← Chapters

အခန်း (၉၉၃-၉၉၄)

Vol. 59 Ch. 993-994

အခန်း (၉၉၃-၉၉၄)

Vol. 59 Ch. 993-994

အပိုင်း (၉၉၃)

လွန်ခဲ့သည့် ၂ နှစ်အနည်းငယ်အတွင်း ဝူကျိက ပညာရှိ အရာရှိများကို သတ်ဖြတ်ခဲ့သောကြောင့် အရိုးထဲထိ မုန်းတီးနေခဲ့ကြ၏။ ယခု အစိုးရအဖွဲ့က ထိုသူကို သေဒဏ်ပေးလိုကြ၏။

“ဝူချင်အန်း သေသင့်တယ်။ အပိုင်းပိုင်း လှီးဖြတ်ခံရဖို့ ထိုက်တန်တယ်။” ဝူဘုရင်က စိတ်ထဲတွင် ဟိန်းဟောက် လိုက်၏။ ဝူကျိ၏ အစေခံတစ်ယောက်အနေနှင့် ဝူချင်အန်းက အရေးကြီးသည့် အချိန်ခါမျိုးတွင် သစ္စာဖောက်ပြီး ဝူကျိကို ရက်စက်သော ပြစ်ဒဏ်ဖြင့် ယုတ်မာစွာ စွပ်စွဲခဲ့သည်။

“အရှင်... ဒီအမှုကို အစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ ပြောပြပေးပါ။” ကျန်းတန်ဖုန်းက ဦးတိုက်၏။

ဝူဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဝန်ကြီးချုပ်ကျန်း... ခင်ဗျားရဲ့ကျန်းကလန်က ဝူပြည်နယ်မှာ ကြီးပွားလာတာ မဟုတ်လား။ ခင်ဗျားကို ဝူအရာရှိလို့ သတ်မှတ်သင့်တယ် မဟုတ်လား။”

ဝန်ကြီးချုပ်ကျန်းတန်ဖုန်းက ပြော၏။ “ကျုပ်က အမြဲတမ်း ဝူအရာရှိပါပဲ။”

ဝူဘုရင်က ပြောသည်။ “ဟုတ်လား။ ဪ... ခင်ဗျား ကြားပြီးပြီလား။ ရှမ့်လန်က ထျန်းရွှဲ့မြို့ကို စစ်တပ်တွေ စေလွှတ်လိုက်ပြီ။ အဆုံးအဖြတ်တိုက်ပွဲ စတင်နေပြီ။”

ဝန်ကြီးချုပ်ကျန်းတန်ဖုန်းက ပြော၏။ “ရှမ့်လန်က သစ္စာဖောက်နဲ့ လူရွှင်တော် တစ်ယောက်ပါပဲ။ သူ သေချာပေါက် ရှုံးမှာပါ။ အရှင်မင်းကြီးအနေနဲ့ သူ့ကို သိပ်ပြီး အာရုံစိုက်နေစရာ မလိုပါဘူး။ ဒီလူက ဂုဏ်သိက္ခာမရှိတဲ့ လူပါပဲ။ သွားပတ်သက်လို့ရှိရင် ကပ်ဘေးသင့်တတ်ပါတယ်။”

ဝူဘုရင်က ပြောလိုက်သည်။ “ဦးလေးဝူက ဒီလိုကိစ္စမျိုးကို လုပ်မယ်လို့ ကျုပ် မယုံဘူး။ ဒါကြောင့် ဒါတွေအားလုံးက ဝူချင်အန်းရဲ့ ရမ်းသမ်းစွပ်စွဲချက်တွေပဲ။ ဝန်ကြီးချုပ်ကျန်း... ဘယ်လိုထင်လဲ။”

ကျန်းတန်ဖုန်းက ပြောလိုက်၏။ “ကျုပ်လည်း ဦးရီးတော် ဝူကျိရဲ့ အကျင့်သိက္ခာကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အခု သက်သေ အထောက်အထားတွေက ငြင်းလို့မရအောင် ခိုင်လုံနေတော့ ဝန်ကြီးဝူကျိက သူ့ရဲ့ မိသားစု နဲ့ လက်အောက်ငယ်သားတွေအပေါ် သဘောထားပျော့ပျောင်းလွန်းခဲ့တာလည်း ဖြစ်နိုင်ပါတယ်။”

ဝူဘုရင်က ပြောလိုက်သည်။ “အစိုးရအဖွဲ့က ဒီအမှုကို ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။”

ကျန်းတန်ဖုန်းက ပြောလိုက်၏။ “ဒီအမှုက လူမဆန်ပြီး ဟိုးလေးတကျော်ကျော် ဖြစ်စေပါတယ်။ ဝူပြည်နယ်တင် သာမကဘူး။ တစ်လောကလုံး၊ အင်ပါယာတောင်မှ အာရုံစိုက်နေပါတယ်။ ဒါကြောင့် တခြားနိုင်ငံတွေရဲ့ လူထုအမြင်ကို လျစ်လျူရှုလို့ရတယ်။

ဒါပေမဲ့ ဝူပြည်နယ်ရဲ့ ပြည်သူတွေက နေ့တိုင်း ဝမ်းနည်းပူဆွေးပြီး တောက်ပတဲ့ အနာဂတ်ကို တောင့်တနေ ကြပါတယ်။ ဒါကြောင့် ကျုပ်ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကြောင့် ပြည်သူတွေရဲ့ နှလုံးသားကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး။ ပြည်သူတွေရဲ့ နှလုံးသားက ရေလိုပါပဲ။ ပြည်သူတွေရဲ့ နှလုံးသားသာ ကွဲပြားသွားရင် ဝူပြည်နယ် နန်းတွင်းက ရေမရှိတဲ့ လှေလို ဖြစ်သွားပါမယ်။”

ဝူဘုရင်က ပေါ့ပေါ့ပါးပါး ပြောသည်။ “ခင်ဗျားက ပြည်သူတွေရဲ့ နှလုံးသားကို သိနေတာပဲ။ ကျန်းတန်ဖုန်း... ခင်ဗျားအတွက် ပြည်သူတွေရဲ့ နှလုံးသားဆိုတာ ဘာလဲ။”

သူ ထိုသို့ ပြောလိုက်သည်နှင့် ကျန်းတန်ဖုန်းက ဦးတိုက်ကာ ပြော၏။ “အရှင်မင်းကြီးရဲ့ စကားတွေက ကျုပ်ကို အတိုင်းအဆမရှိ ကြောက်ရွံ့စေပါတယ်။”

ဝူဘုရင်က လက်ဝှေ့ယမ်းလိုက်သည်။ “ကောင်းပြီ။ ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ကျုပ် နားလည်ပြီ။ ထွက်သွားလို့ ရပြီ။”

ကျန်းတန်ဖုန်းက ဦးတိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ကို မြန်မြန်ချပေးပါ။ ပြည်သူတွေရဲ့ နှလုံးသားကို လှည့်စားလို့ မရပါဘူး။”

ပြီးနောက် သူက ဦးတိုက်ကာဖြင့် ထွက်ခွာသွားခဲ့သည်။

..........

