အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
ယွမ်ကျိုး အပိုင်း(၂၂၃)
ထူးဆန်းသောအဘိုးအို ရောက်ရှိလာသည်မှလွဲ၍ ညနေခင်းဘက် ဆိုင်ဖွင့်ချိန်သည် အဆင်ပြေချောမွေ့သွားခဲ့သည်။
“မနက်ဖြန်နေ့လယ်ကျရင် ဆိုင်ကိုလာဖို့ မလိုအပ်တော့ဘူး။ ညစာစားဖို့အတွက် မိဘတွေနဲ့ အတူတူလာခဲ့”
မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်နေစဉ် ယွမ်ကျိုးက ပုံမှန်အတိုင်းပြောသည်။
“တကယ်လား။ ဒါပေမယ့် ဖောက်သည်တွေနဲ့ စီးပွားရေးကို အာရုံစိုက်ဖို့အတွက် သူဌေး အလုပ်ရှုပ်သွားတော့မှာပေါ့”
မုရှောင်ယွမ်က မျက်လုံးပြူး၊ မျက်ဆံပြူးဖြင့် စပ်စပ်စုစု မေးမြန်းသည်။
“ကိစ္စမရှိပါဘူး။ အခုပြန်လို့ရပြီ။ နောက်ကျနေပြီ”
မျက်မှောင်ကြုတ်ပြီး ယွမ်ကျိုးက ပြန်ရန် တိုက်တွန်းသည်။
“ကောင်းပြီ။ ဒါဆိုရင် ဒီနေ့အတွက် ၅၀ ယွမ်ပဲပေးပါ၊ သူဌေး။ ပိုပြီးတော့ ပေးဖို့ မလိုအပ်ဘူး”
မုရှောင်ယွမ်က ခဏတွေးကြံပြီးနောက်ပြောသည်။
“တစ်နေ့တာအတွက် လုပ်အားခကို ၁၀၀ ယွမ်ပေးပါမယ်လို့ ကတိပေးထားတယ်လေ”
ယွမ်ကျိုးက သူ၏အမြင်ကို ထုတ်ပြောသည်။
“အရင်တုန်းက သူဌေးဘာသာသူဌေး ဆိုင်ပိတ်လို့ လုပ်အားခကို အပြည့်အဝပေးတာကို ကျွန်မလက်ခံပေးလို့ ရပါတယ်။ ဒီတစ်ခေါက်က ကျွန်မရဲ့ကိစ္စကြောင့် ကျွန်မ အနားယူတာလေ။ ဒါကြောင့်မို့လို့ လစာကို နေ့ဝက်ခပဲ ပေးပါ”
မုရှောင်ယွမ်က စိတ်အားထက်သန်စွာပြောသည်။ မုရှောင်ယွမ်၏မျက်နှာပေါ်မှ လေးနက်သောအမူအရာကို သေချာကြည့်ပြီး ယွမ်ကျိုးက သဘောတူရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီ။ ဒါက မင်းရဲ့လုပ်အားခပါ”
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် အမှန်တရားကို လက်ခံလိုက်သည်။ ထို့နောက် ယွမ် ၅၀ အစိမ်းရောင်စက္ကူကို ထုတ်လိုက်ပြီး မုရှောင်ယွမ်ကိုပေးသည်။
“ကျေးဇူးတင်ပါတယ် သူဌေး။ ဒါဆိုရင် အခုပဲသွားတော့မယ်။ ညကျမှ ပြန်လာတော့မယ်”
မုရှောင်ယွမ်က ငွေကိုလျင်မြန်စွာ လက်ခံယူလိုက်ပြီးနောက် စားသောက်ဆိုင်အပြင်ဘက်သို့ ပျော်ရွှင်စွာ ပြေးထွက်သွားသည်။
“အင်း”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း မုရှောင်ယွမ်က သူပြောသောစကားကို မကြားပေ။ အလောတကြီးပြေးထွက်သွားသောကြောင့်ဖြစ်သည်။ ယွမ်ကျိုးက ဤအပြုအမူကို ဂရုစိုက်ခြင်း မရှိပေ။ သူက ရှုပ်ပွနေသော မီးဖိုချောင်ကို သန့်ရှင်းရေးပြုလုပ်သည်။
“သန့်ရှင်းသပ်ရပ်အောင်ထားတာ ပိုကောင်းမယ်လို့ ခံစားမိတယ်”
ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ကို ထပ်မံသန့်ရှင်းရေးပြုလုပ်သည်။ သေသပ်ကျနအောင် ပြင်ဆင်နေခြင်းဖြစ်သည်။
အရွယ်အစားမတူညီသည့် ဓားပေါင်းများစွာ၊ အရွယ်အစားနှင့် ပုံသဏ္ဍာန် မတူညီသည့် ဇွန်းများကို နေရာတကျ သေသပ်အောင်ထားသည်။
တချို့သောဇွန်းနှင့် ဓားများကို နံရံမှာ ချိတ်ဆွဲထားလိုက်သည်။ အိုးခွက်ပန်းကန်ပြားများကိုလည်း အစီစဉ်တကျ နေရာချထားသည်။ ယွမ်ကျိုးက မီးဖိုချောင် သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် အချိန်ကုန်ဆုံးသွားခဲ့သည်။
မုရှောင်ယွမ်က အလုပ်ထွက်တော့မည်ဖြစ်သည့်အတွက် ဆိုင်၏ လက်ထောက်အသစ်ကို ရှာဖွေရဦးမည်။
"ဒုန်း ဒုန်း ဒုန်း ဒုန်း"
သူက အပေါ်ထပ်သို့ တက်သွားပြီး ယခင်တစ်ခေါက်က အသုံးပြုခဲ့သည့် ဝန်ထမ်းရှာသည့် အသိပေးစာကို ရှာဖွေသည်။
“ဒီအသိပေးစာကြောင့် အလုပ်ကြိုးစားတဲ့ မုရှောင်ယွမ်လေးကို အလုပ်ခန့်ခွင့်ရခဲ့တာပဲ။ ဒါလေးပြန်သုံးသင့်တယ်”
တာဝန်ကျေပွန်ပြီး ယုံကြည်အားကိုးရသော မုရှောင်ယွမ်ကို စံနမူနာထားသောကြောင့် ယွမ်ကျိုးသည် သူ၏ အလုပ်သမားရှာဖွေသော အသိပေးစာတွင် ပါဝင်သော အကြောင်းအရာနှင့်ပတ်သက်ပြီး အတော်အတန် ယုံကြည်မှု ရှိသည်။
ထို့ကြောင့် ယွမ်ကျိုးက လိုအပ်ချက်များကို ပြန်လည်ပြုပြင်ခြင်း မပြုလုပ်ဘဲ အမြဲတမ်းလက်ထောက် အလိုရှိသည်ဟူသောစကားလုံးကိုသာ အောက်တွင် ထပ်မံရေးသားခဲ့သည်။ ရေးသားပြီးနောက် အသိပေးစာကို တံခါးပေါ်မှာ ကပ်ခဲ့သည်။
ယွမ်ကျိုးက ထိုင်ခုံပေါ်မှာ ပြန်ထိုင်လိုက်ပြီး အင်တာဗျူးမည့်ဝန်ထမ်း လာမည့်အချိန်ကို ပျော်ရွှင်စွာ စောင့်ဆိုင်းနေသည်။
သို့သော်ငြားလည်း အသိပေးစာ၏ မပြည့်စုံသော အကြောင်းအရာများကြောင့် အလုပ်ရှာဖွေသူအများစုက အင်တာဗျူးဖြေရန် လာရောက်ခြင်း မရှိခဲ့ပေ။
...
