← Chapters

အခန်း (၂၈၉)

Vol. 21 Ch. 289

အခန်း (၂၈၉)

Vol. 21 Ch. 289

အပိုင်း(၂၈၉)

"မာဂရက်ရဲ့ ညီမက စာအုပ်ဆိုင်မှာ အကူအညီ တောင်းခဲ့တယ် ဟုတ်လား"

ရာဇီယလ် နှာတံပေါ်ရှိ ရွှေရောင်မျက်မှန်ကို အသာပြင်လိုက်ရင်း၊ တုန်တုန်ရီရီ သတင်းပို့နေသည့် ဂျရုမ်း၏ စကားကို နားထောင်နေ၏။

ဝှစ်...

သူ လက်ကို တစ်ချက် ဝေ့ယမ်းလိုက်သည့်အခါ အရှေ့ရှိ ကြေးမုံထက်တွင် စာအုပ်ဆိုင် ပတ်ဝန်းကျင်မှ ပုံရိပ်များ ပေါ်လာခဲ့၏။

သို့သော်လည်... သူ၏ အကြည့်မှာ ဘေးနားရှိ စာအုပ်ကဖေး ဆိုင်ပေါ်၌သာ စွဲမြဲနေ၏။

ကြေးမုံ အတွင်း၌... မိန်းမငယ်လေးမှာ အလုပ်ရှုပ်နေသည်ဟု ထင်ရသော်လည်း၊ ရာဇီယလ်၏ အမြင်တွင်မူ သူမမှာ တဖျပ်ဖျပ် တောက်ပနေသည့် ပတ္တမြား တစ်လုံးနှင့် တူနေတော့သည်။

“ရွှံ့ရုပ်တု နံပတ် S-277 ..."

...

“ရွှံ့ရုပ်တု နံပတ် S-277 ..."

ရာဇီယလ် စာအုပ်ကဖေးဆိုင်လေးအတွင်းရှိ မိန်းမငယ်လေးကို စိုက်ကြည့်ရင်း ထိုအမှတ်စဉ်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သူမ၏ မျက်ဝန်းများမှာ မြရောင်သဖွယ် တောက်ပနေပြီး ကြေးမုံ နောက်ကွယ်မှနေ၍ ဆန်းကြယ်သည့် အလင်းတန်းများကို ထုတ်လွှတ်နေသယောင် ရှိသည်။

သူမ၏ အပြင်ပန်း အသွင်အပြင်မှာ ပန်းကလေးတစ်ပွင့်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ကာ သပ္ပာယ်လှသည်။ စွမ်းအားရှင်များ၏ အမြင်တွင်မူ သူမသည် ကောင်းကင်ယံ၌ ဆိတ်ငြိမ်စွာ ထွန်းလင်းနေသည့် လမင်းကြီးပမာ လူအများ၏ အာရုံကို မသိမသာ ဆွဲဆောင်ထားသည့် အရှိန်အဝါမျိုး ရှိနေ၏။

သို့သော်လည်... ရာဇီယလ်၏ အမြင်တွင်မူ ထိုအရာများမှာ လုံးဝ ကွဲပြားနေ၏။

ချပ်...

ရာဇီယလ် မျက်မှန် အနားသတ်ကို ကိုင်လိုက်ရင်း ခလုတ်ငယ်လေးတစ်ခုကို အသာအယာ လှည့်လိုက်၏။ ခဏချင်းမှာပင် မှန်ဘီလူးမျက်နှာပြင်ပေါ်၌ ရွှေရောင်ပုံစံငယ်များ သိပ်သည်းစွာ ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။

သူ၏ အမြင်အာရုံမှာ တစ်ဖန် လန်းဆန်းသွားပြီး မြင်တွေ့နေရသည့် ထိုမိန်းကလေး၏ ပုံရိပ်မှာ လွန်ခဲ့သော လအနည်းငယ်က အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

သူမ ဝတ်ဆင်ထားသည့် ဝန်ထမ်းဝတ်စုံမှာ ရိုးရှင်းသည့် အင်္ကျီတစ်ထည်အဖြစ် ပြောင်းလဲသွား၏။ သူမ၏ ဆံပင်များမှာ စိုစွတ်နေပြီး တစ်ကိုယ်လုံးတွင် ပတ်တီးများ ပတ်ထားရကာ ဂုတ်ပိုးနားရှိ ပတ်တီးစမှာလည်း သွေးများဖြင့် ရွှဲနစ်နေသည်ကို အထင်အသား မြင်တွေ့လိုက်ရသည်။

"စိတ်ဝင်စားစရာပဲ..."