ထိုသူ ထွက်ခွာသွားခဲ့ပြီးနောက် ဝူကျိ၊ ဝူမူနှင့် ရေနက်တပ်ဖွဲ့မှ ဝူယုတို့က ထွက်လာကြ၏။

“အခြေအနေ ဘယ်လိုရှိလဲ။”

ဝူဘုရင်က တုန်ယင်စွာ မေးလိုက်သည်။ “ထျန်းရွှဲ့မြို့ တိုက်ပွဲရလဒ်က ဘယ်လိုလဲ။ အရှင်ရှမ့်လန်နဲ့ ကျိုးဟုန်ရွှဲ့တို့ရဲ့ သွေးဝိညာဉ်တပ် တိုက်ပွဲရလဒ် ဘယ်လိုဖြစ်သွားပြီလဲ။”

ဝူယုက တုန်ယင်စွာ ပြော၏။ “အရှင်မင်းကြီး... သတင်းမရသေးပါဘူး။”

ဝူကျိက အချိန်တော်ကြာ တိတ်ဆိတ်သွားသည်။ “အရှင်မင်းကြီး... ဒီအရာရှိအိုကြီးက အရေးကြီးတဲ့အချိန်မှာ လောကကြီးကို ရှင်းလင်းချက် ပေးနိုင်ပါတယ်။”

ဝူဘုရင်က ပြော၏။ “ရှင်းလင်းချက် ဟုတ်လား။ ဘာရှင်းလင်းချက်လဲ။ ဦးရီးတော် လုပ်တာမှ မဟုတ်တာ။ ဘာရှင်းလင်းချက် ပေးရအုံးမှာလဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေပြမယ် ပြောမလို့လား။”

ဝူကျိက ပြောသည်။ “ကျုပ်ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ရပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ဝူမူ ဒုက္ခရောက်လိမ့်မယ်။”

“ဟား ဟား ဟား...”

ဝူဘုရင်က ပြောလိုက်၏။ “ဦးရီးတော်... တကယ်လို့ ဦးရီးတော်သာ ကိုယ့်ကိုယ်ကိုယ် သတ်လိုက်နိုင်မယ်ဆိုရင် ဦးရီးတော်ရဲ့ နာမည်ပေါ်မှာ ရှိနေတဲ့ အစွန်းအထင်းတွေကို ဘယ်တော့မှ ဆေးကြောနိုင်တော့မှာ မဟုတ်ဘူး။ နှစ်ပေါင်းသောင်းချီတိုင်အောင် နာမည်ဆိုးတွေ ကျန်ရစ်ခဲ့လိမ့်မယ်။ ဝူမူက ငယ်သေးတယ်။ သူ ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင်တောင်မှ သူ့ရဲ့ရာထူးကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။”

ဝူကျိက ပြောသည်။ “ဒါပေမဲ့ ဒီအခြေအနေက ဒီအတိုင်းဆက်သွားမယ်ဆိုရင် အရှင်မင်းကြီးအတွက် ပိုပြီးတော့ အဆင်မပြေ ဖြစ်လာလိမ့်မယ်။ ဘာလို့ ဒီအရာရှိအိုကြီးကို စတေးပြီး အရှုံးမခံလိုက်တာလဲ။ အရှင်မင်းကြီး အတွက် ထွက်ပေါက် ရှိနေအုံးမှာပါ။”

ဝူဘုရင်က ဝူကျိ၏ပခုံးကို ပုတ်ကာ ပြော၏။ “ဦးရီးတော်... လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။ တစ်ဖက်လူတွေ က အောက်ခြေစည်းမျဉ်းဆိုတာ မရှိတော့ဘူး။ ဦးရီးတော်ကို သတ်ပြီးရင် သူ့ရဲ့ နောက်ထပ် ပစ်မှတ်က ကျုပ် ဖြစ်လာလိမ့်မယ်။ အလျှော့ပေးနေစရာ နေရာမရှိဘူး။ အလျှော့ပေးစရာ အကြောင်းလည်း မရှိဘူး။”

ပြီးနောက် ဝူဘုရင်က မြေပုံဆီသို့ လျှောက်သွား၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဒီတိုက်ပွဲက ဝူပြည်နယ်အတွင်းမှာတင် မဟုတ်ဘူး။ ဒါကြောင့် ဒီတိုက်ပွဲကို ဖြေရှင်းဖို့ နိုင်ငံရေးနည်းလမ်းတွေ သုံးဖို့ မစဉ်းစားနဲ့။ မျှော်လင့်ထားတာတွေ ဘာမှမဖြစ်ဘူးဆိုရင် တော်ဝင်ရန်မြို့တော်ရဲ့ အမိန့်တော်က မကြာခင် ရောက်လာလိမ့်မယ်။ အင်ပါယာသံတမန်တောင် ဒီအမှုကို စစ်ဆေးဖို့ ကိုယ်တိုင်ရောက်ရှိလာလိမ့်မယ်။ တကယ်လို့ ကျုပ်သာ အရှုံးမပေးရင် ဘာမှမဖြစ်ဘူး။

ဦးရီးတော်၊ ဝူမူ... တခြားကိစ္စတွေကို စိတ်မပူနဲ့။ ထျန်းရွှဲ့မြို့ရဲ့ တိုက်ပွဲရလဒ်ကိုပဲ စောင့်။ တကယ်လို့ ကောင်းကင်ဘုံက အရှင်ရှမ့်လန်ကို ကောင်းချီးပေးပြီး အနိုင်ရရှိအောင် ကူညီနိုင်ခဲ့မယ်ဆိုရင် ကျုပ်တို့ သတ်ဖြတ်ပွဲကို ဘက်ပြောင်းလို့ရပြီ။ တကယ်လို့ ကောင်းကင်ဘုံက မျက်စိကန်းပြီး အရှင်ရှမ့်လန်ကို ရှုံးစေမယ်ဆိုရင်တော့ ကျုပ်တို့ အတူတူ အသေအကြေ တိုက်ခိုက်ကြတာပေါ့။ ကျုပ် ဝူချီက သူများရဲ့ အိမ်မွေးဝက် ဖြစ်လာရမှာထက် သူရဲကောင်းဆန်ဆန်နဲ့ သေဆုံးရတာကို ပိုပြီး လိုလားတယ်။”

......................

နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများက ဝူဘုရင် ခန့်မှန်းထားသည့်အတိုင်းပင်။

အစိုးရ အဖွဲ့က ကောလာဟလများကို ဆက်တိုက်ဖြန့်ဝေပြီး လူထုအုံကြွမှုကို ဖန်တီး၏။ လယ်မြေသိမ်းယူမှု နှင့် လူသတ်မှုကို ဝူထျန်နှင့် ဦးရီးတော်ဝူကျိတို့အပေါ် တိုက်ရိုက်ပုံချ၏။ ပြီးနောက် တော်ဝင်ရန်မြို့တော်က ဤအမှုကို ကြီးကြပ်ရန် အင်ပါယာ၏သံတမန်ကို စေလွှတ်၏။

ထိုအင်ပါယာသံတမန်က နင်ယွမ်ရှန်း၏ ခမည်းခမက်ဟောင်းဖြစ်သူ မင်းသားလျန်ပင်။ မင်းသားလျန် ရောက်လာချိန်မှာတော့ ဝူဘုရင်နှင့်သာတွေ့ဆုံပြီး တော်ဝင်ရန်အင်ပါယာ၏ အမိန့်တော်ကို ဖတ်ပြခဲ့၏။ ပြီးနောက် သူက အစိုးရအဖွဲ့ထဲသို့ ဝင်ရောက်ပြီး အမှုကို ကိုယ်တိုင်ကြီးကြပ်သည်။

သူက ဤလူသတ်မှုကို သံမှိုဆွဲထားသည့် အမှုတစ်ခုကဲ့သို့ပင် တစ်ခါတည်း ဖြောင့်ချက်ပေး ပြစ်ဒဏ်ချရန် ဆုံးဖြတ်ထား၏။ ဝူဘုရင်က ဝူကျိကို ရာထူးမှ ဖယ်ရှားကြောင်း အမိန့်တော် မထုတ်ပြန်ပါက အင်ပါယာ သံတမန်က ဝူကျိကို ဖမ်းဆီးပြီး တော်ဝင်ရန်မြို့တော်သို့ ခေါ်ဆောင်သွားမည်။ သူက ဝူဘုရင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ဤအချိန်မှာတော့ ဝူဘုရင်က အစိုးရအဖွဲ့၏ တိုးတက်လာသည့် လှုပ်ရှားမှုများကို ဂရုမစိုက်နိုင်တော့သလို မင်းသားလျန်၏ အေးစက်သည့် သဘောထားကိုလည်း ဂရုမစိုက်နိုင်တော့ချေ။ သူက ထျန်းရွှဲ့မြို့က သတင်းကိုသာ စောင့်မျှော်နေ၏။ သူ၏သဘောထားက ရှင်းလင်း၏။ ရှမ့်လန်အနိုင်ရရှိလျှင် သူလုပ်မည်။ ရှမ့်လန် ရှုံးလျှင်လည်း သူ လုပ်မည်။ သားသတ်ဓားက သူ၏လည်ပင်းပေါ်သို့ ရောက်ရှိနေ၏။ ညှိနှိုင်းချင်နေ သေးသည်လား။ အလျှော့ပေးချင်နေသေးသည်လား။ မည်မျှ ကလေးဆန်လိုက်သနည်း။

“အရှင်မင်းကြီး... မင်းသားလျန်က မြို့တော်ကလူတွေကို ဆင့်ခေါ်ပြီး ဒီအမှုမှာ ဘယ်သူပဲ ပါဝင် ပတ်သက်နေပါစေ မျှမျှတတ ကိုင်တွယ်ဖြေရှင်းမယ်။ ဝူပြည်နယ်ရဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ရှင်းလင်းချက် ပေးမယ်လို့ ကြေညာလိုက်ပါပြီ။”

“အရှင်မင်းကြီး... တရားရုံးချုပ်က အမှုကို ဆုံးဖြတ်လိုက်ပါပြီ။ ဦးရီးတော် ဝူကျိက တရားခံပါ။”

“အရှင်မင်းကြီး... အင်ပါယာသံတမန် မင်းသားလျန်က အင်ပါယာစစ်သည်တွေကို ဦးဆောင်ပြီး ဦးရီးတော် ဝူကျိကို ဖမ်းဖို့ နန်းတော်ထဲကို ဝင်လာပါပြီ။”

သတင်းဆိုးများက တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ တစ်ခုထက်တစ်ခုကလည်း ပိုမို၍ ဆိုးဝါးကာ အရေးကြီးလာ၏။

သို့သော်ငြား ဝူဘုရင်က ဒေါသထွက်ခဲ့ခြင်းမရှိ။ ထိုအစား သူက ပြုံးကာ ပြောသည်။ “မင်းသားလျန်က ဘာလို့ ဒီလောက်ထိ အလောတကြီး ဖြစ်နေရတာလဲ။ အချိန်တစ်ခုမတိုင်ခင် ကျုပ်ကို အတင်းအကျပ် အလျှော့ပေးခိုင်းဖို့ အလျင်လိုနေသလိုပဲ။ မကြာခင် သတင်းကောင်းတစ်ခု ရောက်လာတော့မယ်လို့ ကျုပ် ခံစားမိနေတယ်။ တော်ဝင်ကိုယ်ရံတော်တပ်တွေ တိုက်ပွဲအတွက် ပြင်ဆင်ထားလိုက်တော့။”

ဝူဘုရင်က ခန်းမကြီးထဲ၌ စိုးရိမ်တကြီး လမ်းလျှောက်နေ၏။ “မကြာခင် သတင်းကောင်း ရောက်ရှိလာလိမ့်မယ်လို့ ကျုပ် ခံစားမိတယ်။ မဟုတ်ဘူး။ ကျုပ် ယုံကြည်နေတယ်။ အရှင်ရှမ့်လန် နိုင်ကိုနိုင်ရမယ်။”

သူက စိတ်လှုပ်ရှားလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး အသက်ရှူသံများကလည်း မြန်ဆန်နေ၏။ ထိုင်ပင် မထိုင်နိုင်တော့ချေ။

ထိုအချိန်မှာတော့ ဝူယုက အပြေးဝင်လာ၏။ ပြီးနောက် တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး... ရှမ့်လန်က ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲမှာ နိုင်သွားပါပြီ။ ကျိုးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်က မျိုးဖြုတ်ခံလိုက်ရပါတယ်။”

ဝူဘုရင်၏ ခန္ဓာကိုယ်က တည်နေရာမှာတင် တောင့်တင်းသွား၏။ နှိုင်းယှဉ်၍မရနိုင်သည့် ဝမ်းသာပီတိလှိုင်း များက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပီတိတို့က ပေါက်ကွဲထွက် သွားတော့မည်သကဲ့သိုပင်။ သူ မျှော်လင့်ထားခဲ့ပြီး ဖြစ်သော်လည်း ကြားလိုက်ရသည့် အချိန်မှာတော့ တကယ့်ကို အံ့အားသင့် တုန်လှုပ်မိသည်။

“အရှင်ရှမ့်လန်... ခင်ဗျား တကယ်နိုင်သွားတာပဲ။ ပြီးတော့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ် ကိုတောင် မျိုးဖြုတ်ပစ်လိုက်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ဒါ အရမ်းကို အံ့အားသင့်စရာ မကောင်းဘူးလား။ ကျုပ်ရဲ့အရှင်ရှမ့်လန်... ခင်ဗျားက တကယ်ပဲ အနန္တတန်ခိုးရှင်လိုပါပဲ။ ဟား ဟား ဟား ဟား...”

ဝူဘုရင်က ကျယ်လောင်စွာ ရယ်မော၏။ သူက စားပွဲဆီသို့ လျှောက်သွားပြီး အားကုန်ထိုးနှက်လိုက်၏။ ပြီးနောက် မြေပုံချိတ်ထားသည့် နံရံဆီသို့ သွားကာ လက်သီးဖြင့် ထပ်ဖန်တလဲလဲ ထိုးနှက်နေ၏။

“ကောင်းကင်ဘုံက မျက်စိရှိတယ်။ ကောင်းကင်ဘုံက အရှင်ရှမ့်လန်ကို ကောင်းချီးပေးတယ်။ လာကြစမ်း... ငါ့ကို သံချပ်ကာတွေ ဝတ်ပေးကြ။ တော်ဝင်ကိုယ်ရံတော်တပ် အဆင်သင့်ပြင်ကြ။ ပုန်ကန်မှုကို နှိမ်နင်းဖို့ ငါနဲ့အတူ အစိုးရအဖွဲ့ရုံးကို လိုက်ခဲ့ကြ။ သတ်ဖြတ်ပွဲ စတော့မယ်။ ဝူပြည်နယ်က ပြောင်းလဲရတော့မယ်။”

………….

တော်ဝင်ရန်အင်ပါယာ၏ အထူးသံတမန် မင်းသားလျန် ဤမျှ အလျင်လိုနေခြင်းက အကြောင်းရင်း ရှိ၏။ သူက ဤကိစ္စကို အမြန်ဆုံး ဖြေရှင်းလိုနေခြင်းပင်။ လွန်လေပြီးသော ကိစ္စရပ်များကို ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။ သူ့၏အမြင်မှာတော့ ဝူဘုရင်သာ လုံးဝ အလျှော့ပေး လိုက်လျောလိုက်ပါက ရှမ့်လန်၏ စစ်ပွဲ အောင်မြင်မှု သတင်းက မည်သို့မျှ ဂယက်ရိုက်ခတ်နိုင်တော့မည် မဟုတ်ပေ။

သူသာ အင်ပါယာသံတမန်တပ်ကို ဦးဆောင်ပြီး ဝူဘုရင်၏ နန်းတော်ထဲသို့ ဝင်ရောက်ကာ ဝူကျိအား ဖမ်းဆီးလိုက်သည်နှင့် တပြိုင်နက် ဝူဘုရင်၏ အာဏာစက်က လုံးဝပျက်သုဉ်းသွားပေလိမ့်မည်။ ဝူပြည်နယ်သားများဖြစ်စေ၊ မည်သည့်စစ်တပ်ပေါ်ဖြစ်စေ ဘုရင်တစ်ပါး၏ အာဏာတည်ဆောက်နိုင် တော့မည် မဟုတ်ပေ။ ထို့ကြောင့် အင်ပါယာမင်းသားလျန်က ဤမျှ စွန့်စားရခြင်းပင်။

“ဝင်ကြစမ်း... ဝင်ကြစမ်း...”

မင်းသားလျန်၏ ဦးဆောင်မှုအောက်မှာတော့ ထောင်ပေါင်းများစွာသော တော်ဝင်ရန်စစ်သည်တော်များက နန်းတော်ထဲသို့ တည့်မတ်စွာ ချီတက်ဝင်ရောက်လာကြ၏။ လမ်းတစ်လျှောက်တွင် သူတို့က မည်သည့်ခုခံမှုမှ မကြုံတွေ့ရချေ။ ဤသည်က အင်ပါယာသံတမန်ဖြစ်၏။ ဝူဘုရင်၏အမိန့်တော်မရှိဘဲ မည်သူက ခုခံရဲမည်နည်း။

ထိုကဲ့သို့ပင် အင်ပါယာ၏ စစ်သည်သုံးထောင်တို့က နန်းတော်၏ ပိတ်ပင်တားဆီးမှု အလွှာအသီးသီးတို့ကို ခပ်တည်တည်နှင့် ကျော်ဖြတ်ပြီး မဟာနန်းဆောင်ဆီသို့ ရောက်ရှိလာ၏။ မဟာနန်းဆောင်က ဝူပြည်နယ် နန်းတော်၏ မဟာခန်းမဆောင် ဖြစ်၏။ ညီလာခံ အစည်းအဝေးတိုင်းကို ဤနေရာတွင် ကျင်းပလေ့ ရှိသည်။

ယခုအချိန်မှာတော့ မင်းသားလျန်က ဝူဘုရင်နှင့် ဝူကျိတို့ နန်းဆောင်ထဲတွင် ရှိနေကြောင်း လျှို့ဝှက် သတင်း ရရှိထား၏။

မဟာနန်းဆောင်က လှေကားထစ် ကိုးဆယ်ကျော်ရှိသည့် ကြီးမားသည့် ရင်ပြင်ကြီးတစ်ခု ဖြစ်သည်။ အပြင်ဘက်တွင်လည်း နန်းတော်တံတိုင်းများနှင့် တံခါးများရှိနေသေး၏။ မင်းသားလျန်က အော်ဟစ်ကာ အမိန့်ပေးလိုက်သည်။ “တံခါးတွေကို ချိုးဖျက်ကြစမ်း။”

ချက်ချင်းပဲ ဘီလူးတစ်ကောင်မျှ ကြီးမားသည့် အင်ပါယာ၏ စစ်သည်တော်နှစ်ဦးက ရှေ့သို့ထွက်လာကြပြီး တံခါးများကို ရိုက်ချိုးဖျက်ဆီးသည်။ တော်ဝင်ရန် စစ်သည်တော်သုံးထောင်တို့က ဒီရေအလားပင် ရှေ့ဆီသို့ တိုးဝှေ့ဝင်ရောက်ကြ၏။ သို့သော်ငြား သူတို့ဝင်ရောက်လိုက်ချိန်မှာတော့ လူတိုင်းက ကြက်သေ သေသွားရ၏။

ဝူပြည်နယ်၏ နန်းတွင်းကိုယ်ရံတော်တပ် တစ်သောင်းခန့်က ရင်ပြင်ပေါ်တွင် သေသပ်စွာဖြင့် တန်းစီကာ စောင့်ဆိုင်းနေကြသည်။ စစ်သည်တော် ထောင်ပေါင်းများစွာတို့က ရှေ့ဆုံးတွင် ဒိုင်းများကို မြှောက်ကာ ရပ်၏။ သူတို့၏နောက်တွင် ကိုယ်ရံတော် ထောင်ပေါင်းများစွာတို့က လေးကြိုးများကို တင်းနေအောင် ဆွဲထားပြီး ဝင်ရောက်လာခဲ့သည့် တော်ဝင်ရန်စစ်သည်တော်များကို ချိန်ရွယ်ထားကြသည်။

မင်းသားလျန်၏ မျက်နှာထားက အကြီးအကျယ် ပြောင်းလဲသွား၏။ သူက အသာပင် လမ်းလျှောက် လာပြီးနောက် လေသံကို နှိမ့်ကာ မေး၏။ “ဝူဘုရင်... မင်း ဘာလုပ်ချင်တာလဲ။ အင်ပါယာရဲ့ ဗဟိုကွပ်ကဲမှုကို ပုန်ကန်ချင်တာလား။ အင်ပါယာကို ပုန်ကန်ချင်နေတာလား။ ဝူကျိ တစ်ယောက်တည်းအတွက်နဲ့ ဖမ်းဆီးမှုကို ခုခံတော့မလို့လား။”

ဝူဘုရင်က အေးစက်စက်နှင့် ပြန်ပြော၏။ “မင်းသားလျန်... ဦးရီးတော်ကို ဖမ်းတာ ကျုပ် လက်ပိုက်ကြည့်နေမယ်လို့ ထင်နေတာလား။ ဟား ဟား ဟား ဟား...”

မင်းသားလျန်က အေးစက်စက်ပြောသည်။ “ဝူကျိ... ဝူကျိ... ခင်ဗျားရှိနေတယ်မလား။ ခင်ဗျားရဲ့ နာမည်တစ်ခုတည်းနဲ့ ဝူဘုရင်ကို သစ္စာမဲ့ပြီး မိုက်မဲတဲ့နေရာတစ်ခုဆီ တွန်းပို့တော့မလို့လား။ ခင်ဗျားက ဘယ်လိုသစ္စာရှိတဲ့ လက်အောက်ငယ်သားမျိုးလဲ။”

သူ၏ စကားလုံးအဓိပ္ပာယ်က ရှင်းလင်း၏။ သူက ဝူကျိကို လူအများရှေ့တွင် မိမိကိုယ်ကို ရှေ့ကိုထွက်ကာ ဖမ်းဆီးစေချင်၏။ သို့မဟုတ် ကိုယ့်ကိုယ်ကို သတ်သေစေချင်၏။ ဤနည်းအားဖြင့် ဝူဘုရင်က အင်ပါယာနှင့် တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားနိုင်ပေမည်။

ဝူဘုရင်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းသားလျန်... ခင်ဗျားကို ဧည့်သည်တစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ ဝူပြည်နယ် ပြည်တွင်းရေးကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ။ ပြီးတော့ တော်ဝင်ရန်အင်ပါယာစစ်တပ်က ကျုပ်ရဲ့ နန်းတော်ထဲကို ဝင်လာရအောင် ဘာအခွင့်အရေးတွေ ရှိနေလို့လဲ။ ကိုယ်ရံတော်တွေ အကုန်လုံး အသင့်ပြင်ထားကြစမ်း။”

“ရွှီ... ရွှီ...”

အမိန့်ပေးမြားတစ်ချို့ ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်၏။ ပြီးနောက် လေထဲမှာပင် ထိုမြားများက ပေါက်ကွဲထွက်သွား၏။ ပြီးနောက် စစ်တပ်အသီးသီးတို့က ဒီရေအလား တိုးဝင်လာကြ၏။ သူတို့က တော်ဝင်ရန် အင်ပါယာ၏ သံတမန်တပ်ကို အတွင်းအပြင် ဝိုင်းရံထားလိုက်ကြ၏။

ဝူဘုရင်က တင်းမာခက်ထန်စွာ ပြောသည်။ “မင်းသားလျန်... ကျေးဇူးပြုပြီး ခင်ဗျားရဲ့တပ်တွေကို လက်နက်ချခိုင်းပါ။ မဟုတ်ရင် ခင်ဗျားတို့အားလုံးကို ညှာတာမှုမရှိဘဲ သတ်ပစ်ရမယ်။”

တော်ဝင်ရန်အင်ပါယာ၏ မင်းသားလျန်က တုန်ယင်သွား၏။ ပြီးနောက် ပြော၏။ “ဝူဘုရင်... မင်း ပုန်ကန်ဖို့ ကြိုးစားနေတာလား။”

ဝူဘုရင်က ခေါင်းညိတ်လိုက်သည်။ “အမှန်ပါပဲ။ အရှင်ရှမ့်လန် ပြောတာ မှန်တယ်။ ကျုပ်တို့သာ မပုန်ကန်ဘူး ဆိုရင် တိတ်တဆိတ် သေဆုံးသွားကြလိမ့်မယ်။”

မင်းသားလျန်၏ မျက်နှာထားက အကြီးအကျယ် ပြန်လည်ပြောင်းလဲသွား၏။ “မင်း... မင်း သိနေတာလား။”

ဝူဘုရင်က နှာခေါင်းရှုံ့လိုက်သည်။ “စက္ကူက မီးကို မဖုံးနိုင်ဘူး။ အရှင်ရှမ့်လန်က ထျန်းရွှဲ့မြို့ တိုက်ပွဲမှာ နိုင်ခဲ့ပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်က အပြတ်ရှင်းခံလိုက်ရပြီ။”

အပိုင်း (၉၉၄)

မင်းသားလျန်က ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန်ရဲ့နိုင်ပွဲက ခဏတာဆိုတာ လူတိုင်းသိကြတယ်။ သူ့ရဲ့ အင်အားက တော်ဝင်ရန်အင်ပါယာနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းက တကယ်ပဲ ဦးနှောက်ကို မသုံးဘဲ သူ့နောက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မလို့လား။”

ဝူဘုရင်က ခေါင်းညိတ်ကာ ပြောသည်။ “ကိစ္စမရှိဘူး။ ဟုန်းဟုန်းတောက် ရဲရဲရင့်ရင့် သေဆုံးခဲ့ရတာကလည်း မဆိုးဝါးပါဘူး။”

ဝူဘုရင်က အော်ဟစ်လိုက်၏။ “တော်ဝင်ရန်အင်ပါယာ စစ်သည်တွေ လက်နက်ချပြီး အညံ့ခံစမ်း။ မဟုတ်ရင် ညှာတာမှု မရှိဘဲ သတ်ပစ်မယ်။ အကုန်လုံးကို သတ်ပစ်မယ်။ ငါး... လေး... သုံး... နှစ်... တစ်။”

ဝူဘုရင်က အော်ဟစ်လိုက်သည်။ “အသင့်ပြင်ကြ။ သတ်စမ်း။”

မင်းသားလျန်က လက်ကာပြ၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “ရပ်လိုက်ကြ။ ရပ်လိုက်ကြ။ အင်ပါယာရဲ့ အထူးသံတမန် တပ်ဖွဲ့ဝင်တွေ အားလုံး လက်နက်ချလိုက်ကြစမ်း။”

မင်းသားလျန်၏ အမိန့်အတိုင်းပဲ အင်ပါယာသံတမန်တပ်မှ စစ်သည်သုံးထောင်တို့က လက်နက်ချလိုက်သည်။

ဝူဘုရင်က အမိန့်ပေးလိုက်၏။ “ထိုင်ချလိုက်။”

အင်ပါယာသံတမန်တပ်မှ စစ်သည်သုံးထောင်တို့က မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ ခဏအကြာမှာတော့ သူတို့အားလုံးက ဖမ်းဆီးခြင်းကို ခံရသည်။

မင်းသားလျန်က ပြောလိုက်၏။ “ဝူဘုရင်.... အင်အားပြပြီးသွားပြီ။ အခု ဆွေးနွေးလို့ရပြီလား။”

ဝူဘုရင်က ထိုသူကို တစ်ချက်ကြည့်သည်။ “ဆွေးနွေးမယ် ဟုတ်လား။ စိတ်မကောင်းပါဘူး။ ကျုပ်တို့မှာ ဆွေးနွေးစရာ ဘာမှမရှိဘူး။”

ပြီးနောက် ဝူဘုရင်က အော်ဟစ်လိုက်၏။ “နန်းတွင်းကိုယ်ရံတော်တပ်တွေ အကုန်လုံး ဝန်ကြီးများရုံးဆီကို ချီတက်ကြ။ ပြီးတော့ ပုန်ကန်မှုကို နှိမ်နင်းကြတော့။”

ဝူဘုရင်၏အမိန့်အရ ကိုယ်ရံတော်တပ်သား တစ်သောင်းကျော်တို့က နန်းတော်ထဲမှ ထွက်ခွာ၍ ဝန်ကြီးချုပ်ရုံး ရှိရာဆီသို့ ဦးတည်၏။ ဝူပြည်နယ်မှာဖြစ်စေ၊ ရွှဲ့ပြည်နယ်မှာဖြစ်စေ၊ အတွင်းဝန်ရုံးက နန်းတော်အတွင်း၌ တည်ရှိ၏။ သို့မှသာလျှင် အရာရာ စီမံခန့်ခွဲရာ၌ ပိုမိုအဆင်ပြေပေလိမ့်မည်။

သို့သော်ငြား ယခင်နှစ်က ကျန်းတန်ဖုန်းက အစိုးရအဖွဲ့တစ်ခုလုံးကို ဦးဆောင်ပြီး နန်းတော်ထဲမှ ထွက်ခွာကာဖြင့် အနောက်ဘက်ရှိ ယာယီစံအိမ်ဖြစ်သော သမင်ဥယျာဉ်စံအိမ်ဆီသို့ ပြောင်းရွှေ့ခဲ့၏။ ထိုစဉ်က အကြီးအကျယ် ဂယက်ရိုက်ခဲ့သေး၏။

ထိုအရာက ဝန်ကြီးများအဖွဲ့က ဝူဘုရင်နှင့် လမ်းခွဲပြီး ကိုယ်ပိုင်အုပ်ချုပ်မှု စနစ်တစ်ခုကို ထူထောင်လိုက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်သက်ရောက်၏။ ထိုအချိန်မှစ၍ ဝူပြည်နယ် ပြည်တွင်းရေး၏ အဓိက အချက်အချာက နန်းတော် မဟုတ်တော့ဘဲ သမင်ဥယျာဉ်စံအိမ် ဖြစ်ခဲ့သည်။

သမင်ဥယျာဉ်စံအိမ်က နန်းတော်မှ ၁၉ လီခန့် ကွာဝေး၏။ အလယ်ရှိ ကျယ်ဝန်းလွန်းသော ကျင်းကန် လမ်းမကြီးက တော်ဝင်မြို့တော်၏ အဓိကနေရာနှစ်ခုကို ဆက်သွယ်ထား၏။ ယခုအချိန်တွင်တော့ ဝူဘုရင်က ကိုယ်ရံတော် တစ်သောင်းတပ်ကို ဦးဆောင်ပြီး သမင်ဥယျာဉ်စံအိမ်ဆီသို့ ချီတက်နေ၏။

ရုတ်တရက် လူတိုင်းက ကြက်သေ သေနေ၏။ မြင်တွေ့ကြသည့် လူများက တုန်လှုပ်ကြ၏။ ဘုရင်က ဘာလုပ်ဖို့ ကြိုးစားနေသနည်း။ တော်ဝင်နန်းမြို့တော်တွင်ပင် စစ်ပွဲစတင်တော့မည်လား။ ပညာရှင်များက သတင်းဖြန့်လိုက်၏။ လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားရသည်။

သာမန်ပြည်သူများက လန့်ဖြန့်သွားသော်လည်း စိတ်လှုပ်ရှားနေ၏။ သာမန်ပြည်သူများက ပွဲကောင်း ကြည့်ရသည်ကို ကြိုက်နှစ်သက်ကြ၏။

သို့သော်ငြား စိတ်လှုပ်ရှားနေသည့် လူတစ်စုကလည်း ရှိနေသေး၏။ ထိုသူတို့က ဝူပြည်နယ်မှ စစ်တပ်ပင်။ လွန်ခဲ့သည့် ၂ နှစ်၊ ၃ နှစ်အတွင်း ဝူဘုရင် အကြီးအကျယ် ဖိနှိပ်ခံခဲ့ရသလို ဝူပြည်နယ်၏ စစ်သည်များ ကလည်း ထိုနည်းလည်းကောင်းပင်။

အစပထမက တော်ဝင်ရန်အင်ပါယာက ရှမ့်လန်ကို ရှင်းလင်းရန် အကြောင်းပြချက်ဖြင့် ဝူပြည်နယ်ကို ဖြတ်သန်းသွားခဲ့၏။ သို့သော်ငြား တစ်နှစ်ကြာသည့်တိုင်အောင် စစ်သည်တစ်သိန်းကျော်တို့က ဝူပြည်နယ်၏ နယ်နိမိတ်များတွင် တပ်စွဲထားခဲ့ကြ၏။ လွန်ခဲ့သည့် နှစ်ဝက်ခန့်ကမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထိုကာလအတွင်း အရပ်ဖက်အရာရှိများက စစ်တပ်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့်နှင့် လက်လှမ်းလာခဲ့၏။ အရပ်ဖက် အရာရှိများ၏ အဆင့်အတန်းက မြင့်မားလာခဲ့ပြီး စစ်တပ်မှူးများ၏ အဆင့်အတန်းက နိမ့်ကျလာ၏။

ယခု ဝူပြည်နယ်စစ်တပ်၏ ထောက်ပံ့မှုအများစုကို ဝန်ကြီးများရုံးက သိမ်းယူသွားခဲ့ပြီး ဖြစ်၏။ စစ်ဘက်ရေးရာ ဗျူရိုက တပ်မှူးများကို ရာထူးတိုးမြှင့်ပေးခြင်းနှင့် စစ်တပ်အာဏာကို ဆုပ်ကိုင်ထားနေဆဲ ဖြစ်သော်လည်း စစ်တပ်၏လစာနှင့် ရိက္ခာခွဲဝေမှုကို ဝန်ကြီးများရုံး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် စစ်ဘက်ရေးရာ ဝန်ကြီးဌာနသို့ လွှဲပြောင်းလိုက်ရသည်။

တော်ဝင်ရန်အင်ပါယာက ဝူပြည်နယ်ကို ရိက္ခာအများအပြား ထုတ်ချေးခဲ့သည့် အချိန်ကို မှတ်မိကြပေဦးမည်။ ထိုအချိန်က ဝူဘုရင်က တိုင်းပြည်လေးခု စစ်ပွဲအတွက် အသုံးပြုရန် စီစဉ်ခဲ့ခြင်းပင်။ ထိုအချိန်မှစ၍ တော်ဝင်ရန် အင်ပါယာက ဝူပြည်နယ်၏ စစ်တပ်၏ ထောက်ပံ့ရေးကိစ္စရပ်များကို ဝင်ရောက် စွက်ဖက်လာ ခဲ့၏။

အရပ်ဖက်အရာရှိများ အာဏာရလာသည်နှင့်တပြိုင်နက် သူတို့က တပ်မှူးများကို ဖိနှိပ်ကြတော့သည်။

မင်မင်းဆက်နှောင်းပိုင်း ကာလကဲ့သို့ပင် စစ်တပ်မှူးများက အရပ်ဖက်အရာရှိများ၏ အစေခံများ ဖြစ်လာကြ၏။ အဆင့် ၄ တပ်မှူးတစ်ဦးပင်လျှင် အဆင့် ၇ အရပ်ဖက်အရာရှိတစ်ဦး၏ ရှေ့မှောက်တွင် ဦးညွှတ်ရသည့် အခြေအနေမျိုးသို့ ရောက်၏။

ထို့အပြင် ဝူကျိကို ဖမ်းဆီးရန် ဝန်ကြီးများရုံးချုပ်က စစ်တပ်မှူး ဘယ်နှစ်ယောက်ကို အရေးယူခဲ့သနည်း။ ဤအမှုတွင် တပ်မှူးတစ်ရာကျော် ဖမ်းဆီးခံရ၏။ အားလုံးက အလယ်အလတ်နှင့် အဆင့်နိမ့် တပ်မှူးများ ဖြစ်ကြသော်လည်း ဝူပြည်နယ်၏ စစ်တပ်ကို အလွန်အမင်း စိုးရိမ်ပူပန်စေရန် လုံလောက်သည်။

ယခုအချိန်မှာတော့ ဝူဘုရင်က သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။ သူက သူ့၏ ကိုယ်ရံတော်တပ်များကို ဦးဆောင်ပြီး အတွင်းဝန်များ ရုံးဆီသို့ လှမ်းလျှောက်၏။ လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သည့် စစ်သည်များက ဝင်ရောက်ပူးပေါင်းလာကြ၏။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ တိုက်ပွဲမှာ ဝင်ရောက်ပါဝင်ခွင့်ပြုပါ။” အသီးသီးသော စစ်သည်တော် များက ဝင်ရောက်ပူးပေါင်းလာခဲ့ကြသည်။

လမ်းတစ်ဝက်သို့ ရောက်ချိန်မှာတော့ ဝူဘုရင်နောက်မှ လိုက်ပါလာခဲ့သည့် စစ်သည်က အင်အား ၃ သောင်းကျော်သွားခဲ့၏။

တော်ဝင်ရန်အင်ပါယာ မင်းသားလျန်က မြင်းကို ဒုန်းစိုင်းစီးပြီး ဝူဘုရင်ကို လိုက်မီလာ၏။ သူက တုန်ယင်နေသော အသံဖြင့် ပြောသည်။ “ဝူဘုရင်... နောက်ဆက်တွဲဆိုးကျိုးတွေကို စဉ်းစားအုံး။ မင်းတို့ ဝူမျိုးနွယ်ရဲ့ နှစ်ရာချီတဲ့ သမိုင်းကြောင်းကို ထောက်အုံး။”

ဝူဘုရင်က ပြန်မပြောချေ။

မင်းသားလျန်က ပြော၏။ “ဒီလိုလုပ်ကြစို့။ ဝူကျိကို မဖမ်းတော့ဘူး။ ဝူချင်အန်းက သူ့ရဲ့ထွက်ဆိုချက်တွေကို ပြောင်းလိမ့်မယ်။ မြေသိမ်းမှုနဲ့ လူသတ်မှုက သခင်ကြီးဝူကျိနဲ့ ဘာမှမသက်ဆိုင်ကြောင်း ပြောလိမ့်မယ်။”

ဝူဘုရင်က နှုတ်ဆိတ်နေဆဲပင်။ သူက သတ်ဖြတ်လိုစိတ်၊ နာကျင်မှုတို့နှင့်အတူ ဝန်ကြီးများရုံးဆီသို့ ဆက်လက် ချီတက်နေသည်။

မင်းသားလျန်က တုန်ယင်စွာ ပြော၏။ “ဝူဘုရင်... ကျန်းတန်ဖုံးက တရားရုံးချုပ်အဓိပတိ ရာထူးက ဆင်းပေးပြီး လူသိရှင်ကြား ခေါင်းဖြတ်ခံလိမ့်မယ်။ ဝန်ကြီးများရုံးကလည်း လူသိရှင်ကြား အပြစ်ကို ဝန်ခံပြီး ဝူကျိရဲ့ နာမည်ကို ပြန်လည်ဆယ်ယူပေးလိမ့်မယ်။”

ဝူဘုရင်က ဘာမှပြန်မပြောသေးချေ။ မကြာခင်မှာပင် ဝူဘုရင်၏နောက်မှ စစ်သည် ၅ သောင်းထိ တိုးပွားလာခဲ့၏။ ဝန်ကြီးများရုံး တည်ရှိရာ သမင်ဥယျာဉ်စံအိမ်ကို ဝန်းရံထားလိုက်သည်။

ဝူကျိက အော်ဟစ်လိုက်၏။ “အသင့်ပြင်ထား။”

မင်းသားလျန်က ပြောသည်။ “ဝူဘုရင်... ဝန်ကြီးချုပ် ကျန်းတန်ဖုန်းက ရာထူးက ဆင်းပေးလိမ့်မယ်။ မင်း ဝန်ကြီးချုပ်အသစ် ခန့်အပ်လို့ ရပြီ။ သူက ဝူပြည်နယ်ပေါ်မှာ သစ္စာရှိကြောင်း အရင်ဆုံး ကျိန်ဆိုလိမ့်မယ်။”

ဝူဘုရင် ကြက်သေ သေသွား၏။ တော်ဝင်ရန်အင်ပါယာက ဤမျှထိ လိုက်လျော အလျှော့ပေးလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။

ဝူဘုရင်က နှာခေါင်းရှုံ့လိုက်၏။ “မင်းသားလျန်... တော်ဝင်ရန်အင်ပါယာက ကျုပ်နဲ့ ချောင်ဘုရင်ကို လူသိရှင်ကြား ဆန့်ကျင်တာမျိုး မလိုလားဘူး မဟုတ်လား။ ဒီလိုဆိုရင် တော်ဝင်ရန် အင်ပါယာက စစ်သည်တစ်သိန်း ကို စေလွှတ်ပြီး ဝူ၊ ရွှဲ့နဲ့ ချောင်နိုင်ငံတွေကို ဖျက်ဆီးပစ်လိမ့်မယ်။ ပြီးရင် အဲဒီနိုင်ငံတွေက တော်ဝင်ရန်အင်ပါယာရဲ့ ပြည်နယ်တွေ ဖြစ်သွားလိမ့်မယ်။”

မင်းသားလျန်က ပြောလိုက်သည်။ “အခြေအနေတွေက အဲဒီအဆင့်ထိ မရောက်ရင် အကောင်းဆုံးပဲ။ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းလို့ရရင် စစ်ရေးနည်းလမ်းကို မသုံးဖို့ ကြိုးစားတာ ကောင်းတယ်။”

ဝူဘုရင်က ပြော၏။ “တော်ဝင်ရန်အင်ပါယာက သဘာဝလွန် အင်အားစုတွေရဲ့ လျှို့ဝှက်စစ်တပ်တွေကို အသုံးပြုချင်တာပဲ။ တော်ဝင်ရန်အင်ပါယာရဲ့ ကိုယ်ပိုင်လျှို့ဝှက်စစ်တပ်ကလည်း အပြည့်အဝ မဖွဲ့စည်းရသေးဘူး။”

မင်းသားလျန်က နှာခေါင်းရှုံ့လိုက်သည်။ “ဝူဘုရင်... သိပ်ပြီး တွေးမနေစမ်းပါနဲ့။ ငါ နောက်ဆုံး အမိန့်ပေးပြီးပြီ။ ကျန်းတန်ဖုန်း ရာထူးက ဆင်းပေးပြီး ဝန်ကြီးများအဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိမ့်မယ်။ ဝူဘုရင်... ဝန်ကြီးများရုံးဆိုတာ ဝူပြည်နယ်ရဲ့ ဝန်ကြီးများရုံး ဖြစ်ပေမဲ့ တော်ဝင်ရန်အင်ပါယာရဲ့ ဝန်ကြီးများရုံး လက်အောက်ခံလည်း ဖြစ်တယ်။ ဒီထဲက အရာရှိအများစုက တော်ဝင်ရန်မြို့တော် ဝန်ကြီးများအဖွဲ့က စေလွှတ်ထားခဲ့တာ။ မင်းသာ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် ပြန်လှည့်လို့ရမှာ မဟုတ်တော့ဘူး။”

ဝူဘုရင်က ပြောလိုက်၏။ “ကျုပ် ပြန်လှည့်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ တိုက်ကြစမ်း။”

သောင်းနှင့်ချီသည့် စစ်သည်များက ဒီရေအလားပင် သမင်ဥယျာဉ်စံအိမ်ထဲသို့ တိုးဝင်သွားခဲ့ကြ၏။ ခဏ အကြာမှာတော့ အထဲတွင် ငိုကြွေးသံများ၊ အော်ဟစ်သံများ ကြားရ၏။ ဝန်ကြီးများအဖွဲ့တွင် ကိုယ်ပိုင် စစ်သည်များ ရှိသော်လည်း ထောင်ဂဏန်းမျှသာဖြစ်၏။ ထို့အပြင် ဝူဘုရင်က ဤကာလတစ်လျှောက်လုံး အရှက်ကွဲမှုကို သည်းခံခဲ့သည်။

ဝန်ကြီးများအဖွဲ့က တော်ဝင်ရန်အင်ပါယာ၏ အကာအကွယ်ဖြင့် ဘေးကင်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ ဝူဘုရင်က ဤမျှပြတ်သားစွာဖြင့် စစ်တပ်ကို စေလွှတ်ကာ ဝန်ကြီးများရုံးကို သုတ်သင်ပစ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

နှစ်နာရီ မပြည့်ခင်မှာပဲ အတွင်းမှ တိုက်ပွဲက ပြီးဆုံးသွား၏။ ဝန်ကြီးများ၊ အရာရှိများနှင့် စစ်သည် ထောင်ပေါင်းများစွာ ရှိသော်လည်း အများစုက အလောင်းကောင်များ ဖြစ်ကုန်၏။ သမင်ဥယျာဉ်စံအိမ်က သွေးများ၊ အလောင်းကောင်များနှင့် ပြည့်နှက်နေ၏။

ခဏအကြာမှာတော့ ရာပေါင်းများစွာသော အဆင့်မြင့် အရာရှိများက အဖမ်းခံလိုက်ရသည်။

“သူတို့ကို တရားရုံးချုပ် အကျဉ်းထောင်မှာ ထားရမှာလား။ ရေနက်တပ်ဖွဲ့ရဲ့ အကျဉ်းထောင်မှာ ထားရမှာလား။”

ဝူဘုရင်က ခေါင်းခါယမ်းလိုက်၏။ “မလိုဘူး။ အားလုံးကို ကွပ်မျက်ကွင်းဆီ ပို့လိုက်တော့။”

အရာရှိပေါင်းများစွာက ထိုစကားကို ကြားချိန်မှာတော့ တုန်လှုပ်သွား၏။ သူတို့က သူတို့၏ နားများကို မယုံကြည်နိုင်သလို ဖြစ်နေ၏။ ဝူဘုရင်က ရူးသွပ်သွားလေသည်လား။ ရူးသွပ်သွားသည်မှာ သေချာသည်။

နာရီအနည်းငယ် အကြာမှာတော့ ဝူပြည်နယ် နန်းတော်အရှေ့ရှိ ကွင်းပြင်တွင် လူများပြည့်ကျပ်နေ၏။ လူတစ်သိန်းကျော် လာရောက်ကြည့်ရှုကြ၏။ ဤသည်က တုန်လှုပ်ဖွယ်ရာကောင်းသည့် အလှည့်အပြောင်း တစ်ခုပင်။ ဘုရင်က ဝန်ကြီးများရုံး တစ်ရုံးလုံးကို သုတ်သင်ရှင်းလင်းလိုက်ပြီး ဝူပြည်နယ်၏ ပြည်သူများ ခံစားချက် အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။

ရွှဲ့ပြည်နယ် ပြည်သူများက ရှမ့်လန်ဘက်တွင် ရှိ၏။ ဝူပြည်နယ် ပြည်သူများက ကျန်းလီမှာ အလွန် ထင်ရှားလွန်းသောကြောင့် သူ့ဘက်တွင် အနည်းနှင့်အများတော့ ရှိနေသေး၏။ တစ်ချိန်တည်းမှာပဲ ဝူပြည်နယ်၏ ပြည်သူများက တော်ဝင်ရန်အင်ပါယာကို မဆန့်ကျင်ရဲကြချေ။

ဝူပြည်နယ် ပြည်သူများက တော်ဝင်ရန်အင်ပါယာနှင့် အလွန်နီးစပ်ပြီး အရာရှိတစ်ဖွဲ့လုံးက ပြည်သူ့ သဘောထားကို ထိန်းချုပ်ထားခဲ့သည်။ ဝူပြည်နယ် ပြည်သူများကို တော်ဝင်ရန်အင်ပါယာဘက်ဆီသို့ ပါအောင် ဦးဆောင်ခဲ့သည်။

သို့သော်ငြား ဝူပြည်နယ်မှ ပြည်သူများက ဝူဘုရင်အပေါ် လုံးဝ လျစ်လျူရှုထားခြင်း မဟုတ်ပေ။ မည်သို့ပင် ဆိုစေကာမူ သူတို့က နှစ်ရာနှင့်ချီ၍ ဝူဘုရင်အပေါ် သစ္စာစောင့်သိခဲ့ကြသည် မဟုတ်ပါလား။

