အခန်း (၁၀၀၁-၁၀၀၂)
Vol. 59 Ch. 1001-1002
အပိုင်း (၁၀၀၁)
ပြီးနောက် နန်းဆောင်သခင် ကျိုးရှီက စကားလမ်းကြောင်း လွှဲ၏။ “ငါတို့တွေ... မိစ္ဆာတြိဂံနယ်မြေကို ဖွံ့ဖြိုးအောင် လုပ်သင့်လား။ ဒါမှမဟုတ် မိုင်တစ်သောင်း သဲကန္တာရကို ဖွံ့ဖြိုးအောင် လုပ်သင့်လား။ ဒီပြိုင်ပွဲမှာ ငါတို့ နောက်ကောက်ကျ ကျန်ခဲ့လို့မဖြစ်ဘူး။”
မင်းသမီး နင်ဟန်က ခေတ္တမျှ တိတ်ဆိတ်နေ၏။ ပြီးနောက် ပြောသည်။ “ဆရာသခင်... တကယ်တော့ ဒါက အရမ်းကို ရယ်စရာကောင်းပါတယ်။ တစ်ဖက်မှာကျတော့ ကျွန်မတို့က ရှေးဟောင်းယဉ်ကျေးမှုကို ဖိနှိပ်နေတယ်။ နောက်တစ်ဖက်မှာကျတော့ ရှေးဟောင်းအပျက်အစီးတွေကို ရှာဖွေပြီး ရှေးဟောင်း ယဉ်ကျေးမှုရဲ့ စွမ်းအားတွေကို ရယူဖို့ ကြိုးစားနေတယ်။ တကယ့်ကို ရှေ့နောက်မညီသလိုပဲ။”
နန်းဆောင်သခင် ကျိုးရှီက ရယ်မော၏။ “ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ။ ဒါပေမဲ့ လောကကြီး ကိုယ်တိုင်ကို က ရှေ့နောက်မညီ ဖြစ်နေတာပဲလေ။”
ခေတ်သစ်ကမ္ဘာမြေကြီးနှင့်တူ၏။ တစ်ဖက်တွင် လူတို့က နျူကလီးယား လက်နက်များကို လျှော့ချရန်နှင့် လူသားမျိုးနွယ်ကို ပျက်စီးခြင်းချောက်ကမ်းပါးမှ ကယ်တင်ကြရန် ပြောဆို၏။ အခြားသော တစ်ဖက်မှာတော့ အင်အားကြီးနိုင်ငံ တချို့က ပိုမိုခေတ်မီသည့် နျူးကလီးယား လက်နက်များကို တီထွင်ရန် အသည်းအသန် ကြိုးစားနေကြသည်။
မင်းသမီး နင်ဟန်က ပြော၏။ “မိစ္ဆာတြိဂံ နယ်မြေက ပျောက်ဆုံးသွားတဲ့ ရှေးဟောင်းအင်ပါယာ တစ်ခု ပိုင်ဆိုင်တယ်။ ဒါက နှိုင်းယှဉ်လို့ မရအောင် ကြီးမားပေမဲ့ တစ်ကြိမ်မက တူးဖော်ပြီးသား ဖြစ်ပုံပဲ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက အခုအချိန်ထိ လူတွေက အဲဒီအပျက်အစီးတွေကို တူးဖော်နေကြတုန်းပဲ။ မိုင်တစ်သောင်းကန္တာရမှာတော့ ဘယ်သူမှ မတူးဖော်ရသေးဘူး။ အဲဒီနေရာတွေက ပိုပြီးကြီးမား၊ အံ့အားသင့်စရာကောင်းတဲ့ အကျိုးအမြတ်တွေ ရကောင်းရလိမ့်မယ်။”
နန်းဆောင်သခင် ကျိုးရှီက ရှေ့မှ လောကမြေပုံစက်လုံးကို ကြည့်၍ ရွှေ့လိုက်၏။ ပထမဦးဆုံး မိစ္ဆာတြိဂံ နယ်မြေ တည်ရှိရာနေရာကို ရွှေ့ပြီးနောက် ကန္တာရကျယ်ကြီး တည်ရှိရာနေရာဆီသို့ ရွှေ့ကာဖြင့် နက်နက်နဲနဲ စဉ်းစားခန်းဝင်သည်။
နင်ဟန် ပြောသည်က မှန်၏။ မိုင်တစ်သောင်း သဲကန္တာရကျယ်ကြီးကို တူးဖော်သည်က ပို၍ အဓိပ္ပာယ်ရှိ၏။ စေတီတောင် တောင်ပင်လယ်ဒေသရှိ ရှေးဟောင်းအပျက်အစီးများကို တူးဖော်ခြင်းမှ ရရှိသော အကျိုးအမြတ်များသည် တကယ့်ကို ကြီးမားခဲ့၏။ တခြားသော သဘာဝလွန် အင်အားစုများကို ကြီးစွာသော တုန်လှုပ်မှုများကို ပေးစွမ်းခဲ့၏။
စေတီတောင်က ရှေးဟောင်းအပျက်အစီးများကို စတင်ရှာဖွေခဲ့သည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တစ်ဖက်မှ မည်သည့်ရလဒ်ကိုမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ ဒါက ကြောက်စရာ အကောင်းဆုံးအရာပင်။ ဤမျှကြီးမားသည့် ရှေးဟောင်းအမွေအနှစ်တစ်ခုမှ မည်သည့်ရလဒ်မှ မထွက်ပေါ်ခြင်း ဆိုသည်က မဖြစ်နိုင်ချေ။
ထို့အပြင် တောင်ပင်လယ်ပြင်ကို လက်ဝါးကြီးအုပ်ရန် စေတီတောင်က ကြီးမားသည့် ငလျင်တချို့ကို ဖန်တီးခဲ့ပြီး ရွှဲ့မိသားစု၊ တောင်ပင်လယ်ဓားဂိုဏ်းနှင့် တောင်ဘက်ပိုင်း မြို့တော်တစ်ခုလုံးကို တိုက်ရိုက် ဖျက်ဆီးရန် ဝန်မလေးခဲ့ချေ။ ထိုမျှကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြုလုပ်ခဲ့ပြီးနောက် မည်သည့်ရလဒ်မှ မထွက်ဘဲ ဘယ်လိုလုပ် နေမည်နည်း။
ထို့အပြင် အလယ်အလတ် အောင်မြင်မှုသာ ရရှိခဲ့လျှင် စေတီတောင်က ဟိုးယခင်ကတည်းက ကြေညာခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် သူတို့က သဘာဝလွန် အင်အားစုခြောက်ခုကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အရင်းအမြစ်များ ပိုမိုရရှိပေလိမ့်မည်။
သို့သော်ငြား စေတီတောင်က မည်သည့်အရာကိုမှ မကြေညာခဲ့ချေ။ ဆိုလိုသည်က သူတို့က သဘာဝလွန် အင်အားစု ညီလာခံမှ ခွဲတမ်း ရရှိနိုင်သည့် အရင်းအမြစ်များထက် သာလွန်သည့် အကျိုးအမြတ်ကို ရရှိခဲ့ခြင်းပင်။ သူတို့က တိတ်တဆိတ် ချမ်းသာကြွယ်ဝနေကြ၏။
“ဒီရှမ့်လန်က ငါတို့ရဲ့အချိန် အနည်းဆုံး ငါးလလောက်ကို ဖျက်ဆီးပစ်ခဲ့တာပဲ။”
နန်းဆောင်သခင် ကျိုးရှီက စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “အရင်တုန်းက မိုင်တစ်သောင်း သဲကန္တာရထဲကို သွားမယ့်လမ်းကြောင်း ဖွင့်တော့မလို့ လုပ်နေတာ။ ဒီလူက ပြဿနာရှာတတ်လိုက်တာ။ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။”
