အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
ယွမ်ကျိုး အပိုင်း(၂၀၈)
"အထူးဟင်းပွဲဖြစ်တဲ့ အမဲသားခေါက်ဆွဲပြုတ် တရုတ်နံနံပင်တစ်ပွဲ" သူဌေးက ကြီးမားသော အဖြူရောင် ပန်းကန်လုံးကြီးကို သယ်ဆောင်ပြီး မီးဖိုချောင် အပြင်ဘက်သို့ ထွက်လာသည်။
"ဒီနေရာပေါ်မှာ ထားခဲ့ပေးပါ" ယွမ်ကျိုးက သူ့လက်ကို ဆန့်တန်းလိုက်ပြီး သူထားမည့် နေရာကို သူဌေးအား အချက်ပြသည်။
"ဒီမှာ ခင်ဗျားမှာထားတဲ့ အမဲသားခေါက်ဆွဲပါ။ ပူပူစပ်စပ် ငရုတ်ကောင်းနဲ့ ရှာလကာရည်ကို စားပွဲပေါ်မှာ တင်ထားပေးပါတယ်။ ကြိုက်သလောက် ထည့်လို့ရပါတယ်။ ကြက်သွန်မြိတ်လေးတွေ၊ ဂျင်းလေးတွေ၊ ကြက်သွန်ဖြူလေးတွေကို မီးဖိုချောင်ကနေပြီးတော့ အခမဲ့ တောင်းယူလို့ရပါတယ်" သူဌေးက ရက်ရောသော အမူအရာဖြင့် စကားပြောသည်။
"ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ခေါင်းညိတ် လိုက်ပြီးတော့ စားပွဲခုံပေါ်မှ ဟင်းခတ်အမွှေးအကြိုင်များကို တစ်ချက် ကြည့်လိုက်သည်။
"ဒါတွေအားလုံး ထည့်စရာမလိုဘူး။ အကြိုက်ဆုံး အရသာကိုပဲထည့်"
သူဌေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ပြောသည်။
"အင်း" ယွမ်ကျိုးက ခေါင်းညိတ်သည်။
"ဒီသူဌေးက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတာပဲ" ယွမ်ကျိုးက သူ့စိတ်ထဲရှိသော အကြောင်းအရာကို ရေရွတ်လိုက်သည်။
သူ့ဆီ သယ်ဆောင်လာသော ခွက်က အတော်အတန် ကြီးမားသည်။ အထူးတလည် ဖော်ပြရမည် ဆိုလျှင် ယွမ်ကျိုး၏ မျက်နှာထက်ပင် ကြီးမားသည်။ အဝကျယ်ပြီး အတွင်းဘက်က နက်သည်။ ခေါက်ဆွဲအများကြီး ထည့်ထားပုံ ပေါ်သည်။
ပါးလွှာတဲ့ခေါက်ဆွဲ၊ အနီရောင် စွပ်ပြုတ်ရည်ကြောင့် ရနံ့ကလည်း မွှေးကြိုင် နေသည်။
ထို့ကြောင့် ယွမ်ကျိုးက အနံ့ရှူကြည့်လိုက်သည်။အလယ်အလတ်တန်းစား အရွယ်အစားရှိသော အမဲသားအပိုင်းအစလေးကို ခေါက်ဆွဲပေါ်မှာ ဖြန့်ကျဲထားတယ်။ ဆွဲဆောင်မှု ရှိသည်ဟု ထင်ရသည်။
"ဟင်းပွဲပုံစံ ကြည့်ရတာတော့ မဆိုးပါဘူး" ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး ပြောသည်။ ယွမ်ကျိုးက ဟင်းပွဲ၏အရောင်အသွေးကို ကြည့်ပြီးတော့ ကောင်းမွန်သည်ဟု ပြောခြင်းဖြစ်သည်။
အရသာကတော့ ပူစပ်စပ်နှင့် မွှေးကြိုင်သော အရသာရှိလိမ့်မည်ဟု ခံစားမိသည်။
၎င်းမွှေးရနံ့များက ခေါက်ဆွဲ၏ စစ်မှန်တဲ့ အရသာများကို ဖုံးကွယ်ပေးထားသည်။
ယင်ယာကိုယ်တိုင် လမ်းညွှန်ထားသော ဆိုင်ဖြစ်သည့် အတွက်ကြောင့် ယွမ်ကျိုးက သူကိုယ်တိုင် မစားရသေးခင် အရသာမရှိဘူးဟူသော စကားကို မပြောရဲပေ။
ယွမ်ကျိုးက အရသာကင်းမဲ့သော တူကို ထုတ်လိုက်ပြီး ခေါက်ဆွဲကိုညှပ်ကာ ခံတွင်းထဲ ထည့်လိုက်သည်။ ခံတွင်းထဲ ထည့်လိုက်သော
အခါမှာ ရှလွတ် ဟူသောအသံ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူ့ခံတွင်းထဲမှာ ပူစပ်စပ် အရသာ လွှမ်းမိုးသွားသည်။ သို့သော်ငြားလည်း ခေါက်ဆွဲက နူးညံ့လွန်းသည့်အတွက် ဝါးစရာပင် မလိုအပ်ချေ။
ငရုတ်သီးဖတ်ကလေးများက ခေါက်ဆွဲထဲမှာ ရောယှက် နေသည့် အတွက်ကြောင့် အရသာအပေါ် ပို၍သက်ရောက်မှု ရှိသည်။
ငရုတ်သီးဖတ်ကလေးများက ပြင်းရှသော အရသာကို ဖြစ်ပေါ်စေသည်။ ယွမ်ကျိုးကဲ့သို့ အရသာခံ အာရုံဖုများ ကောင်းမွန်သူ အတွက် မပြောပလောက်ချေ။
ယွမ်ကျိုးက မျက်မှောင်ကြုတ် လိုက်ပြီး အမဲသားဖတ်ကို မြည်းစမ်းဖို့အတွက် တူဖြင့် ညှပ်ယူ လိုက်သည်။ ဝါးကြည့်ရုံဖြင့်
ပေါင်းထားတဲ့ အမဲသား၏ မွှေးရနံ့က သူ့ခံတွင်းထဲ ထွက်ပေါ်လာပြီး လတ်ဆတ်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
တရုတ်နံနံပင်၏ ပြင်းရှသော အရသာက အမဲသား၏ ပြင်းရှရှ ညှီနံ့ကို ဓာတ်ပြယ်သွားစေသည်။
"အမဲသားကတော့ မဆိုးပါဘူး" ယွမ်ကျိုးက အမဲသားကို ဝါးကြည့် ပြီးနောက် တိုးလျသော အသံဖြင့် ပြောသည်။
သို့တိုင် ခေါက်ဆွဲက သာမန်ဖြစ်ပြီး အမဲသား၏ အရသာက ပိုပေါ်လွင်စေသည်။ သာမန်ထက်ပို၍ ကောင်းမွန်သည်ဟု ယူဆနိုင်သည်။ သို့သော်လည်း ယင်းယာ၏ အကဲဖြတ်မှုက သာမန်ထက်ပိုပြီးတော့ သာလွန်သည့် အဆင့်မျှသာ ရှိသည်။
စိတ်အားထက်သန်စွာဖြင့် အမဲသား ခေါက်ဆွဲပြုတ်ကို စားနေစဉ် ယွမ်ကျိုးက ဒွိဟဖြစ်သော ခံစားချက်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
ယင်ယာက သူချက်ပြုတ်ထားသော ခေါက်ဆွဲပြုတ်ကို အကြိမ်ပေါင်းများစွာ စားပြီးကတည်းက လက်ရှိဟင်းပွဲနှင့် ပတ်သက်ပြီးတော့ မှားယွင်းစွာ အကဲဖြတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ သို့တိုင် သူက ဆက်လက်ပြီး တွေးကြံမနေဘဲ သူ့အတွေးကို စွန့်လွှတ်လိုက်သည်။ သူမှာယူထားသော အစားအသောက်ကိုသာ စိတ်အားထက်သန်စွာ စားသည်။
ယွမ်ကျိုးက ယင်ယာ၏ ထောက်ခံမှုနှင့် ပတ်သက်ပြီး ဒွိဟ ဖြစ်နေစဉ် တခြားတစ်ဖက်တွင်မူ ဖောက်သည် တစ်ယောက်သည် ဆိုင်ပိုင်ရှင်သူဌေးနှင့် ကျီစယ်ပြောဆိုနေသည်။
