အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
ယွမ်ကျိုး အပိုင်း(၂၁၇)
ကြက်ဥကို ကြာကြာပြုတ်လျှင် မွှေးရနံ့က ပိုမိုပြင်းထန်လာပြီး နေ့လယ်ခင်း ဆိုင်ဖွင့်ချိန်သို့ နီးကပ်လာသည်။
"အကိုဝူ၊ သူဌေးယွမ် ဘာတွေချက်ပြုတ်နေလဲဆိုတာ သိလား"
စပ်စုလိုသောစိတ်ကို သည်းခံနိုင်စွမ်းမရှိသော ဖောက်သည်တစ်ယောက်က မေးမြန်းသည်။
"ငါလည်း ဘယ်သိပါ့မလဲ"
ဝူဟိုင်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း လေးနက်စွာပြောသည်။
"အကိုဝူကော မသိချင်ဘူးလား"
ဤဖောက်သည် သည် ဝူဟိုင်းနှင့် ယွမ်ကျိုး၏ ကောင်းမွန်သော ဆက်ဆံရေးကို သိနေပုံပေါ်သည်။
"ငါလည်း သိချင်တာပေါ့။
ဒါပေမယ့် ခဏနေရင် သိရမှာပဲလေ"
ဝူဟိုင်းက မပွင့်တပွင့်ပြောသည်။ တကယ်တမ်း ဝူဟိုင်းကိုယ်တိုင် သိလိုစိတ်ဖြစ်နေသည်။
နောက်ထပ်ဆွဲမည့် ပန်းချီကားနှင့် ပတ်သက်သော အကြံဉာဏ်ကို တွေးတောနေသော်လည်း စိတ်ကူးဉာဏ်ကွန့်မြူးလာသောအခါ ယွမ်ကျိုး၏ ဟင်းပွဲမွှေးရနံ့က သူ၏စိတ်အာရုံကို ဖမ်းစားသွားသည်။
ချက်ချင်းဆိုသလို သူ၏အစာအိမ်က ဆန္ဒပြလာပြီး သူ့ဦးနှောက်၏ ညွှန်ကြားချက်ကို နာခံမှု မရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ဝူဟိုင်းက သူ၏ အကြံဉာဏ်ကို သေချာမှတ်တမ်းတင်ထားလိုက်၍ မေ့ပျောက်မသွားခြင်းဖြစ်သည်။
သို့တည်းမဟုတ်လျှင် သူ့ကို ဟင်းအမွှေးနံ့ဖြင့် ဒုက္ခပေးသည့် ယွမ်ကျိုးကို မသေမချင်း ရိုက်သတ်မိလိမ့်မည်။ ယွမ်ကျိုးဆိုင်၏ဟင်းမွှေးရနံ့ကြောင့် ပန်းချီဆက်မဆွဲဘဲ နေ့လယ်စာစားရန်အတွက် တန်းစီစောင့်ဆိုင်းရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ငါးမိနစ် ဆက်သည်းခံရန် ကျန်းကျဝေက ဖျောင်းဖျသည့်တိုင် ဝူဟိုင်းက လျစ်လျှူရှုခဲ့သည်။ အစာစားခြင်းက သူ့အတွက် အရေးပါဆုံးဖြစ်သည်။
"အခုပဲ ဆိုင်ဖွင့်ပါပြီ။ ဆိုင်ထဲဝင်ရောက်လာတဲ့ ဖောက်သည်တိုင်းက ဟင်းပွဲတွေကို အော်ဒါမှာလို့ရပါပြီ"
တံခါးပေါက်မှာ မတ်တပ်ရပ်နေရင်း မုရှောင်ယွမ်က သိမ်မွေ့စွာပြောသည်။
"နောက်ဆုံးတော့ ဆိုင်ဖွင့်ပြီပဲ။ ဆာလောင်လို့ သေတော့မယ်"
ကျန်းချန်ရှီးက ယွမ်ကျ်ိုး၏ စားသောက်ဆိုင်ထဲသို့ တိတ်တဆိတ်ဝင်ရောက်ပြီး ထိုင်ခုံမှာ ထိုင်ကာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"ဒီနေ့ကော ဘာများမှာချင်ပါသလဲ"
မုရှောင်ယွမ်က ထိုင်ခုံရသွားသည့် အစဉ်လိုက်အတိုင်း အော်ဒါများကို လက်ခံသည်။
"ညီမလေး၊ တခြားသူတွေကို အရင်မေးလိုက်။ သူဌေးယွမ်ကို မေးစရာရှိသေးတယ်"
ကျန်းချန်ရှီးက ယွမ်ကျိုးကို ကြည့်ကာပြောသည်။ ယွမ်ကျိုးက သတိထားဟန် အနေအထားဖြင့် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ကံစမ်းမဲသေတ္တာထဲတွင် အနီရောင်ဘောလုံးတစ်လုံးရှိနေခြင်းကို ပြန်လည်အမှတ်ရသွားသည်။
ဒီအမျိုးသမီး၏ လှည့်ဖြားခြင်းကို မလိုလား၍ သတိထားဆက်ဆံခြင်းဖြစ်သည်။ သူမ အရူးလုပ်သည့် ကိစ္စရပ်များကို သည်းခံခြင်းမဟုတ်ချေ။
“သူဌေးယွမ်၊ ဒီနေ့ဘယ်လိုမျိုးအရသာရှိတဲ့ ဟင်းပွဲတွေကို ပြင်ဆင်နေတာလဲ”
ကျန်းချန်ရှီးက တောက်ပသော မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ယွမ်ကျိုးကို ငေးစိုက်ကြည့်သည်။
“ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းပါ။ မနက်ဖြန် နေ့လယ်ခင်းအတွက် ရောင်းပေးမှာပါ”
ယွမ်ကျိုးက တခြားသောဖောက်သည်များ စိတ်ဝင်တစား နားစွင့်နေခြင်းကို သတိပြုမိသောအခါ ဖြေရှင်းချက်ပေးသည်။
“ဘာလဲ ဒီနေ့မရောင်းဘူးလား”
ကျန်းချန်ရှီးက သူ့ကို ရိုက်ချင်သော အမူအရာဖော်ပြသည်။
“အင်း။ မနက်ဖြန် နေ့လယ်ခင်းကျရင် ရောင်းပေးမှာပါ”
ယွမ်ကျိုးက ဟုတ်မှန်ကြောင်းပြောသည်။
“ဒီနေ့ကစပြီးတော့ စားသောက်ဆိုင်မှာ နေ့လယ်ခင်း နဲ့ ညနေခင်းအတွက် ထိုင်ခုံမှာထိုင်တဲ့ အခကြေးငွေ ကောက်ခံပါမယ်။ တန်ဖိုးကိုတော့ မင်းတို့နောက်က နံရံကို ကြည့်ပေးပါ”
ယွမ်ကျိုးက အသံကို မြှင့်တင်လိုက်ပြီး ပြောသည်။
“ထိုင်ခုံခပေးရမှာလား။ ထိုင်ခုံခပေးရင် သူဌေးယွမ်ဘက်က ဘာပံ့ပိုးပေးမှာလဲ”
ဖောက်သည်တစ်ယောက်က ဈေးနှုန်းကို မကြည့်ဘဲ သူသိလိုသော မေးခွန်းကို မေးမြန်းသည်။
“တခြားဟင်းပွဲတွေကို ရောင်းသလိုပဲ ရောင်းပေးမှာပါ”
ယွမ်ကျိုးက အေးအေးဆေးဆေးပြန်ပြောသည်။
“တစ်ပွဲကို ၂၀ယွမ်ပဲ။ ဒါဆိုရင် ဒီပွဲက သူဌေးယွမ်ဆိုင်မှာ ဈေးအပေါဆုံးလို့ ပြောလို့ရတယ်”
ကျန်းချန်ရှီးက ဈေးနှုန်းစာရင်းကို လှည့်ကြည့်လိုက်ပြီးပြောသည်။
“ဟုတ်တယ်၊ အမှန်ပဲ။ ဘယ်လိုဟင်းပွဲလဲဆိုတာ ငါသိချင်လာပြီ”
ဖောက်သည်တစ်ယောက်က စိတ်ဝင်တစားပြောသည်။
“မှာကြည့်ပြီးသွားရင် သိရမှာပေါ့"
"ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းကို မှာလို့မရသေးဘူးလား”
ကျန်းချန်ရှီးက ရနံ့သင်းကြိုင်သော ကြက်ဥဟင်းကို စွဲလမ်းသော ခံစားချက်ကို ခံစားနေရသည်။
“မှာလို့မရသေးပါဘူး”