မင်းသမီး နင်ဟန်က ပြော၏။ “လောလောဆယ် စေတီတောင်က ကျွန်မတို့ ရှမ့်လန်ကြောင့် ကြန့်ကြာနေတာကို စောင့်မှာမဟုတ်ဘူး။ ကောင်းကင်အပြစ်ပေးမှု နန်းဆောင်နဲ့ တုံ့ကျန်းဘုရားကျောင်း တို့က မိုင်တစ်သောင်း သဲကန္တာရဆီကို လူတွေ တိတ်တဆိတ် စေလွှတ်ပြီး ကျွန်မတို့ထက်အရင် ရှေးဟောင်းအပျက်အစီး တွေကို တူးဖော်ဖို့ ကြိုးစားနေကြတယ်လို့ ကြားတယ်။”
နန်းဆောင်သခင် ကျိုးရှီက ပြောသည်။ “မိုင်တစ်သောင်း သဲကန္တာရကျယ်ကို လူရာဂဏန်း၊ ထောင်ဂဏန်းလောက်နဲ့ တွေ့ရာလွှတ်လိုက်လို့ အသုံးမဝင်ဘူး။ ငါတို့ အနောက်လောကက နိုင်ငံတွေကို ဖျက်ဆီးစရာမလိုဘူး။ အဲဒါက လူသူကင်းမဲ့တဲ့ ကန္တာရကြီးပဲ။ မိုင်တစ်သောင်းလောက် ရှိတယ်ဆိုပေမဲ့ တကယ်တမ်းကျတော့ အဲဒီထက်မက ပိုပြီးကျယ်ဝန်းနိုင်တယ်။ ကောက်ရိုးပုံထဲ အပ်ရှာတာထက်တောင် ပိုပြီး ခက်ခဲလိမ့်မယ်။”
နန်းဆောင်သခင် ကျိုးရှီ ပြောသည်က မမှားချေ။ ဤမျှကြီးမားသည့် ရှေးဟောင်းအပျက်အစီးကြီးကို တူးဖော်ရန်ဆိုသည်မှာ အလွန်များပြားသည့် လုပ်အားနှင့် အရင်းအမြစ်များ လိုအပ်၏။ စေတီတောင်က တောင်ပင်လယ်ဒေသရှိ ရှေးဟောင်းအပျက်အစီးများကို ရှာဖွေတွေ့ရှိခဲ့စဉ်က ကျွန်းတစ်ကျွန်းပေါ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သောကြောင့် လူအများပြားက ရှေးဟောင်းအပျက်အစီးများမှာ သိပ်မကြီးမားလှဟု ထင်ခဲ့၏။ အများဆုံး သဲကန္တာရ လူရိုင်းမြို့နယ်စု အရွယ်လောက်သာ ရှိမယ်လို့ ထင်ခဲ့၏။
သို့သော်ငြား မမျှော်လင့်ဘဲ ထိုအရာက မိုင်ထောင်ပေါင်းများစွာ ရှည်လျားပြီး ပင်လယ်ရေအောက် ကြမ်းပြင်သို့ နှစ်မြုပ်နေသည့် ရှေးဟောင်းမြို့တော်ကြီးတစ်ခု ဖြစ်နေ၏။ ထို့ကြောင့် စေတီတောင်က အစတည်းက သောင်းနှင့်ချီသည့် လုပ်အားကို စုဆောင်းခဲ့ပြီး ပင်လယ်ရေကြောင်းတပ်ဖွဲ့ တစ်ခုထဲမှာပင် လူသုံးသောင်းကျော် ပါဝင်သည်။
ရှေးဟောင်းအပျက်အစီး၏ အရွယ်အစားကို အတည်ပြုပြီးသည်နှင့် စေတီတောင်က ရွှဲ့မိသားစုနှင့် တောင်ပင်လယ်ဓားဂိုဏ်းကို တိုက်ရိုက်ဖျက်ဆီးပစ်ကာဖြင့် ပင်လယ်ပြင် သုံးလေးထောင် မိုင်ပတ်လည်ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်၏။ စေတီတောင်၏ စစ်တပ်က ထိုနေရာတွင် စဉ်ဆက်မပြတ် တပ်စွဲထား၏။
ယခု သုံးနှစ်ကြာပြီးနောက် တောင်ပင်လယ်ဒေသတွင် ဘာတွေဖြစ်ပျက်ခဲ့သနည်းကို မည်သူမှ မသိကြပေ။ တားမြစ်နယ်မြေ ဖြစ်သွားသောကြောင့် ကုန်သွယ်ရေးလမ်းကြောင်းအားလုံး ပိတ်ဆို့ထားခဲ့၏။ အနီးကပ် ရောက်ရှိလာခဲ့သည့် မည်သည့်သင်္ဘောမဆို စေတီတောင်၏ တိုက်ခိုက်မှုကြောင့် ချက်ချင်း နစ်မြုပ်သည်။ စေတီတောင်က ရှေးဟောင်းအပျက်အစီးများထဲတွင် လူအင်အား မည်မျှ ရင်းနှီးမြုပ်နှံထားသနည်း။ မည်သူမှ မသိကြသော်လည်း လူတစ်သိန်းအောက် မနည်းသည်မှာ သေချာသည်။
နန်းဆောင်သခင်ကျိုးရှီ၏ သုံးသပ်မှုများက ကြီးမားလွန်း၏။ မိုင်တစ်သောင်း သဲကန္တာရကို တူးဖော်ရန် သူတို့က ရှေးဦးဆုံး နောက်ဘက်ဒေသရှိ နိုင်ငံများကို သိမ်းပိုက်ရမည်။ ပြီးနောက် ကြီးမားသည့် ထောက်ပံ့ပို့ဆောင်ရေး စခန်းတစ်ခုကို တည်ဆောက်ရမည်။ မိုင်တစ်သောင်း သဲကန္တာရ၏ ဝင်ပေါက်အားလုံး ကို သိမ်းပိုက်ရမည်။ ပြီးနောက်မှသာ ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရပေမည်။
“မြန်မြန်... မြန်မြန်လုပ်တော့။”
နန်းဆောင်သခင် ကျိုးရှီက လက်ကို ဝှေ့ယမ်းကာ ပြော၏။ “အချိန်တွေကြာလေ စေတီတောင်က ပိုပြီး အစွမ်းထက်လာလေ ဖြစ်လိမ့်မယ်။ အချိန်က လူကိုမစောင့်ဘူး။ ရှမ့်လန်ဆိုတဲ့ ပြဿနာကောင်ကို မြန်မြန် ဖြေရှင်းလိုက်။ အရေးကြီးကိစ္စတွေကို မကြန့်ကြာစေနဲ့။
“ရေယာဉ်စုတွေ အားလုံး စုစည်းပြီးပါပြီ။ ကုန်းတပ်ကလည်း အတူတူပါပဲ။ အဲဒါက တော်တော်ဝေးတော့ အချိန်တော့ နည်းနည်းယူရအုံးမယ်။”
မင်းသမီး နင်ဟန်က ပြောလိုက်သည်။ “ဒါ့အပြင် အနောက်ဘက်ဒေသနိုင်ငံတွေမှာရှိတဲ့ ကျွန်မတို့ရဲ့ စစ်ဆင်ရေးတွေက မရပ်တန့်သေးဘူး။ အခြေစိုက်စခန်း အများအပြားကိုလည်း တည်ဆောက်ပြီးပါပြီ။ တပ်ဖွဲ့တွေကိုလည်း ဆက်တိုက် တပ်စွဲထားပါတယ်။”
နန်းဆောင်သခင် ကျိုးရှီက ပြော၏။ “ငါတို့ရဲ့လုပ်အားက အကန့်အသတ်ရှိတယ်။ မိုင်တစ်သောင်း သဲကန္တာရကို ဖွံ့ဖြိုးအောင် လုပ်ဖို့ အာရုံစိုက်ရမယ်။ ဒီကိစ္စတွေ ပြီးသွားမှပဲ ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ နေရာက နောက်ထပ် နှစ်တစ်ရာလောက် တည်ငြိမ်အေးချမ်းနိုင်မယ်လို့ ယူဆရမယ်။”
မိုင်တစ်သောင်း သဲကန္တာရကို ဖွံ့ဖြိုးအောင် လုပ်ခြင်းက ကောင်းကင်ပင်လယ်နန်းဆောင်၏ နှစ်တစ်ရာ စီမံကိန်းပင် ဖြစ်သည်။
.....................
