← Chapters

အခန်း (၅၀၁)

Vol. 51 Ch. 501

အခန်း (၅၀၁)

Vol. 51 Ch. 501

ကျောက်တုံးဗုံးတစ်လုံး ကျရောက်လာတိုင်း စစ်သည်ဆယ်ဂဏန်းခန့် ပွဲချင်းပြီး သေဆုံးသွားရလေ၏။ ထိုကျောက်တုံးကြီးများက လူများကို တိုက်ရိုက်ထိမှန်ကာ ကြိတ်ချေသွားပြီးနောက် ဆက်လက်လိမ့်ဆင်းသွားရာ သွေးလမ်းကြောင်းကြီးတစ်ခုကို ထွန်ယက်သွားသကဲ့သို့ ဖြစ်နေသည်။ ကျောက်တုံးကြီးများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လီမိသားစု စစ်သည်များမှာ ခန္ဓာကိုယ်များ ကျိုးပဲ့ကြေမွကာ အသားစ ၊ သွေးစများအဖြစ်သို့ ပြောင်းလဲသွားရရှာသည်။ စစ်သည်များသည် အသေဆိုးဖြင့် သေဆုံးနေကြခြင်း ဖြစ်၏။ စစ်မြေပြင် အခြေအနေသည် အလွန်တရာ ဆိုးရွားလွန်းနေပြီး အတိုင်းအဆမဲ့ ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။

“ဝုန်းးး...”

ဧရာမ ကျောက်တုံးကြီးတစ်တုံးသည် လေထုကို ခွင်းလျက် တရွှီးရွှီးအသံမြည်ကာ ရှားလုံရွှို၏ ဦးခေါင်းထက်တည့်တည့်သို့ ကျဆင်းလာ၏။ သို့သော် ရှားလုံရွှိုသည် တုန်လှုပ်ခြောက်ခြားရမည့်အစား ထိုကျောက်တုံးကြီးကို မထီမဲ့မြင်အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး နေရာမှ တစ်လက်မမျှပင် မရွေ့ဘဲ ရပ်နေလိုက်၏။

“ဝေါးးး...”

ကျောက်တုံးဗုံးက ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာ၏။ တစ်ချိန်တည်းတွင် ရှားလုံရွှို၏ လက်ထဲမှ သံတုတ်မည်းကြီးသည် ရုတ်တရက် ဝင့်တက်သွားပြီး ကျောက်တုံးကြီးကို အားကုန် ရိုက်ချလိုက်လေသည်။

“ဘန်းးး...”

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ကျင်းတစ်ရာကျော် လေးလံသော ကျောက်တုံးဗုံးကြီးသည် သူ၏ ရိုက်ချက်ကြောင့် တစ်စစီ ကွဲကြေသွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။

ထိုခဏ၌ သူ၏ ကိုယ်ပေါ်ရှိ သံချပ်ကာအင်္ကျီသည်လည်း ခွမ်းခနဲ ကွဲထွက်သွားပြီး ဆေးမင်ကြောင်များ ပြည့်နှက်နေသော သံတုံးကဲ့သို့ မာကျောသည့် ကြွက်သားကြီးများ ပေါ်ထွက်လာလေသည်။

ဤလူသည် အမှန်တကယ်ပင် သားရဲတစ်ကောင်ကဲ့သို့ အားကြီးလွန်းသူ ဖြစ်ပေ၏။

သို့သော် စစ်သည်ပေါင်းသိန်းနှင်ချီသည့် စစ်မြေပြင်တွင် သူတစ်ယောက်တည်း စွမ်းဆောင်နေရုံဖြင့် အရာမထင်ပေ။ တုပိုင်၏ ကျောက်ခဲပစ်စက်များသည် လီမိသားစု ခန့်မှန်းထားသော ဘေးကင်းလုံခြုံသည့် အကွာအဝေးထက် များစွာကျော်လွန်၍ ပစ်ခတ်နိုင်စွမ်း ရှိနေသည်။ ထို့အပြင် လီမိသားစု၏ တပ်ဖွဲ့မှာ လူအင်အားများလွန်းပြီး သိပ်သည်းစွာ စုဖွဲ့ထားသည့်အတွက် ကျောက်တုံးဗုံးတစ်လုံး ကျလာတိုင်း ကြီးမားသော အထိအခိုက် အကျအဆုံးများကို ဖြစ်ပေါ်စေလေသည်။

