← Chapters

သန္ဓေပြောင်းသွားသော ကပ်ဘေးမိုးကြိုး၊ ခန္ဓာကိုယ်ဖြင့် ကပ်ဘေးမိုးကြိုးကို ခုခံခြင်း(၁)။

Vol. 38 Ch. 422

သန္ဓေပြောင်းသွားသော ကပ်ဘေးမိုးကြိုး၊ ခန္ဓာကိုယ်ဖြင့် ကပ်ဘေးမိုးကြိုးကို ခုခံခြင်း(၁)။

Vol. 38 Ch. 422

'ဒီနေရာက ကပ်ဘေးကျော်ဖြတ်ဖို့ နေရာကောင်း မဟုတ်ဘူး... အပြင်ထွက်မှ ရမယ်...'

ကျိုးစွေ့သည် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းမည့် တတိယအဆင့်ဖြစ်သော ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေး ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူသာ တံခါးပိတ်ကျင့်ကြံရာ အခန်းအတွင်းအတွင်း ဆက်လက် နေထိုင်နေပါက ဤတောင်ထွတ်တစ်ခုလုံး ဧကန်မုချ ပြိုကွဲပျက်စီးသွားပေလိမ့်မည်။

သူသည် သူနေထိုင်ရာနေရာကို ကပ်ဘေးမိုးကြိုး၏ စွမ်းအားကြောင့် မြေပြင်ညီဖြစ်သွားစေရန် ဆန္ဒမရှိချေ။

ဝှစ်...

ချက်ချင်းပင် သူ၏ ကိုယ်ခန္ဓာ လှုပ်ရှားသွားပြီး သူနေထိုင်ရာ တံခါးပိတ်ကျင့်ကြံရာ အခန်းအတွင်းမှ ထွက်ခွာကာ အဝေးရှိ တောင်ထွတ်တစ်ခုဆီသို့ ပျံသန်းသွားလေသည်။

ထို့နောက် သူသည် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ မိုးကြိုးကပ်ဘေး ကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ထိုအချိန်၌ လင်းယာကျူ၊ မက်မွန်ပွင့်သခင်မ၊ ချူတျဲယီနှင့် အခြားသူများသည်လည်း ကောင်းကင်ယံထက်ရှိ ကပ်ဘေးတိမ်တိုက်များကို သဘာဝကျကျ မြင်တွေ့လိုက်ရပြီး တစ်ဦးချင်းစီတိုင်း တုန်လှုပ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ကြုံတွေ့ခဲ့ရဖူးသော ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ကြိမ် မိုးကြိုးကပ်ဘေး၏ အရှိန်အဝါသည် အဆမတန် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသောကြောင့် ဖြစ်၏။

"မိုင်သောင်းချီတဲ့ ကပ်ဘေးတိမ်တိုက်ကြီးပါလား... ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးရဲ့ တိမ်တိုက်က ဘာလို့ ဒီလောက် ကြီးမားရတာလဲ..."

"ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတိမ်တိုက်က ဒီလောက် ထိတ်လန့်စရာ မကောင်းပါဘူး..."

လင်းယာကျူမှာ အလွန်အမင်း အံ့အားသင့်သွားရသည်။

ကောင်းကင်ယံထက်တွင် ထူထပ်လေးလံသော ကပ်ဘေးတိမ်တိုက်ကြီးသည် မိုင်သောင်းချီသော ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားပြီး ဤဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ရှိကာ ရုတ်တရက် အမှောင်ကျသွားသကဲ့သို့ ဖြစ်နေသည်ကို သူမ မြင်တွေ့လိုက်ရသည်။

ထူထပ်သော ကပ်ဘေးတိမ်တိုက်များကြားတွင် ခရမ်းရောင် ကပ်ဘေးမိုးကြိုးများ တစ်ချက်တစ်ချက် လင်းခနဲ လက်ခနဲ ဖြစ်ပေါ်နေပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအရှိန်အဝါများ ပျံ့နှံ့နေလေသည်။

ဤကပ်ဘေးမိုးကြိုးသည် သူမအတွက် ရည်ရွယ်ခြင်း မဟုတ်သော်လည်း သူမသည် ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားနေရ၏။

ဤကဲ့သို့သော ကောင်းကင်ဘုံအရှိန်အဝါအောက်တွင် လူသားများသည် ပုရွက်ဆိတ်များကဲ့သို့ အလွန်တရာ သေးငယ်နိမ့်ကျလှသည်။

"ယောက်ျား... ဒီတစ်ခါ ကြုံရမယ့် ကပ်ဘေးက သာမန် မိုးကြိုးကပ်ဘေးလောက် ရိုးရှင်းမှာ မဟုတ်ဘူး..."