တစ်နေ့တာလုံး ကုန်ဆုံးပြီးနောက် အလုပ်လာလျှောက်သူ တစ်ယောက်မှ မရှိခဲ့ပေ။ သူ၏စီးပွားရေးကို ထိခိုက်မှု မရှိအောင် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် တံခါးမှာကပ်ထားသော အသိပေးစာကို ပြန်ခွာလိုက်သည်။
ထိုစဉ် မုရှောင်ယွမ်၊ မုရှောင်ကျဲတို့က ယွမ်ကျိုး၏ စားသောက်ဆိုင် ဝင်ပေါက်သို့ အတူတကွ ရောက်ရှိလာသည်။
“သူဌေး၊ ကျွန်မတို့ ရောက်လာပါပြီ”
ရှောင်ယွမ်က ယွမ်ကျိုးကို ပြုံးကာ နှုတ်ဆက်စကားပြောလိုက်သည်။ သို့သော်ငြားလည်း မုရှောင်ကျဲက ယွမ်ကျိုးနှင့်ဆုံတွေ့သောအခါ အနည်းငယ် အရှက်ရသောခံစားချက်ကို ခံစားမိနေသည်။ သူက ရှက်ကိုးရှက်ကန်းဖြင့် စကားပြောသည်။
“မင်္ဂလာပါ သူဌေး”
“အင်း ဆိုင်ထဲဝင်ပြီးထိုင်လေ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး သူ၏ တည်ငြိမ်သောမျက်နှာပေါ်တွင် ခံစားချက်တစ်စုံတစ်ရာကို မမြင်တွေ့ရပေ။
“ငါစောင့်လိုက်မယ်။ ညီမလေးက ဆိုင်ထဲမှာ သွားထိုင်နေ”
မုရှောင်ကျဲက လူကြီးလူကောင်းဆန်သောအမူအရာဖြင့် စကားပြောသည်။
“မလိုအပ်ဘူး။ အကိုပဲ ဆိုင်ထဲမှာ သွားထိုင်နေလိုက်။ ညီမလေးက အမေ့ကို သွားစောင့်နေမယ်”
မုရှောင်ကျဲ၏ရှေ့မှာ ရှောင်ယွမ်က သွက်လက်လိမ္မာသော ကောင်မလေးတစ်ယောက်၏ အမူအရာကို ဖော်ပြသည်။
“ကောင်းပြီလေ”
မုရှောင်ကျဲက ယနေ့ဒကာခံမည့်သူက သူ့ညီမဖြစ်နေ၍ သူ့ညီမပြောသည့်စကားကို နာခံသည်။ မုရှောင်ကျဲက စားသောက်ဆိုင်ထဲကို ဝင်ရောက်သွားပြီး သူဌေးယွမ်ကို အားနာသောခံစားချက်ကြောင့် နှစ်သိမ့်နေမိသည်။
သို့သော်လည်း ယွမ်ကျိုးက သူ့အလုပ်နှင့်သူ ရှုပ်ယှက်ခတ်နေ၍ သူ့ကို ကျောခိုင်းထားသည်။ ထိုမှသာ မုရှောင်ကျဲက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်ပြီး ဖုန်းကိုထုတ်ကာ ဂိမ်းကစားသည်။ မုရှောင်ယွမ် စောင့်ဆိုင်းနေသည့် ပထမဦးဆုံး ပုဂ္ဂိုလ်က သူမ၏ဖခင် မုချန်းဖြစ်သည်။
“ရှောင်ယွမ်”
မုချန်းက ပထမဦးဆုံး လှမ်းအော်သည်။ ပုံမှန်အတိုင်း သူက သပ်ရပ်စွာဝတ်ဆင်ထားသည်။
“အဖေ၊ အကိုက ဆိုင်ထဲမှာရှိတယ်။ သမီးက အမေ့ကို စောင့်လိုက်ဦးမယ်”
မုရှောင်ယွမ်က နာခံစွာပြောသည်။
“ဒါဆိုရင် အဖေလည်း ဆိုင်ထဲမှာ စောင့်နေမယ်။ သမီးလည်း ဆိုင်ထဲဝင်ပြီး ထိုင်ခုံနေရာယူထားလေ”
မုချန်းက မျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်သောအမူအရာကို ပြသသည်။ သူ့ရဲ့ဇနီးဟောင်းက အမြဲတမ်း အချိန်တိကျမှုမရှိသည့်အတွက်ကြောင့် စိတ်ပျက်မိသည်။ သားဖြစ်သူကလည်း မိသားစုချစ်ခြင်းမေတ္တာမရှိဘဲ ရှောင်ယွမ်ကို တစ်ယောက်တည်း အပြင်မှာ စောင့်ဆိုင်းခိုင်းသည်။
“ကိစ္စမရှိပါဘူး အဖေ။ တစ်နေ့လုံး အလုပ်လုပ်နေရလို့ အဖေလည်း ပင်ပန်းမှာပဲ။ ဒါ့ကြောင့်မို့ အနားသွားယူလိုက်ပါ။ သမီးပဲ အမေ့ကို စောင့်နေလိုက်မယ်”
မုရှောင်ယွမ်က သူ့မ၏ ဖခင်ကို တိုက်တွန်းသည်။
“စောင့်နေဖို့မလိုဘူး။ နောက်ထပ်ဆယ်မိနစ်ကြာရင် ရောက်လာနိုင်ပါတယ်။ သမီး အထဲဝင်တော့”
မုချန်းက မျက်မှောင်ကြုတ်ကာ တိုက်တွန်းသည်။
“ကောင်းပါပြီ အဖေ။ ညစာ စားဖို့အတွက် လာတာမလား”
မုရှောင်ယွမ်က စိုးရိမ်သော အမူအရာဖြင့် ဖခင်ဖြစ်သူကို မေးမြန်းသည်။ ဖခင်ဖြစ်သူက မိသားစု ညစာစားရန် သဘောတူထားသော်လည်း တခြားသောအကြောင်းအရာများကို ပြောကြားထားခြင်း မရှိပေ။
“မိသားစုအားလုံး အတူတူ ညစာစားမယ်လို့ ကတိပေးထားတာကို မမေ့ပါဘူး”
မုချန်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ သိပ်မကြာခင်မှာပဲ မုရှောင်ယွမ်က ဖခင်ဖြစ်သူနှင့်အတူတူ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
မုချန်း၏ဇနီးဟောင်း ဖန်လျန်ရီသည် မုရှောင်ယွမ်နှင့် မုရှောင်ကျဲတို့၏ မိခင်ဖြစ်သည်။ သိပ်မကြာခင်မှာပင် သူမက ကျက်သရေတင့်တယ်သောအမူအရာဖြင့် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
သူမက သပ်ရပ်ကျနသော အဝတ်အစားကို ဝတ်ဆင်ထားသည့်အပြင် ဒေါက်မြင့်ဖိနပ်ကိုလည်း ဝတ်ဆင်ထားသည်။ သူမ၏ ပုံပန်းသွင်ပြင်က ဖုန်းထဲတွင်ကြားခဲ့ရသည့် ချိုမြိန်သောအသံနှင့် လိုက်ဖက်မှုမရှိပေ။
မျက်နှာက ရင့်ကျက်သော အမူအရာကို ဖော်ပြသည်။ နှုတ်ခမ်းက ရဲရဲတောက်နေသည်။ မျက်ဝန်းများက နက်ရှိုင်းစွာ ဆွဲဆောင်မှုရှိသည်။
မုရှောင်ယွမ်၏ ပါးချိုင့်ကလေးများသည် မိခင်ဖြစ်သူမှ အမွေဆက်ခံလာခြင်းဖြစ်နိုင်သည်။ ဤပါးချိုင့်နှစ်ဖက်ကြောင့် အလွန်အမင်း ချစ်စရာကောင်းသောပုံစံကို ပေါ်လွင်နေသည်။
“ဟမ် သမီးလေးကိုယ်တိုင်စောင့်နေတာလား။ အားနာလိုက်တာ”
ဖန်လျန်ရီက ဒေါက်မြင့်ဖိနပ်ကိုစီးပြီး သူတို့အနား ချဉ်းကပ်လာပြီး အားတုံ့အားနာ မရှိသောလေသံဖြင့် ပြောဆိုသည်။
“ငါ့ကြောင့်သာမဟုတ်ရင် ရှောင်ယွမ်က အပြင်ဘက်မှာ အကြာကြီး ရပ်စောင့်နေလောက်တယ်”
