အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
ယွမ်ကျိုး အပိုင်း(၂၁၁)
"ကဲ လာကြ လာကြ။ အားလုံးအထဲကိုဝင်ကြ"
ထိုစကားကိုပြောလိုက်စဉ်
ချန်းဝေက ဖန်ဟမ်တို့နှင့်အတူတူ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
"ဒါပေါ့။ သွားကြတာပေါ့"
ဖန်ဟမ်ကလည်း လွယ်လင့်တကူ သဘောတူလိုက်သည်။ ထို့ကြောင့် သူတို့သုံးဦးသားသည် စားသောက်ဆိုင်ထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
"ချန်းဝေ၊ ရှင့်ရဲ့ညီအစ်ကိုတွေနဲ့ ဆိုင်ကို ထပ်ရောက်လာပြန်ပြီလား"
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် လူတိုင်း၏ အရက်ကို အနိုင်ရရှိခဲ့သည့် ကျန်းရှန်နှင့် ထိပ်တိုက်တိုးသည်။
"မင်းနဲ့ထပ်တွေ့ရပြန်ပြီ"
ချန်ဝေက သူမကိုကြည့်ပြီး သွားကိုက်သလို ခံစားလာရသည်။
"ငါ ကံကောင်းလို့ နင်တို့နဲ့ပြန်တွေ့ရတာပေါ့"
ကျန်းရှန်က ဒေါသမထွက်ပေ။ သူမက ချန်းဝေကို အကဲခတ်ကာ ပြုံးနေသည်။
"ဒီနေ့တော့ ဂိမ်းမကစားချင်ဘူးနော်"
ချန်းဝေက သတိထားဟန်အမူအရာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်ပြီးနောက် လေးနက်စွာပြောသည်။
"ရတယ်လေ။ အဆင်ပြေပါတယ်။ ကျွန်မကလည်း ကစားဖို့ မမျှော်လင့်ထားပါဘူး"
ကျန်းရှန်က လက်ခံလိုက်ပြီးနောက် ပြန်ပြောသည်။
"ဟယ်လို၊ အားလုံးပဲ အရက်ဆိုင်ကို အခုကစပြီးတော့ ဖွင့်ပါပြီ။ ဒီလမ်းအတိုင်း ကြွခဲ့ပေးပါ"
ယွမ်ကျိုးက သူတို့၏ စကားဝိုင်းကို အချိန်ကိုက် နှောင့်ယှက်လိုက်ပြီး ကသိကအောက်ဖြစ်စေသော ပတ်ဝန်းကျင်ကို ဖယ်ရှားပေးသည်။
ယွမ်ကျိုးက ပုစွန်များဖြင့် အလှဆင်ထားသော နံရံကို တွန်းလိုက်ပြီး ကွေးနေသောတံခါးကလေးကို ဖော်ပြလိုက်သည်။ တံခါးအတွင်းတွင် အရက်ဆိုင်၏ သေးငယ်သော ဥယျာဉ်ကလေး ရှိနေသည်။
၎င်းဥယျာဉ်အတွင်းမှာ လေညှင်းလေး တိုက်ခတ်နေသည်။ သာယာဖွယ်ကောင်းသော အခြေအနေဖြစ်သည်။
"တံခါးတောင် အရမ်းကို ထူးခြားတာပဲ"
ကျန်းရှန်က သိမ်မွေ့စွာပြောသည်။
"ဟုတ်တယ်။ အမှန်ပဲ ငါ့လို အရွယ်ရောက်တဲ့အမျိုးသားကြီးကတောင် ဒီဟာကို လှပတယ်လို့ ခံစားမိတယ်"
ချန်းဝေက သဘောတူညီဟန် ခေါင်းညိတ်သည်။
"ဒါပေမယ့် တံခါးက နည်းနည်း သေးတယ်"
အရပ်ရှည်ရှည်၊ သန်သန်မာမာအမျိုးသားသုန်သုန်က ခါးကိုင်းပြီး ငြီးတွားပြောဆိုကာ တံခါးကို ဖြတ်ဝင်သွားသည်။
"ဖန်တီးမှုကောင်းတယ်။ သဘာဝဆန်တယ်"
ဖန်ဟမ်က ဤဆိုင်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် အနည်းငယ် အံ့အားသင့်နေသည်။ ပတ်ဝန်းကျင်ကလည်း အရေးပါသကဲ့သို့ အရက်၏ အရည်အသွေးကလည်း အရေးပါသည်။
ထို့ကြောင့် သူက အရက်၏အရသာကို မြည်းစမ်းကြည့်ရန် ပို၍ဆန္ဒစောလာသည်။ တံခါးပေါက်ကို ဖြတ်သွားသောအခါ လေညှင်းလေးက သေးငယ်သောဥယျာဉ်မှ ပျံ့လွင့်လာသည်။
အလှပြထားသော မုန်လာဥပန်းပုရုပ်နှစ်ခုကလည်း ခြံဝင်းထဲတွင် သိသာထင်ရှားနေသည်။ လရောင်အောက်တွင် နန်းတော်အပျိုစင် မိန်းကလေး၏အလှက ပို၍ပေါ်လွင်သည့်အပြင် လှပသောဖီးနစ်သစ်ပင်ကြီးကလည်း သိသာထင်ရှားလွန်းသည်။
"ဒါက သူဌေးယွမ်ရဲ့ ဖန်တီးမှုအသစ်ပဲဖြစ်ရမယ်။ တကယ့်ကို ထူးခြားပြီး သက်ဝင်လှုပ်ရှားမှု ရှိတယ်"
ကျန်းရှန်က မုန်လာဥပန်းပုရုပ်ထုကို အသေးစိတ် အကဲခတ်ကြည့်နေသည်။
"အခုလို ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက လေးနက်သောအမူအရာဖြင့် သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"သူဌေးယွမ်၊ ဒါတွေကို ရောင်းဖို့အစီအစဉ်ရှိလား"
ကျန်းရှန်က လှပသော အရာဝတ္ထုများကို အလွန်အမင်း နှစ်သက်သည်။
"မရပါဘူး၊ ဒီလမ်းအတိုင်း ကြွပေးပါ။ ဒုတိယထပ်ကို ရောက်ပါလိမ့်မယ်"
ယွမ်ကျိုးက ခေါင်းခါလိုက်ပြီး အလှဆင်ထားသောအရက်ဆိုင်၏ မြေညီထပ်ကို ညွှန်ပြသည်။
"နှမြောစရာကောင်းလိုက်တာ"
ကျန်းရှန်က ယွမ်ကျိုး၏ အဖြေကို လက်ခံရန် အင်တင်တင်ဖြစ်နေသည်။ သို့သော်လည်း ယွမ်ကျိုးက ရောင်းမည့်အစီအစဉ် မရှိမှန်း သဘောပေါက်သွားသောအခါ သူမက အတွေးကို စွန့်လွှတ်လိုက်သည်။
"စားလို့မရတဲ့ ဒီမုန်လာဥကြီးကို ဝယ်ပြီးတော့ ဘာလုပ်မှာလဲ။ ဝယ်ဖို့တန်တယ်လို့ ထင်လို့လား"
ချန်းဝေက ကျန်းရှန်မျက်နှာပေါ်က နှမြောနေသော အမူအရာကို မြင်တွေ့သောအခါ မနေနိုင်၊ မထိုင်နိုင် ငြီးတွားပြောဆိုသည်။
"လူသားတွေက အလှအပကို ခံစားခွင့်ရှိတယ်။ ဒါပေမယ့် မျောက်ကလေးက ပန်းရိုင်းလေးကို ခူးပြီး မျိုချလိုက်တဲ့ စိတ်ဝင်စားဖွယ်မြင်ကွင်းကိုလည်း ကျွန်မ မြင်ခဲ့ဖူးတယ်"
ကျန်းရှန်က ချန်းဝေကို တစ်ချက်ကြည့်လိုက်ပြီး သက်ဆိုင်မှုလုံးဝမရှိသည့် အကြောင်းအရာကို ပြောဆိုသည်။
"ဇင်ယော်ငှက်ကလေးတွေ ငါးကို ဖမ်းစားတာလည်း မြင်ဖူးပါတယ်။ ဒါကိုလည်း ခင်ဗျားက ထည့်တွက်မလို့လား"
