← Chapters

အခန်း (၉၉၇-၉၉၈)

Vol. 59 Ch. 997-998

အခန်း (၉၉၇-၉၉၈)

Vol. 59 Ch. 997-998

အပိုင်း (၉၉၇)

ရွှဲပြည်နယ်၏ နန်းတော်အတွင်းတွင် နင်ယွမ်ရှန်းက လက်ကာပြသည်။ “တော်ပြီ... မသိမ်းနဲ့တော့။ မသိမ်းကြနဲ့တော့။ နုရှောင့်မြို့တော်မှာ အကုန်ရှိတယ်။ ဘာလို့ ပစ္စည်းတွေ အများကြီး သယ်နေရတာလဲ။”

သူက ယခု အတော်အတန် ကျန်းမာလာခဲ့ပြီ ဖြစ်၏။ သူ၏ ပိန်လှီနေသည့် ခန္ဓာကိုယ်ပေါ်တွင် အသားအရေ အနည်းငယ် ပြန်ပြည့်လာ၏။ သူ၏ ပါကင်ဆန်ရောဂါက ဆိုးဝါးနေဆဲဖြစ်ပြီး တုန်ယင်နေဆဲပင်။ သို့သော်ငြား ယခင်ကကဲ့သို့ လေဖြတ်ထားခြင်းမျိုး မရှိတော့ပေ။

ဤအချိန်မှာတော့ မိဖုရားကြီးပျံ့က ပစ္စည်းများကို သိမ်းဆည်းနေ၏။ သူမက ဟိုဟာကို သတိရ၊ ဒီဟာကို သတိရ၊ ဟိုဟာကို သိမ်းဆည်း၊ ဒီဟာကို သိမ်းဆည်းနှင့် ကြာလေ ရှုပ်လေပင်။

စုဖေးက ဘာလုပ်ရမှန်း မသိသဖြင့် မိဖုရားကြီးပျံ့၏ နောက်မှလိုက်ကာ တကောက်ကောက် ကူညီသိမ်းဆည်းပေးနေ၏။

မိဖုရားကြီးကျုံးက ခါးထောက်ပြီး ပြီးနောက် ပွစိပွစိ ပြောသည်။ “ဟုတ်တယ်။ ဘာတွေများ သိမ်းစရာ ရှိလို့လဲ။ ကျွန်မထင်တာတော့ လမ်းမှာ ဝတ်ဖို့ အဝတ်အစား နည်းနည်းလောက် ယူသွားရင် ရပြီထင်တယ်။ ရှမ့်လန်ဆီမှာ ကောင်းတာတွေ အများကြီး ရှိတယ်။ သူက အနောက်လောကနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်တော့မှာ မဟုတ်လား။ ပစ္စည်းအသစ်အဆန်းတွေ ဘယ်လောက်တောင် များမလဲ စဉ်းစားကြည့်တော့။”

နင်ယွမ်ရှန်းနှင့် မိဖုရားကြီးကျုံးတို့က လိုက်ဖက်ညီသည့် ဇနီးမောင်နှံနှစ်ဦးနှင့် တူ၏။ တစ်ယောက်က ငယ်ရွယ်ချောမောပြီး တစ်ယောက်က လှပ၏။ ယခု နှစ်အနည်းငယ် ကုန်လွန်သွားခဲ့၏။ နင်ယွမ်ရှန်းက အိုမင်းနေပြီ ဖြစ်သော်လည်း မိဖုရားကြီးကျုံးကတော့ လှပနေဆဲပင်။ သူမက အသက် ၅၀ အရွယ်ထိ ရောက်နေသော်လည်း အသက် ၄၀ အရွယ်နှင့်ပင် မတူချေ။

သို့သော်ငြား ကိုယ့်ကိုယ်ကိုယ် တမင်တကာ ဂရုစိုက်နေခြင်းတော့ မဟုတ်ပေ။ သူတို့က ယခင်က လင်မယားနှင့် တူသော်လည်း ယခုတော့ သားအဖနှင့် တူနေ၏။ သူမက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေထိုင်ရန်လည်း မသိချေ။ နေ့တိုင်း အလှပြင်နေပြီး သူမ၏ ဆွဲဆောင်မှုရှိသည့် ကိုယ်လုံးအလှကို ပြသရန် ကြိုးစားနေဆဲပင်။

ဆန့်ကျင်ဘက်အားဖြင့် မိဖုရားကြီးပျံ့ကတော့ လွန်ခဲ့သည့် ၂ နှစ်အတွင်း လျင်မြန်စွာ အိုစာသွားခဲ့၏။ သူမက ရှမ့်လန်နှင့် ပတ်သက်၍ အထိခိုက်ခံရဆုံး ဖြစ်၏။ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ခြေကျင်းခတ်ခံခဲ့ရ၏။ ယခု သူမ၏ အသားအရေက ချောမွေ့နေသော်လည်း ဆံပင်များက အနည်းငယ် ဖြူနေသည်။

မိဖုရားကြီးပျံ့က တီးတိုးပြော၏။ “တချို့ပစ္စည်းတွေက အဟောင်းတွေ ဆိုပေမဲ့ သုံးရတာ အဆင်ပြေ သေးတယ်။ ဘာပဲဖြစ်ဖြစ် ရထားလုံးတွေလည်း အများကြီး ရှိတာပဲ။ ယူသွားရင် မကောင်းဘူးလား။”

သူမ၏ စိတ်ထဲမှာတော့ နင်ယွမ်ရှန်းက ဤဘဝတွင် ဤနေရာဆီသို့ ပြန်မလာတော့ဟု တွေးထားသဖြင့် ပစ္စည်း အားလုံးကို ယူဆောင်သွားခြင်းက ပိုကောင်းသည်ဟု ယူဆသည်။

နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် မိဖုရားကြီးပျံ့က စာရင်းစာအုပ်ကို ပြန်လည်စစ်ဆေး၏။ ကျန်ရှိသည့်ပစ္စည်း မရှိကြောင်း အတည်ပြု၏။ “ကဲ... သွားလို့ရပြီ။”

သူမက ရထားလုံး ဒါဇင်ပေါင်းများစွာဖြင့် ပစ္စည်းများကို သိမ်းဆည်းခဲ့သော်လည်း အများစုက နေ့စဉ်သုံး ပစ္စည်းများသာ ဖြစ်ပြီး တန်ဖိုးကြီးပစ္စည်းများ မဟုတ်ကြပေ။ ပြီးနောက် နင်ယွမ်ရှန်းက ရထားလုံးကြီးပေါ်သို့ တက်ပြီး လူရာပေါင်းများစွာနှင့်အတူ နန်းတော်မှ ထွက်ခွာလာခဲ့သည်။

နန်းတော်တံခါးဝမှာတော့ နင်ကျန်း၊ နင်ကျင်းနှင့် တခြားသောသူများက သူတို့၏ ဇနီးမယား၊ သားသမီးများ နှင့်အတူ လာရောက်နှုတ်ဆက်၏။

“အဖေ... ဘေးကင်းစွာ ခရီးသွားနိုင်ပါစေ။” နင်ကျန်းက အချိန်ကြာမြင့်စွာ မြိုသိပ်ထားပြီးမှ ဤစကားကို ပြော၏။ နင်ယွမ်ရှန်းက သူ၏သားကို ကြည့်၏။ ပြီးနောက် သူက သူ၏ချွေးမလျှိုကို ကြည့်သည်။

ဤသည်က သူ့အပြစ်ပင် ဖြစ်၏။ ထိုစဉ်က သူက နင်ကျန်းကို ဂရုမစိုက်ဘဲ ကုန်သည်အသေးစားလေး တစ်ဦး၏ သမီးနှင့် လက်ထပ်ခွင့် ပြုခဲ့၏။ အမှန်တကယ်တော့ ကုန်သည်အသေးစားလေး၏ သမီးဖြစ်ခြင်းက ဘာမှ မှားယွင်းခြင်း မရှိချေ။ လျှိုက နူးညံ့သိမ်မွေ့ပြီး မွန်မြတ်ကောင်းမွန်သူပင်။

