အခန်း (၉၉၁-၉၉၂)
Vol. 59 Ch. 991-992
အပိုင်း (၉၉၁)
ကျူးကလန်၏ အိမ်တော်က အခြေအနေ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ရှမ့်လန်၏ စစ်တပ် ဝိုင်းရံခြင်းကို ခံထားရသော်လည်း ယခုအချိန်မှာတော့ နင်ချီ၏ စစ်တပ်က ဝိုင်းရံထား၏။ သို့သော်ငြား အစမှ အဆုံးထိ ရှမ့်လန်၏ လူများက ကျူးကလန်၏ အိမ်တော်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိသလို သူတို့၏ မိသားစုဝင်များကို နှောင့်ယှက်ခြင်းလည်း မရှိချေ။
ကျူးကလန် တစ်ခုလုံးက တစ်ဝက်တစ်ပျက် အကျယ်ချုပ် အခြေအနေမျိုးတွင် ရှိ၏။ မည်သို့ပင် ဆိုစေကာမူ ကျူးဟုန်ကျူးက ရှမ့်လန်၏ လက်ကျန် အင်အားစုများကို ကာကွယ်ပေးခဲ့၏။ ထိုသို့မဟုတ်ပါက အရူးကောင် နင်ရှောင်၏ လက်ချက်ဖြင့် လူ မည်မျှ သေမည်ကို မသိချေ။
ကျူးမင်မင်က ကျူးကလန်ဆီသို့ ရောက်ရှိပြီးနောက် မိဖုရားကြီးဘွဲ့ထူး မရှိတော့သော်လည်း အိမ်တော်တွင် အလေးစားရဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့၏။
“သမီး... ရှမ့်လန်က ကျင်းမိသားစုရဲ့ကိုယ်စား သမီးကို လက်ထပ်ခွင့် တောင်းခဲ့တယ်ဆို။ သမီး ဘယ်လို သဘောရလဲ။” မိဖုရားကြီးကျူးက မေးလိုက်သည်။
ကျူးနင်က ပြုံးလိုက်၏။ “ကျင်းမူကုန်းနဲ့ လက်ထပ်ရမှာလား။”
မိဖုရားကြီးကျူးက ပြောသည်။ “ဒါ ရှမ့်လန်ရဲ့ ဟာသ ဖြစ်လောက်တယ်။ သူက လူယုတ်မာ ဆိုပေမဲ့ နယ်စားကြီးကျင်းကျိုးက ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့လူ။ သမီး ကျင်းမူကုန်းကို လက်ထပ်ရင် ကိုယ်လုပ်တော်တော့ မဖြစ်နိုင်ဘူး။ တရားဝင်ဇနီး ဖြစ်လာလိမ့်မယ်။”
ကျူးနင်က ပြော၏။ “ကျွန်မတို့ ကျူးကလန်ရဲ့ အနေအထားအရ ဘယ်လိုမှ ကျင်းမူကုန်းကို လက်ထပ်လို့ မဖြစ်နိုင်ပါဘူး။”
မိဖုရားကြီးကျူးက ပြောသည်။ “ဒါဆိုရင် ကျူးကလန်ရဲ့ အနေအထားကို ခဏမေ့လိုက်။ သမီး ကျင်းမူကုန်းကို လက်ထပ်ချင်စိတ် ရှိလား။”
ကျူးနင်က ခဏမျှ စဉ်းစား၏။ ပြီးနောက် မေးလိုက်၏။ “အဒေါ်... အဒေါ်ကရော ရွှဲ့ဘုရင်ကို လက်ထပ်ချင်စိတ် ရှိခဲ့လား။”
ကျူးမင်မင်က ပြန်လည် မစဉ်းစားဘဲ မနေနိုင်တော့ချေ။ သူမက ကျူးနင်နှင့် တူညီ၏။ နိုင်ငံရေးကို လုံးဝ မကြိုက်၊ စာအုပ်၊စာပေထဲ နှစ်မြုပ်နေရသည်ကိုသာ နှစ်သက်၏။ ပညာရှိ အမျိုးသမီး တစ်ယောက် အဖြစ် အသိမှတ်ပြုခံချင်၏။
“လက်မထပ်ချင်ခဲ့ဘူး။ လက်မထပ်ချင်ခဲ့ဘူး ထင်တယ်။”
ကျူးမင်မင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အဒေါ်က နင်ယွမ်ရှန်းကို စိတ်ထဲကနေ အထင်သေးခဲ့လို့ပဲ။”
ကျူးနင်က ပြော၏။ “ဒါပေမဲ့ မိသားစုအတွက်နဲ့ ရွှဲ့ဘုရင်ကို လက်ထပ်ခဲ့ရတယ် မဟုတ်လား။”
ကျူးမင်မင်က ပြောသည်။ “ဟုတ်တယ်။ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူ့ကို ပိုပြီး အထင်သေးလာခဲ့တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို အထင်သေးရင် ကြာလာတော့ သနားစိတ်ဝင်လာပြီး အတူတူ နေလို့ရတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို အထင်သေးရင်တော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ပြောင်းသွားပြီ။ အတူ နေထိုင်လို့ မဖြစ်တော့ဘူး။”
ကျူးနင်က ဆက်မမေးတော့ချေ။ အဘယ်ကြောင့်ဆိုသော် အဒေါ်ဖြစ်သူ၏ အိမ်ထောင်ရေးက ကျောက်သား အပေါ်တွင် ထွင်းထုထားသကဲ့သို့ ပြောင်းလဲ၍ မရနိုင်တော့သောကြောင့်ပင်။ ပြီးပြည့်စုံသည် ဝမ်းနည်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ သူမ၏ဘဝတစ်လျှောက်လုံး တစ်ခါမှ မပျော်ရွှင်ခဲ့ဖူးချေ။ ယခု ကွာရှင်းပြီးသည့်နောက် သားသမီးမရှိဘဲ မိဘနေအိမ်သို့ တစ်ယောက်တည်း ပြန်လာခဲ့ရ၏။
ကျူးမင်မင်က မေးသည်။ “သမီး ကျင်းမူကုန်းကို အထင်သေးလား။”
ကျူးနင်က ခေါင်းခါယမ်း၏။ “အထင်မသေးပါဘူး။ တကယ်တော့ သူက ချစ်စရာ ကောင်းတယ်လို့တောင် ထင်မိတယ်။ သူက လူကောင်း တစ်ယောက်ပါ။”
ကျူးမင်မင်ကို သူမကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ပြောသည်။ “မဟုတ်ဘူး။ သမီး သူ့ကို အထင်သေးတယ်။ သမီးရဲ့ မာန်မာနနဲ့ ပြုစုပျိုးထောင်မှုတွေက ဒီလိုစကားလုံးမျိုး ပြောမထွက်အောင် တားဆီးထားလို့။ ဒီလိုအရာတွေက လူကောင်းတစ်ယောက်ကို မမုန်းတီးမိအောင် အတင်းအကျပ် ဖိအားပေး ထားတာမျိုးပဲ။”
ကျူးနင်က တိတ်ဆိတ်နေ၏။ သူမ၏အဒေါ် ပြောသည်က မှန်၏။ သူမ၏ ရင်ထဲတွင် ကျင်းမူကုန်းကို အမြဲတမ်း အထင်သေးခဲ့၏။
ကျူးမင်မင်က ပြောလိုက်သည်။ “တစ်ခါတလေမှာ လူတွေက သိပ်ပြီးထူးဆန်းတယ်။ အဒေါ်က နင်ယွမ်ရှန်း ထက် သာလွန်တယ်လို့ တစ်ဘဝလုံး ထင်ခဲ့ပြီး သူ့ကို အမြဲတမ်း ရွှံရှာခဲ့တယ်။ ဒါပေမဲ့ အခု သူက မြင့်မားပြီး အဒေါ်က နိမ့်ကျသွားခဲ့ပြီ။ သူက အဒေါ်ကို အထင်သေးဖို့တောင် ဝန်လေးနေသလိုပဲ။ ဒါကြောင့် လူတွေက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်မကြီးသင့်ဘူး။”
ထိုစကားကို ကြားချိန်မှာတော့ ကျူးနင်က ကြောင်အသွားခဲ့၏။ ထိုအရာက အဒေါ်ပြောရမည့် စကားမျိုး မဟုတ်ချေ။
...............