ချန်းဝေက ဘာမှမပြောသောအခါ သုန်သုန်က ချန်းဝေကိုယ်စား ထေ့ငေါ့သောစကားများကို ပြောဆိုသည်။
"ရူးနေလား။ ကျန်းရှန်ပြောတဲ့စကားကို မင်းက နားမလည်တာပဲ"
ချန်းဝေက သုန်သုန်ကို အပေါ်ထပ်သို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ကျန်းရှန်က ပြုံးနေပြီး ဘာဆိုဘာမှ ဆက်မပြောခဲ့ပေ။
များစွာသောလူများသည် ဒုတိယထပ်သို့ အေးအေးဆေးဆေး ရောက်ရှိသွားကြပြီး ထိုင်ခုံမှာထိုင်ကာ ယွမ်ကျိုး အရက်ပုလင်း ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
"သူဌေးယွမ်၊ ဒီနေရာက တကယ့်ကို ခမ်းနားတာပဲ။ ဒီဝါးတောကြီးမှာ ဝါးအရက်ကို သောက်ရတာ တကယ့်ကို အံ့မခန်းပဲ"
ဖန်ဟမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ပြုံးကာပြောသည်။
"ကျေးဇူးတင်ပါတယ်။ ဒါက ခင်ဗျားရဲ့အရက်ပါ"
ယွမ်ကျိုးက အရက်ပုလင်းနှင့် ခွက်ကို သူ့ထံသယ်ဆောင်လာပေးသည်။
"ရပါတယ်။ လတ်ဆတ်ပြီးတော့ မွှေးရနံသင်းနေတာပဲ"
အနံ့ကို ရှူကြည့်ရုံဖြင့် ဖန်ဟမ်က အရက်ကောင်းမှန်း သိနေ၍ ချက်ချင်း ချီးမွမ်းစကားပြောသည်။
ထို့နောက် သူက အရက်ပုလင်းကို ဖွင့်လိုက်ပြီး ခွက်ထဲသို့ စိတ်မရှည်ဟန်ဖြင့် လောင်းချလိုက်သည်။
"အရောင်က ပယင်းရောင်ပေါက်ပြီးတော့ ဒီအရက်က ထိုးဖောက်မြင်နိုင်ပြီး မွှေးကြိုင်တဲ့ ရနံ့လည်းရှိတယ်။ ခွက်ထဲကို ဖြည့်လိုက်တာတောင် လျှံမကျလာဘူး။ အရက်ကောင်းဆိုတာ သံသယဝင်စရာတောင် မလိုအပ်ဘူး။ အရက်ကောင်းပဲ"
ဖန်ဟမ်က မနေနိုင်၊ မထိုင်နိုင် ချီးမွမ်းစကားပြောလိုက်သည်။ ခွက်ကို ကိုင်ဆောင်ပြီးအရက်ကို တစ်ငုံသောက်လိုက်သည်။ သူ့ပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားပြီး မွှေးရနံ့များ မထွက်သွားအောင် တားဆီးထားခြင်းလည်းဖြစ်သည်။
ဝါးအရက်က လည်ပင်းထဲ ဝင်ရောက်သွားပြီး မွှေးရနံ့က သူ့လည်ပင်းထဲ အရင်ဆုံး စီးဆင်းသွားကာ အစာအိမ်ထဲကို ရောက်ရှိသွားသည်။ အရက်၏အရသာက ထွက်ပေါ်လာသည်။ ပူစပ်စပ်၊ ပြင်းရှရှ အရသာနှင့် လတ်ဆတ်သောခံစားမှုကို တစ်ပြိုက်နက်ထဲ ခံစားမိသည်။
လည်ချောင်းထဲသို့ စီးဆင်းသွားသည့် ချိုမြမြ အရသာက ပုလဲရည်များနှင့် အသွင်တူပြီး ရင်ထဲအေးမြသောခံစားချက်ကို ဖြစ်ပေါ်စေသည်။
အစာအိမ်က အရက်၏ အရသာကို အပြည့်အဝ စုပ်ယူပြီးမှသာ ဖန်ဟမ်က ပါးစပ်ကို ပြန်ဟလိုက်ပြီး အရသာကို စားမြုံ့ပြန်ရင်း စကားပြန်ပြောသည်။
"နှစ်ချို့အရက်ဆိုတာ သံသယဝင်စရာတောင် မလိုဘူး။ အရသာက ချိုမြပြီးတော့ မွှေးနေတာပဲ။ ထင်ထားတဲ့အတိုင်း ဝါးအရက်ကောင်းပဲ"
"သဘောကျရဲ့လား။ အရသာရှိရဲ့လား"
ချန်းဝေက အရက်ခွက်ကို သယ်ဆောင်ရင်း ဝံ့ကြွားစွာပြောသည်။
"တကယ့်ကို အရက်ကောင်းပဲ"
ဖန်ဟမ်က ခေါင်းညိတ်လိုက်ပြီး ယုံကြည်လက်ခံသွားသည်။ သူသယ်ဆောင်လာ
သည့် သူ့ခါးတွင်ချိတ်ဆွဲထားသော ဆယ်နှစ်သက်တမ်းရှိသည့် အရက်က ယခုသောက်နေသော ဝါးအရက်၏ တစ်ဝက်လောက်ကိုပင် ယှဉ်နိုင်စွမ်း မရှိပေ။ သူထုတ်မကြွားမိခြင်းက ကံကောင်းသွားသည်။
"သူဌေးယွမ်က တကယ့်ကိုဖန်တီးမှုကောင်းတယ်"
ခပ်လှမ်းလှမ်းတွင်ထိုင်နေသော ယွမ်ကျိုးကို ကြည့်ပြီး ဖန်ဟမ်က သက်ပြင်းချသည်။
"ဒါပေါ့။ အမှန်ပဲ"
ချန်းဝေက ဝါးအရက်၏ အရသာကို မြည်းစမ်းနေရင်း ဝင်ရောက်ပြောဆိုသည်။
"အရက်ကြီးပဲသောက်နေရတာ ပျင်းစရာကောင်းတယ်။ ဂိမ်းကလေး ဆော့ကြရင် မကောင်းဘူးလား"
ကျန်းရှန်က ဝါးအရက်ကို သယ်ဆောင်လာပြီး ပြုံးကာ စကားပြောသည်။
"ငါ့ကို ထည့်မတွက်နဲ့"
ချန်းဝေက ကျယ်လောင်သောအသံဖြင့် ချက်ချင်း ငြင်းပယ်သည်။
"ငါစမ်းသပ်ကြည့်ချင်တယ်"
ဖန်ဟမ်က စိတ်ဝင်စားသော အမူအရာကို ဖော်ပြသည်။
"ကောင်းပြီ။ ကြိုးစားကြည့်လေ"
ချန်းဝေ၏ တည်ငြိမ်သော မျက်နှာပေါ်တွင် သနားသော အမူအရာပေါ်လာသည်။ ယခင်တစ်ခေါက်က ချန်းဝေသည် ကစားပွဲ ရှုံးနိမ့်ခဲ့သည်။
အဆုံးသတ်တွင် သူ့တွင်
ကျန်ရှိသည့်အရက်အားလုံးကို ကျန်းရှန်သောက်သွားပြီး ဆုံးရှုံးမှုအတွက် အော်ငိုလုနီးပါး ဖြစ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူမဘက်က ဘာပဲပြောပြော သူအရူးလုပ်ခံမည် မဟုတ်ပေ။
သို့သော်လည်း ချန်းဝေက သနားသော ခံစားချက်နှင့် အားရဝမ်းသာသော ခံစားချက်များကို တစ်ပြိုင်နက်တည်း ခံစားရသည်။ သူ့လိုအရူးလုပ်ခံရသည့် လူတစ်ယောက် ထပ်ပေါ်လာ၍ ဖြစ်သည်။
"ဖြစ်နိုင်ပါ့မလား။ မိန်းမချောလေးတစ်ယောက်က ဒီလိုဖိတ်ကြားတာကို ငါကငြင်းပယ်စရာလား"
ဖန်ဟမ်က သူ့ကိုယ်သူ ယောကျ်ားကောင်း ဂုဏ်ပုဒ်ကို ထုတ်ဖော်ရင်း သင့်တင့်လျောက်ပတ်စွာပြောသည်။
"ဒီလူကြီးလူကောင်းက အရမ်းကို ယဉ်ကျေးတာပဲ။
ဒါဆိုရင် ရိုးရှင်းတဲ့ ဂိမ်းကလေးကို ကစားကြမယ်။
ဒီကစားပွဲမှာ ရှုံးနိမ့်တဲ့ ဘယ်သူမဆို သူပိုင်တဲ့အရက်တစ်ဝက်ကို အနိုင်ရသူကို ပေးရမယ်။ အဆင်ပြေလား"