"သူဌေး ကျွန်တော် လိုချင်တာမှန်သမျှ ထပ်ထည့်လို့ ရတယ်ဆိုတော့ ခေါက်ဆွဲလေး ပိုထည့်ပေးလို့ ရမလား။ ကျွန်တော် ဗိုက်မဝဘူး" စွပ်ကျယ်ကို ဝတ်ဆင်ထားသော လူငယ်လေးသည် ပြုံးကာပြောသည်။
"ကိစ္စမရှိပါဘူး" သူဌေးက ချက်ချင်း သဘောတူလိုက်သည်။ သို့သော်ငြားလည်း ဤအပြုအမူက လူငယ်လေးကို ရှက်ကိုးရှက်ကန်း ခံစားချက် ဖြစ်ပေါ်စေသည်။
"ရပါတယ် ကျွန်တော်က နောက်ပြောင်တာပါ။ နောက်ထက် အမဲသားခေါက်ဆွဲပြုတ် တစ်ပွဲပေးပါ။ ပွဲသေးလေးပဲ လိုချင်ပါတယ်" လူငယ်လေးက ရိုးသားပွင့်လင်းသော သူဌေးကို ချက်ချင်း ဟန့်တားလိုက်သည်။
"ကိစ္စမရှိပါဘူး။ နောက်တစ်ပွဲ စားနိုင်သေးလို့လား" စီးပွားရေးကို ယခုလို လုပ်ဆောင်သည့် သူဌေးက ရှားရှားပါးပါး ဖြစ်သည်။
"ကိစ္စမရှိဘူး" လူငယ်လေးက ပြုံးကာ ပြန်ဖြေသည်။
"ကောင်းပြီ။ ဒါဆို ခဏနေရင် ရစေရမယ်" သူဌေးက မီးဖိုချောင်ထဲသို့ ပြန်သွားသည်။ ခေါက်ဆွဲပြုတ်ကို ချက်ပြုတ်ရန် ဖြစ်သည်။
"သူဌေး ကျွန်တော်ကို ပါးပါးလှီးတဲ့ ကြက်သွန်စိမ်းလေးတွေ ပေးပါ" တခြားသော ဖောက်သည် တစ်ယောက်ကလည်း ပြောသည်။
"ဒီနားမှာပါ။ ကိုယ့်ဘာသာကိုယ် သွားယူလို့ ရပါတယ်" သူဌေးက မီးဖိုချောင်ထဲမှ လှမ်းပြောသည်။ ထို့နောက်
ခုနဖောက်သည်က မတ်တတ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မီးဖိုချောင်ထဲတွင် ရှိသော ကြက်သွန်စိမ်းကို ယူရန် ရည်ရွယ်ချက် ဖြစ်သည်။
"သူဌေးက တကယ့်ကို ပေါ့ပေါ့ပါးပါး နေထိုင်တတ်သူပဲ" လှီးထားသော ကြက်သွန်စိမ်းကို ထည့်ထားသော ဖောက်သည် တစ်ယောက်ကို ကြည့်ပြီး ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် ပြောသည်။ ထိုစဉ် အပြင်ဘက်ကနေ စားသောက်ဆိုင်ထဲသို့ လူ၂ယောက် ဝင်ရောက်လာသည်။
တစ်ယောက်က ရိုးရှင်းသော အဝါရောင် စွပ်ကျယ်ကို ဝတ်ဆင်ထားသည်။ ဆံပင်ဖြူနှင့် အမျိုးသားဖြစ်ပြီး အိုမင်းနေပုံ ပေါ်သည်။ မျက်မမြင်များ အသုံးပြုလေ့ရှိသော တုတ်ကောက်ကို လက်တစ်ဖက်က ကိုင်ဆောင်ထားသည်။ တုတ်ကောက်နှင့် မြေကြီး ထိတွေ့၍
' ဒေါက် ဒေါက် ဒေါက်' ဟူသော အသံ ထွက်ပေါ်လာသည်။ ဘေးကနေ သူ့ကိုတွဲလာတဲ့ သူက ၁၁နှစ်၊ ၁၂နှစ် အရွယ်ရှိတဲ့ ကောင်လေး ဖြစ်သည်။
သူက သေသပ်သော ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စဖွယ် အမူအရာရှိသည်။ သူ့ဖခင်ကို တွဲလာရင်း စားသောက်ဆိုင်ထဲ တစ်လှမ်းချင်း လှမ်းလာသည်။ တံခါးပေါက်နှင့် အနီးဆုံး ခုံတစ်ခုံကို ကောင်လေးက တွေ့သွားသော
အခါမှာ သူ့အဖေကို အဲ့ဒီနေရာမှာ ထိုင်ရန် လမ်းညွှန်ပေးသည်။
ထို့နောက် သူက သူ့အဖေ၏ ဘေးနားမှာ ထိုင်လိုက်သည်။
"ခေါက်ဆွဲရပါပြီ" သူဌေးက ခေါက်ဆွဲပွဲသေးကို သယ်ဆောင်ပြီး မီးဖိုချောင် အပြင်ဘက်ထွက်လာကာ
မှာယူထားသော စွပ်ကျယ်နှင့် လူငယ်လေး အရှေ့မှာ ချပေးသည်။ ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။
"ဒီတစ်ခေါက်တော့ ခေါက်ဆွဲတွေ ပိုထည့်ပေးထားတယ်နော်"
"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် သူဌေး" လူငယ်လေးက ပုံမှန်ထက် များပြားသည့် ခေါက်ဆွဲများကို မြင်တွေ့သည့်အခါ ပြုံးကာ ပြန်ပြောသည်။
"အားနာဖို့မလိုပါဘူး။ ရပါတယ်" ယဉ်ကျေးပျူငှာစွာ ပြောဆိုပြီးနောက် သူဌေးက ဆိုင်ထဲသို့ ဝင်ရောက်လာသည့် သားအဖ နှစ်ယောက်ကို မြင်တွေ့သွားသည်။ သူဌေးကို မြင်သောအခါ ကောင်လေးက မတ်တတ်ရပ်လိုက်ပြီး သူဌေးအနားကို သွားသည်။
"ရောက်လာကြပြီလား။ ဒီနေ့ရော ဘာများ သုံးဆောင်ချင်ပါသလဲ" သူဌေးက ကောင်လေးကို ပုံမှန်လေသံဖြင့် ပြောသည်။
"သူဌေး အမဲသားခေါက်ဆွဲ၂ပွဲကို ပုံမှန်အတိုင်း ပေးပါ" ကောင်လေးက ပြန်ပြောသည်။
"ကောင်းပြီ။ စုစုပေါင်း ၉ယွမ် ကုန်ကျပါတယ်။ မစားခင် အရင်ဆုံးရှင်းပေးပါ" သူဌေးက ပြုံးကာ ပြောသည်။
"သူဌေး ဒီနေ့ရော လျော့ဈေးပေးသေးလား" ကောင်လေးက ငွေကို ချက်ချင်း မထုတ်ပေးသေးပေ။ ထို့အစား စပ်စပ်စုစု မေးမြန်းလိုက်သည်။
"အင်း ဒီနေ့လည်း discount ရှိတယ်" သူဌေး၏ မျက်နှာပေါ်က အမူအရာက ပုံမှန်အတိုင်း ဖြစ်သည်။
"ဒါပေမဲ့ ဒီလိုဆိုရင် အရှုံးမပေါ်ဘူးလား" ကောင်လေးက ဤဆိုင်၏ ပုံမှန်ဖောက်သည် ဖြစ်ပုံရသည်။ ထို့ကြောင့်လည်း သူဌေးက ကောင်လေးကို လျော့ဈေးပေးခြင်း ဖြစ်သည်။ ကောင်လေးကလည်း လျော့ဈေး ပေးခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းနေသည်။
"မင်းနားမလည်ပါဘူး။ စူပါမားကတ်တွေက မကြာခဏ လျော့ဈေး ပေးတယ်လေ။ အဲ့လို လျော့ဈေးပေးလို့ သူတို့ မွဲပြာကျသွားလား"
"မမွဲသွားဘူးလေ" သူဌေးက ယုံကြည်လက်ခံအောင် ပြောသည်။ဤအဖြေကို ကြားသောအခါ ကောင်လေးက ခေါင်းညိတ် သဘောတူလိုက်သည်။
"ဒါက အသေးအမွှား အကျိုးအမြတ် ရဖို့အတွက်
