အခန်း (၉၉၉-၁၀၀၀)
Vol. 59 Ch. 999-1000
အပိုင်း (၉၉၉)
“ဒါ... ဒါဘယ်လို စွမ်းအင်လဲ။”
ပဲ့တင်ထပ်မှု များပြားပြီး ကြေးခေါင်းလောင်းအားလုံးကို ကွဲအက် ပေါက်ကွဲစေခဲ့သည်လား။ ခေါင်းလောင်း အားလုံး ကွဲအက်သွားခဲ့ပြီးနောက် မနီးမဝေး ပင်လယ်ပြင်ထက်တွင် လူရိပ်တစ်ခု ပေါ်လာ၏။
လှပလွန်းသော မင်းသမီးနင်ဟန်က ပင်လယ်ရေပြင်ထက်တွင် ခြေဗလာဖြင့် လမ်းလျှောက်၏။ အေးဆေးသက်သာစွာ လျှောက်လှမ်းနေ၏။ သူမက ပြောင်းလဲသွားခဲ့၏။ သူမ အများကြီး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်၏။ သူမက ယခင်ကထက် ပိုမိုလှပပြီး ပိုမို အစွမ်းထက်လာခဲ့သည်။
ရှမ့်လန်က မေးလိုက်၏။ “မင်းသမီးနင်ဟန်... နေကောင်းရဲ့လား။”
မင်းသမီးနင်ဟန်က ပြောသည်။ “ရှင်ရော နေကောင်းရဲ့လား။ ကျွန်မ ရှင့်ကို အရှင်ရှမ့်လန်လို့ ခေါ်ရမှာလား။”
ရှမ့်လန်က ပြောလိုက်၏။ “ဒီအတောအတွင်း ဘယ်လို နေထိုင်ခဲ့ရလဲ။”
မင်းသမီးနင်ဟန်က ဖြေသည်။ “မကောင်းဘူး။ လုံးဝ မကောင်းဘူး။ ရှင် ထွက်ပြေးသွားခဲ့တုန်းက ဆေးထိုးအပ်ထဲမှာ ပိုးမွှား ဘယ်နှစ်မျိုးတောင် ထည့်ခဲ့တာလဲ။ ကြောက်စရာကောင်းတဲ့ အရာတွေက ဘယ်လောက်တောင် ထည့်ခဲ့တာလဲ။ တစ်လအတွင်းမှာတင် ကျွန်မ ရောဂါဆိုး ဆယ်မျိုးလောက်ကို ခံစားခဲ့ရတယ်။ တကယ့်ကို နာကျင်ခဲ့ရတယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ကြည့်ရတာ အရမ်းကောင်းနေသလိုပါပဲ။ အရင်ကထက်တောင် ပိုပြီး လှနေသေးတယ်။”
မင်းသမီးနင်ဟန်က ပြောသည်။ “ကျွန်မက ပြန်လည် မွေးဖွားလာခဲ့တာပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ကြားရတာ သိပ်ပြီး နားထောင် မကောင်းပါလား။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်နဲ့ စေ့စပ်ထားတဲ့ မိန်းမတစ်ယောက်ပဲ။ ဒီနေ့ ကျုပ်ရဲ့ မင်္ဂလာပွဲကို တက်ဖို့လာတာလား။”
မင်းသမီးနင်ဟန်က ပြောသည်။ “မဟုတ်ဘူး။ ကျွန်မက ခေါင်းလောင်း လာပို့တာပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် ကောင်းပြီလေ။ ဒါနဲ့ စေ့စပ်ထားတဲ့ နောက်တစ်ယောက် ဖြစ်တဲ့ မင်းသမီး ကျိရွှမ်ကော နေကောင်းရဲ့လား။”
မင်းသမီးနင်ဟန်က ပြောသည်။ “သူ ကျောက်စိမ်းဖြူမြို့တော်ကို သွားတယ်။ အဲဒီတုန်းက သူ့အခြေအနေ မကောင်းဘူး။ အခုထိ ပြန်မလာသေးဘူး။ ရှင် ကျွန်မတို့ ခန္ဓာကိုယ်ထဲကို ထိုးသွင်းခဲ့တဲ့ အရာတွေက အရမ်းကို အဆိပ်ပြင်းလွန်းတယ်လေ။”
ရှမ့်လန်က ပြောလိုက်၏။ “ဘာမှမရှိပါဘူး။ ကိုယ်ခံအားစနစ်၊ ဇီဝကမ္မ ဖြစ်စဉ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ ပိုးမွှားတချို့ပါပဲ။ ကျုပ်က တိရစ္ဆာန်အကောင်ရေ ထောင်ချီဆီကနေ စုဆောင်းထားခဲ့ရတာ။ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့အရာတွေ ကြီးထွားလာခဲ့သေးလား။ ဒါနဲ့ ခင်ဗျားရဲ့ သွေးသားတွေ ဘာတွေ အပြောင်းအလဲ မဖြစ်ဘူးလား။”
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ကို အစွမ်းထက်တဲ့ သွေးမျိုးဆက် ပေးခဲ့တဲ့ ရှင့်ရဲ့အဖေကို ကျေးဇူးတင်ရမယ်။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ဇီဝသုတေသနဌာနကိုလည်း ကျေးဇူးတင်ရမယ်။ ဒါ့အပြင် သွေးမျိုးဆက်ရဲ့ နောက်ဆုံးအဆင့် ပြောင်းလဲမှုကို ပြီးမြောက်စေပြီး ကြောက်စရာကောင်းတဲ့ ရောဂါဆိုးကို ဖယ်ရှားပေးခဲ့တဲ့ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမြုတေကိုလည်း ကျေးဇူးတင်ရမှာပေါ့။
ကျွန်မသာ မမှားဘူးဆိုရင် ရှင် ကျွန်မတို့ ခန္ဓာကိုယ်ထဲကို ထိုးထည့်ခဲ့တဲ့ အရာတော်တော်များများက ရှင့်ရဲ့ညီမလေး... မင်းသမီး ကျိနင်ရဲ့ သွေးထဲကနေ ထုတ်ယူထားခဲ့တာ မဟုတ်လား။”
ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ပိုပြီး အရပ်ရှည်လာတယ်။ ရင်သားတွေက ပိုပြီးကြီးလာတယ်။ ခန္ဓာကိုယ် အချိုးအစားက မကောင်းဆိုးဝါးမလေးလို ဖြစ်လာတာ မဆန်းဘူးပဲ။ ကျုပ် ခင်ဗျားကို မမှတ်မိလုနီးပါး ဖြစ်သွားခဲ့တယ်။ ဂုဏ်ယူပါတယ် နင်ဟန်... ခင်ဗျားက အလှဆုံး မိန်းမပျိုဘွဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီ။ ခင်ဗျားရဲ့ အလှက ဘုရင်မ မီဒူဆာကိုတောင် ယှဉ်နိုင်လောက်တယ်။”
ရှမ့်လန် စကားပြောနေစဉ်မှာပဲ အမြှောက်ဆယ်လက်ကျော်နှင့် ရှေးဟောင်း ဒူးလေးကြီး ဒါဇင်ပေါင်း များစွာတို့က ချိန်ရွယ်လိုက်ကြ၏။ “ပစ်...”
အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် အမြှောက်ဆယ်လက်ကျော်နှင့် ရှေးဟောင်း ဒူးလေးကြီး ဒါဇင်ပေါင်းများစွာ တို့က အရူးအမူး ပစ်ခတ်၏။ မျက်စိတစ်မှိတ်အတွင်း ဤအမြှောက်ဆံများနှင့် မြားကြီးများက မီတာထောင်ချီ အဝေးသို့ ပျံသန်းသွားခဲ့၏။ ထိုအရာက လေထဲတွင် မျဉ်းကွေးရှည်ကြီးများ ရေးဆွဲသကဲ့သို့ မင်းသမီးနင်ဟန်၏ ပုံရိပ်ဆီသို့ ဝင်ရောက်သွားသည်။
“ဘုန်း... ဘုန်း...”