ဝူပြည်နယ်၏နန်းတော်က တကယ့်ကို ခြောက်ကပ်နေ၏။ နန်းတော်သာမက နန်းမြို့တော်တစ်ခုလုံးနှင့် ဝူပြည်နယ်တစ်ခုလုံးကလည်း ခြောက်ကပ်နေ၏။
တော်ဝင်ရန်အင်ပါယာက သူတို့အပေါ် ဖိအားများလွန်း သောကြောင့် ဝူပြည်သူများက ရွှဲပြည်သူများကဲ့သို့ ရှမ့်လန်အပေါ် ယုံကြည်ချက် မရှိကြချေ။
ရှမ့်လန်၏ တော်ဝင်ချန်မင်းဆက် ဆိုသည်က သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြချေ။ ရှမ့်လန်၏ အမိန့်တော်သာ ထွက်မလာခဲ့လျှင် ပိုကောင်းပေမည်။ ယခု အမိန့်တော် ထွက်လာပြီးအချိန်မှာတော့ ပြည်သူများက ပို၍ ယုံကြည်မှု ကင်းမဲ့လာကြ၏။ ဤဧကရာဇ် ရှမ့်လန်က ကြွားဝါရာတွင် အလွန်တော်လွန်းလှသည်။
ထိတ်လန့်တကြားဖြင့် ဝူပြည်သူများက ခြေဦးတည့်ရာ ထွက်ပြေးကြပြီး တော်ဝင်ရန်ပြည်သူများ ဖြစ်လာရန် အလုအယက် ကြိုးစားကြ၏။ တချို့က ပျက်စီးခြင်းကို ကြောက်ရွံ့သော်လည်း တော်ဝင်ရန်အင်ပါယာကို မုန်းတီးသောကြောင့် အနောက်ဘက်သို့ ထွက်ပြေး၏။
တော်ဝင်ရန်နိုင်ငံ၊ ချောင်ပြည်နယ်၊ လျန်ပြည်နယ်၊ ချန်နိုင်ငံသစ်များကို ဖြတ်ကျော်သွားရ၏။ သို့သော်ငြား အနောက်ဘက်သို့ ဦးတည်နေသမျှ ကာလပတ်လုံး မည်သည့်နေရာသို့ ရောက်ပါစေ၊ တော်ဝင်ရန်အင်ပါယာ၏ လက်အောက်သို့သာ ရောက်ရှိပေမည်။
ဝူပြည်နယ် လူနည်းစုသာလျှင် ရှမ့်လန်အပေါ် သစ္စာစောင့်သိကြသည်။ သို့သော်လည်း စစ်မီးတောက်ကို ကြောက်ရွံ့သောကြောင့် တောင်ဘက် ရွှဲပြည်နယ်ဆီသို့ ထွက်ပြေးကြ၏။ ဝူဘုရင်၏ ညီလာခံသို့ တက်ရောက်သည့် အရာရှိ အရေအတွက်က လျော့နည်းလာသည်။
အစိုးရအဖွဲ့ ဖျက်သိမ်းခါစတွင် ညီလာခံကို တက်ရောက်သည့် အရာရှိ တစ်ရာကျော်ရှိသေး၏။ နောက်ပိုင်း မှာတော့ အရေအတွက်က တစ်ရာ၊ ထို့နောက် ငါးဆယ် အနည်းငယ်ထိ လျော့ကျသွား၏။
ယနေ့မှာတော့ ညီလာခံ တက်ရောက်လာခဲ့သည့် အရာရှိ သုံးဆယ်ကျော်သာ ရှိ၏။ ဤလူများက ဝူပြည်နယ်၏ စစ်မှန်သည့်နောက်လိုက်များဖြစ်ကြပြီး သူနှင့်အတူ သေအတူရှင်အတူ နေထိုင်ရန် ဆန္ဒရှိသူများပင်။
“အရှင်မင်းကြီး... ပြည်သူတွေ ထွက်ပြေးနေကြတာကို မတားဆီးသင့်ဘူးလား။”
ဝူဘုရင်က ခေါင်းခါယမ်းကာ ပြော၏။ “တော်ဝင်ရန်အင်ပါယာက စစ်သည်တွေ ပိုပြီး စုဆောင်းနေတယ်။ ကျုပ်တို့စစ်သည်တွေထက် အဆပေါင်းများစွာ များနေပြီ။ ကျုပ်တို့အပေါ် ဖိစီးလာခဲ့တဲ့ ဖိအားတွေက တောင်ကြီးတစ်လုံးလိုပဲ။
အစိုးရအဖွဲ့ကို သတ်ဖြတ်ပြီး တော်ဝင်ရန်အင်ပါယာကို ပုန်ကန်တာက နောက်ဆုံးတော့ ဝူပြည်နယ်ရဲ့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ဆုံးဖြတ်ချက်ပဲ။ ကျုပ်နဲ့အတူ သေအတူ ရှင်အတူ ရှိနေကြတဲ့ လူတွေကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ကျုပ်ရဲ့ တိုင်းသူပြည်သားတွေနဲ့ စစ်သည်တွေအားလုံးကို ကျုပ်နဲ့အတူ သေဆုံးဖို့အတွက်တော့ တောင်းဆိုပိုင်ခွင့်မရှိဘူး။”
“ဒါပေမဲ့ အခု ပြည်သူတွေ ထွက်ပြေးသွားရုံတင်မက စစ်သည်တွေ အများကြီးလည်း ထွက်ပြေးနေကြပြီ။ စစ်တပ်ရဲ့ စိတ်ဓာတ်က တစ်နေ့တခြား ကျဆင်းနေပါတယ်။”
ဝူဘုရင်က ပြော၏။ “အရှင်ရှမ့်လန်က ပြောထားတယ်။ ဝူပြည်နယ်နဲ့ ချောင်ပြည်နယ်ကို သူ ကာကွယ် ပေးနိုင်တယ်တဲ့။ တော်ဝင်ချန်မင်းဆက်ရဲ့ နယ်မြေထဲ ဝင်လာတဲ့ ဘယ်စစ်တပ်၊ ဘယ်အင်အားစုကိုမဆို လောကမျက်နှာပြင်ထက်ကနေ သုတ်သင်ရှင်းလင်းပစ်မယ်တဲ့။”
ထိုစကားကို ပြောချိန်မှာတော့ ဒါဇင်ပေါင်းများစွာသော အရပ်ဖက်နှင့် စစ်ဖက် အရာရှိများ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ “အရှင်မင်းကြီး... ဒါကို တကယ်တမ်း ယုံနေတာလား။ ကျုပ်တို့တော့ မယုံရဲပါဘူး။”
ဝူဘုရင်က ပြောလိုက်၏။ “ဒါပေါ့။ ခင်ဗျားတို့ ယုံတာ ၊ မယုံတာက အရေးမကြီးဘူး။ တကယ်လို့ အရှင်ရှမ့်လန် လုပ်နိုင်ခဲ့ပြီး နောက်ထပ် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ခဲ့မယ်ဆိုရင် အကောင်းဆုံးပေါ့။
ဒါပေမဲ့ တကယ်လို့ အရှင်ရှမ့်လန်သာ မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျုပ်ဆီမှာ စစ်သည်တစ်သန်းရှိရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး။ ကျုပ်တို့က စစ်ပွဲကို သေချာပေါက် ရှုံးနိမ့်လိမ့်မယ်။ ကျုပ်တို့ သေတဲ့ထိ တိုက်ခိုက်ကြမယ်လို့ သဘောတူထားကြတယ် မဟုတ်လား။ အခု စစ်မြေပြင်မှာ သေဖို့ ပြင်ဆင်ထားကြပါ။”
ဤစကားကိုပြောချိန်မှာတော့ ဝူဘုရင်၏ မျက်နှာထားက အလုံးစုံတည်ငြိမ်လျက် ရှိနေပြီး မည်သည့် အရာကိုမှ ဂရုမစိုက်သည့် ပုံပင်။ သူက စိတ်လှုပ်ရှားခြင်းလည်း မရှိချေ။
