အခန်း (၂၉၄)
Vol. 21 Ch. 294
အပိုင်း(၂၉၄)
ဤနေရာသို့ ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း၊ စာအုပ်ဆိုင်ရှင်မှာ အလွန်ပင် ဖော်ရွေပျူငှာပြီး ချဉ်းကပ်ရလွယ်ကူသောလူတစ်ဦးဖြစ်ကြောင်း ပရိုင်မာ အနီးကပ် ခံစားသိရှိနိုင်သည်။ အိမ်နီးနားချင်း သူငယ်ချင်းတစ်ယောက်ကဲ့သို့ ကြင်နာတတ်ပြီး နွေးထွေးသူလည်း ဖြစ်သည်။ ထို့ကြောင့်ပင် လူအများက ဤစာအုပ်ဆိုင်ရှင်မှာ တကယ်ကြီး သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ထင်မှတ်မှားသွားတတ်ကြခြင်း ဖြစ်သည်။
သို့သော်လည်း... ထိုလူငယ်၏ လက်ဘေးရှိ ဝဖြိုးလှသော ကြောင်ဖြူကြီးနှင့် သူ၏ လက်ချောင်းများမှ လက်စွပ်ဆီသို့ ရောက်သွားသည့်အခါ ထိုအတွေးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားရပြန်သည်။
‘နောက်ပြီး... မမ ခဏခဏ ပြောဖူးတဲ့ အမှန်တရား အသင်းတော်ရဲ့ ဒုတိယဥက္ကဋ္ဌကြီးကိုယ်တိုင်တောင် မစ္စတာလင်ကို လာပြီး တောင်းပန်ရတာပဲ...’
ပရိုင်မာ တစ်ယောက် သူမ မြင်တွေ့ခဲ့ရသည်များကို ပြန်တွေးမိသည့်အခါ မသိမသာ တုန်ရီသွားမိသည်။
စာအုပ်ဆိုင် ပိုင်ရှင်နှင့် စကားပြောသည့် အခါတိုင်း အင်ဒရူးမှာ မမြင်ရသည့် အရာတစ်ခုခု၏ ပူးကပ်ခြင်းကို ခံထားရသည့်အလား...။
သူ ငှားသွားသည့် ထိုစာအုပ်မှာလည်း တစ်ခုခု ထူးဆန်းနေမှာ သေချာသည်။
သူမလက်ထဲရှိ ဆေးကျမ်းဆိုလျှင် ဆေးဖက်ဝင် အပင်များအကြောင်း ဖော်ပြရုံသာမက၊ လက်တွေ့လောကတွင် မရှိသလောက်ဖြစ်နေသည့် တားမြစ်ပစ္စည်းအချို့ကိုပါ ချိပ်ပိတ် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ထိုဆေးပင်များသည် စာအုပ်အတွင်း၌ပင် ရှင်သန်ကြီးထွား နေကြပြီး ကိုယ်ပိုင်အသိစိတ်များပင် ရှိနေကြသည်။
ဤစာအုပ်ဆိုင်ရှိ စာအုပ်တိုင်းမှာ ထူးခြားဆန်းပြားလှသည်။ ထိုသို့ဆိုလျှင် ဤစာအုပ်ဆိုင်ရှင်မှာလည်း မည်သို့လျှင် သာမန်လူတစ်ယောက် ဖြစ်နိုင်ပါမည်နည်း။
‘နောက်ပြီး အဲဒီ ငွေရောင်သေတ္တာလေး... အဲဒါ ဒုတိယ ဥက္ကဋ္ဌ အင်ဒရူးတို့ မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာ ရတနာ အချိန်စက်ဝန်းပိုးကောင် ဆိုတာ ငါ သေချာပေါက် သိတယ်... ဒီလောက် အရေးကြီးတဲ့ မိသားစုရတနာကို မစ္စတာလင်ကို လက်ဆောင်ပေးတယ်ဆိုကတည်းက သူ အရင်က မစ္စတာလင်ကို အကြီးအကျယ် စော်ကားခဲ့ဖူးတာ ဖြစ်ရမယ်...’