ကံကောင်းသည်မှာ ရှားလုံမျိုးနွယ်စုမှ တပ်သား ၅၀,၀၀၀ စလုံးသည် မီးနတ်ဘုရားဆေးရည်များကို သောက်သုံးထားကြခြင်းပင် ဖြစ်သည်။ ထိုဆေးရည်ကြောင့် သူတို့သည် ကြောက်ရွံ့ခြင်းမရှိတော့ဘဲ မိမိကိုယ်ကို ဖျက်ဆီးလိုစိတ်များပင် ပြင်းထန်နေကြသည်။ ကျောက်တုံးထိမှန်၍ အသားစများ လွင့်စင်ကာ သေဆုံးသွားသော ရဲဘော်ရဲဘက်များကို မြင်လိုက်ရသည့်အခါ ကြောက်ရွံ့သွားခြင်း မရှိသည့်အပြင် စိတ်လှုပ်ရှားကာ တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုသို့ အမှုန့်ကြိတ်ခံလိုက်ချင်သည့် ရူးသွပ်မိုက်မဲသောစိတ်များပင် ဖြစ်ပေါ်လာကြ၏။

ထိုခံစားချက်သည် မြင့်မားလှသော တောင်ကမ်းပါးယံတစ်ခု၏ ထိပ်ဆုံးတွင် တစ်ယောက်တည်း ရပ်နေပြီး ပြုတ်ကျသွားလျှင် မည်သို့သောအရသာ ရှိမည်နည်းဟု စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသကဲ့သို့ပင် ဖြစ်၏။

မီးနတ်ဘုရားဆေးရည်သည် ထိုပျက်စီးလိုစိတ်ကို အဆက်မပြတ် ကြီးထွားလာအောင် လှုံ့ဆော်ပေးနေလေသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

နှစ်ဖက်စလုံးရှိ ကျောက်ခဲပစ်စက်များသည် ရူးသွပ်မတတ် အပြန်အလှန် ပစ်ခတ်နေကြသည်။

ယင်းမှာ ဤခေတ်ကာလ စစ်ပွဲများ၏ အဓိက စည်းချက်ပင် ဖြစ်ချေ၏။ စစ်ပွဲစတင်သည်နှင့် ကျောက်ခဲပစ်စက်များဖြင့် ဦးစွာပထမ ဗုံးမိုးရွာချလေ့ရှိသည်။

ကျောက်တုံးဗုံးများသည် အကြိမ်ကြိမ်အဖန်ဖန် တုပိုင်၏ ပိုင်ဆယ်မြို့ရိုးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး ပေါက်ကွဲနေ၏။ အကြိမ်တိုင်းတွင် ကောင်းကင်နှင့် မြေကြီးပါ တုန်ခါသွားသယောင် ထင်ရပြီး နားကွဲမတတ် ပေါက်ကွဲသံကြီးများနှင့်အတူ မြို့ရိုးတစ်ခုလုံး တုန်ခါနေလေ၏။

ကံကောင်းထောက်မစွာဖြင့် တုပိုင်သည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း မြို့ရိုးကို အကြီးစား ပြုပြင်မွမ်းမံထားခဲ့သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ပြင်းထန်သည့် ဗုံးကြဲတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ကျောက်ခဲပစ်စက်ကြီးများဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုသည် ပြီးဆုံးမည့်ပုံမပေါ်ဘဲ အဆုံးမဲ့ ဖြစ်နေသယောင်ပင်။

ရံဖန်ရံခါတွင် ဧရာမကျောက်တုံးကြီးများသည် မြို့ရိုးကို ကျော်လွန်ကာ မြို့ထဲသို့ ကျရောက်ပြီး အိမ်များကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။

လက်ရှိအချိန်တွင် ကံကောင်းသည်မှာ စစ်သည်များအားလုံးသည် ခိုင်ခံ့သော ကတုတ်ကျင်းများထဲတွင် ပုန်းခိုနေကြကာ ကျောက်ခဲပစ်စက်များ၏ ပစ်ကွင်းအပြင်ဘက်သို့ ရှောင်တိမ်းနေကြလေသည်။ သို့မဟုတ်ပါက မြို့တွင်း၌လည်း စစ်သည်အထိအခိုက် အကျအဆုံး များပြားပေလိမ့်မည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