သို့သော်ငြား ကံဆိုးစွာနှင့် သူမက သားသမီးမထွန်းကားခဲ့ချေ။ မိဘကို မရိုသေခြင်း သုံးမျိုးရှိသည့်အနက် သားသမီးမရှိခြင်းက အဆိုးဝါးဆုံးပင်။

ထို့အပြင် နင်ကျန်းက ရွှဲ့ဘုရင်တစ်ပါး ဖြစ်၏။ ထို့ကြောင့် ဖခင်ဖြစ်သူ နင်ယွမ်ရှန်း နင်ကျန်းကို ကိုယ်လုပ်တော် တစ်ယောက်ယောက် ထပ်ယူ၍ ကလေးမွေးစေချင်မိသည်။ သို့သော်ငြား နင်ကျန်းက လျှို မှ လွဲ၍ တခြားမည်သူ့ကိုမှ ထပ်ယူရန် ဆန္ဒမရှိဟု ငြင်းဆန်ခဲ့သည်။

နင်ယွမ်ရှန်းက မိဖုရားကြီးပျံ့အား တစ်ဆင့်မေးမြန်းခိုင်းခဲ့ပြီး ပျံ့ရှောင်း၏သမီးကိုပင် နန်းတော်တွင်းသို့ ဝင်ရောက်ကာ နင်ကျန်းနှင့်တွေ့ဆုံစေခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ အရာအားလုံးကိူ ကံတရား ပေါ်တွင်သာ ထားရှိရပေတော့မည်။

နင်ယွမ်ရှန်းက နောက်ဆုံး ဘာမှမပြောခဲ့ချေ။ သူက နင်ကျန်း၏ လက်မောင်းကို ပုတ်၏။ နင်ချီ၊ နင်ကျန့်၊ နင်ကျင်းတို့၏ လက်မောင်းများကိုလည်း လိုက်ပုတ်၏။ သူက မည်သည့်သားကိုမှ ချန်လှပ်မထားခဲ့ချေ။ သူက ယခင်က အလွန်မျက်နှာလိုက်ခဲ့ဖူး၏။ သူ နှစ်သက်သည့် ကလေးများကိုသာ ချစ်ခင်ခဲ့ပြီး သူ မနှစ်သက်သော ကလေးများကို ကြည့်ပင် မကြည့်ခဲ့ချေ။

ရလဒ်အားဖြင့် ဤကလေးများ၏ ကံဆိုးမိုးမှောင်ကျမှုများက သူ့၌ အများကြီးတာဝန်ရှိသည်ဟု နင်ယွမ်ရှန်း ခံစားမိ၏။

“သွားကြစို့။ လိုက်မပို့ကြနဲ့တော့။” နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းကာဖြင့် နှုတ်ဆက်သည်။

ရထားလုံးကြီးက နန်းတော်မှ ထွက်ခွာသွားခဲ့ပြီးနောက် ရှမ့်လန်၏ စစ်တပ်နှင့် ပေါင်းဆုံကာ နန်းမြို့တော်မှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားခဲ့ပြီး နုရှောင့်မြို့တော်ဆီသို့ ဦးတည်၏။

...........................

သူတို့က ကုန်းလမ်း၊ ရေလမ်းနှင့် ခရီးနှင်၏။ လဝက်ခန့် ကြာပြီးနောက် ရှမ့်လန်၊ နင်ယွမ်ရှန်းနှင့် တခြားသောသူများက နောက်ဆုံး နုရှောင့်မြို့တော်သို့ ပြန်လည်ရောက်ရှိကြ၏။ သူတို့က မြို့တော်ကို မမှတ်မိလုနီးပါး ဖြစ်နေ၏။ ဤအရာက နုရှောင့်မြို့တော်ပင် ဟုတ်ပါရဲ့လား။

နုရှောင့်မြို့ဆီမှ ထွက်ခွာ သွားခဲ့သည်က ၃ လခန့် ရှိပြီဖြစ်ပြီး နုရှောင့်မြို့တော်က လောကကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်က နုရှောင့်မြို့တော်က မြေလှန်မီးရှို့ခြင်းကို ခံခဲ့ရ၏။ ရဲတိုက်ကြီး သုံးခုမှလွှဲ၍ ကျန်သည့်အရာအားလုံးက အပျက်အစီးများ ဖြစ်ခဲ့၏။ သို့သော်ငြား ယခုအချိန်မှာတော့ အဆောက်အအုံ များစွာ ပေါ်ပေါက်လာခဲ့၏။

အမှန်တကယ်တော့ လက်ရှိနုရှောင့်မြို့တော်က လှပခြင်း မရှိသေးချေ။ အဘယ်ကြောင့်ဆိုသော် ဆောက်လုပ်ရေး အရှိန်အဟုန်က အလွန်ကို မြန်ဆန်နေသောကြောင့်ပင်။ အလုပ်ရုံများ၊ လျှို့ဝှက်ဓာတ်ခွဲခန်း များနှင့် တခြားသော အသုံးဝင်သည့် အဆောက်အအုံများစွာတို့ကို အချိန်တိုအတွင်း တည်ဆောက်ခဲ့ရသည်။

ကျင်းချန်ကျွန်းက ရှမ့်လန်၏ ကုန်ထုတ်လုပ်မှု အခြေစိုက်စခန်းပင်။ သတ္တုသန့်စင်ရေး အလုပ်ရုံများနှင့် ခဲယမ်းမီးကျောက် စက်ရုံအားလုံးတို့က ထိုနေရာတွင် တည်ရှိ၏။ သို့သော်ငြား နုရှောင့်မြို့တော်တွင် အရံစက်ရုံ ရှိရပေမည်။ အဘယ်ကြောင့်ဆိုသော် ကျင်းချန်ကျွန်း အန္တရာယ် ကြုံတွေ့ပါက စက်ရုံအားလုံး နုရှောင့်မြို့တော်သို့ အချိန်တိုအတွင်း ပြောင်းရွှေ့ရမည် ဖြစ်သောကြောင့်ပင်။ အလုပ်သမားအားလုံးတို့ကို ရွှေ့ပြောင်းနိုင်သရွေ့ ထုတ်လုပ်မှုကို ချက်ချင်းစတင်နိုင်ပေမည်။

ကောင်းကင်ပြာပြာနှင့် တိမ်ဖြူဖြူများအတွက်လား။ ခမ်းနားထည်ဝါသည့် နုရှောင့်မြို့တော်၏ ပုံစံအတွက်လား။ ထိုအရာက ရှိတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကြီးမားသည့် စက်မှုဇုန်ကြီး တစ်ခု ဖြစ်လာမှာ ဖြစ်သောကြောင့်ပင်။

ထို့သို့ဆိုလျှင် နင်ယွမ်ရှန်း၏ အငြိမ်းစားဘဝက မည်သို့ဖြစ်မည်နည်း။ မရေတွက်နိုင်သည့် စက်ရုံများနှင့် မီးခိုးခေါင်းတိုင်များကြားထဲတွင် နင်ယွမ်ရှန်းကို ထားဖို့ မဖြစ်နိုင်ချေ။ လေ့ကျိုးကျွန်းစုက ကြီးမားပြီး ၅၀၀၀ စတုရန်းကီလိုမီတာ အပြည့်ရှိကာဖြင့် မြောက်မှတောင်သို့ ကီလိုမီတာ ၁၅၀ ကျော် ရှည်လျား၏။

နုရှောင့်မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၁၅၀ အကွာတွင် ရှမ့်လန်က ကြီးမားသည့် အိမ်တော်ကြီး တစ်ခုကို စီစဉ်တည်ဆောက်နေဆဲပင်။ အိမ်တော်ကြီးတွင် လယ်ယာများ၊ စားကျက်မြေများ၊ စိုက်ခင်းများ၊ လက်ဖက်ခင်းများ၊ ဥယျာဉ်နှင့် တခြားအရာ အားလုံး ပါရှိ၏။ ရေချိုကူးကန်များ၊ ရေငန်ကူးကန်များနှင့် သဘာဝကန် ၄ ခုထက်မနည်း တည်ရှိ၏။ တောင်ကြားများ၊ မြက်ခင်းပြင်များနှင့် ကမ်းခြေများလည်း ရှိသည်။