"ပထမအဆင့် မိုးကြိုးကပ်ဘေး မဟုတ်ဘဲ... ဒုတိယအဆင့် မိုးကြိုးကပ်ဘေးအထိ ရောက်နိုင်တယ်..."

ချူတျဲယီ၏ မျက်နှာထားမှာ အလွန် လေးနက်နေသည်။

ကောင်းကင်ယံထက်ရှိ ကပ်ဘေးမိုးကြိုးစွမ်းအား၏ ကြောက်မက်ဖွယ် အတိုင်းအတာကို သူမ အာရုံခံနိုင်သည်။

ယခင်က သူမတို့ ကြုံတွေ့ခဲ့ရသော ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးထက် အဆများစွာ ပိုမို ပြင်းထန်နေပြီး ကျဆင်းလာမည့် မည်သည့် ကပ်ဘေးမိုးကြိုးမဆို သာမန် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ပြာကျသွားစေနိုင်မည့်ပုံ ပေါက်နေသည်။

အကယ်၍ ယခင်က ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးသည်သာ ဤမျှ အစွမ်းထက်ခဲ့ပါက သူမတို့ ကျော်ဖြတ်နိုင်ခဲ့မည် မဟုတ်ချေ။

"မဟုတ်ဘူး... ဒုတိယအဆင့် မိုးကြိုးကပ်ဘေး မဟုတ်ဘူး... တတိယအဆင့် မိုးကြိုးကပ်ဘေး ဖြစ်လောက်တယ်..."

"ပုံမှန်ဆိုရင် ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားက ဒီလောက် ကြောက်စရာမကောင်းဘူး..."

"ဒါပေမဲ့ ချွင်းချက်တွေလည်း ရှိတတ်ပါတယ်..."

"အဲဒါကတော့ ကပ်ဘေးကျော်ဖြတ်မယ့်သူက အပြစ်ကြီးလေးပြီး... ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့ ကံကြွေးကမ္မ ရစ်ပတ်နေရင် ကောင်းကင်ဘုံပြစ်ဒဏ်ကို ဖိတ်ခေါ်တတ်တယ်..."

"အဲဒီလိုမှ မဟုတ်ရင်... ကပ်ဘေးကျော်ဖြတ်မယ့်သူရဲ့ ပါရမီက အရမ်း ထူးကဲလွန်းပြီး ကောင်းကင်နဲ့ မြေကြီးက လက်မခံနိုင်တဲ့အဆင့် ဖြစ်နေလို့ပဲ..."

မက်မွန်ပွင့်သခင်မက လေးနက်စွာ ဆိုလိုက်သည်။

ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်တွင် ဝဋ်ကြွေးကံကြွေး များများစားစား မရှိသည်ကို သူမ အာရုံခံနိုင်သည်။

သေချာ စဉ်းစားကြည့်လျှင်လည်း အမှန်ပင် ဖြစ်သည်။ အပြင်းအထန် လုံ့လစိုက်ထုတ်သော ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ဝဋ်ကြွေးကံကြွေး မည်သို့ ရစ်ပတ်နေနိုင်ပါမည်နည်း။

ထို့ကြောင့် ဒုတိယဖြစ်နိုင်ချေ တစ်ခုသာ ရှိတော့သည်။

၎င်းမှာ ဤအမျိုးသားသည် ကောင်းကင်နှင့် မြေကြီးက လက်မခံနိုင်လောက်အောင်၊ ကောင်းကင်နှင့် မြေကြီး မနာလိုဝန်တိုဖြစ်ရလောက်အောင် ပါရမီ ထူးကဲလွန်းနေသဖြင့် တတိယအဆင့် မိုးကြိုးကပ်ဘေး ကျရောက်လာခြင်း ဖြစ်ပေသည်။

အကယ်၍ မကျော်ဖြတ်နိုင်ပါက ပြာကျသွားမည် ဖြစ်ပြီး ကျော်ဖြတ်နိုင်ပါက ကောင်းကင်နှင့် မြေကြီး၏ အသိအမှတ်ပြုမှုကို ရရှိပေလိမ့်မည်။

"မဖြစ်နိုင်တာ... တတိယအဆင့် မိုးကြိုးကပ်ဘေးတဲ့လား..."