ကျန်းရှန်က အရက်ခွက်ကို ဆုပ်ကိုင်ရင်း ချိုသာစွာပြောသည်။
"ကိစ္စမရှိဘူး။ စည်းမျဉ်းစည်းကမ်းတွေကို မင်းဘက်က ပြောနိုင်တယ်"
ဖန်ဟမ်က ဆက်ပြောဟူသော အမူအရာကို ဖော်ပြသည်။
"အရင်တုန်းကဆိုရင် ဒီဝါးအရက်ကို နှစ်သက်တဲ့ ကျော်ကြားသူတွေက အရက်နဲ့ပတ်သက်ပြီးတော့ ကဗျာတွေ၊ စာတွေဖွဲ့ကြတယ်။
ဒီတစ်ခေါက်လည်း ကဗျာတွေကို ရေရွတ်ကြမယ်။
ပြောလိုက်တဲ့ကဗျာကို
ဆယ်စက္ကန့်အတွင်း ပြန်ပြောပြရမယ်"
ကျန်းရှန်က မျက်လုံးလေးကို ကလယ်ကလယ်လုပ်လိုက်ပြီး အဆိုပြုချက်ကို တင်သွင်းသည်။
"အင်း။ ဒီတစ်ခေါက်လည်း လှည့်ကွက်က အတူတူပဲ"
ချန်းဝေနှင့် သူ့ညီအစ်ကို သုန်သုန်က ဘေးဘက်မှာ ထိုင်နေပြီး တိတ်တဆိတ် အရက်သောက်နေသည်။
"ကောင်းပြီ။ ဒါဆိုရင် ငါအရင် စပြီးတော့ ပြောမယ်။ မင်းက နောက်ကနေ သံယောင်လိုက်"
ဖန်ဟမ်က ကဗျာတစ်ပုဒ်ကို လွယ်လင့်တကူ ရွတ်ဆိုလိုက်သည်။ သူပြောလိုက်သည့် ကဗျာကို ကျန်းရှန်က ထပ်မံရွတ်ဆိုရန် ဆယ်စက္ကန့်ပင် မကြာခဲ့ပေ။
ထို့ကြောင့် ဖန်ဟမ်ပိုင်ဆိုင်
သည့် အရက်ပုလင်း တစ်ဝက်ခန့်ကို ကျန်းရှန် ပိုင်ဆိုင်သွားသည်။ ထိုမှသာ ချန်းဝေက အစပိုင်းကတည်းက တောင်းဆိုမှုကို ငြင်းပယ်ရသည့် အကြောင်းရင်းကို ဖန်ဟမ် နားလည်သွားသည်။
ညဥ့်နက်တွင်ဖွင့်သော ယွမ်ကျိုး၏ အရက်ဆိုင်သည် သာယာနာပျော်ဖွယ်ကောင်းသော အခြေအနေရှိသည်။ ယနေ့ခေတ်တွင် ယွမ်ကျိုး၏ စားသောက်ဆိုင်က အနီးအနား ပတ်ဝန်းကျင်တွင် အတော်အတန် လူသိများ ထင်ရှားသည်။
ဤနေရာတွင် နေထိုင်သူ မဟုတ်သည့်တိုင် ယွမ်ကျိုး၏ စားသောက်ဆိုင်ကို သိကြသည်။ သာဓကဆိုသော် သူတို့အချင်းချင်း ဖုန်းဆက်နေသည့် လက်ရွေးစင်လူငယ်အကြောင်းကို ပြောပြရမည်။
လက်ရွေးစင်လူငယ်က သူ့ရဲ့သူငယ်ချင်းကို ဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။
"ငါထောင်ရှီးလမ်းကိုရောက်နေတယ်။ မင်း အဲ့ဒီလမ်းကို သိလား"
"ယွမ်ကျိုးစားသောက်ဆိုင်ရှိတဲ့လမ်းလေ။ အဲဒီ့စားသောက်ဆိုင်က အရမ်းအရသာရှိတဲ့ ဟင်းပွဲတွေရောင်းတယ်လေ"
ဖုန်း၏အခြားတစ်ဖက်မှလူသည် သူ့ကို ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် အစားအသောက်များ ကျွေးမွေးမည်ဟုထင်သွား၍ အတော်လေး စိတ်လှုပ်ရှား ပျော်ရွှင်သွားသည်။
စိတ်လှုပ်ရှားပျော်ရွှင်နေသောအသံကို ဖုန်း၏ အခြားတစ်ဖက်မှ ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
"ငါ့ကို အဲ့ဒီဆိုင်မှာ ကျွေးမလို့လား။ မစိုးရိမ်နဲ့။ ၁၀ မိနစ်အတွင်း အရောက်လာမယ်"
"အမလေး၊ ဆိုးဝါးလိုက်တဲ့ အကြံအစည်ပဲ။ ငါက မင်းကို အဲ့ဆိုင်မှာ ကျွေးမှာ မဟုတ်ဘူး။ အဲ့ဆိုင်ရဲ့ဘေးဘက်ဆိုင်မှာ ကျွေးမှာ။ မြန်မြန်လာခဲ့"
လက်ရွေးစင်လူငယ်က ချက်ချင်း ငြင်းပယ်လိုက်သည်။ သူပင် မသွားဘူးသည့်ဆိုင်ကို သူ့သူငယ်ချင်းအား ကျွေးမည့် အစီအစဉ် မရှိပေ။
ဖုန်း၏တစ်ဖက်မှ သူသည် သူ၏ရည်ရွယ်ချက်ကို အလွယ်တကူ စွန့်လွှတ်မည့်ပုံမပေါ်ချေ။ သူ၏ပစ်မှတ်ကို အောင်မြင်အောင် ကြိုးစား အားထုတ်ချင်သည်။
သို့သော်လည်း လက်ရွေးစင်လူငယ်က ချက်ချင်း ငြင်းပယ်သည်။ ဤအပြုအမူကို ကြည့်ရုံဖြင့် ယွမ်ကျိုး၏ အတွေးက မှန်ကန်သည်။
စနစ်မှ ပေးအပ်သော မစ်ရှင်ကို အလွယ်တကူ အောင်မြင်နိုင်ချေ ရှိသည်။ သို့သော်လည်း စနစ်က ယခုလို ရိုးရှင်းသောမစ်ရှင်ကို ထုတ်ပြန်ရသနည်း။
အပိုင်း(၂၁၁)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၂၁၂)
နောက်တစ်နေ့မနက်ခင်းမှာ ကြော်ငြာပစ္စည်းများရောင်းချသောဆိုင်က ယွမ်ကျိုးအော်ဒါမှာထားသော လက်ကမ်းစာစောင်ကို ဆိုင်အထိ လာရောက်ပို့ဆောင်ပေးသည်။
“ဟယ်လိုသူဌေး၊ ခင်ဗျား
မှာယူထားတဲ့ လက်ကမ်းစာစောင်တွေရပါပြီ”
ချွန်မြသောဦးထုပ်ကို ဝတ်ဆင်ထားသော စတိုးဆိုင်ဝန်ထမ်းက စာရွက်အထူကြီးကို ထုတ်ပေးသည်။
“အနှောင့်အယှက်ပေးမိတဲ့အတွက် အားနာမိပါတယ်”
ယွမ်ကျိုးက ခေါင်းကို ညိတ်လိုက်ပြီး လက်ကမ်းစာစောင်များကို လက်ခံယူလိုက်သည်။
“ဒါတွေအားလုံးက ခင်ဗျားမှာယူထားတဲ့ လက်ကမ်းစာစောင်တွေပါ။ စုစုပေါင်း ၁၅၀ ယွမ် ကျသင့်ပါတယ်”
ဝန်ထမ်းက လက်ကမ်းစာစောင်များကို ညွှန်ပြပြီးနောက် ပြောသည်။
“ခဏစောင့်ပေးပါ”
လက်ကမ်းစာစောင်များကို သယ်ဆောင်ရင်း ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ပြန်သွားပြီး အံဆွဲထဲမှ ၁၅၀ ယွမ်ကို ထုတ်ကာ ဝန်ထမ်းအားပေးသည်။
“ကျေးဇူးတင်ပါတယ်။ အခုပဲပြန်တော့မယ်။ နှုတ်ဆက်ပါတယ်”
စတိုးဆိုင်၏ ဝန်ထမ်းက ငွေကို လက်ခံယူသည်။ ဆိုင်မှ မထွက်သွားခင် ငွေပမာဏမှန်၊ မမှန် စစ်ဆေးကြည့်ပြီးမှ စားသောက်ဆိုင်မှ ထွက်သွားသည်။
ယွမ်ကျိုးက လက်ကမ်းစာစောင်များကို ကောက်ယူလိုက်ပြီး အသေးစိတ် စစ်ဆေးကြည့်သည်။ လက်ကမ်းစာစောင်များကို ကျော့ရှင်းလှပစွာ ဒီဇိုင်းဖန်တီးထားသည်။ ထို့ကြောင့် ယွမ်ကျိုးက ကျေနပ်ဟန် ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူးပဲ”