“မြို့တံခါးတွေ ဖွင့်လိုက်။ အရပ်သားဖြစ်စေ၊ စစ်သည်တွေဖြစ်စေ ထွက်ပြေးချင်တဲ့သူ ပြေးကြ။ ဒါပေမဲ့ အခွင့်အရေးကောင်းယူပြီး ပြဿနာရှာတာမျိုးတော့ လုံးဝမလုပ်ရဘူး။ ဖရိုဖရဲ ဖြစ်နေတဲ့အချိန်မှာ သတ်ဖြတ်တာ၊ လုယက်တာတွေကို ခွင့်မပြုဘူး။ မဟုတ်ရင် သနားညှာတာမှုမရှိ သတ်ပစ်မယ်။”
“ကောင်းပါပြီ အရှင်မင်းကြီး။” ဝူဘုရင်၏ အမိန့်အရ ဝူပြည်နယ်၏ မြို့တံခါးအားလုံးကို ဖွင့်ပေးထားပြီး မြို့ထဲမှထွက်ခွာသည့်လူ မည်သူ့ကိုမှ တားဆီးခြင်း မရှိတော့ချေ။
ထို့ကြောင့် မရေတွက်နိုင်သည့် ဝူပြည်သူများက ပျက်သုဉ်းတော့မည့် ဤနိုင်ငံဆီမှ ဝေးရာသို့ ရေလှိုင်းပမာပင် ထွက်ပြေးကြလေတော့၏။
…………
နုရှောင့်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်က လုံးဝအနားမယူခဲ့ချေ။ သူက မင်္ဂလာပွဲအခမ်းအနားတွင် နာရီဝက်သာ ပေါ်လာခဲ့ပြီးနောက် ကျန်းချွင်းဟွာနှင့်အတူ နာရီဝက်ခန့် အိပ်စက်ခဲ့၏။ ကျန်သည့်အချိန်များကို ကြီးမားသည့် မြေအောက်ဓာတ်ခွဲခန်းကြီးထဲတွင် ကုန်ဆုံး၏။ ယခင်က မလုပ်ခဲ့ဖူးသည့် ၊ နှိုင်းယှဉ်၍မရနိုင်သည့် ကြီးမားသော စီမံကိန်းကြီးတစ်ခုကို ပြီးစီးအောင် ပြုလုပ်နေခြင်းပင်။
ကျူးမျိုးနွယ်စု၏ လျှို့ဝှက်ရှေးဟောင်းစခန်းထဲမှ လျှို့ဝှက်လက်နက်များအပြင် မရေတွက်နိုင်သည့် အစိတ်အပိုင်းများနှင့် အိမ်မက်ဆိုးကျောက်တုံးများကိုလည်း ရရှိခဲ့၏။ ရှမ့်လန်က ဤလျှို့ဝှက်အစိတ်အပိုင်း များကို တပ်ဆင်ရန် မြေအောက်ဓာတ်ခွဲခန်းထဲတွင် နေထိုင်ခဲ့၏။ ဤအစိတ်အပိုင်းများကို တပ်ဆင်ပြီးပါက ဘာဖြစ်လာမည်နည်း။
“နဂါးနောင်တ” ဟု ခေါ်ဆိုသည့် ဖျက်ဆီးအားပြင်းသည့် ပြင်းထန်သောမြားကို ပစ်လွှတ်နိုင်သော နှိုင်းယှဉ်၍ မရနိုင်အောင် အစွမ်းထက်သည့် နဂါးအရှိန်အဝါ ပစ်စင်တစ်ခု ဖြစ်လာပေမည်။ သူက နားလည်လေလေ ရှေးဟောင်းလောကကြီးက ပို၍ထူးဆန်းလေလေဟု ရှမ့်လန် တွေ့ရှိလာသည်။
“နဂါးနောင်တ” ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာက ခေတ်သစ်ကမ္ဘာမြေမှ နျူကလီးယား ထိပ်ဖူးများနှင့် တူညီသော မဟာဗျူဟာမြောက် သတ်ဖြတ်ရေး လက်နက်တစ်ခုပင်။ ထိုသို့မဟုတ်ပါက ရှေးဟောင်းအင်ပါယာက နဂါးနောင်တ တစ်ခုတည်းအတွက်နှင့် ခြေစိုက်စခန်းကြီးတစ်ခုကို တည်ဆောက်ထားမည် မဟုတ်ချေ။
ရှေးဟောင်းအင်ပါယာ၏ “နဂါးနောင်တ” က ပြီးပြည့်စုံသည့် ပစ်စင်တစ်ခု လိုအပ်ပြီး ဤပစ်စင်က နှိုင်းယှဉ်၍မရအောင် ကြီးမား၏။ အစိတ်အပိုင်းတစ်ခုတည်းက သောင်းနှင့်ချီသည့် အစိတ်အပိုင်းများ ပါဝင်၏။
နောက်တစ်ဆင့်အနေနှင့် ရှမ့်လန်က ဤအစိတ်အပိုင်းများကို အစပြု၍ တပ်ဆင်ရန် လိုအပ်၏။ ကံကောင်း ထောက်မစွာဖြင့် သူ၏ဦးနှောက်ထဲတွင် အချိန်တိုအတွင်း မရေတွက်နိုင်သည့် တွက်ချက်မှုများနှင့် စမ်းသပ်မှုပေါင်း များစွာကို ပြုလုပ်နိုင်သော AI ရှိနေသည်။ ထိုသို့မဟုတ်ပါက လူသားဦးနှောက်ကိုသာ အားကိုးမည်ဆိုပါက နှစ်အနည်းငယ် ကြာသည့်တိုင်အောင် ထိုအရာကို တပ်ဆင်နိုင်လိမ့်မည် မဟုတ်ပေ။
ကျူးမျိုးနွယ်စု၏ လျှို့ဝှက်အခြေစိုက်စခန်းမှ ပညာရှင်များက ပစ်စင်ကို မတပ်ဆင်နိုင်ရုံသာမက “နဂါးနောင်တ” ကိုပင် မထိန်းချုပ်နိုင်ခဲ့ကြပေ။ သူတို့က ဆယ်နှစ်ကျော် အချိန်ယူခဲ့ရ၏။ သို့သော်ငြား သူတို့က ဘာမှမရဘဲ ထွက်လာခဲ့သည်တော့ မဟုတ်ပေ။ အနည်းဆုံး သူတို့က ပစ်စင်တပ်ဆင်မှု၏ ၉၀ ရာခိုင်နှုန်းကို ပြီးစီးခဲ့၏။
ရှမ့်လန်၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ပုံကြမ်းအားလုံးကို ဖျက်ဆီးခဲ့ကြသော်လည်း သူတို့က သိပ္ပံ ပညာရှင်များ ဖြစ်၏။ ဆိုလိုသည်က သူတို့၏ သုတေသနရလဒ်များကို လုံးဝဖျက်ဆီးပစ်ရန် မလိုလားကြချေ။ သူတို့က အစွမ်းကုန် ဖုံးကွယ်ထားခဲ့ကြသည်။ သေရင်သေပါစေ ဝန်မခံဘူးဟု ကျိန်ဆိုခဲ့ကြသည်။
နောက်ဆုံး ရှမ့်လန်က အမှန်တရားထုတ်ဖော်သည့် ဆေးကို အသုံးပြုချိန်မှာတော့ အားလုံးက လျှို့ဝှက် ပုံကြမ်းများ ဖွက်ထားသည့်နေရာကို ဖော်ထုတ်ကြ၏။ ရှမ့်လန်က ကျန်ရှိနေသည့် ပုံကြမ်း ၁၀ ရာခိုင်နှုန်း ကိုသာ ဖြည့်စွက်ရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရှမ့်လန်က အချိန်ရတိုင်း AI ထဲတွင်ရှိနေသည့် ပုံကြမ်း ၁၀ ရာခိုင်နှုန်းကို ဖြည့်စွက်၏။
ထျန်းရွှဲ့မြို့၏ တိုက်ပွဲအပြီး ၆ ရက်မြောက်နေ့မှာတော့ “နဂါးအရှိန်အဝါ” ပစ်စင်အတွက် ပုံကြမ်းများကို တရားဝင် ပြီးစီးခဲ့၏။ နုရှောင့်မြို့တော်သို့ ပြန်ရောက်ပြီးနောက် ချက်ချင်းပဲ စတင်တပ်ဆင်ခဲ့သည်။