နည်းဗျူဟာလေ။ ချက်ချင်း အကျိုးအမြတ် ပြန်ရမှာပါပဲ။ နားလည်လား။ အဲ့တာဆိုရင် အခုပဲ ကျသင့်ငွေကို ပေးဆောင်လို့ ရပါပြီ"
သူဌေးက ထိုစကားကို ဂုဏ်ယူဝင့်ကြွားစွာ ပြောပြီးနောက် လက်လှမ်းလိုက်သည်။ ကောင်လေးက သူဌေး ပြောသည့် စကားကို ယုံကြည်လက်ခံ သွားသည့်အတွက်ကြောင့် သူ့ကျောင်းယူနီဖောင်း အိတ်ထဲမှ ပိုက်ဆံကို နာခံစွာ ထုတ်လိုက်ပြီး သူဌေးထံ မပေးခင် သေချာရေတွက် ကြည့်သည်။
"ဟုတ်ပြီ။ ဒါက ပိုက်ဆံ အတိအကျပဲ။ ခဏနေရင် ခေါက်ဆွဲတွေ လာချပေးပါမယ်"
သူဌေးက ငွေကိုလက်ခံ ယူလိုက်ပြီး ခေါက်ဆွဲကို မပြုတ်ခင် ငွေကို ရေတွက်ခြင်းပင် မပြုခဲ့ပေ။ ဤမြင်ကွင်းက ယွမ်ကျိုး၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်း ဖြစ်သည်။
သေးငယ်သော စီးပွားရေးကို လုပ်ကိုင်သူက ယခုလို မကြာခဏ လျော့ဈေး ပေးနေလျှင် အရှုံးပေါ် သွားနိုင်သည်။
ခေါက်ဆွဲတစ်ပွဲ ရောင်းချတိုင်း ငွေများစွာ ဆုံးရှုံးနိုင်သည့် သဘော ဖြစ်သည်။ သို့သော်လည်း ကောင်လေးက သူဌေးရဲ့ စကားကို ဖြူစင်စွာ ယုံကြည်သွားသည်။ သူ့မျက်နှာပေါ်တွင် စိတ်သက်သာရဟန် အပြုံးလေး ပေါ်လာပြီး ထိုင်ခုံပါ်မှာ ထိုင်ကာ သူ့ဖခင်နှင့် စကားပြောသည်။
သို့သော်ငြားလည်း သူဌေးက ပြုံးနေပြီး ဘာဆိုဘာမှ တွေးပုံမရချေ။
"ဖေဖေ ဒီနေ့ ခေါက်ဆွဲဆိုင်မှာ လျော့ဈေးပေးတယ်။ ဖေဖေ ခဏနေရင် ခေါက်ဆွဲပြုတ် စားရတော့မယ်" ကောင်လေးက သူ့အဖေကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။
"အွန်း။ သားလေး များများစားပါ"
အဖေက သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ပြီး ကောင်လေး၏ ဆံမြိတ်ကလေးကို ပွတ်သပ်ကာ ခေါင်းညိတ်သည်။ ကောင်လေးက သူသေချာ ဖြီးလိမ်းထားသော ဆံမြိတ်လေး ရှုပ်ပွ သွားသည်ကို စိတ်ဆိုးသော အပြုအမူ မပြပေ။ သူက ပျော်ရွှင်စွာ ပြုံးနေသည်။
သူတို့သားအဖ ပျော်ရွှင်စွာ စကားပြောနေသည့် အခိုက်အတန့် ခေါက်ဆွဲ ပြင်ဆင်မှု ပြီးစီးသွားသည်။
ယွမ်ကျိုး၏ အမြင်က စူးရှသောကြောင့် ကြည်လင်သော ခေါက်ဆွဲပြုတ် ၂ပွဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ သူမှာယူထားသော ခေါက်ဆွဲပြုတ်ထက် ခေါက်ဆွဲဖတ် ပိုများပြီး ခေါက်ဆွဲ ၁ပွဲချင်းစီတွင် အမဲသားဖတ်၄ဖတ် ထည့်ပေးထားသည်။ အမဲသားဖတ်၄ဖတ်က ကြီးမားပြီး တောင့်တင်းသည်။
"ဟယ်လို မင်းတို့၂ယောက် မှာထားတဲ့ ခေါက်ဆွဲပြုတ် ရပါပြီ" သူဌေးက ဗန်းကို အောက်ချလိုက်ပြီး သူတို့အတွက် ခေါက်ဆွဲပြုတ်၂ပွဲကို သယ်ဆောင် လာပေးသည်။
"ကျေးဇူးတင်ပါတယ် သူဌေး" ကောင်လေးက ယဉ်ကျေးစွာ ပြောသည်။
"အားနာဖို့ မလိုပါဘူး။ စားစရာရှိတာစားပါ"
သူဌေးက ခေါက်ဆွဲကို ညွှန်ပြပြီး ပြောသည်။
"အွန်း" လူငယ်လေးက ခေါင်းကိုညိတ်လိုက်ပြီး ခေါင်းကိုလှည့်ကာ ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။
"ခေါက်ဆွဲတွေ ရပြီ အဖေ။ အခုပဲစားကြမယ်"
"ဖေဖေက အမဲသားစားရတာ မကြိုက်ဘူး။ သားလေးပဲစား" ဖခင်ဖြစ်သူက အမဲသားဖတ်တွေကို ဖြည်းဖြည်းချင်း ကောက်ယူ လိုက်ပြီး တခြားခွက်ထဲသို့ ထည့်ပေးသည်။
အပိုင်း(၂၀၈)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၀၉)
ဖခင်ဖြစ်သူက မျက်မမြင်ဖြစ်သောကြောင့် ကောင်လေးက အမဲသားဖတ်များကို လက်ခံယူရန် ပန်းကန်ကို ရှေ့သို့တိုးလိုက်သည်။
ထိုမှသာ အမဲသားဖတ်များ စားပွဲခုံပေါ်ပြုတ်ကျခြင်းနှင့် ကြမ်းပြင်ပေါ် ပြုတ်ကျခြင်းတို့မှ ကာကွယ်နိုင်လိမ့်မည်။
ဖခင်ဖြစ်သူသည် အမဲသား သုံးဖတ်ကို ကောင်လေး၏ပန်းကန်ထဲသို့ ထည့်ပေးသည်။ ကောင်လေးက ပြုံးကာ လက်ခံယူလိုက်သည်။
ယွမ်ကျိုးက သားအဖနှစ်ယောက် အမဲသားကို အပြိုင်အဆိုင် ငြင်းဆန်ရင်း အချိန်ကုန်လိမ့်မည်ဟု ထင်ထားသော်လည်း ကောင်လေးက ပြုံးကာရွှင်ကာဖြင့် အမဲသားဖတ်ကို တိတ်တဆိတ် လက်ခံယူလိုက်သည်။
"အဖေ နောက်ဆုံးကျန်တဲ့ အမဲသားဖတ်ကို အရသာမြည်းဖို့အတွက် စားကြည့်ပါဦး၊ သူဌေး ဦးလေးကြီး ချက်တဲ့အမဲသားက အရမ်း အရသာကောင်းတယ်၊ ဒီ့ပြင် အများကြီးလည်း ပါတယ်"
ကောင်လေးက သူ့ဖခင်၏ခွက်ထဲတွင် အမဲသားဖတ် တစ်ဖတ်တည်းသာ ကျန်သည်ကို မြင်သော်လည်း ထိုသို့သောစကားမျိုးကို ပြောသည်။
"ကောင်းပြီ၊ ကျန်တဲ့ အမဲသားတွေကို အဖေစားလိုက်မယ်"
ဖခင်ဖြစ်သူက ပြုံးပြီးသဘောတူလိုက်သည်။ သားအဖနှစ်ယောက်က ခေါက်ဆွဲကို တိတ်တဆိတ် စားသုံးနေစဉ် ကောင်လေးက အမဲသားဖတ်ကို သူ့ဖခင်၏ခွက်ထဲသို့ ပြန်မထည့်ပေးပေ။
ဖခင်ဖြစ်သူက မမြင်ရသော်လည်း အာရုံခံစားနိုင်စွမ်းရှိသည်။ သေချာစဉ်းစားလေ့လာကြည့်ပြီးနောက် ယွမ်ကျိုးက ဖခင်ဖြစ်သူ၏ ခွက်အောက်ခြေတွင် အမဲသားဖတ်များ ထပ်ရှိနေခြင်းကို သိရှိသွားသည်။
စုစုပေါင်း သုံးခု ထပ်ပါသည်။ ကောင်လေး၏ ခွက်ထဲတွင်ရှိသော အမဲသားဖတ်များလည်း စား၍ကုန်သွားပြီ ဖြစ်သည်။
"ဒီလိုလား"
