← Chapters

အခန်း (၂၉၁)

Vol. 21 Ch. 291

အခန်း (၂၉၁)

Vol. 21 Ch. 291

အပိုင်း(၂၉၁)

ဝေါ... ဝေါ...

ဟိန်းဟောက်နေသည့် လေပြင်းများနှင့် သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေများသည် လက်လှမ်းမီသမျှ အရာအားလုံးကို ဖျက်ဆီးနေကြ၏။ သို့သော် မြေပြင်ပေါ်မှ ရေလှိုင်းငယ်လေးများသည် ရေစက်များအဖြစ် စုစည်းကာ အပေါ်သို့ ပြန်လည် ပျံတက်သွားကြသည်။ စာအုပ်ဆိုင်အတွင်း၌ မှိန်ပျပျ အလင်းရောင်တစ်ခု လင်းလက်လာပြီး အပြင်ဘက်ရှိ ရေကြီးမှုမှာလည်း တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားသည်။

လျှပ်စီးတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားသည့်အခါ တဒင်္ဂတာမျှ အရာအားလုံး လင်းလက်သွား၏။

စာအုပ်ဆိုင်၏ သစ်သားတံခါးပေါ်ရှိ ပြတင်းပေါက်တွင် ဝေဝါးသည့် လူသားပုံသဏ္ဌာန် အရိပ်တစ်ခု ပေါ်လာသည်။

၎င်းမှာ လူတစ်ယောက်၏ အရိပ်နှင့်သာ တူသည်။ သို့သော်လည်း... တံခါးအပြင်ဘက်တွင်ရော၊ တံခါးအနောက်ဘက်တွင်ပါ မည်သူမျှ မရှိပေ။

ယခုအချိန်တွင် စာအုပ်ဆိုင်မှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသည်။ ဘာမှမရှိ။ စာအုပ်စင်များပေါ်တွင် စာအုပ်များ မရှိသလို၊ စာအုပ်ကောင်တာ နောက်ကွယ်တွင်လည်း ဆိုင်ရှင် မရှိပေ။

ရှိနေသည်က ထိုထူးဆန်းကာ မှောင်မိုက်နေသည့် အရိပ်မည်းကြီးသာ ဖြစ်သည်။

သည်းထန်လှသည့် မိုးသံများကြားမှ တိုးညှင်းပြီး ဝေဝါးလှသည့် အသံတစ်ခုမှာ ရာဇီယလ်၏ နားထဲသို့ ရောက်ရှိလာ၏။

"အို... ခင်ဗျားပဲ၊ ခင်ဗျား ရောက်လာပြီပေါ့..."

ဘုန်း...

ရာဇီယလ် ချက်ချင်းပင် ထရပ်လိုက်ရာ သူ ထိုင်နေသည့် ကုလားထိုင်မှာ ပြင်းထန်လှသည့် အင်အားကြောင့် အမှုန့်အဖြစ် ကြေမွသွားတော့သည်။

သူ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားကာ အေးစက်စက် အငွေ့အသက်များမှာ ကြောပြင်တွင် ပျံ့နှံ့သွား၏။ သူ တကယ့်ကို မိုးထဲတွင် ရပ်နေရသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်မှ လေထုမှာ အေးစက်စိုစွတ်နေပြီး မိုးစက်များက သူ၏ မျက်နှာကို ဒေါသတကြီး ရိုက်ခတ်နေသယောင်ပင်။

ရာဇီယလ်၏ အသက်ရှူသံများမှာ မြန်ဆန်ပြီး လေးလံလာ၏။

‘ဒီအသံ... ဒါက စာအုပ်ဆိုင်ရှင်ရဲ့ အသံပဲ...’

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး..."

ရာဇီယလ်သည် ကြောက်ရွံ့စွာဖြင့် ခေါင်းကို ခါယမ်းရင်း နောက်သို့ ဆုတ်လိုက်သည်။ သူသည် မည်မျှပင် တည်ငြိမ်အောင် ကြိုးစားပါစေ၊ ထိတ်လန့်မှုကို ဖုံးကွယ်၍ မရတော့ပေ။

ဤသည်မှာ သမိုင်းကြောင်းကို နောက်ကြောင်းပြန်ကြည့်နေသည့် အတိတ်ပုံရိပ်တစ်ခုသာ ဖြစ်သည်။

‘သူက... သူက ဘယ်လိုလုပ်ပြီး ငါနဲ့ စကားပြောနိုင်ရတာလဲ...’