အိမ်တော်ကြီး၏ ဧရိယာက ၁၅၀၀၀ မူ ကျော်ရှိပြီး အပိုင်း ၃ ပိုင်း ခွဲခြားထား၏။ အရှေ့ပိုင်းပုံစံ တံတားနှင့် စမ်းချောင်းတစ်ခု၊ အနောက်ပိုင်းပုံစံ ရဲတိုက်နှင့် ခေတ်မီသည့် လောကမြေပုံစံ ဗီလာတို့ တည်ရှိ၏။ အရေးကြီးဆုံးအရာများက ဓာတ်ခွဲခန်းအမျိုးမျိုးနှင့် ကျောင်းတစ်ကျောင်း ဖြစ်၏။

ထိုနေရာတွင် စာသင်ကြားနေသည့် ကလေးပေါင်း ရာဂဏန်းမက ရှိနိုင်၏။ တော်ဝင်မျိုးနွယ် သားသမီးများ နှင့် သာမန်ပြည်သူများ၏ သားသမီးအားလုံး တက်ရောက်နိုင်သည်။

အတိုချုပ်ပြောရမည်ဆိုလျှင် ရှမ့်လန်က ဤအိမ်တော်ကြီးကို ကောင်းကင်ဘုံကဲ့သို့ ဖြစ်လာရန် နည်းလမ်းရှာကြံထားခြင်းပင်။ နင်ယွမ်ရှန်း သာမက သူ၏သားသမီးများ၊ ယောက္ခမများ၊ မွေးစားမိဘများနှင့် ရှမ့်လန်ကိုယ်တိုင်လည်း ထိုနေရာတွင် အချိန်အများစုကို ကုန်ဆုံးမည်။

နုရှောင့်မြို့တော်သို့ ပြန်ရောက်ချိန်မှာတော့ ဤမြို့တွင် မြို့ရိုးမရှိသေးသော်လည်း ဆိပ်ကမ်းကို ကြီးမားစွာ ချဲ့ထွင်ထားပြီး အလွန်နက်သည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ရန် စီစဉ်ထား၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က တန်ချိန်တစ်သောင်းကျော်ရှိသည့် သင်္ဘောများကို တည်ဆောက်ရန် စီစဉ်ထားသောကြောင့်ပင်။

မြို့တော်အတွက် အကြီးမားဆုံးသော ဖြည့်စွက်မှုက အမြှောက်စင်များပင်။ သူ ထွက်ခွာသွားစဉ်က အမြှောက်စင် ၃ ခုနှင့် အမြှောက် ၁၅ လက်သာ ရှိခဲ့၏။ အခုအချိန်မှာတော့ အမြှောက်စင် ၂၅ ခုနှင့် အမြှောက်ကြီး ၉၀ ကျော် ရှိနေ၏။

ဤအမြှောက်များက ၁၂၂ မီလီမီတာ အမြှောက်များ မဟုတ်ဘဲ ၂၅၀ မီလီမီတာ အမြှောက်များနှင့် မီတာတစ်သောင်းကျော် ပစ်ခတ်နိုင်သည့် ၄၀၀ မီလီမီတာ အမြှောက်များပင် ပါဝင်၏။ ဤအမြှောက်များက ရှမ့်လန်၏ အမြှောက်တပ်ဖွဲ့နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ထွင်းဖောက်၍ မရနိုင်သည့် ခံတပ်ကြီးတစ်ခုဟု ယူဆနိုင်၏။ သို့သော်ငြား ဤမျှနှင့် မလုံလောက်သေးချေ။

ရှမ့်လန်က လက်ရှိအချိန်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် သုံးဖက်မြင် ကာကွယ်ရေးစနစ်ကို ပုံစံရေးဆွဲနေ၏။ အဘယ်ကြောင့်ဆိုသော် နုရှောင့်မြို့တော်သည် သူ၏ အရာရာတိုင်း ဖြစ်ပေါ်လာမည့်နေရာ ဖြစ်သောကြောင့်ပင်။ သမုဒ္ဒရာ ရေမျက်နှာပြင်ပေါ်မှ မည်သည့်ရန်သူကိုမဆို ရင်ဆိုင်ရန် သူက ပြင်ဆင်ထားရပေမည်။

“လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ကျွန်မတို့တွေ ရိုင်ဖယ်ပြောင်းထိုး ဟောင်ဝစ်ဇာအမြှောက်သစ် ၃၅၀ လောက်ကို တည်ဆောက်ခဲ့ပြီးပြီ။ ကျင်းချန်ကျွန်းဆီကို ပို့ဆောင်ခဲ့ပြီးပြီ။ နုရှောင့်မြို့ရဲ့ ကာကွယ်ရေးတွေ ကိုလည်း ထပ်မံအားဖြည့်ထားပါတယ်။

လွန်ခဲ့တဲ့ ၃ လတည်းက စစ်သင်္ဘောအသစ် ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့တယ်။ ဟောင်ဝစ်ဇာ အမြှောက်တွေအတွက် စီမံကိန်း ၃ ခုကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ပြီးပါပြီ။ ပထမဦးဆုံး သံချပ်ကာ စစ်သင်္ဘော တည်ဆောက်မှု စတင်နေပြီ။ နောက်ထပ် ၁၃ လလောက်ကြာရင် ရေချနိုင်ပါလိမ့်မယ်။ စုစုပေါင်း သင်္ဘော ၂ စီး ရှိပါမယ်။

ဝပ်စီမံကိန်းက ချောချောမောမောနဲ့ကို တိုးတက်နေပါတယ်။ ကျွန်မတို့က အခြေခံအားဖြင့် အရှေ့ဘက်ပင်လယ်ပြင်ကို ထိန်းချုပ်ထားနိုင်တဲ့အတွက် အနောက်လောကကိုသွားမယ့် ပထမဦးဆုံး ကုန်သွယ်ရေးယာဉ်စုက လွန်ခဲ့တဲ့ တစ်လကတည်းက ထွက်ခွာသွားခဲ့ပါပြီ။ စုစုပေါင်း လူ ၃၀၀၀ နဲ့ သင်္ဘောအစီး ၅၀ ပါဝင်ပါတယ်။ သူတို့ရဲ့ပစ်မှတ်က ဒီဘိုရာရဲ့ ပီကျင်းမြို့တော်ပါပဲ။ ရှေးဟောင်းအပျက်အစီးတွေကို ရှာဖွေဖို့ အဖွဲ့ပေါင်း ၃၀ စေလွှတ်ခဲ့ပေမဲ့ အခုထိ သတင်းအစအန မရသေးပါဘူး။

ကောင်းကင်လေကျွန်းမှာ လူဦးရေ တစ်သောင်းခွဲကျော် ရှိပြီးတော့ ကျွန်မတို့ စီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့ စုစုပေါင်း လူဦးရေက ၂ သိန်း ၉ သောင်းကျော် ရှိပါတယ်။ လွန်ခဲ့တဲ့တစ်လက ရွှဲပြည်နယ်နဲ့ ကောင်းကင်လေကျွန်း ကြားမှာ ရှိနေတဲ့ အရပ်ဖက် ကုန်သွယ်ရေးကို တရားဝင် စတင်ခဲ့တယ်။ ဒီနေ့မှာတော့ နေ့စဉ်ကုန်သွယ်မှုပမာဏက ဆတိုးကိန်းနဲ့ တိုးပွားနေပါတယ်။ ဒီလသတ္တု ထုတ်လုပ်မှုက ၃၅ ရာခိုင်နှုန်း တိုးတက်လာတယ်။”