"ဒါဆို ယောက်ျား ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပါ့မလား..."

ဤစကားများကို ကြားသောအခါ ကျိပင်းယွီနှင့် အခြားသူများသည် အလွန်တရာ စိုးရိမ်ပူပန်သွားကြသည်။

သာမန် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် ပထမအဆင့် မိုးကြိုးကပ်ဘေးကို ကြုံတွေ့ရချိန်တွင်ပင် အစွမ်းကုန် ကြိုးစားအားထုတ်ရပြီး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင် ပြင်ဆင်ကြရသည်။

သို့သော် ယခုမူ သူမတို့၏ ခင်ပွန်းသည် တတိယအဆင့် မိုးကြိုးကပ်ဘေးကို ကြုံတွေ့နေရခြင်း ဖြစ်သည်။

ဤမိုးကြိုးကပ်ဘေးမျိုး၏ စွမ်းအားသည် ပထမအဆင့် မိုးကြိုးကပ်ဘေးထက် မည်မျှ အဆပေါင်းများစွာ ပိုမို ကြောက်မက်ဖွယ်ကောင်းမည်ကို မသိနိုင်ချေ။

သူမတို့၏ ခင်ပွန်းသည် အမှန်တကယ်ပင် ပါရမီ ထူးကဲပြီး တိုက်ခိုက်ရေးစွမ်းရည် ပြိုင်ဘက်ကင်းသော်လည်း တတိယအဆင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန်မှာ ထင်ထားသလောက် လွယ်ကူသောကိစ္စ မဟုတ်တန်ရာပေ။

"စိတ်မပူပါနဲ့... ယောက်ျားက ကံကောင်းတဲ့သူပါ..."

"ဒီ တတိယအဆင့် မိုးကြိုးကပ်ဘေးကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ... ပြီးတော့ ငါတို့လည်း အခု ဘာမှ မကူညီပေးနိုင်ဘူး..."

"ဆုတောင်းပေးရုံသာ တတ်နိုင်တော့တယ်။"

ချွင်းထောင်နှင့် အခြားသူများသည်လည်း အဝေးရှိ တောင်ထွတ်ပေါ်မှ ကျိုးစွေ့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

သို့သော် ကပ်ဘေးကျော်ဖြတ်ခြင်း ဆိုသည်မှာ အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရသည့် ကိစ္စဖြစ်သည်။

အကယ်၍ အခြားကျင့်ကြံသူများက ဝင်ရောက် ကူညီပါက မိုးကြိုးကပ်ဘေး၏ စွမ်းအားကို ပိုမို ပြင်းထန်လာစေပြီး အခြားသူများကိုပါ ထိခိုက်စေနိုင်သည်။

…………

ထိုအချိန်တွင် ကျိုးစွေ့သည် တောင်ထိပ်ပေါ်၌ ရပ်လျက် ကောင်းကင်ယံထက်ရှိ မိုင်သောင်းချီ ကျယ်ဝန်းသော ကပ်ဘေးတိမ်တိုက်များကို ခံစားလိုက်မိသည်။

ခရမ်းရောင် ကပ်ဘေးမိုးကြိုးများသည် တိမ်လွှာများကြားတွင် နဂါးနှင့် မြွေများ ကခုန်နေသကဲ့သို့ လင်းခနဲ လက်ခနဲ ဖြစ်ပေါ်နေသည်။

ဖြစ်သလို ကျဆင်းလာသော ခရမ်းရောင် ကပ်ဘေးမိုးကြိုး တစ်ခုတည်းကပင် ပေတစ်သောင်းမြင့်သော တောင်ကြီးတစ်လုံးကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေနိုင်ပုံ ရသည်။

'တတိယအဆင့် မိုးကြိုးကပ်ဘေးတဲ့လား... ငါ့ကို သိပ်အထင်ကြီးလွန်းနေပြီ ထင်တယ်...'