လောကကြီးတစ်ခုလုံး တုန်ဟီးသွားစေနိုင်သည့် ပေါက်ကွဲသံကြီးများ ဆက်တိုက်ထွက်ပေါ်၏။ ရုတ်ချည်းပဲ မရေတွက်နိုင်သော မီးတောက်များက မင်းသမီးနင်ဟန်၏ ပုံရိပ်ကို ဝါးမြိုသွား၏။
ဤအထူးအမြှောက်ဆံများက ရေမျက်နှာပြင်နှင့် ထိမှန်လျှင် ပေါက်ကွဲနိုင်စွမ်းရှိ၏။ အမြှောက်ဆံ တစ်လုံးလျှင် ကီလိုဂရမ် တစ်ရာကျော် အလေးချိန်ရှိ၏။ ဤပေါက်ကွဲမှုကြောင့် မီတာရာပေါင်းများစွာ အတွင်းရှိ ပင်လယ်ပြင်က ချက်ချင်းဆိုသလို မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ရှေးဟောင်းမြားကြီးများက ဒါဇင်ပေါင်းများစွာ ပို၍ တိကျ၏။ မီတာထောင်ချီ ဝေးကွာနေသော်လည်း တချို့က မင်းသမီးနင်ဟန်၏ ပုံရိပ်ကို ထွင်းဖောက်သွားခဲ့၏။ ထိုအရာက ပေါက်ကွဲပြီး အပြာရောင် အလင်းတန်းများအဖြစ် ဖြာထွက်သွားစေ၏။ မျက်စိတစ်မှိတ်အတွင်း မင်းသမီးနင်ဟန်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ပြန်၏။
အချိန်အတော်ကြာပြီးနောက် မီးတောက်များနှင့် အပြာရောင် အလင်းတန်းများက ပျောက်ကွယ်သွား၏။ ပင်လယ်ပြင်ကလည်း ပြန်လည်တည်ငြိမ်သွားသည်။
မင်းသမီးနင်ဟန်၏ ပုံရိပ်က ပင်လယ်ရေမျက်နှာပြင် ပေါ်တွင် တစ္ဆေတစ်ကောင်နှယ် ပေါလောပေါ်နေဆဲပင်။
သူမက ပြုံးကာ ပြော၏။ “အရှင်ရှမ့်လန်... စတွေ့တွေ့ချင်း ဘာလို့ ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အရာမျိုးကို လုပ်ရတာလဲ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါက ခင်ဗျားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြသတာပါပဲ။ အမြှောက်တွေ ပစ်ဖောက်ရုံတင်မကဘူး။ ခင်ဗျား ကိုပါ အမြောက်ထဲ ထည့်ပစ်လို့ရရင် ပစ်ချင်မိတယ်။”
ဤအချိန်မှာတော့ ပင်လယ်ထဲမှ လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ သူမက ရှမ့်လန်ဘက်မှ အကောင်းဆုံးသော သိုင်းပညာရှင် ချောင်ယောင်းအာပင်။ သူမက ဤမင်္ဂလာပွဲကို မတက်ရောက်ခဲ့ချေ။ အနာဂတ်တွင် သူမက ရှမ့်လန်နှင့် အိပ်ချင်လျှင် အိပ်မည်။ လောကအဆုံးထိ ခရီးသွားချင်လျှင် သွားမည်။ မည်သည့်အခမ်းအနားမှ မလိုအပ်ချေ။ ထို့အပြင် သူမ၏ ယောက်ျားက မူလန်ပြီးလျှင် သူမကို အချစ်ဆုံးဖြစ်ကြောင်း သိရှိ ခံစားမိပြီးသား ဖြစ်သည်။
သူမ၏ ကိုယ်ဖော့ပညာက လျှပ်စီးလက်သကဲ့သို့ပင် လှိုင်းတံပိုးများကို နင်းလျှောက်ကာ မင်းသမီးနင်ဟန် ဆီသို့ တည့်တည့်ပြေးဝင်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မင်းသမီးနင်ဟန်... ခင်ဗျား ဘယ်လို ရိုးတွင်းခြင်ဆီ ဆေးကြောခြင်း အမြုတေမျိုးကို ထိုးသွင်းထားခဲ့တာလဲလို့ မေးလို့ရမလား။ ခင်ဗျား အခု ဘယ်ရှေးဟောင်းလူသားနဲ့ ပိုနီးစပ်သွားခဲ့တာလဲ။ ဝါး... ခင်ဗျားက လုံးဝပြီး မို့မောက်လာတာပဲ။ တကယ့်ကို မှော်ဆန်တဲ့ ခန္ဓာကိုယ်ပဲ။ ဒါက ဘယ်လို သွေးမျိုးဆက်လဲ။ ကောင်းကင်ပင်လယ်နန်းဆောင်မှာ ဒီလိုကောင်းတာတွေ ရှိရက်နဲ့ အရင်တုန်းက ဘာလို့ ခင်ဗျားကို မသုံးခိုင်းခဲ့ရတာလဲ။”
မင်းသမီးနင်ဟန်က ပြော၏။ “အရှင်ရှမ့်လန်... ဒီခန္ဓာကိုယ်က လှရဲ့လား။”
“လှတာပေါ့။ သိပ်ကို လှတယ်။” ရှမ့်လန်က ပြန်ဖြေသည်။
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အခု ကျွန်မမှာ အရမ်းခက်ခဲတဲ့ ရွေးချယ်မှုတစ်ခု ရှိနေတယ်။ ဒီခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး နောက်တစ်ခု ပြောင်းရမလားလို့လေ။”
ရှမ့်လန်က ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဒီလောက်လှတဲ့ ခန္ဓာကိုယ်ကို အခုထိ မသုံးရသေးဘူးလား။ ဘာလို့ လွှင့်ပစ်မှာလဲ။ မပြောင်းခင် အဲဒီ အလွှာပါးလေးကို အရင် ဖောက်လိုက်ပါလား။ ကျုပ် ဝမ်းသာအားရနဲ့ ကူညီပေးပါမယ်။”
မင်းသမီးနင်ဟန်က ပြောလိုက်၏။ “အတိုင်းအတာတစ်ခုထိ ပြောရမယ်ဆိုရင် ဒီခန္ဓာကိုယ်ရဲ့ သွေးမျိုးဆက်က ရှင့်အဖေ ကျွန်မကို ပေးခဲ့တာပဲ။”
ထိုအချိန်မှာပင် ချောင်ယောင်းအာက ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ လက်ထဲမှ သူရဲကောင်းဓားကြီးဖြင့် ခုတ်ချသည်။
ဘုန်း...