ရှမ့်လန်နှင့် တွေ့ဆုံပြီးနောက် ကျန်းချွင်းဟွာ၏ ပါးစပ်က လျှပ်စီးလက်သကဲ့သို့ပင် လှုပ်ရှားနေ၏။ သူမက လွန်ခဲ့သည့် ၃ လတာ ကာလအတွင်း လုပ်ဆောင်ခဲ့သည့် အလုပ်များကို အချိန်တိုအတွင်း အပြီးသတ် တင်ပြနေခြင်းပင်။

ပြီးနောက် သူမက တွန့်ဆုတ်နေ၏။ သူမက ရှမ့်လန်အား ‘ငါ့ကို လက်ထပ်ပါ... ငါ့ကို လက်ထပ်ပါ... ငါ့ကို လက်ထပ်ပါ။’ ဟု သတိပေးချင်နေမှာ သေချာ၏။

“လူယုတ်မာ... ရှင် မေ့သွားပြန်ပြီလား။ အစတုန်းက ရှင် မူလန်မြို့မှာ လက်ထပ်မယ် ပြောတယ်။ ပြီးတော့... ပီကျင်းမြို့မှာ၊ ပြီးတော့ နုရှောင့်မြို့တော်မှာ... ပြီးတော့ ကျွန်မရဲ့အဖေနဲ့အစ်ကိုကို ကယ်တင်မယ် ပြောတယ်။ တော်ဝင်ရန်အင်ပါယာ အနိုင်တိုက်ပြီးမှပဲ ကျွန်မကို လက်ထပ်တော့မှာလား။ အဲအချိန်ကျရင်တော့ ကျွန်မ သွေးဆုံးနေလောက်ပြီ။”

ရှမ့်လန်က ပြုံးလိုက်၏။ “အမတ်ကြီးကျန်းချုံးက အခုဆိုရင် အတွင်းဝန်ရုံးရဲ့ ဒုတိယဝန်ကြီး ဖြစ်နေပြီ။ သူက အရမ်းကို အလုပ်များတော့ နုရှောင့်မြို့တော်ကို လာဖို့ အချိန်မရဘူး။ ဒါပေမဲ့ ရက်အနည်းငယ်နေရင် သူရယ်၊ မင်းရဲ့အစ်ကိုကြီးရယ်၊ အစ်ကိုလတ်ရယ် ဒီကို ရောက်လာလိမ့်မယ်။”

ခဏအတွင်းမှာပင် ကျန်းချွင်းဟွာ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာ၏။ သူမ၏ မျက်နှာက ပျော်ရွှင်မှုများနှင့် တောက်ပလာသည်။

“တစ်ယောက်ယောက်က ရှင့်ကို စောင့်နေတယ်။” ကျန်းချွင်းဟွာက ပြော၏။

.......................

“ဝူပြည်နယ်ရဲ့ မင်းသမီးဝူယုက အရှင်ဧကရာဇ်ကို ဂါရဝပြုပါတယ်။ အရှင်ဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ။”

လှပသည့် မိန်းမတစ်ဦးက ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်ကာ ထိုင်၏။ မနီးမဝေးတွင် အသက် ၄-၅ နှစ်အရွယ်ရှိသည့် ကလေးတစ်ယောက်က ရပ်နေ၏။ ထိုသူက သန်မာထွားကြိုင်းပြီး ဂုဏ်သိက္ခာရှိပုံရကာ မျက်နှာထားက တည်ကြည်လေးနက်၏။ ဒုက္ခများစွာ ခံစားခဲ့ရပုံပင်။

“မရီး... ထပါ။”

ရှမ့်လန်က ကလေးရှေ့သို့ လျှောက်သွား၏။ “မင်းရဲ့ နာမည်က ကျားသစ်လား။”

ထိုကလေးက ရှမ့်လန်ကို တည်ကြည်စွာ စိုက်ကြည့်၏။ ပြီးနောက် ခေါင်းကို အားရပါးရ ညိတ်ပြ၏။ သူက ဘာပဲလုပ်လုပ် စာအုပ်ကြီးအတိုင်း လုပ်မိပုံပင်။ ကျင်းရှိယန်၏ စရိုက်နှင့် ဆင်တူသော်လည်း ပို၍ဆိုးဝါးသည်က မိမိကိုယ်ကို အလွန်အကျွံ အားစိုက်ထုတ်နေသည့် ပုံစံမျိုးပင်။

“ဒါက မင်းအတွက် လက်ဆောင်ပဲ။” ရှမ့်လန်က ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

တစ်ပေခွဲသာ အရှည်သော်လည်း ဓားအိမ်က အလွန့်ကို လှပ၏။ သို့သော်ငြား ဓားကို ဆွဲထုတ်လိုက်ချိန်မှာတော့ ဓားသွားက မင်ရည်ကဲ့သို့ မဲနက်နေ၏။

ဓားကို လက်ခံရရှိပြီးနောက် ကျားသစ်၏ခန္ဓာကိုယ်က အနည်းငယ် ယိုင်သွား၏။ ဤဓားက အလွန့်ကို လေးလံပြီး စစ်မှန်သည့် သံနက်ဓားတစ်ချောင်းဖြစ်ပြီး တကယ့်ကို တန်ဖိုးကြီးမားသည်။

“အရှင့်ကို ကျေးဇူးတင်ပါတယ်။” ကလေးက ဘာမှမပြောနိုင်ခင်မှာပဲ ကျင်းရှိယန်က ဦးတိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ယောက္ခမကြီးကို ပြင်ဆင်ခိုင်းလိုက်။ ကျုပ် ခင်ဗျားတို့အတွက် မင်္ဂလာပွဲ ကျင်းပပေးမယ်။”

ကျင်းရှိယန်က ဆက်လက်ကာ ဦးတိုက်၏။ “ကျုပ် အရှင့်ကို ကျေးဇူးတင်ပါတယ်။”

ဝူယုက တစ်ခွန်းတစ်လေ ပြောချင်သော်လည်း နောက်ဆုံး ဘာမှမပြောဖြစ်ချေ။

“အရှင်... ဝူပြည်နယ်ရဲ့အိမ်ရှေ့စံနဲ့ ချောင်ပြည်နယ်ရဲ့အိမ်ရှေ့စံ နှစ်ယောက်လုံး ရောက်နေပါပြီ။ သူတို့ကို ဆင့်ခေါ်ဖို့ အချိန်ရွေးလိုက်ပါအုံး။” ကျန်းချွင်းဟွာက ပြော၏။

ရှမ့်လန်က ပြောလိုက်၏။ “အခုပဲ လုပ်လိုက်ရအောင်။ ခံတပ်ကို သွားကြစို့။”

ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးနောက် ကျင်းရှိယန်က ဝူယု၏ ဘေးနားသို့ လျှောက်သွားသည်။ “မိန်းမ... ဒါ အရှင့်ရဲ့ အမိန့်တော်ပဲ။ တို့တွေ ဆန့်ကျင်လို့ မရဘူး။”

ဝူယုက အေးစက်စက်ရယ်မော၏။ “တပ်မှူးကျင်းက အရှင်ရှမ့်လန်ရဲ့ အမိန့်တော်ကြောင့် ကျွန်မကို လက်ထပ်တာပဲ။ ကိုယ့်ရဲ့ သဘောဆန္ဒကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။”

ကျင်းရှိယန်က ပြောသည်။ “မိန်းမ... မင်းလည်း ငါ့ကို ရိုက်ပြီးပြီ။ ဆဲလည်း ဆဲပြီးပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါတော့။”

ဝူယု၏နှလုံးက ကြည်နူးမှုများနှင့် ပြည့်နှက်သော်လည်း စိတ်ရှုပ်ထွေးနေဆဲပင်။ နောက်ဆုံးမှာတော့ သူမ၏ အကြည့်က သားဖြစ်သူ၏ မျက်နှာပေါ်သို့ ကျရောက်၏။ သူမက သက်ပြင်းရှည်ကြီးကို ချပြီး ကျင်းရှိယန်၏ ရင်ခွင်ထဲသို့ တိုးဝင်မိ၏။

.......