နေ့လယ်ခင်းဆိုင်ဖွင့်ချိန် နီးကပ်လာပြီဖြစ်၍ အပြင်ဘက်တွင် စောင့်ဆိုင်းနေသောဖောက်သည်များသည် တစ်ယောက်ပြီးတစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
“သူဌေးယွမ်၊ ထိုးဖောက်မြင်နိုင်တဲ့ အမဲသားလွှာနဲ့ ထမင်းဖြူတစ်ပွဲပေးပါ”
ဆိုင်သို့ ပထမဦးဆုံး ဝင်ရောက်လာသည့်ဖောက်သည်က ချက်ချင်း ဟင်းပွဲကို အော်ဒါတင်သည်။ သူ့နောက်မှ တခြားသောဖောက်သည်များကလည်း သူတို့စားသုံးမည့် ဟင်းပွဲများကို စတင်အော်ဒါတင်သည်။
ယွမ်ကျိုးစားသောက်ဆိုင်၏ ကြီးပွားတိုးတက်ပြီး ရှုပ်ယှက်ခတ်နေသည့်မြင်ကွင်းဖြစ်သည်။
နေ့လယ်ခင်းဆိုင်ဖွင့်ချိန်အတွင်း လူအများစုသည် ဆာလောင်မွတ်သိပ်နေသည့်အတွက်ကြောင့် စားကောင်းသောက်ဖွယ်များကို စားသုံးခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။
ထို့ကြောင့် ယွမ်ကျိုးက လက်ကမ်းစာစောင်များကို သိသာထင်ရှားသောနေရာတွင် တင်ထားသည့်တိုင် သတိပြုမိသူ
မရှိပေ။ ပထမဦးဆုံး လက်ကမ်းစာစောင်များကို သတိပြုမိသူက မုရှောင်ယွမ်ဖြစ်သည်။
“သူဌေး၊ ဒါက ဘာတွေလဲ”
မုရှောင်ယွမ်က လက်ကမ်းစာစောင်တစ်စောင်ကို ယူလိုက်သည်။
“အလုပ်တစ်ခုပါ”
ယွမ်ကျိုးက တိကျစွာပြန်ပြောသည်။
“အစားအသောက်မြေပုံပြိုင်ပွဲလား”
လက်ကမ်းစာစောင်ကိုယူပြီး မုရှောင်ယွမ်က သိသာထင်ရှားသောအကြောင်းအရာကို ဖတ်ရှုလိုက်သည်။
“သူဌေး၊ ပြိုင်ပွဲမှာ ပါဝင်မလို့လား”
မုရှောင်ယွမ်က စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ချန်ထူး၏အစားအသောက်မြေပုံပြိုင်ပွဲသည် နိုင်ငံတစ်လွှား ကျော်ကြားသည်။
ယွမ်ကျိုးက မုရှောင်ယွမ်၏ မေးခွန်းကို ခေါင်းညိတ်ခြင်းမရှိသကဲ့သို့ ဝန်ခံသောအပြုအမူလည်း လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ စနစ်က သူ့ကိုကိုယ်တိုင် ကြော်ငြာခွင့်မပြုဟု သတ်မှတ်ထား၍ ဖြစ်သည်။
ဆိုရိုးစကားတစ်ခုရှိသည်။
မင်းကိုချစ်တဲ့သူထက် မင်းကိုမုန်းတဲ့သူက မင်းရဲ့စိတ်သဘောထားကို အနားလည်ဆုံးဟူသည့်အချက်ဖြစ်သည်။ လင်းဟုန်က ယွမ်ကျိုးကို မုန်းတီးခြင်းမရှိသော်လည်း သဘောမကျချေ။
ယွမ်ကျိုးက ဟင်းချက်ကောင်းမွန်သူမဟုတ်လျှင် ဤခံစားချက် ကင်းမဲ့သောသူကို မသေမချင်း ရိုက်သတ်ပြီးလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးရဲ့တုံ့ပြန်မှုကို မြင်သောအခါ သူက ယွမ်ကျိုး ဟန်လုပ်နေသည်ဟု ခံစားမိသည်။
“မေးဖို့မလိုအပ်ဘူး။ မင်းရဲ့သူဌေးက အဲ့ပြိုင်ပွဲမှာ ပါဝင်မှာသေချာတယ်။ ဒီလိုမှမဟုတ်ရင် လက်ကမ်းစာစောင်တွေ ရှိနေပါ့မလား”
လင်းဟုန်က ဖရဲသီးဖျော်ရည်ကို တစ်ငုံသောက်ပြီး သက်တောင့်သက်သာ ပြန်ပြောသည်။
“ဝမ်းသာစရာပဲ။ ဒီလိုဆိုရင် ကောင်းတာပေါ့။ သူဌေးရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းမွန်ပေမယ့် အစားအသောက်မြေပုံမှာ မပါဝင်ဘူးလေ။ ဒီလိုဆိုတော့ ကောင်းတယ်လို့ ပြောလို့ရတယ်”
မုရှောင်ယွမ်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီးနောက် ပြောသည်။
“ဒါဆိုရင် သူတို့တွေက သူဌေးကို မဲပေးရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာလား”
“သူဌေးယွမ်၊ ကျွန်တော်ကော မဲပေးဖို့ လိုအပ်လား”
လင်းဟုန်က စိတ်ဝင်စားသော အမူအရာဖြင့် ယွမ်ကျိုးကို စတင်မေးမြန်းသည်။
“ဒါက တရားမျှတမှုရှိတဲ့ပြိုင်ပွဲပါ”
ယွမ်ကျိုးက မပွင့်တပွင့် ပြောသည်။
“ဒီအချက်ကို ဘယ်သူမှတော့ မငြင်းပါဘူး။ ခင်ဗျားသာ ဟုတ်တယ်လို့ပြောလိုက်ရင် ကျွန်တော်က ခင်ဗျားကို မဲပေးမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ အနီးအနားက ခေါက်ဆွဲဆိုင်ကို မဲပေးလိုက်မယ်နော်။ အဲ့ဒီခေါက်ဆွဲဆိုင်ရဲ့အရသာကလည်း အရမ်းကောင်းတယ်”
လင်းဟုန်က ယွမ်ကျိုးကို ဝန်ခံရန် ဖိအားပေးနေသည်။
“ခေါက်ဆွဲဆိုင်က ဟင်းချက်ပိုကောင်းတယ်လို့ ယုံကြည်ရင် သူ့ကို ရွေးချယ်နိုင်ပါတယ်”
သို့သော်ငြားလည်း ယွမ်ကျိုးက တည်ငြိမ်သောအမူအရာ၊ ခပ်တန်းတန်း အမူအရာကို ဖော်ပြသည်။
သူ၏ စိတ်ထဲတွင် လင်းဟုန်ကို သူ၏ ခမ်းနားထည်ဝါသော မီးဖိုချောင်သုံးဓားဖြင့် ပန်းပွင့်ပုံသဏ္ဍာန် ပုံဖော်ထုဆစ်ပစ်ချင်သည်။ သို့သော်လည်း သူ့စိတ်ထဲမှ အတွေးကို မျက်နှာပေါ် ထင်ပေါ်ခွင့်မပြုပေ။
“သူဌေးယွမ်က ရိုးသားမှု မရှိဘူးပဲ။ ခင်ဗျားက မဟုတ်ဘူးပြောပေမယ့် စိတ်ထဲက ဆန့်ကျင်ဘက်ပဲနော်။ ဒီလိုပုံစံမျိုးဖြစ်နေလို့ ကောင်မလေးမရတာ အံ့ဩစရာ မရှိဘူး”
လင်းဟုန်က ခေါင်းကိုခါလိုက်ပြီး သက်ပြင်းချသည်။ ယွမ်ကျိုး၏ရည်းစားမရှိသည့်အချက်ကိုသာ ဝေဖန်နေသည်။
“ငါက ကောင်မလေးတွေကို ကိုယ်တိုင်ပိုးပန်းဖို့ မလိုအပ်ဘူး။ ကောင်မလေးတွေက