ကျူးကလန်၏ စာကြည့်ခန်းထဲမှာတော့ ….
ကျူးနင်က စာဖတ်နေ၏။ သူမက မိသားစု၏ တာဝန်ကို ကျေပွန်ရန် နင်ချီကို လက်ထပ်ဖို့ မူလက ပြင်ဆင်ထားခဲ့၏။ လက်ထပ်ပွဲ ပျက်သွားမည်ဟု သူမက မထင်မှတ်ခဲ့ချေ။
စာကြည့်ခန်းသို့ ပြန်လာပြီးနောက် ပညာဗဟုသုတပင်လယ်ထဲတွင် နစ်မြှုပ်နေ၏။
သူမ ပျော်ရွှင်ရမည်လား။ အပေါ်ယံတွင် သူမ လွတ်လပ်မှု ပြန်ရပြီဟု ပြောနိုင်၏။ သို့ပေမည့် လက်တွေ့တွင်တော့ သူမ ထင်ထားသလောက် စိတ်လက်ပေါ့ပါးခြင်း မရှိချေ။ သူမ၏ နှလုံးသားထဲတွင် ရှင်းပြ၍ မရနိုင်သော စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်နေ၏။ သို့ပေမည့် ထိုအရာကို ဝန်မခံချင်ပေ။
ကျူးဟုန်ပင်း ဝင်လာပြီးနောက် သူမ၏ ရှေ့တည့်တည့်တွင် ဝင်ထိုင်သည်။
“ကျင်းမူကုန်းကို လက်ထပ်ချင်စိတ် ရှိလား။” ကျူးဟုန်ပင်းက မေး၏။
ကျူးနင်က ခေါင်းခါယမ်းလိုက်သည်။ “မရှိဘူး။”
ကျူးဟုန်ပင်းက သက်ပြင်းချကာ ပြုံး၏။ ဤအဖြေကြောင့် စိတ်သက်သာရာ ရသွားသလိုပင်။
“မိသားစု ကလည်း ညီမလေးကို ကျင်းမူကုန်းနဲ့ လက်မထပ်စေလိုဘူး။ ရှမ့်လန်က ထျန်းရွှဲ့မြို့တိုက်ပွဲမှာ နိုင်ခဲ့ပေမဲ့ ဒါက ခဏတာအောင်ပွဲခံနိုင်မဲ့ အောင်ပွဲပဲ။ ကျူးကလန်အနေနဲ့ ထောင်ကျခံရင် ခံလိုက်မယ်။ ရှမ့်လန်နဲ့ ဘာမှ မပတ်သက်ချင်ဘူး။ လက်ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်။”
ကျူးဟုန်ပင်းက ပြောလိုက်၏။ “ပြီးတော့ အစ်ကိုတို့မှာ အချိန် သိပ်မကျန်တော့ဘူး။”
ကျူးနင်က ပြောလိုက်သည်။ “တော်ဝင်ရန်မြို့တော်က ဝူဘုရင်နဲ့ ချောင်ဘုရင်တို့ရဲ့ တုံ့ပြန်မှုကို စောင့်နေတာ မဟုတ်လား။”
ကျင်းဟုန်ပင်းက ပြော၏။ “မကြာခင်မှာ တော်ဝင်ရန်အင်ပါယာရဲ့ စစ်တပ်က တောင်ဘက်ပိုင်း သုံးနိုင်ငံကို ဝင်ရောက် စီးနင်းလိမ့်မယ်။ တကယ်လို့ ကျူးကလန်က တောင့်ခံထားနိုင်ရင် အစ်ကိုတို့က ဒီနယ်မြေရဲ့ အုပ်စိုးသူတွေအဖြစ် ဆက်ရှိနေအုံးမှာပဲ။ တကယ့်တော့ အရှေ့ဘက် လောကကြီးတစ်ခုလုံး လုံးဝ ပေါင်းစည်းသွားရင် ရွှဲ့ပြည်နယ်တစ်ခုလုံးကို ပြောင်းလဲဖို့ တော်ဝင်ရန်အစိုးရအဖွဲ့က ဆွေးနွေးထားပြီးသားပဲ။ ပြည်နယ်လေးခုကို အုပ်ချုပ်ရမှာဖြစ်ပြီး အမြင့်ဆုံး အရာရှိက အုပ်ချုပ်ရေးမှူး ဖြစ်လာလိမ့်မယ်။”
ကျူးနင်က ပြောလိုက်သည်။ “ပြောစရာရှိတာ ပြောပါ။”
ကျူးဟုန်ပင်းက ပြောလိုက်၏။ “ဒါပေမဲ့ လောလောဆယ် ရွှဲ့ပြည်နယ်က ရှမ့်လန် လက်ထဲမှာ ရှိနေသေးတယ်။ ဒီလူက အရမ်းရူးသွပ်နေတဲ့လူဆိုတာ ညီမလေး သိပါတယ်။ သူက ဂုဏ်သိက္ခာကို အသက်လောက် တန်ဖိုးထားတယ်။
ဒါကြောင့် တုံ့ကျန်းဘုရားကျောင်းရဲ့ ဘုန်းကြီး စစ်သည်တော် သုံးထောင်ကို လွှတ်ပေးနိုင်ခဲ့ပေမဲ့ ဆရာတော် ခွန်းကျန့်က သူ့ကို အရှက်ခွဲလို့ဆိုပြီး အကုန်လုံးကို သတ်ပစ်တယ်။ ခွန်းကျန့် ကိုယ်တိုင်ကိုတောင် နှစ်ပိုင်း ပိုင်းဖြတ်ခဲ့တယ်။ ဂုဏ်သိက္ခာအတွက်ဆိုရင် ရှမ့်လန်က တုံ့ကျန်းဘုရားကျောင်း တစ်ခုလုံးနဲ့ အသေအကြေ တိုက်ခိုက်ဖို့တောင် ဝန်မလေးခဲ့ဘူး။”
ကျူးနင်က ဆက်ပြောသည်။ “ဆက်ပြောပါ။”
ကျူးဟုန်ပင်းက ပြောလေသည်။ “ဒါကြောင့် တကယ်လို့ ရှမ့်လန်က ကျူးကလန်ကို လက်ထပ်ခွင့်တောင်းဖို့ လူလွတ်ခဲ့ပြီး ငါတို့က ငြင်းပယ်လိုက်တယ်ဆိုရင် သူ့ရဲ့ပါးကို ရိုက်လိုက်တာနဲ့ အတူတူပဲ။ ဒီလူက သဘောထား သေးသိမ်တယ်။ သေချာပေါက် အရူးအမူးနဲ့ လက်တုံ့ပြန်လိမ့်မယ်။”
ကျူးနင်က မျက်နှာ တစ်ခုလုံး ဖြူလျော်သွားခဲ့၏။ “ဒါဆိုရင်ရော။”
ကျူးဟုန်ပင်းက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် အဘိုးက သူ့ကို စကားပြောခွင့် မပေးချင်ဘူး။”
ကျူးနင်က ပြောလိုက်၏။ “ဒါဆို အစ်ကိုက ညီမကို စောစောစီးစီး သေစေချင်တာလား။”
ကျူးဟုန်ပင်း၏ အသက်ရှူသံများက မြန်ဆန်လာ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “အဘိုး ပြောတာက မိသားစုအတွက်ဆိုရင် ကျူးကလန်က ဘယ်သူ့ကိုမဆို စတေးခံရဲရမယ်တဲ့။ ဒီကိစ္စမှာ အဘိုး ကိုယ်တိုင်လည်း ပါတယ်။”
ပြီးနောက် သူက ဆေးပုလင်းတစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်လိုက်၏။ “ဒါ စေတီတောင်ရဲ့ ဆေးပဲ။ သောက်ပြီးရင် တီဘီရောဂါ ခံစားရသလို ဖြစ်လိမ့်မယ်။ ဒါက ကုလို့မရတဲ့ ရောဂါပဲ။ ကူးစက်တတ်သေးတယ်။ ဒါကြောင့် ဘယ်သူမှ ညီမကို လက်ထပ်ရဲမှာ မဟုတ်ဘူး။”
ကျူးနင်က တုန်ယင်သွားခဲ့သည်။ “အစ်ကိုက ညီမကို မသေစေချင်ဘူးလား။”
တကယ်တော့ ကျူးဟုန်ကျူးက သေရမည်ဟု ပြောခဲ့၏။ ကျူးကလန်ထဲရှိ မည်သူမဆို သေ၍ရ၏။ သို့သော်ငြား ကျူးဟုန်ပင်းနှင့် ကျူးနင်တို့က မောင်နှမသံယောဇဉ် နက်ရှိုင်းသောကြောင့် ကျူးနင်ကို မသေစေလိုပေ။ ထို့ကြောင့် တီဘီရောဂါ ခံစားရခြင်းက အကောင်းဆုံးသော ရွေးချယ်မှုဟု သူခံစားမိ၏။
ကျူးဟုန်ပင်းက ပြောလိုက်သည်။ “လာ... နည်းနည်းကြာရင် တော်ဝင်ရန်အင်ပါယာရဲ့ စစ်တပ် ရောက်လာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်။ ရှမ့်လန်လည်း သွားပြီ။ နောက်လနည်းနည်းက အရုဏ်မတက်ခင် အမှောင်ထုပဲ။”
ကျူးနင်က ပုလင်းကို ကောက်ယူပြီး ကြည့်၏။ အစိမ်းရောင်အရည် ဖြစ်နေပြီး အတွင်းတွင် မရေတွက် နိုင်သည့် ပိုးကောင်များ ရှိနေသကဲ့သို့ပင်။
“တကယ်လို့ ညီမလေးက ကျင်းမူကုန်းကို လက်မထပ်ချင်ဘူး၊ ရှမ့်လန်နဲ့ ဘာမှမပတ်သက်ချင်ဘူးဆိုရင် သောက်လိုက်။”
ကျူးဟုန်ပင်းက ပြောသည်။ “ဒါပေမဲ့ အစ်ကို ရှင်းရှင်းလင်းလင်း ပြောပြမယ်။ ဒီရောဂါရဲ့ လက္ခဏာတွေက တီဘီရောဂါနဲ့ အတိအကျတူတယ်။ အရမ်းနာကျင်ရလိမ့်မယ်။ အဆုတ်ကွဲမတတ် ချောင်းဆိုးပြီး သွေးအန်ရလိမ့်မယ်။”
သူ့စကားမဆုံးခင်မှာပင် ကျူးနင်က ပုလင်းကိုဖွင့်ပြီး တစ်ကြိုက်တည်း မော့သောက်လိုက်၏။ သောက်ပြီးသည့်နောက် ကျူးနင်က ပြုံးလိုက်၏။ “ညီမ စာဖတ်လိုက်အုံးမယ်။”
ကျူးဟုန်ပင်းက ထွက်ခွာသွားခဲ့၏။ ၂ နာရီကျော် ကြာပြီးသည့်နောက် စာကြည့်ခန်းအတွင်းမှ ကျူးနင်၏ ပြင်းထန်စွာ ချောင်းဆိုးသံများ ထွက်ပေါ်လာလေသည်။
.....................
မကြာမီ မြို့တော်မှ အထက်မြက်ဆုံးသော အမျိုးသမီး ကျူးနင်က ကုမရနိုင်သည့် တီဘီရောဂါ ခံစားနေ ရကြောင်း သတင်းများ ပျံ့နှံ့သွား၏။ သူမက သမားတော်အများအပြားကို ဖိတ်ခေါ်ကုသခဲ့သော်လည်း အားလုံးက မျှော်လင့်ချက် မရှိကြောင်း ပြောဆို၏။ သူမက ဖြူဖတ်ဖြူရော် ဖြစ်နေပြီး ပိန်လှီကာ နေ့တိုင်း သွေးအန်နေရ၏။
ရှမ့်လန် ထိုသတင်းကို ကြားချိန်မှာတော့ အံ့အားမသင့်ဘဲ မနေနိုင်ချေ။ ပြီးနောက် သူက ဒေါသထွက်လွန်းသောကြောင့် တဟားဟား ထကာ ရယ်မိ၏။ ပြီးနောက် ကျူးအိမ်တော်ဆီသို့ ကိုယ်တိုင် သွားရောက်သည်။
“အင်ပါယာရှမ့်လန်ကို ကြိုဆိုပါတယ်။ ဂါရဝပြုပါတယ်။” ကျူးကျွင်း၏မိန်းမ၊ ကျူးဟုန်ပင်းနှင့် တခြားသူများက ရိုသေစွာ ဦးညွှတ်၏။
ရှမ့်လန်က မေးလိုက်သည်။ “ကျူးနင်က တီဘီရောဂါ ဖြစ်နေတာလား။”
ကျူးကျွင်း၏ ဇနီးက ငိုကြွေး၏။ “ဟုတ်ပါတယ်။ ဘယ်သူထင်မှာလဲ။ ဒီရောဂါက လွန်ခဲ့တဲ့ လအနည်းငယ်တည်းက စပြီးဖြစ်ခဲ့တာပါ။ သူက ငယ်ငယ်ထဲက အားနည်းတော့ အစပိုင်းမှာ ချောင်းဆိုးတာ သိပ်မပြင်းထန်လို့ ကျွန်မတို့က အဲဒီလို မထင်ခဲ့ဘူး။ မကြာသေးခင်က မိသားစုမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့လို့ သူ့ရဲ့ရောဂါလက္ခဏာက ပိုဆိုးလာတယ်။ တီဘီရောဂါလို့ အတည်ပြုလိုက်ပါပြီ။ သူ့မှာ အချိန် သိပ်မကျန်တော့ပါဘူး။”
ပြီးနောက် ကျူးကျွင်း၏ ဇနီးက ငိုချသည်။
“ကောင်းကင်ဘုံက ကျွန်မတို့အပေါ် အရမ်းကို ရက်စက်လွန်းတယ်။ သမီးလေးကို ခေါ်သွားချင်နေတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သွားကြည့်လိုက်အုံးမယ်။”
“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့ အင်ပါယာရှမ့်လန်။ အင်ပါယာရှမ့်လန်က တန်ဖိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒီကုမရတဲ့ တီဘီရောဂါက ကူးစက်တတ်ပါတယ်။” ကျူးကျွင်း၏ ဇနီးက တုန်ယင်စွာဖြင့် တားဆီးသည်။
ရှမ့်လန်က ဘာမှမပြောချေ။ ကျူးနင်၏ အခန်းထဲသို့ တိုက်ရိုက်ဖွင့်ဝင်သွား၏။ ထင်မှတ်ထားသည့်အတိုင်းပင် အနားရောက်သည်နှင့် ပြင်းထန်သည့် ချောင်းဆိုးသံကို ကြားရ၏။ အဆက်မပြတ် ချောင်းဆိုးနေပြီး အဆုတ်က ကွဲမတတ်ပင်။
အခန်းထဲသို့ဝင်ပြီးနောက် ကျူးနင်ကို မြင်ရချိန်မှာတော့ သရဲမတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ပင်။ သူမ၏ မျက်နှာများက ဝါဖျော့လျက်ရှိ၏။ အရေပြားနှင့် အရိုးသာ ကျန်တော့သကဲ့သို့ ပိန်လှီနေ၏။ ပေကျံနေသော စက္ကူဖြူများက ပြည့်နှက်နေပြီး အားလုံးက ချောင်းဆိုးသွေးအန်ထားသည့် အစက်အပြောက်များနှင့်ပင်။
အခန်းထဲသို့ဝင်ပြီး ကျူးနင်ကို မြင်ရချိန်၊ ရက်အနည်းငယ်အတွင်း ကျူးနင်က လုံးဝတခြားသော လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွား၏။ သူမက တကယ်ကို သေလုမျောပါး ဖြစ်နေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့်ပုံပင်။
ရှမ့်လန်က ကုတင်နားသို့ လျှောက်သွားပြီး မေး၏။ “ကျူးနင်... တီဘီရောဂါ ခံစားနေရတာလား။”
“အဟွတ်... ဟွတ်... ဟွတ်။”
ကျူးနင်က ပြင်းထန်စွာ ချောင်းဆိုးသည်။ “ဟုတ်ပါတယ်... တီဘီရောဂါပါ။ အင်ပါယာရှမ့်လန်က ဆေးပညာ ကျွမ်းကျင်သူပဲ။ တစ်ချက်ကြည့်ရုံနဲ့ သိမှာပါ။”
ရှမ့်လန်က သက်ပြင်းချကာ ပြောလိုက်၏။ “သခင်မကျူး... ကျုပ် မူလက အောင်သွယ်လုပ်ပြီး ကျူးနင်ကို ကျုပ်ရဲ့ ကျင်းမူကုန်းနဲ့ လက်ထပ်ပေးချင်ခဲ့တာ။”
သခင်မကျူးက ပြောသည်။ “ကျင်းမူကုန်းက ကလေးကောင်းလေးတစ်ယောက်ပါ။ မြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာပြီး ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်။ လိုက်ဖက်တဲ့ စုံတွဲပဲ။ ဒါပေမဲ့ နှမြောစရာ ကောင်းတာက ကျွန်မတို့ ကျူးနင်လေးမှာ ကံပါမလာခဲ့ပါဘူး။ ဒါတွေအားလုံးက ကံတရားပါပဲ။ နင်လေးက ဆက်ခံသူ ကျင်းမူကုန်းနဲ့ မထိုက်တန်ပါဘူး။”
ရှမ့်လန်က ဖျော့တော့စွာ ပြော၏။ “ကျူးနင်... ကျုပ် အနောက်ဘက်လောကက ပြန်လာတုန်းက ကျင်းမူကုန်းကို သူ့အတွက် မိန်းမကောင်းလေးတစ်ယောက် ရှာပေးမယ်လို့ ပြောခဲ့တယ်။ အဆုံးသတ်တော့ သူက ခင်ဗျားနာမည်ကို ပြောလာတယ်။ ဒါကြောင့် ကျုပ်က ကျူးမိသားစုကို လက်ထပ်ခွင့် တောင်းချင်ခဲ့တာ။
ဒါပေါ့... ကျုပ်ရဲ့ ပါးစပ်က သိပ်မကောင်းဘူး။ ပါးစပ်က ထွက်လာတဲ့ စကားကောင်းတွေ အကုန်လုံးက ပိုပိုသာသာကြီးပဲ ဖြစ်ကုန်တယ်။ ခင်ဗျားကို ကျင်းမူကုန်းရဲ့ ကိုယ်လုပ်တော် ဖြစ်စေချင်တယ်လို့ ကျုပ် ပြောခဲ့တယ်။ ကျုပ်ရဲ့ ယောက္ခထီးကြီးရဲ့ စရိုက်နဲ့ဆိုရင် ခင်ဗျားကို ဘယ်လိုလုပ် ကိုယ်လုပ်တော် ဖြစ်ခွင့်ပေးမှာလဲ။”
ရှမ့်လန်၏ အသံက တည်ငြိမ်နေသည်။
ကျူးနင်၏ မျက်နှာထားက ပြောင်းလဲသွားပြီး အသက်ပင် အောင့်ထားမိ၏။ “ခင်ဗျား သဘော မတူရင်လည်း ကိစ္စမရှိပါဘူး။ အတင်းခူးဆွတ်တဲ့ သစ်သီးက မချိုဘူးတဲ့။”
ရှမ့်လန်က ပေါ့ပေါ့ပါးပါး ပြော၏။ “ထျန်းရွှဲ့မြို့တိုက်ပွဲက ပြီးဆုံးသွားခဲ့တာ ကြာပြီ။ ကျုပ် ဒီကိစ္စကို မပြောခဲ့ဘူး။ မူလတုန်းက မိဖုရားကြီးပျံ့ကို တိတ်တဆိတ် လာမေးခိုင်းမလို့ပဲ။
တကယ်လို့ ခင်ဗျားသာ ဆန္ဒရှိနေတယ်ဆိုရင်၊ ကျူးနင်... ခင်ဗျား သေဆုံးသွားသလို ဟန်ဆောင်ပြီး နုရှောင့်မြို့ကို တိတ်တဆိတ် ပို့ပေးနိုင်တယ်။ ကျင်းမူကုန်းနဲ့ လက်ထပ်ပေးလို့ ရတယ်။ ဘယ်သူက အဲဒီဝတုတ်ကို ခင်ဗျားကို အတင်းကြီး ကြိုက်ခိုင်းလို့လဲ။ သူက ကျုပ်နဲ့ ရွယ်တူပဲ၊ ၂၇ နှစ် ရှိပြီ။ ဒါပေမဲ့ အခုထိ မိန်းမ မရှိသေးဘူး။ ရည်းစားလည်း မထားဖူးဘူး။”
အပိုင်း (၉၉၂)
ရှမ့်လန်၏ အသံက ပိုကာတည်ငြိမ်လာ၏။ “အရင်တုန်းက ကျုပ် ကျင်းမူကုန်း ကိုယ်စား ကျူးမိသားစုကို လက်ထပ်ခွင့်တောင်းတုန်းက ကျုပ်ရဲ့ ဝိသေသလက္ခဏာက မပေါ်သေးဘူး။ အဲဒီတုန်းက လက်ထပ်ပြီး မဟာမိတ်ဖွဲ့ဖို့ ရည်မှန်းချက်မျိုး တကယ်ရှိခဲ့တယ်။ ရွှဲ့ပြည်နယ်ရဲ့ အာဏာလွှဲပြောင်းမှုကို ချောမွေ့စေချင် ခဲ့တယ်။ တကယ်လို့ ကျူးမိသားစုက နင်ယီကို ထောက်ခံနိုင်ရင် နင်ကျန်းကိုရော မထောက်ခံနိုင်ဘူး လားပေါ့။
အဆုံးကျတော့ ကျူးမိသားစုက ရွှဲ့ပြည်နယ်ကို သစ္စာစောင့်သိတာ မဟုတ်ဘဲ တော်ဝင်ရန်အင်ပါယာရဲ့ ရွှဲ့ပြည်နယ်လုံးဆိုင်ရာ လက်ပါးစေတွေ ဖြစ်နေမှန်း ကျုပ်သိလိုက်ရတယ်။ ရွှဲ့ပြည်နယ်ရဲ့ ထမင်းကို စားပြီး တော်ဝင်ရန်အင်ပါယာရဲ့ အလုပ်ကို လုပ်နေကြတာ။
ဒီတစ်ခါ ကျုပ် ခင်ဗျားကို လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်တာက ကျင်းမူကုန်းရဲ့ ပျော်ရွှင်မှု သက်သက် အတွက်ပဲ။ အခု ကျုပ် ကျူးမိသားစုကို လက်ထပ်ပြီး မဟာမိတ်ဖွဲ့နေဖို့ မလိုအပ်တော့ဘူး။ ဒါပေါ့။ တကယ်လို့ ခင်ဗျား ... ကျူးနင်က ဆန္ဒမရှိရင် ကျုပ် အတင်းအကြပ် မလုပ်ဘူး။ မဟုတ်ရင် ကျုပ် ပြဿနာ အကြီးအကျယ် ရှာပြီးဖြစ်မှာပေါ့။ တကယ်လို့ ခင်ဗျား ဆန္ဒမရှိရင် ဖွင့်ပြောလိုက်ရုံပါပဲ။ ဖျားနာချင် ယောင်ဆောင်နေစရာ မလိုပါဘူး။ ကုမရတဲ့ တီဘီရောဂါ ဖြစ်ချင်ယောင် ဆောင်နေစရာတောင် မလိုပါဘူး။”
သူ ထိုသို့ ပြောလိုက်တော့ သခင်မကျူးက ပြော၏။ “အရှင်ရှမ့်လန်... အင်ပါယာ... ကျူးနင်လေးက တကယ်ကို ရောဂါဖြစ်နေတာပါ။ သမားတော်တွေ အားလုံးက ကြည့်ပြီးပါပြီ။ သူ ရောဂါခံစားနေရတာပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါက တီဘီရောဂါ မဟုတ်ဘူး။ ဒါ ဘက်တီးရီးယား ပိုးဝင်တာပဲ။ အရမ်းကို ခေါင်းမာတဲ့ ပိုးတစ်မျိုးပဲ။ ကျုပ်သာ မမှားဘူးဆိုရင် ဒီဆေးက စေတီတောင်က လာတာပဲ ဖြစ်ရမယ်။ ခင်ဗျားတို့က ဉာဏ်ကောင်းတယ်ထင်ပြီး ကျူးနင်ကို ကူးစက်တတ်တဲ့ တီဘီရောဂါ ဖြစ်ချင်ယောင် ဆောင်ခိုင်း လိုက်တာ။ အဲလိုဆိုရင် ကျုပ်တို့မိသားစုက ကျူးနင်ကို လက်ထပ်ခွင့်တောင်းမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
ပြီးတော့ နောက်လ နည်းနည်းကြာရင် တော်ဝင်ရန်အင်ပါယာက စစ်တပ် ရောက်လာမယ်။ လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားမယ်။ ခင်ဗျားတို့က ဒီအကြပ်အတည်းထဲကနေ ဘေးကင်းလုံခြုံစွာ လွတ်မြောက် သွားလိမ့်မယ်ပေါ့။”
ခင်ဗျားတို့ ကျုပ်ကို ကြောက်တယ်။ တကယ်လို့ ကျုပ် လက်ထပ်ခွင့် တောင်းလာတာကို ငြင်းပယ်လိုက်ရင် ကျုပ် ဒေါသထွက်ပြီး သတ်ဖြတ်ပွဲကြီး စတင်ပြီး လုပ်မှာကို ကြောက်ကြတယ်။ ဒါ အရမ်းကောင်းတယ်။ ကြောက်ရွံ့ခြင်းက ကောင်းမွန်တဲ့ သီလတစ်ခုပါပဲ။ ဒါပေါ့။ ဒါက တကယ်တော့ အန္တရာယ်များတယ်။ လက်ရှိ ရောဂါ အခြေအနေအရ တီဘီရောဂါ မဟုတ်ပေမဲ့ ကျူးနင်က ပိုပြီး မြန်မြန် သေဆုံးသွားနိုင်တယ်။”
ရှမ့်လန်က ပြော၏။ “တကယ်လို့ စေတီတောင်ရဲ့ ကုသမှုကို မခံယူရင် ကျူးနင်က လဝက်ထက် ပိုမနေနိုင်ဘူး။ တီဘီရောဂါက ဒီလောက် မြန်မြန် မသေဘူး။”
သူ ထိုသို့ပြောလိုက်တော့ ကျူးနင်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့၏။ သူမ မည်မျှ ဉာဏ်ကောင်းပါစေ မိန်းကလေးငယ်လေး တစ်ယောက်သာ ဖြစ်၏။ သေချာပေါက် မသေချင်သေးချေ။
ရှမ့်လန်က လက်ကို ဆန့်ထုတ်လိုက်၏။ ချက်ချင်းပဲ သေတ္တာတစ်လုံးက သူ့လက်ထဲ၌ ပေါ်လာ၏။ ဖွင့်ကြည့်လိုက်ချိန်မှာတော့ ပင်နီဆီလင် ပုလင်း ၁၀ လုံးကို တွေ့ရသည်။ “စေတီတောင်က ခင်ဗျားကို မကယ်နိုင်ရင်တောင် ကျုပ် ရှမ့်လန်က ကယ်နိုင်တယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါ သုတေသန လုပ်ထားတဲ့ အံ့ဖွယ်ဆေးတွေပဲ။ ကျူးနင်ရဲ့ ရောဂါကို ချက်ချင်း သက်သာစေနိုင်တယ်။ ၁၀ ရက်မပြည့်ခင်မှာပဲ ပြန်ကောင်းသွားလိမ့်မယ်။”
သူ ထိုသို့ ပြောလိုက်ချိန်မှာတော့ ကျူးမိသားစုဝင်များ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွား၏။ သခင်မကျူးက တုန်ယင်စွာ ငိုကြွေးမိသည်။ “အင်ပါယာရှမ့်လန်... ရှင် ကျွန်မတို့ ကျူးနင်လေးက စာဂျပိုး သက်သက်ပါ။ ဆက်ဆံသူ ကျင်းမူကုန်းနဲ့ မတန်ပါဘူး။ ကျွန်မတို့က မထိုက်တန်ပါဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “အခုကစပြီး လက်ထပ်ပွဲအကြောင်းကို ထပ်မပြောတော့ဘူး။ ခင်ဗျားတို့ ကျူးမိသားစုက ကျုပ် ရှမ့်လန်နဲ့ ကျင်းမိသားစုကို အထင်သေးကြတယ်။ ဒါက ဘာမှမဟုတ်ဘူး။”
ပြီးနောက် ရှမ့်လန်က သူ့နောက်မှ လူများကို ပြောလိုက်၏။ “တွေ့ကြလား။ လောကကြီးမှာ ဖိနပ်လိုက်လျက်တဲ့သူတွေရဲ့ အဆုံးသတ်က မကောင်းဘူး။ ဒီလက်ထပ်ပွဲအကြောင်း ဘယ်တော့မှ ထပ်ပြောစရာ မလိုတော့ဘူး။ ခင်ဗျားတို့ ကျူးမိသားစုအနေနဲ့ ကျုပ် အတင်းအကြပ် လက်ထပ်ခိုင်းမှာကို စိုးရိမ်စရာ မလိုပါဘူး။”
ပြီးနောက် ရှမ့်လန်က ပြင်ပသို့ ထွက်သွား၏။ လမ်းတစ်ဝက်သို့ ရောက်ချိန်မှာတော့ ထပ်မံကာ ရပ်တန့်လိုက်သည်။
သခင်မကျူးက ကြောက်လန့်စွာဖြင့် တုန်ယင်သွားခဲ့၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကြောက်ရွံ့ခြင်း ဆိုတာ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတစ်ခုပါပဲ။ ဒါပေမဲ့ ကျုပ် ရှမ့်လန်က လူအတစ်ယောက်လို့ ခင်ဗျားတို့ ထင်နေကြတာလား။ ကျုပ်က လူအတစ်ယောက်လား။ ကျုပ်ကို လှည့်စားရတာ စိတ်ဖိစီးမှုများ မရှိဘူးလား။ ကျူးနင်... ခင်ဗျားက ဉာဏ်ကောင်းတဲ့ မိန်းမ တစ်ယောက်ပါ။ ကျုပ် ရှမ့်လန်ကို လှည့်စားရတာ စိတ်သက်သာရာ ရရဲ့လား။”
ကျူးနင်က တုန်ယင် သွားခဲ့၏။ “အင်ပါယာရှမ့်လန်... ရှင် ကျွန်မကို ဒီလိုလုပ်အောင် ဖိအားပေးခဲ့တာ မဟုတ်ဘူးလား။ တကယ်လို့ ရှင်သာ ကျင်းမူကုန်းအတွက် ကျွန်မကို လက်ထပ်ခွင့် မတောင်းခဲ့ရင် ကျွန်မ ဘာလို့ ဖျားချင်ယောင် ဆောင်ပြီး ရှင့်ကို လှည့်စားရမှာလဲ။”
“ကျုပ်က ဖိအားပေးခဲ့တာလား။”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က ဖိအားပေးခဲ့တာလား။ ကျုပ် ကျူးမိသားစုကို အခုချိန်ထိ အသက်ရှင်ခွင့် ပေးထားခဲ့တာ ခင်ဗျားတို့ စည်းကမ်းလိုက်နာသေးလို့ပါ။ အခုထိ ခင်ဗျားတို့က စည်းကမ်းမဖောက်ဘဲ ကျုပ်နဲ့ တိုက်ခိုက်နေတုန်းပဲ။
ခင်ဗျားက ဖျားချင်ယောင်ဆောင်ပြီး ကျုပ်ကို လာလှည့်စားနေတယ်။ ဒါက ကြောက်တာ မဟုတ်ဘူ။ ခင်ဗျားတို့ ရင်ထဲမှာ ကျုပ်ကို အထင်သေးနေတုန်းပဲ မဟုတ်လား။
ကောင်းပြီ... ကောင်းပြီ... ကျုပ် ခင်ဗျားတို့ကို ကယ်ဖို့ အံ့ဖွယ်ဆေး ဘာလို့ ပေးခဲ့လဲ ဆိုတာကို သိလား။”
ရှမ့်လန်က ဖြည်းညင်းစွာ ပြော၏။ “ဒီနေ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခင်ဗျားတို့ အားလုံးကို သိစေချင်လို့။ မူလက ကျုပ် ခင်ဗျားတို့ ကျူးကလန်အတွက် ပြတင်းပေါက်တစ်ပေါက်ကို ဖွင့်ပေးခဲ့ပေမဲ့ ခင်ဗျားတို့ အားလုံးက အဲဒီပြတင်းပေါက်ကို အသေပိတ်ကြတယ်။
စိတ်မပူနဲ့။ ကျုပ် ခင်ဗျားတို့ကို မသတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ စစ်မှန်တဲ့ မျှော်လင့်ချက် ကင်းမဲ့မှုကို မခံစားရသေးလို့ပါ။ တကယ်လို့ ကျုပ် ခင်ဗျားတို့ကို သတ်လိုက်ရင် လွယ်လွန်းအားကြီး နေလိမ့်မယ်။
ကျူးနင်... အနာဂတ်မှာ ကျူးမိသားစုရဲ့ စစ်မှန်တဲ့ မျှော်လင့်ချက် ကင်းမဲ့မှုကို ခင်ဗျားကိုယ်တိုင် မျက်လုံးနဲ့ မြင်တွေ့နိုင်အောင်လို့ ကျုပ် ခင်ဗျားကို အသက်ရှင်ခွင့် ပေးလိုက်မယ်။ အဲဒီအချိန်ကျရင် ဒီနေ့ ကျုပ်ကို လှည့်စားခဲ့တဲ့အတွက် ခင်ဗျားတို့ နောင်တရလိမ့်မယ်။
အဲဒီအချိန်ကျရင် ကျူးဟုန်ကျူး၊ ကျူးရုံနဲ့ ခင်ဗျား ... ကျူးနင်တို့ ကျုပ်ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြလိမ့်မယ်။ သူတို့ ငိုကြွေးပြီး ကျုပ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြလိမ့်မယ်။ ကျင်းမူကုန်းကို မျက်နှာလိုမျက်နှာရလုပ်ပြီး သူ့ရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်။ ကျေးဇူးပြုပြီး မှတ်ထားပါ။ ကျူးမိသားစု... ဒီနေ့ ခင်ဗျားတို့ သေလမ်းရှာခဲ့တာပဲ။”
………………
ဝူပြည်နယ်
ဝူဘုရင် ခန့်မှန်းထားသည့်အတိုင်းပင် အရေးမပါသည့် အမှုက နောက်ဆုံးတွင် ဝူကျိ၏ ခေါင်းပေါ်သို့ ရောက်လာခဲ့၏။ ဝူပြည်နယ်၏ အစိုးရအဖွဲ့က ထင်မှတ်ထားသည်ထက် ပိုမိုကာ စိုးရိမ်ပူပန်နေ၏။ လဝက်နီးပါးတွင် ဤအမှုငယ်လေးက တုန်လှုပ်ဖွယ်ရာ ကောင်းသည့် အမှုကြီး ဖြစ်လာခဲ့၏။ လူအများအပြား ဖမ်းဆီးခံခဲ့ရပြီး လူအများအပြား သေဆုံးခဲ့၏။ ထိုအရာက ကြီးမားသည့် ဖြစ်ရပ်ကြီး ဖြစ်လာခဲ့၏။
အစိုးရအဖွဲ့နှင့် အစိုးရရုံးချုပ်တို့၏ ပူးပေါင်းစုံစမ်းစစ်ဆေးချက်များအရ ဤလယ်မြေသိမ်းပိုက်ခြင်းအမှုတွင် သတ်ဖြတ်ခံခဲ့ရသည့် လယ်သမားများနှင့် အလုပ်သမားဦးရေက တစ်ထောင်ကျော်ရှိပြီး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် အပြစ်မဲ့ အမျိုးသမီးဦးရေက တစ်ရာကျော်ရှိသည်။
အဖြစ်အပျက်၏ အထွတ်အထိပ် အခြေအနေက ကြီးမားလွန်းသော အလောင်းကျင်းကြီး တစ်ခုကို တူးဖော်တွေ့ရှိခြင်းပင်။ အလောင်းဒါဇင်ကျော်မျှ ရှိနေပြီး သက်ကြီးရွယ်အိုများမှ ကလေးငယ်များထိ ပါဝင်၏။
ဤသည်က သာမန်လယ်သမားမိသားစု ဖြစ်သော လင်းမိသားစုပင်။ မိသားစုတွင် ပညာရှိ နှစ်ဦးသာ ရှိသော်လည်း စိုက်ခင်းဧက ရာဂဏန်းကြောင့် မိသားစုတစ်ခုလုံး အရှင်လတ်လတ် မြှုပ်နှံခံရ၏။ စုံစမ်း စစ်ဆေးပြီးနောက် အဓိက တရားခံက ကွပ်ကဲရေးဌာနမှ တပ်မှုး ဝမ်ချင်အန်းပင် ဖြစ်သည်။
ဝမ်ချင်အန်းဆိုသည်က မည်သူဖြစ်သနည်း။ ဝူကျိ၏ ကိုယ်ရံတော် ဖြစ်၏။ မိသားစုတစ်ခုလုံးက မျိုးရိုးစဉ်ဆက် ဝူမိသားစုအပေါ် သစ္စာစောင့်စည်းခဲ့၏။ ဝမ်ချင်အန်း၏ သိုင်းပညာက မဆိုးသော်လည်း စစ်တပ်ကို ကွပ်ကဲနိုင်စွမ်းကတော့ သာမန်သာပင်။ ထို့ကြောင့် ဝူကျိ၏ ထောက်ပံ့မှုဖြင့် သူက အသက် ၅၀ အရွယ် စစ်ဆင်ရေး အရာရှိတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ သို့သော်ငြား ဝူပြည်နယ် တစ်ခုလုံး၌ သူက ဝူကျိ၏ လုံးဝ လူယုံဖြစ်ကြောင်း သိထားကြ၏။
ဤအမှုကြီး ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ဝူပြည်နယ်အတွင်း ကြီးမားသည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား၏။ မရေတွက်နိုင်သည့် လူများ၏ လမ်းညွှန်မှုအောက်တွင် ဝမ်ချင်အန်းက ထောင်ပေါင်းများစွာတို့၏ ရွှံရှာခြင်းကို ခံရသည့် တိရစ္ဆာန်တစ်ကောင်၊ လူ့သဘာဝပျောက်ဆုံးနေသည့် နတ်ဆိုးတစ်ကောင်ကဲ့သို့ပင် ဖြစ်လာ၏။ စိုက်ခင်းဧက ရာဂဏန်းကို လုယူရန် လင်းမိသားစုဝင် ဒါဇင်ပေါင်းများစွာကို အရှင်လတ်လတ် မြှုပ်နှံခဲ့သည်ဟု ဆိုသည်။
ဝူပြည်နယ် တစ်ဝှမ်းလုံး၌ ဝမ်ချင်အန်း သေဆုံးရန် တောင်းဆိုကြ၏။ ဝမ်ချင်အန်းကို အပိုင်းတစ်ထောင် လှီးဖြတ်ပြီး သူ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ချင်၏။ မရေတွက်နိုင်သည့် စွပ်စွဲပြစ်တင်မှုများက နှင်းပွင့်များ ကဲ့သို့ပင် နန်းတော်ထဲသို့ ပျံဝဲ ဝင်ရောက်လာ၏။
မရေတွက်နိုင်သည့် ပညာရှိများက နန်းတော်ထဲတွင် ဒူးထောက်ပြီး လောကကြီးကို ရှင်းလင်းချက်ပေးရန် ဝူဘုရင်ကို တောင်းဆိုကြ၏။ ဝူပြည်နယ်ရှိ သန်းပေါင်းများစွာသော နိုင်ငံသားများပင်လျှင် ပြင်းထန်စွာ လွှမ်းမိုးခံရပြီး ဝမ်ချင်အန်း၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ချင်ကြသည်။