ယွမ်ကျိုးက လေးနက်စွာ ခေါင်းညိတ်သည်။
“မုန်းစရာကောင်းလိုက်တဲ့ သံလိုက်အိမ်မြှောင်ကြီး”
ကျန်းချန်ရှီးက စကားလုံးတချို့ကို ရေရွတ်ပြီးနောက် ဟင်းပွဲမှာယူရန် ခေါင်းကို မော့လိုက်သည်။
“အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲ နဲ့ ဖီးနစ်အမြှီးပုစွန်ဟင်း တစ်ပွဲပေးပါ”
“ကောင်းပြီ။ စုစုပေါင်း ၁၆၁၆ ယွမ် ကုန်ကျပါတယ်။ အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရပါတယ်။ အကြွေးဝယ်ကဒ်နဲ့ပေးတာကို လက်ခံပါတယ်”
ယွမ်ကျိုးက ဈေးနှုန်းစာရင်းကို သူမအား တင်ပြလိုက်သည်။
“ကောင်းပြီ။ လွှဲပြီးသွားပြီနော်”
ကျန်းချန်ရှီးက ငွေလွှဲပြီးနောက် အသိပေးလိုက်သည်။
“ခဏစောင့်ပေးပါ။ ဟင်းပွဲတွေကို ခဏနေရင် တည်ခင်းပေးပါ့မယ်”
ယွမ်ကျိုးက ငွေလက်ခံရရှိကြောင်း ညွှန်ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ဖီးနစ်အမြှီးပုစွန်ဟင်းပွဲက ဈေးပေါသောဟင်းပွဲ မဟုတ်သည့်အတွက် လူတစ်ချို့သာ မှာယူနိုင်သည်။ ဒီဟင်းပွဲပြင်ဆင်မှုကို မြင်ရရန် ခဲယဉ်းသည်။
ထို့ကြောင့် ယွမ်ကျိုးက သာမန်ထက် ထူးကဲသော ဓားစွမ်းရည်ကို ပိုင်ဆိုင်ပြီးကတည်းက ဖီးနစ်အမြှီးပုစွန်ဟင်းပွဲ ချက်ပြုတ်နည်းကို ဖောက်သည်များအား မပြသရသေးပေ။
အခု ဖီးနစ်အမြှီးပုစွန်ဟင်းပွဲကို မှာယူလာ၍ အများရှေ့တွင် သူ၏ ဓားစွမ်းရည်ကို ပြသခွင့်ရမည်။ သူက ငါးဖမ်းပိုက်ဖြင့် ပုစွန်များကို အတိအကျ ဖမ်းယူလိုက်သည်။
လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ပုစွန်များကို ဘေစင်ထဲသို့ လောင်းချလိုက်သည်။ ပုစွန်တစ်ကောင်ပြီး တစ်ကောင်က ဘေစင်အတွင်းမှာ ခုန်ပျံနေသည်။
ပုစွန်များကို စုတ်တံဖြင့် သန့်ရှင်းခြင်း၊ နှိပ်နယ်မှု ပြီးစီးသောအခါ ယွမ်ကျိုးက သာမန်ထက်ထူးကဲသော မီးဖိုချောင်ဓားကို ထုတ်လိုက်သည်။
ရိုးရှင်းစွာ လှုပ်ရှားလိုက်ရုံဖြင့် ပုစွန်၏ အမဲရောင်အကြောကို အတိအကျ ဖြတ်ထုတ်နိုင်ခဲ့သည်။ ပုစွန်အမြှီးကို ခွာခြင်းက အခက်ခဲဆုံးဖြစ်ပြီး ပုစွန်အမြှီးကိုလည်း သန့်စင်စွာ ကိုင်တွယ်လိုက်သည်။
ဓားကို အကြိမ်ပေါင်းများစွာ လှုပ်ရှားပြသွားသည့် မြင်ကွင်းသည် တီဗီရုပ်သံလိုင်းတွင် ကြည့်ရှုဖူးသော စားဖိုမှူးအစီအစဉ်တွင် မြင်တွေ့ရသောမြင်ကွင်းနှင့် တူနေသည်။ လှုပ်ရှားမှုက မြန်ဆန်တိကျလွန်းပြီး မျက်စိဖြင့် ဖမ်းစားနိုင်ရန် ခက်ခဲလွန်းသည်။
“ဝိုး ... ဒီလိုမျိုး သာမန်ထက်ထူးခြားတဲ့ဓားစွမ်းရည်ကို လက်တွေ့ဘဝမှာ ပထမဦးဆုံးအကြိမ် ဖြင်ဖူးတာပဲ”
ဖောက်သည်တစ်ယောက်က သက်ပြင်းချကာ ပြောသည်။
“ကျွမ်းကျင်စားဖိုမှူးတစ်ယောက်နဲ့ အခုမှ ငါထိပ်တိုက်တွေ့ရတယ်လို့ ထင်မြင်မိတယ်”
မျက်တောင်ပင်မခတ် တခြားသောဖောက်သည်တစ်ယောက်က ဝင်ရောက်ပြောဆိုသည်။
“သူက တကယ့်ကို ကျွမ်းကျင်စားဖိုမှူးပါ။ ဒါပေမယ့် ဒီဓားရဲ့လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးနော်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူဌေးယွမ်ရဲ့ ဓားစွမ်းရည်က အရမ်းကို ထူးခြား ကောင်းမွန်တယ်”
ဖောက်သည်များက အထင်ကြီးလေးစားစွာပြောသည်။
“ဖီးနစ်အမြှီးပုစွန်ဟင်းပွဲကို အော်ဒါမှာမိလို့ ကံကောင်းသွားတယ်”
ကျန်းချန်ရှီးက ဘေးကနေ ဝင်ရောက်ပြောဆိုသည်။ ဖောက်သည်တွေက တိုးလျသောအသံဖြင့် ဆွေးနွေးနေကြသော်လည်း သူတို့ရဲ့ မျက်ဝန်းက ယွမ်ကျိုးကို အကြည့်မလွှဲခဲ့ပေ။
ထို့နောက် ယွမ်ကျိုးက ဖီးနစ်သစ်ပင်ပေါ်မှာ နားနေသော ဖီးနစ်ငှက်ကလေး၏ ပန်းပုရုပ်ကို ပုံသွင်းဟန် ပြင်ဆင်နေသောအခါ ဖောက်သည်များက အံ့အားသင့်သောခံစားချက်ကို ထပ်မံ ခံစားရပြန်သည်။
သူက ယခင်အတိုင်း တူညီသော လုပ်ငန်းစဉ်ကို လုပ်ဆောင်သော်လည်း ထူးကဲသော ပုံဖော်ဓားကို အသုံးပြုခဲ့သည်။ သူ့လက်လှုပ်ရှားမှုက လျင်မြန်ပြီး မြန်ဆန်တိကျလွန်းသည်။
အသုံးမပြုခင် ဓားကို ပွက်ပွက်ဆူသောရေထဲမှာ အရင်ပြုတ်သည်။ ထိုမှသာ ဓားတွင်ရှိသော အနံ့ဆိုးနှင့် ရောဂါများမှ ကာကွယ်နိုင်လိမ့်မည်။
“ဒီဓားကို အသုံးပြုပြီးတော့ ပန်းပွင့်လေးကို ပုံဖော်တာလား။ အံ့ဩစရာပဲ။ အခုလိုမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ”
ကျန်းချန်ရှီးက မေးကို လက်နှစ်ဖက်ဖြင့်ထောက်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။
“မုန်လာဥတွေကို ပုံဖော်တာကိုပဲ အရင်က မြင်ခဲ့ဖူးတာ။
ဒီလိုပန်းပွင့်ပန်းပုရုပ်တွေကို
ပုံဖော်နိုင်မယ်လို့ မထင်ခဲ့မိဘူး”
ယွမ်ကျိုးက ဖီးနစ်သစ်ပင်ပေါ်မှာနားနေသည့် ဖီးနစ်ငှက်ကလေး၏ ပုံတူပန်းပုရုပ်ထုကို ထုလုပ်နေခြင်းကိုမြင်သောအခါ ဖောက်သည်တစ်ယောက်က မယုံကြည်နိုင်စွာ ပြောသည်။
“သူဌေးယွမ်မှာ မမျှော်လင့်ထားတဲ့ ထူးကဲတဲ့ ဖန်တီးမှုစွမ်းရည်ရှိတာပဲ။ ဒီလိုဆို
တို့ဖူးပေါ်မှာတောင် ပန်းပုရုပ် ထုနိုင်တဲ့ပုံပဲ”
တခြားသောဖောက်သည်တစ်ယောက်က အထင်ကြီးလေးစားဟန်ဖြင့်ပြောသည်။
“ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ သူဌေးယွမ်က ဒီလိုမျိုး ဓားကြီးကို သုံးပြီးတော့တောင် သိမ်မွေ့တဲ့အရာဝတ္ထုတွေကို ပုံဖော်ထုဆစ်နိုင်တာ။ အခြားအရာတွေကို မဖန်တီးနိုင်စရာအကြောင်း မရှိဘူး။ သူ့ရဲ့ဖန်တီးမှုစွမ်းရည်ကို
ငါ တကယ့်ကို လက်ခံယုံကြည်သွားပြီ”
သူက လေးကန်စွာ သက်ပြင်းချပြီးနောက် ပြောသည်။
“သူ့ရဲ့ဖန်တီးမှုစွမ်းရည်ကို အထင်ကြီးလေးစားသွားတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား”
ဖောက်သည်များက တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် ပြောဆိုနေကြသည်။
“ထပ်ပြောလို့ကော မရဘူးလား”
ဖောက်သည်တစ်ယောက်က သူ့စိတ်ထဲရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုသည်။
“တကယ့်ကို ယုံကြည်လက်ခံသွားသင့်ပါပြီ”
ကျန်းချန်ရှီးက ဖြည့်စွက်ပြောဆိုသည်။ ထိုစဉ်
ယွမ်ကျိုးက သူမ မှာယူထားသောဟင်းပွဲများကို သယ်ဆောင်လာပေးသည်။
“မင်း မှာယူထားတဲ့ဟင်းပွဲတွေ ရပါပြီ”
ဟင်းပွဲများကို ဗန်းနှစ်ဗန်းဖြင့် သယ်ဆောင်လာသည်။ တစ်ခုက အစုံလိုက် အစားအသောက် ကြိုဆိုခြင်းဖြစ်ပြီး၊ အစုံလိုက်အစားအသောက်ကြိုဆိုခြင်းတွင် ရေတစ်ခွက်၊ သကြားလုံး နှစ်လုံးနှင့် လက်ကိုင်ပုဝါအပိုင်းအစနှင့်အတူ အစုံလိုက်ခေါက်ဆွဲပြုတ်ကိုလည်း သယ်ဆောင်ထားသည်။
အခြားတစ်ဗန်းတွင် မျက်စိပသာဒရှိလှသည့် ဖီးနစ်အမြှီးပုစွန်ဟင်းပွဲကို တင်ထားသည်။
“ဒါက ထိုင်ခုံစရိတ်အနေနဲ့ တောင်းခံထားတဲ့ အစုံလိုက် အစားအသောက်လား။ နာမည်နဲ့ တကယ်ကော ထိုက်တန်လို့လား”
သာမန်ပစ္စည်းဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ မိနစ်ပိုင်းခန့်ကြာပြီးနောက် တစ်စုံတစ်ရာ ထူးခြားမှုရှိမည်ဟု သူမတွေးမိသွားသည်။
“ဒီသကြားလုံးတွေက အစာ စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ သကြားလုံးပဲ။ အချိုနည်းတဲ့ သကြားလုံးပါ။ အစာမစားခင်နဲ့ အစာစားပြီးတဲ့နောက် စားလို့ရပါတယ်”
ယွမ်ကျိုးက သကြားလုံးနှစ်ခု၏အသုံးဝင်ပုံကို သူတို့ကို ပြောပြသည်။
“အစာမစားခင် သကြားလုံးကို စားစရာလား။ ငါက အရူးမှ မဟုတ်တာ။ ရေတစ်ခွက်ပါ ထည့်ပေးလို့ တော်သေးတယ်”
ကျန်းချန်ရှီးက မကျေမနပ်ပြောဆိုသည်။ သူမက လက်တစ်ဖက်ဖြင့် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော သကြားလုံးကို ကောက်ယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရေခွက်ကို ကိုင်လိုက်သည်။ သူမ၏အပြုအမူက ဆေးသောက်မည့်လူတစ်ဦး၏အပြုအမူနှင့် တူသည်။
“အခုလိုစားဖို့ မလိုအပ်ဘူး။ ဒီတိုင်း သကြားလုံးဝါးသလို ဝါးယုံပဲ”
ယွမ်ကျိုးက အသိပေးသည်။
“တကယ်လား”
သို့တိုင် သူမက ယွမ်ကျိုး၏ ပြောဆိုမှုကို မယုံပေ။ သကြားလုံးကို ဝါးကြည့်လိုက်တဲ့အခါမှာ ခံတွင်းထဲမှာ အရည်ပျော်သွားပြီး ရေသောက်စရာ မလိုပဲ အစာအိမ်ထဲ စီးဝင်သွားသည်။ သကြားလုံးက လုံးဝ မချိုသည့်အတွက် မျက်ခုံးပင့်ကာ တအံ့တဩဖြစ်သွားသည်။
အပိုင်း(၂၁၇)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၁၈)
သကြားလုံးအားလုံးက ချိုသောအရသာရှိမည်ဟု တွေးခဲ့မိသော်လည်း သူမ၏အတွေးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည့် သကြားလုံး၏ အမည်မှလွဲ၍ ချိုမြသောအရသာကို အမှန်တကယ်
မခံစားရပေ။ ထို့အပြင် တခြားသော သကြားလုံးများကဲ့သို့ အရသာပြင်းသော ခံစားချက်လည်းမရှိပေ။
သူမ၏ ငယ်ငယ်ကဆိုလျှင် ဘာမှမစားထားလျှင် ယိုပုလင်းတစ်ဝက်ခန့်ကိုပင် ကုန်အောင်စားနိုင်သည်။ သကြားလုံးများက စာဖွဲ့စရာအဆင့် မဟုတ်ချေ။
ယခု သူမက အသက်အရွယ်ကြီးလာသည့်အတွက် ချိုသောအရာဝတ္ထုများကို မစားချင်တော့ပေ။ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည့် သကြားလုံးသည် ချိုမြမှု မရှိသည့်အပြင် ချဉ်သောအရသာကို ခံတွင်းခေါင်းမှတစ်ဆင့် အစာအိမ်ထဲရောက်သည်အထိ ခံစားမိသည်။
ချက်ချင်းဆိုသလို လန်းဆန်းသောခံစားချက်ကို ခံစားရပြီး အစာအိမ်ထဲမှ လေများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားရသည်။ ထို့နောက် ချက်ချင်း အစာစားချင်စိတ် ဖြစ်ပေါ်လာသည်။ အံ့အားသင့်ဖွယ်ကောင်းသော ဆေးဝါးတစ်မျိုးဖြစ်သည်။
“တကယ့်ကို အရသာရှိပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတာပဲ”
သူမ၏ရှေ့တွင်ရှိသော ဟင်းပွဲများကိုကြည့်ပြီး ကျန်းချန်ရှီးက အစုံလိုက်အစားအသောက်များ ကြိုဆိုခြင်းဟင်းပွဲကြောင့် တခြားဟင်းပွဲများကို မှာယူလိုသော ဆန္ဒ ချက်ချင်းဖြစ်ပေါ်လာသည်။
အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသော သကြားလုံး၏ ရည်ရွယ်ချက်က ပိုစားအောင် လှုံ့ဆော်သည်ထက် အစာစားချင်စိတ်ကို လှုံ့ဆော်ရုံသာဖြစ်သည်။ ကျန်းချန်ရှီးက ရေခွက်ကို လက်ထဲမှာဆုပ်ကိုင်ထားပြီး ရေကို ပလုတ်ပလောင်း သောက်ချလိုက်သည်။
“ရေသောက်ချင်သေးလို့လား”