ငါ့နောက်လိုက်လာလိမ့်မယ်။ ဒီ့ပြင် ခင်ဗျားလည်း ရည်းစားမရှိဘူးလေ”
ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
“ငါ့မှာရည်းစားတွေ အများကြီးရှိတယ်။ ဘယ်တစ်ယောက်ကို တွေ့ချင်တာလဲ”
လင်းဟုန်က ဂရုမစိုက်ဟန် အမူအရာဖြင့် ပြန်ပြောသည်။
“ဒီလိုကိစ္စတွေ ငါစိတ်မဝင်စားဘူး”
ယွမ်ကျိုးက သူ့ကို ချက်ချင်း ငြင်းပယ်လိုက်သည်။
“ကောင်းပြီလေ။ ခင်ဗျား ရွေးချယ်ခံရတော့လည်း ကောင်းတာပေါ့။ ကျွန်တော့်ရဲ့မဲကို ခင်ဗျားကို ပေးမယ်”
လင်းဟုန်က လက်ကမ်းစာစောင်ကို ကောက်ယူလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်ခွာသွားသည်။
“မစိုးရိမ်ပါနဲ့ သူဌေးယွမ်။ ကျွန်တော်တို့ရဲ့မဲတွေကလည်း ခင်ဗျားအတွက်ဖြစ်စေရပါမယ်”
ပတ်ဝန်းကျင်တွင်ရှိနေသည့် တခြားသောဖောက်သည်များကလည်း လက်ကမ်းစာစောင်များကို ယူဆောင်ပြီး အစားအသောက်များကို စားပြီးသောအခါ ကတိစကားပြောကြားသည်။
“ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးက ခေါင်းညိတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။
“မလိုအပ်ပါဘူး သူဌေးယွမ်။ တကယ်လို့ ခင်ဗျားဘက်ကနေပြီးတော့ ရှောင်လုံပေါင်းဖက်ထုပ်နှစ်လုံး နဲ့ အမယ်စုံ အရွက်ပေါင်းပေါက်စီနှစ်လုံးကို တစ်နေ့ထဲရောင်းချပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့”
ဖောက်သည်တစ်ယောက်က ပြုံးကာ ပြောသည်။
“အွန်း။ ဒါဆိုရင် နောက်မှပဲ ဆက်ပြောကြတာပေါ့”
ယွမ်ကျိုးက သူတို့ကိုချက်ချင်း မငြင်းပယ်ခဲ့ပေ။
“ပြီးတော့ ဘဲဆီနှမ်းကပ်ကိတ်ကလေးလည်း မဆိုးဘူးနော်”
သရေစာမုန့်ကို နှစ်သက်သဘောကျသော ဖောက်သည်တစ်ယောက်က ဝင်ရောက်ပြောဆိုသည်။
ဖောက်သည် ၁၀ယောက်လုံး ထွက်ခွာသွားပြီးနောက် နောက်ထပ်ဖောက်သည် ၁၀ ယောက် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ ထိုစဉ် မုရှောင်ယွမ်က ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး ကြော်ငြာပေးသည်။
“ဦးလေး ဒီစားသောက်ဆိုင်က ဒီပွဲမှာ ပါဝင်မှာပါ။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့ဆိုင်ကို မဲပေးပေးပါ”
မုရှောင်ယွမ်က လက်ကမ်းစာစောင်ကိုယူပြီး စားသောက်ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ ကြော်ငြာပေးသည်။
ဖောက်သည်များ ဟင်းပွဲအော်ဒါမှာပြီးမှသာ ကြော်ငြာခြင်းကို ပြုလုပ်ခြင်းဖြစ်ပါသည်။ စနောက်ကျီစယ်သော အပြုအမူကို လုပ်ဆောင်တတ်သည့် ဖောက်သည်တချို့လည်း ရှိသည်။
“သူဌေးယွမ်၊ ဒီပွဲမှာ တကယ်ပါဝင်မလို့လား”
ဖောက်သည်တစ်ယောက်က စပ်စပ်စုစု မေးမြန်းသည်။ ယွမ်ကျိုး၏ တုံ့ပြန်မှုကို မမြင်ရသောအခါ သူက ကျီစယ်သောအပြုအမူကို ပို၍ လုပ်ဆောင်လာသည်။
“ရှောင်ယွမ်၊ ကြည့်ပါဦး မင်းရဲ့သူဌေးက ပွဲမှာ ပါဝင်မယ်လို့လဲ မပြောဘူးနော်။ မင်းက ဘယ်လိုသိနေတာလဲ”
ဖောက်သည်တစ်ယောက်က ခါးလေးကို ကိုင်းလိုက်ပြီး မုရှောင်ယွမ်ကို ကျီစယ်ရန် ကြိုးစားသည်။ သို့သော်လည်း မုရှောင်ယွမ်က လိမ္မာပါးနပ်သော ကောင်မလေးဖြစ်သည်။
သူမက မျက်လုံးလေးကို ကလယ်ကလယ်ပြုလုပ်ပြီးနောက် ဖောက်သည်အနားတိုးကပ်သွားသည်။ ထို့နောက်သူမက လေးနက်သော အမူအရာဖြင့် စကားပြောသည်။
“ကျွန်မရဲ့သူဌေးက ဒီလိုပြောရမှာကို ရှက်နေတာလေ။ ဒါကြောင့်မို့ ကျွန်မက သူ့ကိုယ်စား ပြောပေးတာပါ”
“ဟား ဟား ဟား ဟား။ ရှောင်ယွမ်လေးက အရမ်းကို ချစ်ဖို့ကောင်းလိုက်တာ။ ရှောင်ယွမ့်အတွက် ဒီဆိုင်ကို မဲပေးမယ်”
ဖောက်သည်တစ်ယောက်က ရယ်မောလိုက်ပြီး လွယ်လင့်တကူ ပြန်ပြောသည်။ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း မဲပေးခြင်း ပြီးဆုံးမည့်အချိန်သို့ နီးကပ်လာသည်။
လူအများစုက ယွမ်ကျိုး၏ ဆိုင်ကို မဲပေးမည်ဟု တိတိကျကျ ပြောသွားသော်လည်း မဲပေးပြီး ပြန်ရောက်လာသောအခါ ထူးဆန်းသော အမူအရာရှိသည်။
မနက်ခင်းဆိုင်ဖွင့်နေစဉ် မန်မန်က ယွမ်ကျိုးကို ချက်ချင်းမေးမြန်းသည်။
“သူဌေးယွမ်၊ အဲ့ပွဲမှာ သူဌေးယွမ်လည်း ပါဝင်သလား။ သူဌေးယွမ်ရဲ့ဆိုင်နာမည်ကို မတွေ့ဘူးနော်”
“မင်းရဲ့အချိုပွဲရောင်းတဲ့ဆိုင်ကလည်း ပြိုင်ပွဲမှာ ဝင်ပြိုင်တာလား”
ယွမ်ကျိုးက အနည်းငယ် အံ့အားသင့်သွားသော်လည်း အမူအရာကို ပြန်ထိန်းသိမ်းထားလိုက်ပြီး ခံစားချက်ကို
မပြသခဲ့ပေ။
“ဒါပေါ့။ ဒါရိုက်တာဝမ်က ကျွန်မဆိုင်ရဲ့နာမည်ကို ဇယားကွက်ထဲ ထည့်လိုက်တယ်”
မန်မန်က ဟုတ်မှန်ကြောင်း ခေါင်းညိတ်သည်။ ထို့နောက် ယွမ်ကျိုးက ဒွိဟဖြစ်သွားသည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ သူကိုယ်တိုင် စည်ပင်ရုံးသို့သွားရန် ဆုံးဖြတ်ထားသည်။
မနက်ခင်းဆိုင်ဖွင့်ချိန် အဆုံးသတ်သည်နှင့် သူက ဆိုင်မှ ထွက်ခွာလာသည်။ စည်ပင်ရုံးသည် သူ့ဆိုင်နှင့် သိပ်မဝေးကွာပေ။