ရက်အနည်းငယ် နေ့နေ့ညည အလုပ်လုပ်ပြီးနောက် ပစ်စင်က ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွား၏။ ထိုအရာက ကီလိုဂရမ် ၂ သိန်းကျော် လေးလံသည့် ဧရာမ အရာဝတ္ထုကြီးတစ်ခုပင်။ လုံးဝတပ်ဆင်ပြီးစီးသွား ခဲ့ပါက ကြီးမားသည့် မြေအောက်ဓာတ်ခွဲခန်းကြီးကို ဖွင့်ကာဖြင့် ထိုအရာကြီးကို မြေပြင်ပေါ်သို့ရောက်အောင် သယ်ဆောင်ရပေမည်။
“အရှင်... ရွှဲ့ဘုရင်က အိမ်တော် သွားတော့မယ်တဲ့။” ကျန်းချွင်းဟွာက ဓာတ်ခွဲခန်းထဲသို့ ဝင်လာ၏။ ပြီးနောက် တိုးညင်းစွာ ပြော၏။ သူမ၏အသံက ပျားရည်ကဲ့သို့ ချိုသာနေသောကြောင့် ကြားရသူများ အားလုံးကို ကြက်သီးထစေ၏။
ရှမ့်လန်က ကြက်သီးမထဘဲ မနေနိုင်ချေ။
“ကျန်းချွင်းဟွာ... ကောင်းကောင်းပြောစမ်း။ အရင်တုန်းကလို ရိုင်းစိုင်းပြီး ရဲရင့်တဲ့ အမူအရာမျိုးက မင်းနဲ့ ပိုပြီးလိုက်ဖက်တယ်။ ဘယ်လိုဖြစ်ပြီးတော့ ချိုချိုသာသာနဲ့ တိုးညင်းတိုးညင်းလုပ်နေတာလဲ။ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကောင်းပြီ... ငါလိုက်ပို့ပေးမယ်။” ရှမ့်လန်က ပြောလိုက်သည်။
နောက်တစ်စက္ကန့်မှာပဲ ကျန်းချွင်းဟွာက နှင်းဆီပွင့်ဖတ်ကဲ့သို့ ဖြူဖွေးသော လက်များကို ဆန့်ထုတ်ပြီးနောက် နူးညံ့စွာ ပြောဆို၏။ “အလုပ်နဲ့ အနားယူမှုက မျှတအောင် လုပ်ရမယ်။ နေ့နေ့ညည အလုပ်ရှုပ်နေတာ ရက်အနည်းငယ် ရှိနေပြီ။ နည်းနည်းလောက် အနားယူလိုက်ပါလား။ အရှင့်ဘက်မှာ အချိန်နည်းနည်း ရပါသေးတယ်။ ပြီးတော့ ဒီနေရာက တော်တော်ကောင်းတယ်လို့ ကျွန်မ ခံစားရတယ်။ ဒါမှမဟုတ်ရင်...။”
ပြီးနောက် သူမက ကြီးမားသည့် နဂါးအရှိန်အဝါ ပစ်စင်ပေါ်သို့ ခုန်တက်၏။ ပြီးနောက် ရှမ့်လန်အား ပြောလိုက်သည်။ “လာ... ဒီမှာလည်း ကောင်းတာပဲ။”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ ဤမျှလောက်ပင် ကြမ်းတမ်းလှသည်လား။ သူ တွေ့ကြုံဖူးသည့် အများဆုံးသော အခြေအနေက ဇိမ်ခံကားထဲတွင်ဖြစ်၏။ ထို့ထက်ပို၍ အကောင်းဆုံးဆိုလျှင် လေယာဉ်မှူး အခန်းထဲတွင် ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ဤမိန်းကလေးကတော့ လက်နက်ပစ်စင်ပေါ်သို့ တက်ကာ လှုပ်ရှားဖို့ ပြင်ဆင်လျက် ရှိနေ၏။
...................
အပိုင်း (၁၀၀၂)
တစ်နာရီခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်က ရေမိုးချိုး အဝတ်အစားလဲပြီး နင်ယွမ်ရှန်းကို လိုက်ပါပို့ဆောင်၏။ ကျန်းချွင်းဟွာ၏ မိသားစုက မင်္ဂလာဆောင်ပြီး နောက်တစ်နေ့ ထျန်းရွှဲ့မြို့တော်သို့ ပြန်သွားကြ၏။ သူတို့ သုံးဦးလုံးက ရွှဲ့ပြည်နယ်၏ အရေးပါသော အရာရှိများ ဖြစ်ကြပြီး နေ့စဉ် ကိစ္စရပ်များကို ဆောင်ရွက်ရ၏။ သူတို့က နေ့တစ်ဝက်ပင် အားလပ်ချိန် မရှိကြချေ။
ကောင်းကင်လေကျွန်းရှိ အိမ်တော်ကြီးက မပြီးစီးသေးသော်လည်း နေထိုင်၍ ရနေလေပြီ။ ဤတစ်ခေါက် နင်ယွမ်ရှန်း၊ ရှမ့်လန်၏မိဘများနှင့် စုဖေ့ဖေ့တို့သာ သွားရောက်နေထိုင်ကြမည်သာ မဟုတ်ချေ။ ကလေးများကိုလည်း ထိုနေရာသို့ ပြောင်းရွှေ့ပေးမှာ ဖြစ်၏။
“ဘာမှ ပြဿနာ မရှိဘူးလား။” နင်ယွမ်ရှန်းက မေးလိုက်၏။ သူက ရှမ့်လန်၏ အမိန့်တော်ကို မြင်ဖူးပြီး လက်ရှိအခြေအနေက မည်သို့ရှိမည်ကို သိထားသည်။
ရှမ့်လန်က ပြုံးကာ ပြော၏။ “မရှိပါဘူး။ ဘာပြဿနာမှ မရှိပါဘူး။ အဖေ .. အိမ်တော်မှာ စိတ်အေးချမ်းသာစွာနဲ့ နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကျရင် လောကကြီးတစ်ခုလုံး တုန်ဟီးသွားစေမယ့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်လာနိုင်ပြီး ကောင်းကင်ပေါ်ကို မီးလုံးကြီးတစ်လုံး တက်လာလိမ့်မယ်။ အဲဒါကို မြင်တဲ့အချိန်မှာ မလန့်သွားနဲ့လို့ ပြောချင်ပါတယ်။ အတတ်နိုင်ဆုံး အဝေးဆုံးမှာ ပေါက်ကွဲအောင်လို့ ကျုပ် ကြိုးစားပါ့မယ်။ အဖေ မမြင်ရရင် အကောင်းဆုံးပါပဲ။”
နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ငါ မြင်ရမယ်လို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ကလေးတွေလည်း ရှိနေတော့ မမြင်ရတာ ပိုကောင်းပါတယ်လေ။ ကောင်းပြီ... သွားကြစို့။ မင်းအလုပ် မင်း ဆက်လုပ်ပါ။”
နင်ယွမ်ရှန်းက လက်ကို ဝှေ့ယမ်းပြ၏။ ပြီးနောက် လူထောင်ပေါင်းများစွာတို့က နုရှောင့်မြို့တော်မှ ထွက်ခွာပြီး မြောက်ဘက်ရှိ အိမ်တော်ဆီသို့ ဦးတည်ထွက်ခွာကြ၏။