တုပိုင်၏ ကျောက်ခဲပစ်စက်များကလည်း ရူးသွပ်စွာ ပြန်လည်ပစ်ခတ်နေပြီး အကြိမ်တိုင်းတွင် လီမိသားစုတပ်ကို သေဆုံးမှု များပြားစေခဲ့သည်။

သို့သော် ကံဆိုးသည်မှာ ကျောက်ခဲပစ်စက်များ၏ ပစ်ခတ်မှုတိကျခြင်း မရှိဘဲ ပစ်မှတ်နှင့် လွဲချော်လွန်းလှသည်။ မဟုတ်လျှင် လီမိသားစုတပ်၏ အထိအခိုက် အကျအဆုံးသည် ယခုထက် ပိုမို ထိတ်လန့်ဖွယ် ကောင်းနေပေလိမ့်မည်။

ရှားလုံရွှိုသည် လီဝမ်ဝမ်အား လှမ်းကြည့်လိုက်၏။

လီဝမ်ဝမ်သည် တုန်လှုပ်ခြင်းမရှိပေ။ သူမတွင် တပ်ဆုတ်မည့် အစီအစဉ် လုံးဝမရှိချေ။ အထိအခိုက် အကျအဆုံး မည်မျှပင်များပြားပါစေ ခြေတစ်လှမ်းမပြောနှင့် တစ်လက်မမျှပင် နောက်ဆုတ်မည် မဟုတ်ပေ။

**--**--**--**--**--**--**--**

ဤသို့ဖြင့် လီမိသားစုသည် တစ်နာရီခန့်ကြာအောင် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရပ်တန့်လိုက်သည်။

လက်ရှိအချိန်တွင် တုပိုင် အသစ်ဆောက်ထားသော မြို့ရိုးသည် အပေါက်အပြဲ ဗရပွနှင့် စုတ်ပြတ်သတ်နေပြီ ဖြစ်သော်လည်း ကံကောင်းစွာဖြင့် ကျိုးပေါက်သွားသည့် နေရာဟူ၍ မရှိသေးပေ။

ကျောက်ခဲပစ်စက်များ၏ တိကျမှုမှာ အလွန်ညံ့ဖျင်းသဖြင့် နေရာတစ်နေရာတည်းကို ထပ်ခါတလဲလဲ ထိမှန်ရန် မဖြစ်နိုင်သလောက်ပင်။ အကယ်၍သာ ကျင်းတစ်ရာကျော် ကျောက်တုံးဗုံးများက နေရာတစ်ကွက်တည်းကို စုပြုံပစ်ခတ်နိုင်ခဲ့လျှင် မြို့ရိုးမှာ ကျိန်းသေပေါက် ကျိုးပေါက်သွားပေလိမ့်မည်။

လီမိသားစု၏ ကျောက်ခဲပစ်စက်များ ရပ်တန့်သွားသည်။

မြို့ထဲတွင်လည်း တုပိုင်၏ ကျောက်ခဲပစ်စက်များက တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြ၏။ လီဝမ်ဝမ်သည် ပိုင်ဆယ်မြို့ကို လှမ်းကြည့်ရင်း အေးစက်စက် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“တုပိုင်... ခုနကဟာက နိဒါန်းပျိုးလိုက်တာပဲ ရှိသေးတယ်။ တကယ့် အဖျက်စွမ်းအားကြီးတဲ့ တိုက်ခိုက်မှုက အခုမှ လာမှာ...”

ထို့နောက် လီဝမ်ဝမ်က အမိန့်ပေးလိုက်သည်။

“မီးနတ်ဘုရား အဆိပ်ဗုံးတွေ ပြောင်းတပ်လိုက်...”