မုချန်းက သမီးဖြစ်သူ စောင့်ဆိုင်းခဲ့ရသည့်အဖြစ်ကြောင့် စိတ်ပျက်ဟန် အမူအရာဖြင့် ဇနီးဟောင်းကို ပြောဆိုသည်။
“ရှင့်အကျင့်တွေကလည်း ဘယ်တော့မှ မပြောင်းလဲသွားဘူးနော်”
ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဖန်လျန်ရီက ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာပြီး ထိုင်ခုံမှာ နေရာယူလိုက်သည်။
“အမေ”
မုရှောင်ယွမ် နဲ့ မုရှောင်ကျဲတို့က မတ်တတ်ရပ်လိုက်ပြီး တစ်ပြိုင်နက်တည်း ပြောသည်။
“အေး ငါ့ရဲ့သားလိမ္မာလေးနဲ့ သမီး လိမ္မာလေး။ ငါ့ရဲ့သမီးလေးက ဒီနေ့ ဒကာခံမယ်ဆို ဟုတ်လား။ အများကြီး စားပေးရမှာပေါ့”
ဖန်လျန်ရီ၏ အသံက အမြဲတမ်းလိုလို ချိုသောသောအသံဖြစ်သည်။ သို့သော်လည်း သူမ၏ မျက်နှာအမူအရာကိုကြည့်လျှင် တည့်တိုးဆန်ပြီး သည်းခံနိုင်စွမ်း သိပ်မရှိကြောင်း ပေါ်လွင်သည်။
“အဖေ ဒီနေရာမှာထိုင်”
မုရှောင်ယွမ်က ထိုင်ခုံများကို စီစဉ်ပေးသည်။ သူမ နှင့် မုရှောင်ကျဲက မိဘနှစ်ပါးဖြစ်သည့် မုချန်း၊ ဖန်လျန်ရီ၏ ဘေးနားမှာ ထိုင်ကြသည်။ ဤသို့ထိုင်ခြင်းအားဖြင့် မိသားစုအသွင်ကို ပို၍ပေါ်လွင်စေသည်။
မုချန်းက မျက်မှောင်ကြုတ်သော အမူအရာကို ပြုမူနေသော်လည်း မုရှောင်ယွမ်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်း မပြုလုပ်ခဲ့ပေ။ မိဘနှစ်ပါးက ချစ်ခင်သောအမူအရာဖြင့် ထမင်းစားစားပွဲမှာ အတူထိုင်နေခြင်းကို မြင်တွေ့ရသောအခါ မောင်နှမနှစ်ယောက်စလုံးက ချစ်စရာကောင်းသော မြေခွေးလေးအသွင် ပြုံးနေကြသည်။
“၃ မိနစ်ကြာရင် ဆိုင်ဖွင့်ပါတော့မယ်”
ယွမ်ကျိုးက မုရှောင်ယွမ်နှင့် သူမ၏မိသားစု အတူတူရှိနေခြင်းကို မြင်တွေ့ရသောအခါ ချက်ချင်းပြောသည်။
“ကိစ္စမရှိပါဘူး။ မီနူးကို အရင်ဆုံးကြည့်ပါဦးမယ်”
မုရှောင်ယွမ်က လျင်မြန်စွာ ပြန်ဖြေသည်။ မည်သို့ပင်ဆိုစေကာမူ သူမက ယွမ်ကျိုး၏ EQကို နားလည်သူ ဖြစ်သည်။
“အမေ၊ အဖေ နံရံနောက်ဘက်မှာ မီနူးရှိပါတယ်”
မုရှောင်ယွမ်က နံရံနောက်ဘက်ကို ညွှန်ပြပြီးပြောသည်။ သူတို့အဖွဲ့က တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူတို့ထဲမှ နှစ်ဦးက တိုက်တိုက်ဆိုင်ဆိုင် တစ်သံတည်းပြောသည်။
ဖန်လျန်ရီက ပြောသည်။
“ကျင်လင်းမြက်၊ ဖီးနစ်အမြှီး ပုစွန်ဟင်း”
ထိုစဉ် မုချန်းကလည်း
“အမဲသားလွှာတစ်ပွဲ၊ ပိုးသားလွှာယုန်ဟင်းတစ်ပွဲ၊ ပူစပ်စပ် ဝက်သားနုပ်နုပ်စဥ်းတစ်ပွဲ”
တိုက်ဆိုင်သောအပြုအမူကြောင့် သူတို့နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း နှုတ်ဆိတ်သွားပြီး တစ်ဖက်လူ စကားအရင်ပြောမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
သို့သော်လည်း ဤတိုက်ဆိုင်မှုက မောင်နှမနှစ်ယောက်၏ မျက်လုံးများကို အရောင်တောက်ပသွားစေပြီး ပျော်ရွှင်သောခံစားချက် ဖြစ်ပေါ်စေသည်။
အပိုင်း(၂၂၃)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၂၄)
ဖန်လျန်ရီနှင့် မုချန်း၏အစားအသောက်ကြိုက်နှစ်သက်မှုသည် လုံးဝခြားနားမှုရှိသည်။
ဖန်လျန်ရီက အရသာလေးပြီး ပူစပ်စပ်အစားအသောက်များကို နှစ်သက်သည်။
မုချန်းက အရသာပိုရှိသော လတ်လတ်ဆက်ဆက်ဟင်းသီးဟင်းရွက်ဟင်းများကို နှစ်သက်သည်။
သူတို့နှစ်ဦး မှာယူထားသော ဟင်းပွဲများသည်တစ်ခြားလူအတွက် မှာယူပေးကြောင်းသိသာထင်ရှားသည်။
ထို့ကြောင့်လည်း မုရှောင်ယွမ်နှင့် မုရှောင်ကျဲတို့နှစ်ယောက်စလုံး ပျော်ရွှင်သွားခြင်းဖြစ်သည်။
သူတို့မိဘများ ချက်ချင်းနှုတ်ဆိတ်သွားပြီး ပုံမှန်အခြေအနေကို ပြန်ရောက်သွားသည်။
ထိုစဉ် ဖန်လျန်ရီက ပထမဦးဆုံး စကားပြောသည်။
"ရှောင်ယွမ်၊ ရှောင်ကျဲ ကိုယ့်ဘာသာကို စားချင်တာကို မှာကြပါ"
ဖန်လျန်ရီ၏ ချိုသာသော အသံက သဘာဝဆန်ပြီး မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်းဖြစ်သည့် ခံစားချက်ကို မမြင်တွေ့ရပေ။
" အွန်း ကျွန်တော်တို့တွေ မှာလိုက်မယ်"
မုရှောင်ကျဲက ရှောင်ယွမ်ကိုကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ပိုင်နိုင်စွာပြောသည်။
“အစ်ကိုမှာတဲ့ ဘာဟင်းမဆို ညီမလေး စားတယ်"
မုရှောင်ယွမ်က နာခံစွာပြောသည်။
"ဆိုင်ဖွင့်ချိန်စတင်ပါပြီ။
ကြိုက်နှစ်သက်တဲ့ ဟင်းပွဲကိုမှာလို့ရပါပြီ"
ယွမ်ကျိုးက ပုံမှန်အတိုင်း ဆိုင်ဖွင့်ကြောင်း ကြေညာသည်။
ယွမ်ကျိုးက မုရှောင်ယွမ်တို့ မိသားစုကို ဆိုင်ဖွင့်ကြောင်း အသိပေးစကားပြောပြီးနောက် အပြင်ဖက်တွင် တန်းစီစောင့်ဆိုင်းနေသည့် ဖောက်သည်များကိုလည်း ထပ်မံပြောသည်။
မုရှောင်ကျဲက မည်သည့်ဟင်းပွဲကို မှာယူသင့်သလော တွေးတောနေစဉ် အပြင်ဖက်တွင် စောင့်ဆိုင်းနေသည့် ဖောက်သည်များ ဆက်တိုက် စားသောက်ဆိုင်ထဲ ဝင်ရောက်လာသည်။
"ရှောင်ယွမ်ရဲ့ဝန်ဆောင်မှုမရှိတော့ ဒီနေ့စားရတာ တစ်မျိုးကြီးဖြစ်နေတယ်"
