အခန်း (၂၈၆)
Vol. 21 Ch. 286
အပိုင်း(၂၈၆)
အင်ဒရူး၏ အတွေးအခေါ်များမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူ ၎င်းကို ထူးဆန်းသည်ဟု မခံစားရဘဲ၊ ဤပြောင်းလဲမှုအတွက်ပင် ဂုဏ်ယူနေမိသည်။
အင်ဒရူး၏ အမြင်တွင် ရှေ့မှောက်ရှိ လူငယ်သည် အနန္တတန်ခိုးရှင်၊ အရာခပ်သိမ်းကို သိမြင်သူ ဖြစ်နေပြီ ဖြစ်သည်။ စာအုပ်ဆိုင် ပိုင်ရှင်၏ ကြီးမြတ်မှုကို ဖော်ပြရန် စကားလုံးမရှိသဖြင့် ဘုရားသခင်နှင့်သာ နှိုင်းယှဉ်ရတော့မည်။
အင်ဒရူး တစ်ယောက် မိမိကိုယ်ကို လင်ကျဲ၏ အစေခံ အဖြစ် ခံယူခဲ့ပြီး ဖြစ်သည်။ ထိုပုဂ္ဂိုလ်အတွက်ဆိုလျှင် သူ အရာအားလုံးကို စွန့်လွှတ်ရန် အသင့်ရှိနေသည်။
လင်းကျဲက ပြုံးလျက် တုံ့ပြန်လိုက်၏။
"ပညာလိုလားသူတွေဟာ ကြီးမြတ်တဲ့အရာတွေကို ရရှိနိုင်တယ်လို့ ကျွန်တော် အမြဲယုံကြည်တယ်... ခင်ဗျားလို ပညာကို တန်ဖိုးထားတဲ့သူကို ဒီစာအုပ် ရောင်း ပေးလိုက်ရတာ တကယ့်ကို ထိုက်တန်ပါတယ်... ဒီစာအုပ်ထဲကနေ ခင်ဗျားရဲ့ဘဝကို ပြောင်းလဲပေးမယ့် 'အဂ္ဂိရတ်ပညာ' တစ်ခုခုကို ရှာတွေ့လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
လင်ကျဲ အင်ဒရူး၏ ပခုံးကို ပုတ်ရင်း 'ရောင်း' ဟူသော စကားလုံးကို တမင်တကာ အလေးပေး ပြောလိုက်သည်။ ရှေ့က ပြောခဲ့သမျှ စကားများမှာ အပိုအလုပ်များသာ ဖြစ်သည်။
စောစောလေးကတင် အင်ဒရူးမှာ 'ရက်ရက်ရောရော ပေးသနားခြင်း' ဟူသည့် စကားလုံးကို စောင်းပေး ပြောကြားသွားခဲ့သည်။
‘ဒီလူက အလကားလိုချင်နေတာလား...’
ထိုမျှလောက်နှင့် အင်ဒရူး သဘောပေါက်၊ မပေါက် မသိလေရာ လင်ကျဲက ဆက်လက် ရေလာမြောင်းပေးဖို့ ဆုံးဖြတ်လိုက်၏။
သူက အကြည့်များက ချက်ချင်းပင် စူးရှသွားသည်။ ထို့နောက်... အင်ဒရူးကို စေ့စေ့ကြည့်ရင်း ပြောလိုက်လေသည်။
"ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်တော် ပြောပြချင်တာက အသိပညာဆိုတာ အလကားမရဘူးဗျ... အရာရာမှာ ပေးဆပ်ရမယ့် တန်ဖိုး ရှိတယ်”
“...”