ရာဇီယလ် မျက်မှန်ကိုင်းပေါ်ရှိ ခလုတ်ကို ထပ်မံညှိလိုက်ပြန်ရာ ရှေ့မှောက်မှ မြင်ကွင်းမှာ နောက်သို့ ဆက်လက် ရစ်သွားပြန်လေသည်။

ဝှစ်... ဝှစ်...

မိန်းကလေး၏ လည်ပင်းမှ ပတ်တီးများမှာ တဖြည်းဖြည်း ပြေလျော့သွားပြီး သွေးစများမှာလည်း ပျောက်ကွယ်သွား၏။ သူမ၏ အသားစိုင်များမှာ တစ်စတစ်စ ပြန်လည် ဖွဲ့စည်းလာကာ အရေပြားများ ပြည့်ဖြိုးလာပြီး ဖြူဝင်းချောမွေ့သော ဂုတ်ပိုးပေါ်၌ အမှတ်စဉ် 'S-277' ဟူသော ကုဒ်နံပါတ်မှာ ပြန်လည် ထွက်ပေါ်လာလေသည်။

ရာဇီယလ် စာရွက်တစ်ရွက်ပေါ်တွင် ထိုကုဒ်နံပါတ်ကို ရေးသားလိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။

"ဒီအမှတ်စဉ်ကို စစ်ဆေးပြီး ရွှံ့ရုပ်တု စီမံကိန်းနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို ရှာလိုက်စမ်း"

သူ စာရွက်ကို ဂျရုမ်းထံ ကမ်းပေးရင်း အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်ရာဇီယလ်..."

ဂျရုမ်းမှာ ထိုစာရွက်ကို ယူကာ ချက်ချင်းပင် အလုပ်စလုပ်တော့သည်။ သူတို့ရှိနေသည့် နေရာမှာ ခေတ်မီစက်ကိရိယာများ အပြည့်အစုံရှိသည့် ဓာတ်ခွဲခန်းတစ်ခု ဖြစ်သဖြင့် စကင်နာကို ယူ၍ ချက်ချင်းပင် ရှာဖွေလိုက်၏။

တီ... တီ...

စကင်နာနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာပေါ်တွင် စမ်းသပ်ချက် အချက်အလက်များနှင့် လုံခြုံရေးကင်မရာ မှတ်တမ်းများ တဖျတ်ဖျတ် ပေါ်လာတော့၏။

အမှန်စင်စစ် ရွှံ့ရုပ်တု စီမံကိန်း၏ စမ်းသပ်ချက် အချက်အလက်များမှာ လုံးဝ လျှို့ဝှက်ချက်များ ဖြစ်သည်။ သို့သော်လည်း... ဂျရုမ်းသည် အတွင်းလူအဖြစ် ရှိနေခဲ့သဖြင့် စက်ရုံအချို့ကို ဖျက်ဆီးခဲ့ကာ အပြည့်စုံဆုံးသော ဉာဏ်ရည်တု လူသား နမူနာနှစ်ခုကို ခိုးယူနိုင်ခဲ့ရုံသာမက၊ အချက်အလက် သိမ်းဆည်းရာ စနစ်တစ်ခုလုံးကိုပါ ကူးယူနိုင်ခဲ့ခြင်း ဖြစ်သည်။

"S-277 ရဲ့ မှတ်တမ်းတွေကိုပဲ သီးသန့်စစ်ထုတ်လိုက်... ပြီးတော့ သူ့ရဲ့ စမ်းသပ်ချက် အချက်အလက်တွေကို ဂရပ်ဖ်ဆွဲပြီး စုစည်းပေးထား... မင်း လုပ်တတ်မှာပါ"