ယွမ်ကျိုးက တခြားသူများနှင့် ပြုံးပြုံးရွှင်ရွှင် စကားပြောနေသော သူဌေးကို ကြည့်လိုက်သည်။
"ဂရုစိုက်ပြီး ပြန်ပါ၊ နောက်တစ်ခေါက် ထပ်လာပါဦး"
သူဌေးက ခေါင်းကိုလှည့်လိုက်ပြီး စကားလုံးအချို့ပြောကာ သူ့ကို နှုတ်ဆက်စကား ပြောသည်။
"ကောင်းပြီသူဌေး၊ ခင်ဗျားတို့ဆိုင်မှာရောင်းတဲ့ အမဲသားခေါက်ဆွဲပြုတ်က တကယ့်ကို အရသာရှိပါတယ်"
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ပြန်ပြောသည်။
"ဟုတ်ကဲ့၊ နှုတ်ဆက်ပါတယ်"
သူဌေးက ယွမ်ကျိုး၏ ကျေးဇူးတင်စကားကို လက်ခံလိုက်သည်။ စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်ပြီးနောက် ယွမ်ကျိုးက ဖုန်းကို ထုတ်လိုက်ပြီး ယင်ယာထံသို့ စာပို့လိုက်သည်။
[အမဲသားခေါက်ဆွဲပြုတ် ရောင်းတဲ့ဆိုင်က တကယ့်ကို အရသာကောင်းတယ်၊ ကျေးဇူးတင်ပါတယ်] ငါကသူဌေးယွမ်
တဖက်မှပြန်စာ မလာခဲ့ပဲ ယင်ယာ အလုပ်ရှုပ်နေပုံပေါ်သည်။
ယွမ်ကျိုးက taxi စီး၍ ပြန်သောကြောင့် စားသောက်ဆိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိသွားသည်။ ဆိုင်ဖွင့်ချိန်ရောက်ရှိရန် နာရီဝက်ခန့်ပင် မလိုတော့သောကြောင့် ဒီတစ်ကြိမ်တွင် ဆိုင်တံခါးကို မပိတ်ခဲ့ပေ။
သိပ်မကြာခင်မှာပဲ ဝူဟိုင်းက ထပ်ရောက်လာပြီး မကျေမနပ် အမူအရာဖြင့် စကားပြောသည်။
"ငါ့ကို ကတိပေးထားတာ သုံးရက်နော်၊ ငါ့ကိုသင်ပေးဖို့ နှစ်ရက်ကျန်သေးတယ်၊ ဘယ်တော့သင်မှာလဲ၊ အမှန်အတိုင်း ပြောစမ်းပါ"
ဝူဟိုင်း၏ ဝမ်းနည်းပူဆွေးသော အကြည့်ကို မြင်တွေ့ရသောအခါ ယွမ်ကျိုး စိတ်မသက်မသာ ဖြစ်မိသည်။
"ငါ့ကို ဘယ်အချိန်မှ ပြန်သင်ပေးမှာလဲ"
ဝူဟိုင်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။
"မင်းခရီးထွက်ရတော့မှာလား"
ယွမ်ကျိုးက ဒွိဟဖြစ်သောခံစားချက်ဖြင့် မေးမြန်းလိုက်သည်။
"သိပ်မကြာခင် ခရီးထွက်ရတော့မယ်၊ ဒီရက်ပိုင်းအတွင်း ခရီးထွက်ရမှာ"
ဝူဟိုင်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ဒီနေ့ နေ့လယ်သင်မယ်၊ မနက်ဖြန် နေ့လယ်ခင်းကို တစ်ရက်အဖြစ် သတ်မှတ်လိုက်"
ယွမ်ကျိုးက အချိန်ကို ကြည့်ပြီးတော့ ပြောသည်။
"ကောင်းပြီလေ"
ဝူဟိုင်းက ချက်ချင်းသဘောတူလိုက်ပြီး ယွမ်ကျိုးကို အကဲခတ်ကြည့်နေသည်။
"ဘာကိစ္စရှိသေးလို့လဲ"
ဝူဟိုင်း၏ အသေးစိတ်အကဲခတ်သောအပြုအမူကြောင့် ယွမ်ကျိုး မေးမြန်းလိုက်သည်။
"ဒီသနားစရာကောင်းတဲ့လူကြီးကို ကြည့်စမ်းပါဦး၊ ဒီနေ့ညအတွက် အရက်တစ်ပုလင်း ကျန်သေးတာ သိပါတယ်"
ဝူဟိုင်းက ကံစမ်းမဲသေတ္တာလေးကို ညွှန်ပြရင်း ပြောသည်။
"မရဘူး၊ ကိုယ့်ဘာသာကိုယ် ကံစမ်းမဲနှိုက်ပြီး အခွင့်အရေးကို ရယူပါ"
ယွမ်ကျိုးက ချက်ချင်းငြင်းပယ်သည်။
"သံလိုက်အိမ်မြှောင်ကြီး"
ဝူဟိုင်းက မခံမရပ်နိုင် ပြန်ပြောသည်။ ယွမ်ကျိုးက သူ့အဖြေကို လျစ်လျူရှုလိုက်ပြီး မကြားသကဲ့သို့ ပြုမူနေသည်။
"ဟင်းသီးဟင်းရွက် ဟင်းပွဲတွေ ထပ်ပြီးတော့ လေ့ကျင့်ရဦးမှာလား"
"ဒါပေါ့၊ မီးဖိုချောင်ထဲမှာ ချက်မယ့် အသီးအရွက်တွေ ရှိသေးတယ်မို့လား၊ ချက်ထားတဲ့အရသာမြည်းစမ်းကြည့်ပြီးပြီလား"
အနုပညာလက်ရာအကြောင်း ပြောသောအခါ ဝူဟိုင်းက တခြားသောခေါင်းစဉ်ကို အာရုံ ရောက်သွားသည်။
"စားဖို့မလိုအပ်ဘူး၊ ငါကြည့်ဖို့အတွက် အဲ့ဒီဟင်းပွဲကို အောက်ထပ်ကို သယ်လာခဲ့မယ်"
ယွမ်ကျိုးက ဆိုးဆေးအကြောင်း တွေးမိသောအခါ သူ့အစာအိမ် အောင့်လာသည်ဟု ခံစားမိသည်။
"ကိစ္စမရှိပါဘူး၊ ဟင်းပွဲနဲ့ပတ်သက်ပြီးတော့ ပြဿနာတစ်စုံတစ်ရာ ပေါ်လာရင် ခင်ဗျား ကူညီပေးနိုင်တာပေါ့"
ခေါင်းညိတ်ပြီးနောက် ဝူဟိုင်းက သူ့အနုပညာခန်းမထဲသို့ ပြန်သွားပြီး ဟင်းပွဲများကို သွားရောက်သယ်ဆောင်သည်။
ဝူဟိုင်း ထွက်သွားပြီးနောက် အမျိုးသားတစ်ယောက်က ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
"ခင်ဗျားက ဆိုင်ပိုင်ရှင်သူဌေးလား၊ ကံစမ်းမဲနှိုက်လို့ရလား"
၎င်းအမျိုးသားက သူ့ရည်ရွယ်ချက်ကို ချက်ချင်းပြောသည်။
"ဆိုင်ဖွင့်ချိန် မရောက်သေးပါဘူး"
ယွမ်ကျိုးက ခေါင်းကိုမော့လိုက်ပြီးနောက် ၎င်းအမျိုးသားကို ကြည့်လိုက်သည်။ စက္ကန့်ပိုင်းခန့်ကြာအောင် နှုတ်ဆိတ်ပြီးနောက် ၎င်းအမျိုးသားက ပြောသည်။
"သူဌေးယွမ်၊ ဆိုင်ဖွင့်ချိန်မှပဲ ကံစမ်းမဲနှိုက်ခွင့်ရတယ်ဆိုတဲ့စည်းမျဥ်းကို မသတ်မှတ်ထားဘူးမို့လား"
ထို့နောက် ယွမ်ကျိုးက ဤမေးခွန်းကြောင့် နှုတ်ဆိတ်သွားသည်။ သူက ယခုလို စည်းမျဉ်းမျိုးကို အမှန်တကယ် မချမှတ်ထားပေ။
"ကောင်းပြီလေ၊ ကံစမ်းမဲနှိုက်လို့ရတယ်"
ယွမ်ကျိုးက ကံစမ်းမဲဘူးကို ထုတ်လိုက်ပြီး ၎င်းအမျိုးသား၏ အရှေ့မှာ ထားလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် ငါ့ရဲ့ကံတရားကို စမ်းသပ်ကြည့်တော့မယ်"
၎င်းအမျိုးသားသည် ယဉ်ကျေးပျူငှာစွာ ပြောဆိုပြီးနောက် ဖော်ရွေသောအပြုအမူကို ဖော်ပြသည်။
ထို့နောက် သူ့လက်ကို သေတ္တာထဲသို့ ထည့်လိုက်ပြီး ကံစမ်းမဲနှိုက်သည်။ သူ့လက်ကို ပြန်ထုတ်လိုက်သောအခါ သေးသွယ်ပြီး ကြည်လင်သော လက်ဖဝါးပေါ်မှာ အနီရောင်ဘောလုံးလေး ပေါ်လာသည်။
"နောက်ဆုံးကျန်တဲ့ ဝါးအရက်တစ်အိုးကို ခင်ဗျားပိုင်သွားပါပြီ၊ ဒီနေ့ည ဆိုင်ကို လာခဲ့ပေးပါ၊ ဆိုင်ကိုမလာရင်တော့ ခင်ဗျားကို မစောင့်နိုင်ဘူး"
ယွမ်ကျိုးက သေတ္တာနှင့်ဘောလုံးကို ပြန်သိမ်းလိုက်ပြီးနောက် စကားပြောသည်။
"ကျေးဇူးတင်ပါတယ်၊ အချိန်မီ ရောက်လာခဲ့ပေးပါ့မယ်"
၎င်းအမျိုးသားသည် ယွမ်ကျိုးပြောသောစကားကို ဂရုတစိုက် နားထောင်ပြီးမှ ပြန်ပြောသည်။
"အင်း ဆိုင်ဖွင့်ချိန် မရောက်သေးပါဘူး၊ ၁၅ မိနစ် လိုပါသေးတယ်၊ ဆိုင်ဖွင့်ချိန်ရောက်မှသာ ဟင်းပွဲများကို အော်ဒါတင်ပေးပါ"
ယွမ်ကျိုးက ၎င်းအမျိုးသား မထွက်သွားသည်ကို မြင်သောအခါ အဓိကအချက်ကို ပြောကြားသည်။
"မစိုးရိမ်ပါနဲ့ သူဌေးယွမ်၊ ဟင်းပွဲတွေကို မမှာပါဘူး၊ အခုပဲ ထွက်သွားတော့မှာပါ"
၎င်းအမျိုးသားသည် ပုစွန်များဖြင့် အလှဆင်ထားသော နံရံရှုခင်းပုံကို အသေးစိတ်ကြည့်ရှုပြီးနောက် ပြောသည်။
"နောက်မှတွေ့ကြတာပေါ့"
ယွမ်ကျိုးခေါင်းညိတ်သည်။ ထို့နောက် ၎င်းအမျိုးသားသည် ကျောခိုင်းသွားပြီး အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။
ထိုစဉ် ဝူဟိုင်းက အောက်ထပ်သို့ ရောက်ရှိလာပြီး အရွက်ဟင်းပွဲကို သယ်ဆောင်ကာ ရေရွတ်ပြောဆိုသည်။
"ဪ ဖန်းဟွမ်ပါလား၊ ထူးဆန်းလိုက်တာ"
ဖန်းဟွမ်က ဖန်မိသားစု အရက်ဆိုင်၏ သူဌေး ဖြစ်သည်။ ယွမ်ကျိုးအရက်ဆိုင်၏ ဂုဏ်သတင်းကြောင့် ဤဆိုင်သို့ လာရောက်အကဲခတ်ခြင်းဖြစ်သည်။
ဖန်မိသားစုအရက်ဆိုင်၏ စီးပွားရေးကို အနှောက်အယှက်ပေးခဲ့သည့် ယွမ်ကျိုးကို သူဌေးဖန်းဟွမ်က တည်ငြိမ်စွာ စကားပြောနိုင်ခြင်းက အံ့အားသင့်ဖွယ်ဖြစ်သည်။
"အရက်ကောင်းကို စမ်းသောက်ကြည့်သင့်တယ်၊ ဒီနေ့ ငါကံကောင်းပုံပဲ"
ဖန်းဟွမ်က လမ်းလျှောက်နေရင်း တွေးတောသည်။
"သူဌေးယွမ်၊ ကြည့်ပါဦး၊ ဒီဟင်းပွဲရဲ့အမည်ကို လပြည့်ညနဲ့ မြက်ခင်းပြင်လို့ ပေးရင်ကောင်းမလား၊ အဆီအငေါ် မတည့်သလိုများ ဖြစ်နေလား"
ဖန်းဟွမ်၏အတွေးကို ဂရုမစိုက်သည့် ဝူဟိုင်းက အရွက်ဟင်းပွဲကို သယ်ဆောင်ပြီး ယွမ်ကျိုးထံ လှမ်းပေးသည်။
"မင်းဘာသာမင်း နာမည်ပေးပါလား"
ယွမ်ကျိုးက ပြန်လည်တုံ့ပြန်သည်။
"အင်း ငါဆွဲတဲ့ ပန်းချီတိုင်းမှာလည်း ထူးခြားတဲ့နာမည်တွေ ပေးထားတယ်လေ"
ဝူဟိုင်းက ပုံမှန်အတိုင်း ပြန်ပြောသည်။ ဝူဟိုင်း၏ အနုပညာဖန်တီးမှုကို ယှဉ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ပန်းကန်ပြားပေါ်တွင် အလှဆင်ထားမှုက တကယ့်ကို စိတ်ဝင်စားဖွယ်ကောင်းသည်။
လှပသော်လည်း ယွမ်ကျိုးက စားမရသောဟင်းပွဲဟုသာ သံသယဝင်နေသည်။ ယွမ်ကျိုးက အရွက်များကိုကြော်ရန် သူ့ကို အမြဲတစေ ပြောထား၍ ဝူဟိုင်းက ဤတစ်ကြိမ်တွင် သူ၏ ညွှန်ကြားချက်ကို လိုက်နာခဲ့ပြီး ဆိုးဆေးများကို အသုံးပြုခြင်းနှင့် ထူးဆန်းသောအရာများကို ဟင်းပွဲထဲကို ထည့်ခြင်း မပြုလုပ်ခဲ့ပေ။
သို့သော်လည်း ဟင်းပွဲ၏ အလယ်တွင် ဂေါ်ဖီထုပ်ခေါင်းကို တင်ထားပြီး တည့်မတ်စွာ ထားထားသည်။ ဂေါ်ဖီရွက် အပိုင်းအစလေးများကိုလည်း ဖြူးထားသည်။
ပန်းကန်ပြားထဲတွင် သေသပ်ကျနစွာ ခင်းကျင်းထားသောကြောင့် ဟင်းပွဲက မြက်ခင်းပြင်နှင့် အသွင်တူနေသည်။ ဂေါ်ဖီထုပ်ခေါင်းက လပုံစံဖန်တီးထားသည်။
ဝူဟိုင်း၏ ဖန်တီးမှုကြောင့် ယွမ်ကျိုး သည်းခံနိုင်စွမ်း ကုန်ခမ်းနေသည်။
"နောက်တစ်ခေါက်ကြရင် ဒီလကြီးကို အရင်ဆုံး ချက်ပြုတ်ပေးလို့ မရဘူးလား"
ယွမ်ကျိုးက အလယ်တွင်ရှိနေသော ဂေါ်ဖီထုပ်ခေါင်းကို ညွှန်ပြသည်။
"လက်ရှိအရောင်က ပိုပြီးတော့ သဘာဝဆန်တယ်လို့ ခံစားမိတယ်"
ဝူဟိုင်းက သူ၏ အတွေးကို ထုတ်ပြောသည်။
"ဒါကစားလို့ရော ရပါ့မလား"
ယွမ်ကျိုးက လက်တွေ့ကျသောမေးခွန်းကို မေးမြန်းလိုက်သည်။
"စားလို့တော့ ဘယ်ရပါ့မလဲ"
ဝူဟိုင်းက ဟုတ်မှန်ကြောင်း ပြန်ပြောသည်။ ဝူဟိုင်း၏ ထူးဆန်းသော စိတ်နေသဘောထားများကြောင့် ယွမ်ကျိုး၏ သည်းခံနိုင်စွမ်းများ ကုန်ဆုံးလာသည်။
ဟင်းပွဲဒီဇိုင်းပုံဖော်ခြင်းကို ယွမ်ကျိုး သည်းခံနိုင်စွမ်း မရှိခြင်းဖြစ်သည်။ အရောင်က လိုက်ဖက်မှုမရှိသော်လည်း ချက်ပြုတ်ထားခြင်း မရှိသော အရွက်များဖြင့် အလှဆင်ထားသည်။
"မင်းတခြားနေရာသွားရင် ဘယ်လိုဟင်းချက်စားမှာလဲ"
ယွမ်ကျိုးက အဓိကအချက်ကို မေးမြန်းလိုက်သည်။
"ဪ ဟုတ်သားပဲ၊ ငါ မေ့နေတာ"
ဝူဟိုင်းက အစပိုင်းတွင် စက္ကန့်ပိုင်းခန့်ကြာအောင် တုံ့ဆိုင်းနေပြီးမှ စား၍ရသော ဟင်းပွဲတင်ဆက်မှုကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက ပန်းကန်ပြားကို သယ်ဆောင်ပြီး သူ့အနုပညာခန်းမသို့ ပြန်သွားသည်။ ဝူဟိုင်းထွက်သွားမှ ယွမ်ကျိုးက သက်ပြင်းချလိုက်ပြီး တီးတိုးရေရွတ်သည်။