“ကျွန်မတို့ သွားတော့မယ်။” မင်းသမီးနင်ယန်က သူမ၏ ပူဖောင်းလျက်ရှိနေသည့် ဗိုက်ကို ပွတ်သပ်၏။ သူမက ဤနေရာတွင် နေချင်သေးသော်လည်း ယခင်ကိုယ်ဝန်ဆောင်စဉ်က ခက်ခဲခဲ့ဖူး၏။ ဤတစ်ခေါက် ပိုမို၍ အဆင်ပြေသည် ဆိုသော်လည်း ပေါ့ဆ၍ မဖြစ်ချေ။ ထို့ကြောင့် သူမက အိမ်တော်သို့ ပြောင်းရွှေ့ရမည်။ ထိုနေရာတွင် ပတ်ဝန်းကျင် အလွန်ကောင်းမွန်ပြီး သန္ဓေသားကို ပြုစုပျိုးထောင်ရန် သင့်လျော်သည်။
နုရှောင့်မြို့တော်တွင် ဖောက်ခွဲစမ်းသပ်မှုများ ပြုလုပ်ကြ၏။ နေ့တိုင်း ပေါက်ကွဲသံများကို ကြားနေရ ပေလိမ့်မည်။ နင်ယန်က ဂရုမစိုက်သော်လည်း ဗိုက်ထဲရှိ ကလေးက ခံနိုင်ရည် မရှိမည်ကို စိုးရိမ်ရ၏။ မထွက်ခွာခင်မှာပဲ မင်းသမီးနင်ယန်က သတိပေး၏။
“ကျန်းချွင်းဟွာ... ယောက်ျားရဲ့ ခန္ဓာကိုယ်က အားနည်းတယ်။ ရှင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တာ ပိုကောင်းလိမ့်မယ်။”
မင်းသမီးနင်ယန်၏ သတိပေးမှုကို ခံရပြီးနောက် သူမက ချက်ချင်းပင် ပြန်ပြော၏။
“အစ်မကြီး... ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ကျွန်မ မင်္ဂလာဆောင်ထားတာ ၁၁ ရက် ရှိပါပြီ။ ဒါပေမဲ့ ၂ ခါပဲ ကြိုးစားရသေးတယ်။ ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမှာလဲ။ ကျွန်မကို မုဆိုးမသာ ဖြစ်ခိုင်းလိုက်ပါတော့။”
နင်ယန်က သူမနှင့် အငြင်းပွားရန် အစီအစဉ် မရှိချေ။ ခြေဆောင့်ကာသာ ထွက်ခွာသွားခဲ့သည်။
နင်ယွမ်ရှန်းနှင့် အခြားသောသူများကို လိုက်ပါပို့ဆောင်ပြီးနောက် ကျန်းချွင်းဟွာက ဂရုမစိုက်သလိုပင် ဟန်ဆောင်ကာ ပြော၏။
“ယောက်ျား... ဒီနေ့ နေသာတယ်။ ကျွန်မရဲ့ ရုံးခန်းက ပြတင်းပေါက်တွေ အကုန်လုံး မှန်တွေတပ်ထားတာ။ နေရောင်ခြည်ကလည်း တိုက်ရိုက်ဝင်တယ်။ ရုံးခန်းထဲမှာလည်း မှန်တွေ အများကြီး ရှိတော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲတော့... လက်ဖက်ရည်သောက်ချင်လား။”
သူမက ဤစကားကိုပြောချိန်မှာတော့ လှပသည့် မျက်ဝန်းများမှာ ရေများ ယိုစီးလာလုမတတ်ပင် အရည်ရွှဲနေသည်။ ရုံးခန်းထဲတွင် လက်ဖက်ရည်သောက်ဖို့ သွားရမည် ဆိုသည်ကို မည်သူက ယုံမည်နည်း။
ရှမ့်လန်က အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း လက်လျှော့လိုက်မိ၏။ စစ်ပွဲက ပို၍ အရေးကြီးသည်။ “နဂါးအရှိန်အဝါ” ပစ်စင်ကို အမြန်ဆုံး ပြီးစီးအောင် လုပ်ဖို့က ပို၍အရေးကြီး၏။
“နောက်တစ်ခါ... နောက်တစ်ခါပေါ့။” ရှမ့်လန်က ပြောလိုက်သည်။
“နောက်တစ်ခါကျရင် နို့လက်ဖက်ရည် တိုက်မယ်။” ကျန်းချွင်းဟွာက ချွဲနွှဲ့စွာ ပြော၏။
“ကောင်းပါပြီဗျာ။” ရှမ့်လန်က ထွက်ပြေးရ၏။ ကျန်းချွင်းဟွာကို အပြေးပြိုင်ရာတွင် သူ မနိုင်နိုင်ဟု ခံစားမိ၏။ သူမက တကယ့်ကို ရိုင်းစိုင်းပြီး အများကြီးကိုလည်း သိလိုနေသည်။
..........
ကောင်းကင်ပင်လယ်နန်းဆောင်က ထျန်းနန်ပြည်နယ်၏ တောင်ဘက်အစွန်းတွင်ရှိပြီး ပင်လယ်ကမ်းစပ်တွင် တည်ရှိ၏။ လှပသည့် အဆောက်အအုံ အစုအဝေးကြီး တစ်ခုကဲ့သို့ပင်။ အစိတ်အပိုင်းတစ်ခုက ကုန်းပေါ်တွင်ရှိပြီး အခြားသော အစိတ်အပိုင်းတစ်ခုက ပင်လယ်ပြင်ထဲတွင် ရှိ၏။ စိတ်ကူးယဉ်ဆန်မှုများနှင့် ပြည့်နှက်နေ၏။ အထူးသဘာဝလွန် အင်အားစုကြီးတစ်ခုနှင့် လုံးဝမတူဘဲ ကျောင်းတစ်ခုနှင့်ပင် ပိုတူ၏။
ရှမ့်လန်က ရွှမ်ဝူအိမ်တော်သို့ ဝင်ရောက်ပြီးမကြာမီ ဤနေရာဆီသို့ ရောက်ရှိလာခဲ့၏။ ထိုအရာက ယုံကြည်ရန် ခက်ခဲလှချေ၏။ ဤနေရာက တကယ့်ကို အထူးအထူးသော နေရာတစ်ခုပင်။ ထိုအချိန်က အလွန် ဖော်ရွေလွန်းသောကြောင့် ရှမ့်လန်ကပင် ဘုရားဖူးလာသကဲ့သို့ ခံစားမိခဲ့သေးသည်။
ဤနေရာက အသိပညာ၏ ဗိမာန်တစ်ခုကဲ့သို့ပင်။ အထက်တန်းကျောင်းသားတစ်ယောက်က လှပပြီး နူးညံ့ သိမ်မွေ့သည့် အတန်းပိုင်ဆရာမကို တွေ့လိုက်ရသကဲ့သို့ပင်။ သူမက အိမ်မက်ချစ်သူနှင့် စံပြဆရာမ တစ်ဦးကဲ့သို့ပင်။ နောက်ဆုံး သူမက လောကကြီးကို ဖျက်ဆီးမည့် ဂိုဏ်းချုပ်ကြီး ဖြစ်နေ၏။
ကောင်းကင်ပင်လယ်နန်းဆောင်ကို တိုက်ခိုက်ရန် ရှမ့်လန်က စစ်သည်မည်မျှကို စေလွှတ်ခဲ့သနည်း။ ကုန်းတပ်တွင် လူ ၃၀၀၀ ရှိပြီး ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြှောက်ပေါင်း ၅၀ ပါ၏။ ရေတပ်တွင် သင်္ဘော ၁၅ စီးရှိပြီး စုစုပေါင်း လူ ၄၀၀၀ ပါဝင်၏။ အားလုံးက ရိုင်ဖယ်ပြောင်းထိုး ဟောင်ဝစ်ဇာများပင် ဖြစ်၏။ စုစုပေါင်း ၂၀၀ ခန့်ပင်။
စစ်တပ်နှစ်ခုက အပြန်အလှန် ကာကွယ်ပေးရင်း တောင်ဘက်သို့ ဦးတည်ချီတက်နေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်ဆီသို့ ဦးတည်နေခြင်း ဖြစ်သည်။
...................
