အခန်း (၂၈၈)
Vol. 21 Ch. 288
အပိုင်း(၂၈၈)
"ရာဇီယလ်လား..."
မိုက်ကယ်သည် သူနှင့် အဆင့်တူ ပုဂ္ဂိုလ်များ၏ ကံကြမ္မာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ထို့ပြင်... ကံကြမ္မာ စည်းဝိုင်းပြင်ပ၌ ရှိနေသည့် စာအုပ်ဆိုင်ရှင်နှင့် သွားရောက်ပတ်သက်မိလေရာ မူလရှိရင်းစွဲ လမ်းကြောင်းများကို ပျက်စီးစေပြီး အရာအားလုံးကို ဝေဝါးသွားစေခဲ့သည်။
သို့သော်လည်း... သြဂတ်စတပ် ဆိုလိုနေသူမှာ 'ဟိုးမန်းကူးလပ်စ်' ခေါ် ဉာဏ်ရည်တု လူသားများကို သုတေသနပြုနေသည့် သူ၏ ရဲဘော်ရဲဘက် ရာဇီယလ်ပင် ဖြစ်လိမ့်မည်ဟု မိုက်ကယ်က အာရုံရလိုက်သည်။
ဤအချက်က မိုက်ကယ်ကို ခေါင်းခဲစေ၏။ သူ၏ ရဲဘော်ရဲဘက်များသည် တစ်ဦးပြီးတစ်ဦး စာအုပ်ဆိုင်ဆီသို့ အကြောင်းအမျိုးမျိုးဖြင့် မလွဲမသွေ ဆွဲဆောင်ခြင်း ခံနေရသည်ကို သူ ရိပ်မိလာသည်။ ပြောရလျှင် သူ ကိုယ်တိုင်ပင် အပါအဝင် ဖြစ်ပေသည်။
အခြားသူများ၏ ကံကြမ္မာများအား လေ့လာခြယ်လှယ်ရသည်မှာ ငြီးငွေ့နေပြီဖြစ်သည့် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဤအခြေအနေမှာ အလွန်ထူးဆန်းနေမှန်း မိုက်ကယ် ကောင်းကောင်းသိသည်။ မီးလျှံဓားလမ်းစဉ် အဖွဲ့ကို စတင်တည်ထောင်ခဲ့သူများမှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ရှေးဟောင်း အခရာ အဆင့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ သူတို့၏ လျှို့ဝှက်အင်အားမှာ အဇီးရှိ စွမ်းအားရှင် ၉၉ ရာခိုင်နှုန်းထက် သာလွန်နေလေပြီ။
သို့သော်လည်း... ယခုအခါတွင်မူ သူတို့အားလုံးသည် အပေါက်ငယ်လေးတစ်ခုဆီသို့ အရှိန်ဖြင့် စီးဝင်နေသည့် ရေစက်များကဲ့သို့ပင် ထိုစာအုပ်ဆိုင်ရှင်ဆီသို့ ဦးတည်သွားနေကြသည်။
ဤအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။ ပထမတစ်ချက်... ထိုစာအုပ်ဆိုင်ပိုင်ရှင်၏ စွမ်းအားမှာ သူတို့အားလုံး ပေါင်းထားသည်ထက်ပင် သာလွန်နေသဖြင့် ကံကြမ္မာလမ်းကြောင်းအရ သူတို့ကို မတွန်းလှန်နိုင်အောင် ဆွဲဆောင်နေခြင်း ဖြစ်သည်။
ဒုတိယတစ်ချက်... ထိုစာအုပ်ဆိုင်ပိုင်ရှင်သည် မိုက်ကယ် ယခင်က လုပ်ဆောင်ခဲ့သကဲ့သို့ပင် သူ၏ ကိုယ်ပိုင် အစီအစဉ်များအတွက် အခြားလူများ၏ ကံကြမ္မာကြိုးမျှင်များကို တမင်တကာ ဆွဲကိုင်ကစားနေခြင်း ဖြစ်သည်။