အပိုင်း (၉၉၈)

“ကျုပ်တို့ အရှင့်ကို ဂါရဝပြုပါတယ်။ အရှင်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

ချောင်ပြည်နယ်၏ အိမ်ရှေ့စံနှင့် ဝူပြည်နယ်၏ အိမ်ရှေ့စံ နှစ်ယောက်လုံးက ဒူးထောက်ပြီး ဦးတိုက်၏။ သူတို့နှစ်ဦးလုံးက အလွန်ငယ်ရွယ်လှပြီး ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိသေးသည်။

ရှမ့်လန်က ပြောလိုက်၏။ “ဝူဘုရင်နဲ့ ချောင်ဘုရင်တို့က ဘာတွေ တွေးနေလဲဆိုတာကို ကျုပ်သိချင်တယ်။ သူတို့က သေတဲ့အထိ တိုက်ပွဲဝင်ချင်ကြတာလား။ သူတို့က ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ပြင်ဆင်ထားပြီးပြီ။ သူတို့ရဲ့ စစ်တပ်တွေက သုတ်သင်ခံရပြီး တိုင်းပြည်တစ်ခုလုံး ပျက်စီးသွားဖို့ ဆုံးဖြတ်ပြီးပြီလား။

သူတို့က အနာဂတ်အတွက် ကျုပ်အပေါ် သစ္စာစောင့်သိကြတာ။ ကျုပ်ရဲ့ စစ်တပ်ကြီး တော်ဝင်ရန် အင်ပါယာကို ရှင်းလင်းသုတ်သင်ပြီးတဲ့အချိန်မှာ ဝူပြည်နယ်နဲ့ ချောင်ပြည်နယ် ပြန်လည်မွေးဖွားလာ လိမ့်မယ်လို့ မျှော်လင့်နေကြတာ။ ဒါကြောင့် သူတို့က အိမ်ရှေ့စံ နှစ်ပါးကို ကျုပ်ဆီ ပို့လိုက်တာပဲ။”

ထိုစကားကို ကြားချိန်မှာတော့ ချောင်ပြည်နယ်၏ အိမ်ရှေ့စံက အဆင်ပြေသေး၏။ မျက်ရည်များ စီးကျနေသော်လည်း နှုတ်ခမ်းကို ကိုက်ထားပြီး ဘာမှမပြောချေ။ ဝူပြည်နယ်၏ အိမ်ရှေ့စံကတော့ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ချေ။ သူက အစွမ်းကုန် ဦးတိုက်မိသည်။

“အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး စစ်တပ်လွှတ်ပြီး အဖေ့ကို ကယ်ပေးပါ။ ကျေးဇူးပြုပြီး အဖေ့ကို ကယ်တင်ပေးပါ။ အဖေ သေဆုံးတာကို မမြင်ချင်ပါဘူး။ ဝူပြည်နယ် ပျက်သုန်းသွားတာကို မမြင်ချင်ပါဘူး။ ကျေးဇူးပြုပြီး ဝူပြည်နယ်ကို ကယ်တင်ပေးပါ။”

ထိုစကားကို ကြားချိန်မှာတော့ မိန်းမစိုးအိုကြီး ဝူဟွိုင်အန်းက တိုးညှင်းသည့်အသံဖြင့် သတိပေး၏။ “အရှင်မင်းသား...”

ဤသည်က ဝူပြည်နယ် အိမ်ရှေ့စံအား ပေါ့ပေါ့တန်တန် ပြောဆိုခြင်းမှ တားဆီးရန်ပင်။ သူက ရှမ့်လန်အား အခက်တွေ့စေရန် မလိုလားချေ။ ရှမ့်လန်၏ စစ်တပ်တွင် စစ်သည်ပေါင်း ၅ သောင်း၊ ၆ သောင်းသာ ရှိသည်ဟု ဝူဘုရင်က ရှင်းရှင်းလင်းလင်း ပြောပြီးသားပင်။ နုရှောင့်မြို့ကို ကာကွယ်ရန်ပင် မနည်းလုပ်နေရ၏။ ရွှဲပြည်နယ် တစ်ခုလုံးကို ကာကွယ်ရန်က မဖြစ်နိုင်ချေ။

ဝူပြည်နယ်နှင့် ချောင်ပြည်နယ်ကို ကာကွယ်ပေးရန် ဆိုသည်က ဝေးလာဝေးပင်။ ဝူဘုရင်နှင့် ချောင်ဘုရင်တို့က ကိုယ့်ကိုယ်ကိုယ် စတေးရန် ပြင်ဆင်ထားကြ၏။ သူတို့၏သားများကို ရှမ့်လန်ထံ စေလွှတ်ခဲ့ခြင်းဆိုသည်မှာ အနာဂတ်အတွက် မျှော်လင့်ချက် မျိုးစေ့နှစ်ခုကို ချန်ထားခဲ့ခြင်းပင်။

ရှမ့်လန်က ငယ်ရွယ်သည့် အိမ်ရှေ့စံနှစ်ပါးကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ပြော၏။ “ဝူဘုရင်နဲ့ ချောင်ဘုရင် တို့က သိပ်ကို ရဲရင့်ပြီး ဝမ်းနည်းစရာလည်း ကောင်းတယ်။ သူတို့တွေ ပြောတာ မှန်တယ်။ သူတို့ ကျုပ်အပေါ် သစ္စာခံကြောင်း ကြေညာလိုက်တာနဲ့ တစ်လောကလုံး တုန်လှုပ်သွားလိမ့်မယ်။

အဲဒီအချိန်ကျရင် တော်ဝင်ရန်အင်ပါယာက သူ့ရဲ့အာဏာကို အသုံးပြုပြီး စစ်သည်သားပေါင်းများစွာနဲ့ ဝူပြည်နယ်၊ ချောင်ပြည်နယ်ကို တိုက်ခိုက်လိမ့်မယ်။ ဒီတစ်ကြိမ် စုဆောင်းမယ့် စစ်သည်အရေအတွက်က မှန်းဆလို့မရအောင် များပြားလိမ့်မယ်။

တော်ဝင်ရန်အင်ပါယာရဲ့စစ်တပ်၊ ချန်နိုင်ငံသစ်ရဲ့ စစ်တပ်၊ တော်ဝင်လျန်နိုင်ငံရဲ့ စစ်တပ်၊ ကျင်းနိုင်ငံရဲ့ စစ်တပ်... အဲဒါတွေအကုန် ပါလိမ့်မယ်။ အင်ပါယာရဲ့ လျှို့ဝှက်စစ်တပ်တွေ စုစည်းတာပြီးစီးသွားတာနဲ့ သဘာဝလွန် အင်အားစုတွေရဲ့ စစ်တပ်တွေက ဝူပြည်နယ်၊ ချောင်ပြည်နယ်ကို တိုက်ခိုက်ကြလိမ့်မယ်။

စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်၊ တုံ့ကျန်းဘုရားကျောင်းရဲ့ စစ်တပ်တွေတောင် ပါဝင်လာလိမ့်မယ်။ အဲဒါက အရမ်းကို များတဲ့ အရေအတွက်ပဲ။ ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်တို့က တားဆီးနိုင်မှာ မဟုတ်ဘူး။ စစ်ပွဲစတာနဲ့ ဝူဘုရင်နဲ့ ချောင်ဘုရင်တို့က သေဆုံးကြလိမ့်မယ်။ ဒီနိုင်ငံနှစ်ခုလုံးက လအနည်းငယ်အတွင်းမှာ ကျရှုံးသွားလိမ့်မယ်။ ရွှဲပြည်နယ်တောင် ကျရှုံးသွားလိမ့်မယ်။”