ထိုစကားကို ကြားလိုက်သည်နှင့် သူမ၏ ဘေးနားရှိလူများ၏ မျက်နှာအရောင်များ ပြောင်းလဲသွားကြသည်။

ထို့နောက် ဝတ်ရုံနီများ ဝတ်ဆင်ထားသော မီးနတ်ဘုရား ဂိုဏ်းသား ဘုန်းတော်ကြီးရာပေါင်းများစွာ ထွက်ပေါ်လာပြီး သေတ္တာတစ်လုံးပြီးတစ်လုံးကို ဖွင့်လိုက်ကြသည်။

ပြီးနောက်တွင် ဘုန်းတော်ကြီးများသည် ဖယောင်းပုဆိုးဖြင့် အသေအချာ ထုပ်ပိုးထားသော မီးနတ်ဘုရားအဆိပ်ဗုံးများကို ဂရုတစိုက် ထုတ်ယူပြီးနောက် မီးရှို့ရန်အတွက် ကျောက်ခဲပစ်စက်များပေါ်သို့ တင်လိုက်ကြသည်။

ဘုန်းတော်ကြီးတိုင်းသည် အထူးပြုလုပ်ထားသော မျက်နှာဖုံးများနှင့် လက်အိတ်များကို ဝတ်ဆင်ထားကြသည်။ သူတို့သည် မီးနတ်ဘုရားအဆိပ်ဗုံးနှင့် မတော်တဆ ထိတွေ့မိမည်ကို အလွန် စိုးရိမ်နေကြပုံရသည်။

“ပစ်...”

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လီမိသားစု၏ ကျောက်ခဲပစ်စက်များသည် ရူးသွပ်စွာဖြင့် ပြန်လည်ပစ်ခတ်ကြပြန်သည်။

ဤတစ်ကြိမ်တွင် ပစ်ခတ်သည့်အရာများမှာ ကျောက်တုံးဗုံးများ မဟုတ်တော့ပေ။ ထိုအစား လီဝမ်ဝမ်၏ လျှို့ဝှက်လက်နက်ဖြစ်သော မီးနတ်ဘုရား အဆိပ်ဗုံးများ ဖြစ်လေသည်။

ယင်းမှာ လီဝမ်ဝမ်၏ အကြီးမားဆုံး သတ်ဖြတ်လက်နက်တစ်ခုလည်းဖြစ်၏။ မီးနတ်ဘုရားဘာသာသည် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်ပိုင်နိုင်ကြသည်။ တာ့ယန်နိုင်ငံတော်၏ မီးနတ်ဘုရားဘာသာသည် စစ်မှန်သော ဂိုဏ်းမဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က အတုခိုး ပေါ်ပေါက်လာသော ဂိုဏ်းခွဲတစ်ခုသာ ဖြစ်၏။ သို့သော် သူတို့သည် ဆယ်စုနှစ်အနည်းငယ်ကမှ အနောက်ဘက်ဒေသရှိ မီးနတ်ဘုရားဘာသာနှင့် ပေါင်းစည်းခဲ့သော်လည်း ၊ အဆိပ်နှင့် လျှို့ဝှက်ပညာရပ်များကို အသုံးပြုရာတွင် အလွန် ထူးချွန်ကြလေသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မီးလုံးများ ပြည့်နှက်နေသော ကောင်းကင်ပြင်ထက်တွင် အဆိပ်ဗုံးကြီးများသည် လေထုထဲတွင် မျဉ်းကွေးများ ရေးဆွဲလျက် မြို့ထဲသို့ ပြင်းထန်စွာ ကျရောက်လာပြီး ရုတ်တရက် ပေါက်ကွဲသွားကြသည်။

“ဝုန်းးးးးးးးးးးးး”

ချက်ချင်းပင် မီးတောက်များက ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုသွားလေ၏။ တစ်ချိန်တည်းတွင် ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များမှ ကြောက်မက်ဖွယ်ကောင်းသော အဝါရောင် အဆိပ်ငွေ့များ ထွက်ပေါ်လာ၏။

ကျဉ်းမြောင်းသော နေရာမျိုးတွင်ဆိုလျှင် ဤအဆိပ်ငွေ့သည် လူကို သေစေနိုင်လောက်သည်။ သို့သော် မြို့ပြကဲ့သို့ ကျယ်ဝန်းသော နေရာတွင်မူ အဆိပ်ငွေ့များ လျင်မြန်စွာ ပျံ့လွင့်သွားတတ်သဖြင့် အနည်းငယ် ပါးသွားသော်လည်း သေစေနိုင်သော စွမ်းအားမှာ ရှိနေဆဲပင်။ အဆိပ်ငွေ့နှင့် ထိတွေ့မိပါက မျက်လုံးများကို ကန်းလုမတတ် ပူလောင်စေနိုင်ပြီး ပြင်းထန်စွာ ချောင်းဆိုးကာ သွေးအန်သည်အထိ ဖြစ်စေနိုင်သည်။