ပုံမှန်ဖောက်သည်တစ်ယောက်က ပြောသည်။
"ရှောင်ယွမ် မင်းလည်း ဒီနေ့ညစာလာစားတာလား"
ထိုစဉ် အမြင်စူးရှသော ဖောက်သည်တစ်ယောက်က မုရှောင်ယွမ်ကို မျက်မှန်းတန်းမိသွားသည်။
"မိသားစုနဲ့အတူတူ ညစာလာစားတာပါ။ ဒီလူတွေအားလုံးက ကျွန်မရဲ့ မိသားစုဝင်တွေပါ"
မုရှောင်ယွမ်က မတ်တတ်ရပ်လိုက်ပြီး မိသားစုကို မိတ်ဆက်ပေးသည်။
"ရှောင်ယွမ်၊ ဒီဆိုင်မှာ အလုပ်လုပ်တုန်း ဂရုတစိုက်ကူညီစောင်မပေးတဲ့ အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်"
မုချန်းကလည်း မတ်တတ်ရပ်လိုက်ပြီး ဖောက်သည်များနှင့် စကားအနည်းအကျဉ်းပြောသည်။
အပြင်ဖက်မှာ စောင့်ဆိုင်းနေသော တခြားဖောက်သည်များက မုရှောင်ယွမ် မိသားစုနှင့်အတူ ညစာလာစားခြင်းကို သဘောပေါက်သွား၍ နှောင့်ယှက်မည့် အပြုအမူကို ဆက်လက်မလုပ်ဆောင်တော့ပေ။
ထိုစဉ် အတောအတွင်း မုရှောင်ကျဲက မည်သည့်ဟင်းပွဲကို မှာယူသင့်လဲ တွေးမိသွားသည်။
"ကျင်လင်းမြက်တစ်ပွဲ၊ ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပွဲ၊ ပိုးသားလွှာယုန်ဟင်းတစ်ပွဲ၊ အမဲသားနုပ်နုပ်စဉ်း တစ်ပွဲ"
"အမေ ဖရဲသီးဖျော်ရည်ရောမှာလို့ရမလား"
မုရှောင်ကျဲက ဖန်လျန်ရီကို စိတ်အားထက်သန်သော မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။
ဖျော်ရည်ယမကာက မုရှောင်ကျဲ၏အကြိုက်ဖြစ်သည်။ ဖျော်ရည်မပါလျှင် မုရှောင်ကျဲက အစားစားလေ့သိပ်မရှိပေ။
" ဒီမှာရောင်းတဲ့ဖရဲသီးဖျော်ရည်က လတ်ဆက်ရဲ့လား"
ဖန်လျန်ရီက မုရှောင်ကျဲနှင့်အတူမနေသည့်တိုင် သူမက သားဖြစ်သူရဲ့အကြိုက်ကို သိသည့်အတွက် မုရှောင်ယွမ်ကို ကြည့်လိုက်သည်။
"လတ်ဆက်တာပေါ့ အမေရယ်။ ဖရဲသီးရဲ့ အတွင်းဖက် အပိုင်းကိုပဲသုံးထားတာ။ ဖရဲသီးမျိုးစိတ်ကလည်း အကောင်းဆုံးမျိုးစိတ် တစ်ခွက်ကို နှစ်ရာယွမ်တန်တယ်"
မုရှောင်ယွမ်က ဝင့်ကြွားစွာပြောသည်။
"ကောင်းပြီလေ။ ဒါဆိုရင်လည်း မှာလိုက်တော့"
ဖန်လျန်ရီက ကျေနပ်ဟန်ခေါင်းညိမ့်လိုက်သည်။
မိခင်ဖြစ်သူထံမှ ခွင့်ပြုချက်ကိုတောင်းခံနေ၍ မုချန်းက မကျေနပ်ဟန် မျက်မှောင်ကြုတ်လိုက်ပြီး မုရှောင်ကျဲကို သတိပေးဟန်ကြည့်လိုက်သည်။
ဘေးနားတွင် မိခင်ဖြစ်သူရှိနေ၍ မုရှောင်ကျဲက ဖခင်၏မကြည်သောပုံစံကို မထိတ်လန့်ပေ။
"သူဌေး၊ ဖရဲသီးဖျော်ရည် လေးခွက် နဲ့ ထမင်းဖြူလေးပွဲပေးပါ"
မုရှောင်ယွမ်က ပျော်ရွှင်စွာ အော်ဒါတင်လိုက်သည်။
"ကောင်းပြီ။ စုစုပေါင်း ၃၈၀၄ ယွမ် ကုန်ကျပါတယ် "
ယွမ်ကျိုးက ကျသင့်ငွေ စုစုပေါင်းကို ပြောပြသည်။
မည်သို့ပင် ဆိုစေကာမူ စည်းမျဥ်းစည်းကမ်းက ကျသင့်ငွေကို အရင်ဆုံးပေးဆောင်ရမည်ဖြစ်သည်။
"သူဌေး၊ ဒီဆိုင်မှာရှိတဲ့ ဟင်းပွဲတွေရဲ့ဈေးနှုန်းက ဈေးမပေါဘူးပဲ"
ဖန်လျန်ရီက မျက်ခုံးပင့်လိုက်ပြီး ယွမ်ကျိုးကို တအံ့တဩကြည့်လိုက်သည်။
"မဟုတ်ဘူး။ ဒီလိုလဲ မဟုတ်ဘူး။ သူဌေးယွမ်ချက်တဲ့ ဟင်းပွဲတွေက အရမ်းကို အရသာရှိတယ်"
မုရှောင်ယွမ်က သူမ၏မိခင်ကို စိတ်အားထက်သန်သော အမူအရာဖြင့် ပထမဦးဆုံး ပြောပြီး သူမ၏ကျောပိုးအိတ်ထဲမှာ ထည့်လာသည့် ငွေစက္ကူအထပ်လိုက်ကို ထုတ်ကာ ရေတွက်နေသည်။
"ဒီကောင်မလေးက ငါတို့ကို ဖျောင်းဖျပြီး သူ့သူဌေးကို ကူညီပေးနေတာပဲ"
ဖန်လျန်ရီက ခေါင်းကိုတွင်တွင်ခါပြီးရယ်မောနေသည်။
" ရှောင်ယွမ်၊ အဖေ့ကိုပေး။ အဖေ ရေတွက်ပေးမယ်"
မုချန်းက ရုတ်တရက်ပြောသည်။
"မလိုဘူး။ သမီး ဘာသာ သမီးလုပ်လိုက်မယ်"
မုရှောင်ယွမ်က ငြင်းဆန်သည်။
"ဒါမှမဟုတ် အဖေပေးလိုက်မယ်လေ"
"မလိုဘူး အဖေ။ ဒီဆိုင်မှာအလုပ်လုပ်လို့ရတဲ့ လစာငွေတွေပါ။ ဒီမှာ စားသောက်ဖို့အတွက် လုံလောက်ပါတယ်"
မုရှောင်ယွမ်က ငွေစက္ကူများကို ဆုပ်ကိုင်ထားပြီး ခေါင်းမာသောအမူအရာကို ဖော်ပြသည်။
"အွန်း။ ကျေးဇူးတင်ပါတယ် ရှောင်ယွမ်"
မုချန်းက ချက်ချင်း တအံ့တဩဖြစ်သွားသည်။
ထို့နောက် သူက ခေါင်းညိတ်ကာ ပြန်ပြောသည်။
"ဖေဖေ နဲ့ မေမေ ဒီဆိုင်မှာစားဖို့အတွက် သမီးဝယ်ကျွေးမှာပါ။ သူဌေးရဲ့ ဟင်းချက်စွမ်းရည်က
တကယ့်ကို ကောင်းတယ်။ စားကြည့်ပြီးသွားရင်
သိသွားလိမ့်မယ်။ ဟုတ်တယ်မှတ်လားအစ်ကို"
မုရှောင်ယွမ်က ကျသင့်ငွေကို ယွမ်ကျိုးထံပေးပြီးနောက် အကူအညီတောင်းရန်အတွက် သူမ၏အစ်ကိုကို စစ်ကူတောင်းသည်။
"ဒါပေါ့။ ကျွန်တော့်ညီမလေးပြောတာ အမှန်ပဲ"
မုရှောင်ကျဲက ချက်ချင်းဝင်ရောက်ပြော
ဆိုသည်။
"ကောင်းပြီ ကောင်းပြီ။ မင်းတို့ဘာသာ ဆုံးဖြတ်တော့"
ဖန်လျန်ရီက မုရှောင်ယွမ်၏ ပုခုံးကိုပုတ်ကာ ပြုံးလိုက်သည်။
သူမ၏လက်က မုချန်း၏ပါးကို အမှတ်တမဲ့ ပွတ်တိုက်မိသွားသည်။
ဖန်လျန်ရီက နောင်တရသော အမူအရာကို ပြသရန် ပြုံးလိုက်စဉ် မုချန်းက ဂရုမစိုက်သော အမူအရာဖြင့် ထိတွေ့ခံရသော ပါးကို သုတ်လိုက်သည်။
အော်ဒါများကို လက်ခံရရှိပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်သို့ ပြန်သွားပြီး ဟင်းပွဲများကို စတင်ပြင်ဆင်သည်။
ပူစပ်စပ်ဟင်းပွဲများကို အတော်အတန် ပူစပ်စပ်အရသာဖြစ်အောင် ချက်ပြုတ်ပြီး ပေါ့ရွှတ်ရွှတ်ဟင်းပွဲများကို လတ်ဆတ်မှုနှင့် အရသာကောင်းမွန်အောင် ချက်ပြုတ်နေသည်။
ဟင်းပွဲများတည်ခင်းမည့် အချိန်ကို စောင့်ဆိုင်းနေသည့် သူတို့မိသားစုသည် ပျော်ရွှင်စွာစကားပြောခြင်းဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြုမူနေသည်။
မုချန်းနှင့် ဖန်လျန်ရီတို့သည်လည်း စကားပြောရင်းရံဖန်ရံခါ စနောက်ကျဉ်စယ်ခြင်းဖြင့် ပတ်ဝန်းကျင်ကို နွေးထွေးသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ထိုမြင်ကွင်းကြောင့် မုရှောင်ယွမ် နှင့် မုရှောင်ကျဲတို့သည် အလွန်အမင်းပျော်ရွှင်သောခံစားချက်ကို ခံစားမိသည်။
ချစ်စရာကောင်းသော မုရှောင်ယွမ်က အခြားလူများပြုံးရယ်အောင် ဟန်ကိုယ့်သော အပြုအမူများကို လုပ်ဆောင်စဉ်ဂရုစိုက်သောစကားလုံးများကို ပြောဆိုပေးသည်။
"မင်းတို့ မှာထားတဲ့ ဟင်းပွဲတွေရပါပြီ"
ယွမ်ကျိုးက အော်ဒါမှာသော ဟင်းပွဲအားလုံးကို တည်ခင်းပြီး စားပွဲခုံပေါ်ချပေးသည်။
ဖရဲသီးဖျော်ရည်ကို နောက်မှ စားပွဲခုံပေါ်တင်ပေးသည်။
"ပုံစံကြည့်ရတာ စားကောင်းမယ့်ပုံပဲ။ အခုပဲစားကြမလား"
စားပွဲခုံပေါ်တွင် တည်ခင်းထားသော ဟင်းပွဲများကို ကြည့်ပြီး ဖန်လျန်ရီက ပြုံးကာပြောသည်။
"ကောင်းပြီ။ အခုပဲ စားကြတာပေါ့"
မုရှောင်ကျဲက တူကိုကိုင်လိုက်ပြီး စတင်စားသုံးသည်။
ယွမ်ကျိုးက မုရှောင်ယွမ်ကို စိုးရိမ်စိတ်ဖြစ်မိသည်။
သူမ၏မျက်နှာပေါ်မှ မျှော်လင့်တကြီး အမူအရာကို မြင်တွေ့ရသော အခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး လုပ်စရာရှိသော အလုပ်ကို ဆက်လက်လုပ်ဆောင်သည်။
ညစာစားပွဲ တစ်ဝက်ခန့်တွင် မုရှောင်ယွမ်က သူမ၏မိသားစုများ ဟင်းပွဲကို နှစ်သက်ပြီး
တူကို မချစတမ်း ပျော်ရွှင်စွာစားသောက်ရင်း စကားပြောနေခြင်းကို မြင်တွေ့ရသည်။
ထို့ကြောင့် သူမက သူမ၏ အတွေးကို ထုတ်ပြောသည်။
"ဖေဖေ နဲ့ မေမေ အခုချိန်ကစပြီးတော့ မိသားစုတွေ တူတူ ထမင်းစားလို့ရမလား"
မုရှောင်ယွမ်က ထိုစကားလုံးများကို ပြောလိုက်သော အခါ မုချန်း နှင့် ဖန်လျန်ရီ နှစ်ယောက်စလုံးတွေဝေသွားသည်။
မုချန်းက မျက်မှောင်ကြုတ်ပြီး စကားတစ်ခွန်းမှမပြောသော်လည်း သူ့မျက်နှာပေါ်မှ အမူအရာက သိသာထင်ရှားသည်။
ဖန်လျန်ရီက ကျင်လင်းမြက်ကို တူဖြင့် ညှပ်ယူလိုက်ပြီး ပန်းကန်ထဲသို့ထည့်လိုက်သည်။
ထို့နောက် ပန်းကန်ထဲ ထည့်ထားသော ကျင်လင်းမြက်ကိုခံတွင်းထဲထည့်ကာ ဝါးကြည့်သည်။
သူမက ရိုးရှင်းပြီးပေါ့ရွှတ်ရွှတ်ဟင်းပွဲများကို
မကြိုက်နှစ်သက်ကြောင်း ပြောချင်သော်လည်း ဟင်းပွဲ၏လတ်ဆတ်ပြီး ကြွပ်ဆတ်သောခံစားချက်က သူမ၏စိတ်အာရုံကို ဖမ်းစားသွားသည်။
ထို့နောက် ဖန်လျန်ရီက သူမ၏အတွေးကို ထုတ်ပြောသည်။
"ရှောင်ယွမ်၊ အရင်ထဲက တခြားလူရဲ့အကြိုက်ကို ပြောင်းလဲလို့မရဘူးဆိုတဲ့ စကားလုံး သမီးကို အမေပြောခဲ့ဖူးပါတယ်။
ဥပမာပြောရမယ်ဆိုရင် အမေက ပူစပ်စပ်ဟင်းပွဲတွေကို ကြိုက်တယ်။ သမီးရဲ့ အဖေက ပေါ့ရွှတ်ရွှတ် ဟင်းပွဲတွေကိုကြိုက်တယ်။ အရသာမတူတဲ့နှစ်ခုက ပေါင်းစပ်လို့မရဘူး။ အတူတူအကြာကြီးရှိလို့လဲ မရဘူး"
မုရှောင်ယွမ်က ဤစကားလုံးများကို အကြိမ်ကြိမ်ကြားဖူးပြီးသားဖြစ်သော်လည်း
မယုံကြည်ပေ။
မည်သို့ပင်ဆိုစေကာမူ ဝူဟိုင်းကိုယ်တိုင်က အသားဟင်းများကို ပိုကြိုက်နှစ်သက်သော်လည်း ကျင်လင်းမြက် ဟင်းပွဲ သို့တည်းမဟုတ် ဖီးနစ်အမြှီးပုစွန်ဟင်းများကို အကြိမ်တိုင်းလိုလို မှာယူလေ့ရှိသည်။
ဝူဟိုင်းက ပူစပ်စပ်ဟင်းပွဲများကို ကြိုက်နှစ်သက်သည့်တိုင်
ခေါက်ဆွဲစွပ်ပြုတ်ကိုလည်း မှာယူလေ့ရှိသည်။
လူတစ်ဦးတစ်ယောက်၏အကြိုက်အရသာကို ပြောင်းလဲနိုင်ခြင်းမရှိဟူသောအချက်ကို မယုံကြည်ပေ။
"အမေ၊ အမေက ရိုးသားမှုမရှိတာပဲ။ အမေက ကျင်လင်းမြက်ဟင်းပွဲကို ကြိုက်တာ အသိသာကြီးပါ။ စောနလေးတင်စားနေသေးတယ်လေ"
မုရှောင်ယွမ်က မလျော့စတမ်းပြောသည်။
"ဒါပေါ့။ အဖေကလည်း ပူစပ်စပ် အမဲသားလွှာဟင်းကို စားကြည့်သင့်တယ်"
ရှင်းပြချက်ပင် မပေးပဲ မုရှောင်ကျဲက အမဲသားလွှာကိုတူဖြင့် ညှပ်ယူလိုက်ပြီး မုချန်း၏ခွက်ထဲသို့ ထည့်ပေးသည်။
"အဖေက ပူစပ်စပ်ဟင်းတွေကို ဘယ်တော့မှ မစားဘူး"
မုချန်းက တည်ငြိမ်စွာပြောသည်။
"အဖေ၊ အစားအသောက်တွေကို အလဟဿမဖြစ်စေအောင် စားရမယ်လို့ အဖေ ကျွန်တော့်ကို သင်ပေးထားတယ်လေ"
မုရှောင်ကျဲက မလျော့စတမ်း တိုက်တွန်းသည်။
"ကောင်းပြီလေ။ စားကြည့်လိုက်မယ်"
မုချန်းက ကူကယ်ရာမဲ့ အမူအရာဖြင့် သဘောတူယုံသာတတ်နိုင်သည်။
မျက်မှောက်ကြုတ်လိုက်သောအခါ
ဒေါင်လိုက်အရေးအကြောင်းများပေါ်လွင်လာသည်။
မုချန်းက အမဲသားလွှာကို တစ်ကိုက်ဝါးကြည့်လိုက်သည်။
အစပိုင်းတွင် ပူစပ်စပ်အရသာကို ခံနိုင်ရည်မရှိဟုထင်ထားသော်လည်း
မျှော်မှန်းထားသည့်အတိုင်း မဟုတ်ပဲ ပူစပ်စပ်မွှေးကြိုင်သောအရသာက သူ၏အရသာခံဘုအတွင်းသို့ ချက်ချင်းဝင်ရောက်သွားသည်။
အမဲသားက နူးညံ့ပြီး အရသာရှိသည်။ ထို့ကြောင့် ဝါးရအဆင်ပြေပြီး ခံတွင်းထဲ စွဲညှိသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ကောင်းသားပဲ"
မုချန်းက သူ၏ခံစားချက်ကို ထုတ်ပြောသည်။
"တွေ့လား။ အဖေလည်း ပူစပ်စပ်ဟင်းပွဲတွေကို စားနိုင်သွားပြီလေ"
မုရှောင်ယွမ်က မုချန်းကိုလက်ညိုးထိုးရင်းပျော်ရွှင်စွာပြောသည်။ ခဏကြာအောင်တုံ့ဆိုင်းပြီးနောက် ဖန်လျန်ရီကပြောသည်။
"ရှောင်ယွမ်၊ စားဖိုမှူးတိုင်းက မင်းရဲ့သူဌေးလို ထူးခြားတဲ့ ဟင်းချက်စွမ်းရည် ရှိတာ မဟုတ်ဘူးလေ နားလည်လား"
"မေမေ ခုချိန်ထိသဘောမတူသေးဘူးလား"
ထက်မြက်ပြီး ခံစားလွယ်သော ကောင်မလေးမုရှောင်ယွမ်က ချက်ချင်းမေးမြန်းသည်။
"ရှောင်ယွမ်၊ သမီးမွေးနေ့နဲ့ သမီးအစ်ကိုရဲ့မွေးနေ့တိုင်း ဒီဆိုင်မှာ လာစားကြမယ်လေ"
မုချန်းက သားနှင့်သမီးကို ကြည့်ပြီးပြောသည်။
မောင်နှမနှစ်ယောက်က ခဏတုံ့ဆိုင်းပြီးနောက် သူ့မိဘများ၏တောင်းဆိုချက်ကို လက်ခံခဲ့သည်။
အရာရာတိုင်းကကောင်းမွန်သောအဆုံးသတ်ရှိခြင်းမဟုတ်ပေ။
ထို့ပြင် အရာရာတိုင်းက ကျေနပ်ဖွယ်ကောင်းသော အခြေအနေသို့ဦးတည်သွားခြင်းလည်း မရှိပေ။
သို့သော်ငြားလည်း မုရှောင်ယွမ် နှင့် မုရှောင်ကျဲတို့က သူတို့ရဲ့ မျှော်လင့်ချက်ကို အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။
အပိုင်း(၂၂၄)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၂၂၅)
မုရှောင်ယွမ်က သူမ၏ရည်မှန်းချက်
မအောင်မြင်သွားသည့်တိုင် အောင်မြင်လုနီးပါး အခြေအနေကို မြင်တွေ့ရသည်။ ထို့ကြောင့် အလုပ်လုပ်သည့် နောက်ဆုံးနှစ်ရက်တာကာလအတွင်း ပို၍ တက်ကြွနေသည်။
သူမ၏ သူဌေးရဲ့ချက်ပြုတ်သည့်စွမ်းရည်ကောင်းမွန်သည့်အတွက်ကြောင့်သာ မိဘများကိုအတူတူ ဆုံတွေ့ခွင့်ပေးနိုင်ခြင်းဖြစ်သည်။ ရာသီဥတုက အခုတလော ကောင်းမွန်နေသည်။
ထူးဆန်းသောအဝတ်အစားကို ဝတ်ဆင်ထားသော ကောင်မလေးသည် လမ်းမပေါ်မှာ လမ်းလျှောက်နေသည်။ ဖြတ်သွားဖြတ်လာတွေက ခေါင်းကို လှည့်ပြီးတော့ သူမကို လှည့်ကြည့်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူမဝတ်ဆင်ထားသော အဝတ်အစားများသည် တချို့သော လူကြီးများ၏အမြင်တွင် အတော်ကလေး ထူးဆန်းနေသည်။ သို့သော်လည်း တချို့လူများက သူတို့၏ ဖုန်းကို ထုတ်ပြီးတော့ ကောင်မလေးကို ဓာတ်ပုံရိုက်ကြသည်။
ထိုစဉ်အခိုက်အတန့် ကောင်မလေးက ချစ်စရာကောင်းသောပို့စ်များကို ပြောင်းလဲပြီး ဓာတ်ပုံရိုက်ခွင့်ပေးသည်။
ယွမ်ကျိုးက လိုအပ်သောဟင်းချက်ပစ္စည်းများကို ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေသည်။ ထိုစဉ် အပြင်ဘက်မှ အသံတစ်သံက သူ့ရဲ့နားထဲဝင်ရောက်လာသည်။
“သူဌေးလျို၊ သူဌေးလျို။ ကျွန်မထပ်ရောက်လာပြီ”
ကောင်မလေးက ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
“အားနာပါတယ်။ ဆိုင်ဖွင့်ချိန် မရောက်သေးပါဘူး”
ယွမ်ကျိုးက သူ့ရှေ့ရောက်လာတဲ့ ကောင်မလေးကို တည်ငြိမ်စွာကြည့်လိုက်သည်။ ကောင်မလေးက သူ၏နာမည်ကို မှားယွင်းစွာ ထပ်မံခေါ်ပြန်သည်။
“သူဌေးလျို ကျွန်မပါ။ မသိတော့ဘူးလား”
ကောင်မလေးက ယွမ်ကျိုးကို အစိမ်းရောင်မျက်ဝန်းတစ်စုံဖြင့် ငေးစိုက်ကြည့်လိုက်သည်။
“အားနာပါတယ်။ ကျွန်တော်မသိပါဘူး”
ယွမ်ကျိုးက စကားမပြောခင် တုံ့ဆိုင်းသည့် အခိုက်အတန့်က ခပ်ရှားရှားဖြစ်သည်။ ကောင်မလေးက ဘယ်သူလဲဆိုတာ သူမှတ်မိနေပြီးသားဖြစ်သည်။
သင်္ဘောသားဝတ်စုံကို ဝတ်ဆင်ပြီး သူ့ဆိုင်သို့ ခဏ ခဏ လာခဲ့ဖူးသည့် ကောင်မလေးဖြစ်သည့်အပြင် သူ့ကို လျိုမြောင်ရှင်းအဖြစ် အမှတ်မှားကာ သူဌေးလျှိုဟု ခေါ်လေ့ရှိသည်။
ယခုလိုအခြေအနေမျိုးတွင် သူမကို မသိသလို ပြုမူခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ ကောင်မလေးက ထူးဆန်းစွာ ဝတ်စားဆင်ယင်ထားသော်လည်း ချစ်စဖွယ်ကောင်းသည်။
ကောင်မလေး ရှေ့သို့လှမ်းလိုက်သည့်အခါ သူမ၏ ဆံပင်ရှည်လေးက ဘယ်ညာဝှေ့ယမ်းသွားပြီး ချစ်စဖွယ်ကောင်းသောအမူအရာကို ပို၍ပေါ်လွင်စေသည်။
ထို့ပြင် ဝတ်စားမှုပုံစံကလည်း အလွန်အမင်း ရင်းနှီးနေသည့် ပုံစံဖြစ်သည်။ သူမက ဒူဒူအမည်ရှိသည့် မိန်လေ့ဇာတ်ကောင်ပုံစံ ဝတ်စားပြင်ဆင်ထားခြင်းဖြစ်သည်။
၎င်းဇာတ်ကောင်သည် Cooking Master Boy ကာတွန်းကားထဲမှ ဇာတ်ကောင်ဖြစ်သည်။
“ကိစ္စမရှိပါဘူး သူဌေးလျို။ ကျွန်မ ရှင်နဲ့အတူတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်ချင်တယ်။ ရမလား”
ကောင်မလေးက သနားချင်စဖွယ်ကောင်းသောအမူအရာဖြင့် ယွမ်ကျိုးကို ကြည့်လိုက်သည်။