မိုက်ကယ် ဒုတိယအချက်ကို ပို၍ ယုံကြည်မိသည်။ အကြောင်းကား... သူ၏ ကိုယ်ပွား စာအုပ်ဆိုင်သို့ ရောက်ရှိစဉ်က စာအုပ်ဆိုင်ရှင်မှာ မီးလျှံဓားလမ်းစဉ် အဖွဲ့ဝင် ဆယ်ဦးစလုံး၏ လျှို့ဝှက်ကုဒ်အမည်များကို အမှတ်မထင် ထုတ်ဖော်ပြောကြားခဲ့သောကြောင့် ဖြစ်သည်။
၎င်းမှာ လုံးဝဥဿုံ လျှို့ဝှက်ချက်ပင်...။
မူလအဖွဲ့ဝင် အချင်းချင်းပင် အခြားသူ၏ ကုဒ်အမည်ကို မသိကြပေ။ ယခုထက်တိုင် မိုက်ကယ်သည်သာ အဖွဲ့ဝင်များအကြား ဆက်သွယ်ပေးသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ မီးလျှံ ဓားလမ်းစဉ် အဖွဲ့ဝင်များထဲတွင် အကျင့်စရိုက် ထူးဆန်းသူများ၊ အစွန်းရောက်သူများနှင့် အခြားအဖွဲ့ဝင်များ မည်သူမည်ဝါဖြစ်ကြောင်းကို စိတ်မဝင်စားသူများ ပါဝင်ကြသည်။
သူတို့သည် မီးလျှံဓားလမ်းစဉ် တည်းဟူသော အလံတော်အောက်တွင်သာ ဟန်ပြစုစည်းထားကြခြင်း ဖြစ်ပြီး၊ အမှန်စင်စစ် အဖွဲ့၏ အထက်ပိုင်းမှာ အလွန်ပင် ပြန့်ကျဲနေသည်။ သူတို့အတွက် စည်းလုံးညီညွတ်မှုမှာ အရေးမကြီးပေ။ အကြောင်းကား သူတို့ တစ်ဦးချင်းစီ ပိုင်ဆိုင်ထားသည့် စွမ်းအားသည်ပင် လမ်းကြောင်းပေါ်ရှိ မည်သည့်အတားအဆီးကိုမဆို ချေမှုန်းရန် လုံလောက်နေသောကြောင့် ဖြစ်သည်။
သို့သော် ထိုအချက်မှာ အတိတ်ကသာ ဖြစ်သည်...။ ထိုစာအုပ်ဆိုင်ပိုင်ရှင်နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ 'အခရာ အဆင့်' ပုဂ္ဂိုလ်များပင်လျှင် မွေးကင်းစကလေးငယ်ကဲ့သို့ အားနည်းလှပေသည်။
မိုက်ကယ် ရှုံးနိမ့်ခဲ့သည်မှာ ကိုယ်ပွားဖြင့် စမ်းသပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ ဂါဘရီရယ် မူကား သူ၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် သွားရောက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ဂါဘရီရယ် သေဆုံးမည့် ကံကြမ္မာကို မိုက်ကယ် ကြိုတင်မြင်ခဲ့ပြီး လင်းကျဲကို ထိုနေရာတွင် အစားထိုးရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ဂါဘရီရယ်မှာ ဘာမှမလုပ်နိုင်ဘဲ ဤမျှလွယ်ကူစွာ အရေးနိမ့်သွားလိမ့်မည်ဟု မိုက်ကယ် မထင်ထားခဲ့ပေ။