လွန်ခဲ့သော အကြိမ်က ပိုင်ဆယ်မြို့ကို တိုက်ခိုက်စဉ်က ယွန်းနန်နှင့် ကွေ့ကျိုးဒေသများကို သိမ်းပိုက်ရာတွင် အသုံးမဝင်မည်စိုး၍ လီမိသားစုသည် ဤကြောက်မက်ဖွယ် အဆိပ်လက်နက်ကို ထုတ်သုံးရန် ဝန်လေးခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ တုပိုင်ကို အမြစ်ပြတ် သုတ်သင်ရန်အတွက် လီဝမ်ဝမ်သည် အဆိပ်မီးလုံးများကို ထုတ်သုံးလိုက်ရပြီဖြစ်လေ၏။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ဤအဆိပ်မီးလုံးများသည် အလွန် တန်ဖိုးကြီးလှသဖြင့် လီဝမ်ဝမ်အနေဖြင့် ငါးကြိမ်မျှသာ ဆက်တိုက် ပစ်ခတ်နိုင်သည်။

သို့သော် တတိယအကြိမ် ပစ်ခတ်ပြီးချိန်မှာပင် ပိုင်ဆယ်မြို့သည် အဝါရောင် အဆိပ်ငွေ့များဖြင့် ဖုံးလွှမ်းသွားပြီဖြစ်လေ၏။ တစ်ချိန်တည်းတွင် တုပိုင်၏ ကျောက်ခဲပစ်စက်များလည်း တိုက်ခိုက်မှုကို ရပ်တန့်သွားသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တုပိုင်၏ တပ်ဖွဲ့သည် အဆိပ်ငွေ့ဒဏ်ကို ခံလိုက်ရပြီး သူတို့၏ ကျောက်ခဲပစ်စက်များလည်း အပစ်ရပ်သွားခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

“ဟူး...”

လီဝမ်ဝမ်သည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး တစ်ချိန်တည်းတွင် လေထုထဲတွင် ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေး ပျံ့လွင့်လာလေ၏။

စစ်ပွဲရလဒ်ကတော့ သေချာသွားပြီဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုသော် မည်သူမျှ မီးနတ်ဘုရားအဆိပ်ဗုံးကို ခုခံနိုင်စွမ်း မရှိသောကြောင့်ပင်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မီးနတ်ဘုရား အဆိပ်ဗုံး စတုတ္ထအကြိမ်မြောက် တိုက်ခိုက်ခြင်း။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မီးနတ်ဘုရား အဆိပ်ဗုံး ပဉ္စမအကြိမ်မြောက် တိုက်ခိုက်ခြင်း။

လက်ရှိအချိန်တွင် လီမိသားစု၏ လျှို့ဝှက်လက်နက် ၊ မီးနတ်ဘုရား အဆိပ်ဗုံးများ အားလုံး ကုန်ဆုံးသွားပြီဖြစ်လေ၏။

ထိုအချိန်၌ ပိုင်ဆယ်မြို့အတွင်းသည် တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် ပြည့်နှက်နေလေ၏။

မြို့တွင်းရှိ ကျောက်ခဲပစ်စက်များ၏ တန်ပြန်တိုက်ခိုက်မှုသည် ရပ်တန့်သွားသည်မှာ အတော်လေးကြာနေပြီဖြစ်ပြီး အတွင်းဘက်မှ အော်ဟစ်သံများလည်း ထွက်မလာတော့ချေ။