ကျိုးစွေ့သည်လည်း ပြောစရာစကားမဲ့သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေရတော့သည်။

ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးတွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ်လာနိုင်ကြောင်း သူ ယခင်က ဝိုးတဝါး ကြိုတင် ခံစားမိခဲ့သော်လည်း၊ ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေး၏ စွမ်းအားသည် တတိယအဆင့် မိုးကြိုးကပ်ဘေး အတိုင်းအတာအထိ မြင့်တက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

အခြား ကျင့်ကြံသူများ၏ ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေးနှင့် နှိုင်းယှဉ်လျှင် ဆယ်ဆမက ပိုမို အားကောင်းနေသည်။

မှန်ပေသည်၊ မိုးကြိုးကပ်ဘေး စွမ်းအား မြင့်တက်လာခြင်းသည် သူ ဝိညာဉ်သန္ဓေသားအဆင့် ရုပ်ခန္ဓာကျင့်ကြံသူ ဖြစ်လာခြင်းနှင့် ကြီးမားသော ဆက်နွယ်မှု ရှိကြောင်း သူ သိထားသည်။

သူ့ခန္ဓာကိုယ်ထဲရှိ နဂါးဆင်သွေးမျိုးဆက်နှင့်လည်း ဆက်နွယ်မှု ရှိကောင်း ရှိနိုင်သည်။

အကြောင်းရင်း အမျိုးမျိုး ပေါင်းစပ်လိုက်သောအခါ ဤတစ်ကြိမ် ဝိညာဉ်သန္ဓေသား မိုးကြိုးကပ်ဘေး၏ စွမ်းအားသည် သမိုင်းတစ်လျှောက် မကြုံစဖူး ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် အဘယ်ကြောင့်မှန်းမသိ၊ သူသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် အလွန်ပင် စိတ်လှုပ်ရှား တက်ကြွနေမိသည်။

ဤအရာအားလုံးသည် သူ့ခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော နဂါးဆင်သွေးမျိုးဆက်ကြောင့် ဖြစ်သည်။

ကောင်းကင်ယံထက်ရှိ ကပ်ဘေးမိုးကြိုးစွမ်းအားကို အာရုံခံမိလိုက်သောအခါ နဂါးဆင်သွေးမျိုးဆက်၏ တိုက်ခိုက်လိုစိတ်ကို ပိုမို နှိုးဆွလိုက်သကဲ့သို့ ဖြစ်စေပြီး၊ ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာကာ ချော်ရည်ပူများကဲ့သို့ ဖြစ်လာစေသည်။

သူ၏ စိတ်နှလုံး အတွင်းပိုင်းနေရာမှ ကြောက်ရွံ့မှုများသည်လည်း ဤစွမ်းအားကြောင့် ချက်ချင်း ပျောက်ကွယ်သွားသည်။

ထို့အစား အဆုံးမဲ့ တိုက်ခိုက်လိုစိတ်နှင့် အဆုံးမဲ့ သတ္တိများက အစားထိုး ဝင်ရောက်လာသည်။

၎င်းသည် အစစ်အမှန်နဂါးနှင့် ဆင်နတ်ဘုရားတို့ သူ့ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ပြန်လည် နိုးထလာသကဲ့သို့ပင်။

ဂျိမ်း... ဂျိမ်း... ဂျိမ်း...

တစ်ခဏချင်းတွင် ကောင်းကင်ယံထက်ရှိ ကပ်ဘေးတိမ်တိုက်များသည် ကြီးမားသော ဝဲကတော့ကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံပြစ်ဒဏ်ခတ်မည့် မျက်လုံးတစ်လုံး ပေါ်လာသကဲ့သို့ ကျိုးစွေ့၏ အရှိန်အဝါကို ချက်ချင်း အသေမှတ်လိုက်လေသည်။

တတိယအဆင့် မိုးကြိုးကပ်ဘေးတွင် စုစုပေါင်း ကပ်ဘေးမိုးကြိုး နှစ်ရာ့လေးဆယ့်သုံးကြိမ် ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်သည်။

နောက်ထပ် ကျဆင်းလာမည့် ကပ်ဘေးမိုးကြိုးသည် ယခင် ကပ်ဘေးမိုးကြိုးထက် ပိုမို အားကောင်းမည် ဖြစ်သည်။

စွမ်းအားသည် အဆက်မပြတ် တိုးမြင့်လာမည်ဖြစ်ပြီး ကပ်ဘေးသင့်သူကို ဖျက်ဆီးပစ်သည်အထိ ဖြစ်သည်။

ချက်ချင်းပင် လက်မောင်းလုံးခန့်ရှိသော ခရမ်းရောင် ကပ်ဘေးမိုးကြိုးတစ်စင်း ကောင်းကင်မှ ကျဆင်းလာပြီး ကျိုးစွေ့ထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ၊ ပတ်ဝန်းကျင် လေထုထဲတွင် လောင်ကျွမ်းနံ့များ ရရှိလာပြီး လေထုကို စုတ်ဖြဲပစ်ကာ ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။

"လာစမ်းပါ..."