ကျယ်လောင်လွန်းသော အသံကြီးနှင့်အတူ မီတာ ဒါဇင်ပေါင်းများစွာ ကျယ်ဝန်းသော ပင်လယ်ပြင်က တည့်တည့်ကြီး နှစ်ခြမ်းကွဲ၏။
သို့သော်ငြား မင်းသမီးနင်ဟန်က ဘေးကင်းလုံခြုံနေဆဲပင်။ သူမက နေရာမှ ပျောက်ကွယ်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း မီတာ ရာပေါင်းများစွာ ဝေးကွာသည့် ပင်လယ်ပြင်ပေါ်တွင် ပြန်ပေါ်လာ၏။ မင်းသမီးနင်ဟန် က မေးလိုက်သည်။ “အရှင်ရှမ့်လန်... ကိုယ့်ကိုယ်ကိုယ် တရားမျှတတယ် ထင်လား။”
ရှမ့်လန်က ပြော၏။ “ဒါပေါ့... သိပ်ကို တရားမျှတတာပေါ့။ ခင်ဗျားလည်း တရားမျှတတာပဲလေ။ ရုပ်ချောရင် တရားမျှတတာပဲ။ ခင်ဗျားက တရားမျှတခြင်းရဲ့ အထွတ်အထိပ်ပဲ။ ကျုပ်တို့က ကလေးတွေမှ မဟုတ်တာ။ ဘာကိစ္စ တရားမျှတမှုတွေ အကြောင်းတွေ ပြောနေမှာလဲ။ ကျုပ်တို့က အမုန်းတရားတွေ အကြောင်း ပြောကြမယ်။ တရားမျှတမှုကို ကိုယ်စားပြုပြီး ခင်ဗျားကိုသုတ်သင်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ကျုပ်ရဲ့ ရည်မှန်းချက်က ဘယ်တော့မှ မပြောင်းလဲဘူး။ လောကမှာ အမှန်တရားဆိုတာ မရှိဘူး။”
ပြီးနောက် ရှမ့်လန်က စာရွက်နှင့် စုတ်တံကို ယူပြီး စာရွက်ပေါ်တွင် စာလုံးနှစ်လုံး ရေးသည်။ “နင်ဟန်”
ရှမ့်လန်က ဆို၏။ “ကြည့်အုံး။ ခင်ဗျားက ကျုပ်ရဲ့ ရန်သူစာရင်းထဲ ပါနေပြီ။”
မင်းသမီးနင်ဟန်က ပြုံးကာ ပြောသည်။ “ရှမ့်လန်... ကျွန်မက တကယ်တော့ အရမ်းကို အလုပ်များတယ်။ ပြီးတော့ အရမ်း ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချနေရတာ။ ကျွန်မမှာ ရှင့်ကို လာရှာဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ ထျန်းရွှဲ့မြို့ တိုက်ပွဲမှာ ရှင်နိုင်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ်မှာ ဘာအရည်အချင်း ရှိလို့လဲ။”
မင်းသမီးနင်ဟန်က ပြောသည်။ “ရှင့်ရဲ့ အိမ်မက်ဆိုး ကျောက်တုံးသံလိုက်ဗုံးက အရမ်းကောင်းတယ်။ ကျွန်မတို့ရဲ့ ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေးကိရိယာကို အလုပ် မလုပ်နိုင်အောင် တားဆီးနိုင်တယ်။”
ရှမ့်လန်က ခါးသက်စွာ ပြုံးလိုက်၏။ “အခုတော့ ခင်ဗျားမှာ အိမ်မက်ဆိုး ကျောက်တုံးသံလိုက်ဗုံးကို ကာကွယ်နိုင်တဲ့ နည်းလမ်း ရှိနေလောက်ပြီ။ ကျုပ်ရဲ့ လက်နက်က အာနိသင် မရှိလောက်တော့ပါဘူး။”
မင်းသမီးနင်ဟန်က ပြောလိုက်သည်။ “ပြီးတော့ ရှင့်ရဲ့ ဒုံးပျံတွေကလည်း မဆိုးဘူး။ ဒါနဲ့ ဘယ်လို နာမည်ခေါ်လဲ။”
ရှမ့်လန်က ဖြေ၏။ “ငရဲမီး ဒုံးပျံလို့ ခေါ်တယ်။”
မင်းသမီးနင်ဟန်က ပြောသည်။ “အရမ်း အစွမ်းထက်တယ်။ အပူချိန် အများကြီးကို ထုတ်လွှတ်နိုင်ပြီး ကျွန်မတို့ရဲ့ သွေးဝိညာဉ် သံချပ်ကာကိုတောင် တိုက်ရိုက် အရည်ပျော်စေခဲ့တယ်။”
ရှမ့်လန်က ခါးသက်စွာ ပြုံးလိုက်၏။ “ဒါဆိုရင် ခင်ဗျားရဲ့သံချပ်ကာကို နောက်တစ်ကြိမ် အဆင့်မြှင့်တင် ထားတော့မှာပေါ့။ ကျုပ်ရဲ့ ငရဲမီးဒုံးပျံနဲ့ သာမိုက်ဗုံးတွေက ဖောက်နိုင်မှာ မဟုတ်တော့ဘူး။ ခင်ဗျားက တကယ့်ကို ပြီးပြည့်စုံတဲ့ သံချပ်ကာတွေနဲ့ ဖြစ်လာတော့မှာပဲ။”
အကယ်၍ ရှမ့်လန်၌ အချိန်လုံလောက်စွာ ရှိပါက သူက သံချပ်ကာကို အလွယ်တကူ အဆင့်မြှင့်တင်နိုင်စွမ်း ရှိ၏။ အဖြိုက်နက် အမြှောက်များ လိုအပ်ရုံသာ ရှိ၏။ သံချပ်ကာ မျက်နှာပြင်ပေါ်တွင် အဖြိုင်နက် တစ်လွှာ အုပ်လိုက်ပါက အပူချိန် သုံး၊ လေးထောင် ဒီဂရီ စင်တီဂရိတ်ကို ခံနိုင်ရည်ရှိမည်။ သို့သော်ငြား ဤမျှနှင့် မလုံလောက်သေးချေ။ အထဲတွင် လုံးဝ အပူခံ ကာကွယ်နိုင်သည့် အလွှာတစ်ခုလည်း ရှိရန် လိုအပ်၏။ သို့မှသာလျှင် အပူချိန် မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်နိုင်ပေမည်။
မင်းသမီးနင်ဟန်က ပြော၏။ “ကျွန်မ တကယ့်ကို အလုပ်များနေတာပဲ။ ဒီတစ်ခေါက် ပြန်လာတော့ ကောင်းကင်ပင်လယ် နန်းဆောင်ကိုတောင် ပြန်ဖို့ အချိန်မရခဲ့ဘူး။ ရှင့်ကို လာရှာခဲ့ရတယ်။”
ရှမ့်လန်က ပြောသည်။ “ဒါဆို ခင်ဗျား ဘယ်ကနေ လာခဲ့တာလဲ။”
မင်းသမီးနင်ဟန်က ပြော၏။ “ခန့်မှန်းကြည့်လေ။”
ထိုအချိန်မှာတော့ ချောင်ယောင်းအာက လျှပ်စီးလက်သကဲ့သို့ ပြေးဝင်ပြီး မင်းသမီးနင်ဟန်၏ ပုံရိပ်ကို ဓားဖြင့် ခုတ်ပိုင်းသည်။
သို့သော်ငြား အလင်းတန်းတစ်ချက် လက်ခနဲ ဖြစ်ပြီး မင်းသမီးနင်ဟန်က မီတာတစ်ရာ အကွာအဝေးအတွင် ပျောက်ကွယ်သွားခဲ့၏။
“ရှမ့်လန်... ကျွန်မ မကြာခင် ပြန်လာခဲ့မယ်။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ စစ်တပ်ကို ခေါ်ပြီး ရှင့်ရဲ့ နုရှောင့်မြို့ကို ဖျက်ဆီးပစ်မယ်။ တစ်မြို့လုံးကို မြေလှန်ပစ်ပြီး ဒီမှာရှိတဲ့ လူတိုင်းကို သတ်ပစ်မယ်လို့ ကတိပေးတယ်။”
မင်းသမီးနင်ဟန်က ပြုံးကာ ပြောသည်။ “အခု နှုတ်ဆက်ပါတယ်။”
ပြီးနောက် မင်းသမီးနင်ဟန်၏ ပုံရိပ်က တဖြည်းဖြည်း မှိန်ဖျော့ပြီး လူတိုင်း၏ မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွား၏။
“ဘုန်း... ဘုန်း...”