လှပသည့် ပညာရှင် ကျန်းယွီယင် က သူမ၏ လွတ်လပ်ပြီး စည်းကမ်းမရှိသည့် ပုံစံအတိုင်း ပြန်ဖြစ်နေ၏။ သူမ၏ ဆံပင်များက ရှုပ်ပွနေပြီး မိတ်ကပ်လည်း မလိမ်းထားချေ။ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သည်နှင့် လူများကို ဆဲဆိုတတ်၏။ သူမ၏ အတန်းများတွင် တစ်စုံတစ်ယောက်အနေဖြင့် ဂရုမစိုက်ပါက ဘဝကို ပြန်လည်ကာ မေးခွန်းထုတ်ရလောက်သည်အထိ ဆဲဆိုခံရပေမည်။
ဤအချိန်မှာတော့ သူမက စာကြည့်တိုက်ကို ရှင်းလင်းနေဆဲပင်။ စာအုပ်ကို နေရာမှန်တွင် မထားပါက မျက်နှာပျက်လောက်အောင် ဆဲဆို၏။ သူမက စာအုပ်စင်တစ်ခုကို ရှင်းလင်းနေစဉ် နေရာလွတ်နှစ်ခုကို တွေ့ရ၏။ ချက်ချင်းပဲ အော်ဟစ်လိုက်၏။
“ဒီစာအုပ် နှစ်အုပ် ဘယ်ရောက်သွားပြီလဲ။ ဘယ်ရောက်သွားတာလဲ။ ဘယ်သူက ငှားပြီး ပြန်မပေးတာလဲ။ ဘာ ၂ နှစ် ရှိပြီလဲ။ စာရွက်တွေ မရှိတော့လို့ စာအုပ်ကို ဆုတ်ဖြဲလိုက်ကြတာလား။”
ရုတ်တရက် သူမ၏ မြင်ကွင်းထဲတွင် ရှိနေသည့် ပညာရှင်အားလုံးက ခေါင်းငုံ့လိုက်ကြ၏။ ထိုသူတို့က ပြန်ပြောရဲရန် သို့မဟုတ် သူမကို ပြန်လှန်ကြည့်ရန် မဝံ့ရဲကြချေ။
“မပြောချင်ကြဘူးပေါ့။”
ကျန်းယွီယင်က အင်္ကျီလက်မောင်းကို ပင့်တင်ကာ ပြော၏။ “ဘယ်သူမှ ဝန်မခံရင် ကျွန်မမြင်ကွင်းထဲက လူတိုင်း အိမ်သာဆေးရမယ်။ ကျန်းအာ... ရှင် ဘာလို့ ပြေးနေတာလဲ။ ပြေးနေရုံနဲ့ ကျွန်မ မြင်ကွင်းက လွတ်မယ်ထင်လား။”
ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူနှင့် ပညာရှင်ကြီးက လှမ်းကာ ပြောသည်။ “ပညာရှင်ယွီယင်... ကျုပ် အိမ်သာ တက်ချင်လို့ပါ။ ပြေးချင်လို့ မဟုတ်ပါဘူး။”
“အိမ်သာ တက်ချင်တယ် ဟုတ်လား။ အရမ်းကောင်းတယ်။ ဒါဆိုရင် အဲဒီမှာ မလှုပ်ဘဲနေ။ ဝန်ခံလိုက်စမ်း။ ဒီစာအုပ် နှစ်အုပ်ကို ဘယ်သူ ငှားပြီး ပြန်မပေးတာလဲ။ မပြောရင် ဘောင်းဘီထဲ သေးထွက်ကျတဲ့အထိ ဒီနေရာမှာ ရပ်နေရမယ်။ ဒါမှမဟုတ်ရင် သေးပေါက်ချင်တဲ့ဟာကို ကြိုးနဲ့စည်းပြီး ဆီးအိမ် ပေါက်ကွဲအောင် လုပ်ပစ်မယ်။” ကျန်းယွီယင်က အေးစက်စွာ ပြော၏။
ထိုပညာရှင်ကြီးက အားနည်းစွာဖြင့် ပြန်ပြောသည်။ “ပညာရှင် ကျန်းယွီယင်... ဒီစာအုပ် နှစ်အုပ်က ခင်ဗျား တစ်ဆင့် ငှားသွားတာလေ။ ဒီတစ်အုပ်ကို ရှမ့်လန် ငှားသွားခဲ့တာ။ နောက်တစ်အုပ်ကို ကျူးနင် ငှားလိုက်တာ။ အခုထိ ပြန်မလာသေးပါဘူး။”
ကျန်းယွီယင်က နားမလည်စွာ ပြန်မေး၏။ “တကယ်လား။”
ပညာရှင်အားလုံးက ခေါင်းကို အသည်းအသန် ညိတ်ပြ၏။ လုံးဝ အမှန်ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။
ပညာရှင်ကြီးက ပြော၏။ “ပညာရှင် ကျန်းယွီယင်... ကျုပ် အခု ကျောက်ကပ် အစားထိုးကုသဖို့ သွားလို့ရ မလား။”
ကျန်းယွီယင်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ရှင်ဘာကို ဆိုလိုတာလဲ။ ကျွန်မ ငှားသွားတယ်ဆိုတာ လူတိုင်း သိရက်နဲ့ ဘာလို့ ကျွန်မကို အသိမပေးတာလဲ။ နောက်ပြောင်ချင်နေတာလား။ ရှင်တို့ ဘာလုပ်ချင်နေကြတာလဲ။”
လူတိုင်းက ခေါင်းငုံ့ထား၏။ ကျန်းယွီယင် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေသည်ကို အသာပင် ခွင့်ပြုထားရ၏။
ဒုတိယပညာရှင်ကျန်းက ဆီးကို ထိန်းထားရသောကြောင့် တုန်ယင်နေသည်။ “ပညာရှင် ကျန်းယွီယင်... ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါတော့။ ကျုပ် အသက်ကြီးပြီမို့ ဆက်ပြီး မထိန်းနိုင်တော့ဘူး။ အသက် ၇၀ ရှိနေပြီ။ ကျုပ်ရဲ့ ဂုဏ်သိက္ခာတွေ ဒီနေရာမှာ ပျောက်ဆုံးသွားမှာကို ခင်ဗျား ထိုင်ကြည့်နေတော့မှာလား။”
ကျန်းယွီယင်က ထိုသူကို တစ်ချက်ကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “ကောင်းပြီ... ရှင့်နာမည်က ကျန်း ဖြစ်နေလို့ သွားခွင့်ပြုလိုက်မယ်။”
ဒုတိယပညာရှင်ကျန်းက လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်ရသကဲ့သို့ပင် အိမ်သာဆီသို့ အသော့နှင်၏။ မိနစ် အနည်းငယ်ကြာချိန်မှာတော့ သူက တကယ့်ကို သက်တောင့်သက်သာ ခံစားရပြီး ပြန်လည်ထွက်လာသည်။
ပြီးနောက် သက်ပြင်းချကာ ပြောလိုက်မိ၏။ “ကျောင်းထဲကို ဝင်တုန်းက အလျင်စလို ဖြစ်ခဲ့ပေမဲ့ ကျောင်းက ထွက်တော့ စိတ်ကြည်နူးရတယ်။ လောကရဲ့ နိဗ္ဗာန်ဘုံဆိုတာ ဒါပါလား။”
“ကောင်းလိုက်တဲ့ ကဗျာ... ကောင်းလိုက်တဲ့ ကဗျာပါလား။” ပညာရှင်အားလုံးက အံ့အားတကြီးဖြင့် ဖြစ်နေကြသည်။
သူတို့က တကယ့်ကို ဖော်ရွေသည့် လူတစ်စုနှင့် တူ၏။ အချင်းချင်း ဘဝင်မမြင့်ကြဘဲ ညစ်ညမ်းသည့် ဟာသများကိုပင် မကြာခဏ ပြောဆိုလေ့ရှိ၏။
ဤအချိန်မှာပဲ ပညာရှင်တစ်ဦးက ဖြည်းညင်းစွာ လျှောက်ဆင်းလာကာ ပြောသည်။ “ရှမ့်လန် စစ်တပ်က လာပြီး တိုက်ခိုက်နေပြီ။”
“ဪ...” ပညာရှင်အားလုံးက မော့ကြည့်၏။
ပြီးနောက် လက်စသတ်အလုပ်များကို ပြန်လည်ကာ လုပ်နေကြ၏။ စာဖတ်သူကဖတ်၊ အလုပ်လုပ်သူက လုပ်ပင်။ ပညာရှင်များက သေးပေါက်နေမည်ဆိုစဉ်ပင်လျှင် တစ်ချက်ကလေးမှ တန့်သွားမည် မဟုတ်ပေ။
“ဪ” ဆိုသည့် စကားလုံးက သူတို့၏ မျက်လုံးထဲတွင် အဆုံးမဲ့သည့် မာနနှင့် အထင်အမြင်သေးမှုများကို ဖော်ပြနေ၏။ ရှမ့်လန် လာတိုက်ခိုက်သည်ကို ကြားရချိန်မှာတော့ ငန်းအုပ်များ လာနေသည်ဟု ကြားလိုက် ရသကဲ့သို့ပင်။
................