ထို့အပြင်... နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် 'အမိုးခုံး ဘုရားကျောင်းတော်' သည်လည်း မကြာမီ အမြစ်ပြတ်ချေမှုန်းခံရပြီး 'နေမင်းယုံကြည်မှု' ဖြင့် အစားထိုးခံရတော့မည် ဖြစ်သည်။ ဤအရာအားလုံးမှာ လင်းကျဲ၏ စီမံကိန်းဖြစ်ကြောင်း ထင်ရှားလှသည်။
သြဂတ်စတပ်၏ စကားလုံးများ အရရော၊ လင်းကျဲက ကုဒ်အမည် (၁၀) ခုကို သိနေခြင်း အရရော ဆိုလျှင်... စာအုပ်ဆိုင် ပိုင်ရှင်မှာ အိပ်မက်ကမ္ဘာ အက်ကွဲကြောင်းကို တွန်းမဖွင့်နိုင်စေရန် ကမ္ဘာဦး စုန်းမကြီးများ စေလွှတ်လိုက်သည့် တမန်တော်တစ်ဦး ဖြစ်လိမ့်မည်ဟု မိုက်ကယ် သံသယဝင်လာသည်။
‘ဒါသာ အမှန်ဆိုရင်တော့ သူ့ကို ငါတို့ဘက်ပါအောင် စည်းရုံးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး...၏
ထိုကဲ့သို့ တွေးမိသော်လည်း မိုက်ကယ်၏ အကြည့်များမှာ ပို၍ ခိုင်မာလာသည်။ ကမ္ဘာဦး စုန်းမကြီးများ ဖြစ်တော့ ဘာအရေးနည်း။
သူတို့သည် အိပ်မက်ကမ္ဘာကို သီးခြားခွဲထုတ်ရန် 'မြူတံတိုင်း' ကို တည်ဆောက်ခဲ့ပြီး ထိုနေရာမှာပင် ပုန်းအောင်းနေခဲ့ကြသည်။ ဤအချက်ကပင် သူ၏ လမ်းစဉ်မှာ မှန်ကန်ကြောင်း သက်သေပြနေသည်။ အိပ်မက်ကမ္ဘာသည်သာ စစ်မှန်သည့် နတ်ဘုရားတို့၏ နယ်မြေ ဖြစ်သည်။ အတိတ်က ကြောက်ရွံ့မှုများကြောင့် ထိုလမ်းစဉ်ကို လျှောက်လှမ်းရန် အခွင့်အရေး လက်လွှတ်ခဲ့ရသော်လည်း၊ ယခုမူ ထိုအခွင့်အရေးကို သူ ကိုယ်တိုင် အရယူရမည် ဖြစ်သည်။
အဓိက အတားအဆီးက လင်ကျဲ...
သြဂတ်စတပ်ပင်လျှင် သူ၏ အစွမ်းကို မခန့်မှန်းနိုင်ပေ။ ကြည့်ရသည်က မီးလျှံဓားလမ်းစဉ် အဖွဲ့မှာ ယခင်ကကဲ့သို့ ဆက်သွား၍ မရတော့ပေ။ သူတို့အားလုံး စည်းလုံးကြရတော့မည်။
မိုက်ကယ် အဝေးသို့ ငေးကြည့်နေ၏။ သူ၏ မျက်နှာပေးမှာ အဓိပ္ပာယ်ဖော်ရ ခက်လှသည်။ ယခုအချိန်တွင် စာအုပ်ဆိုင်ဆီသို့ ဦးတည်သွားနေသည့် ရာဇီယလ်အတွက် အခြေအနေမှာ မကောင်းလှပေ။
ထိုရဲဘော်ရဲဘက်ကြီး၏ ကံကြမ္မာမှာ ဝေဝါးသွားပြီဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ သူ ဖြည်းညင်းစွာပင် နောက်သို့ လှည့်ကြည့်လိုက်၏။
"ဘီလူး ဘုရင်... ငါတို့နဲ့ ပူးပေါင်းဖို့ မင်း စိတ်ဝင်စားလား"
သြဂတ်စတပ်က တဟားဟား ရယ်မောလိုက်ရာ တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားလေ၏။
"မင်းရဲ့ အိန်ဂျယ်ရဲဘော်ကို စွန့်လွှတ်လိုက်ပြီပေါ့ ဟုတ်လား"