နုရှောင့်မြို့တော်ပေါ်ရှိ ရှေးဟောင်း ဒူးလေးကြီး ဒါဇင်ပေါင်း များစွာက ရုတ်တရက် ပေါက်ကွဲ၏။ အပိုင်းအစများအဖြစ် ကြေမွသွား၏။ လူတိုင်းက လုံးဝ တုန်လှုပ်သွား၏။ မင်းသမီးနင်ဟန်က ကြောက်မက်ဖွယ်ရာကောင်းပြီး လုံးဝ မသိနားမလည်နိုင်သည့် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော် ပြသသွားသည်။
ရှမ့်လန်က ခန်းမဆောင်ကြီးထဲသို့ ပြန်ဝင်လာပြီး ပြော၏။ “ကဲ... မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တော့ ပြန်သွားပြီ။ မင်္ဂလာပွဲ ဆက်လုပ်ကြရအောင်။ နောက်အဆင့် ဘာလုပ်ကြမလဲ။”
“မင်္ဂလာဦး အိပ်ခန်းထဲသာ ဝင်လိုက်ပါတော့။”
“ကောင်းပြီ။”
..............
မင်္ဂလာဦးညမှာတော့ ကျန်းချွင်းဟွာဟာ သူမလိုချင်သည်ကို ရရှိခဲ့ပြီး ရှမ့်လန်ကတော့ အသက်ထက်ဝက်ခန့် ပျောက်ဆုံးလုနီးပါးပင်။
“မင်းက သတို့သမီးလေ... ဘာလို့ ဒီလောက်တောင် အငမ်းမရ ဖြစ်နေရတာလဲ။” ရှမ့်လန်က တုန်တုန်ယင်ယင်နှင့် ပြော၏။
ကျန်းချွင်းဟွာဟာ ပြောလိုက်သည်။ “တခြားသော မိန်းမတွေက ရှင့်အလိုကို လိုက်လျောပေမဲ့ ကျွန်မက မလိုက်လျောနိုင်ဘူး။ အမှန်တရားကို အရှင်သိဖို့ လိုတယ်။ အရှင် ကျွန်မကိုတောင် မနိုင်ဘဲ နောက်ထပ် နန်းတွင်းသူတွေ ထပ်မဖြည့်ပါနဲ့တော့။”
ဤအမျိုးသမီးက ရှမ့်လန်အား တကယ့်ပင် သိမ်ငယ်စေခဲ့၏။ အိမ်တော်မဝင်ခင်က ရှမ့်လန်၏ သွေးမျိုးဆက်က ထူးခြားကြောင်း၊ မျိုးဆက် ပြန့်ပွားရန် လိုအပ်ပြီး ကိုယ်လုပ်တော် ယူသင့်ကြောင်း ထပ်တလဲလဲ ပြော၏။ အိမ်တော်ထဲသို့ ဝင်သည်နှင့် ရှမ့်လန်၏ စွမ်းဆောင်ရည်က သာမန်သာရှိပြီး နောက်ထပ် မိန်းမထပ်ယူလျှင် နိုင်နင်းမည် မဟုတ်ကြောင်း ပြောဆိုနေ၏။
“ဟင်း...တကယ် မလွယ်ပါလား။” ရှမ့်လန်က ပျားရည်နှစ်ခွက်ကို ဆက်တိုက်သောက်လိုက်သည်။
“ဒီခံစားချက်က သိပ်ကို လှပလွန်းတယ်။ ကျွန်မ ခြောက်နှစ်လုံးလုံး လွဲချော်ခဲ့ရတာပဲ။”
ကျန်းချွင်းဟွာက လှပစွာ ရှူရှိုက်၏။ “ခြောက်နှစ်လုံးလုံး... ရက်ပေါင်း နှစ်ထောင်ကျော်... ပျော်ရွှင်စရာ အချိန်နာရီတွေ အများဆုံးတွေကို ကျွန်မ ဖြုန်းတီးပစ်ခဲ့ရတာပဲ။ ကျွန်မရဲ့ ပျိုမြစ်ခြင်းတွေကို အရှင် ပြန်ပြီး ပေးဆပ်ရမယ်။ ကျွန်မရဲ့ လှပတဲ့ နှစ်ကာလတွေကို ပြန်ပြီး ပေးဆပ်ရမယ်။”
ရှမ့်လန်က မတ်တတ်ထရပ်ပြီး ပုခုံးပေါ်တွင် ဝတ်ရုံတစ်ထည်ကို လွှမ်းခြုံသည်။
“ဘယ်သွားမလို့လဲ။ ဒါ ကျွန်မတို့ရဲ့မင်္ဂလာဦးညလေ။ ကျွန်မနဲ့အတူ အချိန် ကြာကြာမနေပေးနိုင်ဘူးလား။” ကျန်းချွင်းဟွာက မေးလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အချိန်မရှိတော့ဘူး။ မင်း မကြားလိုက်ဘူးလား။ နင်ဟန်က မကြာခင် ရောက်လာတော့မယ်။ ဒီတစ်ခါ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ တကယ့် ပင်မတပ်ဖွဲ့ လာမှာ။”
“လာစမ်းပါ... လာကြစမ်းပါ။ ပိုများလေ ပိုကောင်းလေပဲလို့ မျှော်လင့်မိတယ်။”
ပြီးနောက် ရှမ့်လန်က ဝတ်ရုံကို ဝတ်ဆင်ပြီး အခန်းထဲမှ ထွက်ခွာ၏။ ရဲတိုက်ကြီး၏ မြေအောက်ခန်းထဲသို့ လျှောက်သွားလေ၏။
...........