ယွမ်ကျိုးက ဟင်းပွဲများကို ပြင်ဆင်ရန်အတွက် မီးဖိုချောင်ထဲ ရောက်ရှိနေပါပြီ။
ဘေးဘက်တွင်ရှိသော တခြားဖောက်သည်များကို ဤမေးခွန်း မေးမြန်းခြင်းဖြစ်သည်။ ကျန်းချန်ရှီး၏ မျက်နှာပေါ်မှာ ကျေနပ်သော အမူအရာကိုကြည့်ပြီး သူက မနေနိုင်မထိုင်နိုင် မေးမြန်းလိုက်ခြင်းဖြစ်သည်။
“မဆိုးဘူးလို့ ပြောလို့ရတယ်”
ကျန်းချန်ရှီးက သူမ သောက်လိုက်သောရေကို သာမန်ဟုသာ ခံစားမိသော်လည်း ပုံမှန် သောက်နေကျရေများထက် အရသာပိုရှိသည်။ သို့တိုင် ကျန်းချန်ရှီးက ရေတစ်ခွက်လုံးကို ကုန်အောင်မသောက်ခဲ့ပေ။
“သာမန်ကော ဟုတ်ရဲ့လား။ ငါတော့မယုံကြည်ဘူး”
ဖောက်သည်တစ်ယောက်က တအံ့တဩပြောသည်။ ယွမ်ကျိုးက သာမန်ပစ္စည်းများကို ရောင်းချဘူးသည့် ရာဇဝင်မရှိချေ။ ထို့ကြောင့်လည်း ဖောက်သည်က ကျန်းချန်ရှီးပြောသော စကားကို မယုံကြည်ခြင်းဖြစ်သည်။
“တက်မေးနီးယန်စ်မိုးရေမလား။ ဒါက အဖိုးတန်အရင်းအမြစ်ပဲလေ။ နိုင်ငံခြားတိုင်းပြည်တွေကို
မရောင်းဖို့တောင် ကန့်သတ်ထားတာမလား”
“ဈေးကွက်မှာ ရောင်းချတဲ့ရေတွေထက်တော့ အရသာပိုကောင်းတယ်”
ကျန်းချန်ရှီးက ရေတစ်ငုံကိုသောက်ပြီး ပြန်ပြောသည်။
“နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ရောင်းချဖို့ကန့်သတ်ထားတယ်ဆိုရင် သူဌေးယွမ်က ဘယ်လိုဝယ်လာတာလဲ"
ဖောက်သည်တစ်ယောက်က စပ်စပ်စုစုမေးမြန်းသည်။
“ဒေသဆိုင်ရာကာကွယ်ရေးပေါ်လစီအရ သတ်မှတ်ထားတာပါ”
ကျန်းချန်ရှီးက အတွေ့အကြုံရှိသောအပြုအမူဖြင့် ပြောဆိုသည်။
“နားလည်ပြီ။ ဒေသအပြင်ဘက်ကို မရောင်းချပေမယ့် ဒေသခံတွေကတော့ ဝယ်လို့ရတယ်ဆိုတဲ့ သဘောပေါ့”
ဖောက်သည်က အဓိကအချက်ကို သဘောပေါက်သွားသည်။
“ရှင်တွေးတာမှန်တယ်”
ကျန်းချန်ရှီးက ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် အရသာက ကောင်းမှာပေါ့။ ဘာလို့ သာမန်ပဲလို့ ပြောရတာလဲ”
ဖောက်သည်က မကျေနပ်ဟန်ဖြင့်ပြောသည်။ ဒေသဆိုင်ရာကာကွယ်ရေးပေါ်လစီက ဒေသကောင်းကျိုးအတွက် သတ်မှတ်ထားခြင်းဖြစ်သည်။
အကယ်၍ ယွမ်ကျိုးက စစ်မှန်တဲ့ တက်မေးနီးယန်စ်ရေကို ဝယ်ယူနိုင်ခဲ့လျှင် ကျန်းချန်ရှီးက သာမန်မျှဖြစ်သည်ဟု အဘယ့်ကြောင့် ပြောဆိုသနည်း။
“ဒီရေကို တက်မေးနီးယန်စ်မိုးရေအစစ်လို့ မခံစားမိလို့ပါ။ အခြားဒေသထွက် မိုးရေတွေလို့ ခံစားမိလို့ အခုလိုစကားမျိုး ပြောရတာပါ”
ကျန်းချန်ရှီးက ရိုးသားစွာပြောသည်။
“တက်မေးနီးယန်စ်မိုးရေအစစ်ကို သောက်ခဲ့ဖူးလို့လား”
ဖောက်သည်တစ်ယောက်က စပ်စပ်စုစုမေးမြန်းသည်။
“မသောက်ခဲ့ဘူးပါဘူး။ တခြားဒေသထွက်က နာမည်ကြီးတဲ့ရေတွေတောင် တစ်ပုလင်းကို ယွမ် ၃သိန်းကျော်တောင်ရှိတယ်။ ငါဝယ်မသောက်နိုင်ပါဘူး”
ကျန်းချန်ရှီးက ပခုံးဆတ်ခနဲတွန့်လိုက်ပြီး အမှန်အတိုင်းပြောဆိုသည်။
“မင်းတို့မှာထားတဲ့ဟင်းပွဲတွေရပါပြီ”
ထိုစဉ် ယွမ်ကျိုးက ဟင်းပွဲများကို သယ်ဆောင်လာသည်။ ကျန်းချန်ရှီးက ထိုစကားကို ကြားသောအခါ စကားပြန်ပြောသည်။
“ပထမဦးဆုံး သတ္တုရေကို ဈေးကွက်မှာ ရောင်းချတဲ့အခါမှာ အသုံးပြုတဲ့ပုလင်းကိုတောင် သန့်စင်တဲ့ရွှေနဲ့ပြုလုပ်ထားတယ်။ ဒီ့အပြင် ဒီရေထဲမှာဆိုရင် ရွှေမှုန် ၅ မီလီဂရမ်လောက်လည်းပါတယ်။ ပထမဦးဆုံးတစ်ဘူး၊ နောက်ဒုတိယမြောက်ထွက်ကုန်ကိုတော့ ဂျပန်ပြည်မှာပဲရောင်းချခဲ့တယ်”
ထိုစကားကို ပြောနေစဉ် ယွမ်ကျိုးက နာမည်ကြီးသောက်ရေများအကြောင်းကို နားစွင့်နေသည်။
“သူဌေးယွမ်၊ ရှင်က ရှင့်ရဲ့ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ကြွားဝါနေတယ်နော်။ ဘာလို့လဲ”
ကျန်းချန်ရှီးက မေးမြန်းသည်။
“အစားစားတဲ့အခါမှာ ရေက မရှိမဖြစ်လိုအပ်တယ်လေ။ အသင့်လျော်ဆုံးလည်းဖြစ်တယ်။ အကောင်းဆုံးလည်းဖြစ်တဲ့အတွက်ကြောင့် ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ”
ယွမ်ကျိုးက မပွင့်တပွင့်ဖြင့်ပြောသည်။
“ငါတို့ သူဌေးယွမ်က အရမ်းကို ရက်ရောတဲ့သူဆိုတာ ငါတို့အားလုံးသိပါတယ်”
ကျန်းချန်ရှီးက ယွမ်ကျိုးကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်ပြီး ကျီစယ်လိုက်သည်။ ကျန်းချန်ရှီး၏ တုံ့ပြန်မှုကြောင့် ယွမ်ကျိုးက ခပ်လှမ်းလှမ်းသို့ ထွက်သွားသည်။
ဤအမျိုးသမီးက သောက်ရေကို အလကားသောက်ချင်သည့် ရည်ရွယ်ချက်ဖြင့် မြှောက်ပင့်ပြောဆိုနေမှန်း သူသိသည်။ ထို့ကြောင့် သူက လျင်မြန်သောခြေလှမ်းများဖြင့် မီးဖိုချောင်သို့ ပြန်သွားပြီး လုပ်စရာရှိသည့်အလုပ်များကို ဆက်လက်လုပ်ဆောင်သည်။
နေ့လယ်ခင်းတွင် ကျန်ချန်ရှီး၏ အစားစားသည့်နှုန်းက အလွန်လျင်မြန်ခဲ့သည်။ မိနစ် ၂၀ အတွင်း သူမ မှာယူခဲ့သော ဟင်းပွဲများကို ပြီးဆုံးအောင်စားပြီးနောက် ကံစမ်းမဲနှိုက်ရန် စိတ်အားထက်သန်နေသည်။
စားပွဲခုံပေါ်တွင် ကျန်ရှိနေသေးသည့် အစာစားပြီးစားသည့် သကြားလုံးကို မြင်သောအခါ စည်းမျဉ်းကိုလိုက်နာရမည်ဖြစ်သောကြောင့် သကြားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
“အရသာက မတူဘူးပဲ။ ဒါပေမယ့်ကောင်းပါတယ်”
ကျန်ချန်ရှီးက နှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး ခံတွင်းထဲမှ လတ်ဆတ်သောအရသာကို ခံစားမိသည်။ ဖီးနစ်အမြှီး ပုစွန်ဟင်းပွဲ နှင့် ခေါက်ဆွဲပြုတ်၏အရသာက သူမ၏စိတ်ထဲ စွဲထင်ကျန်ရစ်နေသည့်တိုင် သကြားလုံး၏ ပံ့ပိုးမှုကြောင့် အစာကြေသောခံစားချက်ကို ခံစားမိသည်။
အစာစားပြီးမှ စားရသောသကြားလုံးသည် အရသာများကို ရောထားခြင်းဖြစ်သည်။ ချိုမြသော အရသာနှင့် ချဉ်သောအရသာကို ရောထွေးခံစားမိသည်။ ခံတွင်းထဲဝင်ရောက်သောအခါ ချက်ချင်း အရေပျော်သွားပြီး စားရအရမ်းလွယ်ကူသည့်အပြင် သကြားလုံးကိုစားပြီးနောက် အေးစက်စက်ခံစားချက်ကိုလည်း မခံစားရပေ။
“သူဌေးယွမ်၊ ကံစမ်းမဲနှိုက်ချင်တယ်”
ကျန်းချန်ရှီးက သကြားလုံး၏ အရသာကို ကျေနပ်ပြီးနောက် စိတ်လှုပ်ရှားစွာပြောသည်။
“ရှောင်ယွမ်၊ သူ့ဆီကို ကံစမ်းမဲသေတ္တာယူလာခဲ့”
ယွမ်ကျိုးက သူမ ပြောသည့်စကားကို ပြန်မဖြေသော်လည်း မုရှောင်ယွမ်ကို ညွှန်ကြားသည်။
“ဟုတ်ကဲ့ပါ၊ သူဌေး”
မုရှောင်ယွမ်က ကံစမ်းမဲသေတ္တာဘူးကို နာခံစွာ ယူဆောင်လာပြီး ကျန်းချန်ရှီးအား ပေးသည်။
“အမကြီး အနီရောင်ဘောလုံးတစ်လုံး အထဲမှာ ရှိပါသေးတယ်”
ပြုံးရွှင်သောအမူအရာဖြင့် မုရှောင်ယွမ်က ကျန်းချန်ရှီးအနားသို့ သေတ္တာလေးကို တိုးပေးသည်။
“ကောင်းပြီ။ ကံစမ်းကြည့်ရတာပေါ့”
ကျန်းချန်ရှီးက သူမ၏ကံတရားကို စမ်းသပ်ကြည့်သည်။ အဝါရောင်အင်္ကျီ နှင့် အဖြူရောင် စကတ်ကို ဝတ်ဆင်ထားသော ကျန်းချန်ရှီးက လန်းဆန်းတတ်ကြွသောပုံစံပေါ်သည်။
လက်တစ်ဖက်က သားရေပိုက်ဆံအိတ်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကို သေတ္တာထဲသို့ ထည့်လိုက်ပြီး အနီရောင်ဘောလုံးကို ကံစမ်းမဲနှိုက်မိရန်ကြိုးစားသည်။
“ကံစမ်းမဲပေါက်ပါစေ”
မုရှောင်ယွမ်က ဘေးဘက်မှနေပြီး သူမကို အားပေးစကားပြောသည်။ ကျန်းချန်ရှီးက လက်ကို အတွင်းထဲသို့ ထည့်လိုက်ပြီး ဘောလုံးကို ကောက်ယူရန်ကြိုးစားသည်။
ကျန်ချန်ရှီး၏လက်က ဖြူဖွေးသေးသွယ်သောကြောင့် ဘောလုံးကို အပြည့်အဝ
မဖုံးကွယ်နိုင်ချေ။ မုရှောင်ယွမ်၏အမြင်အာရုံထဲသို့ ဘောလုံး၏အရောင်က ဝင်ရောက်လာသည်။
“အနီရောင်ဘောလုံးလေးပဲ။ အောင်မြင်သွားပြီ”
မုရှောင်ယွမ်က စိတ်လှုပ်ရှားစွာပြောသည်။
“ငါမပြောဘူးလား။ ဒီအမျိုးသမီးကြီးက အမြဲတမ်း ကံကောင်းပါတယ်လို့”
ကျန်းချန်ရှီးက ဂုဏ်ယူဝံ့ကြွားစွာပြောသည်။
“သူဌေးယွမ်၊ ကျသင့်ငွေကို သူဌေးယွမ်ရဲ့အကောင့်ထဲကို လွှဲပေးလိုက်မယ်။ ညဘက်ရောင်းမယ့် အရက်ပုလင်းကို အခုကျွန်မပိုင်သွားပြီနော်”
ကျန်းချန်ရှီးက ပျော်ရွှင်စွာပြောသည်။
“ညကျရင် အချိန်မှီ လာခဲ့ပေးပါ။ နောက်ကျမှရောက်လာရင် လက်မခံပါဘူး”
ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက ပုံမှန်အတိုင်းပြောဆိုသည်။ သို့သော်ငြားလည်း ကျန်းချန်ရှီးက ယွမ်ကျိုး၏ ညွှန်ကြားချက်ကို လက်ခံလိုက်သည်။
ထို့နောက် စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်လာစဉ် ကျန်းချန်ရှီးက ဖုန်းကို ထုတ်လိုက်သည်။
“လူကြီးမင်းပေ၊ အခုဘယ်ရောက်နေလဲ”
ဖုန်း၏အခြားတစ်ဖက်က အမျိုးသားတစ်ယောက်၏အသံကို ခပ်သဲ့သဲ့ကြားနိုင်သည်။
ဖုန်းပြောပြီးနောက် ကျန်းချန်ရှီးက အရှေ့ဘက်သို့ ဆက်လက်လမ်းလျှောက်သွားပြီး တက္ကစီစောင့်ဆိုင်းသည့်နေရာတွင် မတ်တတ်ရပ်နေလိုက်သည်။ ခဏကြာပြီးနောက် အစိမ်းရောင်တက္ကစီက သူမ၏ဘေးနား ရပ်တန့်လာသည်။
“ကားထဲဝင်လေ၊ ကျန်အာ”
ဒရိုင်ဘာက ခေါင်းကို အပြင်ဘက်သို့ ထွက်လိုက်ပြီး ကျန်းချန်ရှီးကို စကားပြောသည်။
“ကောင်းပြီ”
သူမက ကားထဲဝင်ရောက်လိုက်ပြီး ကားတံခါးကို ပိတ်လိုက်သည်။
“ဒီဆိုင်မှာ အစားအသောက်တွေ ခဏခဏစားတာလား”
လူကြီးမင်းပေက ပြုံးရွှင်စွာမေးမြန်းသည်။
လူကြီးမင်းပေသည် တက္ကစီကုမ္ပဏီ၏အပြာရောင်ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ရုပ်ရည်သာမန်ရှိသည့် သက်လတ်ပိုင်းအမျိုးသား ဖြစ်သည်။ ဘီယာဗိုက်ကို ပိုင်ဆိုင်ထားသောကြောင့် ကိုယ်ဝန် ငါးလ၊ ခြောက်လရှိသော အမျိုးသမီးပုံစံပေါ်နေသည်။
“အွန်း ညကျရင် ဒီဆိုင်မှာထပ်ပြီး အရက်သောက်ခွင့်ရဦးမယ်လေ။ ၁၂ နာရီကျရင် ကျွန်မကို လာခေါ်ပေးပါ”
ကျန်းချန်ရှီးက ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။
"ဒါဆိုရင် အနီရောင်ဘောလုံး ထပ်ပေါက်သွားတာလား”
လူကြီးမင်းပေက ကားကိုဂရုတစိုက်မောင်းရင်း သူမနှင့်စကားပြောသည်။
“ဒါပေါ့။ ကျွန်မက အမြဲတမ်း ကံကောင်းတယ်လေ”
ကျန်းချန်ရှီးက ကျေနပ်အားရသောအမူအရာဖြင့်ပြောသည်။
“ဟုတ်တယ်။ သေချာတာပေါ့။ ဒီစားသောက်ဆိုင်ရဲ့အရက်က အရမ်းကိုကောင်းတယ်”
ကျန်းချန်ရှီး၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့ဖူးသော အရက်အငွေ့အသက်ကို အာရုံခံကြည့်ရင်း လူကြီးမင်းပေက ယခုလိုပြောဆိုခြင်းဖြစ်သည်။ အနံ့တစ်ချက်ရှူလိုက်ရုံဖြင့် ထိပ်တန်းအရက်ကောင်းမှန်း သူသိနေသည်။
“ဒါဆိုရင် လူကြီးမင်းပေကို ဒီနေ့ည မဲပေါက်တဲ့အရက် တစ်ခွက်တိုက်မယ်လေ။ ဘယ်လိုသဘောရလဲ”
ကျန်းချန်ရှီးက လူကြီးမင်းပေက အရက်နှစ်သက်မှန်းသိနေသည်။
“မလိုအပ်ပါဘူး။ နောက်တစ်ခေါက်မှပဲ သောက်တော့မယ်”
လူကြီးမင်းပေက အချီကြီးပြုံးပြီး ချက်ချင်းငြင်းပယ်သည်။
“ကောင်းပြီလေ။ နောက်တစ်ခေါက်မှ တိုက်တော့မယ်”
ကျန်းချန်ရှီးက အတင်းအကြပ် မတိုက်တွန်းပေ။
“ဒီမှာပြထားတဲ့နှုန်းက စုစုပေါင်း ကျသင့်ငွေ ၂၅ ယွမ်ပါ”
လူကြီးမင်းပေက ကားကို ရုံးအဆောက်အဦးနားမှာ ကားပါကင်ထိုးလိုက်ပြီးနောက် ကျသင့်ငွေကို ပြောကြားသည်။
“ကိစ္စမရှိပါဘူး။ မနက်ဖြန် ၈နာရီ ကျွန်မကို လာခေါ်ဖို့တော့ မမေ့နဲ့။ ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းပေ”
ကျန်းချန်ရှီးက သူ့ကို သတိပေးရန် မမေ့လျော့ခဲ့ပေ။ လူကြီးမင်းပေက အဆင်ပြေကြောင်း အမူအရာ ပြသပြီး တခြားသော ဖောက်သည်ကို သွားရောက်ခေါ်ဆောင်ရန် ကားကို အဝေးသို့ မောင်းနှင်သွားသည်။
အပိုင်း(၂၁၈)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၂၁၉)
ညအချိန်တွင် ကျန်းချန်ရှီးက အံ့အားသင့်ဖွယ်ကောင်းသော အရက်ရနံ့နှင့်အတူ ကားထဲဝင်ရောက်လာသည်။ ခဏကြာပြီးနောက် ကားတစ်စီးလုံး အရက်နံ့ခပ်သင်းသင်း ပြည့်နှက်သွားသည်။
“အရမ်းကို မွှေးနေတာပဲ။ အရင်တစ်ခါသောက်တဲ့အရက်ပဲလား”
လူကြီးမင်းပေက အနံ့ကို ရှူရှိုက်လိုက်ပြီးနောက် အတည်ပြုဟန် မေးမြန်းသည်။
“သူဌေးယွမ်က အရက်အသစ်ကို ရောင်းချဖို့အတွက် အဲ့လောက် မမြန်ဘူးလေ။ ဒါပေမယ့် လက်ရှိရောင်းနေတဲ့ဟာက ကျွန်မအတွက်တော့ လုံလောက်ပါတယ်။ သဘောကျတယ်”
ကျန်းချန်ရှီးက အရက်သောက်ခြင်းကို အလွန်အမင်း နှစ်သက်သူဖြစ်သည်။ သူဌေးယွမ် ရောင်းချသောအရက်က မက်မွန်သီးဖျော်ရည်ကဲ့သို့ ချိုမြပြီး သူမ၏ခံတွင်းထဲ အချိန်အတော်ကြာအောင် စွဲငြိနေသည်။
ပုံမှန်ဆိုလျှင် အရက်သောက်သည့်သူက အသိစိတ်လွတ်ပြီး မနက်ခင်းရောက်လျှင် ခေါင်းကိုက်သောဝေဒနာကို ခံစားရတတ်သည်။
သို့သော်လည်း ယခုသောက်ခဲ့သောအရက်က ဤကဲ့သို့သောဆိုးကျိုးများကို မခံစားရသည့်အပြင် ပို၍ လန်းဆန်းသောခံစားချက်ကို ခံစားမိစေသည်။
“ကောင်းမွန်တဲ့အရက်က သောက်ကြည့်ဖို့ ထိုက်တန်တယ်”
လူကြီးမင်းပေက ပြုံးကာဝင်ရောက်ပြောဆိုသည်။
“ဒါဆိုရင် အရက်တစ်ခွက်တိုက်မယ်လေ။ ဘယ်လိုလဲ”
ကျန်းချန်ရှီးက အထိုက်အလျောက် မေးမြန်းသည်။
“မလိုအပ်ပါဘူး။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့မိန်းမက အိမ်မှာ ကျွန်တော့်ကို စောင့်မျှော်နေတယ်”
လူကြီးမင်းပေက ပျော်ရွှင်သောအမူအရာဖြင့် ပြောသည်။
“အခုအချိန်ထိ အိမ်မှာစောင့်နေတုန်းလား”
ကျန်းချန်ရှီးက စပ်စုသောလေသံဖြင့် မေးမြန်းသည်။
“ဟုတ်တယ်။ အိမ်ပြန်ချိန်နောက်ကျတိုင်း ကျွန်တော့်မိန်းမက ကျွန်တော့်အတွက် စိုးရိမ်နေတာ”
လူကြီးမင်းပေက ပြုံးကာရှင်းပြသည်။
“အမ်၊ ရှင့်မိန်းမက ရှင့်ကိုတော်တော်ဂရုစိုက်တာပဲ”
ကျန်းချန်ရှီးကလည်း ပြုံးကာပြောသည်။
“ဪ .. ကျွန်တော်တို့က လက်ထပ်ထားတာကြာပြီလေ”
ကျန်းချန်ရှီးက သူ၏ဇနီးသည်ကို ချီးမွမ်းသည့်စကားကို ပြောသောအကြောင်းအရာကို ကြားသောအခါ ကားမောင်းသမားကြီး ပျော်ရွှင်သွားသည်။
.....
နေ့အချိန်နှင့် ညအချိန်ကုန်လွန်သွားပြီး တစ်နေ့တာ ကုန်လွန်သွားသည့်သဘောဖြစ်သည်။ ထို့ကြောင့် ရနံ့မွှေးကြိုင်သောကြက်ဥပြုတ်ထည့်ထားသော မြေအိုးအဖုံးကို ဖွင့်ရမည့်အချိန်လည်းဖြစ်သည်။
မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ အပြင်ဘက်မှာ တန်းစီ စောင့်နေသော ဖောက်သည်များက မွှေးကြိုင်သောရနံ့ကို ထပ်မံခံစားရသည်။
“ဒါက မနေ့ညတုန်းက ပြင်ဆင်ထားတဲ့ ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းပွဲပဲဖြစ်ရမယ်။ ဒီနေ့ စားလို့ရပြီလား”
ဖောက်သည်Aက ယွမ်ကျိုး၏ မြေအိုးထဲမှ ထွက်ပေါ်လာသော မွှေးရနံ့ကို ရရှိသောအခါ စပ်စုသောလေသံဖြင့်ပြောဆိုသည်။
“ဟုတ်တယ်။ ငါလည်း ဒီလိုပဲထင်တယ်။ အရသာကို အရမ်းကို မြည်းစမ်းကြည့်ချင်နေပြီ”
ဖောက်သည်Bက မွှေးရနံ့ကို ရစ်မူးနေသည်။ သူက မွှေးရနံ့ကို ရှူရှိုက်ရင်း ပြောသည်။
“ဟား ဟား ဟား ဟား လက်ဖက်ကြက်ဥရဲ့ဈေးက ဘယ်လောက်လဲလို့ မင်းတို့တွေထင်လဲ”
ဖောက်သည်B၏နောက်တွင်ရှိသော ဖောက်သည်Cက တည်ငြိမ်နေသော အမူအရာကို ပြသသည်။
“၁၈၈၈ ယွမ်လေ။ ငါဝယ်မစားနိုင်မှန်း သိပါတယ်။ ဒါပေမယ့် အရသာကောင်းမယ်လို့ ငါခံစားမိတယ်”
ဖောက်သည်Dက အစပိုင်းတွင် စိတ်ရှုပ်ထွေးသွားသော်လည်း ပုံမှန်လေသံဖြင့် ပြန်ပြောသည်။
“အခု ရနံ့သင်းကြိုင်တဲ့ကြက်ဥဟင်းက လက်ဖက်ကြက်ဥလောက်တော့ ဈေးကြီးမယ်လို့ မထင်ဘူး”
ဖောက်သည်Dက သူ၏ အတွေးအမြင်ကို ဝင်ရောက်ပြောဆိုသည်။
“ဘာလို့ ဒီလိုထင်ရတာလဲ။
ငါတို့ကို ပြောစမ်းပါဦး”
ဖောက်သည်Cက ဆရာကျကျ လက်ပိုက်ပြီး ဖောက်သည်Dကို မေးမြန်းသည်။
“ဪ ဒီလိုတွေးမိတာက အကြောင်းရင်းရှိတယ်လေ။ လက်ဖက်ကြက်ဥမှာသုံးတဲ့ လက်ဖက်က အရမ်းဈေးကြီးတယ်လေ။ ရနံ့သင်းကြိုင်တဲ့ကြက်ဥဟင်းမှာ လက်ဖက်ရွက်သုံးဖို့တော့ မလိုအပ်ဘူးလို့ ငါထင်တယ်။ ဒါကြောင့်မို့လို့ လက်ဖက်ကြက်ဥလောက်တော့ ဈေးအရမ်းမကြီးနိုင်ဘူး”
ထိုအကြောင်းကို ပြောလိုက်သော်လည်း သူကိုယ်တိုင် ယုံကြည်မှု အရမ်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုးစားသောက်ဆိုင်တွင် ရောင်းချသောဟင်းပွဲများသည် ထိပ်တန်းအဆင့်ရှိသည့် စားကောင်းသောက်ဖွယ်များ ဖြစ်သည်။ ထို့ကြောင့် ရနံ့သင်းကြိုင်သောကြက်ဥ ဟင်း၏ဈေးနှုန်းကို ခန့်မှန်းရန် အမှန်တကယ် ခက်ခဲသည်။
“ဆိုင်ဖွင့်ချိန် စပါပြီ။ အားလုံးပဲ ဟင်းပွဲများကို အော်ဒါမှာနိုင်ပါပြီ”
ဖောက်သည်အားလုံး၏ ကြုံရာကျပန်း ခန့်မှန်းချက်များကို မုရှောင်ယွမ်၏အသံက ရပ်တန့်သွားစေသည်။ အရှေ့ဘက်တွင်ရှိသော ဖောက်သည်များက စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပြီး စားသောက်ဆိုင်ကို ကြည့်ရှုကြသည်။
“အရင်ဆုံး ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းရဲ့ ဈေးနှုန်းကို ကြည့်မယ်”
ဖောက်သည်A ပထမဦးဆုံး ပြုလုပ်သည့်အရာက စားသောက်ဆိုင်ထဲဝင်ဝင်ချင်း ဈေးနှုန်းစာရင်းကို ကြည့်ရှုခြင်းဖြစ်သည်။
“ဈေးနှုန်းစာရင်းကို သိသွားရင် ငါတို့ကို ပြောပြဦး”
နောက်ဘက်မှာ စောင့်ဆိုင်းနေသော တခြားသောဖောက်သည်များကလည်း ဈေးနှုန်းစာရင်းကို စိုးရိမ်တကြီး ကြည့်ချင်နေကြသည်။ သို့သော်လည်း ယွမ်ကျိုး၏စားသောက်ဆိုင်သည် အရမ်းကို သေးငယ်သည့်အတွက် တံခါးပေါက်အပြင်ဘက်မှာသာ သတင်းကို စောင့်ဆိုင်းနေရသည်။
“ကိစ္စမရှိဘူး”
စားသောက်ဆိုင်ထဲ ဝင်ရောက်သွားသောဖောက်သည်က အပြင်မှာစောင့်ဆိုင်းနေရသော ဖောက်သည်များ၏ စိတ်နေသဘောထားကို ကောင်းစွာနားလည်သည်။
ပထမဦးဆုံး ဝင်ရောက်သွားသော ဖောက်သည်အဖွဲ့သည် စားသောက်ဆိုင်ထဲဝင်ရောက်သွားသည်နှင့် ဈေးနှုန်းစာရင်းကို ကြည့်ကြသည်။ သူတို့အားလုံး၏တုံ့ပြန်မှုက မတူညီကြပေ။
“ဒီလိုအရသာရှိတဲ့ဟင်းပွဲကို မြည်းစမ်းဖို့အတွက် ဒီလောက်ဈေးနှုန်းပေးရတာ ငါ့အတွက်တော့ လက်သင့်ခံနိုင်ဖွယ်ရှိတယ်”
ဖောက်သည်က စားသောက်ဆိုင်ထဲ ကျန်ရှိနေသည့် မွှေးရနံ့ကို ရှူရှိုက်ရင်း ပြောသည်။ မနေ့တုန်းက မွှေးရနံ့၏ နှိပ်စက်မှုကြောင့် ဈေးကွက်ထဲရောင်းချသည့် ရနံ့သင်းကြိုင်သည့် ကြက်ဥဟင်းကို ဝယ်စားခဲ့သည်။
ဈေးကွက်ထဲတွင် ရောင်းချသော ရနံ့သင်းကြိုင်သည့် ကြက်ဥဟင်းသည် အရည်အသွေး နိမ့်ကျသော လက်ဖက်ကြက်ဥအဆင့်များသာရှိသည်။ ယွမ်ကျိုးစားသောက်ဆိုင်တွင် ရောင်းချသော ဟင်းပွဲများ၏ မွှေးရနံ့ကို ယှဉ်နိုင်ဖို့ မဆိုထားဘိ။
“ငါတော့ ငါ့စိတ်တည်ငြိမ်အောင် အစုံလိုက်ကြက်ဥထမင်းကြော်ပဲ ဝယ်စားတော့မယ်”
ဈေးနှုန်းစာရင်းကို မြင်သွားပြီး ဝယ်မစားနိုင်သော ဖောက်သည်များက စိတ်တည်ငြိမ်အောင် တခြားသောဟင်းပွဲများကိုသာ မှာယူကြသည်။
“ကြက်ဥတစ်လုံးကို ၄၈၈ ယွမ်လား။ ဒီဈေးနှုန်းက ငါ့အတွက်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ကြက်ဥဟင်းတစ်ပွဲပေးပါ”
လင်းဟုန်က ဈေးနှုန်းစာရင်းကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ တခြားသူများက မှာယူခြင်းမရှိပေ။ ထို့ကြောင့် မုရှောင်ယွမ်က လင်းဟုန်နှင့် တခြားသူတစ်ယောက် မှာယူထားသော ဟင်းပွဲကို ယွမ်ကျိုးသိအောင် သတင်းသွားပို့ပေးသည်။
ရနံ့သင်းကြိုင်သော ကြက်ဥဟင်းများကို ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် မတည်ခင်းခင် ကြက်ဥကို ထပ်မံပြုတ်ရန် လိုအပ်သည်။ ထိုမှသာ စား၍ရသော အခြေအနေ ရောက်လိမ့်မည်။
ထို့ကြောင့် မုရှောင်ယွမ်က ရနံ့သင်းကြိုင်သော ကြက်ဥဟင်းပွဲနှစ်ပွဲကို ဖောက်သည်နှစ်ယောက်ထံသို့ အလွန်လျင်မြန်သောနှုန်းဖြင့် သယ်ဆောင်လာသည်။
“အကိုလင်း၊ အကိုမှာယူထားတဲ့ ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်း ရပါပြီ”
မုရှောင်ယွမ်က ကြက်ဥဟင်းပွဲကို သူမနှင့် အနီးဆုံးရှိနေသည့် လင်းဟုန်ထံ အရင်ဆုံးသယ်ဆောင်သွားသည်။ ထို့နောက် တခြားသောကြက်ဥဟင်းပွဲကို ဖောက်သည် နောက်တစ်ယောက်ထံ သယ်ဆောင်သွားသည်။
“လူကြီးမင်း မှာယူထားတဲ့ ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းပါ”
“ဟင်း ... ဒီတစ်ခေါက်လည်း အခွံမခွာထားပြန်ဘူး”
လင်းဟုန်က အခွံရှိနေသည့် ကြက်ဥဟင်းကို ညွှန်ပြရင်း ယွမ်ကျိုးကို မေးမြန်းသည်။
“အစားအသောက်တွေကို ကိုယ်တိုင်ပြုလုပ်တာက အရသာပိုကောင်းပါတယ်”
ယွမ်ကျိုးက ပုံမှန်အတိုင်း ပြန်ဖြေသည်။
“အွန်း ... ကြက်ဥခွာဖို့အတွက် ငါ့လက်ကို ငါထပ်သုံးရဦးမှာပေါ့”
လင်းဟုန်က မကျေနပ်ဟန်ဖြင့် ရေရွတ်သော်လည်း သူ၏အပြုအမူက နှေးကွေးခြင်းမရှိပေ။ ကြက်ဥမခွာခင် လက်ကို အရင်ဆုံးသန့်စင်ရန် ဘေစင်နားသွားသည်။
သို့သော်ငြားလည်း ရနံ့သင်းကြိုင်တဲ့ကြက်ဥဟင်းကို မှာယူသည့် တခြားဖောက်သည်တစ်ယောက်ဖြစ်သည့် ဟုန်ရှားက ဘေးဘက်မှာ မလှုပ်မယှက်ရပ်နေသည်။
သူက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လက်ကောက်ဝတ်ကို ဖော်ပြကာ ကြက်ဥအခွံကို စတင်ခွာသည်။
သေးငယ်သောအပေါက်ကလေးပေါ်အောင် ကြက်ဥကို ခွဲလိုက်ပြီးနောက် ကြက်ဥတစ်လုံးလုံးကို ခွာယူရန် လွယ်ကူသွားသည်။
သို့သော်ငြားလည်း ဟုန်ရှားနှင့် လင်းဟုန်တို့သည် ယခုလို ကြက်ဥခွာသည့် အလုပ်ကို ယခင်က မလုပ်ခဲ့ဖူး၍ အနည်းငယ် ကို့ရိုးကားယားနိုင်သည်။
နှစ်ယောက်ယှဉ်လိုက်လျှင် လင်းဟုန်က လက်ဖက်ကြက်ဥကို ဝယ်စားနေကြဖြစ်၍ ဟုန်ရှားထက်ပို၍ လျင်မြန်စွာ အခွံခွာနိုင်ခဲ့သည်။
ဟုန်ရှားက ရုံးမှာ အလုပ်လုပ်ခဲ့ပုံပေါ်သည်။ ထို့ကြောင့်သူက စာရိုက်ရာတွင်သာ မြန်ဆန်သော်လည်း ကြက်ဥအခွံခွာသည့်နေရာမှာ နှေးကွေးနေသည်။ လင်းဟုန် ကြက်ဥတစ်လုံးလုံး ကုန်အောင်စားပြီးမှသာ အခွံခွာခြင်းလုပ်ငန်းကို ပြီးဆုံးသွားသည်။
“ကြက်ဥအခွံခွာတာလည်း ကျွမ်းကျင်ဖို့ လိုအပ်တာပဲ။ တကယ့်ကို မလွယ်ဘူးပဲ"
ဟုန်ရှားက ကြက်ဥကို သန့်ရှင်းသောပန်းကန်ပြားပေါ်မှာ တင်လိုက်ပြီး ကျေနပ်ဟန်ပြောသည်။
“ကြက်ဥပေါ်မှာ ပုံဖော်ထားတဲ့ ပုံစံတွေက တစ်ခုနဲ့တစ်ခု မတူဘူးနော်”
ဟုန်ရှားက သူ၏အတွေးကို ထုတ်ပြောသည်။
“ကြက်ဥပုံသဏ္ဍာန်ကွာခြားတာက ခြားနားမှုတော့ မရှိပါဘူး”
လင်ဟုန်က ဟုန်ရှားကို ပြန်ပြောသည်။
“ခြားနားတာပေါ့။ ငါ့ရဲ့ကြက်ဥက တောထဲက သစ်တောလေးနဲ့တူတယ်။ မင်းရဲ့ကြက်ဥကတော့ ကောင်းကင်ယံကြီးနဲ့တူတယ်”
ဟုန်ရှားက အသေးစိတ် စစ်ဆေးကြည့်သည်။
“သူဌေးယွမ်က အဖြူရောင်ကြက်ဥပေါ်မှာ ပုံသဏ္ဍာန်မျိုးစုံဖြစ်အောင် ဖန်တီးထားပုံရတယ်”
ထိုစကားကိုပြောနေစဉ် လင်းဟုန်က ကြက်ဥပလုတ်ပလောင်း စားနေသည်။ သို့သော်ငြားလည်း ဟုန်ရှားက ရနံ့သင်းကြိုင်သောကြက်ဥ၏ အရသာကို ပို၍ အာရုံစိုက်နေသည်။
အခွံခွာထားသောကြက်ဥပေါ်မှ ပုံစံမျိုးစုံသည် အနုပညာရပ်တစ်ခုသာဖြစ်သည်။ အဖြူရောင်ကြက်ဥအတွင်းမှာလည်း အရောင်ကွာခြားမှုရှိသည့်အချက်ကိုလည်း ဟုန်ရှားသိရှိသွားသည်။
ကြက်ဥအခွံကို အနီးကပ်ကြည့်ရှုလိုက်သောအခါ အရောင်တောက်ပြီးတော့ နီညိုရောင် သန်းနေသည်။ အနှစ်က နူးညံ့ပြီး စားကောင်းမည့်အခြေအနေရှိသည်။
သေချာဝါးကြည့်သောအခါ ဟုန်ရှားက ရနံ့သင်းကြိုင်သော ကြက်ဥဟင်း၏ ထူးခြားသောအရသာကို ခံစားမိသည်။ ဝါးလေလေ မွှေးရနံ့က ပို၍ သင်းကြိုင်လာလေဖြစ်သည်။
ကြက်ဥ၏ ဆိုးဝါးသောညှီနံ့ကို လိမ္မော်သီးအခွံခြောက်က ဖယ်ရှားပေးထားပြီး လိမ္မော်သီး၏ရနံ့သင်းသင်းလေးကိုလည်း ခံစားရသည်။ ဟုန်ရှားက ကြက်ဥအနှစ်ကို စမ်းစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ကြက်ဥအနှစ်ကို စမ်းစားကြည့်မယ်”
ဝါဖန့်ဖန့်ကြက်ဥအနှစ်ကိုကြည့်ပြီး ဟုန်ရှားက သေးငယ်သောအပိုင်းအစလေးအဖြစ် ဖဲ့ပြီး ကိုက်လိုက်သည်။ ကောင်းမွန်စွာချက်ပြုတ်ထားသောကြက်ဥဖြစ်သည့်အတွက် ကြက်ဥအနှစ်က သာမန်ထက်ထူးခြားသော အရသာရှိသည်။ မျိုချရက်စရာ အခြေအနေမရှိပေ။
ထို့ကြောင့် ဟုန်ရှားက ကြက်ဥအပိုင်းအစတစ်ခုကို ယုံကြည်မှု အပြည့်ဖြင့် မျိုချလိုက်သည်။ သိပ်မကြာခင်မှာပဲ ကြက်ဥအနှစ်က အီဆိမ့်သောအရသာကို မခံစားရစေဘဲ လတ်ဆတ်ပြီး အရသာရှိသော ခံစားချက်ကို ခံစားမိစေသည်။
“တကယ့်ကို ကောင်းမွန်တဲ့ကြက်ဥပဲ”
ဟုန်ရှားက ချက်ချင်း ချီးမွမ်းစကားပြောသည်။
“သဘောကျရဲ့လား။ အရသာကောင်းရဲ့လား”
ကြက်ဥအရင်ဆုံးစားပြီးသော လင်းဟုန်က ခေါင်းမော့ပြီး သူ့ကိုမေးမြန်းသည်။
“အရသာတကယ်ကောင်းတယ်။ တစ်နေ့လုံးစောင့်ခဲ့ရတာ ထိုက်တန်ပါတယ်”
ဟုန်ရှားက အရသာကို စားမြုံ့ပြန်ရင်း ပြန်ပြောကြားသည်။ ထိုစကားကို ပြောပြီးနောက် သူက ရေခွက်ကို ကိုင်လိုက်ပြီး ရေတစ်ငုံသောက်လိုက်သည်။ သူ့ရဲ့ခံတွင်းထဲ မွှေးရနံ့ငါးမျိုးထက်ပိုပြီး ရောနှောနေသည်ဟု ခံစားမိသည်။ ဤအရသာကို မေ့ဖျောက်ရန် ခက်ခဲလွန်းသည်။
“တကယ့်ကို ရနံ့သင်းကြိုင်တဲ့ ကြက်ဥဟင်းပဲ”
ဟုန်ရှားက ကျေနပ်ဟန်ဖြင့် တံတွေးများကို မျိုချလိုက်သည်။
“တကယ်ကောင်းတယ်။ လက်ဖက်ကြက်ဥနဲ့တော့ အရသာခြင်းကွာတယ်။ အရသာမျိုးစုံရောထားတဲ့ ဒီကြက်ဥကို ငါပိုကြိုက်တယ်။ ပိုပြီးတော့လည်း မွှေးတယ်”
လင်းဟုန်က သူ့ခံစားချက်အမှန်ကို ထုတ်ပြောသည်။
“သူဌေးယွမ်ရဲ့ဆိုင်မှာ အရင်က ရောင်းတဲ့ လက်ဖက်ကြက်ဥကိုတော့ ငါမစားဘူးသေးဘူး။ ဒါပေမယ့် ဒီရနံ့သင်းကြိုင်တဲ့ကြက်ဥဟင်းကတော့ အရမ်း အရသာရှိတယ်။ လက်ဖက်ကြက်ဥကလည်း ဒီထက်အရသာ မဆိုးလောက်ဘူး”
ဟုန်ရှားက ဟုတ်မှန်ကြောင်းပြောသည်။
ရနံ့သင်းကြိုင်သော ကြက်ဥဟင်း နှင့် လက်ဖက်ကြက်ဥဟင်းသည် မတူညီသောဟင်းပွဲများဖြစ်သည်။
ထို့ပြင် အသုံးပြုထားသော ကြက်မျိုးစိတ်ကလည်း ခြားနားမှုရှိသည့်အတွက် အရသာကလည်း ခြားနားမှုရှိသည်။
အပိုင်း(၂၁၉)
ပြီးပါပြီ။