အင်ဒရူးမှာ သူ မြင်ခဲ့ရသည့် အကန့်အသတ်မဲ့သော အလင်းတန်းကြီးကို ပြန်လည် အမှတ်ရသွားသဖြင့် အနည်းငယ် တုန်ရီသွား၏။ အတိတ်မှ အင်ဒရူး ခဏတာ ပြန်လည်ပေါ်ပေါက်လာသလို ခံစားရပြီးနောက်၊ အရာအားလုံးမှာ မြူနှင်းများကြားမှ မြင်ကွင်းကဲ့သို့ ဝေးကွာသွားတော့သည်။
သူ နားလည်လိုက်လေပြီ။ အဂ္ဂိရတ်ပညာ၏ စစ်မှန်သည့် အနှစ်သာရမှာ 'အပြန်အလှန် လဲလှယ်ခြင်း နိယာမ' ပင် ဖြစ်သည်။
"အရာခပ်သိမ်းသည် တစ်သားတည်း" ဟူသည်မှာ စကြဝဠာအတွင်းရှိ အရာအားလုံးသည် တည်မြဲခြင်း နိယာမကို လိုက်နာရခြင်း ဖြစ်သည်။ အင်ဒရူး အနေဖြင့် သူ ရရှိခဲ့သည့် ထိုကြီးမားလှသည့် အင်အားအတွက် တူညီသော တန်ဖိုးတစ်ခုကို ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။
ဖြစ်နိုင်သည်က... သူ၏ အသက်ကိုပင် ပေးရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ဘာဖြစ်သနည်း။
အင်ဒရူးသည် ပြုံးလိုက်မိ၏။ ဤသည်မှာ သူ လိုချင်သောအရာပင် မဟုတ်ပါလား။ စည်းစိမ်ဥစ္စာနှင့် အာဏာအကြား ကျင်လည်ခဲ့သော ဘဝတွင် ဘာကျန်ခဲ့သနည်း။ သူ၏ ချစ်သူမှာ သူ့ကို သစ္စာဖောက်ကာ ဂျရုမ်း၏ မြှောက်ပင့်မှုအောက်တွင် သူ့ကို ထောင်ချောက်ဆင်ခဲ့သည်။ သူ၏ အာဏာများကိုလည်း ဒိုင်းယမန်တေက လုယူသွားခဲ့ပြီး၊ လွတ်လပ်ခွင့်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုအရာများမှာ လုံးဝ အဓိပ္ပာယ်မဲ့လှပေသည်။ သူသည် မဟာတံခါးကြီး၏ နောက်ကွယ်မှ အလင်းကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ၊ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ထာဝရတရားကိုသာ လိုက်စားတော့မည် ဖြစ်သည်။
"ကျွန်တော် နားလည်ပါပြီ... ကျွန်တော် ပေးဆပ်ရမယ့်အရာအတွက် တွန့်တိုနေမှာ မဟုတ်ပါဘူး... ဒါဟာ ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါပဲ"
အင်ဒရူးက စိတ်အေးလက်အေး ပြောလိုက်၏။
‘ဒီလူ ဘာတွေ သဘောပေါက်သွားတာလဲ...’
လင်းကျဲက သူ့ကို ထူးဆန်းသလို ကြည့်လိုက်မိ၏။
‘ငါက သူ့အသက်ကို တောင်းတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါ့ကို သူ့အသက်ပါ ပေးတော့မယ့် ပုံစံမျိုး ဖြစ်နေတာလဲ... ငါ့ရဲ့ စိတ်ဓာတ်ခွန်အားပေးစကားတွေက ဒီလောက်တောင် အစွမ်းထက်သလား... ဒါမှမဟုတ် ဒီဂန္ထဝင်စာအုပ်ကပဲ သူ့ကို တစ်ခုခု ထူးထူးခြားခြား ပြောင်းလဲလိုက်တာလား...’
‘ဘာပဲဖြစ်ဖြစ်လေ... ပိုက်ဆံပေးရင် ပြီးတာပဲ...’
လင်းကျဲက တွေးရင်း ခေါင်းကို ခါယမ်းလိုက်သည်။ သူ စောင့်မျှော်နေသည့် အချိန် ရောက်လာပြီ ဖြစ်သဖြင့် စာရင်းစာအုပ်နှင့် ဖောင်တိန်ကို ထုတ်လိုက်၏။
ထို့နောက်... တောက်ပသော အပြုံးဖြင့် ပြောလိုက်လေတော့သည်။
"အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ... ၄၅ ဒေါ်လာ ကျသင့်ပါတယ်"
...
ဟူး... ဟူး...
အေးစက်စက် လေပြင်းများက မိုက်ကယ်၏ ဦးထုပ်ကို ယူဆောင်ကာ ဝှေ့ကာဝိုက်ကာဖြင့် ဆက်လက် ခရီးနှင် သွားခဲ့၏။
ရွှေရောင်ဆံပင်များက ဖြာကျလာကာ ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
သူ ဝတ်ဆင်ထားသည့် ဝတ်ရုံဖြူမှာ လေတွင် တဖျပ်ဖျပ် လွင့်နေ၏။ လက်ထဲတွင်တော့ အနီရောင် ခရူးဆိတ်ဓားကြီး တစ်စင်းကို မြေပြင်ပေါ် ဦးစိုက်လျှက် ကိုင်ထားသည်။ သူသည် ခိုင်မာလှသော ခြေလှမ်းများနှင့် အတူ တောင်ကုန်းများပေါ်တွင် ကျော့ရှင်းစွာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။
ဟူး... ဟူး...
နှင်းများမှာ ထူထပ် များပြားစွာ ကျဆင်းနေ၏။ ၎င်းတို့က တောင်တန်းကြီးများပေါ်တွင် နဂါးအကြေးခွံများကဲ့သို့ ဖုံးလွှမ်းနေ၏။ လေပြင်းများသည် အော်ဟစ်ကာ အစွမ်းကုန် တိုက်ခိုက် နေကြသော်လည်း တောင်တန်းအား ဖုံးလွှမ်းထားသည့် မီးခိုးရောင် မြူထူများကိုမူ မဖယ်ရှားနိုင်ပေ။
ဟူး... ဟူး...