အပိုင်း (၁၀၀၀)
အရှေ့တိုင်းမင်းဆက်၏ ကသောင်းကသင်း နိုင်သည့် ခေတ်ကာလသို့ ရောက်ရှိနေ၏။
ဝူဘုရင်က သတ်ဖြတ်ပွဲကြီးကို စတင်ခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ အင်အားစုများကို သန့်စင်ဖယ်ရှားကာဖြင့် တော်ဝင်ရန်မင်းဆက်ကို ပုန်ကန်ကြောင်း ၊တော်ဝင်ချန် အင်ပါယာအပေါ် သစ္စာခံကြောင်း လူသိရှင်ကြား ကြေညာခဲ့၏။
ပြီးနောက် ချောင်ဘုရင်က ပို၍ပင် ရက်စက်ပြခဲ့သေး၏။ သူက ချောင်ပြည်နယ်အတွင်းရှိ ပုန်ကန်သည့် လူပေါင်းများစွာတို့ကို တိုက်ရိုက် သတ်ဖြတ်ခဲ့ပြီး တော်ဝင်ရန်အင်ပါယာ၏ အင်အားစုများကို အမြစ်ပြတ် လုနီးပါး သုတ်သင် ရှင်းလင်း၏။ ပြီးနောက် တော်ဝင်ရန်ကို ပုန်ကန်ကြောင်းနှင့် တော်ဝင်ချန် အင်ပါယာသို့ ဝင်ရောက်ကြောင်း တရားဝင် ကြေညာခဲ့သည်။
နောက်ဆုံးတွင် တော်ဝင်ချန် အင်ပါယာကို တရားဝင် တည်ထောင်ခဲ့ပြီး မြို့တော်ကို နုရှောင့်မြို့အဖြစ် ယာယီ သတ်မှတ်ခဲ့၏။ အင်ပါယာ၏ ကြီးကျယ်မြင့်မြတ်သည့် အခမ်းအနားက နုရှောင့်မြို့တော် တကယ့်ကို နွမ်းနွမ်းပါးပါး ပြုလုပ်ခဲ့သော်လည်း မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။
အစပထမတွင် သေးငယ်သော်လည်း တဖြည်းဖြည်း ကြီးထွားလာပြီးနောက် လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။
ဤသတင်းက အရှေ့တိုင်း လောကတစ်ခုလုံးကို ပြန့်နှံ့သွားချိန်မှာ မုန်တိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ပင်။ တကယ့် ဟာရီကိန်းမုန်တိုင်းကြီး တစ်ခုကဲ့သို့ လောကကြီးတစ်ဝက်ကို ဖြတ်ကျော် တိုက်ခိုက်သွား၏။ တော်ဝင်ချန်မင်းဆက် ကို တရားဝင် တည်ထောင်လိုက်ပြီ ဖြစ်သည်။
ယနေ့မှစ၍ အရှေ့တိုင်း လောကကြီးတွင် မင်းဆက်နှစ်ခုနှင့် အင်ပါယာ နှစ်ခု ရှိလာ၏။ ကောင်းကင်တွင် နေနှစ်စင်း မရှိနိုင်သကဲ့သို့ ပြည်သူလူထုတို့တွင်လည်း သခင်နှစ်ပါး မရှိနိုင်ချေ။ အရှေ့တိုင်း လောကကြီးတွင် စစ်မှန်သည့် နဂါးနှင့် ကောင်းကင်ဘုံ၏ သားတော် တစ်ပါးတည်းသာ ရှိနိုင်၏။
နိုင်ငံရေးအမြင်အရ ကြည့်လျှင် တော်ဝင်ရန်မင်းဆက်က လက်အောက်ခံ နိုင်ငံသုံးခုနှင့် စတုရန်းကီလိုမီတာ နှစ်သန်းကျော်ရှိသည့် နယ်မြေကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းပင်။
တော်ဝင်ရန်မြို့တော်ရှိ လေထုက အချိန်မရွေး ပေါက်ကွဲနိုင်ခဲ့သည့် အထူးဗုံးကြီး တစ်လုံး ခေါင်းပေါ်တွင် ရှိနေသကဲ့သို့ပင်။ အင်ပါယာက စစ်မှန်သည့် နဂါးတစ်ကောင်၏ အမျက်ဒေါသဖြင့် အချိန်မရွေး ပေါက်ကွဲထွက်ပေတော့မည်။
သို့သော်ငြား အင်ပါယာက အသံတစ်ချက်မှပင် မပြုသောကြောင့် နန်းတွင်းတစ်ခုလုံးက အသက်ရှုမှားမတတ် ဖြစ်နေ၏။ မိုးချိန်းသံ အချိန်မရွေး ပေါ်ပေါက်လာမည့်အလားပင်။ ကောင်းကင်ကြီးတစ်ခုလုံးက တိမ်မဲများဖြင့် ဖုံးလွှမ်းနေသကဲ့သို့ပင်။
...........................
ဝူ၊ ရှောင်နှင့် ရွှဲပြည်နယ်တို့က စိတ်သက်သာရာ မရကြပေ။ တကယ်တော့ သူတို့က ပို၍ပင် စိတ်ဓာတ်ကျပြီး ကြောက်လန့်နေ၏။
ရွှဲပြည်နယ်အတွက်တော့ အဆင်ပြေသေး၏။ ပြည်သူအားလုံးနီးပါးက ရှမ့်လန်ဘက်တွင် ရှိနေကြပြီး ချောင်ပြည်သူများက ချောင်ဘုရင်တွင် ရှိ၏။ သို့သော်ငြား သူတို့က ရွှဲပြည်နယ်ထက် တော်ဝင်ရန် အင်ပါယာကို ပို၍ ကြောက်ရွံ့၏။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်တပ် ကို အနိုင်ယူသည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မတွေ့ကြုံခဲ့ရသောကြောင့်ပင်။
ထို့အပြင် အင်ပါယာက တိတ်ဆိတ်နေလေ ၊ ဝူနှင့် ချောင်ပြည်နယ် ပြည်သူများက ပို၍ ကြောက်လန့်လေပင်။ သူတို့က ငလျင်မလှုပ်မီ သားရဲကောင်ငယ်လေးများကဲ့သို့ ဖြစ်နေပြီး ကပ်ဘေးကြီး ဆိုက်တော့မည်ကို သိနေသော်လည်း ကြောက်လန့်တုန်လှုပ်ရုံမှတစ်ပါး ဘာမှ မတတ်နိုင်ကြချေ။ သူတို့အတွက် လောက ပျက်ကပ်ကြီးက ရောက်ရှိလာတော့မည်ဟု ခံစားနေရသည်။
အင်ပါယာက အသံမပြုသေးသော်လည်း တိမ်မဲများက စုဝေးနေပြီ ဖြစ်သလို လျှပ်စီးများကလည်း လက်နေ၏။ မရေတွက်နိုင်သည့် စစ်သည်များက စုဝေးနေ၏။ ချန်နိုင်ငံသစ်၏ စစ်တပ်များက စုဝေးနေ၏။ လျန်နိုင်ငံ၊ ကျင်းနိုင်ငံ၊ စသည့် နိုင်ငံများအပြင် တောင်ဘက် ပြည်နယ်သုံးခုမှ လွဲ၍ မြောက်ဘက်ရှိ လက်အောက်ခံ နိုင်ငံအားလုံးနီးပါးက သူတို့၏ စစ်တပ်များကို စုစည်းနေ၏။
အထူးသဖြင့် ချန်နိုင်ငံသစ်နှင့် လျန်နိုင်ငံတို့ပင်။ စုစည်းထားသည့် စစ်သည်အရေအတွက်က တကယ့်ကို များပြားလွန်း၏။ ကောင်းကင်မှာ ငုံ့ကြည့်လိုက်လျှင် အရှေ့မှ အနောက်သို့၊ တောင်မှ မြောက်သို့ မရေတွက်နိုင်သည့် လမ်းများပေါ်တွင် စစ်သည်များနှင့် ပြည့်နှက်နေသည်ကိုသာ မြင်ရမှာ ဖြစ်၏။ လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်က မြင်ကွင်းမျိုး ပြန်ပေါ်လာပေတော့မည်။