ရာဇီယလ်က ထပ်မံ ညွှန်ကြားလိုက်သည်။ ဂျရုမ်းအနေဖြင့်လည်း ဘာလုပ်ရမည်ကို ကောင်းကောင်းသိသည်။ သူသည် စက်မှုပညာ၊ အဂ္ဂိရတ်ပညာရပ်များတွင် ထူးချွန်သူ မဟုတ်သလို ထိုအချက်အလက်များကို နားမလည်လှသော်လည်း၊ ဆေးဝါးအသစ်များကို စမ်းသပ်သည့်အခါတိုင်း အချက်အလက်များကို ထပ်ခါတလဲလဲ မှတ်တမ်းတင်ရသည့် အလေ့အကျင့် ရှိသည်။

ဤသည်မှာ ပညာရှင်တစ်ဦးအတွက် အခြေခံအကျဆုံး လုပ်ငန်းစဉ်ပင် မဟုတ်ပါလော။ သို့သော်လည်း... ပုံမှန်အားဖြင့်မူ ဤကဲ့သို့သော အလုပ်များကို လက်ထောက် သို့မဟုတ် တပည့်များကသာ လုပ်ဆောင်လေ့ ရှိကြသည်။

ဂျရုမ်းက ဘာမှပြန်မပြောဘဲ သူ၏ တာဝန်ကို တိတ်တိတ်ဆိတ်ဆိတ်သာ ဆက်လုပ်နေ၏။ ရာဇီယလ်၏ ရှေ့မှောက်တွင်မူ သူသည် အစေခံတစ်ဦးမျှသာ ဖြစ်ပြီး၊ သန့်ရှင်းရေး စက်ရုပ်တစ်ရုပ်ထက် အနည်းငယ်မျှသာ ပို၍ ဉာဏ်ကောင်းသည့် အဆင့်တွင် ရှိသည်။

ပြောရလျှင် ရာဇီယလ်သည် ပညာရှင်အားလုံး၏ တစ်သက်တာ အိုင်ဒေါ ဖြစ်ပြီး သူတို့ လေ့လာနေသမျှ ပညာရပ်များကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပေသည်။ ပညာရပ်နယ်ပယ်အသီးသီးမှ အခြေခံ ဖတ်စာအုပ်များ၏ ပထမဆုံး စာမျက်နှာတိုင်းတွင် သူ၏ ကျော်ကြားလှသည့် အဆိုအမိန့်များနှင့်အတူ ဖတ်ရှုသူ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်ကြည့်နေသည့် ရုပ်ဖျက် သရုပ်ဖော်ပုံများ ပါရှိလေ့ရှိသည်။

ထိုကဲ့သို့ သေမင်းတံခါးဝမှ အကြည့်မျိုးမှာ လူငယ်ပညာရှင်များစွာအတွက် ညလယ်ခေါင်တွင် လန့်နိုးစေတတ်သည့် အိမ်မက်ဆိုးကြီး တစ်ခုပင် ဖြစ်ခဲ့သည်။

ယနေ့ခေတ် ပညာရပ်နယ်ပယ် အသီးသီးရှိ အခြေခံ သီအိုရီ အများစုမှာ ရာဇီယလ် ကိုယ်တိုင် တင်ပြခဲ့ခြင်း ဖြစ်သည်။ သူသည် သဘာဝလွန် စွမ်းအားရှင်များအကြားတွင် ပညာရှင်များ၏ အဆင့်အတန်းကို တစ်ကိုယ်တည်း မြှင့်တင်ပေးခဲ့သူဟု ဆိုရမည်။

အကယ်၍ အထက် ဖော်ပြပါ အချက်အလက်များမှာ ထိုပုဂ္ဂိုလ်၏ အစွမ်းနှင့် အဆင့်အတန်းကို ဖော်ပြရန် မလုံလောက်သေးပါက... နောက်ထပ် အချက်တစ်ခုကို ဖော်ပြရပေလိမ့်မည်။