မြူများထဲရှိ အစိုဓာတ်မှာ လျှပ်စီးများအဖြစ် ပြောင်းလဲသွား၏။ မကြာမီမှာပင် ဧရာမ လေဆင်နှာမောင်းကြီး တစ်ခု ပေါ်ထွက်လာသည်။ ၎င်း၏ လွှမ်းမိုးမှု အောက်တွင် တောင်ကြီးသည်ပင် သေးငယ်သွားသလို ခံစားရစေသည်။
“ယား...”
မိုက်ကယ် တောက်ပစူးရှသည့် အကြည့်ဖြင့် ခရူးဆိတ်ဓားကို မြှောက်လိုက်ပြီး အလင်းတန်းတစ်ခုကို မြေကြီးထဲသို့ ပစ်လွှတ်လိုက်သည်။ ၎င်းမှာ မိုးကြိုးပစ်ချလိုက်သည့်အလား ထင်မှတ်ရ၏။
ဂျိမ်း...
ရေခဲပြင်များမှာ အမှုန်အမွှားများအဖြစ် ပေါက်ကွဲထွက်သွား၏။ အောက်ရှိ အေးခဲနေသည့် မြေပြင်မှာလည်း ထက်ပိုင်းဖြတ်လိုက်သည့် အလား ဟက်တက်ကွဲထွက်သွားတော့သည်။ မိုးခြိမ်းသံ အလား မြည်ဟီးသံများနှင့်အတူ ဧရာမ ကျောက်တုံးကြီးများ ပြိုကျလာ၏။
"နိုးထလော့... ဘီလူးဘုရင်...."
မိုက်ကယ်က ဟိန်းဟောက်လိုက်၏။
ဂျိမ်း... ဂျိမ်း...
တောင်တန်းကြီး တစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီးနောက် မြေအောက်မှ ဧရာမ လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာ၏။ ထို့နောက်တွင်မူ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးပါ လိုက်ပါ ထွက်ပေါ် လာခဲ့လေတော့သည်။
သူကား... ဘီလူး တိုင်းပြည် သြဂတ်စတပ်ပင် ဖြစ်ပေတော့သည်။
...
ဂျိမ်း... ဝုန်း...
ကျောက်တုံးကြီးများ ပြိုကျလာပြီး ရေခဲပြင်ကြီးများမှာလည်း အက်ကွဲပျက်စီးကုန်သည်။ တောင်တန်းကြီးတစ်ခုလုံးမှာ နားကွဲလုမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ လှုပ်ခါသွားကာ ဧရာမ ဘီလူးကြီး တစ်ကောင်မှာ တောင်တန်းကြီးအတွင်းမှ ရုန်းထွက်ကာ ထိုင်ချလိုက်လေသည်။
ထိုအချိန်သို့ ရောက်သည့် အခါတွင်မှ ထိုတောင်တန်းကြီးမှာ အမှန်စင်စစ် ပလ္လင်တော်ကြီးတစ်ခု ဖြစ်နေပြီး၊ ဘီလူးကြီးမှာ ထိုပလ္လင်ပေါ်တွင် အတွေးနက်နေသော ပုံစံဖြင့် မှီတွယ်နေခြင်း ဖြစ်ကြောင်း ပေါ်လွင်လာတော့သည်။
ဘီလူးကြီးမှာ အချိန်ကာလ ယန္တရား စက်ဝန်း အတော်ကြာအောင် အတွေးနက်နေခဲ့သဖြင့်၊ ပလ္လင်တော်မှာ ထာဝရ အေးခဲနေသည့် မြေအဖြစ် ပြောင်းလဲသွားကာ သူကိုယ်တိုင်လည်း သဘာဝတရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် တောင်တန်းများနှင့် တစ်သားတည်း ဖြစ်နေခဲ့ဟန်တူသည်။ ယခုမှသာ သူသည် နိုးထလာခြင်း ဖြစ်၏။
မိုက်ကယ်မှာ ကြိုတင်ပြင်ဆင်မှု အပြည့်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ သူက ပလ္လင်တော်၏ အစွန်းဘက်၊ ကျောက်ခဲ အပျက်အစီးများ အနည်းဆုံးကျရောက်ရာ တောင်စွန်းပေါ်တွင် မတ်တပ်ရပ်နေ၏။ ကျောက်တုံးအချို့မှာ သူ့ထံသို့ တည့်တည့်ပြိုကျလာသော်လည်း သူ့အား ဝန်းရံထားသည့် အလင်းတန်းများက ထိုအရာများကို အမှုန့်အဖြစ် ကြေမွသွားစေသည်။ မိုက်ကယ်မှာ အဝတ်ဖြူနှင့် ရွှေရောင်ဆံပင်များကို လေထဲတွင် ဝဲပျံခွင့်ပြုထားရင်း မလှုပ်မယှက် ရပ်နေဆဲပင်။
သူက နိုးထလာသည့် ဘီလူးကြီးကို မော့ကြည့်ရင်း လှမ်းခေါ်လိုက်၏။
"သြဂတ်စတပ်... ငါ ဘာလို့ ဒီကို ရောက်နေသလဲဆိုတာ မင်း သိသလား"
***