ဤစစ်တပ်ကြီး စုဝေးလာပုံက မြစ်ချောင်းများ ပေါင်းဆုံလာသကဲ့သို့ပင်။ မရေတွက်နိုင်သည့် ချောင်းငယ်လေး များက မြစ်ထဲသို့ စီးဝင်လာခဲ့ပြီး မရေတွက်နိုင်သည့် မြစ်များက မြစ်ကြီးများထဲသို့ စီးဝင်၏။ နောက်ဆုံး မြစ်ကြီးများက ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့ပင်။
တော်ဝင်ရန်အင်ပါယာ၏ မရေတွက်နိုင်သည့် စစ်သည်များက တုန်လှုပ်ဖွယ်ရာ ဆူနာမီလှိုင်းလုံးကြီး တစ်ခုနှင့်တူ၏။ အင်အားအားလုံး စုစည်းလိုက်သည်နှင့် ကောင်းကင်ကြီး ပြိုကျပြီး မြေပြင်က ကွဲအက်ပေ လိမ့်မည်။
ဆူနာမီ လှိုင်းလုံးကြီးက တောင်ဘက်သို့ တိုက်ခိုက်ပြီး ပြည်နယ်သုံးခုကို ချက်ချင်း ဝါးမြိုပေလိမ့်မည်။
ဤစစ်တပ်ကြီးကို အုပ်စုသုံးစု ခွဲထား၏။ အရှေ့ဘက် စစ်တပ်၏ စစ်သေနာပတိက ကျင်းနိုင်ငံ၏ အိမ်ရှေ့စံ မင်းသားဖြစ်ပြီး မြောက်ဘက်စစ်တပ်၏ စစ်သေနာပတိက ချန်နိုင်ငံသစ်၏ အိမ်ရှေ့စံမင်းသား ရင်ဝူမင်ပင်။ အရှေ့ဘက် စစ်တပ်၏ စစ်သေနာပတိက တော်ဝင်ရန်အင်ပါယာ၏ မင်းသားဝူ ဖြစ်သည်။
ဤစစ်တပ်ကြီး သုံးခုက တကယ့်ကို ကြီးမားလွန်းသောကြောင့် စုစည်းရန် အချိန်တော်ကြာပေလိမ့်မည်။ အင်ပါယာက အသံမပြုသေးချေ။ အသံပြုရန် အစီအစဉ် မရှိသည်လည်း ဖြစ်နိုင်၏။ သူက တိတ်ဆိတ်စွာဖြင့် မိုးခြိမ်းသံကို နားထောင်နေခြင်းပင်။
ကြီးမားသည့် ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာရန် နှစ်ပေါင်းများစွာ လိုအပ်သော်လည်း တကယ်တမ်း ဖြစ်လာချိန်ကတော့ မိနစ် အနည်းငယ်သာ လို၏။ သို့သော်ငြား ဤမိနစ် အနည်းငယ်အတွင်း ပေါက်ကွဲ ထွက်လာသည့် စွမ်းအင်က အရာအားလုံးကို ဖျက်သိမ်းနိုင်၏။ ကောင်းကင်နှင့် မြေပြင်အား အမှန်တကယ် ဖျက်ဆီးပစ်နိုင်၏။
ဤ တပ်တော်ကြီး သုံးခုက လုံလောက်နေပြီ ဖြစ်ပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် ကြီးမား၏။ သို့သော်ငြား သူတို့က ဆက်လက် စုဝေးနေကြဆဲပင်။ ကျိုးပေါက်သွားမည့် ရေလှောင်ကန်ကြီး တစ်ခုကဲ့သို့ပင် ရေမျက်နှာပြင်က ဆက်လက် မြင့်တက်နေသည်။
ဤအချိန်တွင် တော်ဝင်ချန်အင်ပါယာက ကမ္ဘာလောကသို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး တော်ဝင်ရန်၏ မီးတောက်မြို့တော်၊ ချန်နိုင်ငံသစ်၊ ကျင်းနိုင်ငံနှင့် အခြားသောနိုင်ငံအားလုံးသို့ သဝဏ်လွှာ ပေးပို့၏။
ယနေ့မှစ၍ ဝူ၊ ချောင်နှင့် ရွှဲပြည်နယ်တို့က တော်ဝင်ချန်အင်ပါယာ၏ လက်အောက်ခံနိုင်ငံများအဖြစ် တရားဝင် ဖြစ်လာခဲ့ပြီး တော်ဝင်ချန် အင်ပါယာ၏ အကာအကွယ်ကို ရရှိမည်။
မည်သည့်နိုင်ငံ သို့မဟုတ် အင်အားစုမဆို ပြည်နယ်သုံးခု၏ နယ်မြေများကို ကျူးကျော်ခွင့်မပြုရ။ ထိုသို့ ကျူးကျော်ခဲ့ပါက တော်ဝင်ချန်အင်ပါယာအား စစ်ကြေညာခြင်းဟု မှတ်ယူမှာ ဖြစ်၏။
တော်ဝင်ချန် အင်ပါယာ၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် မည်သည့် စစ်တပ်ကိုမဆို အကြီးအကျယ် ချေမှုန်းမှာ ဖြစ်ပြီး ဤလောကကြီးထဲမှ လုံးဝ ဖျက်ဆီး သုတ်သင်ခြင်း ခံရမည်။ ကြိုတင် သတိမပေးဟု မပြောကြရန် အသိပေးခဲ့ခြင်းပင်။ တနည်းအားဖြင့် ခြိမ်းခြောက်ခြင်း ဖြစ်သည်။
သဝဏ်လွှာအတွင်းတွင် ကြီးမားထင်ရှားသည့် စာလုံးတချို့ပါဝင်၏။ လောကကြီးထဲမှ လုံးဝ သုတ်သင်ခံရမည်။ ဤလေသံက မာနကြီးလွန်းလှပြီး တုန်လှုပ်စရာကောင်း၏။
အစပထမ၌ အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်း၌ နိုင်ငံအားလုံးက ရယ်မောကြသည်။
“ရှမ့်လန်... မင်းရဲ့စကားလုံးတွေက ကောင်းကင်ကြီးကို ဝါးမြိုတော့မလိုပဲ။ မင်းဆီမှာ စစ်သည် စုစုပေါင်း ဘယ်လောက်ရှိလဲ။ ငါးသောင်းလောက်ပဲ ရှိတာ။”
သွေးဝိညာဉ်စစ်တပ် စစ်သည် နှစ်သောင်းက အပြည့်အဝ ပြင်ဆင်မထားသည့်အချိန်တွင် တိုက်ခိုက်ခံ ရခြင်းပင်။ ထိုအရာတောင်မှ ရှမ့်လန်က အနိုင်ရရန် အသက်ပေါင်းများစွာနှင့် ရင်းနှီး ပေးဆပ်ခဲ့ရ၏။ ထို့အပြင် လက်နက်အားလုံး အကုန်ထုတ်သုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော လူများက သေဆုံးခဲ့ရ၏။
အခု အလွန်များပြားသည့် တော်ဝင်ရန် အင်ပါယာ၏ စစ်တပ်ကြီးကို ချေမှုန်းဖို့ ဘာကို အားကိုးမည်နည်း။ သူတို့ကို ဤလောကကြီးထဲမှ လုံးဝ ဖျောက်ပစ်ဖို့ ဘာကို အားကိုးမည်နည်း။
ရှမ့်လန်က အံ့ဖွယ်ရာများကို ဖန်တီးခဲ့သည်မှာ မှန်၏။ သို့သော်ငြား ဤတစ်ကြိမ်မှာတော့ သူက တကယ့်ကို လေကြီးလွန်းနေပြီး ကောင်းကင်ကြီးကို ဝါးမျိုရန် ပြင်နေခြင်းပင်။ ရှမ့်လန်၏ သဝဏ်လွှာက ရန်သူနိုင်ငံများအတွက်တော့ ယုံကြည်နိုင်စရာမရှိရုံသာမက မိမိ၏ လူများပင် မယုံရဲသလို ဖြစ်နေသည်။