‘ဒါပေမဲ့... စာအုပ်ဆိုင်ရှင်က ဘယ်မှာလဲ... သူက ဘာလို့ ရုတ်တရက် ပျောက်သွားရတာလဲ...’

ရာဇီယလ်၏ မျက်နှာမှာ ညှိုးနွမ်းသွားပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မှု ကင်းမဲ့သွားသလို ပြတင်းပေါက်မှ အရိပ်ကိုသာ စိုက်ကြည့်နေမိတော့သည်။

စာအုပ်ဆိုင်ပိုင်ရှင်၏ အသံက ဆက်လက် ထွက်ပေါ်လာ၏။

"ခင်ဗျားက... ကျွန်တော့်ကို... ရှာနေတာလား... ခင်ဗျား ဘယ်မှာလဲ..."

‘သူ တကယ်ကြီး ငါ့ကို စကားပြောနေတာပဲ... သူက... အဲဒီ အရိပ်ကြီးများလား...’

ကြောက်မက်ဖွယ်ကောင်းလှသည့် အမှန်တရားကြောင့် ရာဇီယလ်မှာ အသက်ရှူပင် ရပ်လုမတတ် ဖြစ်သွားကာ မြင်ကွင်းများမှာလည်း ဝေဝါးသွားရ၏။

"ခင်ဗျား... ဘယ်မှာလဲ..."

စာအုပ်ဆိုင်ရှင်မှာ သူ၏ ဘေးနားတွင်တင် ရှိနေပြီး နားထဲသို့ တိုးတိုးလေး ကပ်ပြောနေသည့်အတိုင်းပင်။ ဤမျှအထိ နီးကပ်နေမှုမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။ ထိုပုဂ္ဂိုလ်၏ ထွက်သက်ဝင်သက်ကိုပင် ခံစားနေရသည်ဟု ရာဇီယလ် ထင်မှတ်လိုက်မိ၏။

ရာဇီယလ် ရှေ့မှောက်မှ မြင်ကွင်းကို ကြည့်ရင်း တုန်ရီလျက် အေးခဲနေမိသည်။

သူ ကြည့်နေစဉ်မှာပင် အရိပ်မှာ စတင် လှုပ်ရှားလာ၏။ ၎င်းသည် တည်ရှိခြင်း မရှိသည့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လက်မောင်းကို မြှောက်လိုက်ပြီး ရာဇီယလ်ကို တည့်တည့်မတ်မတ် လက်ညှိုးထိုးလိုက်လေတော့သည်။

....

ခရက်...

ရုတ်တရက်... တည်ရှိခြင်းမရှိသည့် မိုးစက်တို့သည် တည်ရှိခြင်းမရှိသည့် ဟင်းလင်းပြင် အချိန်ကာလအတွင်း၌ ရပ်တန့်သွား၏။

နောက်ကြောင်းပြန် ရစ်တက်သွားသည့် မိုးစက်များသည် သဘာဝ တရားတို့ကို ဆန့်ကျင်လျက် မည်းမှောင်နေသည့် ညကောင်းကင်ယံသို့ ပျံတက်သွားပြီး ကြည်လင်သည့် ပုလဲရတနာ ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားကြသည်။

ထိုရေမျှင်များ၏ ဘဲဥပုံ မျက်နှာပြင်ပေါ်တွင် စာအုပ်ဆိုင်၏ အလွန်အမင်း ပုံပျက်ပန်းပျက် ဖြစ်နေသည့် အသွင်အပြင်မှာ ထင်ဟပ်နေ၏။

၎င်းက... ကမ္ဘာကြီးတစ်ခုလုံး စစ်မှန်မှု မရှိသယောင်ပင်...။

အမှန်စင်စစ် ၎င်းက တကယ် တည်ရှိခြင်းလည်း မရှိပါချေ။ ဤသည်မှာ ရာဇီယလ်၏ မျက်လုံးနှင့် မျက်မှန် မှန်ဘီလူးကြားက အကွာအဝေးလေးအတွင်း၌သာ တည်ရှိသည့်၊ "ဝှစ်နက်ဆာ" မှ ဖန်တီးထားသည့် နောက်ကြောင်းပြန် မှော် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ ၎င်းကို သူမှလွဲ၍ မည်သူမျှ မမြင်နိုင်ပေ။