ဝူနှင့် ချောင်ပြည်နယ်တို့က အိမ်ရှေ့စံမင်းသားများက စိတ်ပျက်အားငယ်နေ၏။

“ဒါပေမဲ့ ....”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ရွှဲ့ဘုရင်နင်ကျန်းကို ပြောခဲ့ပြီးပြီ။ မင်းတို့ရဲ့ ခမည်းတော်တွေရဲ့ သစ္စာခံမှုကို ကျုပ် လက်ခံလိုက်ပြီဖြစ်တဲ့အတွက် ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ကို ကျုပ် ယူနိုင်တယ်။ အိမ်ရှေ့စံတို့... ကျုပ်က မင်းတို့ရဲ့ခမည်းတော်တွေနဲ့ တိုင်းပြည်ကို ကာကွယ်ပေးမယ်။ သူတို့ ဘေးကင်းလုံခြုံစေရမယ်လို့ ငါ ကတိပေးတယ်။”

ပြည်နယ်နှစ်ခုမှ အိမ်ရှေ့စံမင်းသားများက လုံးဝ ကြောင်အသွားခဲ့ကြ၏။ သူတို့၏ မိန်းမစိုးများပင်လျှင် တုန်လှုပ်သွား၏။

အကယ်၍ တော်ဝင်ရန်အင်ပါယာကသာ ဝူပြည်နယ်နှင့် ချောင်ပြည်နယ်ကို တိုက်ခိုက်မည် ဆိုပါက စစ်သည် တစ်သန်းလောက်ပဲ ရှိမှာ မဟုတ်ချေ။ သဘာဝလွန် အင်အားစုများ၏ ကြီးမားသည့် စစ်တပ်ကြီးများလည်း ပါဝင်လာနိုင်၏။ စစ်သည် ၅ သောင်း၊ ၆ သောင်းလောက်နှင့် ရှမ့်လန်က ဝူပြည်နယ်နှင့် ချောင်ပြည်နယ်ကို မည်သို့ ထောက်ပံ့ပေးမည်နည်း။ ထိုအရာက မဖြစ်နိုင်ချေ။

လွန်ခဲ့သည့် စစ်ပွဲတုန်းက ရှမ့်လန်က သွေးဝိညာဉ် စစ်တပ်၏ စစ်သည် ၂ သောင်းကို ချေမှုန်းနိုင်ခဲ့သည်က အထင်ကြီးစရာပင်။ သို့သော်ငြား ထိုအရာက အိမ်မက်ဆိုး သံလိုက်ဗုံး လျှို့ဝှက်လက်နက်များကြောင့်သာ ဖြစ်၏။ သူက သူ၏လျှို့ဝှက်လက်နက် အကုန်လုံးကို ထုတ်သုံးခဲ့ရပြီး သွေးဝိညာဉ်စစ်တပ်၏ စစ်သည် ၂ သောင်းကို ချေမှုန်းဖို့ ထောင်ပေါင်းများစွာသော ထိခိုက်သေဆုံးမှုများဖြင့် ပြန်လည်ပေးဆပ်ခဲ့ရ၏။

ထျန်းရွှဲ့မြို့တော်တွင် ရှမ့်လန်၏ အောင်မြင်မှုကို သိရှိခဲ့ပြီးနောက် တော်ဝင်ရန်အင်ပါယာက စစ်သည် ၂ သန်းကျော်ကို စည်းရုံးခဲ့၏။ တကယ်တော့ သူက ရှမ့်လန်ကို တိုက်ခိုက်ဖို့ သူ၏ လျှို့ဝှက်လက်နက် အကုန်လုံးကို ပြန်လည်နေရာချထားခဲ့သည်။

စစ်ပွဲအပြီးမှာတော့ ရှမ့်လန်၏ စစ်တပ်က အားအင် ကုန်ခမ်းသွား၏။ သူတို့၏ လက်နက်များ ကုန်ခမ်းသွားခဲ့၏။ တစ်ဖက်မှာတော့ တော်ဝင်ရန်အင်ပါယာက ပြိုင်ဘက်ကင်းပင်။ ရန်သူ့စစ်သည် တစ်သန်းနှင့် မရေတွက်နိုင်သော လျှို့ဝှက်စစ်တပ်များကို ရှမ့်လန်က အဘယ်သို့ အနိုင် တိုက်မည်နည်း။

ရှမ့်လန်က ပြော၏။ “အိမ်ရှေ့စံတို့... တစ်ခါတစ်လေကျတော့ စစ်ပွဲပုံစံက အမျိုးမျိုးရှိတယ်။ သေသည်အထိ တိုက်ခိုက်ဖို့ စစ်တပ် စေလွှတ်နေစရာ မလိုဘူး။ မဟာဗျူဟာအဆင့် တိုက်ခိုက်မှုတွေနဲ့ မဟာဗျူဟာအဆင့် ဟန့်တားမှုတွေက အစွမ်းထက်ဆုံး အင်အားစုတွေပဲ။ ကျုပ်က ဝူဘုရင်၊ ချောင်ဘုရင်၊ ပြီးတော့ မင်းတို့ရဲ့ တိုင်းပြည်တွေကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်။ ကျုပ် သေချာပေါက် လုပ်ပေးမယ်။”

................

နောက်တစ်ရက်မှာတော့ နုရှောင့်မြို့တော်၌ တကယ့်ကို တိုတောင်းသည့် အခမ်းအနားတစ်ခုကို ကျင်းပ၏။ ရွှဲပြည်နယ်၊ ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့က သူတို့၏ သဝဏ်လွှာများကို စေလွှတ်၏။ ရွှဲပြည်နယ်၏ ဘုရင် ဦးရီးတော် နင်ချီ၊ ဝူပြည်နယ်၏ အိမ်ရှေ့စံ၊ ချောင်ပြည်နယ်၏ အိမ်ရှေ့စံတို့က ပြည်နယ် ၃ ခုကို ကိုယ်စားပြုကြ၏။ သူတို့က ရှမ့်လန်၏ ရှေ့မှောက်တွင် ဒူးထောက်ပြီး သစ္စာခံကြောင်း ပြသ၏။

ရှမ့်လန်က တော်ဝင်ချန်မင်းဆက်ကို တရားဝင် တည်ထောင်ကြောင်း ကြေညာသည်။ ရွှဲ့၊ ဝူ နှင့် ချောင်ပြည်နယ် ၃ ခုလုံးက တော်ဝင်ချန်မင်းဆက်၏ ပထမဦးဆုံး လက်အောက်ခံ နိုင်ငံများ ဖြစ်လာသည်။

မူလ တော်ဝင်ချန်မင်းဆက်၏ မြို့တော်က ချန်မြို့တော် ဖြစ်သည်။ သို့သော်ငြား မြို့တော်က သစ္စာဖောက် ရင်ကွမ်း၏ လက်ထဲတွင် ရှိနေသောကြောင့် နုရှောင့်မြို့တော်ကို ဒုတိယမြို့တော်အဖြစ် ရွေးချယ်ခဲ့၏။

ဤသည်က သမိုင်းတစ်လျှောက် အနွမ်းပါးဆုံးသော နိုင်ငံတည်ထောင်ခြင်း အခမ်းအနား ဖြစ်ကောင်း ဖြစ်နိုင်၏။ ပိုပြီး အရေးကြီးမားသည်က ဤသည်က နိုင်ငံငယ်လေးတစ်ခု မဟုတ်ချေ။ အရှေ့ဘက် လောကကြီးတွင် တရားဝင် မင်းဆက်တစ်ခု ဖြစ်၏။ သူ၏ အထွတ်အထိပ် ကာလမျိုးတွင် စတုရန်း ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းခဲ့သည်။

ယခုအချိန်မှာတော့ ဝူ၊ ချောင်နှင့် ရွှဲပြည်နယ်များက တော်ဝင်ချန်မင်းဆက်၏ နယ်မြေအစိတ်အပိုင်းများ ဖြစ်ကြ၏။ သူတို့က စတုရန်းကီလိုမီတာ ၂ သန်းကျော် ကျယ်ဝန်းသော အင်ပါယာကြီးများပင်။ သို့သော်ငြား ဤအခမ်းအနားက မင်းသားကျင်း၏ မဟာတောင်ပိုင်းနိုင်ငံ ဘိသိက်ခံပွဲ အခမ်းအနားနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ချေ။ အနောက်ဘက်ဒေသမှ သံတမန်များ အပါအဝင် အနည်းဆုံး လူသောင်းနှင့်ချီ ရှိခဲ့၏။