“မရဘူး”
ယွမ်ကျိုးက ညှာတာထောက်ထားမှု ကင်းမဲ့သောအမူအရာဖြင့် ကောင်မလေး၏ တောင်းဆိုမှုကို ချက်ချင်း ငြင်းပယ်လိုက်သည်။
“သူဌေးလျို ဒီလိုတော့ မလုပ်ပါနဲ့။ ကျွန်မက ဓာတ်ပုံတစ်ပုံထဲ ရိုက်ချင်တာပါ”
ကောင်မလေးက အသနားခံသော အမူအရာကို ပြုမူသည်။
“ငါ့ရဲ့မျိုးရိုးနာမည်က ယွမ်။ ငါ့ရဲ့ဘိုးဘေးရဲ့နာမည်မှာတောင် လျိုဆိုတဲ့ နာမည်မပါဘူး”
ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။
“ရွှေရောင်ကြက်ဥထမင်းကြော်ကို ချက်နိုင်တဲ့လူက တကယ့်လက်တွေ့ဘဝက အချက်အပြုတ်ကျွမ်းကျင်တဲ့ ကောင်လေးပဲ။ Cooking Master Boyရုပ်ရှင်ထဲကလိုပဲလေ”
ကောင်မလေးက ဆုံးဖြတ်ချက်ပိုင်နိုင်သောလေသံဖြင့်ပြောသည်။
“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ရဲ့မျိုးရိုးနာမည်က ယွမ်ပါ”
ယွမ်ကျိုးက သူ့နာမည်ကို မှားယွင်းပြောဆိုသည့်အချက်ကို ပြုပြင်ပေးသည်။
“ထားလိုက်ပါတော့ သူဌေးလျို။ လာလာ ဓာတ်ပုံရိုက်ကြမယ်”
ထိုစကားကို ပြောနေစဉ် ကောင်မလေးက ကင်မရာကိုထုတ်လိုက်ပြီး ဓာတ်ပုံရိုက်ရန် ပြင်ဆင်သည်။
“အားနာပါတယ်။ ဒါပေမယ့် ငါမရိုက်ချင်ဘူး”
ယွမ်ကျိုးက ကင်မရာမှန်ဘီလူးကို လက်ဖြင့်ကွယ်လိုက်ပြီး သူမကို ဟန့်တားသည်။
“လာပါ သူဌေးလျိုရယ်။ ဓာတ်ပုံလေး ရိုက်ခွင့်ပေးပါနော်။ အနောက်တောင်နယ်မြေမှာ ကျင်းပမယ့် ကာတွန်းပြပွဲကို တက်ရောက်ဖို့အတွက်ဆိုရင် ဓာတ်ပုံရိုက်ဖို့လိုအပ်တယ်”
ကောင်မလေးက ဓာတ်ပုံရိုက်ရသည့် အကြောင်းအရင်းကို ထုတ်ပြောသည်။ အကြောင်းအရင်းကို ပြောပြပြီးနောက် သူမက ယွမ်ကျိုး၏ စားပွဲခုံနား တစ်ပတ်ပတ်လျှောက်ပြီး စိုးရိမ်သောအမူအရာကို ဖော်ပြသည်။
“ဒီလို အဝတ်အစားတွေ ဝတ်နေတာ ဘယ်လောက်ကြာပြီလဲ”
ယွမ်ကျိုးက သက်ဆိုင်မှုမရှိသောမေးခွန်းကို ရုတ်တရက်မေးမြန်းလိုက်သည်။
“ဒီအဝတ်အစားတွေကို အပြင်သွားတိုင်းဝတ်တာလေ။ လှတယ်မို့လား”
သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ဝတ်စားထားသော အဝတ်အစားများအကြောင်း ပြောသောအခါ ကောင်မလေးက စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။
ယွမ်ကျိုးက သူ့ကိုယ်သူ လူအိုကြီးဟုပင် ခံစားမိသည်။ အဝတ်အစားတွေက ကြည့်ကောင်းသည်ဟု ပြောခြင်းမဟုတ်ဘဲ ကောင်မလေးက တိုက်ဆိုင်မှုမရှိသည့် မေးခွန်းများကို ပြန်လည် ဖြေကြားလာသည်။ စိတ်ပျက်သောအမူအရာဖြင့် သူက နဖူးကို လက်ဖြင့် ထောက်လိုက်သည်။
“အဟွတ် အဟွတ် အဟွတ်”
ယွမ်ကျိုးက ကောင်မလေး၏ အဝတ်အစားနှင့်ပတ်သက်သော အကြောင်းအရာများ မရပ်မနား မိတ်ဆက်ပေးခြင်းကို ဟန့်တားရန်အတွက် ချောင်းခြောက်ဟန့်လိုက်သည်။
ကောင်မလေးက အဝတ်အစားများကို မည်သည့်နေရာမှ ရရှိလာပုံ၊ မည်သို့ရရှိလာပုံ၊ မည်သို့ ဝတ်ဆင်ပုံ စသဖြင့် တဖွဲ့တနွဲ့ ရှင်းပြနေသည်။
“သူဌေးလျို နောက်ဆုံးတော့ သဘောတူလိုက်ပြီးလား”
ကောင်မလေးက စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး မျှော်လင့်တကြီး မေးမြန်းသည်။
“ဓာတ်ပုံတစ်ပုံပဲရိုက်ခွင့်ရှိမယ်။ ဓာတ်ပုံရိုက်ပြီးရင်ပြန်တော့”
ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက သူ၏အခြေအနေကို ထုတ်ပြောသည်။
“၃ ပုံလောက် မရဘူးလား”
ကောင်မလေးက ယွမ်ကျိုးကို ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ငေးစိုက်ကြည့်ပြီး လက်သုံးချောင်း ထောင်ပြသည်။
“၂ ပုံကော ရမလား”
ကောင်မလေးက မလျော့စတမ်း လက်နှစ်ချောင်းထောင်ပြပြန်သည်။ သို့သော်လည်း ယွမ်ကျိုးက ကောင်မလေး၏ တောင်းဆိုချက်ကို သဘောတူသည့်အမူအရာမပြဘဲ သူမကို တိတ်တဆိတ် ငေးစိုက်ကြည့်နေသည်။
“ကောင်းပြီ တစ်ပုံပဲရိုက်မယ်”
ကင်မရာကို ထုတ်လိုက်ပြီး ကောင်မလေးက သင့်လျော်သောနေရာကို အသေးစိတ်ရှာဖွေသည်။ ယွမ်ကျိုးက တည်ငြိမ်သောမျက်နှာထားဖြင့် လက်ပိုက်ဟန်ပြုမူနေပြီး ပြုံးမည့်ရည်ရွယ်ချက် မရှိပေ။
ကောင်မလေးက သူ့ရဲ့ မျက်နှာထားနှင့်ပတ်သက်ပြီးတော့ ကြေးမများ၍ ကံကောင်းသွားသည်။ ယွမ်ကျိုးက မပြုံးလျှင် မော်ကြွားသော နတ်ဘုရားနှင့် အသွင်တူသည်ဟု သူ့ကိုယ်သူ တွေးထားသောကြောင့်လည်း မပြုံးခြင်းဖြစ်သည်။
သို့သော်ငြားလည်း ကောင်မလေးက လိမ္မာပါးနပ်သောနည်းလမ်းကို အသုံးပြုသွားသည်။ သူမက ယွမ်ကျိုး၏တစ်ယောက်တည်းပုံကို အရင်ဆုံးရိုက်ကူးပြီးမှ သင့်လျော်သောနေရာတွင် သူမကိုသူမ ဓာတ်ပုံရိုက်ကူးသည်။ ထို့နောက် ဓာတ်ပုံနှစ်ပုံကို ပေါင်းစပ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေးလျို။ အခုပဲသွားတော့မယ်။ ရှင့်ရဲ့စားသောက်ဆိုင်ကို ကြော်ငြာပေးမယ်”
ထို့နောက် ကောင်မလေးက ကင်မရာကိုသိမ်းလိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်သို့ ပျော်ရွှင်စွာ ထွက်ခွာသွားသည်။