၎င်းမှာ တကယ်တမ်း တည်ရှိနေသည်ပင် မဟုတ်။ ရိုးရှင်းစွာ ဥပမာပေးရလျှင် ဤမြင်ကွင်းများမှာ မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်များသာ ဖြစ်သည်။ ၎င်းအတွင်း၌ ဖြစ်ပျက်သမျှအရာအားလုံးမှာ သတ်မှတ်ပြီးသားဖြစ်ပြီး မည်သည့်အရာကိုမျှ ပြောင်းလဲ၍မရနိုင်ပေ။

သို့သော်လည်း... ထိုစိတ်ကူးယဉ် ကမ္ဘာကြီးသည် ယခုအခါတွင်မူ လက်တွေ့နှင့် ပုံရိပ်ယောင်ကြားက နယ်နိမိတ်ကို ချိုးဖျက်ပစ်လိုက်ပြီ ဖြစ်သည်။

မှောင်မိုက် ဝေဝါးနေသည့် ထိုအရိပ်ကြီးသည် ရာဇီယလ် တည်ရှိနေသည်ကို သိနေရုံသာမက သူ့ကို လက်ညှိုးပင် ထိုးပြလိုက်သေးသည်။ ၎င်းက ရာဇီယလ် မည်သည့် နေရာ၌ ရှိနေသည်ကို အတိအကျ သိနေတာ ရှင်းလင်းပေသည်။

ထိုဖြစ်စဉ်မှာ... တီဗီဇာတ်လမ်းတွဲ အတွင်းမှ ဇာတ်ကောင်တစ်ဦး ဖန်သားပြင်နောက်ကွယ်မှ ပရိသတ်ကို ရုတ်တရက် လှည့်ကြည့်ပြီး လက်ညှိုးထိုးကာ စကားပြောလိုက်သည့်အလား...။ သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ခုထဲမှ မြင်ကွင်းအလား...။

သာမန်လူတစ်ဦးဆိုလျှင်ပင် ကြောက်လန့်သွားမည် ဖြစ်ရာ... "ထူးကဲသော ဉာဏ်အလင်းရှင်"၊ "ပညာရှင်တို့၏ ခေါင်းဆောင်" စသည့် ဘွဲ့ထူးများ ပိုင်ဆိုင်သည့် အခရာအဆင့် ရာဇီယလ်အတွက်မူ ပို၍ပင် ဆိုးရွားလှသည်။ ကျယ်ပြောလှသော အသိပညာများကြောင့်ပင် ဤကြောက်မက်ဖွယ် အရာ၏ နက်နဲမှုကို သူ ပို၍ နားလည်နေခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေ၏။ ဦးရေပြားများမှာ ထုံကျင်နေပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ လှုပ်ခါနေသည်။ အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် အိပ်မက်ဆိုးတစ်ခုကဲ့သို့ တရစပ် အော်ဟစ်နေ၏။

‘သူ ငါ့ကို မြင်သွားပြီ... သူ ငါ့ကို ရှာတွေ့သွားပြီ...’

လောဂျစ်အရဆိုလျှင် ဤသည်မှာ မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်းသိသည်။ ရာဇီယလ်သည် အချိန်နှင့် ဟင်းလင်းပြင် ဘာသာရပ်များကိုပါ လေ့လာခဲ့သည့် ပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော်လည်း... မည်သည့် ပညာရပ်နှင့်ပင် ချဉ်းကပ်ပါစေ ဤအခြေအနေအတွက် အဖြေမရှိပေ။ ဤသည်မှာ သူ၏ နားလည်မှု နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။

‘ဒါက အစစ်မဟုတ်ဘူး... တကယ် တည်ရှိနေတာ မဟုတ်ဘူး...’

သူ စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ဝှစ်နက်ဆာသည် စိတ်အာရုံမှတစ်ဆင့်သာ ပုံရိပ်များကို သိမ်းဆည်း တည်ဆောက်နိုင်သည်။ အခရာအဆင့် ပုဂ္ဂိုလ်များ အသုံးပြုလေ့ရှိသည့် "ကိုယ်ထင်ပြခြင်း" နည်းလမ်းမျိုးဖြင့် ရောက်ရှိလာရန်ပင် မဖြစ်နိုင်ပေ။ ထိုနေရာက တကယ်တမ်း၌ လုံးဝ တည်ရှိနေခြင်း မရှိပါချေ။

"တည်ရှိခြင်းမရှိတဲ့ အရာတစ်ခုကို ဘယ်လိုများ ပြောင်းလဲနိုင်မှာလဲ... ငါ ဒီမှာရှိနေပြီး သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သူ ဘယ်လိုသိတာလဲ..."