ဤအရာ ဖြစ်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဝူဘုရင်က စိတ်ဒုက္ခရောက်နေဆဲပင်။ တစ်ဖက်လူများက လူဒါဇင်ပေါင်းများစွာကို အရှင်လတ်လတ် မြေမြှုပ်သည်အထိ အစွန်းရောက် လုပ်ဆောင်လိမ့်မည် ဟု သူ မထင်မှတ်ခဲ့ချေ။
ဝူချင်အန်း၏ မိသားစုတစ်ခုလုံး ဖမ်းဆီးခံရပြီး အကျဉ်းချခံထားရသော်လည်း ကွပ်မျက်ခြင်း မခံရသေးပေ။ အဘယ်ကြောင့်ဆိုသော် တုန်လှုပ်ဖွယ်ရာ ကောင်းသည့် လျှို့ဝှက်ချက်များစွာကို ဝန်ခံခဲ့သောကြောင့်ပင်။
သူက အရုပ်တစ်ရုပ်သာ ဖြစ်ကြောင်း၊ အမိန့်ကိုသာ နာခံခဲ့ကြောင်း ပြောဆို၏။ သိမ်းပိုက်ခဲ့သည့် စိုက်ခင်းများက အမည်ခံအားဖြင့်သာ သူ၏ပိုင်ဆိုင်မှု ဖြစ်ပြီး အစစ်အမှန်ပိုင်ရှင်ကတော့ ဝူကျိ၏သား ဖြစ်သည်ဟု ဆို၏။ ထို့အပြင် ဝူချင်အန်းက လယ်မြေမှတ်ပုံတင်စာရင်းကိုပင် ပေးအပ်ခဲ့၏။
တစ်ယောက်တည်းကပင် မြေဧက ၃ သောင်းကျော် ပိုင်ဆိုင်ထားသော်လည်း ဤလယ်မြေများက ဝူကျိ၏သား ဝူထျန်၏ နာမည်နှင့် ရှိ၏။ ထို့အပြင် သူ့ကဲ့သို့သော လူများစွာ ရှိကြောင်းလည်း ဝန်ခံခဲ့၏။ ဝူကျိက သူ၏အစေခံများကို စေလွှတ်ခဲ့ပြီး လယ်မြေဧက သိန်းပေါင်းများစွာကို သိမ်းပိုက်ခဲ့၏။ သူက ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် အကြီးမားဆုံးသော အကျင့်ပျက် အရာရှိနှင့် အကြီးမားဆုံးသော လူသတ်သမား ဖြစ်လာသည်။
မြေဩဇာကောင်းသည့် လယ်မြေဧက သိန်းပေါင်းများစွာကို သိမ်းပိုက်နေစဉ်တွင် သူက အပြစ်မဲ့ ပြည်သူ တစ်ထောင်ထက် မနည်းကို သတ်ဖြတ်ခဲ့သေး၏။ သို့သော်ငြား ဤဝန်ခံချက်က အစိုးရအဖွဲ့အတွင်း၌သာ ပြောဆိုခဲ့ခြင်းဖြစ်ပြီး လက်တွေ့တင်ပြခြင်း မရှိသေးချေ။
သံသယဖြစ်ဖွယ် မရှိသည်က ဤအရာမှာ ဝူဘုရင်ကို ရပ်တည်ချက် ပြသရန်နှင့် ဝူကျိကို ရာထူးမှ ဆင်းပေးရန် ဖိအားပေးခြင်းပင်။ အကယ်၍ ဝူကျိက ရာထူးမှ နုတ်ထွက်ရန် ဆန္ဒမရှိသေးပါက သူတို့က ဤဝန်ခံချက်များကို လူသိရှင်ကြား ထုတ်ပြန်မှာဖြစ်ပြီး မီးက ခေါင်းပေါ်သို့ တိုက်ရိုက်ကျရောက်ပေလိမ့်မည်။
သို့သော်ငြား ဝူကျိက ဤကိစ္စကို တကယ်လုပ်ခဲ့သည်လား။ သူ တကယ် မလုပ်ခဲ့ချေ။ သူ၏လက်အောက်တွင် တပ်မှူး မရေတွက်နိုင်အောင်ရှိသောကြောင့် မကောင်းမှု ပြုလုပ်သူ သေချာပေါက် ရှိနိုင်၏။ တချို့က သူ၏နာမည်ကို သုံးပြီး မြေဩဇာကောင်းသည့် လယ်မြေများကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ကြပေမည်။
သို့သော်ငြား ဝူကျိ၏ မိသားစုက တကယ့်ကို စည်းကမ်းတင်းကြပ်ပြီး မျိုးရိုးစဉ်ဆက် တော်ဝင်မိသားစုပင်။ သူတို့အတွက် ရုပ်ဝတ္တုပစ္စည်းများ မလိုအပ်ပေ။ သူက ကြွယ်ဝချမ်းသာမှုများနှင့် မွေးဖွားလာသူဖြစ်ပြီး သူ၏ ကိုယ်ကျိုးစီးပွားအတွက် ထိုကဲ့သို့ လုယူရန် ရည်မှန်းချက်ဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ ရွှေ၊ ငွေ အများအပြား ကို သူက ဘာလုပ်ဖို့ လိုအပ်မည်နည်း။
ထိုဝူချင်အန်းက သစ္စာဖောက်ပင်။ ဝူကျိကို တိုက်ခိုက်ဖို့ အစိုးရအဖွဲ့က လာဘ်ထိုးထားခြင်း သို့မဟုတ် ခြိမ်းခြောက်ထားခြင်း ဖြစ်နိုင်၏။ ထိုမျှသာ မကသေးဘဲ ထိုသူတို့က လယ်မြေမှတ်ပုံတင် စာရင်းများကို အပြစ်အနာအဆာ ကင်းမဲ့စွာဖြင့် အတု ပြုလုပ်ထား၏။ ထိုအရာက တကယ်ပင် ဝူထျန်၏ နာမည်နှင့် ရှိနေပြီး သက်သေအထောက်အထားကလည်း ခိုင်လုံ၏။
သို့သော်ငြား ဝူထျန်က သူ့တွင် မြေဩဇာကောင်းသည့် လယ်မြေဧက တစ်သိန်းကျော် ရှိနေကြောင်း သူကိုယ်တိုင်ပင် မသိသေးချေ။
ဝူဘုရင်က ငယ်ရွယ်သေးပြီး သူ၏ ထီးနန်းဆက်ခံမှုက အနှောက်အယှက်များစွာ မဖြစ်ပေါ်စေခဲ့ပေ။ သူက ဆယ်ကျော်သက်အရွယ်တည်းက အိမ်ရှေ့စံဖြစ်ခဲ့သောကြောင့် ညစ်ပတ်သည့် တိုက်ပွဲများကို မကြုံခဲ့ဖူးချေ။ ဤအချိန်မှာတော့ သူက လုံးဝ တုန်လှုပ်လာ၏။ ဝူကျိကို ဖယ်ရှားရန်၊ ဝူပြည်နယ် စစ်တပ်ထဲသို့ အာဏာ လက်လှမ်းရန် တစ်ဖက်လူများက ဤမျှ လူမဆန်သည့် ကိစ္စရပ်ကို လုပ်ရက်ကြသည်။
ပညာရှိလင်း၏ မိသားစုဝင် ဒါဇင်ပေါင်းများစွာကို အရှင်လတ်လတ် မြေမြှုပ်ခဲ့၏။ ထိုအရာက ဝူချင်အန်း လုပ်ခြင်း မဟုတ်ချေ။ တခြားသူ လုပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ရေနက်တပ်ဖွဲ့မှ ဝူယုက ရှင်းရှင်းလင်းလင်း စုံစမ်းခဲ့၏။ သို့ပေမည့် တစ်ဖက်လူက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးပစ်လိုက်၏။ ထို့အပြင် တစ်ခါတစ်ရံတွင် အမှန်တရားက အဓိပ္ပာယ်မရှိချေ။ တစ်ဖက်လူက ဤမျှကြီးမားသည့် မုန်တိုင်းကြီးကို ဖန်တီးထားပြီး ဖြစ်၏။ ထိုအရာ၌ ပြည်သူလူထု၏ ကြီးမားသည့် ဆန္ဒများလည်း ပါဝင်လျက် ရှိနေသည်။
....................