ထိုနေရာသို့ ခြေလျင်သွားလျှင်ပင် ဆယ်မိနစ်ခန့်ပင်ကြာသည်။ ထို့ကြောင့် ယွမ်ကျိုးက အငှားယာဉ် စီးမည့်အစား လမ်းလျှောက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ရုံးသို့ရောက်ရောက်ချင်း ဒါရိုက်တာဝမ်နှင့် ပက်ပင်းတိုးသည်။
“သူဌေးယွမ်၊ ကျွန်မလည်း ရှင့်ကိုလာရှာတော့မလို့။ ပြိုင်ပွဲတောင် အဆုံးသတ်ခါနီးပြီ။ ဘယ်သူမှ ရှင့်ဆိုင်ကို မဲမပေးကြဘူး”
ဒါရိုက်တာဝမ်က စိုးရိမ်သောအမူအရာဖြင့် စာကြောင်းအရှည်ကြီးကို ပြောဆိုသည်။ ဒါရိုက်တာဝမ်က ယွမ်ကျိုး၏ စားသောက်ဆိုင်နှင့်ပတ်သက်ပြီး အကောင်းမြင်ဝါဒီရှိသူဖြစ်သည်။
ယွမ်ကျိုး၏ စားသောက်ဆိုင်သည် ဂုဏ်သတင်း ကျော်ကြားမှုနှင့် ထိုက်တန်သော စားသောက်ဆိုင်ဖြစ်သည်။ ပြိုင်ပွဲက အဆုံးသတ်ခါနီးဖြစ်သော်လည်း ကျွမ်းကျင်စားဖိုမှူးစားသောက်ဆိုင်ကို
မဲပေးသည့် တစ်စုံတစ်ဦးမျှ မရှိပေ။
“ဟုတ်တယ်။ ကျွန်တော်လည်း ဒီအကြောင်းကို လာပြောမလို့။ တခြားကန့်သတ်ချက်တွေများ ရှိသေးလား”
ယွမ်ကျိုးက မျက်မှောင်ကြုတ်သည်။
“အော် ဟုတ်သားပဲ။ ဒီလိုပြောမှ သတိရသွားတယ်။
မဲလာပေးတဲ့သူတွေအားလုံးက ယွမ်ကျိုးစားသောက်ဆိုင်ကို မဲပေးချင်တယ်လို့ပြောတယ်။ ဒါပေမယ့် ဒီလမ်းမှာ အဲ့ဒီနာမည်နဲ့ ဆိုင်မရှိဘူးလေ။ ဒါ့ကြောင့်မို့ သူတို့ပေးတဲ့ မဲတွေကို ပယ်မဲတွေအဖြစ် သတ်မှတ်လိုက်တယ်”
ဒါရိုက်တာဝမ်က ယွမ်ကျိုး၏ အမူအရာကိုကြည့်ပြီး ချက်ချင်းသဘောပေါက်သွားသည်။
“အဲ့ဒီဆိုင်က မင်းရဲ့ဆိုင်လား”
ဒါရိုက်တာဝမ်က ယွမ်ကျိုး၏ နာမည်အပြည့်အစုံကို မသိခြင်းဖြစ်နိုင်သည်။
“ဟုတ်တယ်။ အဲ့ဒီမဲတွေကို ပြန်ထည့်တွက်ပေးလို့ ရမလား”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး လေးနက်စွာပြောသည်။
အပိုင်း(၂၁၂)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၁၃)
"အဲ့တာ ရှင့်ရဲ့ဆိုင်လား။ အခြေအနေက ဘယ်လိုဖြစ်ရတာလဲ"
ဒါရိုက်တာဝမ်က နောင်တရသော အမူအရာကို ဖော်ပြသည်။
"ဘာဖြစ်တာလဲ၊ အမဝမ်"
သူတို့၂ယောက် တံခါးပေါက်မှာ စကားပြောနေစဉ် ရုံးတစ်ခုလုံးက စိတ်ဝင်တစား ဖြစ်သွားသည်။ သိပ်မကြာလှ မိန်းမငယ်လေး တစ်ယောက်က အပြင်ထွက်လာပြီး မေးမြန်းသည်။
"ယွမ်ကျိုးစားသောက်ဆိုင်နဲ့ ပတ်သက်တဲ့ မဲတွေကို ပယ်မဲ အဖြစ် သတ်မှတ်ပြီးပြီလား" ဒါရိုက်တာဝမ်က သူမကို မြင်မြင်ချင်း မေးမြန်းလိုက်သည်။
"ပထမ၂ရက်တုန်းက ပေးထားတဲ့ မဲတွေအားလုံးကို ပယ်မဲအဖြစ် သတ်မှတ်လိုက်ပါပြီ။ ဒီမနက်ခင်းမှာ ပေးထားတဲ့ မဲတွေပဲ ကျန်တော့တယ်။ အဲ့တာတွေကိုလည်း စောနလေးတင် လုပ်လိုက်ပြီ"
ကောင်မလေးက ဒါရိုက်တာဝမ် သူ့ကို အပြစ်တင်မည်ကို စိုးရိမ်သောကြောင့် ချက်ချင်း ပြန်ပြောသည်။
"မင်းမှားသွားပြီ။ ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ မဲတွေက ဒီသူဌေးယွမ်ရဲ့ မဲတွေပဲ။
ဒီလမ်းမှာဆိုရင် ဒီဆိုင်က နာမည်ဂုဏ်သတင်း ကျော်ကြားတယ်"
ဒါရိုက်တာဝမ်က ချက်ချင်း ပြောသည်။
"ဒါပေမဲ့ အရင်မဲတွေ အားလုံးကို ရှင်းပြီးသွားပြီလေ" မိန်းကလေးက စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် စကားပြောသည်။
"ဒါဆိုရင် မင်းတတ်နိုင်သလောက် ဒီပယ်မဲတွေကို ပြန်ပြီးတော့ အဆင်ပြေအောင် လုပ်ပေး"
ဒါရိုက်တာဝမ်က ပိုင်နိုင်စွာ ပြောသည်။ ယွမ်ကျိုးက ဘေးဘက်မှာ မတ်တပ်ရပ်နေပြီး သူတို့၂ယောက် စကားပြောနေတာကို စောင့်ကြည့်နေသည်။
"တတ်နိုင်သလောက် ကြိုးစား ကြည့်ပေးပါမယ်" ကောင်မလေးက ခဏ စဉ်းစားပြီးနောက် ပြန်ပြောသည်။
"သူဌေးယွမ်၊ တကယ့်ကို အားနာမိပါတယ်။ လက်ရှိ အခြေနေနဲ့ဆိုရင် ရှင့်ဆိုင်က ရွေးချယ်ခံရဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ နောက်နှစ်ကျရင် အစားအသောက် မြေပုံထဲမှာ ပါဝင်နိုင်ဖို့ ကူညီပေးပါမယ်" ဤပြဿနာရပ်နှင့် ပတ်သက်ပြီး ဒါရိုက်တာဝမ်က ယွမ်ကျိုး၏ စားသောက်ဆိုင်ကို အကောင်းဆုံးပံ့ပိုး ပေးရန် စဉ်းစားထားသည်။ တခြားသူဆိုလျှင် သူမက ယဉ်ကျေးသော အမူအရာဖြင့် စကားပြောပြီး ကတိစကား ခံမည် မဟုတ်ချေ။ ဆိုင်ပိုင်ရှင် ကိုယ်တိုင်က ဆိုင်နာမည်ကို မှားယွင်းရေးသားသည့်အတွက်ကြောင့် သူမနှင့် သက်ဆိုင်မှု မရှိချေ။
"ကိစ္စမရှိဘူး။ ကျွန်တော် ကြိုးစားကြည့်ချင်သေးတယ်။ အခု ပထမနေရာကို ဘယ်သူရနေတာလဲ"
ယွမ်ကျိုးက အလွယ်တကူ အရှုံးပေးမည့် ပုံမပေါ်ချေ။
"ယခုချိန်မှာ ပထမနေရာ ကနေ ဦးဆောင်ထားသူက အသင့်အစားအသောက်တွေကို ရောင်းချတဲ့သူပါ" ဒါရိုက်တာဝမ်က သူ့မှတ်စု စာအုပ်ကို လှန်လော ဖတ်ရှုပြီးနောက် ပြောသည်။
"သူက မဲဘယ်နှမဲ ရထားလဲ" ယွမ်ကျိုး မေးမြန်းသည်။
"အခုချိန်မှာတော့ မဲအရအတွက်က ၈၁၂ခု ရထားပါတယ်"
ဒါရိုက်တာဝမ်က အရှက်ရသော အမူအရာကို ဖော်ပြသည်။