ရာဇီယလ်သည် ထိုမြင်ကွင်းကို ဇဝေဇဝါဖြင့် စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။ အခရာအဆင့် ပညာရှင်တစ်ဦး ပီပီ စတင် တွေးတောလိုက်သည်နှင့် ဖြစ်နိုင်ခြေပေါင်းများစွာမှာ ညကောင်းကင်ယံမှ ကြယ်များ အလား ကြွေဆင်း၍ သူ၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။ ဆင်ခြင်တုံတရားက ဤလျှို့ဝှက်ချက်ကို တည်ငြိမ်စွာ စဉ်းစားရန် သူ့ကို တွန်းအားပေးနေ၏။

ရုတ်တရက်... ကျောက်ဆောင်ကို ရိုက်ခတ်လိုက်သည့် ဒီရေလှိုင်းတစ်ခုအလား အတွေးသစ်တစ်ခု ပေါ်ပေါက်လာပြီး ရှင်းလင်း ရိုးရှင်းသော အဖြေတစ်ခု ထွက်ပေါ်လာသည်။

‘တစ်ချက်ပဲ ရှိတယ်... သူက ငါ့ရဲ့ အသိစိတ်ကို လာပြီး နှောင့်ယှက်လိုက်တာပဲ...’

ရာဇီယလ် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရ၏။

‘ဒါပဲပေါ့... ဒါက တစ်ခုတည်းသော ဖြစ်နိုင်ခြေပဲ...’

တည်ရှိခြင်း မရှိသည့် အရာတစ်ခုကို ခြယ်လှယ်၍ မရနိုင်ပေ။ ထို့ကြောင့်ပင် တစ်ခုတည်းသာ ဖြစ်နိုင်ချေ ရှိတော့သည်။ လက်ရှိ အချိန်မှ စာအုပ်ဆိုင် ပိုင်ရှင်သည် သူ၏ စိတ်ကို လာရောက် နှောင့်ယှက်လိုက်ခြင်းပင်...။

"အထင်ကြီးစရာကောင်းတဲ့ အတွေးအခေါ်နဲ့ နည်းလမ်းပဲ... စာအုပ်ဆိုင်ပိုင်ရှင် လင်ကျဲက ငါ့ကို ကြောက်စိတ်ဝင်အောင် လုပ်ပြီး တိုက်ပွဲမစခင်ကတည်းက အရှုံးပေးအောင် လုပ်ချင်နေတာပေါ့..."

သူ၏ တုန်ရီနေသည့် ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွား၏။ ပုံမှန်အတိုင်း တည်ကြည်ကာ ယုံကြည်မှုရှိသည့် အမူအရာ ပြန်လည် ပေါ်ပေါက်လာသည်။ သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

"ကံမကောင်းတာက မင်းရဲ့ လှည့်ကွက်ကို ငါ မြင်သွားပြီ... ဒီလို လှည့်စားမှုမျိုးနဲ့တော့ ငါ့ကို နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီလို စိတ်ကစားတဲ့ နည်းလမ်းတွေကို သုံးနေရတယ်ဆိုကတည်းက မင်းရဲ့ စွမ်းရည်တွေက ပြောသလောက်ကြီးတော့ မဟုတ်ဘူး ထင်ပါရဲ့..."

"ဒါပေမဲ့ မင်းက အန္တရာယ်တော့ ရှိတယ်... ဒါဆိုရင်တော့..."

ရာဇီယလ် သူ့ ရှေ့မှောက်မှ ပြောင်းလဲစပြုနေသည့် မြင်ကွင်းကို စိုက်ကြည့်နေမိ၏။ အချိန်မှာ နောက်သို့ ဆက်လက် ရစ်သွားသည့်အခါ စာအုပ်ဆိုင်မှာ ပုံမှန်အတိုင်း ပြန်လည် ငြိမ်သက်သွားတော့သည်။ မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ထိုမိုးညမှာ ခဏတာ မြင်လိုက်ရသည့် အိမ်မက်တစ်ခုအလား ပျောက်ကွယ်သွားခဲ့လေပြီ။

ခဏအကြာတွင် ရာဇီယလ်သည် သူ၏ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း မျက်မှန်ကိုင်းပေါ်မှ ခလုတ်ကို လှည့်နေခြင်းကို ရပ်လိုက်၏။ ထို့နောက် မျက်မှန်ကိုင်းကို အသာအယာ ပုတ်လိုက်ရာ "ဝှစ်နက်ဆာ" မှာ ပိတ်သွားတော့သည်။

***

All Chapters