ကြောက်မက်ဖွယ်ရာ အဝါရောင်အဆိပ်ငွေ့များသည်လည်း မြို့၏ နေရာအနှံ့အပြားကို ဖုံးလွှမ်းထားလေသည်။ လီဝမ်ဝမ် ၊ ရှားလုံရွှိုနှင့် လီရူလုံတို့သည် မြို့ကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး မြို့ကို ချက်ချင်း ဝင်တိုက်ရန် အမိန့်မပေးသေးပေ။ အဘယ်ကြောင့်ဆိုသော် အဆိပ်ငွေ့သည် မိမိဘက်ဖြစ်စေ ၊ ရန်သူဘက်ဖြစ်စေ ခွဲခြားနေမည် မဟုတ်ဘဲ အရပ်မျက်နှာပေါင်းစုံကို အဆိပ်သင့်စေနိုင်သောကြောင့် ဖြစ်သည်။

**--**--**--**--**--**--**--**

လက်ဖက်ရည်တစ်အိုးသောက်ချိန်ခန့် ကြာပြီးနောက်... မြို့တစ်ဝိုက်ရှိ အဆိပ်ငွေ့များသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး အနည်ထိုင်သွားလေ၏။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် အချိန်ကျရောက်လာပြီ ဖြစ်လေသည်။ ပိုင်ဆယ်မြို့ကို မြေလှန်ပြီး တုပိုင်၏ အင်အားစုများကို သတ်ဖြတ်ရန် အချိန်ရောက်လာပြီဖြစ်လေ၏။

လီဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။

“ရှားလုံရွှို... မြို့ကို တိုက်တော့...”

မီးနတ်ဘုရားဘာသာဝင် နှစ်ထောင်က တညီတညွတ်တည်း ဟိန်းဟောက်လိုက်ကြသည်။

“သတ်... သတ်... သတ်...”

ထို့နောက် လီပေါင်းများစွာ အကွာမှပင် ကြားရနိုင်လောက်သည်အထိ ကျယ်လောက်သည့် စစ်ဗုံသံများ ထွက်ပေါ်လာ၏။

ရှားလုံရွှိုသည် လီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ပြီး သူ၏ အဝတ်အစားများကို ဗရမ်းဗတာ ဆွဲဖြဲလိုက်ရာ ကြွက်သားအမြှောင်းမြှောင်းဖြင့် ခမ်းနားထည်ဝါသော ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာသည်။ သူသည် လီဝမ်ဝမ်ဘက်သို့ အရှက်တရား ကင်းမဲ့စွာဖြင့် တင်ပါးကို လှုပ်ခါပြလိုက်ပြီး သူ၏ အံ့မခန်းဖွယ်ရာ တုတ်ချောင်းကြီးအား သူမအား ပြသလိုက်လေ၏။ ရှားလုံရွှိုသည် လီဝမ်ဝမ်အပေါ် ထားရှိသော သူ၏ အိပ်ယာခေါ်တင်ရန် ရည်မှန်းချက်ကို ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။

“ပိုင်ဆယ်မြို့ကို သိမ်းပိုက်ပြီး မြို့ထဲကလူအကုန်လုံးကို သတ်ပစ်ကြ...”

“တစ်ယောက်မကျန် အကုန်သတ်...”

ရှားလုံရွှို ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ လက်အောက်ရှိ တပ်သား ၄၀,၀၀၀ ကျော်သည် ပိုင်ဆယ်မြို့ရိုးဆီသို့ ရူးသွပ်စွာ ဝင်ရောက်စီးနင်း တိုက်ခိုက်ကြတော့သည်။

မီးနတ်ဘုရားဆေးရည် သောက်သုံးထားသော စစ်သည်များ၏ ဆေးရှိန်သည် လက်ရှိအချိန်၌ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ဤလူများသည် စိတ်အလှုပ်ရှားဆုံး ၊ အကြမ်းတမ်းဆုံးနှင့် အဖျက်စွမ်းအား အကြီးမားဆုံး အချိန်သို့ ရောက်နေကြသည်။

အမိန့်ပေးလိုက်သည်နှင့် စစ်သည် ၄၀၀၀၀ ကျော်သည် တစ်ပြိုင်နက် သံလှောင်အိမ်ထဲမှ လွတ်လာသော သားရဲတိရစ္ဆာန်များကဲ့သို့ပင် ပေါက်ကွဲထွက်လာကြတော့သည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ကမ္ဘာမြေကြီးသည် ထပ်မံ၍ တုန်ခါသွားရပြန်လေ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters