အခန်း (၉၉၅-၉၉၆)
Vol. 59 Ch. 995-996
အပိုင်း (၉၉၅)
“ဘုန်း... ဘုန်း...”
တခြားသော စစ်တပ်တစ်ခုက ကွပ်မျက်ကွင်းထဲသို့ ဝင်ရောက်လာသည်။ လူရာပေါင်းများစွာကို ခေါ်ဆောင်လာခြင်း။ အားလုံးက ဝန်ကြီးချုပ် ကျန်းတန်ဖုန်း၏ ဆွေမျိုးသားချင်းများပင်။
အဆင့် ၄ နှင့်အထက် အရာရှိအားလုံး၏ မိသားစုဝင်များကိုလည်း ကွပ်မျက်ကွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထောင်ပေါင်းများစွာသော လူများက မြေပြင်ပေါ်တွင် သပ်ရပ်စွာ ဒူးထောက် နေ၏။
အရှင်မင်းကြီး... ကျုပ် သတင်းပို့လိုပါတယ်။ ကျုပ် ဖော်ထုတ်လိုပါတယ်။”
သို့သော်ငြား ဝူဘုရင်က ထိုသူတို့ကို လျစ်လျူရှုကာဖြင့် အမိန့်ပေးသည်။ “သတ်လိုက်ကြတော့။”
“ရွှပ်... ရွှပ်...”
ကွပ်မျက်သူ ရာပေါင်းများစွာတို့က ဓားများကို ဆက်တိုက် ဝှေ့ယမ်း၏။ ခေါင်းများက တန်းစီကာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်၏။ လူတိုင်းက ကြောက်လန့်တုန်လှုပ်နေပြီး ကြက်သီးမွေးညင်း များပင် ထကြ၏။ ဝူဘုရင်က ရူးသွပ်သွားလေသည်လား။ အရပ်ဖက် အရာရှိအားလုံးကို သတ်ပစ်တော့မည်လား။ တိုင်းပြည်၏ ပြည်တွင်းရေးကို မည်သူက စီမံခန့်ခွဲတော့မည်နည်း။
“အရှင်မင်းကြီး... ကျုပ် ဖော်ထုတ်ပါရစေ။ ဒါတွေအားလုံးက တော်ဝင်ရန်အင်ပါယာရဲ့ ပူးပေါင်း ကြံစည်မှုတွေပါပဲ။ တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ကို ဒီလိုမတရားမှုတွေကို ဖန်တီးဖို့ အမိန့်ပေးခဲ့တာပါ။ တော်ဝင်ရန်အင်ပါယာရဲ့ ရေနက်ဌာန လူတွေက ကျုပ်တို့ကို ဒီမတရားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ညွှန်ကြားခဲ့တာပါ။ ကျုပ်တို့ကို မြေတွေသိမ်းယူဖို့ အမိန့်ပေးခဲ့တာကလည်း တော်ဝင်ရန်အင်ပါယာပါပဲ။ တော်ဝင်ရန်အင်ပါယာက ကျုပ်တို့ အရပ်ဖက် အရာရှိတွေနဲ့ စစ်တပ်မှူးတွေကို လာဘ်ထိုးခဲ့တာပါ။
ဝူချင်အန်းက အော်ဟစ်၏။ “တော်ဝင်ရန်အင်ပါယာက လာဘ်ထိုးခဲ့တာပါ။ သူက ဦးရီးတော်ဝူကျိကို စွပ်စွဲနေသရွေ့ ကျုပ်ရဲ့သားတွေက တော်ဝင်ရန်အင်ပါယာရဲ့ ပညာရှင်တွေဖြစ်လာရမယ်လို့ ကတိပေးခဲ့ပါတယ်။ မလိုက်နာရင်တော့ မိသားစု တစ်ခုလုံးကအသတ်ခံရလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်”
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည်များက တကယ့်ကို ပရမ်းပတာပင်။ အသက်ရှင်နိုင်ရန်အတွက် ဤလူများက ပူးပေါင်းကြံစည်မှုများကို အသည်းအသန် ဖော်ထုတ်ကြ၏။ အနည်းငယ်က အမှန်ဖြစ်သော်လည်း အများစုက ထင်ကြေးနှင့် စိတ်ကူးယဉ်ဆန်မှုများသာပင်။
ဤလူစုက တကယ့်တော့ အလွန်ပါးနပ်၏။ ဝူဘုရင် ဘာလိုချင်သည်ကို သူတို့သိသောကြောင့် သူတို့၏ အသက်နှင့် လဲလှယ်နိုင်ရန် နောက်ဆုံးလက်ကျန်အဖြစ် သူတို့၏ စိတ်ကူယဉ် ဇာတ်လမ်းများကို ပြောပြနေကြသည်။
ဝန်ကြီးချုပ်ကျန်းတန်ဖုန်းက တုန်ယင်နေ၏။ သူ တစ်ခုခု ပြောချင်ပုံရသော်လည်း မပြောနိုင်ပေ။ သူက ကျူးဟုန်ကျူး နှင့် မတူပေ။ အသက်ရှင်ရန်နှင့် သူ၏ မိသားစုတစ်ခုလုံးကို ကာကွယ်ရန် သူက ဖော်ထုတ်ချင်၏။
တော်ဝင်ရန်အင်ပါယာ မကြာခင် တိုက်ခိုက်လာတော့မှာ ဖြစ်ပြီး တော်ဝင်ရန်အင်ပါယာကို ဖော်ထုတ်သူများ ကလည်း သေဆုံးမှာ ဖြစ်သော်လည်း အနည်းဆုံး သူက ချက်ချင်းတော့ သေတော့မည် မဟုတ်ပေ။ သို့သော်ငြား သူ မလုပ်ရဲချေ။ သူ၏ အထူးချွန်ဆုံးသော သားများက တော်ဝင်ရန်အင်ပါယာတွင် ရှိနေ၏။ သူ တော်ဝင်ရန်အင်ပါယာ၏ အကြောင်းကို ဖော်ထုတ်လိုက်လျှင် သေရမည်က သူ၏ သားများ ဖြစ်ပေမည်။
ဝူဘုရင်က တော်ဝင်ရန်အင်ပါယာနှင့် အဆက်အသွယ် ဖြတ်တောက်ကြောင်း ပြသရန် ခေါင်းတစ်လုံး လိုအပ်နေ၏။ ကျန်းတန်ဖုန်းက ဝူဘုရင်ကို မကြည့်ဘဲ မနေနိုင်ချေ။ သူ၏ နှလုံးသားများက တုန်ခါနေ၏။ “အရှင်... အရှင်က တကယ့်ကို လူငယ်တစ်ယောက်၊ ပြီးတော့ တကယ့်ကို ရက်စက်လွန်းတယ်။”
“ရွှပ်...”
ကွပ်မျက်သူ နောက်တစ်သုတ်က ဓားကို ဝှေ့ယမ်း၏။ အရာရှိ အတန်းလိုက်က ခေါင်းဖြတ်ခံရ၏။ နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်ကျန်းတန်ဖုန်း၏ အလှည့်သို့ ရောက်လာ၏။
ဝူဘုရင် တစ်ခုခု ပြောလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဘာမှ မပြောချေ။ ကွပ်မျက်သူက ဓားကို ဝှေ့ယမ်းသည်။
ဝန်ကြီးချုပ် ကျန်းတန်ဖုန်းက သူ၏ ဆွေမျိုးတစ်စုနှင့်အတူ အစအန မကျန်အောင် ခေါင်းဖြတ်ခံလိုက်ရ၏။
တော်ဝင်ရန်အင်ပါယာ၏ မင်းသားလျန်က ထိုမြင်ကွင်းကို ကြည့်နေ၏။ ခဏတာ တုန်လှုပ်သွားခဲ့ပြီးနောက် သူက နှာခေါင်း ရှုံ့လိုက်မိသည်။ “ဟား ဟား ဟား... ဝူဘုရင်... သူတို့ကို သတ်ရတာ ပျော်ရဲ့လား။”
ဝူဘုရင်က ပြန်မဖြေချေ။ ထိုအစား သူက ပြတ်သားစွာပင် ပြော၏။ “ဒီနေ့က စပြီး ဝူပြည်နယ်က တော်ဝင်ရန် အင်ပါယာရဲ့ ဘယ်အမိန့်ကိုမှ နာခံတော့မှာ မဟုတ်ဘူး။ ဝူပြည်နယ်က တော်ဝင်ရန်အင်ပါယာကို အရှေ့လောကကြီးရဲ့ တရားဝင် အရှင်သခင်အဖြစ် အသိအမှတ် မပြုဘူး။
တော်ဝင်ချန်အင်ပါယာ ဧကရာဇ်ရှမ့်လန်က ထျန်းရွှဲ့မြို့ အဆုံးအဖြတ် တိုက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လူအင်အား နှစ်သောင်းလောက်နဲ့ လူပေါင်း ၅ သိန်းကို နိုင်ခဲ့တယ်။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ် နှစ်သောင်းက လုံးဝ သုတ်သင်ခံလိုက်ရပြီ။ ဝူယု.. အမိန့်ကို နာခံ။”
ရေနက်တပ်ဖွဲ့မှူး ဝူယုက ချက်ချင်း ဒူးထောက်၏။ “မင်းရဲ့ဘွဲ့နာမည်ကို 'မင်းသမီး အန်းရုံ' အဖြစ် ပေးအပ်တယ်။ ငါ့ကိုယ်စား နုရှောင့်မြို့ကို သွားပြီး တော်ဝင်ချန်အင်ပါယာ ဧကရာဇ်ရှမ့်လန်ကို လျှောက်တင်ပါ။ ငါ ဝူချီက တော်ဝင်ချန်အင်ပါယာအပေါ် အမှုထမ်းပြီး သူ့ကို သခင်အဖြစ် ခစားလိုတယ်။ သူ လက်ခံမလား မေးပေးပါ။”
ထိုစကားကို ကြားချိန်မှာတော့ လူအုပ်ကြီးက ဆူညံသွား၏။ ဤမျှ ရုတ်တရက် ဆန်လှသည်လား။ ဝူပြည်နယ်က တော်ဝင်ရန်အင်ပါယာကို ပုန်ကန်ပြီး ရှမ့်လန်၏ တော်ဝင်ချန်အင်ပါယာကို အမှုထမ်း တော့မည်လား။ သို့ပေမယ့် တော်ဝင်ချန်အင်ပါယာက မည်သည့်နေရာတွင် ရှိသနည်း။
ဝူယုက ဒူးထောက်ကာ ဦးတိုက်သည်။ “အမိန့်တော်အတိုင်းပါပဲ။”
ဝူယုက လုံးဝ အချိန်မဆွဲချေ။ သူမက စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး တောင်ဘက်ရှိ နုရှောင့်မြို့ ဆီသို့ ဦးတည် ထွက်ခွာသွား၏။
..................
ချောင်ပြည်နယ်၏ နန်းတော်ထဲတွင် ချောင်ဘုရင်သစ်နှင့် မယ်တော်ကြီးတို့က စစ်တုရင် ကစားနေ၏။ ချောင်ဘုရင်က နန်းတွင်း၌ ဝူဘုရင်ထက် အခြေအနေ ပိုကောင်း၏။ အကြောင်းရင်းက သူက နန်းတွင်းကို ပိုမို ထိန်းချုပ်ထားနိုင်သောကြောင့်ပင်။
ပြန်လည် ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ်ရုံးသည် ဝန်ကြီးချုပ် စကားကို လုံးဝ နားမထောင်ပေ။ ချောင်ဘုရင် အပေါ် သစ္စာရှိသည့် အရပ်ဖက် အရာရှိများစွာ ရှိ၏။ မည်သို့ပင် ဆိုစေကာမူ ချောင်ပြည်နယ်က တော်ဝင်ရန် အင်ပါယာနှင့် နယ်နမိတ်ချင်းလည်း မထိစပ်ချေ။ ချောင်ဘုရင် နှစ်ဆက်လုံးက အရာရှိများကြား ကြီးမားသည့် ဂုဏ်သတင်း ရှိ၏။
သို့သော်ငြား ချောင်ဘုရင်က ဝူဘုရင်ထက် ပိုမို အန္တရာယ်များသော အခြေအနေတွင် ရှိနေ၏။ သူက ပိုမို ထူးချွန်ပြီး တော်ဝင်ရန်မြို့တော်၏ ကြောက်ရွံ့ခြင်းကို ခံရ၏။
ဝူပြည်နယ်၏ ကျန်းတန်ဖုန်း ဦးဆောင်သော ဝန်ကြီးချုပ်အဖွဲ့က ပြည်တွင်းရေး အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်ဘက်ကို စတင် ကျူးကျော်လာခဲ့၏။ သူတို့က တကယ့် အရေးကြီးသော ဦးရီးတော် ဝူကျိကို ဖယ်ရှားပစ်ရန် အမှုကြီး တစ်ခုကိုပင် ဖန်တီးဖို့ ဝန်မလေးခဲ့ချေ။
ချောင်ပြည်နယ်တွင် တော်ဝင်ရန်အင်ပါယာ၏ အင်အားစုများက ချောင်ဘုရင်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့၏။ ပြစ်မှုက ရိုးရှင်း၏။ ဘုရင်ဟောင်း၏ အလောင်းပင် မအေးသေးခင် သူက နန်းတွင်း မောင်းမဆောင်ကို ကျူးလွန်ပြီး မိခင်ရင်းကို ဒုက္ခပေးခဲ့သည် ဆိုသည့် အကြောင်းအရာပင်။
ထိုအရာက လုပ်ကြံထားသည့် ပြစ်မှုဖြစ်ကြောင်း သေချာသော်လည်း အခြေအမြစ် လုံးဝ မရှိသည်တော့ မဟုတ်ချေ။ လူအများအပြားက ဘုရင်ဟောင်း၏ ကိုယ်လုပ်တော်က ဘုရင်သစ်၏ အခန်းထဲကနေ ဖရိုဖရဲ ထွက်ခွာလာသည်ကို မြင်တွေ့ခဲ့ရ၏။ မကြာခင်မှာပဲ သူမက ကြိုးဆွဲချကာ သတ်သေသွားခဲ့၏။
ထိုအရာက နောက်ထပ် လှုပ်ရှားမှု တစ်ခုပင်။ စေတီတောင်က ချောင်ပြည်နယ်၏ နန်းတွင်းထဲတွင် အမျိုးသမီး တစ်ယောက်မကကို ထည့်သွင်းထားခဲ့ပြီး အရေးကြီးသည့် အချိန်အခါမျိုးတွင် ဤကဲ့သို့ လုပ်ဇာတ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကိုယ်လုပ်တော်ယန်က ချောင်ဘုရင်ဟောင်းကို သတ်ခဲ့ပြီး ဤကိုယ်လုပ်တော် ကတော့ ချောင်ဘုရင်သစ်အပေါ် ပြဿနာအိုးကြီး ခေါင်းပေါ်တင်၏။
ပြီးနောက် ချောင်ဘုရင်ဟောင်း၏ ဇနီး၊ ချောင်ပြည်နယ်၏ မယ်တော်ကြီးက ကြီးမားသည့် ဖိအားအောက်သို့ ရောက်၏။ အကြောင်းရင်းက သူမက ချောင်ဘုရင်သစ်၏ မွေးမိခင် ဖြစ်သောကြောင့်ပင်။ သူမသာ ရှေ့ထွက်ပြီး ဘုရင်သစ်က မိခင်ကို ကျူးလွန်ကြောင်း စွပ်စွဲလိုက်လျှင် သူ၏ နာမည်က ဘယ်တော့မှ ပြန်လည် ဖြူစင်နိုင်တော့မည် မဟုတ်ချေ။
ဤချောင်ပြည်နယ်၏မယ်တော်ကြီးက တစ်ချိန်က ရှမ့်လန်ထံ လက်နက်ချခဲ့ဖူးပြီး မရေတွက်နိုင်သည့် အရှက်တကွဲ အကြောင်းအရာများကို ခံစားခဲ့ရဖူး၏။ ထို့ကြောင့် သူမက သေချာပေါက် လိုက်လျော လိမ့်မည်ဟု တချို့လူများက ထင်ကြ၏။ နောက်ဆုံးမှာတော့ သူမက တောင့်ခံထား၏။ ထို့ကြောင့် သူမ၏ ဆွေမျိုးသားချင်း အများစုက သေဆုံးခဲ့ရပြီး သူမ ကိုယ်တိုင်လည်း သက်တမ်း သိပ်မကျန်တော့ချေ။
စေတီတောင်နှင့် ရင်ဝူမင်တို့က သူမကို လိုက်လျောရန်၊ ချောင်ဘုရင်သစ်က မိခင်ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံစေရန် အတင်း ဖိအားပေး၏။ သူမ ချောင်ဘုရင်သစ်ကို လူသိရှင်ကြား စွပ်စွဲမည်လား သို့မဟုတ် သေမည်လား။ ယခုအချိန်မှာတော့ သားအမိနှစ်ယောက်တို့က စစ်တုရင် ကစားနေ၏။
“မယ်တော်... သား အခုပဲ အရှင် ရှမ့်လန်ဆီ သွားပြီး တောင်းပန်လိုက်မယ်။ သူ မယ်တော်ကို ကုသပေးနိုင်မှာပါ။” ချောင်ဘုရင်က တုန်ယင်နေ၏။
သူက နောက်ဆုံး ကျားကွက်ကို ရွှေ့ရန် အချိန်ကြာမြင့်စွာ ဝန်လေးနေ၏။ အကြောင်းရင်းက ထိုအကွက်ကို ရွှေ့လိုက်သည်နှင့် ပွဲပြီးသွားမည်ကို စိုးသောကြောင့်ပင်။
ချောင်ပြည်နယ်၏ မယ်တော်ကြီးက ခေါင်းခါလျက် ပြော၏။ “မလိုတော့ဘူး။ နင်ယွမ်ရှန်းက တစ်ချိန်တုန်းက ဒူးထောက်ပြီး အရှုံးပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခု မတ်တပ်ရပ်လိုက်ပြီ။ ဒါကြောင့် မယ်တော်လည်း မတ်တပ်ရပ်ချင်တယ်။ မယ်တော်ရဲ့ ရလဒ်က ကောင်းတယ်။ အရမ်းကောင်းတယ်။”
ချောင်ပြည်နယ် မယ်တော်ကြီးက ယခုအချိန်တွင် ပိုမို နုပျိုနေပုံရပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သည့် အလှတရား တစ်ခု ရှိနေတုန်းပင်။
“မယ်တော် တစ်ချိန်တုန်းက အရှက်ကွဲခဲ့ရပြီး အရှင်ရှမ့်လန်ဆီမှာ လက်လျော့ အညံ့ခံခဲ့ရဖူးတယ်။ လမ်းမပေါ်မှာ လှည့်လည် ပြသခံရတယ်။ အဲဒီတုန်းက မယ်တော်က သတ်သေခဲ့သင့်တာ။ ဒါပေမဲ့ မယ်တော် မလုပ်နိုင်ခဲ့ဘူး။ အခု မယ်တော် သေရတော့မယ်။ သားတော်ကို ကာကွယ်ဖို့ မယ်တော် သေတာက ပိုကောင်းတယ်။ မယ်တော်ရဲ့ ဂုဏ်သိက္ခာ တချို့ကို ပြန်ပြီး ရယူနိုင်တယ်။”
ချောင်ဘုရင်သစ်က မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။ သူက မြေပြင်ပေါ်သို့ ဆင်းပြီး ဒူးထောက်ကာဖြင့် ငိုကြွေးနေမိ၏။
“သား... ကျားကွက်ကို ရွှေ့တော့။”
ချောင်ပြည်နယ် မယ်တော်ကြီးက တုန်ယင်စွာ ပြောသည်။ “မယ်တော် တကယ်ပဲ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။”
သူမ၏ မျက်နှာက ပိုမို လှပလာပြီး မျက်ဝန်းများထဲမှ အလင်းရောင်များက ပိုမိုကာ လင်းလက် တောက်ပလာသလိုပင်။
“အီး...ဝူး...”
ချောင်ဘုရင်သစ်က သားရဲတစ်ကောင်အလားပင် အော်ဟစ်နေမိ၏။ “တော်ဝင်ရန်အင်ပါယာ၊ စေတီတောင်၊ ရင်ကွမ်း... ရင်ဝူမင်...”
သူက ထိုနာမည်များကို ဆက်တိုက် ရေရွတ်နေ၏။ အမုန်းတရား... အမြစ်တွယ်နေသည့် အမုန်းတရား။
“မင်းတို့ ငါ့အဖေကို သတ်ခဲ့တယ်။ အခု ငါ့အမေကို သတ်ဖို့ ယုတ်မာတဲ့ နည်းလမ်းတွေ သုံးနေပြန်ပြီ။”
နောက်ဆုံးမှာတော့ ချောင်ဘုရင်က ခေါင်းမော့၏။ စစ်တုရင်ခုံပေါ်တွင် နောက်ဆုံး ကျားကွက်ကို ချ၏။ ကစားပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး သူ အနိုင်ရရှိခဲ့သည်။
ချောင်ပြည်နယ် မယ်တော်ကြီးက ပြော၏။ “သားတော်... ထွက်သွားတော့။ နောက်ဆက်တွဲ မြင်ကွင်းက ရုပ်ဆိုးပြီး ကြောက်စရာ ကောင်းနေလိမ့်မယ်။”
ချောင်ဘုရင်က မယ်တော်ကြီးကို အစွမ်းကုန် ဦးတိုက်၏။ သွေးစက်များပင် နဖူးမှ ကျဆင်းနေ၏။ “မယ်တော်... သား ခမည်းတော်နဲ့ မယ်တော်အတွက် လက်စားချေပါ့မယ်လို့ သစ္စာဆိုပါတယ်။”
“ကောင်းပြီ။”
မယ်တော်ကြီးက လက်ကို ဝှေ့ယမ်းကာ ပြောသည်။ “သွားတော့... မယ်တော် အချိန်စေ့ပြီ။”
ချောင်ဘုရင်က ထွက်ခွာသွား၏။ သူက တံခါးကို ပိတ်လိုက်၏။ ချောင်ပြည်နယ် မယ်တော်ကြီးက မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်၏။ သူမက ပိုမိုလှပပြီး ပိုမို နုပျိုလာ၏။ နောက်ဆုံးမှာတော့ သူမကိုယ်သူမ တည့်တည့် ကြည့်ရန် မဖြစ်နိုင်တော့ချေ။ သူမ၏ မျက်လုံးများက မီးကဲ့သို့ လှပနေပြီဖြစ်၏။
နောက်ခဏအတွင်းမှာပဲ သူမ၏ လှပသည့် ခန္ဓာကိုယ်က တစ်စမစီ ကွဲအက်လာခဲ့၏။ မရေတွက်နိုင်သည့် ပိုးမွှားများက သူမ၏ ခန္ဓာကိုယ်ထဲမှ တိုးဝှေ့ ထွက်ပေါ်လာ၏။ အဆုံးမဲ့သော နာကျင်မှု၊ သေသွားချိန်တွင်ပင် သူမက ဤကဲ့သို့ ငရဲကျသည့် ခံစားမှု၊ နှိပ်စက်မှုကို ခံစားရသည်။
ချောင်ပြည်နယ် မယ်တော်ကြီးက မအော်ချင်သော်လည်း မရပေ။
“အား...” သူမက သွေးပျက်ဖွယ်ရာ အော်ဟစ်လိုက်၏။ အသံက စူးရှပြီး ကြောက်မက်ဖွယ်ရာ ကောင်း၏။
“ဘုန်း...” ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲပြီး လုံးဝ သေဆုံးသွားခဲ့သည်။
တစ်ချိန်တည်းမှာပဲ “ဘုန်း... ဘုန်း... ဘုန်း...”
နန်းဆောင်တစ်ခုလုံးက ပြင်းထန်စွာ မီးလောင်ကျွမ်းပြီး မယ်တော်ကြီး၏ ခန္ဓာကိုယ်နှင့် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည့် မရေတွက်နိုင်သည့် ကြောက်မက်ဖွယ်ရာ အဆိပ်ပိုးကောင် အားလုံးက ပြာကျသွား၏။
ချောင်ဘုရင်က ဟုန်းဟုန်းတောက် လောင်ကျွမ်းနေသည့် မီးကြီးကို အပြင်ဘက်မှနေ၍ ကြည့်၏။ သူ၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်၏။ သူ၏မျက်နှာထားက အေးစက်လို့ နေသည်။ ဝမ်းနည်းစရာ ကောင်းသည်လား။ မဖြေသိမ့်နိုင်အောင်ပင် ဖြစ်နေသည်လား။
“လာခဲ့စမ်း... ကြိုက်သလောက် လာခဲ့စမ်း။ ဒီလှိုင်းလုံးတွေ ငါ့ဆီကို လာခဲ့စမ်း။ တော်ဝင်ရန်အင်ပါယာ၊ ရင်ကွမ်း၊ ရင်ဝူမင်၊ စေတီတောင်...” သူက ဆက်တိုက် ရေရွတ်နေ၏။
ထိုအချိန်မှာပဲ အိမ်ရှေ့စံ၏ဆရာ လီချွမ်ချီက ဝင်လာ၏။ ပြီးနောက် ဦးညွှတ်သည်။ “အရှင်မင်းကြီး... ပြီးသွားပါပြီ။”
ချောင်ဘုရင်က မေး၏။ “ပြီးသွားပြီလား။”
လီချွမ်ချီက ဖြေသည်။ “ဟုတ်ပါတယ်။”
ချောင်ဘုရင်က လက်များကို ဖြန့်၏။ မိန်းမစိုးတချို့က ရောက်ရှိလာပြီး ချောင်ဘုရင်သစ်ကို တော်ဝင် ဝတ်ရုံအသစ်ကို ဝတ်ဆင်ပေးလိုက်၏။ ချောင်ဘုရင်က ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာခဲ့ပြီး နန်းတော်တံခါးများကို တွန်းဖွင့်၏။
သွေးညှီနံ့များက လေထဲတွင် ပြည့်နှက်နေ၏။ အပြင်ဘက် မြေပြင်ပေါ်တွင် အလောင်းကောင်များ ပြည့်နှက်နေ၏။ တချို့က အရပ်ဖက် အရာရှိများ၊ တချို့က စစ်တပ်မှုးများဖြစ်ပြီး သူ့ညီတော်နှစ်ဦး၏ အလောင်းများပင် ပါဝင်၏။ ချောင်ဘုရင်ဟောင်း၏ ကိုယ်လုပ်တော် အနည်းငယ်လည်း ပါသည်။
အားလုံးကို ခြုံငုံရမည် ဆိုလျှင် ပုန်ကန်မှုပင်။ သောင်းနှင့်ချီသည့် ပုန်ကန်သူများကို ချောင်ဘုရင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ချောင်ပြည်နယ်ထဲသို့ ဝင်ရောက်လာသည့် တော်ဝင်ရန်အင်ပါယာ၏ ထိုးဖောက် ဝင်ရောက်မှုကို အမြစ်ပြတ် ချေမှုန်းလိုက်ခြင်းပင်။
အလောင်းကောင်များက နေရာအနှံ့သို့ ပြန့်ကျဲနေပြီး သွေးများက မြစ်သကဲ့သို့ စီးဆင်းနေ၏။ သောင်းနှင့် ချီသည့် စစ်သည်များက သွေးများ ရွှဲနစ်နေပြီး မြေပြင်ပေါ်တွင် စနစ်တကျ ရပ်နေ၏။ ချောင်ဘုရင် နန်းတော်တံခါးမှ ထွက်လာသည်ကို မြင်ချိန်မှာတော့ အားလုံးက စနစ်တကျဖြင့် ဒူးထောက်လိုက်၏။ “အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”
ချောင်ဘုရင်က နန်းတော်တံခါးဝဆီသို့ ရောက်ရှိလာပြီး သူ၏ရှေ့ရှိ အလံကို ကြည့်၏။ ထိုအရာက တော်ဝင်ရန်အင်ပါယာ ၏ အလံဖြစ်ပြီး မြင့်မားသည့်နေရာတွင် လွှင့်ထူထား၏။ ချောင်ဘုရင်က ဓားကို ဆွဲထုတ်၏။ ပြီးနောက် ခုတ်ပိုင်းချလိုက်၏။ တော်ဝင်ရန်အင်ပါယာ၏ အလံက ပြုတ်ကျသွားသည်။
“စစ်သည်အပေါင်း... အမတ်မင်းအပေါင်းတို့... ဒီနေ့ကစပြီး ချောင်ပြည်နယ် ပုန်ကန်ပြီ။ ချောင်ပြည်နယ်က တော်ဝင်ရန်အင်ပါယာ ကို သစ္စာမခံတော့ဘူး။ ချောင်ပြည်နယ်က တော်ဝင်ချန်အင်ပါယာကို အရှေ့လောကရဲ့ တရားဝင် အရှင်သခင်အဖြစ် အမှုထမ်းတော့မယ်။”
..............
အပိုင်း (၉၉၆)
ဝူပြည်နယ်နှင့် ချောင်ပြည်နယ်တို့အား စတင်ဖယ်ရှားမှုကြီးက စတင်ရုံသာ ရှိသေး၏။ တော်ဝင်ရန်အင်ပါယာ အပေါ် သစ္စာစောင့်သိသည့် အရာရှိများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် သွေးစွန်းသော သတ်ဖြတ်ပွဲကြီးက ဖြစ်လာခဲ့သည်။
ချောင်ဘုရင်က နန်းတော်အတွင်းသို့ ပြန်ရောက်ပြီးသည့်နောက် မီးလောင်နေသည့် နန်းတော်ဆောင်ကြီးကို ကြည့်ရှုနေသည်။ သူက မီးငြိမ်းသတ်ရန် မည်သူ့ကိုမှ စေလွှတ်ရန် အစီအစဉ် မရှိချေ။
မည်သို့ပင် ဆိုစေကာမူ ချောင်နန်းတော်ကြီးက ရှမ့်လန်၏လက်ချက်ဖြင့် တစ်ကြိမ် မီးလောင်ပြာကျခဲ့ဖူးပြီ ဖြစ်သောကြောင့် အသစ်ပြန်လည် တည်ဆောက်ထားသည့် နန်းတော်ရှိ တချို့နေရာများက အလွန်ရိုးရှင်းနေသေး၏။ ထို့အပြင် နန်းတော်က တကယ်ကို ကျယ်ဝန်းသောကြောင့် မီးကူးစက်လောင်ကျွမ်းမည်ကို စိုးရိမ်စရာ မလိုပေ။
ချောင်ဘုရင်က ဤအချိန်မှာတော့ အထူးတလည် တည်ငြိမ်နေပုံရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဂဏှာမငြိမ် ဖြစ်နေသည့် အော်ရာအရှိန်အဝါများပင်လျှင် ငြိမ်သက်သွား၏။
အမတ်ချုပ်ကြီး လီချွမ်ချီက ရှေ့ကိုတိုးကာဖြင့် မေးမြန်းသည်။ “အရှင်မင်းကြီး... ကျုပ်တို့ အရှင်ရှမ့်လန်ဆီကို သံတမန်တစ်ဦး စေလွှတ်သင့်လား။”
ချောင်ဘုရင်က ဆို၏။ “အိမ်ရှေ့စံမင်းသားကို သွားခိုင်းလိုက်။”
လီချွမ်ချီက အံ့အားသင့်သွားသည်။ “အိမ်ရှေ့စံမင်းသားကိုလား။”
အိမ်ရှေ့စံမင်းသားက ယခုမှ ၁၅ နှစ် သာလျှင် ရှိသေး၏။ လီချွမ်ချီက ထပ်မံမေးမြန်းလိုက်၏။ “အရှင်မင်းကြီး... ကျုပ်တို့ ဆက်ပြီး ဘာလုပ်ကြမှာလဲ။”
ချောင်ဘုရင်က ပြောလိုက်သည်။ “ကျုပ်တို့ ရင်ဝူမင်ဦးဆောင်တဲ့ စစ်တပ်ကြီး၊ အနောက်ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက် အရပ်မျက်နှာတွေကနေ တိုက်ခိုက်လာမှာကို စောင့်ဆိုင်းကြမယ်။ ချန်နိုင်ငံသစ်ရဲ့ စစ်တပ်၊ တော်ဝင်လျန်နိုင်ငံရဲ့ စစ်တပ်၊ စေတီတောင်ရဲ့ စစ်တပ်နဲ့ ကျင်းနိုင်ငံတို့ရဲ့ စစ်တပ်တွေပါ ပါလာလိမ့်မယ်။”
လီချွမ်ချီက မေးမြန်း၏။ “ကျုပ်တို့ နိုင်နိုင်ပါ့မလား။”
ချောင်ဘုရင်က ပြောသည်။ “မနိုင်နိုင်ဘူး။ ကျုပ်တို့ သေချာပေါက် ရှုံးလိမ့်မယ်။”
လီချွမ်ချီ၏ မျက်နှာက တုန်လှုပ်သွားခဲ့သော်လည်း ချောင်ဘုရင်၏စကားကို သံသယမဝင်ခဲ့ချေ။ တကယ်တော့ သူကိုယ်တိုင်ကလည်း ရှုံးနိမ့်မည်ဟု ခံစားမိ၏။ ချောင်ပြည်နယ်တစ်ခုလုံးရှိ စစ်သည်အင်အား အားလုံးကို စုစည်းလိုက်လျှင်ပင် ရင်ဝူမင်ကို အနိုင်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ချန်နိုင်ငံသစ်က ချောင်ပြည်နယ်ထက် အဆပေါင်းများစွာ သာလွန် အင်အားကြီးမားသည့်အပြင် ရင်ဝူမင်က စေတီတောင်၏ အပြည့်အဝ ထောက်ခံမှုကို ရရှိထားသည်။ ချောင်ပြည်နယ်အနေနှင့် နိုင်ငံ၏အင်အားကို အလွန်အကျွံ ထုတ်ယူသုံးစွဲပြီး စစ်သည်တစ်သန်းကို စုဆောင်းလိုက်လျှင်ပင် ရှုံးနိမ့်နေဦးမှာပင်။
လီချွမ်ချီက မေး၏။ “တကယ်လို့... ကျုပ်တို့သာ ရှုံးနိမ့်သွားရင် ဘာဖြစ်မှာလဲ။”
ချောင်ဘုရင်က အက်ကွဲနေသည့် အသံဖြင့် ဖြေသည်။ “အမတ်ချုပ်ကြီး... အရှင်ရှမ့်လန်က အကြိမ်ကြိမ် အဖန်ဖန် အံ့ဖွယ်ရာတွေကို ဖန်တီးနိုင်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ သူ့ရဲ့လက်အောက်မှာ စစ်သည် ၅ သောင်း၊ ၆ သောင်းလောက်ပဲ ရှိတယ်။ နုရှောင့်မြို့တော်ကို ကာကွယ်ဖို့တောင် မနည်းလုပ်နေရတာ။ ရွှဲပြည်နယ်ကို ကာကွယ်ဖို့ဆိုရင် ဝေးလာဝေးပဲ။
ကျုပ်တို့ ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်ကို ကူညီကာကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝူဘုရင်ရဲ့ စိတ်နေစိတ်ထားက ကျုပ်ထက်တောင် ပိုပြီးတော့ ကြမ်းတမ်းပြင်းထန် ရက်စက်သေးတယ်။ သူက ဘယ်လိုမှ ထိန်းချုပ်ထားမှာ မဟုတ်ဘူး။
ဝူဘုရင်ကို ထားလိုက်အုံး။ ကျုပ်ကိုယ်တိုင်လည်း အရှင်ရှမ့်လန်အပေါ် သစ္စာခံထားပြီးပြီဆိုပေမဲ့ သူ ကျုပ်ကို ကူညီပြီး ချောင်ပြည်နယ်ကို ကာကွယ်ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး။”
သူက မီးလောင်နေသည့် နန်းတော်ကြီးကို စူးစိုက်ကာ ကြည့်ရှု၏။ မယ်တော်ကြီးက အခုအချိန်လောက်ဆို မီးလောင်ပြာကျသွားလောက်ပြီ ဖြစ်၏။
ချောင်ဘုရင်က ပြောလိုက်သည်။ “တကယ်တော့... ကျုပ် သည်းခံနိုင်ပါသေးတယ်။ အရှက်တကွဲ အကျိုးနည်း ဖြစ်ရတာကို မျိုသိပ်ပြီး သည်းခံရတာကို ဘယ်သူက မသိဘဲ နေမှာလဲ။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း သည်းခံနေရတာ အလကားပဲ။ သားသတ်သမားရဲ့ ဓားက လည်ပင်းပေါ်ကို ရောက်နေပြီ။ တကယ်လို့ သည်းမခံနိုင်တော့ဘူး ဆိုရင်လည်း သည်းမခံဘဲ ရုန်းကန်လိုက်တာ ပိုကောင်းတယ်။”
ဤအချက်နှင့် ပတ်သက်၍ လီချွမ်ချီက ချောင်ဘုရင်ကို မတားဆီးခဲ့ချေ။ အမှန်စင်စစ် ဤသတ်ဖြတ်ပွဲကြီးတွင် သူကိုယ်တိုင် စစ်သည်များကို ဦးဆောင်ခဲ့ခြင်း ဖြစ်၏။
ချောင်ဘုရင်က အားရပါးရ ရယ်မောကာ ပြောသည်။ “ဒီလောကကြီးမှာ ရှင်သန်နေရတာ ပျော်ရွှင်မှုပဲ။ ဘုရင်တွေဖြစ်တဲ့ ကျုပ်တို့အတွက် ဘဝမှာ ပျော်ရွှင်တဲ့အချိန်ဆိုတာ ရှားပါးတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ တကယ့်ကို ကောင်းတယ်။ သိပ်ကို ကောင်းလွန်းတယ်။ အခုလို လုပ်လိုက်ရတာ အရမ်းပျော်တယ်။ နောက်ဆက်တွဲ ပျော်ရွှင်စရာအချိန်တွေ ကုန်ဆုံးသွားခဲ့ပြီ ဆိုရင်တောင် ဘာဖြစ်မှာလဲ။ ရဲရဲကြီး သေလို့ရပြီပေါ့။”
ထိုစကားကိုကြားချိန်မှာတော့ လီချွမ်ချီက တစ်ကိုယ်လုံး တုန်တက်သွားခဲ့၏။
ချောင်ဘုရင်က ဆက်လက်ကာ ပြောကြားလိုက်သည်။ “ရင်ဝူမင်ရဲ့စစ်ကြောင်းက မကြာခင် ရောက်လာ လိမ့်မယ်။ ချောင်ဘုရင်တစ်ပါးအနေနဲ့ ကျုပ်ကိုယ်တိုင် အစွမ်းကုန် တိုက်ခိုက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ သေဆုံးခြင်းမျိုးကို အပြည့်အဝ ရင်ဆိုင်လိုက်မယ်။
ချောင်ပြည်နယ်တစ်ခုလုံး ကျရှုံးသွားလိမ့်မယ်။ ကျုပ်ကလည်း စစ်မြေပြင်မှာ သေချာပေါက် သေဆုံး သွားလိမ့်မယ်။ ကျုပ်က စစ်မြေပြင်မှာ သေကို သေရမယ်။ ဘုရင်တစ်ပါး သေဆုံးသွားရင်တောင် သူ့ရဲ့ ဝိညာဉ်၊ စွမ်းအားနဲ့ စိတ်ဓာတ်တွေက နိုင်ငံမှာ ဆက်လက်ပြီး တည်ရှိနေအုံးမှာပဲ။
ရင်ဝူမင်ရဲ့ စစ်တပ်က ကျုပ်တို့ ချောင်ပြည်နယ်ကို အလုံးစုံ သိမ်းပိုက်နိုင်ရင်တောင်မှ မရေတွက်နိုင်တဲ့ ချောင်ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ချောင်ပြည်နယ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ် ချောင်ဘုရင်က စစ်မြေပြင်မှာ သေဆုံးသွားခဲ့လို့ပဲ။ ကျုပ်က တိုင်းပြည်အတွက် အသက်ပေးခဲ့လို့ပဲ။
နိုင်ငံဆိုတာ ဘာလဲ။ နိုင်ငံဆိုတာ နယ်မြေတစ်ခုလား၊ ပိုင်နက်တစ်ခုလား။ မဟုတ်ဘူး။ နိုင်ငံဆိုတာ စိတ်ဓာတ်ပဲ။ ပြည်သူတွေရဲ့ ဆန္ဒပဲ။ အရှင်ကျန်းလီ သေဆုံးသွားခဲ့တာ ဘယ်နှစ်နှစ် ရှိပြီလဲ။ ၂၇ နှစ် ကျော်ခဲ့ပြီ။ ဒါပေမဲ့ ဘာလို့ တစ်လောကလုံးက သူ့ကို လွမ်းဆွတ်တမ်းတနေကြတာလဲ။
အရှင်ရှမ့်လန်ရဲ့ ဝိသေသ ပေါ်ပေါက်လာတဲ့အချိန်မှာ မရေတွက်နိုင်တဲ့ လူတွေက ဘာလို့ သူ့အပေါ် ချက်ချင်း သစ္စာခံကြတာလဲ။ တချို့လူတွေက သေဆုံးသွားခဲ့ပေမဲ့ အခုချိန်ထိ ရှင်သန်နေဆဲပဲ။ နောက်တစ်ဆင့် အနေနဲ့ ကျုပ်က ရင်ဝူမင်ကို တိုက်ခိုက်ပြီး ဂုဏ်ယူစွာ သေဆုံးပြမယ်။ အဲဒီနည်းအားဖြင့် ကျုပ်က ချောင်ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေမယ်။ ချောင်ပြည်နယ်ကလည်း ဘယ်တော့မှ ပျက်သုဉ်းသွားမှာ မဟုတ်ဘူး။
အိမ်ရှေ့စံမင်းသား အရှင်ရှမ့်လန်ဆီကို သွားပြီးပြီ မဟုတ်လား။ အရှင်ရှမ့်လန်က အံ့ဖွယ်ရာတွေကို တစ်ခုပြီးတစ်ခု ဖန်တီးနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။ သူက ချောင်ပြည်နယ်၊ ဝူပြည်နယ်နဲ့ ရွှဲပြည်နယ် ကို မကာကွယ်နိုင်ရင်တောင်မှ ကျုပ်ရဲ့ အိမ်ရှေ့စံကိုတော့ ကာကွယ်ပေးနိုင်တယ်။
အနာဂတ်မှာ သူက သူ့ရဲ့စစ်တပ်ကို ဦးဆောင်ပြီး ချောင်ပြည်နယ်ဆီကို ပြန်လာနိုင်အောင် လမ်းဖောက်ပေး လိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ချောင်ပြည်နယ် ပြန်လည်မွေးဖွားမယ့် အချိန်ကို ရောက်လာလိမ့်မယ်။ အဲဒီအချိန်အတွက် ကျုပ်က အခု သေတဲ့အထိ တိုက်ပွဲဝင်မယ်။ ကျုပ်က စစ်မြေပြင်မှာ သေဆုံးရမယ်။”
..........................
ဝူပြည်နယ်၏ နန်းတော်အတွင်း၌....
ဝူဘုရင်က ရဲရင့်သည့် လေသံဖြင့် ပြော၏။ “ကောင်းလိုက်တာ။ ငါ့ရဲ့ စိတ်ထဲမှာ လုံးဝ ကျေနပ်သွားပြီ။”
ပြီးနောက် သူက ဝိုင်ခွက်ထဲသို့ ဝိုင်ဖြည့်ပြီး တစ်ကြိုက်တည်း မော့သောက်လိုက်၏။ ဝူပြည်နယ်၏ ငယ်ရွယ်သည့် အိမ်ရှေ့စံမင်းသားက ဝိုင်အိုးကို ကောက်ကိုင်ပြီး သူ၏အဖေ ဝူကျိနှင့် ဝူမူတို့အတွက် ဝိုင်ဖြည့်ပေးသည်။
သူတို့သုံးဦးလုံးက ဝိုင်ကို တစ်ကြိုက်တည်း မော့သောက်ကြ၏။
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အဖေ... ဒီဝိုင်က အရမ်းကို ပြင်းလွန်းတယ်။ ဘိုးဘိုးက အသက်ကြီးပြီမို့လို့ ဖြည်းဖြည်းသောက်သင့်တယ်။”
ဝူဘုရင်က ရယ်မောလိုက်သည်။ “ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ ဒီနှစ်တွေထဲမှာ ဒီနေ့က စိတ်ကျေနပ်စရာ အကောင်းဆုံးနေ့ပဲ။ အရမ်းကို ကျေနပ်စရာ ကောင်းတယ်။ အရင်တုန်းက အိပ်မက်ထဲမှာ သတ်ဖြတ်ပွဲ ဆင်နွှဲချင်တဲ့ အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့ သစ္စာဖောက်တွေ အကုန်လုံးကို သတ်ပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ ငါ မလုပ်ရဲခဲ့ဘူး။
ဘာလို့လဲဆိုတော့ ဝူပြည်နယ်က ငါ့ရဲ့ပစ္စည်း ဖြစ်နေလို့ပဲ။ ငါ့အိမ်ထဲက ပုလင်းတွေ၊ အိုးတွေကို ငါကိုယ်တိုင် မဖျက်ဆီးရက်ဘူး။ နောက်ဆုံးတော့ သူတို့က ငါ့အိမ်ကို သိမ်းပိုက်ချင်လာကြတယ်။ ငါ့ကိုတောင် မောင်းထုတ်ချင်ကြတယ်။ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့။ သူတို့အားလုံးကို ငါအကုန် သတ်ပစ်မယ်။ ဒါက သိပ်ကို ကျေနပ်စရာ ကောင်းတယ်။”
အိမ်ရှေ့စံမင်းသားက ပြောလိုက်၏။ “အဖေ... ဒါဆိုရင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။”
ဝူဘုရင်က ပြောလိုက်သည်။ “ဒါပေါ့။ အင်ပါယာရဲ့စစ်တပ်ကြီး ဒီရေလှိုင်းလိုပဲ ရောက်လာအောင် လုပ်ရမှာပေါ့။ ငါတို့ရဲ့ မြောက်ဘက်မှာ ကောင်းကင်အပြစ်ပေးနန်းဆောင်ရှိတယ်။ ဒါက တော်ဝင်ရန် အင်ပါယာရဲ့ အနီးဆုံးမှာ ရှိတဲ့ သဘာဝလွန် အင်အားစုပဲ။ သူတို့ဆီက စစ်သည်တစ်သန်းလောက် ငါတို့ ဝူပြည်နယ်ထဲကို ဝင်လာကြလိမ့်မယ်။”
အိမ်ရှေ့စံမင်းသားက မေး၏။ “အဲဒီတော့...”
“အဲဒီတော့ ဘာဖြစ်လဲ။”
ဝူဘုရင်က ပြောလိုက်သည်။ “ဒါပေါ့... ငါတို့ ဝူပြည်နယ်ရဲ့ စစ်တပ်ကြီးက ချေမှုန်းခံရမှာပေါ့။ မင်းရဲ့ဘိုးဘိုးကြီး၊ မင်းရဲ့ဦးလေး ဝူမူ၊ ပြီးတော့ ငါတို့အားလုံးက စစ်မြေပြင်မှာ သေဆုံးကြလိမ့်မယ်။”
အိမ်ရှေ့စံမင်းသား၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “အဖေ... တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား။ အနာဂတ်အတွက် အဖေ အခု သေပေးမှ ဖြစ်တော့မှာလား။”
ဝူဘုရင်က ဆိုလိုက်သည်။ “ဟုတ်တယ်။ ဒါအမှန်ပဲ။ ဒီနေ့ ငါ သတ်ဖြတ်ပွဲ ဆင်နွှဲပြီး တော်ဝင်ရန်အင်ပါယာ ကို သစ္စာခံတဲ့ သစ္စာဖောက်တွေ အားလုံးကို သတ်ပစ်လိုက်ပြီ။ ရှောင်လွှဲလို့မရတဲ့ အဖြစ်အပျက်တွေကို ငါ ကြိုမြင်ခဲ့ပြီးသား။
အင်ပါယာရဲ့ စစ်တပ်ကြီးက ဒီရေလှိုင်းလိုမျိုး ဝူပြည်နယ်ထဲကို ဝင်လာမှာကို မြင်ယောင်နေတယ်။ ငါတို့စစ်သည်တွေအကုန်လုံး အစုလိုက်အပြုံလိုက် သေဆုံးကြလိမ့်မယ်။ လအနည်းငယ်အတွင်းမှာ ဝူပြည်နယ် တစ်ခုလုံး ရန်သူ့လက်ထဲကို ကျရောက်သွားမယ်။ တော်ဝင်ရန်အင်ပါယာရဲ့ ပြည်နယ် လေးခုထဲက တစ်ခု ဖြစ်လာလိမ့်မယ်။”
အိမ်ရှေ့စံမင်းသားက မေးမြန်း၏။ “အဖေ... ဒါကို ကြိုသိပြီးသားဆိုရင် ဘာလို့ ဒီလိုလုပ်ရတာလဲ။”
ဝူဘုရင်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့လို့ပဲ။ တကယ်လို့ ဦးလေးဝူကျိကို ဖမ်းခွင့်ပြုလိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် ဦးရီးတော် ဝူကျိကို ဒီနေ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် ပေးလိုက်မယ်ဆိုရင် ဝူပြည်နယ်ရဲ့မျက်လုံးထဲမှာ ငါက အသုံးမကျတဲ့သူ ဖြစ်သွားမယ်။ အဲဒီအချိန်ရောက်ရင် အဲဒီသစ္စာဖောက်တွေက ဝူပြည်နယ်ရဲ့ အရာအားလုံးကို ဆက်ပြီး ခိုးယူကြလိမ့်မယ်။
နောက်ဆုံး ငါက ရုပ်သေးရုပ် တစ်ရုပ်အဆင့်ကို လျှောကျသွားမယ်။ ဝက်တွေ ခွေးတွေလောက်တောင် တန်ဖိုးမရှိတဲ့ ရုပ်သေးရုပ် ဖြစ်သွားမယ်။ အဲလိုဆိုရင် အသက်ရှင်နေပေမယ့် သေတာနဲ့ တူတူပဲ။ တကယ်လို့ ငါက တော်ဝင်ရန်အင်ပါယာကို တွန်းလှန်ပြီး စစ်မြေပြင်မှာ သေဆုံးသွားခဲ့မယ် ဆိုရင်တော့ ငါ သေသွားတယ် ဆိုရင်တောင် ဆက်ပြီး ရှင်သန်နေလိမ့်မယ်။
