အခန်း (၂၉၃)
Vol. 21 Ch. 293
အပိုင်း(၂၉၃)
"အရှင်... အရှင်ရာဇီယလ်..."
ဂျရုမ်းသည် တုန်တုန်ရီရီဖြင့် သတိထားကာ ခေါ်လိုက်၏။
"အရှင်ရာဇီယလ်... အဆင်ပြေရဲ့လား ခင်ဗျာ..."
ပြန်လည် ထူးသံ မရှိပေ။
“...”
ရာဇီယလ်သည် ဂျရုမ်း၏ အသံကို မကြားရသည့်အလား မှန်ချပ်ကိုသာ စိုက်ကြည့်နေဆဲ။ ထိုအချိန်တွင်မှ ဂျရုမ်း တစ်ယောက် ကြီးမြတ်လှသည့် ပညာရှိကြီး ရာဇီယလ် တစ်ကိုယ်လုံး တုန်ရီနေသည်ကို သတိပြုမိလိုက်သည်။ သူ မိမိ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
‘ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
ဂျရုမ်း မျက်လုံးကို ပြူးကာ ထပ်မံ ကြည့်လိုက်မိ၏။ ရာဇီယလ်သည် တကယ်ကြီး တုန်ရီနေခြင်း ဖြစ်သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည့် သာမန်လူတစ်ဦးကဲ့သို့ပင်၊ ကြီးမြတ်လှသော ပညာရှင်ကြီးမှာ အချိန်မရွေး ထွက်ပြေးတော့မည့်အလား...။ သူ၏ အသက်ရှူသံများမှာလည်း မြန်ဆန်ပြီး လေးလံနေ၏။
ဂျရုမ်းမှာ ကြောက်စိတ်များ ဝင်လာတော့သည်။ တိတ်ဆိတ်နေသည့် ဓာတ်ခွဲခန်းထဲတွင် သူတို့နှစ်ဦးတည်း ရှိနေခြင်းပင် ထိတ်လန့်စရာ ကောင်းလာပြီး၊ စိတ်ထဲတွင်လည်း ထွက်ပြေးလိုသည့် စိတ်ဆန္ဒများ တရိပ်ရိပ် ပေါ်လာခဲ့လေသည်။
‘ဘာတွေ ဖြစ်နေတာလဲ... အရှင်ရာဇီယလ် ဘာဖြစ်လို့ ဒီလောက် ကြောက်နေရတာလဲ... အခရာအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် ဘယ်လိုအရာက ကြောက်စိတ်ဝင်အောင် လုပ်နိုင်တာလဲ...’
ဂျရုမ်း၏ စိတ်ထဲ၌ ထိုမေးခွန်းများ ပေါ်လာချိန်မှာပင် ရာဇီယလ်သည် ရုတ်တရက် လှုပ်ရှားလာ၏။ သူသည် အတွေးတစ်ခုခုထဲ နစ်မျောနေသကဲ့သို့ အဓိပ္ပာယ်မရှိသည့် လှုပ်ရှားမှုလေးများကို ပြုလုပ်နေသည်။ မသိပါက စိတ်ရူးပေါက်ကာ တစ်ကိုယ်တည်း ကခုန်နေသကဲ့သို့ပင်။ တစ်ချိန်တည်းမှာပင် ရာဇီယလ်သည် ထူးဆန်းပြီး နားမလည်နိုင်သည့် စကားလုံးများကိုလည်း အော်ဟစ်နေ၏။
သူသည် ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားသည့်အလား ထူးဆန်းသည့် လက်ဟန်ခြေဟန်များကို ပြုလုပ်ရင်း နားမလည်နိုင်သော ဘာသာစကားဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ မကြာမီမှာပင် သူသည် တဟားဟားဖြင့် စတင် ရယ်မောလိုက်ရာ ထိုအသံမှာ တဖြည်းဖြည်း ပို၍ ကျယ်လောင်လာ၏။
ဂျရုမ်းမှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။
"အရှင်... အရှင်ရာဇီယလ်... သတိထားပါဦး... ကျွန်တော့်ကို မခြောက်ပါနဲ့... အရှင်ရာဇီယလ်..."
"ရာဇီယလ်... သတိပြန်ဝင်စမ်းပါဦး... ကျေးဇူးပြုပြီး သတိပြန်ဝင်ပါဦး..."
ဂျရုမ်းမှာ ရူးသွပ်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ စောစောကအထိ အဆင်ပြေနေသေးသော လူက အဘယ်ကြောင့် ရုတ်တရက်ကြီး ဤကဲ့သို့ ဖြစ်သွားရသနည်း။
‘ဘာမှလည်း မဖြစ်ခဲ့ပဲ... နေဦး... ရာဇီယလ်က တစ်ခုပဲ လုပ်ခဲ့တာ... အဲဒါက ကြေးမုံထဲကနေ စာအုပ်ဆိုင်ကို ကြည့်နေတာပဲ...’
‘ဒါ... ဒါက မဖြစ်နိုင်တာ...’
ဂျရုမ်း မယုံကြည်နိုင်စွာဖြင့် ခေါင်းကို ခါယမ်းနေမိ၏။ သူ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်နေစဉ်မှာပင် မည်သည့်အခါမျှ မေ့ပျောက်နိုင်မှာ မဟုတ်သည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
“ဟား... ဟား... ဟား...”
ကြက်သီးထဖွယ် ရယ်မောသံကြီးနှင့် အတူ ရာဇီယလ်သည် သူ၏ လက်ချောင်းများကို နားထင်သို့ ထူးဆန်းစွာ ဖိကပ်လိုက်ပြီး၊ အတွင်းသို့ ထိုးဖောက်ကာ ဦးနှောက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်ခြင်းပင် ဖြစ်သည်။
အခရာအဆင့် ပညာရှင်ကြီး တစ်ဦးက မိမိ၏ ဦးခေါင်းအတွင်းသို့ လက်နှစ်ဖက်ကို ထည့်ကာ ဦးနှောက်ကို ကိုယ်တိုင် ပြန်၍ ဆုပ်ခြေရန် ကြိုးပမ်းနေခြင်း...
ဂျရုမ်းမှာ မှင်တက်ကာ ကြည့်နေမိ၏။ ထိုခဏ၌ပင် "ဗျစ်" ဟူသော မြည်သံကြီးနှင့်အတူ ဦးနှောက်မှာ ပေါက်ထွက်သွားတော့သည်။
"ဟီး ဟီး ဟီး...”
ရာဇီယလ်သည် လက်များကို ပြန်ဆွဲထုတ်လိုက်သည့်အခါ သူ၏ မျက်နှာပေါ်၌ ထိတ်လန့်ဖွယ်ရာ အပြုံးကြီးတစ်ခု ရှိနေ၏။ သူ၏ လက်များပေါ်တွင်တော့ နီစပ်စပ်နှင့် ဖြူရော်ရော် ဦးနှောက်အပိုင်းအစများ ပေကျံနေသည်။ သူ၏ ဦးခေါင်းတွင်မူ ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေလေပြီ။
ဂျရုမ်း၏ မျက်နှာပေးကို စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။ သူ၏ သွားများမှာ တဂတ်ဂတ် တုန်ရီနေပြီး ကြောက်ရွံ့မှုများက သူ့ကို ဝါးမြိုသွားတော့သည်။
ဦးနှောက် မရှိတော့သည့် ရာဇီယလ်မှာ တကယ့်ကို ကျေနပ်စရာကောင်းလှသည့် အလုပ်တစ်ခုကို ပြီးမြောက်သွားသည့်အလား သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ထို့နောက် ဘာမှမဖြစ်ခဲ့သည့်အလား ဂျရုမ်းဘက်သို့ လှည့်လာကာ သူ၏ ပုခုံးကို ပုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ... ငါက မင်းကို ခြောက်လှန့်မိသွားလို့လား..."
"အဆင်ပြေပါတယ်၊ အားလုံးကို ငါ ဖြေရှင်းလိုက်ပြီ... အရာအားလုံးက အဆုံးသတ်တော့မှာပါ။ မစိုးရိမ်ပါနဲ့၊ အချက်အလက်တွေကို ဆက်ပြီး စုစည်းလိုက်ပါဦး"
ရာဇီယလ်က ပြုံးရင်း ပြောလိုက်၏။
“...”
ဂျရုမ်း တစ်ယောက်ကတော့ သူ၏ ပုခုံးပေါ်မှ သွေးစွန်းနေသည့် လက်ဝါးကို တောင့်တောင့်ကြီး ကြည့်နေမိသည်။ ထို့နောက် ရာဇီယလ်၏ ဦးခေါင်းရှိ အပေါက်ကြီးဆီသို့ လှမ်းကြည့်လိုက်၏။ ထိုအပေါက်ကြီးအတွင်းမှ ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာ၌ မျက်လုံးတစ်လုံးမှာ ရုတ်တရက် ပွင့်လာပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက်... ဂျရုမ်း တစ်ယောက် မိမိ၏ ဆံပင်များကို အားအပြည့်ဖြင့် ဆွဲဖွလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
"အား..."
"ဂျရုမ်း... မင်း ဘာ..."
"အား... အား... အနားကို တိုးမလာနဲ့..."
"ဂျရုမ်း၊ မကြောက်ပါနဲ့၊ အချက်အလက်တွေကို ဆက်ပြီး စုစည်းနိုင်မလား... မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"
"အား...”
ဂျွပ်...
ဂျရုမ်း၏ လည်ပင်းမှာ ကျိုးသွား၏။ ရာဇီယလ်က အလောင်းကို လွှင့်ပစ်လိုက်သည်။
"နားငြီးလိုက်တာ..."
ရာဇီယလ် မျက်မှောင်ကြုတ်ရင်း ဂျရုမ်း၏ ထိုင်ခုံတွင် ထိုင်ချလိုက်ကာ သူ့ ဦးခေါင်းကို သူကိုယ်တိုင် ပြန်ပုတ်လိုက်သည်။
"တကယ့်ကို ရူးနေတဲ့ကောင်ပဲ..."
သူ လည်ပင်းကို ဆန့်လိုက်ပြီးနောက် ကွန်ပျူတာကို ပြုံးပြုံးကြီး စတင် အသုံးပြုတော့၏။
"အဲဒီ စာအုပ်ဆိုင်ရှင်က ငါ့ရဲ့ အသိစိတ်ကို တကယ်ကြီး နှောင့်ယှက်ခဲ့တာပဲ... အခုမှပဲ ပိုပြီး နေလို့ကောင်းသွားတော့တယ်"
"အမ်... ငါ ဘာလုပ်မလို့ပါလိမ့်... ဪ ဟုတ်ပြီ၊ ငါ့ရဲ့ ဖန်တီးမှုကို ပြည့်စုံအောင် လုပ်ရမယ်... S-277 အတွက် သုံးထားတဲ့ ပစ္စည်းတွေက အကောင်းဆုံး မဟုတ်သေးတဲ့ပုံပဲ... သူ့မှာ ဘာအားနည်းချက်မှ မရှိစေရဘူး... ဖြစ်နိုင်ရင် သူ့ကို လှုပ်ရှားစေမယ့် စွမ်းအားအတွက် ပိုပြီး အရည်အသွေးမြင့်တဲ့ ဖလော်ဆိုဖာ ကျောက်တုံး ပေးရမယ်..."
...
ပရိုင်မာသည် 'ဆေးကျမ်းပေါင်းချုပ်' ကို အသာချလိုက်ပြီး စာဖတ်နေဆဲဖြစ်သည့် လင်းကျဲကို ခိုးကြည့်လိုက်၏။
အင်ဒရူး ထွက်သွားသည်မှာ အတော်ကြာခဲ့လေပြီ။
ဖောက်သည်များ မရှိတော့သဖြင့် စာအုပ်ဆိုင်လေးမှာ ပုံမှန်အတိုင်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤနေရာ၏ အေးချမ်းမှုမှာ ကမ္ဘာလောကကြီးနှင့် သီးခြားခွဲထုတ်ထားသည့်အလား...။ အပြင်လောက၏ ရုန်းရင်းဆန်ခတ်မှုများသည် ဤနေရာနှင့် ဘာမှမသက်ဆိုင်ပေ။
အာရုံစူးစိုက်နေသည့် လူငယ်လေးသည် သူ၏ လက်ထဲမှ စာအုပ်စာမျက်နှာကို တိတ်ဆိတ်စွာ လှန်လိုက်၏။ သူ၏ ဦးခေါင်းမှာ အနည်းငယ် ငုံ့ထားပြီး ပညာရှိတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ သူသည် တက္ကသိုလ်ကထိကတစ်ဦး ဖြစ်ခဲ့ဖူးသူနှင့်မတူဘဲ အဖြူရောင် မျှော်စင်ထဲတွင် စာလေ့လာနေသည့် သာမန် ကျောင်းသားလေးတစ်ဦးကဲ့သို့ပင် အန္တရာယ်ကင်းပုံရသည်။
ထို့အပြင်... သူသည် တားမြစ် အသိပညာများစွာကို ပိုင်ဆိုင်ထားသည့် ဆန်းကြယ်ပြီး အစွမ်းထက်လှသော စာအုပ်ဆိုင်ရှင်နှင့်လည်း လုံးဝ မတူပေ။ သူက အခြားသူများကို ဂရုစိုက်တတ်သည့် အလွန်စိတ်ထားကောင်းသော လူတစ်ဦးသာ ဖြစ်ပုံရသည်...။
ဤသည်မှာ ပရိုင်မာ စိတ်ထဲတွင် အကြိမ်ကြိမ် တွေးမိခဲ့သော အချက်များပင်။
***