ကျိုးစွေ့ အော်ဟစ်လိုက်ပြီး ရှောင်တိမ်းခြင်း မပြုဘဲ လေထဲသို့ ခုန်တက်လိုက်ကာ ဤခရမ်းရောင် ကပ်ဘေးမိုးကြိုးကို လက်သီးဖြင့် ပင့်ထိုးလိုက်သည်။ သူ၏ လက်သီးအရေပြားပေါ်တွင် သိပ်သည်းသော ဆင်နတ်ဘုရား ရုန်းသင်္ကေတများ ချက်ချင်း ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ် အရေပြားပေါ်တွင်လည်း နှစ်ထပ် ဆင်နတ်ဘုရားအကာအရံ ချက်ချင်း ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

(၃၆၀) ဒီဂရီ ပတ်လည်၊ မည်သည့် ဟာကွက်မျှ မရှိပေ။

ဤဖျက်ဆီးခြင်း စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်ကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေနိုင်ဘဲ ကပ်ဘေးမိုးကြိုး စွမ်းအားအားလုံးကို ဆင်နတ်ဘုရားအရေပြားက တွန်းထုတ်ပစ်လိုက်သည်။

လျှပ်စီးကြောင်းများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူဝါးမြိုခြင်း ခံလိုက်ရပြီး ခန္ဓာကိုယ်၏ နေရာအနှံ့အပြားကို သန့်စင်ပေးလိုက်သကဲ့သို့ ဖြစ်သွားချေသည်။

ဤခံစားချက်သည် လျှပ်စီးကြောင်းများကို အသုံးပြုပြီး နှိပ်နယ်ပေးနေသကဲ့သို့ ဖြစ်ကာ သူ၏ တစ်ကိုယ်လုံး သက်တောင့်သက်သာ ရှိစေသည်။

"နဂါးဆင်ခန္ဓာကိုယ် ဆိုတာနဲ့ ထိုက်တန်ပါပေတယ်... တကယ်ကို သောက်ရမ်း သန်မာလွန်းတယ်..."

ကျိုးစွေ့ အံ့သြတကြီး ရေရွတ်လိုက်မိသည်။

အမှန်အတိုင်း ပြောရလျှင် သူ၏ ခန္ဓာကိုယ်သန်မာမှုသည် သူ၏ ထင်ထားသည်ထက် ကျော်လွန်နေသည်။

မည်သို့ပင်ဆိုစေ သူ၏ ခန္ဓာကိုယ်ဖြင့် ရန်သူများနှင့် တိုက်ခိုက်ခဲသဖြင့် သူ၏ ခန္ဓာကိုယ် အကန့်အသတ်က မည်သည့်အဆင့်တွင် ရှိသည်ကို မသိခဲ့ပေ။

သူသည် တိုက်ခိုက်ရန်အတွက် ကိုယ်ပွားများကို အသုံးပြုခဲ့ဖူးပြီး ကိုယ်ပွားများ၏ အကန့်အသတ်ကို သိရှိသော်လည်း၊ ပြဿနာမှာ ကိုယ်ပွား၏ စွမ်းအားသည် မူလခန္ဓာကိုယ်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သာမန် ဝိညာဉ်သန္ဓေသားအဆင့် ရုပ်ခန္ဓာကျင့်ကြံသူပင်လျှင် သူ့ကဲ့သို့ မိုးကြိုးကပ်ဘေးကို ခန္ဓာကိုယ်ဖြင့် တိုက်ရိုက် ခုခံရဲမည် မဟုတ်ပေ။

သို့သော် ကျိုးစွေ့၏ ဤလုပ်ရပ်သည် ကောင်းကင်ဘုံကပ်ဘေးကို ဒေါသထွက်စေပုံ ရသည်။ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ လိမ့်ဝင်လာကာ မိုးကြိုးလျှပ်စီးများ ဝင်းဝင်းလက်နေတော့သည်။

All Chapters