"ဒီကောင်က ဟင်းသီးဟင်းရွက်တွေကို ယုန်တွေလိုပဲ အစိမ်းစားတော့မယ့်ပုံပဲ"
ထိုစကားကိုပြောလိုက်စဉ် စနစ်က တုံ့ပြန်သံပေါ်လာသည်။
စနစ်က ဖော်ပြသည်။
[အဓိက မစ်ရှင်ကို ထုတ်ပြန်ပေးလိုက်ပါပြီ]
အပိုင်း(၂၀၉)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၁၀)
"နေပါဦး။ အဓိကမစ်ရှင်ကို ထုတ်ပြန်လိုက်တယ်လို့ ပြောလိုက်တာလား။ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်တာ ပြီးမြောက်သွားတယ်ဆိုတဲ့ သဘောလား"
ယွမ်ကျိုးက စနစ်ကို
နှောင့်ယှက်ကာ ချက်ချင်း မေးမြန်းသည်။
စနစ်က ဖော်ပြသည်။
[ဟုတ်ပါတယ်]
အဆင့်သတ်မှတ်ချက် တိုးမြှင့်လာခြင်းက အကျိုးအမြတ်များ သိသာထင်ရှားသည့် သဘောဖြစ်သည်။
သာဓကဆိုသော် အကျိုးအမြတ်ငွေ များစွာ ရရှိသကဲ့သို့ ရွေးချယ်စရာ ဟင်းပွဲများစွာလည်း ပေါများလာလိမ့်မည်။
စနစ်ကဖော်ပြသည်။
"အဓိကမစ်ရှင်ကို ထုတ်ပြန်လိုက်ပါပြီ"
[အဓိကမစ်ရှင်] - မြို့တွင်းအစားအသောက်မြေပုံကို ဆက်သွယ်ပေးပါ။
[မစ်ရှင်အညွှန်း] - တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအားလုံးရဲ့ အစာအိမ်တွေကို သိမ်းပိုက်ချင်တယ်ဆိုရင် မင်းရဲ့အနီးအနားမှာရှိတဲ့ ရိုးရိုးလမ်းလေးက စားသောက်တဲ့လူတွေရဲ့ အစာအိမ်ကို သိမ်းပိုက်နိုင်အောင် ကြိုးစားသင့်တယ်
လူငယ်လေး၊ ဒီလမ်းမှာရှိတဲ့ အစားအသောက် ရောင်းချတဲ့ ဆိုင်တွေ အားလုံးကို အနိုင်ရအောင်ကြိုးစားပါ
စားဖိုမှူးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ဘဲနဲ့ ကြိုးစားရမယ်၊ ဒါ့ကြောင့် မင်းရဲ့ဆိုင်ကို ကိုယ်တိုင် ကြော်ငြာခွင့် မပြုပါဘူး]
[မစ်ရှင်ဆုလာဘ် - အစုံလိုက် အစားအသောက်များကို ကြိုဆိုခြင်း]
[ဆုလာဘ်အညွှန်း - ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ရဲ့ စားသောက်ဆိုင်အနေနဲ့ ဖောက်သည်တွေကို ဖျော်ဖြေဖို့အတွက် တစ်စုံတစ်ရာ ရှိနေသင့်တယ်မို့လား]
ကိုယ်တိုင်ကြော်ငြာခွင့်မပြုသည့် စည်းမျဉ်းနှင့် ပတ်သက်ပြီး ယွမ်ကျိုးက သိနှင့်နေပြီးသားဖြစ်သည်။
သူ သံသယဝင်နေသည့် အချက်က တခြားသော အချက်ဖြစ်သည်။
"ဒီမစ်ရှင်ကို နားမလည်ဘူး၊ အစားအသောက် မြေပုံကို ဆက်သွယ်ဖို့အတွက် ဘာလုပ်သင့်လဲ"
ယွမ်ကျိုးက သံသယဝင်သော လေသံဖြင့် မေးမြန်းသည်။ ထိုစဉ် ယွမ်ကျိုးက သူသိထားသော အချက်အလက်များကို ပြန်လည်တွေးတောကြည့်သည်။ သို့သော်လည်း ရလဒ်က ထူးခြားမှု မရှိချေ။
စနစ်ကဖော်ပြသည်။
"ဆိုင်ရှင် ကိုယ့်ဘာသာကိုယ် စစ်ဆေးကြည့်နိုင်ပါတယ်"
"အခုလည်း ဘာမှမပြောပြန်ဘူး၊ ဒီကြောက်ခမန်းလိလိ ဆုလာဘ်ကကော ဘာလဲ"
ယွမ်ကျိုးကဲ့သို့ ဝါရင့်သမားက မစ်ရှင်၏ နှုန်းအတိုင်း သွားသော်လည်း ဆုလာဘ်ကို အတိအကျ သိထားရန် လိုအပ်သည်။
စနစ်ကဖော်ပြသည်။
"ဒါက ဖောက်သည်တွေကို ဖျော်ဖြေဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေပါ၊ အချိန်တန်လာရင် စနစ်က အလိုအလျောက် ထုတ်ပြန်ပေးပါလိမ့်မယ်"
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဟန်ဆောင်နေပြန်ပြီ"
ယွမ်ကျိုးက စနစ်၏ စည်းကမ်းတင်းကြပ်သော အပြုအမူနှင့် ပတ်သက်ပြီး လက်လန်နေသည်။ သို့သော်လည်း တစ်စုံတစ်ရာကို သူက ရုတ်တရက် တွေးမိသွားသည်။
"စနစ် ငါ့မှာပိတ်ထားခံရတဲ့ ထိုင်ခုံနှစ်ခုံ ရှိနေသေးတယ်"
စနစ်ကဖော်ပြသည်။
"ယခုအချိန်မှာ ဒါတွေကို သော့ဖွင့်ဖို့အတွက် ပိုင်ရှင်အနေနဲ့ အရည်အချင်း မပြည့်မီသေးပါဘူး"
"ဒါတွေကို သော့ဖွင့်ဖို့အတွက်ဆိုရင် အဆင့် ဘယ်လောက်ထိ ရောက်ရမှာလဲ"
သူ၏စားသောက်ဆိုင်ထဲ ထိုင်ခုံ ၁၀ ခုံတည်း ရှိခြင်းကို မြင်ယောင်မိသောအခါ ယွမ်ကျိုးက စိတ်မကောင်း ဖြစ်မိသည်။
စနစ်ကဖော်ပြသည်။
"ဆိုင်ရှင်အနေနဲ့ အဆင့်မြှင့်တင်ဖို့အတွက် အလုပ်ကြိုးစားရပါမယ်"
"ဒီလိုဆိုရင်ကော အဆင်ပြေပါ့မလား၊ ငါ့ဘာသာငါ စားပွဲခုံနဲ့ ထိုင်ခုံတွေ ဝယ်လိုက်ရင်ကော အဆင်ပြေသွားမလား"
ယွမ်ကျိုးက နဖူးကို ပွတ်သပ်ရင်း ရိုးသားစွာ အကြံပြုသည်။
စနစ်ကဖော်ပြသည်။
"ဆိုင်ရှင်အနေနဲ့ ကိုယ့်ဘာသာကိုယ် ခုံတွေ ဖြည့်စွက်ပိုင်ခွင့် မရှိသေးပါဘူး၊ ယာယီမရှိသေးတဲ့ သဘောပါ"
"ကောင်းပြီ၊ ဒါဆိုရင် အခုပေးတဲ့ မစ်ရှင်နဲ့ ပတ်သက်ပြီးတော့ အချိန်ကန့်သတ်ချက် ရှိလား"
ယွမ်ကျိုးက မိုးပြာရောင်ကျောက်တုံးကောင်တာပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေသည်။ သူ၏ သွင်ပြင်ကို လုံးဝဂရုမစိုက်သော အပြုအမူကို ပြုမူနေခြင်းဖြစ်သည်။
စနစ်ကဖော်ပြသည်။
"မရှိပါဘူး"
"အခြားတောင်းဆိုထားတွေ မရှိဘူးဆိုရင် ဒီမစ်ရှင်က ခက်ခဲပုံမရဘူး"
ယွမ်ကျိုးက တွေးတွေးဆဆပြောသည်။ သို့သော်ငြားလည်း စနစ်က ယွမ်ကျိုးကို ပြန်လည်တုံ့ပြန်မှု မရှိခဲ့ပေ။
"သူဌေးယွမ်ရှိလား"