အခြားတစ်ဖက်မှ ကြည့်လျှင်လည်း... ဒုတိယဥက္ကဋ္ဌ အင်ဒရူးကိုယ်တိုင် ဤမျှ အဖိုးတန်သော လက်ဆောင်ဖြင့် လာရောက် တောင်းပန်သည်မှာ... အကယ်၍ ခွင့်လွှတ်ခြင်း မခံရပါက သူတို့ မိသားစုတစ်ခုလုံးသည် ဤရတနာ ဆုံးရှုံးရသည်ထက် ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်းပင်။
‘...ဒီလို စဉ်းစားကြည့်လိုက်ရင် မစ္စတာလင်က လူဆိုးကြီး ဖြစ်နေသလိုပဲ ...နေပါဦး၊ မဟုတ်နိုင်ပါဘူး... ဟုတ်တယ်မလား...’
အတွေးလွန်နေသည့် မိန်းမငယ်လေးသည် ရုတ်တရက် အမှန်တရားတစ်ခုကို တွေ့ရှိသွားသကဲ့သို့ မျက်နှာ တစ်ခုလုံး တောင့်တင်းသွား၏။ အကယ်၍ မစ္စတာလင်သာ လူဆိုးတစ်ယောက်ဆိုလျှင် ယခင်က ရှင်းပြရခက်ခဲ့သော ကိစ္စများအားလုံးမှာ အဓိပ္ပာယ်ရှိသွားပေလိမ့်မည်။
ပရိုင်မာ လင်းကျဲကို သတိထားကာ ခိုးကြည့်လိုက်၏။ သူမ၏ နှလုံးသားထဲမှ သေးငယ်သော အသံလေးတစ်ခုကသာ လင်းကျဲမှာ လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ သူ၏ နည်းလမ်းများကသာ အနည်းငယ်... ထူးခြားနေခြင်းဖြစ်ကြောင်း ကိုယ့်ကိုယ်ကို နားချနေမိသည်။
‘ကြောင်က ရုပ်ဆိုးရုံပဲ ဖြစ်မှာပါ... အင်ဒရူးရဲ့ ထူးဆန်းနေတဲ့ အမူအရာကလည်း ငါ အထင်မှားတာ ဖြစ်နိုင်တယ်... ပြီးတော့ စာအုပ်တွေက စွမ်းအားရှိတော့ နည်းနည်း ထူးဆန်းနေတာလည်း သဘာဝပဲလေ...’
ပရိုင်မာ၏ အကြည့်ကို သတိပြုမိသွားသော လင်းကျဲက ခေါင်းမော့ကြည့်ကာ မေးလိုက်၏။
"ကျောင်းသူ ပရိုင်မာ... ဘာဖြစ်လို့လဲ..."
လင်ကျဲက ဖတ်နေသည့် စာအုပ်ကို ဂရုတစိုက် ပိတ်လိုက်၏။ စာတစ်လုံး ဘုရားတစ်ဆူလို သတ်မှတ်ထားသည့် အတွက်ကြောင့် စာအုပ်များကို ကိုင်တွယ်သည့်အခါ သူ၏ လှုပ်ရှားမှုများမှာ အမြဲတမ်း ညင်သာလှသည်။ (သို့သော်လည်း ရောင်းရန်ရှိသော စာအုပ်ဆိုလျှင်မူ လင်းကျဲ အနည်းငယ် ကြမ်းတမ်းစွာ ကိုင်တွယ်ကောင်း ကိုင်တွယ်ပေလိမ့်မည်။)
ပရိုင်မာက ခေါင်းခါယမ်းရင်း လက်ကို အမြန်ဝေ့ယမ်းပြလိုက်၏။
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး... ကျွန်မ... ကျွန်မ မမကို လွမ်းလို့ပါ..."
"ဪ... အဲလိုလား..."
လင်းကျဲက စာအုပ်ကို ဘေးချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက သက်ပြင်းချရင်း ပြောလိုက်၏။
"အင်ဒရူးကိုတော့ ငါ အကူအညီ တောင်းထားပြီးသားပါ... ဂျရုမ်းကို ချက်ချင်း ဝန်ခံခိုင်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးဆိုတာ ငါသိပါတယ်... မင်း စိုးရိမ်နေတာကိုလည်း ငါ နားလည်တယ်... မင်းရဲ့ အစ်မ အခြေအနေက အခု အရမ်း အန္တရာယ်များနေနိုင်သလို... တစ်ခုခုနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်တယ်..."
"ဒါပေမဲ့... မင်း နားလည်ထားရမှာက အခု အလောတကြီး ဖြစ်နေလို့လည်း ဘာမှ အကျိုးထူးမှာ မဟုတ်ဘူး... အဲဒီအစား မင်းရဲ့ စိတ်ကို ပိုပြီး မတည်မငြိမ် ဖြစ်စေလိမ့်မယ်... အဲ့တာတင်မကဘဲ မင်းရဲ့ ဒဏ်ရာတွေ သက်သာဖို့ကိုလည်း နှောင့်နှေးစေလိမ့်မယ်... မင်း အခုလုပ်ရမှာက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ... ဒါမှ မင်း အင်အားအပြည့်ရှိနေပြီးတော့ ရန်သူတွေကို ပြန်ပြီး တိုက်ခိုက်နိုင်မှာပေါ့"
"နားလည်လား..."
ပရိုင်မာ တစ်ယောက် လင်းကျဲ၏ လမ်းညွှန်ချက်များကို နားထောင်ရင်း စပါးစေ့ကောက်နေသော ကြက်ကလေးပမာ ခေါင်းကို တရစပ် ညိတ်ပြလိုက်၏။
၎င်းကို မြင်သည့်အခါ လင်းကျဲက နွေးထွေးပြီး အားကိုးထိုက်သည့် အပြုံးကို ပြုံးပြလိုက်သည်။
"သတင်းတစ်ခုခု ရတာနဲ့ ငါ့ကို ချက်ချင်း ဖုန်းဆက်ဖို့ အင်ဒရူးကို မှာထားတယ်... စိတ်ချ... သတင်းရတာနဲ့ မင်းကို ချက်ချင်း အသိပေးမယ်... မင်း အခု လုပ်ရမှာက မင်းကိုယ်မင်း ဂရုစိုက်ဖို့ပဲ"
ပရိုင်မာမှာ ဤစကားကို ကြားသည့်အခါ ရင်ထဲတွင် နွေးထွေးသွားရသည်။
"ကျေးဇူးတင်ပါတယ်ရှင်"
‘မစ္စတာလင်ရဲ့ နည်းလမ်းတွေက နည်းနည်း ထူးဆန်းပေမဲ့ သူက တကယ်ကို ကြောက်စရာကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး... နောက်ပြီး သူက လေဒီ ဝါးပူစ်နဲ့တောင် ရင်းနှီးတာပဲ... သူက တကယ်ကို ကြင်နာတတ်တဲ့သူ ဖြစ်ရမယ်’
ပရိုင်မာ လက်သီးလေးများကို ဆုပ်ကိုင်ရင်း ယုံကြည်ချက်ကို ခိုင်မာစေလိုက်သည်။
"မလိုပါဘူး... ကမ္ဘာကြီးကို ပိုပြီး ကြင်နာတတ်တဲ့ နေရာလေးဖြစ်အောင် ကူညီပေးဖို့ဆိုတာ ငါ့ရဲ့ သေးငယ်တဲ့ ဆန္ဒလေးတစ်ခုပါ"
လင်းကျဲက ငြိမ်းချမ်းစွာ ပြုံးလျက် ပြန်ဖြေသည်။
ပရိုင်မာ တစ်ယောက် လင်ကျဲ၏ ထိုအပြုံးကို ကြည့်ရင်း အစွမ်းကုန် ကာကွယ်ပေးချင်သည့် ဆန္ဒများ ပြင်းပြလာခဲ့၏။
‘မစ္စတာလင်က အရမ်းကြင်နာတာပဲ... သူ့မှာ စစ်မှန်တဲ့ စိတ်နှလုံး ရှိရမယ်... ဒါပေမဲ့ ဒီလောကကြီးက အမြဲတမ်း ရက်စက်တတ်တယ်...’
