အခန်း (၂၈၇)
Vol. 21 Ch. 287
အပိုင်း(၂၈၇)
စလေတာ သြဂတ်စတပ်...
ဓမ္မတေးသံရှင် ရှေးဟောင်းဘုရင်...
မဟူရာ ဧကရာဇ်...
နဂါးဘာသာဗေဒ ပညာရှင်...
ဘီလူးတို့၏ နောက်ဆုံးမျိုးဆက်...
ဤအရာအားလုံးမှာ ထိုဧရာမ သက်ရှိကြီးအား ပေးအပ်ထားသည့် ဘွဲ့ထူးများ ဖြစ်သည်။ သူ ရှင်သန်ခဲ့သည့် သက်တမ်းမှာ အလွန်ရှည်ကြာလှပြီ ဖြစ်သဖြင့် ဤထက် ပိုမိုသည့် အမည်နာမများစွာ ရှိသေးသော်လည်း၊ အထက်ဖော်ပြပါ ဘွဲ့အမည်များမှာ သူ့ကို အပီပြင်ဆုံး ကိုယ်စားပြုနိုင်သည့် အရာများ ဖြစ်သည်။
အချို့က သူ့ကို 'ဘီလူးတို့၏ တိုင်းပြည်' ဟုလည်း ခေါ်ကြသည်။ အကြောင်းကား သူသည် ဘီလူးတို့၏ နောက်ဆုံးနယ်မြေဖြစ်သည့် ပလ္လင်တော်နှင့် တစ်သားတည်း ပေါင်းစပ်နေသောကြောင့် ဖြစ်သည်။ မြောက်ဘက် ကုန်းမြင့်ဒေသ၊ မြူတံတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တောင်တန်းများကြားတွင် သူတစ်ဦးတည်းသည်ပင် နိုင်ငံတစ်ခု ဖြစ်ပေသည်။
ထို့အပြင် ဤဘွဲ့အမည်က... သြဂတ်စတပ်တွင် နိုင်ငံတစ်ခုလုံးနှင့် ရင်ဆိုင်နိုင်သည့် ခွန်အားရှိကြောင်းကိုလည်း ဆိုလိုပေသည်။ သမိုင်းမှတ်တမ်းများအရ အင်အားအကြီးဆုံးသော 'အခရာ အဆင့်' အောက်လမ်းမှော်ဆရာ သုံးဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည့်အတွက် ဩဂတ်စတပ်၏ အစွမ်းထက်မှုကို သံသယဖြစ်ဖွယ် မရှိပေ။ မှော်အတတ်၌ ကျွမ်းကျင်ရုံသာမက ဘီလူးမျိုးနွယ် ဖြစ်သည့်အတွက် ထူးကဲသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။
ဩဂတ်စတပ်မှာ အားနည်းချက်မရှိသော 'အခရာ အဆင့်' ပုဂ္ဂိုလ်တစ်ဦးဟုပင် ဆိုကြသည်။ အမှန်တရား အသင်းတော်၏ အဆင့်သတ်မှတ်ချက်စာရင်းတွင် တစ်ဦးချင်းစီ၏ အဆင့်ကို အတိအကျ သတ်မှတ် မထားသော်လည်း၊ လူအများက သြဂတ်စတပ်ကို အားလုံးထဲတွင် အသန်မာဆုံးဟု သတ်မှတ်ထားကြသည်။
သို့သော် မိုက်ကယ်အတွက်မူ ဤသည်မှာ ရယ်စရာ အယူအဆတစ်ခုသာ ဖြစ်သည်။ သြဂတ်စတပ် အလွန်တရာ အစွမ်းထက်သည်မှာ မှန်သော်လည်း၊ သူ၏ မီးလျှံ ဓားလမ်းစဉ် အဖွဲ့တွင်လည်း မိမိဘာသာ ရပ်တည်နိုင်သည့် အစွမ်းထက်သူများ မရှားပေ။ ထိုအချက်ကို လူအများက မသိကြခြင်းသာ ဖြစ်သည်။
မိုက်ကယ်ကိုယ်တိုင်ပင်လျှင် ကြိုတင်ပြင်ဆင်၍ အစွမ်းကုန် အားထုတ်ကာ အသက်ကို စွန့်ရန်အထိ စိတ်ပိုင်းဖြတ်ထားလျှင် သြဂတ်စတပ်ကို အနိုင်ယူနိုင်စွမ်းရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။
သို့သော်လည်း... သူကဲ့သို့ သက်တမ်းရင့် ပုဂ္ဂိုလ်ကြီးများမှာ အသက်ကို အလွန်တန်ဖိုးထားကြသည်။ မည်သူမျှ မိမိနှင့် အဆင့်တူသူတစ်ဦးကို အသက်စွန့်၍ တိုက်ခိုက်လိုစိတ် မရှိကြပေ။ ထိုကဲ့သို့ မိုက်မဲသည့် အပြုအမူမျိုးမှာ အရှုံးသာရှိပြီး လုံးဝ အကျိုးမဲ့လှသည်။
သို့သော်လည်း... ထိုကြောက်စရာကောင်းသည့် စာအုပ်ဆိုင် ပိုင်ရှင်နှင့် ဆုံတွေ့ခဲ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
မိုက်ကယ် တစ်ယောက် ထိုမှတ်ဉာဏ်ကို ကွက်ကွက်ကွင်းကွင်းပင် မှတ်မိနေသေးဆဲ ဖြစ်သည်။ စာအုပ်ဆိုင်သို့ ပို့လိုက်သည်မှာ သူ၏ ကိုယ်ပွား တစ်ယောက်သာ ဖြစ်သော်လည်း၊ လုံးဝဥဿုံ အဖိနှိပ်ခံလိုက်ရသည့် ခံစားချက်ကို သူ ယခုတိုင် ဖျောက်ပစ်၍ မရသေးပေ။
"အို... မိုက်ကယ်လား"
တောင်တန်းကြီးအတွင်း အိပ်စက်နေရာမှ နိုးထလာသည့် ဘီလူးကြီးက မေးလိုက်၏။ သူ၏ အသံမှာ ဩဇာညောင်းလှရကား ပတ်ဝန်းကျင်မှ တိမ်တိုက်များကိုပင် လွင့်စဉ် သွားစေခဲ့၏။
သူ မျက်တောင်များကို ခတ်လိုက်သည့်အခါ ကျောက်ခဲများ၊ သစ်ပင်များနှင့် မြေကြီးများမှာ အမြောက်အမြား ပြုတ်ကျလာ၏။
အလွန်တရာ ကြီးမားလှသည့် သူ၏ မျက်လုံးများမှာ မဟူရာရောင် ကျောက်မျက် ရတနာများ သဖွယ် နက်ရှိုင်းလှကာ ဉာဏ်ပညာ အလင်းရောင်တို့ဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့မှာ ရှေ့မှောက်ရှိ ဝတ်ဖြူစင်ကြယ်နှင့် ရွှေရောင်ဆံပင်ပိုင်ရှင် လူသားလေးကို ရောင်ပြန်ဟပ် နေခဲ့သည်။
သြဂတ်စတပ်က ခေါင်းကို အနည်းငယ် လှုပ်ရှားလိုက်သည့်အခါ မြေကြီးများနှင့် နှင်းများမှာ ထပ်မံ ပြိုကျသွားကာ သူ ဆောင်းထားသော သရဖူမှာ ပေါ်လွင်လာခဲ့သည်။ ၎င်းမှာ မီးကျွမ်းနေသည့် သစ်သားတုံး ကဲ့သို့ မည်းနက်နေပြီး၊ အက်ကွဲကြောင်းများကြားတွင်တော့ မီးတောက်များမှာ လင်းလက်နေ၏။
သြဂတ်စတပ် အတိတ်ကို အနည်းငယ် ပြန်လည်စဉ်းစားကြည့်လိုက်၏။ နောက်ဆုံးသော တပည့်ကို ပြန်လွှတ်လိုက်ပြီးနောက် အလွန်ပျင်းစရာကောင်းသည့် မှော်ဂါထာတစ်ခုအကြောင်း စဉ်းစားရင်း ရုတ်တရက် ငိုက်မြည်းသွားခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် သတိရလိုက်သည်။ သူ၏ အိပ်စက်မှုမှာ နှစ်ပေါင်း (၃၀) တိတိ ကြာမြင့်သွားခဲ့ခြင်း ဖြစ်ပေသည်။
သူ ပြန်လည် သတိရသလောက်ဆိုလျှင် ဝယ်လ် ဟု အမည်ရသည့် ထိုကလေးငယ်သည် ကံကြမ္မာ၏ လမ်းကြောင်းပေါ်တွင် ထူးခြားသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ဟန်တူသည်။ သူ ပစ်လွှတ်လိုက်သည့် ကျောက်ခဲလေးတစ်လုံးမှာ ဂယက်ရိုက်ခတ်မှုများကို ဆက်တိုက် ဖန်တီးခဲ့လေပြီ။
မကြာမီမှာပင် မိမိရှေ့ရှိ မိတ်ဆွေဟောင်းမှာလည်း ကံကြမ္မာ၏ 'အညစ်အကြေး' များ ကပ်ညှိနေသည်ကို သူ သတိပြုမိလိုက်၏။
သြဂတ်စတပ်က ပြုံးလျက် မေးလိုက်သည်။
"မိုက်ကယ်ကြီး... မင်း ငါ့ကို နှိုးလိုက်တာ မင်းရဲ့ သနားစရာကောင်းတဲ့ ရှုံးနိမ့်မှု ပုံစံကြီးကို လာပြဖို့အတွက်လား..."
ထို့နောက် သူက စဉ်းစားဟန်ပြုကာ အနည်းငယ် ရယ်မောရင်း လေးနက်စွာဖြင့် မှတ်ချက်ချလိုက်သည်။
“အဲဒီမြင်ကွင်းက တကယ့်ကို ဖျော်ဖြေမှုတစ်ခုပါပဲကွာ..."
မိမိ၏ ကိုယ်ပွား ကြုံတွေ့ခဲ့ရသည့် အဖြစ်ကို သြဂတ်စတပ် သိနေကြောင်း မိုက်ကယ် နားလည်လိုက်သည်။ ဘီလူးကြီး၏ သဘာဝကို သိထားသော်လည်း၊ မနှစ်မြို့ဖွယ် အတွေ့အကြုံကို ပြန်အမှတ်ရသွားသဖြင့် မိုက်ကယ်၏ မျက်နှာမှာ ညှိုးနွမ်းသွားလေ၏။
"ဘီလူးတိုင်းပြည်... မင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ ဟာသတွေကို ရပ်လိုက်စမ်းပါ... မင်းနဲ့ စကားပြောရင် ကွေ့ပတ်ပြောလို့ မရဘူးဆိုတာ ငါ ခဏ မေ့သွားတယ်"
မိုက်ကယ်က သူ၏ အနီရောင် ခရူးဆိတ်ဓားကို မြေကြီးပေါ်သို့ တစ်ချက် စိုက်လိုက်ရင်း မေးခွန်းထုတ်လိုက်၏။
"အဲဒီ စာအုပ်ဆိုင်ရှင်က ဘယ်သူလဲ..."
"ငါလည်း မသိဘူး"
သြဂတ်စတပ်က ခေါင်းခါရင်း ပြန်ဖြေ၏။
မိုက်ကယ် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိသည်။
"မသိဘူး ဟုတ်လား... အဲဒီ ဂါဂွိုင်းက မင်းပိုင်တာ မဟုတ်ဘူးလား"
"အဲဒါ ငါ့တပည့်ဟောင်းရဲ့ အပြောင်မြောက်ဆုံး လက်ရာလေ... မဆိုးဘူး မဟုတ်လား..."
သြဂတ်စတပ်မှာ အတိတ်ကို လွမ်းဆွတ်နေဟန် ရှိ၏။
မိုက်ကယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
"အဲဒါ မင်း မအိပ်ခင်ကဆိုတော့ အနည်းဆုံး နှစ်ပေါင်း သုံးဆယ် ရှိပြီပေါ့... အဲဒီ ဂါဂွိုင်းကတစ်ဆင့် သူ ဘယ်ကို ဦးတည်သွားသလဲဆိုတာ မင်း သေချာပေါက် မြင်ရမှာပဲ... ဘီလူးတိုင်းပြည်... မင်းလည်း သိတာပဲ... ငါက ကံကြမ္မာရဲ့ လမ်းကြောင်းတွေကို တိုင်းတာတဲ့နေရာမှာ မကျွမ်းကျင်ဘူး... ငါ့ကိုယ်ပွား စာအုပ်ဆိုင်ထဲကို ဝင်သွားတုန်းက အဲဒီဆိုင်ထဲက ကံကြမ္မာ ကြိုးမျှင်တွေကို မမြင်နိုင်ခဲ့ဘူး... ဒါပေမဲ့ မင်းကတော့ အဲဒီဂါဂွိုင်းကတစ်ဆင့် ငါ့ကို မြင်နေမှာပဲ... မင်းမှာ ဘာမှ ပတ်သက်မှုမရှိဘူးဆိုတာ ငါ မယုံဘူး"
"ဒါ့အပြင် အဲဒီ စာအုပ်ဆိုင်ပိုင်ရှင်က ရှေးဟောင်းနဂါး ဘားကတ်နဲ့ ဆက်နွှယ်မှု ရှိနေတဲ့ပုံပဲ... အဲဒီကောင်အကြောင်း မင်း သိမှာပေါ့"
မိုက်ကယ်၏ မေးခွန်းများကို သြဂတ်စတပ်က အနည်းငယ် ပြုံးရင်း ပြန်ဖြေလိုက်၏။
"ဘားကတ်က သေသွားပြီ..."
မိုက်ကယ်က ခေါင်းခါသည်။
"ငါကိုယ်တိုင် အဲဒီ ကပ်ဘေး နဂါးရဲ့ အရှိန်အဝါကို ခံစားခဲ့ရတာ... မင်းလည်း မြင်ခဲ့မှာပဲ... ကြည့်ရတာ မင်းပြောသလို တကယ့် ဖျော်ဖြေမှု တစ်ခု ဖြစ်နတဲ့ပုံ ရတယ်”
ဘာကတ်မှာ သေဆုံးသွားခြင်း မရှိပဲ၊ တကယ်တမ်း သေဆုံးသွားသူမှာ ဘားကတ်၏ အမည်ကို အသုံးပြုနေသည့် အခြားလူ တစ်ဦးသာ ဖြစ်နိုင်သည်ဟု မိုက်ကယ်က ယူဆနေခြင်း ဖြစ်သည်။
သြဂတ်စတပ်က သူ၏ အနေအထားကို အနည်းငယ် ပြင်လိုက်၏။
"ဘာကတ်က တကယ် သေသွားတာပါ... ဒါပေမဲ့ သူဟာ တစ်ချိန်က စုန်းမဆစ်ဗာရဲ့ ဘိသိက်ခံ တစ်ဦး ဖြစ်ခဲ့ဖူးတယ်... သူ သေပြီးတဲ့နောက်မှာတော့ အဲဒီစုန်းမရဲ့ ရေခဲပြင် အိပ်မက်ကမ္ဘာထဲက သစ်ပင်တစ်ပင် ဖြစ်သွားခဲ့တယ်... သူကတော့ သေရကျိုးနပ်သွားတာပါပဲ"
မိုက်ကယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။
"ဒါကြောင့်ကိုး..."
သြဂတ်စတပ်က ခေါင်းတစ်ချက် ညိတ်ကာ ဆက်ပြောလိုက်သည်။
"သူက ဘာကတ်နဲ့ ပတ်သက်နေတာ မဟုတ်ဘူး... ငါ့အမြင် ပြောရရင် မူလ တည်ရှိမှုတွေနဲ့ ပတ်သက်နေတာ"
မိုက်ကယ်၏ နှလုံးခုန်သံများ မြန်လာခဲ့၏။ သူ မီးလျှံဓားလမ်းစဉ်ကို တည်ထောင်ခဲ့စဉ်က အကြောက်ဆုံး အရာမှာ အိပ်မက်ကမ္ဘာထဲမှ ကမ္ဘာဦး စုန်းမကြီးများ နိုးထလာမည်ကိုပင်။
ပြောရလျှင်... သူသည် အိပ်မက်ကမ္ဘာကို အတင်းအဓမ္မ တွန်းဖွင့်လိုသူ ဖြစ်သည်။ ၎င်းမှာ ကမ္ဘာဦး စုန်းမကြီးများ လုပ်ဆောင်ခဲ့သည့် အရာနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပေသည်။
ယခုအခါတွင်တော့ စုန်းမကြီးများမှာ နိုးထလာခြင်း မရှိသော်လည်း၊ စုန်းမကြီး တစ်ဦးနှင့် ဆက်နွှယ်နေဟန်ရှိသည့် ပို၍ ကြောက်မက်ဖွယ်ကောင်းလှသော မူလ အရှင်သခင်တစ်ပါး ပေါ်ထွက်လာခဲ့လေပြီ။
"မင်း ပြောချင်တာက... သူက စုန်းမကြီးတွေက လွှတ်လိုက်တဲ့သူပေါ့..."
"ငါ မသိဘူး"
သြဂတ်စတပ်က ချက်ချင်း ငြင်းဆိုလိုက်၏။ ထို့နောက် သူက အဓိပ္ပာယ်ပါပါ သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်း ပြောတာ တစ်ခုတော့ မှန်တယ်... ငါ အဲဒီ ဂါဂွိုင်းကတစ်ဆင့် ကံကြမ္မာရဲ့ ကြိုးမျှင်တွေကို မြင်ခဲ့ရတာ ဟုတ်ပါတယ်... ဒါပေမဲ့ အဲဒီမှာတင် ငါ ရပ်လိုက်တယ်... ငါ့တပည့်ကို သူ့လမ်းသူ လျှောက်ခွင့်ပေးချင်တာကြောင့် ငါ ဆက်ပြီး စုံစမ်းမနေတော့ဘူး"
ဩဂတ်စတပ်သည် ဆက်လက် စုံစမ်းနိုင်စွမ်း ရှိသော်လည်း မလုပ်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း... ဓမ္မတေးသံရှင် ရှေးဟောင်းဘုရင်ကြီးထံတွင် စူးစမ်းလိုစိတ် မရှိခြင်းတော့ မဟုတ်ပေ။ အမှန်စင်စစ်... ၎င်းမှာ ကြောက်ရွံ့ခြင်း ကြောင့်သာ ဖြစ်ပေသည်။
မိုက်ကယ်မှာ စကားလုံးများ ပျောက်ရှသွားပြီး ကျောရိုးထဲတွင် စိမ့်တက်သွားခဲ့၏။
"နောက်ပြီတော့..."
သြဂတ်စတပ်က လက်ကို ဆန့်ထုတ်၍ အဝေးတစ်နေရာကို ညွှန်ပြလိုက်သည်။
"မင်းရဲ့ အိန်ဂျယ် အဖော်တစ်ယောက်က စာအုပ်ဆိုင်ရှင်နဲ့ မပူးပေါင်းတာက ပိုကောင်းတဲ့ အကြံဉာဏ်လို့ ထင်နေပုံရတယ်.... မင်း သူ့ကို သွားမတားဘူးလား"
မိုက်ကယ် သြဂတ်စတပ် လက်ညှိုးညွှန်ရာဘက်သို့ ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့၏။
"ရာဇီယလ်လား..."
***