စားသောက်ဆိုင်၏ အပြင်ဘက်မှ တက်ကြွသော အမျိုးသမီးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ ရှိပါတယ်၊ ဝင်လာခဲ့လို့ရပါတယ်"
ယွမ်ကျိုးက ချက်ချင်း ကျောကိုဆန့်လိုက်ပြီး သူ၏ အမူအရာကို ထိန်းညှိလိုက်သည်။ မျက်လုံးများက လင်းလက်တောက်ပနေပြီး ပုံမှန် မော်ကြွားသော အမူအရာ ပေါ်ပေါက်လာသည်။
"ဆိုင်မှာရှိနေလို့ တော်သေးတာပေါ့၊ သတင်းကောင်း ပြောစရာ ရှိလို့ပါ သူဌေးယွမ်၊ သူဌေးယွမ် နားထောင်ဖို့ စိတ်ဝင်စားလား"
ဒါရိုက်တာဝမ်က စည်ပင်ခွန်များကို လိုက်လံစုဆောင်းသူဖြစ်သည်။ သူက ကြင်နာဖော်ရွေသော အမူအရာဖြင့် ဆိုင်သို့ရောက်ရှိလာသည်။
"ကျွန်တော့်ကို ပြောစရာရှိတာပြောပါ"
ယွမ်ကျိုးက စနစ်၏ မစ်ရှင်အကြောင်းကို စိတ်ထဲတွေးမိ၍ မျှော်လင့်တကြီး မေးမြန်းလိုက်သည်။
"ချန်ဒူ အစားအသောက်မြေပုံမှာ ဒီနေ့ ပြုပြင်မှုတွေ လုပ်ဆောင်ထားတယ်၊ ရပ်ကွက်တိုင်းကနေ ရွေးချယ်ခံတွေကို အဆိုပြုလို့ရတယ်ဆိုပြီး သတ်မှတ်ပေးထားတယ်"
ဒါရိုက်တာဝမ်က ပြုံးကာပြောသည်။
"ဒါဆိုရင် ခင်ဗျားက ကျွန်တော့ဆိုင်ကို ထောက်ခံချက်ပေးခဲ့တာလား"
ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် မေးမြန်းလိုက်သည်။
"ကျွန်မတစ်ယောက်တည်း ထောက်ခံချက်ပေးတာ မဟုတ်ပါဘူး၊ ဒီလမ်းထဲမှာ ရောင်းချတဲ့ တခြားဆိုင်တွေရော၊ စားသုံးသူတွေ အများကြီးကပါ ထောက်ခံချက်ပေးထားတာပါ"
"ဒါပေမယ့် ဒီထောက်ခံချက်ကို သုံးရက်တိတိ မဲပေးဖို့အတွက် ပြင်ဆင်ထားပါတယ်၊ ဒီအစီအစဉ်ထဲမှာ ဝင်ရောက်ဖို့ စိတ်ဝင်စားသလား"
ဒါရိုက်တာဝမ်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူမရောက်လာရသည့်အကြောင်းနှင့် ပတ်သက်ပြီး အသေးစိတ်ပြောကြားသည်။
"ဒါပေါ့ ကျွန်တော် စိတ်ဝင်စားပါတယ်၊ အခုလို အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါရိုက်တာဝမ်"
မစ်ရှင်ချက်ချင်း မပြီးမြောက်သွား၍ ယွမ်ကျိုး အနည်းငယ် စိတ်ပျက်မိသည်။ သို့သော်လည်း မဲခွဲသတ်မှတ်ခြင်းက သူ့ကို အနိုင်ရရှိစေမှန်း သိသည်။ ထို့ကြောင့် ဤအချက်က သူ့ကို လက်သင့်ခံနိုင်ဖွယ် အခြေအနေရှိသည်။
"အားနာဖို့ မလိုပါဘူး၊ သူဌေးယွမ်ရဲ့ စီးပွားရေးက နေ့တိုင်းနေ့တိုင်း တိုးတက်ကြီးပွားလာတယ်၊ ဒါကြောင့်မို့လို့ ကျွန်မက ရွေးချယ်ရတာပါ၊ ဒါက ကျွန်မတို့လမ်းကို ဂုဏ်ဆောင်သလိုလည်း ဖြစ်တယ်လေ"
ဒါရိုက်တာဝမ်က ပြုံးလိုက်ပြီး အခါအားလျော်စွာ ယွမ်ကျိုးကို ချီးမွမ်းစကား ပြောသည်။
တကယ်တမ်း ယွမ်ကျိုး၏စားသောက်ဆိုင် ဖွင့်ပြီးတည်းက ထောင်ရှီးလမ်းကို လာရောက်သူ များပြားလာသကဲ့သို့ ထောင်ရှီးလမ်းရှိ စားသောက်ဆိုင်များတွင် လာရောက်အားပေးသည့် ဖောက်သည်များလည်း ပို၍ များပြားလာသည်။
ဤသည်ကား လမ်း၏ဝင်ငွေကို သင့်တင့်မျှတစေသည့် သဘောလည်းရှိသည်။ ထို့ကြောင့် ဒါရိုက်တာဝမ်က ငယ်ရွယ်ပြီး ထူးချွန်သည့် ယွမ်ကျိုးကို အထင်ကြီးလေးစားကာ ချီးမွမ်းစကားပြောဆိုခြင်းဖြစ်သည်။
"အင်း ဒါဆိုရင်တော့ ဒီထက်မက ပိုပြီးတော့ အလုပ်ကြိုးစားပေးရမှာပေါ့"
ယွမ်ကျိုးက လေးနက်စွာ အာမခံသည်။
"ဒီလောက်ကြီး လေးလေးနက်နက် ပြောစရာ မလိုပါဘူး၊ ဒါဆိုရင် သူဌေးယွမ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စာရင်းသွင်းပေးလို့ ရမလား"
ဒါရိုက်တာဝမ်က ဇယားကွက်ကို ထုတ်လိုက်ပြီး ယွမ်ကျိုးကို လှမ်းပေးသည်။
"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော့်ဘာသာ ဖြည့်ရမလား၊ ဒါရိုက်တာဝမ် ရေးပေးမလား"
ယွမ်ကျိုးက ဇယားကွက်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။
"ကျွန်မဖြည့်လိုက်မယ်၊ ဒါမှပဲ လက်ရေးတူတူဖြစ်မှာလေ၊ လက်ရေးတူတူဖြစ်ရင် မှတ်တမ်းတင်ရလည်း ပိုပြီးတော့လွယ်ကူတယ်၊ ဒါဆိုရင် အရင်ဆုံး သူဌေးယွမ် စားသောက်ဆိုင်ရဲ့ နာမည်ကို ပြောပေးပါ"
ဒါရိုက်တာဝမ်က ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ယွမ်ကျိုးပြောမည့် အကြောင်းအရာကို နားစွင့်နေသည်။
"ဆိုင်နာမည်က ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်ပါ"
ယွမ်ကျိုးက နာမည်ကိုပြောပြီးနောက် ဒါရိုက်တာဝမ်က ချက်ချင်းရေးသားသည်။
"ကောင်းပြီ၊ ဒါဆိုရင် နောက်ထပ်ဆိုင်တစ်ဆိုင်ကို သွားတော့မယ်"
မှတ်တမ်းတင်ရေးသားမှု ပြီးဆုံးသွားသောအခါ သူမက ဘောပင်ကို အောက်ချလိုက်ပြီး ပြုံးရွှင်သော အမူအရာဖြင့် ထွက်ခွာသွားသည်။
"ဒါက မစ်ရှင်ရဲ့ လှည့်ကွက် ဖြစ်လောက်တယ်၊ ရိုးရှင်းတဲ့ မစ်ရှင်လေးပဲ"
ယွမ်ကျိုးက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်ပြီး သိသာထင်ရှားစွာ ပြုံးလိုက်သည်။ သို့သော်ငြားလည်း သူ အလုပ်ကြိုးစားရန် လိုအပ်သေးသည်။
ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုးက ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းဆက်ရန် ပြင်ဆင်သည်။ ကြော်ငြာစာရွက်များကို ပရင့်ထုတ်မည့် ရည်ရွယ်ချက်ဖြစ်သည်။
သူကိုယ်တိုင် စားသောက်ဆိုင်ကို ကြော်ငြာမှု မပြုလုပ်သော်လည်း သူ့ဖောက်သည်များကို လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး အသိပေးရမည် ဖြစ်သည်။
ဖုန်းခေါ်ဆိုပြီးနောက် ယွမ်ကျိုးက ဂုဏ်ယူဝင့်ကြွားစွာ တွေးတောနေမိသည်။ ယွမ်ကျိုးက သူ့မစ်ရှင် ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့် အလုပ်ရှုပ်နေစဉ် ဖန်းဟွမ်ကလည်း ယွမ်ကျိုး စားသောက်ဆိုင်တွင် ရောင်းချသော ဝါးအရက်ကို မြည်းစမ်းရန်အတွက် သေချာပြင်ဆင်နေသည်။
ဝါးအရက်နှင့် နှိုင်းယှဉ်သောက်ရန်အတွက် သူ့စားသောက်ဆိုင်တွင် ရောင်းချသည့် ၁၀နှစ် သက်တမ်းရှိသည့် အရက်ကို ယူဆောင်သွားရန် ဆုံးဖြတ်ထားသည်။
၁၀နှစ်သက်တမ်းရှိသည့် အရက်ကို ၁၅၀ မီလီ လီတာရှိသည့် အိုးထဲသို့ အပြည့်ဖြည့်ကာ ယူဆောင်သွားမည်ဟု ဆုံးဖြတ်ထားသည်။ အရက်နှင့် တွဲဖက်စားသုံးရန် အမြည်းများကိုလည်း ယူဆောင်သွားရန် လိုအပ်သည်။
"ငါ့အတွက် အမဲသား အစပ်ကြော်ရယ်၊ မြေပဲရှာလကာရည်ရယ်၊ ရေညှိလွှာတွေကို ထည့်ပေး"
ဖန်းဟွမ်က သူ၏ ဝန်ထမ်းကို ညွှန်ကြားနေသည်။ ယခုအချိန်ထိ ဖန်းမိသားစု၏ စီးပွားရေးက အတော်အတန် ကောင်းမွန်နေသေးသည်။ တချို့သော အရက် ဝါသနာရှင်များ ဆိုင်သို့ မလာသည်မှလွဲ၍ ဆိုင်သို့ လာရောက်အားပေးသည့် ဖောက်သည်များစွာ ရှိနေသေးသည်။
"သူဌေး၊ ဒါတွေအားလုံးကို ယူသွားမလို့လား၊ ဒါတွေအားလုံးက လူနှစ်ယောက်စာအတွက် လုံလောက်တယ်နော်"
ဝန်ထမ်းက မှာယူထားသည့် ပစ္စည်းများကို သယ်ဆောင်သွားရန် ထုတ်ပိုးပြီး သူဌေးဖန်းကို ပေးသည်။
"အင်း ဒီလောက်ဆို လုံလောက်ပြီ၊ အဆင်ပြေတယ်"
ဖန်းဟွမ်က သူသယ်ဆောင်သွားမည့် ပစ္စည်းများကို အိတ်ထဲသို့ထည့်ပြီး ခေါင်းညိတ်သည်။ ထို့နောက် သယ်ယူမည့် ပစ္စည်းများကို ယူဆောင်ကာ အပြင်ဘက်သို့ လမ်းလျှောက်လာသည်။
ဖန်းမိသားစု အရက်ဆိုင်နှင့် ယွမ်ကျိုး၏ အရက်ဆိုင်က သိပ်မဝေးကွာလှချေ။ ဖန်းဟွမ်က ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ကားမောင်းသွားမည့်အစား taxi ငှားသွားရန် ဆုံးဖြတ်ခဲ့သည်။
လမ်းပိတ်သည့် အမှန်တရားကို မည်သူမှ ရှောင်ရှား၍ မရချေ။ လမ်းဆုံသို့ taxi ဖြင့် ရောက်ရှိရန် မိနစ် ၂၀ ခန့်ပင် မကြာပေ။
သူက ကျသင့်ငွေကို ပေးဆောင်ပြီးနောက် taxi ပေါ်မှ ဆင်းလာသောအခါ ည ၈နာရီ ၄၅ မိနစ် အချိန်သာ ရှိသေးသည်။
"အချိန်ကိုက်ပဲ"
ဖန်းဟွမ်က ကျေနပ်ဟန် ခေါင်းညိတ်လိုက်သည်။ လက်တစ်ဖက်က ဟင်းပွဲများကို သယ်ဆောင်ပြီး ကျန်လက်တစ်ဖက်က အရက်အိုးကို သယ်ဆောင်ကာ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ခြေလှမ်းခပ်ကျဲကျဲ လှမ်းလာသည်။
လမ်းတစ်လျှောက်တွင် သူက သူ့အရက်ဆိုင်၏ ပုံမှန်ဖောက်သည်တချို့နှင့် ပက်ပင်းတိုးသည်။ သူတို့အားလုံးကလည်း ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ သွားနေပုံပေါ်သည်။
"သူဌေးဖန်း၊ ဒီအချိန်ကြီး ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ"
သူ့ပုံမှန်ဖောက်သည်ဖြစ်သည့် ချန်းဝေတို့ အဖွဲ့က သူဌေးဖန်းကို နှုတ်ဆက်စကား ပြောကြားသည်။
"ငါလည်း အရက်ကောင်းလေးတွေကို မြည်းစမ်းဖို့ ရောက်လာတာပေါ့၊ ဒါမှလည်း ငါ့ရဲ့စီးပွားရေး တိုးတက်မှာလေ"
ဖန်းဟွမ်က ပွင့်လင်းစွာပြောသည်။ သူ၏ မျက်နှာပေါ်တွင် ရိုးသားသော အမူအရာနှင့် ပွင့်လင်းသော အမူအရာရှိသည်။
"သူဌေးဖန်းက စိတ်သဘောထား မြင့်မြတ်လိုက်တာ၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူဌေးယွမ်ရဲ့ အရက်က တကယ့်ကို ကောင်းမွန်တယ်၊ စကားလုံးနဲ့ ဖော်ပြလို့တောင် မရဘူး"
ချန်းဝေက ရယ်ကာ မောကာဖြင့် ပြောဆိုသည်။ သူက
ဖန်းဟွမ်၏ မျက်နှာကိုပင် မထောက်ထားပဲ ပြောဆိုခြင်းဖြစ်သည်။
"သင်ယူတာက အသက်ကြီးတယ်၊ ငယ်တယ်ဆိုတာ မရှိဘူးလေ"
ဖန်းဟွမ်က ပြုံးကာပြန်ဖြေသည်။
"ဒါဆိုရင်လည်း ခဏနေလည်း အရက်တူတူ သောက်ကြတာပေါ့၊ ဒါပေမဲ့ ငါ့ရဲ့အရက်ကိုတော့ မပေးသောက်နိုင်ဘူးနော်"
ချန်းဝေနှင့် ဖန်းဟွမ်သည် မကြာခဏ အရက်အတူတူ သောက်လေ့ရှိသောကြောင့် သူက ဖန်းဟွမ်ကို နောက်ပြောင်ခြင်းဖြစ်သည်။
"မစိုးရိမ်ပါနဲ့၊ ယူမသောက်ပါဘူး၊ ငါက အရက်ကို အရမ်းကြီး စွဲစွဲလမ်းလမ်း ကြိုက်တဲ့သူလည်း မဟုတ်ဘူး၊ အရက်ကို မြည်းစမ်းရုံ သက်သက်နဲ့ ဆိုင်ကို ရောက်လာတာပါ"
ဖန်းဟွမ်က ခပ်တန်းတန်း အမူအရာဖြင့် ပြန်ပြောသည်။
"ဒါဆိုလည်း ကောင်းတာပေါ့"
ချန်းဝေနှင့် ဖန်းဟွမ်တို့သည် လမ်းတစ်လျှောက်လုံး ကျီစယ်ပြောဆိုရင်း လမ်းလျှောက်လာကြသည်။ ခဏကြာပြီးနောက် သူတို့က ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
အပိုင်း (၂၁၀)
ပြီးပါပြီ။