နော်ဇင်မြို့တော်ကြီးကို ဝန်းရံထားသည့် ဧရာမ သံမဏိ အဆောက်အအုံကြီးများကို ဒီဇိုင်းဆွဲကာ တည်ဆောက်ခဲ့သူမှာ အခြားသူမဟုတ်ဘဲ ရာဇီယလ် ကိုယ်တိုင်ပင် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော်... ထိုပုဂ္ဂိုလ်ကြီးမှာ "ဝိညာဉ်ထူးကဲသော ဉာဏ်အလင်းရှင်"၊ "ပညာရှင်တို့၏ ခေါင်းဆောင်"၊ "သံမဏိဆရာကြီး" စသည့် ဂုဏ်ပုဒ်များနှင့် ကျော်ကြားလှသူ ဂရန်သမ် အီမီယာ ပင် ဖြစ်တော့သည်။

ဂျရုမ်း အချက်အလက်များကို စုစည်းရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခိုး၍ ချလိုက်၏။ သူသည် အင်ဒရူးကို အချိန်ဆွဲထားရန် ခိုင်းစေခဲ့ပြီးနောက် ရာဇီယလ်ထံသို့ ကြောက်ကြောက်လန့်လန့်ဖြင့် သတင်းလာပို့ခဲ့ခြင်း ဖြစ်သည်။ သူ့ထံတွင် အမှားကို ဖုံးကွယ်ရန် နည်းလမ်းမရှိတော့သဖြင့် ပြစ်ဒဏ်ခံရန် အသင့်ပြင်ထားရင်း အမှားကို အမြန်ဆုံး ပြင်ဆင်နိုင်ရန် ကြိုးစားနေရခြင်း ဖြစ်သည်။

သို့သော်လည်း... ယခုအချိန်တွင် အရှင်ရာဇီယလ်မှာ စာအုပ်ဆိုင် လက်ထောက်မလေးအပေါ် အာရုံစိုက်နေပုံ ရသည်။

"အမှန်အတိုင်း ပြောရရင် အဲဒီ စာအုပ်ဆိုင် လက်ထောက်မလေးက ပျောက်ဆုံးနေတဲ့ S-277 ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

ဂျရုမ်းက အံ့အားသင့်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။ လွန်ခဲ့သည့် လအနည်းငယ်ခန့်က လန်စီ မှော်ကြေးမုံကြောင့် ဖြစ်ပေါ်ခဲ့သည့် ဝရုန်းသုန်းကား အခြေအနေတွင် ဂျရုမ်းသည် စက်ရုံအလုပ်သမားတစ်ဦးကို 'ဝိညာဉ် ထိတွေ့မှု' အတတ်ဖြင့် စွဲလမ်းစေကာ စမ်းသပ်ဆဲ ဖလော်ဆိုဖာ ကျောက်တုံးများကို ပေါက်ကွဲစေခဲ့သည်။

ထို့နောက် သူသည် မီးလျှံဓားလမ်းစဉ် အဖွဲ့ဝင်များကို အပြည့်စုံဆုံးသော ဉာဏ်ရည်တု လူသား နှစ်ခုကို ခိုးယူရန် ကူညီပေးခဲ့သည်။ သို့သော်လည်း... စာရင်းစစ်ကြည့်သည့်အခါတွင်မူ ဉာဏ်ရည်တု လူသား တစ်ဦးမှာ ထပ်မံ ပျောက်ဆုံးနေသည်ကို တွေ့ရ၏။ ထိုစဉ်ကမူ ထိုဉာဏ်ရည်တု လူသားမှာ ပေါက်ကွဲမှုအနီးတွင် ရှိနေသဖြင့် ပြာကျသွားပြီဟုသာ ယူဆခဲ့ကြသည်။

သို့သော်လည်း... ထိုဉာဏ်ရည်တု လူသားမှာ ဆန်းကြယ်လှသည့် စာအုပ်ဆိုင်ရှင်၏ လက်ထောက် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

ကြည့်ရသည်က S-277 သည် အကောင်းဆုံးသော ဉာဏ်ရည်တု လူသား နမူနာ ဖြစ်နေပေလိမ့်မည်။ သူမသည် အစကတည်းက သူမကိုယ်သူမ ဖုံးကွယ်ထားခဲ့သဖြင့် စမ်းသပ်ချက် ရလဒ်များမှာလည်း လွဲချော်ခဲ့ရခြင်း ဖြစ်နိုင်သည်။

‘အရှင်ရာဇီယလ်က အဲဒီ နမူနာနှစ်ခုကို သိပ်သဘောကျတာ မဟုတ်ဘူး... အခု S-277 ကို ရှာတွေ့ပြီဆိုတော့ သူ ဘယ်လိုနည်းနဲ့မဆို ပြန်အရယူမှာပဲ...’

ဂျရုမ်း ရာဇီယလ်၏ ကျောပြင်နှင့် မှန်ချပ်အတွင်းရှိ ပုံရိပ်ကို အသာခိုးကြည့်ရင်း တွေးနေမိ၏။

‘ပရိုင်မာကို စာအုပ်ဆိုင်ဆီ မရောက်အောင် ငါ မတားဆီးနိုင်ခဲ့လို့ မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်ခဲ့ရတယ်... အခု အဲဒီ စာအုပ်ဆိုင်က ငါတို့နဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပြန်ပြီ... ဒါပေမဲ့ S-277 ကို ရှာတွေ့လိုက်တာက ငါ့ရဲ့ အမှားတွေကို ပြန်ပေးဆပ်ပြီးသား ဖြစ်သွားပြီ...’

‘အရှင်ရာဇီယလ်သာ စိတ်ဝင်စားသွားပြီဆိုရင်တော့ အဲဒီစာအုပ်ဆိုင် ပိုင်ရှင် ဘာပဲဖြစ်နေပါစေ... မင်းတော့ သေဖို့သာ ပြင်ထားပေတော့..."

ဂျရုမ်းက စိတ်ထဲမှ ကျေနပ်စွာ လှောင်ပြောင်လိုက်၏။ ထို့နောက်... ရှေ့ဆက်ဖြစ်လာမည့် အရာများကိုလည်း ယောင်ချာချာဖြင့် စိတ်ကူးယဉ်နေမိသည်။ အကယ်၍ အရာအားလုံး အဆင်ပြေသွားပါက သူသည် အကြီးမားဆုံးသော အမှုတော်ကို ထမ်းဆောင်နိုင်ခဲ့သူ ဖြစ်လာမည်။ သူ တစ်သက်လုံး မျှော်လင့်ထားခဲ့သည့် 'အမှန်တရား အသင်းတော်' တစ်ခုလုံးကို အုပ်ချုပ်လိုသည့် ရည်မှန်းချက်မှာလည်း လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပေလိမ့်မည်။

ဂျရုမ်းမှာ စိတ်လွတ်လက်လွတ် စိတ်ကူးယဉ်လွန်နေခြင်း မဟုတ်ပေ။ အမှန်တရား အသင်းတော် အတွင်းသို့ အရှင်ရာဇီယလ်၏ နောက်လိုက်များ ဝင်ရောက်စိမ့်ဝင်နေသည်မှာ ကြာလှပြီ ဖြစ်သည်။ ဉာဏ်ရည်တု လူသား စီမံကိန်းတွင်လည်း သူတို့၏ လွှမ်းမိုးမှုများက အလွန် များပြားခဲ့သည်။

အရှင် ရာဇီယလ်၏ ကူညီမှုကြောင့်သာ မဟုတ်ပါက အမှန်တရား အသင်းတော်၊ ပညာရှင်များ၏ စွမ်းဆောင်ရည်သက်သက်ဖြင့် ဤမျှတိုတောင်းလှသည့် အချိန်အတွင်း ဉာဏ်ရည်တု လူသား စီမံကိန်းကို မည်သို့ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါမည်နည်း။

အမှန်စင်စစ်... အရှင်ရာဇီယလ်မှာ သူ၏ အစီအစဉ်များအတွက် အသင်းတော်၏ အရင်းအမြစ်များကို အသုံးချနေခြင်းသာ ဖြစ်သည်။ ဤဉာဏ်ရည်တု လူသားများမှာလည်း အမှန်စင်စစ် ရာဇီယလ်၏ သုတေသန ရလဒ်များပင် ဖြစ်သည်။

‘နောက်ကျရင်... ဒီခေတ်ကြီးဟာ ဂျရုမ်း စိုးစံရမယ့် အချိန် ဖြစ်ချင် ဖြစ်လာမှာ...’

***

All Chapters