ဝူပြည်နယ်၏ ဝန်ကြီးချုပ် ကျန်းတန်ဖုန်းက ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ ဤဝူဘုရင်က ရူးသွပ်သွားလေပြီလား။ လမ်းအဆုံးထိ လျှောက်ရန် စဉ်းစားထားလေပြီလား။ တွေဝေမှု အနည်းငယ်မျှပင် ရှိသည့်ပုံ မပေါ်နေချေ။

တိုင်းပြည်တိုင်းတွင် အထင်ကရ မင်းစိုးရာဇာတစ်ယောက်ကို အပြစ်မပေးရဟူသည့် ရေးသား မထားသော စည်းမျဉ်းတစ်ခု ရှိ၏။ ထို့ကြောင့် ကျန်းတန်ဖုန်းက ဝူဘုရင်နှင့် အမြဲတမ်း သဘောထား ကွဲလွဲခဲ့သော်လည်း သူ၏အသက်အန္တရာယ် ရှိလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ခဲ့ချေ။

ကျန်းတန်ဖုန်းက ဝူဘုရင်ကို ဦးတိုက်ကာ ပြောသည်။ “အရှင်မင်းကြီး... ဒေါသစိတ်တွေ လွှမ်းမိုးမနေပါနဲ့။ ဝူပြည်နယ်ရဲ့ ရာစုနှစ်ချီတဲ့ အုတ်မြစ်ကို အရှင်မင်းကြီး လက်ထဲမှာ အပျက်စီးမခံနိုင်ပါဘူး။ အရှင်မင်းကြီး... ကျုပ် လုပ်ခဲ့သမျှ အရာအားလုံးက ဝူပြည်နယ်နဲ့ ဝူပြည်နယ်ရဲ့ တော်ဝင်မိသားစု ဘေးကင်းရေးအတွက်ပါပဲ။”

ဝူဘုရင်က ပြတ်သားစွာ ပြော၏။ “တခြားဘာမှ ပြောစရာမလိုတော့ဘူး... သတ်လိုက်တော့။”

ဝူဘုရင်၏ အော်ဟစ်သံက သူရဲကောင်းဆန်မှုပင် မရှိချေ။ ထိုအစား ပင်ပန်းနွမ်းနယ်နေမှုများဖြင့်သာ ပြည့်နှက်နေသည်။

“ရွှပ်... ရွှပ်...”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဝန်ကြီးများရုံးရှိ အရာရှိရာပေါင်းများစွာတို့ ခေါင်းပြတ်သွား၏။

လူပေါင်းတစ်သိန်းကျော်က ကြက်သီးမွေးညင်းများပင် ထ၏။ ဤမျှ မြင့်မြတ်ပြီး တန်ခိုးကြီးမားလာသည့် ပုဂ္ဂိုလ်များက ရုတ်တရက် အသတ်ခံလိုက်ရလေပြီလား။

“သတ်ကြစမ်း...” နောက်တစ်ကြိမ် လက်ထဲမှ ဓားများက ကျဆင်းလာခဲ့ပြီး ခေါင်းပေါင်း ၁၀၀ ကျော်က မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။

ဤအချိန်မှာတော့ ဝူပြည်နယ်၏ ဝန်ကြီးများရုံး အရာရှိများက အလွန်ကြောက်လန့်ကုန်၏။ ဘောင်းဘီထဲ သေးပေါက်ချသည့် အဖြစ်မျိုးသို့ ရောက်ကုန်၏။ သူတို့က ဦးတိုက်ကာ အော်ဟစ်ကြ၏။

“အရှင်မင်းကြီး... ကျုပ် သတင်းပို့ တိုင်ကြားလိုပါတယ်။ ကျုပ် ဖော်ထုတ်ပါ့မယ်။”

တရားလွှတ်တော် ဝန်ကြီးချုပ်က ဒူးထောက်လျက် ထွက်လာပြီး အော်ဟစ်သည်။ “ဝူချင်အန်းက ပိုးစာခင်းတွေကို သိမ်းယူပြီး ပညာရှင်လင်းရဲ့ မိသားစု တစ်ခုလုံးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့တာပါ ဆိုတဲ့ အဲဒီရက်စက် ကြမ်းကြုတ်တဲ့အမှုက အတုပါ။ အတုပါပဲ။ လူသတ်သမားက ဝူချင်အန်း မဟုတ်သလို ဦးရီးတော် ဝူကျိနဲ့လည်း ဘာမှ မဆိုင်ပါဘူး။ အားလုံးက ပန်းထိုးဌာနက လုပ်ခဲ့တာပါ။”

ပန်းထိုးဌာနက ဝူပြည်နယ်၏ ဝန်ကြီးများရုံး လက်အောက်တွင် ရှိ၏။ ထိုအရာက လွန်ခဲ့သည့် တစ်နှစ်ခွဲကမှ ဖွဲ့စည်းထားခဲ့သည့် ထောက်လှမ်းရေးအဖွဲ့ တစ်ခု ဖြစ်ပြီး ထိုအရာက ရေနက်တပ်ဖွဲ့နှင့် ယှဉ်ပြိုင်နိုင်ရန် ဖန်တီးထားခဲ့သည့် ဌာနတစ်ခုပင်။

“ပညာရှင်လင်းရဲ့မိသားစု တစ်ခုလုံးကို အရှင်လတ်လတ် မြေမြှုပ်ခဲ့တာကနေ လယ်စာရင်းဌာနမှာ နာမည် စာရင်းသွင်းတဲ့အထိ အားလုံးကို ပန်းထိုးဌာနက လုပ်ခဲ့တာပါ။ သူတို့က ဝန်ကြီးချုပ် ကျန်းတန်ဖုန်းရဲ့ အမိန့်ကို တိုက်ရိုက်နာခံပါတယ်။ ကျုပ်တို့ လုပ်သမျှ အားလုံးက ဦးရီးတော် ဝူကျိကို ဒုက္ခပေးဖို့ပါ။ အားလုံးကို ဝန်ကြီးချုပ် ကျန်းတန်ဖုန်းက စီစဉ်ခဲ့တာပါ။”

ထိုစကားကိုကြားချိန်မှာတော့ လူအုပ်ကြီး တစ်ခုလုံးက ဆူညံသွား၏။ ဤလျှို့ဝှက်ချက်ကို သိသူက အနည်းငယ်သာလျှင် ရှိ၏။

တရားလွှတ်တော်ချုပ်က ဤအမှုတွင် အဓိကကျသူ ဖြစ်သောကြောင့် သူက သဘာဝကျစွာပင် သိနေသည်။

ဝူဘုရင်က လက်ကို ဝှေ့ယမ်းပြ၏။

တရားလွှတ်တော်ချုပ်က ကွပ်မျက်ကွင်းမှ ချက်ချင်း ခေါ်ထုတ်သွားခံရ၏။ သူက မသေရတော့မည့် အလားပင်။

ချက်ချင်းပဲ အရာရှိများစွာတို့က ဒူးထောက်ပြီး ဦးတိုက်သည်။ “အရှင်မင်းကြီး... ကျုပ်လည်း တိုင်ကြားလိုပါ တယ်။”

“ကျုပ်လည်း တိုင်ကြားချင်ပါတယ်။”

ကွပ်မျက်ကွင်း တစ်ခုလုံးက မိစ္ဆာများ ကခုန်နေသကဲ့သို့ပင်။ သူတို့က တော်ဝင်ရန်အင်ပါယာအပေါ် သစ္စာရှိခဲ့သည်က မှန်သော်လည်း ယခု သူတို့၏ အသက်ကိုပင် တော်ဝင်ရန် အင်ပါယာက မကာကွယ်နိုင်ခဲ့သောကြောင့် အဘယ်သို့ သစ္စာရှိရတော့မည်နည်း။ သူတို့က တခြားအရာများကို အဘယ်သို့ အာရုံစိုက်နိုင်ရတော့မည်နည်း။

All Chapters