အနာဂတ်မှာ အရှင်ရှမ့်လန်ရဲ့ စစ်တပ်ကြီး လောကကို သိမ်းပိုက်အောင်မြင်တဲ့အချိန်မှာ ငါတို့ ဝူပြည်နယ်က ချက်ချင်းဆိုသလို ပြန်လည်မွေးဖွားလာလိမ့်မယ်။ ဒီလောကကြီးမှာ အောင်မြင်မှုကို အမြန် လိုချင်တဲ့လူတွေ အများကြီး ရှိပေမဲ့ ဘုရင်တွေကတော့ ဒီလိုလုပ်လို့ မဖြစ်ဘူး။ ငါတို့က အဝေးကြီးကို မျှော်ကြည့်ရမယ်။ ငါတို့ ဝူပြည်နယ်က အရှင်ရှမ့်လန်အပေါ် သစ္စာစောင့်သိတာက လက်ရှိပစ္စုပ္ပန်အတွက် မဟုတ်ဘူး။ အနာဂတ် အတွက်ပဲ။”
အိမ်ရှေ့စံမင်းသားက ရှိုက်ကြီးတငင် ငိုကြွေး၏။ ပြီးနောက် မေး၏။ “အရှင်ရှမ့်လန် နောက်ကို လိုက်ရင် ကျုပ်တို့မှာ အနာဂတ် ရှိပါ့မလား။”
ဝူဘုရင်က ပြောသည်။ “ငါ မသိဘူး။ ဘယ်သူက သိမှာလဲ။ ဒါက လောင်းကြေးထပ်တာပဲ။ ဒါပေမဲ့ ရွှဲ့ဘုရင်တောင် သူ့ရဲ့အသက်နဲ့ ရင်းပြီး လောင်းကြေးထပ်ရဲရင် ငါက ဘာလို့ မလုပ်ရဲရမှာလဲ။ ဟား ဟား... ထည့်စမ်း... ဝိုင်ထပ်ထည့်စမ်း။”
အိမ်ရှေ့စံမင်းသားက ငိုကြွေးနေရင်း သူတို့သုံးဦးအတွက် ဝိုင်ဖြည့်ပေး၏။
ဝူဘုရင်က ပြောလိုက်သည်။ “ကဲ... အိမ်ရှေ့စံ... မင်း နုရှောင့်မြို့တော်ကို သွားတော့။”
အိမ်ရှေ့စံမင်းသားက ဦးတိုက်၏။ “ကောင်းပါပြီအဖေ။ ကျုပ် နုရှောင့်မြို့ကိုသွားမယ့် ခရီးစဉ်မှာ အဖေ စိတ်ပျက်အောင် မလုပ်ပါဘူး။ ဝူပြည်နယ်ကို အရှက်ရအောင် မလုပ်ပါဘူး။”
ဝူဘုရင်က ပြောလိုက်သည်။ “သွန်သင်ဆုံးမမှုမရှိရင် မင်း မတိုးတက်နိုင်ဘူး။ နုရှောင့်မြို့တော်မှာ မင်းလုပ်စရာ တာဝန် ဘာမှမရှိဘူး။ အရှင်ရှမ့်လန်ဆီကနေ ဘယ်လိုတိုက်ခိုက်ရမလဲ ဆိုတာကို သင်ယူ။”
အိမ်ရှေ့စံမင်းသားက ကြောင်အသွား၏။ “အဖေ... အဖေ... ဒါဆိုရင် သား... ဘယ်တော့ ပြန်လာရမှာလဲ။ အဖေရော ဘယ်တော့ ပြန်လာမှာလဲ။”
ဝူဘုရင်က ပြောလိုက်သည်။ “ငါကတော့ ပြန်မလာတော့ဘူး။ ငါက ဘာလို့ ပြန်လာရမှာလဲ။ ဝူပြည်နယ် မကြာခင် ကျရှုံးတော့မယ်။ ငါတို့စစ်တပ်ကလည်း မကြာခင် သုတ်သင်ခံရတော့မယ်။ ငါက ဘာကိစ္စ ပြန်လာရမှာလဲ။
ဒါပေမဲ့ ကောင်းကင်ဘုံက မင်းကို ကောင်းချီးပေးရင်တော့ တစ်နေ့ မင်း ပြန်လာနိုင်လိမ့်မယ်။ အဲဒီကျရင် အရှင်ရှမ့်လန်ရဲ့ စစ်တပ်ကြီးက ဝူပြည်နယ်ကို တိုက်ခိုက်လာတဲ့ အချိန်ပေါ့။”
ထိုစကားကို ကြားရသည့်အချိန်မှာတော့ အိမ်ရှေ့စံမင်းသားက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလျက် ရှိနေ၏။
ဝူဘုရင် ဆဲရေးတိုင်းထွာတော့မလိုပင် ပြင်လိုက်မိသည်။ “မင်းက ဘာကိစ္စ ငိုနေရတာလဲ။ အနာဂတ် ဝူဘုရင် ဖြစ်မယ့်လူက ဘာလို့ မိန်းမတစ်ယောက်လို ငိုနေရတာလဲ။ ဒီပုံစံမျိုးနဲ့ မင်းမှာ ဘယ်လိုလုပ် အနာဂတ် ရှိတော့မှာလဲ။”
သို့သော်ငြား ဝူဘုရင်က မဆဲပစ်လိုက်ချေ။ သူက လက်ကို ဆန့်တန်းပြီး သားဖြစ်သူ၏ ခေါင်းကို ပုတ်ပေး၏။ ဤအချိန်က သားအဖနှစ်ယောက် နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်နိုင်သည်မို့ ကလေးဖြစ်သူ ငိုကြွေးနေသည်က အဆင်ပြေ၏။
ပြီးနောက် ဝူဘုရင်က နံရံပေါ်ရှိ မြေပုံကို ဖြုတ်ချ၏။ ထိုအရာက ဝူပြည်နယ်၏ နယ်မြေပြမြေပုံ ဖြစ်၏။ သူက ထိုမြေပုံကို အိမ်ရှေ့စံမင်းသားအား ပေးအပ်သည်။
“ဒါကို ယူသွား။ ဒါက ငါတို့ရဲ့ ဝူပြည်နယ်ပဲ။ မင်း ဆက်ပြီး တောင့်ခံမထားနိုင်ဘူးလို့ ခံစားရတဲ့အချိန်တိုင်း ဒါကို ထုတ်ကြည့်။”
အိမ်ရှေ့စံမင်းသားက မြေပုံကို ယူကြည့်ပြီး ရင်ခွင်ထဲတွင် သိမ်းဆည်းထား၏။ “သွားတော့... သွားကြတော့။”
ခဏမျှ ကြာပြီးနောက် အိမ်ရှေ့စံမင်းသားက နန်းတော်နှင့် မြို့တော်အတွင်းမှ လျှို့ဝှက်စွာ ထွက်ခွာသွားခဲ့၏။ သူက ရှေးဦးစွာ အရှေ့ဘက်သို့ ဦးတည်ပြီး နုရှောင့်မြို့တော်ဆီသို့ လှေနှင့် ခရီးဆက်၏။ သူက အစပိုင်း တင်းခံထားသော်လည်း နန်းတော်မှ ထွက်ခွာပြီး မြင့်မားသည့် နန်းမြို့ရိုးကို လှည့်ကြည့်ချိန်မှာတော့ မျက်ရည်များက တရဟော စီးကျလာပြီး ထိုအရာကို မထိန်းသိမ်းနိုင်ပေ။
မိန်းမစိုးအိုကြီးက ပြောသည်။ “သွားကြစို့... သွားကြစို့ မင်းသား။ ကောင်းကင်ဘုံက ကောင်းချီးပေးရင် ကျုပ်တို့ ပြန်လာနိုင်ပါသေးတယ်။”
ထိုမိန်းမစိုးအိုကြီး၏အမည်က ဝူဟွိုင်အန်းပင် ဖြစ်၏။ သူက ဝူဘုရင်၏ ကိုယ်ရံတော် မိန်းမစိုးဖြစ်ပြီး မဟာပညာရှင်အဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူ၏ နောက်ထပ်တာဝန်က အိမ်ရှေ့စံမင်းသားကို ကာကွယ်စောင့်ရှောက်ရန်ပင်။
အိမ်ရှေ့စံမင်းသားက နန်းတော်ဘက်သို့ ဦးလှည့်ပြီး ဒူးထောက်၏။ ပြီးနောက် ဦးတိုက်၏။ “အဖေ... ကျုပ် သွားပါတော့မယ်။”
........