ဝူနှင့် ချောင်ပြည်နယ်တို့က ပြည်သူများ ဤစာကို မြင်ချိန်မှာတော့ ဆံပင်မွေးများပင် ထောင်ထားမိ၏။ ပြီးနောက် သူတို့က စကားမပြောနိုင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိ၏။
“အရှင်ရှမ့်လန်က အရမ်း အစွမ်းထက်တယ်ဆိုတာ ကျုပ်တို သိပါတယ်။ ဒါပေမဲ့ ဒါက ကြွားလုံးထုတ်လွန်းတာ မရောက်ဘူးလား။”
“အရှင်... ကျုပ်တို့ သုတ်သင်ခံရတော့မှာပါ။ စကားလုံးတွေနဲ့ ကယ်တင်လို့ မရပါဘူး။ လက်တွေ့ လုပ်ဆောင်ချက်ပြပြီး စစ်တပ်လွှတ်ပေးပါ။”
သို့သော်ငြား ရှမ့်လန်၏ စစ်တပ်က နုရှောင့်မြို့တော်သို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်၏။ ကုန်းပေါ်သို့ စစ်သည် တစ်ယောက်မှ တက်မလာချေ။
သို့သော်ငြား ရွှဲ့ပြည်သူများက ရှမ့်လန် ဖန်တီးခဲ့သည့် မရေတွက်နိုင်သည့် အံ့ဖွယ်ရာများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူး၏။ ရှမ့်လန်၏ စာကို မြင်ချိန်မှာတော့ သူတို့က ချက်ချင်းပဲ အားပေး ကြွေးကြော်ကြ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အရှင်ရှမ့်လန်က ကြွားဝါရသည်ကို နှစ်သက်၏။ သို့ပေမည့် သူ၏ ကြွားဝါမှု အားလုံးက အမှန်တကယ် ဖြစ်လာခဲ့သည်ကို သူတို့က မျက်မြင်တွေ့ခဲ့၏။ လုပ်နိုင်သည်ဟု ပြောလျှင် သေချာပေါက် လုပ်နိုင်၏။ ပြည်နယ် သုံးခုကို ကာကွယ်ပေးမည်ဟု ပြောလျှင် သေချာပေါက် ကာကွယ်ပေး ပေလိမ့်မည်။
ပြီးနောက် မရေတွက်နိုင်သည့် ရွှဲ့ပြည်သူများက လည်ပင်းရှည်အောင် မျှော်ရင်း၊ မျက်လုံးပြူးကာဖြင့် အရှင်ရှမ့်လန်၏ နောက်ထပ် တုန်လှုပ်ဖွယ်ရာ အံ့ဖွယ်ရာများကို စောင့်မျှော်နေကြ၏။ လူပေါင်းများစွာတို့က ရွှမ်ဝူမြို့၏ အရှေ့ဘက်ကမ်းရိုးတန်းဆီသို့ တိုးဝှေ့ ရောက်ရှိလာခဲ့ကြသည်။ ရှမ့်လန်၏ စစ်တပ်ကြီး ကမ်းတက်မည့် အချိန်ကို စောင့်မျှော်နေကြခြင်းပင်။
သို့သော်ငြား နေရောညပါ ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ရှမ့်လန်၏ စစ်တပ်မှ စစ်သည် တစ်ယောက်မှ ကမ်းပေါ်တက်မလာခဲ့ချေ။ တကယ်တော့ သူတို့၏ ရေယာဉ်စုကပင် စတင်ဆုတ်ခွာနေပြီဖြစ်၍ လူတိုင်းက နားမလည်နိုင်အောင် ဖြစ်နေကြသည်။
“အရှင်ရှမ့်လန်က ဘာကိုဆိုလိုတာလဲ။”
ရန်သူ၏ သန်းချီသည့် စစ်တပ်ကြီးက စတင်စုဝေးနေပြီဖြစ်ပြီး အရေအတွက် တိုးပွားလာ၏။ မကြာခင် သူတို့က ဆူနာမီ မုန်တိုင်းကြီးကဲ့သို့ ပြည်နယ်သုံးခုကို ဝါးမျိုပစ်ပေတော့မည်။ သူ၏စစ်တပ်က ကမ်းပေါ် တက်မလာရုံမက ရေတပ်ကပါ နောက်သို့ပြန်လည်ဆုတ်ခွာ သွားသေး၏။
ဤကဲ့သို့သောပုံစံဖြင့် ရန်သူကို ဤလောကကြီးထဲက မည်သို့ဖျောက်ပစ်မည်နည်း။ ပြည်နယ်သုံးခုကို ကာကွယ်ရန် မည်သို့အခွင့်အရေး ရှိမည်နည်း။ ရန်သူကို တော်ဝင်ချန် အင်ပါယာထဲ မဝင်အောင် တားဆီးဖို့ မည်သို့လုပ်မည်နည်း။
“အရှင်က တော်ဝင်ချန် အင်ပါယာ၏ ဧကရာဇ် တောင်ဘက် ပြည်နယ်သုံးခုရဲ့ မျှော်လင့်ချက်၊ တကယ်လို့ ကတိမတည်နိုင်ရင် ရန်သူ့စစ်တပ်က ပြည်နယ်သုံးခုရဲ့ နယ်စပ်ကို ကျော်ဝင်လာတာနဲ့ ဝူ၊ ချောင် နဲ့ ရွှဲ့ သုံးနိုင်ငံလုံးက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပျက်သုဉ်းသွားမှာပဲ။ ဘယ်ဘုရင်ပဲ စစ်မြေပြင်မှာ သေဆုံးပါစေ၊ အရှင်ရှမ့်လန်ရဲ့ ပုံရိပ်က ပျက်စီးမှာပဲ။ တော်ဝင်ချန်အင်ပါယာလည်း ပျက်သုဉ်းလိမ့်မယ်။”
အဘယ်ကြောင့်ဆိုသော် ပြည်နယ်သုံးခုကို ကျူးကျော်မခံရအောင် ကာကွယ်ပေးမည်။ ဘုရင်သုံးပါးကို ကာကွယ်ပေးမည်ဟု ကိုယ်တိုင် ပြောခဲ့သောကြောင့်ပင်။ ထို့အပြင် လောကကြီးကိုလည်း ကြေညာခဲ့သေး၏။
ခဏချင်းမှာပဲ တစ်လောကလုံး၏ မျက်လုံးများက ရှမ့်လန်နှင့် နုရှောင့်မြို့တော်ပေါ်သို့ ကျရောက်လာပြီး လူတိုင်းက ရှမ့်လန်၏ စစ်တပ်လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။
ဤအချိန်မှာတော့ ရှမ့်လန်၏ စစ်တပ် လှုပ်ရှားလာ၏။ သို့သော်ငြား သူတို့က မြောက်ဘက်သို့ မသွားဘဲ တောင်ဘက်သို့ ဦးတည်သွား၏။ ပထမဦးဆုံး စစ်တပ်တစ်ခု ရွှမ်ဝူမြို့သို့ ကမ်းတက်လာ၏။ ပြီးနောက် ဤစစ်တပ်က တောင်ဘက်သို့ ဦးတည်ချီတက်သွားခဲ့ပြီး ရေယာဉ်စုတစ်ခုလည်း နောက်မှ လိုက်ပါသွား၏။
ထို့အပြင် စစ်ဆင်ရေး နှစ်ခုလုံးကို လျှို့ဝှက်ထားခြင်း မရှိသောကြောင့် လူအများအပြားက ရှင်းလင်းစွာ မြင်တွေ့နေရ၏။ အရှင်ရှမ့်လန်၏ စစ်တပ်က မည်သည့်နေရာကို သွားသနည်း။ သူတို့က ကောင်းကင် ပင်လယ်နန်းဆောင်ကို သွားတိုက်တော့မည်လား။
......................
ကောင်းကင်ပင်လယ်နန်းဆောင်ရှိ လျှို့ဝှက်အဆောက်အအုံတစ်ခုအတွင်း၌ ...