ရှမ့်လန်၏ တော်ဝင်ချန်မင်းဆက် တည်ထောင်ခြင်းကမူ လူ ၁၀၀ အောက်သာ ရှိ၏။ နိုင်ငံခြား သံတမန်များ မရှိချေ။ အရေးပါသည့် ပုဂ္ဂိုလ် ၃ ဦးသာ လျှင်ရှိ၏။ ဝူပြည်နယ်၏ အိမ်ရှေ့စံ၊ ချောင်ပြည်နယ်၏ အိမ်ရှေ့စံနှင့် ရွှဲပြည်နယ်၏ သံတမန် နင်ချီတို့ပင်။

တော်ဝင်ရန်မင်းဆက်၏ ယာယီမြို့တော်ဖြစ်သော နုရှောင့်မြို့တော်က ကြီးမားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု ဖြစ်နေ၏။ စစ်ရေးပြပွဲ သို့မဟုတ် ဧည့်ခံပွဲဟူ၍ မရှိချေ။ တော်ဝင်ချန်အင်ပါယာ၏ အလံတစ်ခု သာလျှင် ရဲတိုက်၏ အမြင့်ဆုံးနေရာ၌ လွှင့်တင်ထား၏။ ပြီးနောက် အမြှောက်ရာပေါင်း များစွာတို့က ဟိန်းထွက်ကာ မြည်ဟီးလာခဲ့သည်။

“ဝုန်း... ဝုန်း...”

သောင်းနှင့်ချီသည့် တပ်သားများက နဂါးအလံတော်ရှိရာဆီသို့ ဦးလှည့်ကာ ဒူးထောက်ကြ၏။

“တော်ဝင်ချန်အင်ပါယာ သက်တော်ရာကျော် ရှည်ပါစေ။”

ဤအချိန်မှစ၍ တော်ဝင်ချန်အင်ပါယာကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်သည်။

...............

၃ ရက်ကြာပြီးနောက် ကျန်းချုံးနှင့်သူ၏သားတို့က နုရှောင့်မြို့တော်သို့ ရောက်ရှိလာ၏။ ရှမ့်လန်က ကျန်းချွင်းအာအား ကျန်းလန်အမည်ဖြင့် လက်ထပ်၏။ သူမ၏ နောက်ဆုံးဆန္ဒက ပြည့်ဝသွားခဲ့၏။

…………

“အဒေါ်”

ပိန်လီလီ ကောင်လေးတစ်ယောက်က ကျန်းချွင်းဟွာကို အရိုအသေပြုလိုက်၏။ သူက ကျန်းချုံး၏ မြေးဖြစ်ပြီး ကျန်းချွင်၏သား ကျန်းယွင်ပင် ဖြစ်၏။ ဤကလေးက ယခုနှစ်မှ ၁၀ နှစ်သာ ရှိသေးသော်လည်း ဆင်းရဲ ဒုက္ခများစွာကို ခံစားပြီးပြီ ဖြစ်၏။

အသက် ၄ နှစ်သား အရွယ်တည်းက ကျန်းချုံး အကျဉ်းချခံခဲ့ရ၏။ ဖခင်ဖြစ်သူ ကျန်းချွင်က တရားလွတ်တော်၊ တရားလွတ်တော်ချုပ်ရုံးရှေ့တွင် နေ့စဉ် ဒူးထောက်ခဲ့ရ၏။ သူက ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ရှင်သန်ခဲ့ရသည်။

နောက်ဆုံး ကျန်းချုံး ထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် ရာထူးတိုးမြှင့်ခြင်းကို ခံရ၏။ သို့သော်ငြား သူ၏ လက်အောက်တွင် စစ်သည်ထောင်ဂဏန်းမျှသာ ရှိနေပြီး စုနန်၏ သောင်းနှင့်ချီသည့် ပုန်ကန်တပ်များကို ရင်ဆိုင် တိုက်ခိုက်ခဲ့ရ၏။ ထိုအချိန်က ၅ နှစ်သားအရွယ်သာ ရှိသေးသော သူက စုနန်၏ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရ၏။ သူက အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့၏။

၂ နှစ်၊ ၃ နှစ်ခန့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ပြီးနောက် ရှမ့်လန်၏ မူရင်း ဝိသေသ ပေါ်ပေါက်လာခဲ့၏။ ကျန်းချုံး၏ မိသားစုတစ်စုလုံးက ထောင်သွင်းအကျဉ်းချခြင်းကို ခံခဲ့ရပြီး ကလေးများလည်း ခြွင်းချက် မရှိချေ။

ယခုအချိန်မှာတော့ ကျန်းယွင်၏ မျက်နှာပေါ်တွင် လည်ပင်းထိ ရှည်လျားသည့် အမာရွတ်ကြီးတစ်ခု ရှိနေ၏။ ဒဏ်ရာကလည်း တကယ့်ကို ပြင်းထန်ခဲ့သည်မှာ ထင်ရှား၏။ သို့သော်ငြား ဤအခက်အခဲများက သူ၏ သွေးသတ္တိများကို ပိုမိုကာ ရဲတောက်စေခဲ့၏။ အသက် ၁၀ နှစ်အရွယ်သာ ရှိသေးသော်လည်း သူက မည်သည့်အရာကိုမှ မတုန်လှုပ်တော့ချေ။

ကျန်းချွင်းဟွာက တူဖြစ်သူ၏ မျက်နှာပေါ်မှ အမာရွတ်ကို ကြင်နာစွာ ပွတ်သပ်ပေးရင်း မေး၏။ “နာလား။”

ကျန်းယွင်က ခေါင်းခါပြသည်။

ရှမ့်လန်က ရှေ့သို့တိုးပြီး ကျန်းယွင်၏ ခေါင်းကို ပွတ်သပ်ပေး၏။ ပြီးနောက် အခြားကလေးများဘက်သို့ လှည့်ကာ ပြော၏။ “ဒါက အစ်ကိုကြီးကျန်းယွင်တဲ့”

ရှမ့်မီ၊ ရှမ့်လီတို့က အလွန်လိမ္မာသည့် ကလေးနှစ်ယောက် ဖြစ်ကြ၏။ သူတို့က အစ်ကိုကြီးကျန်းယွင်ဟု ခေါ်ကာ ပြုံးပြ၏။ ရှမ့်မီက စကားမပြောမိရန် အမြဲတမ်း ကြိုးစားလေ့ရှိ၏။ ကျိုးနေသည့် သွား ပေါ်သွားမည်ကို အမှန်စိုးရိမ်သည်။

ကျန်းချုံးက ကလေး ၃ ယောက်ကို ခေါ်ဆောင်လာခဲ့၏။ မြေးယောက်ျားလေး ၂ ယောက်နှင့် မြေးမိန်းကလေး ၁ ယောက်ပင်။

ကျန်းချုံးက ပြော၏။ “အရှင်က ကျောင်းဖွင့်ချင်တယ်လို့ ကြားတာနဲ့ ကလေးတွေ ဒီကို ခေါ်လာခဲ့တာပါ။”

ရှမ့်လန်က ပြောသည်။ “အင်း... သိပ်ကောင်းတာပေါ့။ ကလေးတွေအတွက် အတန်းခေါင်းဆောင် လိုနေတာ။”

ကျန်းချွင်းဟွာက ကျန်းချုံး၏ ရှေ့ဆီသို့ လျှောက်သွား၏။ ပြီးနောက် ဖခင်ဖြစ်သူကို မျက်ရည်စများဖြင့် ကြည့်၏။ သူတို့ သားအဖ မတွေ့ရသည်မှာ ၆ နှစ်ကျော် ကြာခဲ့၏။ သူ၏အဖေက အသက် ၂၀ မက အိုစာသွားခဲ့၏။

ကျန်းချုံးက ပြုံးကာ ပြောသည်။ “ချွင်းဟွာ... သမီးက အဖေ့ကို တကယ့်ကို ဂုဏ်ယူစေခဲ့တယ်။”

နောက်တစ်စက္ကန့်မှာပဲ ကျန်းချွင်းဟွာက ရှေ့သို့ ပြေးတက်ပြီး ပိန်လီနေသည့် ကျန်းချုံးကို ဖက်၏။

ကျန်းချုံးက အံ့အားသင့်သွား၏။ အရှေ့တိုင်းတွင် အခက်အခဲနှင့် ဆင်းရဲဒုက္ခ ခံစားချက်ကို ထုတ်ဖော်ရာတွင် တကယ့်ကို မျိုသိပ်လေ့ ရှိကြ၏။ သူတို့က တစ်ဦးနှင့်တစ်ဦး ဖက်လဲတကင်း နေလေ့မရှိချေ။ သားအဖချင်း ဖြစ်လျှင်တောင် ယောက်ျားလေး၊ မိန်းကလေး သတိထားရမည့် အချက်များကို ဂရုပြုကြ၏။ အနောက်လောကမှ လူများသာလျှင် ဖက်လဲတကင်း နေရသည်ကို နှစ်သက်ကြသည်။

အချိန်တော်ကြာပြီးနောက် ကျန်းချွင်းဟွာက အဖေဖြစ်သူကို လွှတ်ပေးကာ ပြော၏။ “သွားကြစို့။ အားလုံး အဖေ့ကို စောင့်နေကြတယ်။ သမီး အခုပဲ မိတ်ကပ်ပြင်ဆင်တော့မယ်။ ယောင်းမတို့... လာကူကြအုံး။”

ပြီးနောက် ကျန်းချုံး၏ ချွေးမနှစ်ယောက်က ကျန်းချွင်းဟွာ၏ နောက်မှလိုက်ကာ အခန်းထဲဝင်၍ ရေမိုးချိုးပေး၊ မင်္ဂလာဝတ်စုံကို လဲလှယ်ပေးကြသည်။

ဤမင်္ဂလာပွဲက ကမန်းကတမ်း နိုင်၏။ မင်္ဂလာရက်မြတ် ရွေးချယ်ထားခြင်း မရှိသလို လောကကြီးကို ကြေညာထားခြင်းလည်း မရှိချေ။

ဤသည်က စည်းမျဉ်းများနှင့် မညီချေ။ သို့ပေမည့် ရှမ့်လန်က ယောက်ျားတစ်ယောက်၏ တာဝန်ကို ပြည့်စုံအောင် ကြိုးစားသည်။ သူက ရှောင်ပင်း ၊ နင်ယန် တို့ကိုလည်း အကျဉ်းချုံး လက်ထပ်ယူခဲ့သည်။ ဧကရာဇ်တစ်ပါး ကိုယ်လုပ်တော် ကောက်သည် က သားမက်တော်လေး တစ်ယောက် ကိုယ်လုပ်တော် ယူသည်နှင့် မတူညီပေ။ သို့သော်ငြား ရှမ့်လန်က စည်းမျဉ်းဟူ၍ မရှိချေ။

ညအချိန်သို့ ရောက်လာပြီဖြစ်သော်လည် ရိုးရှင်းသည့် မင်္ဂလာပွဲတစ်ခုကို ကျင်းပ၏။ ဧည့်သည်အများအပြား မရှိဘဲ လူ ၁၀၀ အောက်သာ ရှိ၏။

“ပထမဦးဆုံး မိုးမြေကို ဂါရဝပြုပါ။ ဒုတိယအကြိမ် လူကြီးမိဘများကို ဂါရဝပြုပါ။”

ဤမင်္ဂလာပွဲတွင် လူကြီးမိဘများ အများအပြား ရှိ၏။ ရှမ့်လန်၏ မွေးစားမိဘများ ဖြစ်သော ရှမ့်မောင်နှံ၊ ကျန်းချုံး၊ နင်ယွမ်ရှန်း၊ မိဖုရားကြီး ပျံ့၊ မိဖုရားကြီး ကျုံး၊ မိဖုရားကြီးစု တို့ပါဝင်သည်။

“ဇနီးမောင်နှံ အချင်းချင်း ဂါရဝပြုပါ။”

မင်္ဂလာပွဲအခမ်းအနားမှူးက ဦးရီးတော်နင်ချီ ဖြစ်၏။

သူက နောက်ဆုံးအစီအစဉ်ကို အော်ဟစ်ကြေညာလိုက်ချိန်မှာပဲ အပြင်ဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ရှမ့်လန်...”

ဤသည်က မင်းသမီးနင်ဟန်၏ အသံ ဖြစ်၏။ ရှမ့်လန်က ဘာမှမကြားသကဲ့သို့ ဟန်ဆောင်နေ၏။ သူက ကျန်းချွင်းဟွာ နှင့် အခြားသောသူများကို စေ့စပ်သေချာစွာ ဦးညွှတ်၏။

“ရှမ့်လန်...” နင်ဟန်၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

တစ်ချိန်တည်းမှာပဲ “ဒေါင်... ဒေါင်...”

နုရှောင့်မြို့တော် တစ်ခုလုံးရှိ ခေါင်းလောင်းအားလုံးက မတီးခတ်ဘဲ အလိုလို အသံများ မြည်ဟီးလာ၏။ ထိုအရာက ဘာအဓိပ္ပာယ် ဖြစ်သနည်း။ ဈာပန လာပို့လေသည်လား။ ရှမ့်လန် မင်္ဂလာဆောင်သည်ကို သူက လိုက်ပို့လေသည်လား။

ရှမ့်လန်က အပြင်ဘက်သို့ ထွက်လာပြီး လသာဆောင်သို့ ရောက်လာ၏။

ညအချိန် ဖြစ်သည်။ အပြင်ဘက် ပင်လယ်ပြင်၌ ဘာမှမမြင်ရချေ။ မြို့ထဲရှိ ခေါင်းလောင်းသံများက မြည်ဟီးလာခဲ့ပြီးနောက် မရေတွက်နိုင်သည့် မီးတိုင်များ လင်းထိန်လာ၏။ မီးပြတိုက်များမှ မီးမောင်းများ အားလုံးက ပင်လယ်ပြင်ဘက်ဆီသို့ ထိုးစိုက်လာ၏။ နင်ဟန်၏ အသံကို လုံးဝ ရှာမတွေ့ချေ။

မင်းသမီးနင်ဟန်က ရယ်မောကာ ပြော၏။ “ရှမ့်လန်... ကျွန်မက ရှင့်ရဲ့ တော်ဝင်ချန်အင်ပါယာ တည်ထောင်ခြင်းကို ဂုဏ်ပြုဖို့ လာခဲ့တာပဲ။”

သူမ၏ အသံက အရပ်မျက်နှာ အသီးသီးဆီမှ ထွက်ပေါ်လာသကဲ့သို့ပင် အသံ၏ ဇာစ်မြစ်ကို ရှာဖွေရန် မဖြစ်နိုင်ချေ။

“ဒေါင်... ဒေါင်... ဒေါင်...”

မြို့ထဲမှ ခေါင်းလောင်းသံများက ပိုမိုပြင်းထန်စွာ မြည်ဟီးလာ၏။ ရူးသွပ်မတက် မြည်ဟီးနေခြင်းပင်။ ပိုမိုစူးရှကာ နားကွဲလုမတတ် ဖြစ်လာ၏။ နားကွဲလုမတတ် ဆူညံနေသောကြောင့် မြို့ထဲရှိ လူပေါင်းများစွာ တို့က နားကို ပိတ်ထားရ၏။ သူတို့က နားများမှ နာကျင်မှုများကိုပင် ခံစားရသည်။

“ဘုန်း... ဘုန်း...”

ခဏကြာချိန်မှာတော့ ဆိပ်ကမ်းမှ ခေါင်းလောင်းကြီးက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ပြီးနောက် မြို့ထဲရှိ ခေါင်းလောင်းအားလုံးက ဆက်တိုက် ပေါက်ကွဲကုန်လေသည်။

All Chapters