တစ်နေ့တွင် သူမ မစ္စတာလင်ကဲ့သို့ သန်မာလာပြီး ထိုသေးငယ်သည့် ဆန္ဒလေးကို အကောင်အထည်ဖော်ချင်လာသည်။
ထိုကဲ့သို့ ပရိုင်မာ တစ်ယောက် သူမ၏ စံပြအတွေးများအတွင်း နစ်မျောနေစဉ်မှာပင် မစ္စတာလင်၏ ဆက်သွယ်ရေးကိရိယာလေး မြည်လာ၏။ လင်းကျဲက ၎င်းကို ထုတ်ကြည့်လိုက်ရာ အင်ဒရူး၏ အမည် ပေါ်နေသည်ကို တွေ့ရသည်။ သူ မျက်ခုံးပင့်လိုက်ရင်း ရေရွတ်လိုက်၏။
"ပြောရင်းဆိုရင်းပဲ၊ တိုးတက်မှု ရှိလာပြီ ထင်တယ်..."
ပရိုင်မာသည် အစ်မ ဖြစ်သူ၏ အခြေအနေကို သိလိုသဖြင့် ကောင်တာအနားသို့ အပြေးအလွှား ရောက်သွားသည်။
“မမ ကိစ္စ ဘာထူးလို့လဲဟင်...”
ပရိုင်မာ၏ စိုးရိမ်တကြီး ဖြစ်နေသည့် မျက်နှာကို မြင်သည့်အခါ လင်းကျဲမှာ ခေါင်းခါယမ်းရင်း ဆက်သွယ်ရေးကိရိယာကို သူမထံ ကမ်းပေးလိုက်လေ၏။
"မင်းဘာသာပဲ မေးကြည့်လိုက်တော့"
ပရိုင်မာ ဆက်သွယ်ရေးကိရိယာကို တုန်တုန်ရီရီဖြင့် ယူလိုက်သည်။ ထို့နောက်... အသက်ကို ပြင်းပြင်းရှူသွင်းကာ နားတွင် ကပ်၍ ဖုန်းကို ဖြေလိုက်၏။
ဖုန်းထဲမှလာသည့် အင်ဒရူး၏ အသံမှာ တုန်ရီနေ၏။
"မစ္စတာလင်... ဂျရုမ်း သေသွားပါပြီ... သူ ဘာအကြောင်းပြချက်မှမရှိဘဲ သူ့ရုံးခန်းထဲမှာတင် သေနေတာပါ... သူ့လည်ပင်းက ကျိုးနေပြီး သူ့ဦးနှောက်တွေ၊ အင်္ဂါတွေ၊ အရိုးတွေနဲ့ အသားတွေက အကုန်လုံး အခွံသက်သက်ပဲ ကျန်တော့တာပါ... သူက ကြောက်စရာ ကောင်းတဲ့ အရာတစ်ခုကို မြင်ခဲ့ရသလိုမျိုး သွေးပျက်နေတဲ့ အမူအရာနဲ့ သေနေတာပါ"
"သူ့ဘေးနားမှာတော့ အပြည့်စုံဆုံး အရည်အသွေးရှိတဲ့ ဖလော်ဆိုဖာ ကျောက်တုံး တစ်ခုပဲ ကျန်ခဲ့တယ်..."
အင်ဒရူး၏ အသံက ပို၍ တုန်ရီလာကာ အသက်ကို အကြိမ်ကြိမ် ရှူသွင်းကာ ဆက်ပြောလိုက်သည်။
"မစ္စတာလင် မှာထားတာတွေကို ကျွန်တော် မှတ်မိနေပါသေးတယ်... ကျ... ကျွန်တော် သူ့ကို ခင်ဗျားဆီ ခေါ်လာခဲ့ပါမယ်"
ရုတ်တရက်... ပရိုင်မာ၏ နားထဲတွင် လင်းကျဲ စောစောက ပြောခဲ့သော စကားများမှာ ပဲ့တင်ထပ်သွား၏။
“ဂျရုမ်းကို ချက်ချင်း ဝန်ခံခိုင်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး...”
“...”
မှန်ပေသည်။ ဂျရုမ်းအတွက် သူ၏ ပြစ်မှုများကို ချက်ချင်း ဝန်ခံရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း သူ ချက်ချင်း သေဆုံးသွားဖို့တော့ ဖြစ်နိုင်ပေသည်။
***