ရှမ့်လန်၏ စစ်တပ်က တိုက်ခိုက်ရန်လာနေ၏။
ကောင်းကင်ပင်လယ်နန်းဆောင်၏ မျှော်စင်ပေါ်ရှိ ပညာရှင် အချို့က မိုင်ဒါဇင်ပေါင်း များစွာအကွာမှ ရှမ့်လန်၏ စစ်တပ်ကို တွေ့ရှိနေသည်။ ပြီးနောက် သူတို့က သူတို့အလုပ်ကို သူတို့ ပြန်လုပ်နေ၏။ ခေါင်းလောင်းထိုးခြင်း သို့မဟုတ် ရန်သူတိုက်ခိုက်လာသည်ဟု အော်ဟစ်ခဲ့ခြင်း မရှိချေ။
ဘာမှမဖြစ်ပျက်သကဲ့သို့ပင်။ ဂိတ်စောင့်အဘိုးအိုက ငိုက်မြည်းနေဆဲပင်။ တံမြက်စည်းလှည်းသည့် အဘိုးအိုက ဆက်လက် လှည်းကျင်းနေ၏။ အရာအားလုံးက အလွန်ပင် အေးဆေး တည်ငြိမ်၏။
ရှမ့်လန်၏ ကုန်းတပ်နှင့် ရေတပ်က တန်းစီကာ လာ၏။ သူတို့က ကောင်းကင်ပင်လယ်နန်းဆောင်နှင့် ပိုမို၍ နီးကပ်လာသည်။
မိုင် ၃၀... မိုင် ၂၀... ၁၀ မိုင်... ၅ မိုင်... ၄ မိုင်။
ဤအကွာအဝေးသို့ ရောက်ချိန်မှာတော့ ရေယာဉ်စုများက ရပ်တန့်၏။ ကုန်းတပ်ကြီးကလည်း ရပ်တန့် သွား၏။
ကုန်းတပ်၏ အမြှောက် ၅၀ က စတင်တပ်ဆင်ပြီး ချိန်ရွယ်လျက် ရှိ၏။ ပင်လယ်ပြင်ပေါ်ရှိ သင်္ဘောဒါဇင်ပေါင်း များစွာတို့က ကောင်းကင်ပင်လယ်နန်းဆောင်ကို ချိန်ရွယ်ထား၏။ ရိုင်ဖယ်ပြောင်းထိုး ဟောင်ဝစ်ဇာများက မီတာ ၂၀၀၀ အကွာအဝေးရှိ အကွာအဝေးကို လွယ်ကူစွာ ပစ်ခတ်နိုင်၏။ ထို့အပြင် ဤနေရာက ကြီးမားသည့် အဆောက်အအုံကြီး တစ်ခု ဖြစ်၏။ တိတိကျကျ ချိန်ရွယ်ထားစရာ မလိုချေ။ ဤအတိုင်း ဖောက်ခွဲပစ်လိုက်ရုံသာပင်။
“ချိန်ရွယ်ပြီးပြီ... အားလုံးအသင့်ပြင်... ပစ်ကြ။”
“ဘုန်း... ဘုန်း... ဘုန်း...”
ကုန်းပေါ်မှ အမြှောက် ၅၀ နှင့် ပင်လယ်ပြင်မှ အမြှောက် ၁၀၀ တို့က တပြိုင်နက်တည်း ပစ်ခတ်၏။ ခဏချင်းမှာပဲ အမြှောက်ဆံ ၁၅၀ ကျော်တို့က ကောင်းကင်ကို ဖြတ်ကျော်ပြီး ကောင်းကင်ပင်လယ် နန်းဆောင်ထံသို့ ကျသည်။
ကောင်းကင်ပင်လယ်နန်းဆောင်ရှိ လူတိုင်းက မိမိအလုပ်ကို ဆက်လက်လုပ်ဆောင်နေကြ၏။ ငိုက်မြည်းသူက ငိုက်၊ တံမြက်စည်းလှည်းသူကလှည်းနှင့် အပြင်ဘက်မှ မိုးခြိမ်းသံကဲ့သို့သော အမြှောက်သံကြီးကို မကြားသကဲ့သို့ပင်။
သို့သော်ငြား ရှမ့်လန်စစ်တပ်၏ အမြှောက်ဆံ ၁၅၀ ကျော်တို့က လေထဲတွင် ပျံသန်းသွား၏။
“ဝှစ်... ဝှစ်...” ရှေးဟောင်းမြားများက ကောင်းကင်ပင်လယ်နန်းဆောင်မှ ပစ်လွှတ်လိုက်၏။ မျက်စိတစ်မှိတ်အတွင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်စေ၏။ ရှမ့်လန်၏ အမြှောက်ဆံများကို လေထဲတွင်ပင်လျှင် တိုက်ရိုက် ကြားဖြတ်ဟန့်တား၏။ ဤရှေးဟောင်းမြားများက အမြှောက်ဆံများကို ဖောက်ခွဲပစ်လိုက်နိုင်သည်။
“ဘုန်း... ဘုန်း...”
အမြှောက်ဆံအားလုံးက ကောင်းကင်ပင်လယ်နန်းဆောင်နှင့် မီတာ ၁၀၀၀ အကွာရှိ လေထုထဲတွင် ပေါက်ကွဲသွားကြ၏။ ကောင်းကင်ပင်လယ်နန်းဆောင်က ဘေးကင်းလုံခြုံစွာ ရှိနေသေး၏။
ကြီးမားသည့် မီးရှူးမီးပန်းကြီး တစ်ခု ပစ်ဖောက်လိုက်သကဲ့သို့ပင်။ အံ့အားသင့်စရာ ကောင်းလှချေ၏။ လေထဲတွင် ကြားဖြတ် ဟန့်တားလိုက်သည်လား။ ထို့အပြင် ဤထောင်ပေါင်းများစွာသော ရှေးဟောင်းမြားများကို လူများက ပစ်ခတ်ခြင်း မဟုတ်ဘဲ ရှေးဟောင်းလက်နက်တစ်မျိုးမျိုးက စုပေါင်း ပစ်ခတ်လိုက်ခြင်းပင်။
“ကျည်ဖြည့်ကြ။”
အမိန့်ပေးလိုက်သည်နှင့် အမြှောက် ၁၅၀ ကို ပြန်ဖြည့်၏။ အိမ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံး ၃ လုံးနှင့် အခြားသော တည်နေရာ သံလိုက်ဗုံး ၄၇ လုံး ပါရှိ၏။
“ပစ်...”
အမိန့်ပေးလိုက်သည်နှင့် အမြှောက်ဆံ ၁၅၀ က နောက်တစ်ကြိမ် ရူးရူးမူးမူး ပစ်ခတ်၏။ ပြီးနောက် ကောင်းကင်ပင်လယ်နန်းဆောင်မှ လေထုထဲတွင် ကြားဖြတ် ဖျက်ဆီးပြန်သည်။
မီတာ ၁၀၀၀ ကျော် အကွာတွင် အမြောက်ဆံများအားလုံး ပေါက်ကွဲသွား၏။
“ဖူး... ဖူး... ဖူး...” အပြာရောင်အလင်းတန်းတစ်ချက်က လက်ခနဲဖြစ်သွား၏။ လူတိုင်း၏ မျက်နှာပေါ်တွင် ထုံကျင်မှုကို ခံစားရ၏။ ဤသည်က အိမ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများပင်။
ယခင်က ရှမ့်လန်သည် သွေးဝိညာဉ်တပ်တော်၏ ရှေးဟောင်းစွမ်းအင်ထိန်းချုပ်ရေး ကိရိယာကို အလုပ် မလုပ်နိုင်အောင် တားဆီးခဲ့သည်။ ထိုပစ္စည်းနှင့်ပင်။ ယခုတစ်ကြိမ်မှာတော့ အဆင့်မြင့်တင်ထားသေးသည်။
“ဘုန်း... ဘုန်း...”
တည်နေရာလှိုင်းဗုံး ဒါဇင်ပေါင်းများစွာတို့က လေထုထဲတွင် ပေါက်ကွဲ၏။ ခဏအတွင်းမှာပဲ ကောင်းကင်ယံတစ်ခုလုံးတွင် ဂရပ်ဖိုက်မှုန့် များဖြင့် ပြည့်နှက်သွား၏။
“ကျည်ထပ်ဖြည့်ကြ...”
ဤတစ်ကြိမ်မှာတော့ ရှမ့်လန် စစ်တပ်၏ အမြှောက် ၁၅၀ က အမြှောက်များကို ထပ်မံပြောင်းလဲလိုက်ပြန်၏။ ချိန်ကိုက်ဗုံးများပင်။ လေထုထဲ ကြားဖြတ်ဟန့်တားခံရလျှင်ပင် ပေါက်ကွဲမည် မဟုတ်ချေ။ ထို့အစား မြေပြင်ပေါ်သို့ ကျရောက်မှသာ ပေါက်ကွဲပေလိမ့်မည်။