။
"အခုထက် ပိုကောင်းတာမျိုး မရှိတော့ပါဘူး"
အင်ဒရူး၏ အကြည့်က လက်ထဲရှိ စာအုပ်ပေါ်တွင်သာ စွဲမြဲနေသည်။
"ကျွန်တော် အားလုံးကို နားလည်သွားသလို ခံစားရပေမဲ့ တစ်ဖက်မှာလည်း ဘာမှ နားမလည်သေးသလိုပဲ..."
"ဒါက သဘာဝပါပဲ... ဒီစာအုပ်ရဲ့ အနှစ်သာရကို ဖြည်းဖြည်းချင်းပဲ အရသာခံ စဉ်းစားရမှာလေ"
လင်ကျဲ ခေါင်းညိတ်လိုက်၏။ ထို့နောက်... သူက အရိပ်အမြွက် သဘောမျိုးဖြင့် ပြုံးလိုက်ရင်း...
"ဥပမာဗျာ... ဒီစာအုပ်ထဲမှာ စကားလုံးတွေ မဟုတ်တဲ့ အခြား ဆက်သွယ်မှု ပုံစံတစ်မျိုး ရှိတယ်လို့ ဖော်ပြထားတယ်... ခင်ဗျားသာ အဲဒီ စကားလုံးမဲ့ ဆက်သွယ်မှုကို တတ်မြောက်သွားရင် ဒီကမ္ဘာကြီးကို ခင်ဗျား စိတ်ကြိုက် အနက်ဖွင့်နိုင်ပြီလို့ ရေးထားတယ် မလား... အဲဒါ ဘာလဲဆိုတာ ခင်ဗျား သိသလား"
စာအုပ်ကို ကိုင်ထားသည့် အင်ဒရူး၏ လက်များက အနည်းငယ် တုန်ရီသွား၏။ ထို့နောက် သူက ခေါင်းကို မော့ကာ လင်းကျဲကို စိုက်ကြည့်ရင်း တစ်လုံးချင်း တည်ငြိမ်စွာ ရွတ်ဆိုလိုက်လေသည်။
"အရာခပ်သိမ်းသည် တစ်သားတည်း... တစ်ခုတည်းသော အရာသည် အားလုံးဖြစ်၍၊ အားလုံးသည်လည်း တစ်ခုတည်း ဖြစ်သည်"
ဤရိုးရှင်းလှသော စကားစုလေးမှာ အင်ဒရူး ထိုမဟာတံခါးကြီး၏ တစ်ဖက်ကမ်းမှ ရရှိခဲ့သည့် ဗျာဒိတ်တော်ပင် ဖြစ်သည်။ တိုတောင်းလှသည့် စကားစုထဲတွင် စကြဝဠာ၏ ဘာသာစကားဖြစ်သည့် အဂ္ဂိရတ်ပညာ၏ အနှစ်သာရတစ်ခုလုံး ကိန်းအောင်းနေ၏။
ယခုအချိန်တွင် သူသည် အသစ်တဖန် ပြန်လည်မွေးဖွားလာသူတစ်ဦးကဲ့သို့ ခံစားနေရသည်။ သူ ယခင်က သိရှိနားလည်ခဲ့သမျှ၊ ကမ္ဘာကြီးအပေါ် အမြင်များ အားလုံးမှာ အကုန်အစင် ပြောင်းလဲသွားခဲ့လေပြီ။ သူ့ကို ဝါးမြိုခဲ့သည့် မုန်တိုင်းသည် အတိတ်မှ အညစ်အကြေးဟောင်းများကို တိုက်ချသွားပြီး ပိုမိုပြည့်စုံကာ ပိုမိုသန်မာသည့် 'အင်ဒရူးအသစ်' ကို ဖော်ဆောင်ပေးလိုက်သည်။
ထိုအင်အား တိုးပွားလာမှုမှာ ရုပ်ပိုင်းဆိုင်ရာသက်သက် မဟုတ်ပေ။ ၎င်းမှာ မိမိကိုယ်ကို ယုံကြည်မှုနှင့် အရာခပ်သိမ်းကို ထိန်းချုပ်နိုင်စွမ်းရှိသည်ဟူသော အတွင်းစိတ် အသိပင် ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် အရာဝတ္ထုတိုင်း၏ ကြား၌ စီးဆင်းနေသည့် ဆက်နွှယ်မှုများကို အထင်အသား မြင်တွေ့နေရသည်။ ရုပ်ဝတ္ထုတိုင်း၏ ကြားတွင် ခွဲခြား၍မရသည့် သံယောဇဉ်ကြိုးမျှင်များ ရှိနေကြ၏။
ယခုမူ... ထိုကြိုးမျှင်များသည် အင်ဒရူး၏ လက်ခုပ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအရာများကို သူ အလိုရှိသလို ဖြတ်တောက်နိုင်သည်၊ ဖျက်ဆီးနိုင်သည်၊ သို့မဟုတ်... အသစ်ပြန်လည် တည်ဆောက်နိုင်သည်ဟု ခံစားနေရ၏။ စကားလုံးဖြင့် ဖော်ပြရလျှင်မူ ရုပ်ဝတ္ထုအားလုံးကို စီရင်ပိုင်ခွင့်ရှိသည့် 'ဘုရားသခင်' တစ်ပါးကဲ့သို့ ခံစားချက်မျိုးပင်။
အကယ်၍ အတိတ်က အင်ဒရူးသာဆိုလျှင် ဤကဲ့သို့ အနန္တတန်ခိုးတော်ကို ခံစားရပါက အတ္တများ ဖောင်းပွလာပြီး စိတ်ရိုင်းများဝင်ကာ လမ်းမှားသို့ ရောက်သွားနိုင်ပေသည်။ သို့သော် ယခုမူ သူသည် ထူးဆန်းစွာပင် တည်ငြိမ်နေ၏။ အမှန်အတိုင်းဆိုရလျှင် သူ ဤပြောင်းလဲမှုအပေါ် အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။
အဘယ်ကြောင့်နည်း။ ဤလက်ဆောင်ကို ပေးသနားတော်မူခဲ့သော ပုဂ္ဂိုလ်ကြောင့်ပင်။
မစ္စတာလင်က သူ့ကိုယ်သူ သာမန် စာအုပ်ဆိုင်ရှင်တစ်ဦးကဲ့သို့သာ သဘောထားနေသည် ဆိုသည့် အသိစိတ်သာ ကျန်မနေခဲ့လျှင် သူသည်
"အားလုံးသည် တစ်ခုတည်း၊ တစ်ခုတည်းသည် အားလုံး"
ဟု အကျယ်ကြီး အော်ဟစ်ကာ မစ္စတာလင်၏ ခြေရင်း၌ ဝတ်ပြု၍ သစ္စာခံနေမိတော့မည် ဖြစ်သည်။
"မဆိုးဘူး... ပညာရှင်တစ်ယောက်ဆိုတော့လည်း ပညာရှင်ပီသပါပေတယ်... စာအုပ်ရဲ့ အတွေးအခေါ်ကို တိတိကျကျ နားလည်ပြီး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အဓိကကျတဲ့ စကားလုံးတွေကို ဆွဲထုတ်နိုင်တာ တကယ့်ကို ထိရောက်တဲ့ လုပ်ဆောင်ချက်ပဲ"
လင်းကျဲက ကျေနပ်စွာဖြင့် ခေါင်းညိတ်ချီးကျူးလိုက်၏။
"အရာခပ်သိမ်းသည် တစ်သားတည်း" ဟူသော စကားမှာ သူ၏မေးခွန်းအတွက် အဖြေမှန်ဖြစ်သလို 'အယ်ခီမစ်’ စာအုပ်ထဲမှ မှတ်သားလောက်သော စကားစုလည်း ဖြစ်သည်။
လင်းကျဲမှာ အစကတည်းက စာအုပ်ထဲမှ အယူအဆများကို အသုံးချ၍ အင်ဒရူးကို လမ်းကြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်ဒရူးသည် စာအုပ်ထဲမှ ထိုစာသားကို ဖတ်လိုက်ရသည့်အခါ ဟပ်ချလောင်း မန်းမှုတ်လိုက်သလို အသိတရား ပွင့်လင်းသွားခြင်း ဖြစ်ပေလိမ့်မည်။
"အားလုံးသည် တစ်ခုတည်း၊ တစ်ခုတည်းသည် အားလုံး" ဟူသော ဤစကားစုမှာ အဂ္ဂိရတ်ပညာကို တင်စားခြင်း ဖြစ်သည်။ စာအုပ်တစ်အုပ်လုံးတွင် အဂ္ဂိရတ်ပညာကို လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုအနေဖြင့်သာမက၊ ဘဝ၏ အနက်အဓိပ္ပာယ်အဖြစ်ပါ တင်စားထားခြင်း ဖြစ်သည်။
အမှန်စင်စစ် လူတိုင်းတွင် ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိကြသည်။ အချို့ကမူ 'စကြဝဠာထဲက အရာအားလုံးဟာ ဆက်နွှယ်နေကြတာမို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်၊ မဟုတ်ရင် တစ်နေ့မှာ ဝဋ်ပြန်လည်လိမ့်မယ်' ဟုပင် အနက်ဖွင့်ကောင်း ဖွင့်နိုင်ကြသည်။ မည်သို့ပင် အနက်ဖွင့်သည်ဖြစ်စေ၊ အရင်ဦးဆုံး အနေဖြင့် စာအုပ်ထဲမှ ဤအဓိက စကားစုကို ရှာဖွေတွေ့ရှိရန် လိုအပ်ပေသည်။
"ကျွန်တော့်ကို မြှောက်ပင့်လွန်းရာ ရောက်နေပါပြီ... ကျွန်တော် ဘာမှ မလုပ်ခဲ့ရပါဘူး... အဖိုးမဖြတ်နိုင်တဲ့ အသိပညာတွေကို ရရှိအောင် မစ္စတာလင် ကိုယ်တိုင်ပဲ ရက်ရက်ရောရော ပေးသနားခဲ့တာပါ"
အင်ဒရူးက နှိမ့်ချစွာဖြင့် ဆက်ပြောလိုက်၏။
"မစ္စတာလင်သာ လမ်းမပြခဲ့ရင် ကျွန်တော် အမှောင်ထဲမှာပဲ နေထိုင်နေရဦးမှာပါ... အခုလို ရှေ့မှာရှိနေတဲ့ အလင်းတန်းကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး"
***