"ကျွန်တော် မဲဘယ်နှခု ရထားလဲ"
ယွမ်ကျိုးက ကောင်မလေးကို ကြည့်ပြီး မေးမြန်း လိုက်သည်။
"အကြမ်းဖျင်းအားဖြင့် မဲ၁၀၀လောက် ရထားပါတယ်"
မိန်းမပျိုလေးက အထိုက်အလျောက် ပြန်ဖြေသည်။
"ဒီလောက်ဆို လုံလောက်ပြီ။ အခုပဲ ပြန်တော့မယ်"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်စကား ပြောလိုက်သည်။ လမ်းတစ်လျှောက်တွင် ယွမ်ကျိုးက ပြဿနာ ဖြေရှင်းနိုင်သည့် နည်းလမ်းကို တွေးကြံ နေသည်။ ခဏကြာပြီးနောက် သူက မုရှောင်ယွမ်ကို လှမ်းမြင်လိုက်သည်။ ထို့နောက် သူက အကြံပေါ်သွားပြီး
မုရှောင်ယွမ်နားသွားသည်။
"ရှောင်ယွမ်"
"သူဌေး ဘာလို့ ဒီနေရာကို ရောက်နေတာလဲ"
မုရှောင်ယွမ်က ပစ္စည်းဝယ်ရန်အတွက် အပြင်ထွက်လာခြင်း ဖြစ်သည်။ သူဌေးယွမ်နှင့် ထိပ်တိုက် တွေ့လိမ့်မည်ဟု မမျှော်လင့်ထား၍ သူမ နည်းနည်း အံ့အားသင့် သွားသည်။
"မဲအရေအတွက်ကို စစ်ဆေး ကြည့်ဖို့ စည်ပင်ရုံးကို ကိုယ်တိုင်ကိုယ်ကျ သွားခဲ့တယ်"
ယွမ်ကျိုးက ရိုးသားစွာ ပြောသည်။
"ရလဒ်က ဘယ်လိုလဲ၊ သူဌေး။ ပထမ ရတယ်မလား" မုရှောင်ယွမ်က စိတ်လှုပ်ရှား နေ၍ မျက်နှာက အနီရောင်သန်း နေသည်။
"မဟုတ်ဘူး။ ငါတို့ရဲ့မဲက အနည်းဆုံးပဲ"
ယွမ်ကျိုးက အရိုးရှင်းဆုံး လေသံဖြင့် ပြန်ပြောသည်။
"မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ ဆိုင်ရဲ့ စီးပွားရေးက အမြဲတမ်း ကောင်းမွန်တယ်" မုရှောင်ယွမ်က ယွမ်ကျိုးကို ထပ်တလဲလဲ ကြည့်ပြီး ယွမ်ကျိုး နောက်ပြောင်နေသည်ဟုသာ မျှော်လင့် မိသည်။
"ဟုတ်တယ်။ ဒါက အမှန်ပဲ။
ငါတို့က နောက်ဆုံးနေရာမှာပဲ"
ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ပြန်ပြောသည်။
"ဘယ်လိုဖြစ်ရတာလဲ"
မုရှောင်ယွမ်က မယုံကြည်နိုင် ဖြစ်နေသည်။
"သူဌေး၊ ကျွန်မကိုယ်တိုင် အခြေအနေကို သွားစုံစမ်း ကြည့်မယ်"
ယွမ်ကျိုးက သူကိုယ်တိုင်
ရုံးမှထွက်လာသော်လည်း သူမ ကိုယ်တိုင်ကိုယ်ကျ သွားရောက် စစ်ဆေးမည်ကို ဟန့်တားမည့် ရည်ရွယ်ချက် မရှိပေ။ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဖောက်သည်များစွာ မဲသွားပေးခြင်းကို မုရှောင်ယွမ် သိနေသည်။ ထို့ကြောင့် ယွမ်ကျိုးထက် ပို၍ ကောင်းမွန်သည့် ဟင်းပွဲများကို တခြားဆိုင်က ဖန်တီးပေးနိုင်မည် ဟူသောအချက်ကိုလည်း သူမ လက်မခံနိုင်ချေ။
မုရှောင်ယွမ်က ရလဒ်ကို သွားရောက်စစ်ဆေးသောအခါ ယွမ်ကျိုး စိတ်သက်သာ ရမိသည်။ စနစ်ကလည်း ကိုယ်တိုင်ကိုယ်ကျ ကြော်ငြာခွင့် မပေးထားသည့် အပြင်
မပြီးမြောက်သေးသည့် မစ်ရှင်၏အကျိုးဆက်ကို ယွမ်ကျိုးကိုယ်တိုင်လည်း မသိသောကြောင့် ကိုယ်တိုင်ကိုယ်ကျ မကြိုးစားကြည့်ချင်ပေ။
မုရှောင်ယွမ်က ရုံးသို့ သွားပြီး ရလဒ်ကို သိသွားသောအခါ နှုတ်ဆိတ် သွားသည်။ ထို့ကြောင့် သူမ သိသော သတင်းအချက်အလက်များကို ဝီချက်ဂရုသို့ ပေးပို့သည်။ အကျိုးဆက် အနေဖြင့် ဝီချက်ဂရုတွင် ဂယက်ရိုက် သွားပြီး အဖွဲ့ဝင် အားလုံး အာစေးမိသကဲ့သို့ နှုတ်ဆိတ် သွားသည်။ ယွမ်ကျိုးက နေ့လည်ခင်းဆိုင်ဖွင့်ချိန်မှသာ မေးမြန်းသမျှ မေးခွန်းများကို ပြန်ဖြေသည်။
"သူဌေးယွမ်၊ ဘာဖြစ်လို့ ဒီဆိုင်ရဲ့ နာမည်ကို ကျွမ်းကျင်စားဖိုမှူးစားသောက်ဆိုင် လို့ ပေးထားရတာလဲ။ ဒီအကြောင်း ကျွန်မတို့ကို ဘာဖြစ်လို့ မပြောရတာလဲ"
ဝမ်မန်က သံသယဝင်သော ခံစားချက်ဖြင့် ယွမ်ကျိုးကို ကြည့်သည်။
"အရင်ထဲက ဒီနာမည်ပေးထားတာပါ"
ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ပြန်ပြောသည်။
"ဟုတ်လား။ ဒါပေမဲ့ ဆိုင်းဘုတ်တောင် မရှိဘူးလေ။ ဆိုင်းဘုတ်မရှိတောင် ဆိုင်နာမည်ကို ရှင်က ပြောရမယ်လေ"
ဝမ်မန်က မနေနိုင်မထိုင်နိုင် ငြီးတွား ပြောဆိုသည်။
"နောက်ပိုင်းကျရင် ဆိုင်းဘုတ် ရှိလာမှာပါ"
ဆိုင်းဘုတ်နှင့် ပတ်သက်ပြီး သူကိုယ်တိုင်လည်း စနစ်၏ လိမ်လည်လှည့်ဖြားမှုကို
ခံရသည့်အတွက် ယွမ်ကျိုးက
ကူကယ်ရာမဲ့ ပြန်ပြောသည်။
"ကောင်းပြီ။ ရှင့်ကို မဲပေးဖို့ လူစုပေးနိုင်တာပဲ၊ ကံကောင်းတယ်၊ မှတ်။ ဒီလိုမှမဟုတ်ရင် ဘာဖြစ်သွားမယ်ထင်လဲ"
ဝမ်မန်က မကျေနပ်သော အမူအရာကို ဖော်ပြရန် ၂ကြိမ်တိုင်တိုင် နှာမှုတ်သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက အလွန့်ကို ရိုးသားသောလေသံဖြင့် ပြန်ပြောသည်။
"ရှားရှားပါးပါးပဲ။ သူဌေးယွမ်က ကျေးဇူးတင်စကားပြောတာ အံ့ဩစရာပဲ"
ဝမ်မန်က ယွမ်ကျိုးကို
တည့်တည့်ကြည့်လိုက်သည်။
"အားနာဖို့ မလိုပါဘူး"
ယွမ်ကျိုးက သူ့ဘာသာသူ ပြန်ဖြေပြီး သူ့ဘာသာသူ ပြောချင်ရာပြောနေခြင်း ဖြစ်သည်။
"ယွမ်ကျိုးက ထင်ထားတဲ့အတိုင်း သံလိုက်အိမ်မြှောင် ဖြစ်နေတုန်းပဲ"
ယွမ်ကျိုး၏ အပြုအမူကြောင့် ဝမ်မန် ဆို့နင့်သော ခံစားချက်ကို ခံစားမိသည်။
"ခင်ဗျားပြောတာလည်း ဟုတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်က သံလိုက်အိမ်မြှောင်ဖြစ်နေတာလေ"
ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ပြန်ဖြေသည်။ ဝမ်မန်က ယွမ်ကျိုးနှင့် စကားပြောနေစဉ် တခြားသော ဖောက်သည်များကလည်း သူဌေးယွမ် ကိုယ်တိုင် အမှားအယွင်းကို စတင်လုပ်ဆောင်ကြောင်း သဘောပေါက်သွားသည်။
"ဒီလိုဆိုရင်တော့ လမ်းရဲ့ စည်ပင်ရုံးကို သွားပြီး မဲထပ်ပေးရဦးမှာပဲ"
ပုံမှန်ဖောက်သည်တစ်ယောက်က ပြောသည်။
"ဟုတ်တယ်။ ငါတို့လည်း သွားရမယ်။ ဆိုင်းဘုတ်မရှိတော့ ဒီဆိုင်ရဲ့နာမည်ကို
ယွမ်ကျိုးဆိုင်လို့ပဲ ထင်တာလေ"
တခြားသောဖောက်သည် တစ်ယောက်ကလည်း သံယောင်လိုက်၍ ပြောဆိုသည်။
"ထားလိုက်ပါတော့။ ဒီမှာ အစားစားပြီးသွားရင် မဲသွားပေးကြမယ်"
ရင်းနှီးနေသည့် ဖောက်သည် တစ်ယောက်က ဟင်းပွဲအော်ဒါမှာရင်း ပြောသည်။ ထို့နောက် မုရှောင်ယွမ်က ဆိုင်သို့ လာရောက်စားသုံးသူ ဖောက်သည်တိုင်းကို အသေးစိတ် ရှင်းပြသည်။
ဤဆိုင်၏ ဆိုင်နာမည်က ကျွမ်းကျင်စားဖိုမှူးဆိုင် ဖြစ်ကြောင်း အသေးစိတ်နှင့် တာဝန်ကျေပွန်စွာ
ရှင်းပြသည်။ အားလပ်ချိန်တွင် ယွမ်ကျိုးက စနစ်ကို စုံစမ်းမေးမြန်းသည်။
"စနစ်၊ ဒါကို မင်းလုပ်တာမလား။ တစ်စုံတစ်ယောက်က ပြဿနာကို ရှာတွေ့သွားပြီး ငါ့ကိုလာပြောအောင် မင်းဖန်တီးလိုက်တာမလား။ တစ်ယောက်ယောက်သာ
လာမပြောရင် ဒီမစ်ရှင်ကို
ငါရှုံးနိမ့်သွားပြီလေ"
ယွမ်ကျိုးက အကြိမ်ပေါင်းများစွာ အကဲခတ်ပြီးနောက် မကျေမနပ် လေသံဖြင့် မေးမြန်းသည်။
စနစ်က ဖော်ပြသည်။ [ ဆိုင်ရှင်၊ ဒါကို အသိပေးချက်လို့ သဘောထားပြီးတော့ နောက်ထပ်မစ်ရှင်တွေ ပြီးမြောက်အောင် အလုပ်ကြိုးစားပေးပါ]
"ဘာကို သတိပေးချက်လဲ။ ဒါက သောက်ကျင့်ယုတ်မာတာပဲ"
စနစ်သာ ရုပ်ဝတ္ထုပုံစံမျိုးနှင့် ရှိနေလျှင် ယွမ်ကျိုးက စနစ်ကို မသေမရှင် ဖြစ်အောင် ရိုက်သတ်မိလိမ့်မည်။
ယွမ်ကျိုးက စနစ်ကို ကောက်ကျစ်ယုတ်မာသည်၊ လှည့်ဖြားသည်ဟု ပြောသည့် အခါတိုင်း စနစ်က ချက်ချင်း ပျောက်ကွယ်သွားတတ်သည်။
"အယုတ်တမာစနစ်"
ယွမ်ကျိုးက တိုးလျသော လေသံဖြင့် ပြောသည်။ ထိခိုက်မှုမရှိသည့်၊ ဆိုးဝါးသည့်စကားလုံးများကို ဖော်ပြသည့်အခါတိုင်း စနစ်က ပျောက်ကွယ်သွားလေ့ရှိသည်။ ပေးပို့လာသော မစ်ရှင်တိုင်းက ပို၍ လိမ်လည် လှည့်ဖြားသော အချက်များ ပါဝင်လာသည်။
ယွမ်ကျိုးက ကံတရားကို အားကိုးပြီး ပြီးမြောက်အောင် ဆောင်ရွက်နေရသည်။ အစားအသောက်မြေပုံ ပြိုင်ပွဲနှင့် ပတ်သက်သည့် မဲပေးခြင်း နောက်ဆုံးအချိန်ကား ညနေ(၆)နာရီအချိန် ဖြစ်သည်။ တစ်နေ့တာလုံး စည်ပင်ရုံး ပိတ်ချိန်အထိ အလုပ်ရှုပ်နေကြသည်။ အများစုသည် ယွမ်ကျိုး၏ စားသောက်ဆိုင်နာမည်ဖြစ်သည့် ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်ကို လာရောက်မဲပေးကြသည်။
"ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်အတွက် ၁မဲ" မိန်းမပျိုလေးက မဲကို အစီအရင်ခံနေစဉ် အရေအတွက်ကို ရေတွက်သည်။
"ကျွမ်းကျင်စားဖိုမှူး စားသောက်ဆိုင်ကို မဲထပ်ပေးတာလား"
မိန်းမပျိုလေးက မဲများကို ရေတွက်ရလွန်း၍ လက်များပင် ထုံကျင်လာသည်။ နောက်ဆုံးရက်၏ မနက်အစောပိုင်းကတည်းက ကျွမ်းကျင်စားဖိုမှူးဆိုင်ကို
မဲပေးသူများ များပြားလာ၍ သူမ အံ့အားသင့်နေရသည်။ တစ်နေ့တာလုံး မဲရေတွက်နေရ၍ သူမ၏ လက်များပင် ညောင်းညာလာသည်။ ကွန်ပြူတာကို အသုံးပြုကာ ရေတွက်ရသည့်အတွက် လက်များ အလွန်ညောင်းညာနေသည်။
ကံကောင်းထောက်မစွာဖြင့် ညနေ၆နာရီအချိန်သို့ ရောက်ရှိသောအခါ အလုပ်ဆင်းခွင့်ရရှိမည်။ မဲပေးသူများလည်း မရှိတော့၍ သူမ စိတ်သက်သာရဟန် သက်ပြင်းချနိုင်သည်။ ဒါရိုက်တာဝမ်၏ အကူအညီဖြင့် မိန်းမပျိုလေးက သူမ လုပ်ဆောင်ရမည့် မဲရေတွက်မည့် အလုပ်ကို ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။
"သူဌေးယွမ်က စားသုံးသူတွေအပေါ် လွှမ်းမိုးမှုရှိတာ အံ့ဩစရာမရှိဘူး။ တစ်ရက်ထဲနဲ့ မဲပေးတာက သူများတွေ (၃)ရက်ပေးတဲ့မဲထက်တောင် ပိုများသွားပြီ"
ဒါရိုက်တာဝမ်က ယွမ်ကျိုးရရှိသောမဲများနှင့် တခြားသူများရရှိသောမဲကို နှိုင်းယှဉ်ရင်း ပြုံးနေသည်။
"ဒါတောင် အလဟဿဖြစ်သွားတဲ့ မဲတွေ ထည့်မတွက်ထားဘူးနော်"
စာရင်းဇယားများဖြင့် အလုပ်ရှုပ်နေရင်း မိန်းမပျိုလေးက ခေါင်းပင်မဖော်ပဲ ပြန်ပြောသည်။
"ဟုတ်လား။ သူ့ရဲ့ဖန်တီးမှု စွမ်းရည်က အံ့မခန်းပဲ" ဒါရိုက်တာဝမ်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ပြောသည်။ ရလဒ် ထွက်လာပြီ ဖြစ်၍ ယွမ်ကျိုးက စာတိုကို လက်ခံရရှိသည်။
စနစ်က ဖော်ပြသည်။
[အဓိကမစ်ရှင် ပြီးမြောက်သွားပါပြီ။ ဆုလာဘ်ကို ထုတ်ပြန်ပေးလိုက်ပါပြီ။ လက်ခံယူလို့ရပါပြီ]
အပိုင်း(၂၁၃)
ပြီးပါပြီ။