“အင်း”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက သူမ၏ကြော်ငြာနှင့်ပတ်သက်ပြီး အများကြီး မမျှော်လင့်ထားပေ။ ထူးဆန်းသောကောင်မလေး ထွက်ခွာသွားပြီးနောက် စားသောက်ဆိုင်က ချက်ချင်း တိတ်ဆိတ်သွားသည်။
ယွမ်ကျိုးက သက်ပြင်းအရှည်ကြီးချလိုက်ပြီး လုပ်စရာရှိသောအလုပ်များကို ဆက်လက် လုပ်ဆောင်သည်။ သို့သော်လည်း ငြိမ်းချမ်းတိတ်ဆိတ်သောအချိန်က နှစ်မိနစ်ခန့်ပင် မကြာခဲ့ချေ။ စားသောက်ဆိုင်ထဲသို့ ဝူဟိုင်းဝင်ရောက်လာသည်။
“သူဌေးယွမ်၊ အလုပ်ရှုပ်နေတုန်းပဲလား”
ဝူဟိုင်းက ပုံမှန်ဆိုလျှင် ညှပ်ဖိနပ်အပါးကို ဝတ်ဆင်ထားသည်။ ယခုတော့ အပြာနုရောင် သားရေဖိနပ်ကို ဝတ်ဆင်ထားသည့်အပြင် ချည်ထည်အင်္ကျီလက်တိုကို ဝတ်ဆင်ထား၍ တည်ကြည်သော အမူအရာပေါ်လွင်သည်။
“အင်း ... ဘာကိစ္စရှိလို့လဲ”
ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း မေးမြန်းသည်။
“အံ့ဩလိုက်တာ။ ခင်ဗျားက ပြောသမျှ အလေးမထားဘူးပဲ”
ဝူဟိုင်းက ပုံမှန်အတိုင်း ထိုင်လိုက်ပြီး သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ မကျေမနပ် အထွန့်တက်သည်။
“ခင်ဗျားတစ်ယောက်တည်းကို အလေးမထားတာတော့ မဟုတ်ပါဘူး”
ယွမ်ကျိုးက ချက်ချင်းပြန်ပြောသည်။
“စောနက ကောင်မလေးက ဘာလဲ။ ဘာကိစ္စကြောင့်လာတာလဲ”
ယွမ်ကျိုး၏ မဖော်ရွေသော အဖြေကို လျစ်လျှူရှုပြီး ဝူဟိုင်းက သူအောက်ထပ်ဆင်းလာစဉ် မြင်တွေ့ရသော မြင်ကွင်းနှင့် ပတ်သက်၍ မေးမြန်းလိုက်သည်။
“ဓာတ်ပုံလာရိုက်တာလေ”
ယွမ်ကျိုး၏ အဖြေက တိကျပြီး နားလည်လွယ်သည်။
“ပတ်ဝန်းကျင်အပူချိန်က ၃၉ဒီဂရီလောက်တောင် ဖြစ်နေပြီ။ ကောင်မလေး မပူဘူးလား။ အပူမကြောက်၊ အအေးမကြောက် ဝတ်ထားတာကြီးကလည်း အဆင်မပြေနေဘူးနော်”
ဝူဟိုင်းက သူ၏သေးငယ်သော မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း အထင်ကြီးလေးစားဟန်ပြောသည်။
“တကယ့်ကို ပူနေတာ ငါလည်း သူ့ကို နားမလည်နိုင်ဘူး”
ယွမ်ကျိုးက ခေါင်းညိတ်ကာ သူပြောသည့်အချက်ကို လက်ခံလိုက်သည်။ ကောင်မလေး၏ နားနောက်ဘက်တွင် ချွေးစေးများ ကျဆင်းနေခြင်းကို သူအမှတ်တမဲ့ လှမ်းမြင်လိုက်သည်။
ကာတွန်းကားထဲမှ ဇာတ်ကောင်ကို တုပပြီး ဝတ်ဆင်နေခြင်းဖြစ်သည်။ ယွမ်ကျိုးက ကောင်မလေးကဲ့သို့ သည်းခံပြီး ထူထဲသော အဝတ်အစားများ ဝတ်နိုင်ခြင်း မရှိချေ။
“ဒါလည်း ဝါသနာဖြစ်မှာပါ”
ဝူဟိုင်းက ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်သည်။
“ငါထွက်သွားတော့မယ်။ နှစ်လကြာမှ ပြန်လာမယ်”
“ဒီအကြောင်းကို သိထားပြီးသားပါ”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ဝူဟိုင်းက အကြိမ်ပေါင်းများစွာ ပြောထားပြီးသားဖြစ်၍ သူသိသည်။
“ဒီနေ့ထွက်သွားတော့မယ့်သဘောကိုပြောတာ”
ဝူဟိုင်းက အဓိကအချက်ကို အလေးထားပြောသည်။
“ဟုတ်တယ်။ ခင်ဗျားမပြောလည်း သိပါတယ်။ ခင်ဗျားဘောင်းဘီရှည် ဝတ်ထားတာ မြင်ပါတယ်”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ပြန်ပြောသည်။
“ကျုပ်က တစ်ခါမှ ဘောင်းဘီရှည်မဝတ်ဘူးလို့ ခင်ဗျားက ပြောလိုက်တာလား”
ဝူဟိုင်းက ကူကယ်ရာမဲ့ အမူအရာဖြစ်သွားသည်။ ယွမ်ကျိုး၏ စကားပြောသည့် စွမ်းရည်က အံ့မခန်းဖြစ်သည်။
“မဟုတ်ဘူး။ ခင်ဗျား တစ်ခါမှ မဝတ်ဘူးလေ။ ခင်ဗျားက အမြဲတမ်း ဘောင်းဘီတိုပဲ ဝတ်တာလေ”
ယွမ်ကျိုးက မပွင့်တပွင့် အမူအရာဖြင့် ခေါင်းညိတ်သည်။
“ကဲ အဓိပ္ပာယ်မရှိတာတွေ မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဟင်းချက်နည်း သင်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုတော့ နှစ်လတိတိ ကိုယ့်ဘာသာကိုယ် ဟင်းချက်စားတော့မယ်”
ဝူဟိုင်းက ယွမ်ကျိုး၏ စကားများကို လျစ်လျှူရှုလိုက်ပြီး မတ်တပ်ရပ်ကာ တံခါးအနား လမ်းလျှောက်သွားသည်။
“နှုတ်ဆက်ပါတယ်”
ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပြောသည်။ ဤတစ်ကြိမ်တွင် ဝူဟိုင်းက ခေါင်းပင်လှည့်မကြည့်ဘဲ လက်ကို ဝှေ့ယမ်းကာ နှုတ်ဆက်စကားပြောသွားသည်။ တည်ကြည့်ခန့်ညားသော အမူအရာရှိသော်လည်း တိုးလျသော အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
“သူဌေးယွမ်ကို ငါနဲ့အတူ ထုပ်ပိုးပြီးတော့ ခေါ်သွားရင်မကောင်းဘူးလား။ အခုတော့ ယုန်လိုပဲ အရွက်တွေပဲ နေ့တိုင်းစားရတော့မယ်။ စိတ်ညစ်လိုက်တာ”
ဆောင်းဦးရာသီက ခွဲခွာရသောရာသီဟု လူပြောများကြသည်။ သာဓကဆိုသော် မုရှောင်ယွမ် နှင့် ဝူဟိုင်းက ပူနွေးသောရာသီဥတုတွင် ယွမ်ကျိုးကို ခွဲခွာသွားကြသည်။
ဝူဟိုင်းထွက်ခွာသွားမှ ယွမ်ကျိုးက အနည်းငယ် စိတ်သက်သာရာရသွားပြီး ညပိုင်းဆိုင်ဖွင့်ရန်အတွက် ပြင်ဆင်စရာရှိတာများကို ပြင်ဆင်သည်။
“အခုအရမ်းပူနေတယ်။ ဟင်းပွဲအသစ်ကို ပြင်ဆင်သင့်တယ်”
ယွမ်ကျိုးက သူ့ကိုယ်သူပြောလိုက်သည်။
အပိုင်း(၂၂၅)
ပြီးပါပြီ။