ဩဂတ်စတပ်မှာ 'ရဲဘော်' ဟူသော စကားလုံးကို လှောင်ပြောင်သရော်သည့် လေသံဖြင့် အလေးပေး ပြောလိုက်ခြင်း ဖြစ်သည်။
မိုက်ကယ်သည် ရာဇီယလ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သြဂတ်စတပ် သိပေသည်။ ထိုသို့ဆိုလျှင် ဆယ်ဦးနေရာတွင် လစ်လပ်သွားမည် ဖြစ်ရာ၊ ထိုနေရာအတွက် ဘီလူးဘုရင် သြဂတ်စတပ်ကို ဖိတ်ခေါ်ခြင်း ဖြစ်ပေသည်။
မိုက်ကယ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
"မင်းတောင် သူ့ကို စူးစမ်းဖို့ ကြောက်နေတယ်ဆိုမှတော့ ငါတို့ တစ်ဦးချင်းစီရဲ့ ခွန်အားနဲ့ အဲဒီစာအုပ်ဆိုင်ရှင်ကို ယှဉ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ရာဇီယလ်ရဲ့ ကံကြမ္မာကတော့ ဆုံးဖြတ်ပြီးသားမို့လို့ ငါတို့ အင်အားတွေကို အလဟဿ အကုန်မခံသင့်တော့ဘူး"
"ငါတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တဲ့ လမ်းမှာ အနစ်နာခံမှုတွေဆိုတာ ရှိစမြဲပဲ မဟုတ်လား"
သြဂတ်စတပ်က ရယ်မောခြင်းကို ရပ်လိုက်ပြီး မိုက်ကယ်ကို အေးစက်စက် ကြည့်လိုက်၏။
"မိတ်ဆွေဟောင်းကြီး... မင်းရဲ့ ရည်မှန်းချက်တွေက တကယ်ပဲ မှန်ကန်တယ်လို့ မင်း ထင်နေတုန်းလား"
"ဒါပေါ့... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းကို ငါပေးခဲ့တဲ့ အဖြေအတိုင်းပဲ"
မိုက်ကယ်က မဆိုင်းမတွ ပြန်ဖြေသည်။
"မြေအောက် အိပ်မက်ကမ္ဘာရဲ့ အစွန်းမှာ မင်းတွေ့ခဲ့တဲ့ အဲဒီစာအုပ်တစ်အုပ်ကြောင့်နဲ့လား"
သြဂတ်စတပ်က ထပ်မေးလိုက်၏။
"အဲဒီစာအုပ်တစ်အုပ်ထဲနဲ့တင် မလုံလောက်သေးဘူးလား"
မိုက်ကယ်က ဒေါသတကြီး ပြန်ပြောလိုက်၏။ ထို့နောက်... သူသည် လက်မောင်းများကို ဆန့်ထုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
"အဲဒီစာအုပ်ထဲမှာ ရေးထားသမျှက လုံးဝ အသစ်စက်စက် ကမ္ဘာကြီးပဲ... ကောင်းကင်ဘုံ၊ ဧဒင်ဥယျာဉ်၊ ထာဝရဘုရားသခင်၊ အိန်ဂျယ်တွေ၊ ကာဗာလား... ဒါတွေဟာ ငါတို့တစ်ခါမှ မကြားဖူးတဲ့ အရာတွေပဲ... ရုပ်ဝတ္ထုလောကရဲ့ အလွန်က နယ်မြေ... အဲဒါက နတ်ဘုရားတွေရဲ့ အဆင့်ကို တက်လှမ်းနိုင်မယ့် အိပ်မက်ကမ္ဘာရဲ့ လမ်းစဉ်ပဲ ဖြစ်ရမယ်"
သြဂတ်စတပ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
"ဒါဆိုရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါပေးခဲ့တဲ့ အဖြေကိုပဲ ထပ်ပေးရမှာပဲ... ငါက ဘီလူးဘုရင်၊ ထာဝရဘုရင်ပဲ... ဒီနေရာဟာ ငါ့ရဲ့ တိုင်းပြည်ပဲ... ငါ ဒီနေရာကနေ ထွက်သွားမှာလည်း မဟုတ်သလို ဘယ်သူ့အဖွဲ့ထဲကိုမှလည်း ဝင်မှာမဟုတ်ဘူး"
မိုက်ကယ်က သူ၏ အနီရောင် ခရူးဆိတ်ဓားကို မြေကြီးထဲမှ ဆွဲနှုတ်လိုက်ပြီး လှောင်ပြောင်လိုက်၏။
"တစ်သီးပုဂ္ဂလ နေထိုင်တယ် ဆိုတာ အမြဲတမ်းတော့ ကောင်းတဲ့ အကြံဉာဏ် မဟုတ်နိုင်ဘူးနော်... ထားပါ... အိပ်မက်ကမ္ဘာ အက်ကွဲကြောင်းကို ငါတို့က ချဲ့လိုက်ပြီ... မြူတံတိုင်း ပြိုလဲဖို့က အချိန်ပဲ လိုတော့တယ်... နောက်မှ ပြန်တွေ့ကြတာပေါ့"
ထို့နောက်... မိုက်ကယ်၏ ခန္ဓာကိုယ်မှာ အလင်းတန်းများအဖြစ် တဖြည်းဖြည်း ပြန့်လွင့်သွားပြီး ကွယ်ပျောက်သွားတော့၏။
သြဂတ်စတပ်သည် မိုက်ကယ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လေးလံစွာ သက်ပြင်းချလိုက်သည်။
ဘီလူးကြီး၏ ပလ္လင်တော် နောက်ကွယ်တွင်မူ အဇီး တစ်ခုလုံးကို ဝန်းရံထားသည့် မြူတံတိုင်းကြီး ရှိနေသည်။ အကယ်၍ ထိုတံတိုင်းကြီးသာ ပြိုလဲသွားပါက အိပ်မက်ကမ္ဘာမှ အမှောင် အင်အားစုများမှာ သူ့ကို ဦးဆုံး ဝါးမြိုလိမ့်မည် ဖြစ်သည်။
ဂျိမ်း...
တောင်ထွတ်များ ဆက်လက် ပြိုကျလာသည်နှင့် ပလ္လင်တော်ပေါ်ရှိ သြဂတ်စတပ်၏ အောက်ပိုင်းမှာ ဖြည်းဖြည်း ပေါ်ထွက်လာ၏။ သူ၏ ခြောက်ကပ်နေသည့် အသားစိုင်များမှာ ပလ္လင်တော်၊ တောင်တန်းများနှင့်ပင် တွယ်ကပ်နေလေပြီ။
ဘီလူးကြီးမှာ အရိုးနှင့် အရေသာ ကျန်တော့သည်။ သူ သက်ပြင်းချလိုက်သည့်အခါ အိုမင်းလှသည့် မျက်လုံးများမှာ ပိန်ချောင်ကျနေသည့် အဘိုးအိုတစ်ဦးနှင့်သာ တူတော့သည်။
ဘီလူးတစ်ဦးအနေဖြင့် သူသည် အလွန်အမင်း သက်တမ်း ရှည်လျားစွာ ရှင်သန်ခဲ့ပြီးလေပြီ...။
သြဂတ်စတပ် လက်ချောင်းများကို ဆန့်ထုတ်ကာ လေထဲတွင် စာလုံးအချို့ကို ရေးသားလိုက်၏။ ခဏကြာပြီးနောက် တောင်ပံပါသည့် စာအိတ်တစ်ခု ပေါ်လာသည်။ ထို့နောက် သူ လက်စွပ်မှ ကျောက်မျက်ရတနာကို ဖြုတ်ကာ စာအိတ်ထဲသို့ ထည့်လိုက်၏။
"ခရီးလမ်း သာပါစေ... ငါ့ရဲ့ နောက်ဆုံးတပည့်လေး"
သူ ရေရွတ်လိုက်ရင်း အားနည်းလှသော အပြုံးဖြင့် ထိုစာအိတ်ကို လွှတ်တင်လိုက်လေတော့သည်။
***