နန်းဆောင်သခင် ကျိုးရှီက ရှမ့်လန်ဆီမှ စာကိုယူပြီး နှစ်ကြိမ်တိုင်တိုင် ဖတ်သည်။ “တော်ဝင်ချန်အင်ပါယာရဲ့ နယ်မြေအတွင်းသို့ ဝင်ရောက်လာတဲ့ ဘယ်စစ်တပ်ကမဆို ချေမှုန်းခံရမှာဖြစ်ပြီး လောကကြီးကနေ လုံးဝ ဖျက်ဆီး သုတ်သင်ခြင်း ခံရမယ်။”
သူ နောက်တစ်ကြိမ် ထပ်ဖတ်၏။ ပြီးနောက် ခေါင်းခါယမ်းလိုက်၏။
“ဒီစာရေးသားပုံက ရိုးရှင်းလွန်းတယ်။ မာယာမျဉ်းပြိုင်စာအုပ်ကို ရေးနိုင်တဲ့သူတစ်ယောက် ရေးထားတာနဲ့ လုံးဝမတူဘူး။ အဓိကအချက်ကတော့ ချဲ့ကားလွန်းတာပဲ။” အကြီးအကဲတစ်ယောက်က ဝင်ပြောသည်။
“ဟုတ်တယ်။ ချဲ့ကားလွန်းနေတယ်။” ပညာရှိကြီးတစ်ယောက်က လှမ်းပြော၏။
ကျိုးရှီက ပြောသည်။ “ကျုပ်တို့ဒီမှာ ဖြုန်းတီးစရာ အချိန်မရှိဘူး။ သူနဲ့ဖက်ပြီး ရူးကြောင်ကြောင် လုပ်နေဖို့လည်း အချိန်မရှိဘူး။ အရေးကြီးဆုံးက ရှေးဟောင်းအပျက်အစီးနေရာတွေနဲ့ မိုင်တစ်သောင်းကန္တာရဆီ ဝင်နိုင်အောင် လုပ်ဖို့ပဲ။ ဒါမှမဟုတ်ရင် ကျုပ်တို့ စေတီတောင်ရဲ့အနောက်မှာ လုံးဝကျန်ရစ်ခဲ့လိမ့်မယ်။ ရေယာဉ်တွေ စုစည်းပြီးပြီလား။ စစ်တပ်တွေ စုစည်းပြီးပြီလား။”
“ပြီးလုနီးပါးပါပဲ။”
နန်းဆောင်သခင် ကျိုးရှီက ပြော၏။ “နင်ဟန်... စစ်တပ်နဲ့ ရေယာဉ်စုတွေ စုစည်းပြီးတာနဲ့ ဒီတော်ဝင်ချန် အင်ပါယာဆိုတဲ့ နိုင်ငံငယ်လေးရဲ့မြို့တော် နုရှောင့်မြို့ကို ဖျက်ဆီးဖို့ မြောက်ဘက်ကို ချက်ချင်းဦးတည်။ ဒီပြဇာတ်ကို အဆုံးသတ်လိုက်တော့။ ဒီတော်ဝင်ချန်အင်ပါယာ အသေးစားလေးကို ဖျက်ဆီးပြီးတာနဲ့ မိုင်တစ်သောင်း သဲကန္တာရဆီ သွားကြရအောင်။”
“ကောင်းပါပြီ။ နန်းဆောင်သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်။” မင်းသမီး နင်ဟန်က ပြောသည်။
ဤအချိန်မှာတော့ ကြီးမားလွန်းသည့် လင်းယုန်ကြီးတစ်ကောင်က ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အမျိုးသမီးပညာရှင်တစ်ဦးက ဝင်ရောက်လာ၏။
“နန်းဆောင်သခင်... ရှမ့်လန်ရဲ့ စစ်တပ်က တောင်ဘက်ကို ဦးတည်နေပါတယ်။ သူတို့က ကုန်းတပ်နဲ့ ရေတပ်ခွဲပြီး ကောင်းကင်ပင်လယ်နန်းဆောင်ကို တိုက်ခိုက်ဖို့ လာနေကြပါတယ်။”
ခဏအတွင်းမှာပဲ တည်ရှိနေသူအားလုံးက ကြောင်အသွားခဲ့သည်။
“မင်းရဲ့ စစ်တပ်ကို ကုန်းတပ်နဲ့ ရေတပ်ခွဲပြီး ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ဌာနချုပ်ကို တိုက်ခိုက်ချင် နေတာလား။ လုံးဝရူးသွားပြီ... လုံးဝရူးသွားပြီပဲ။”
........
အဆောက်အအုံအတွင်း၌ နန်းဆောင်သခင် ကျိုးရှီနှင့် နင်ဟန်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။
နန်းဆောင်သခင် ကျိုးရှီက သူမကို ခေတ္တမျှ စိုက်ကြည့်သည်။ “မင်း အများကြီး ပြောင်းလဲသွားတယ်။ တော်တော်လေးကို ပြောင်းလဲသွားခဲ့တယ်။ ဒါက တစ်မျိုးတစ်ဖုံ ကောင်းခြင်းမင်္ဂလာများလား။”
“အရာအားလုံးက ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ လက်ဆောင်ပါပဲ။”
မင်းသမီး နင်ဟန်က မေး၏။ “ကျူးဟုန်ရွဲ့က ဒီတိုက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆို။ သူ အဆင်ပြေရဲ့လား။”
နန်းဆောင်သခင် ကျိုးရှီက ဖြေသည်။ “သူက အကြပ်အတည်းတစ်ခုထဲကို ရောက်ပြီး ရုန်းမထွက်နိုင် ဖြစ်နေတယ်။”
မင်းသမီး နင်ဟန်က ပြော၏။ “ဆရာသခင်... တကယ်လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကသာ ဆရာက သူ့ကို အကြောင်းအရာတချို့ကို ပြောပြခဲ့မယ်ဆိုရင် သူ ဒီအချိန်မှာ ဒီလောက်ကြီး ခံစားနေရမှာ မဟုတ်ဘူး။”
နန်းဆောင်သခင် ကျိုးရှီက ခေါင်းခါယမ်းကာ ပြောသည်။ “မဟုတ်ဘူး။ သူက မင်းနဲ့မတူဘူး။ မင်းက ကျန်းလီဆီကနေ မျက်နှာသာပေးမှု တစ်မျိုးမျိုးကို ရရှိခဲ့ပေမဲ့ မင်းက သူ့လူတွေထဲက တစ်ယောက် မဟုတ်ဘူး။ ကျူးဟုန်ရွဲ့ကတော့ အတွင်းရော အပြင်ရော၊ အထက်ရော အောက်ရော အရာအားလုံးကို ကျန်းလီ ဖန်တီးခဲ့တာ။ ကျန်းလီရဲ့လူတွေထဲမှာ အစွန်းရောက်တဲ့ စိတ်ဓာတ်တွေ ရှိတယ်ဆိုတာ မင်းလည်းသိသားပဲ။ အဲဒါက သူတို့ရဲ့ ဦးနှောက်နဲ့ သွေးသားထဲမှာ စွဲမြဲနေတယ်။”
မင်းသမီး နင်ဟန်က ပြော၏။ “ဒါပေမဲ့ ကျူးဟုန်ရွဲ့က အသိတရား ပြန်ပွင့်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မတို့ လုပ်သမျှ အရာအားလုံးက စစ်မှန်တဲ့ တရားမျှတမှုပဲ။ ဒါပေမဲ့ ပြောရရင် တရားမျှတမှု ဆိုတဲ့ စကားလုံးက ကျွန်မတို့အတွက် ရယ်စရာ ဖြစ်နေတာပဲ။”
“တရားမျှတမှု... တရားမျှတမှု...”
နန်းဆောင်သခင် ကျိုးရှီက သရော်သော လေသံဖြင့် ပြောသည်။ “ တရားမျှတမှုဆိုတဲ့ မင်းကြောင့် အပြစ်တွေ ဘယ်လောက်တောင် ဖြစ်ပေါ်ခဲ့ရပြီလဲ။”