ဝူပြည်နယ်၏ ဝန်ကြီးချုပ် ကျန်းတန်ဖုန်းက ဝူဘုရင်ကို တွေ့ဆုံရန် ရောက်ရှိလာ၏။
“အရှင်မင်းကြီး... ဒါ ဝူချင်အန်းရဲ့ ဝန်ခံချက်နဲ့ သက်ဆိုင်ရာ သက်သေအချက်အလက်တွေပါပဲ။ တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။”
ကျန်းတန်ဖုန်းက လက်နှစ်ဖက်ဖြင့် ဆက်သ၏။ “ဒါပေမဲ့ ဒီအမှုက တော်ဝင်မိသားစုရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်နေတာမို့ ဒီအရာရှိအိုကြီးက တကယ်ပဲ ကြောက်လန့်တုန်လှုပ်မိတယ်။ ရေခဲပြင်ပါးပါး လေးပေါ်မှာ လမ်းလျှောက်နေရသလိုပဲ။ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ အရှင်မင်းကြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ပါတယ်။”
ဝူဘုရင်က ဝန်ခံချက်နှင့် သက်ဆိုင်ရာ လယ်မြေမှတ်ပုံတင်စာရင်းကို ယူလိုက်၏။ အချိန်ကျရောက်လာပြီ ဖြစ်၍ တကယ့်ဓားမြှောင်က ပေါ်ပေါက်လာသည်။ ယခင်က အစိုးရအဖွဲ့က သတင်းများ အဆက်မပြတ် ပေါက်ကြားစေပြီး ဤအမှုက ဝူကျိနှင့် ပတ်သက်နိုင်ကြောင်း ပြောဆိုခဲ့၏။ အကယ်၍ ဝူကျိသာ သဘောပေါက်ပြီး ချက်ချင်း နှုတ်ထွက်ခဲ့လျှင် ဤမီးက ခေါင်းပေါ်သို့ ရောက်မှာမဟုတ်ဘဲ အပြစ်ကင်းစင်နေပေဦးမည်။
သို့သော်ငြား ဝူကျိက တုံ့ပြန်မှုမရှိသောကြောင့် အစိုးရအဖွဲ့က ဤကိစ္စကို ရှင်းရှင်းလင်းလင်း ဖွင့်ချရန် ဆုံးဖြတ်လိုက်သည်။
ဝူဘုရင်က ဤဝန်ခံချက်များကို ကြည့်ရင်း တစ်ကိုယ်လုံး ဒေါသတရားများကြောင့် တုန်ရင်လာခဲ့၏။
တော်ဝင်ရန်အင်ပါယာက ဝူပြည်နယ်ထဲကို တကယ်ပဲ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သစ္စာဖောက် လောက်ကောင်ပညာရှိနှင့် တော်ဝင်ရန်အင်ပါယာ ပူးပေါင်းလိုက်သည့်အချိန်တွင် ကောင်းကင်ကြီးကို တကယ်ပဲ ဖုံးအုပ်နိုင်ခဲ့၏။ မရှိသည့် ကိစ္စတစ်ခုကို ထိုသူတို့က သံမှိုဆွဲထားသကဲ့သို့ ထင်ရှားသည့် အမှုတစ်ခုကဲ့သို့ ဖြစ်အောင် လုပ်လိုက်ကြသည်။
ဝူပြည်နယ်က တော်ဝင်ရန်အင်ပါယာနှင့် ကပ်လျက်ရှိသောကြောင့် ထိုးဖောက်ဝင်ရောက်မှု အများဆုံးကို ခံခဲ့ရသည်။ အခြေခံအားဖြင့် ဝူဘုရင် ထီးနန်းဆက်ခံခဲ့ပြီးသည့်နောက် အရာရှိ၊ အရာခံများနှင့် တိုက်ပွဲ စတင်ခဲ့၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရွှဲ့ပြည်နယ်က စုနန် ပုန်ကန်သည့်အချိန်တွင် ဝူချီက စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ရွှဲ့ပြည်နယ်ကို ကျူးကျော်ခဲ့သည်။ နုရှောင့်မြို့ကို တိုက်ခိုက်ရန် ဝူမူကို တစ်ဖက်လှည့်ဖြင့် စေလွှတ်ခဲ့သေးသည်။
မူလအစီအစဉ်က တကယ့်ကို ကောင်းမွန်၏။ အာရုံလွှဲပြီး လူတိုင်းကို လှည့်စားကာ ပင်လယ်ပြင်ကို သိမ်းပိုက်ရန် ကြံစည်ခဲ့ခြင်းပင်။ သို့သော်ငြား နောက်ဆုံးမှာတော့ ဝူမူက ရှုံးနိမ့်ခဲ့၏။ နင်ယွမ်ရှန်းက အောင်မြင်သွားခဲ့ပြီး ပျံ့ရှောင်း၏ စစ်တပ်က ဝူပြည်နယ်ကို ကျူးကျော်ခဲ့၏။ ဝူဘုရင်ငယ်လေးက ပထမဦးဆုံးအကြိမ် အကြီးအကျယ် ရှုံးနိမ့်ခဲ့၏။
ပြီးနောက် ဝူပြည်နယ်၏ ပညာရှိ အရာရှိများက သူ့ကို တိုက်ခိုက်ခဲ့ကြ၏။ နိုင်ငံတော် ဝန်ကြီးချုပ်က ဝူဘုရင်ကို ရုပ်သေးရုပ်ဖြစ်အောင်လုပ်ပြီး ရန်အင်ပါယာနှင့် ပိုမိုနီးကပ်နိုင်အောင် ကြိုးစား၏။ ထိုအချိန် မှာတော့ ဝူကျိက ရှေ့ကို ထွက်လာပြီး သတ်ဖြတ်ပွဲကို ဆင်နွှဲကာ ဝူပညာရှိ အရာရှိပေါင်း များစွာကို တုန်လှုပ်စေခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်၊ ၃ နှစ်ခန့်က ရှမ့်လန်၏ ကိစ္စရပ်များ ဖြစ်ပြီးနောက် တော်ဝင်ရန်အင်ပါယာက နိုင်ငံအသီးသီးကို ပြန်လည်ဖွဲ့စည်းရန် အခွင့်အရေး ယူခဲ့၏။
ဝူပြည်နယ်က တော်ဝင်ရန်အင်ပါယာနှင့် အလွန် နီးကပ်သောကြောင့် ဝူပြည်နယ်၏ အစိုးရအဖွဲ့က ပြည်တွင်းရေးရာများကို တရားဝင် ထိန်းချုပ်ပြီး ပြင်းထန်သည့် တန်ပြန်တိုက်ခိုက်မှု တစ်ခုကို စတင်သည်။