← Chapters

အခန်း (၅၀၂)

Vol. 51 Ch. 502

အခန်း (၅၀၂)

Vol. 51 Ch. 502

မီးခိုးရောင် လူအုပ်ကြီးသည် ရေလှိုင်းလုံးကြီးပမာ ပိုင်ဆယ်မြို့ဆီသို့ ရူးသွပ်စွာ တိုးဝင်လာကြပြီး သူတို့သည် အချိန်နှင့်တပြေးညီ မြို့ရိုးနှင့် အကွာအဝေး ပေ ၁၀၀၀ ခန့်... ပေ ၉၀၀ ခန့်... စသည်ဖြင့် နီးကပ်လာကြသည်။

မြို့အတွင်း၌မူ တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်လေ၏။

လီရူလုံသည် လီဝမ်ဝမ်အား တစ်ချက်မျှ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်တွင် ပါဝင်သော အဓိပ္ပာယ်မှာ ရိုးရှင်းလှ၏။ ဤတိုက်ပွဲသည် နောက်ထပ် ငြီးငွေ့ဖွယ်ရာ လူသတ်ပွဲတစ်ခုသာ ဖြစ်တော့မည် ဟူသည့် သဘောပင်။

သူတို့သည် တုပိုင်၏ တပ်ဖွဲ့များသည် ခုနက တိုက်ခိုက်လိုက်သည့် အဆိပ်ငွေ့ဒဏ်ကြောင့် တိုက်ရည်ခိုက်ရည်များ ပျောက်ဆုံးကာ သေဆုံးကုန်ကြပြီဟု သူတို့ ယူဆထားကြခြင်း ဖြစ်သည်။

သို့သော် ရှားလုံရွှို၏ တပ်မတော်ကြီးသည် မြို့ရိုးနှင့် ပေ ၈၀၀ ခန့် အကွာသို့ ရောက်ရှိလာချိန်တွင်တော့ ရုတ်တရက် အတားအဆီးများနှင့် ကြုံတွေ့လိုက်ကြရသည်။

ရှုပ်ထွေးပွေလီလှသော အတားအဆီးများ၊ ဧရာမ ကျောက်တုံးကြီးများနှင့် သစ်ပင်ကြီးများသည် မြို့ရိုးရှေ့ရှိ မြေကွက်လပ်တွင် ဝင်္ကပါတစ်ခုသဖွယ် ပိတ်ဆို့ထားလျက် ရှိနေ၏။

ရုတ်ချည်းဆိုသလိုပင် ရှားလုံရွှို၏ သောင်းချီသော တပ်မတော်ကြီးသည် ကျောက်ဆောင်နှင့် ရိုက်ခတ်မိသော ရေလှိုင်းလုံးကဲ့သို့ အရှိန်တုန့်ဆိုင်းသွားရသည်။

ရှေ့တန်းမှလူများ ရပ်တန့်သွားသော်လည်း အနောက်မှ လူများကမူ အရှိန်ဖြင့် ပြေးဝင်လာဆဲဖြစ်ရာ မကြာမီမှာပင် ထိုအတားအဆီးများ၏ ရှေ့တွင် လူများ ပြည့်ကျပ်သွားပြီး ပုရွက်ဆိတ်အုံ ပျက်သကဲ့သို့ စုပြုံတိုးဝှေ့နေကြတော့သည်။

ပုံမှန်စစ်တပ်တစ်ခုသာဆိုလျှင် ဤကဲ့သို့ အခြေအနေမျိုးတွင် အမိန့်ပေးကာ စနစ်တကျ တိုက်ခိုက်ခိုင်း၍ ရနိုင်ပေသည်။

သို့သော် ယခု ချီတက်လာသူများမှာ သာမန်စစ်သည်များ မဟုတ်ချေ။ ဆေးရှိန်တက်နေသော အရူးတစ်သိုက် ၊ ရှေ့သို့တိုးပြီး တိုက်ခိုက်သတ်ဖြတ်ရန်သာ သိတော့သည့် အရူးများသာ ဖြစ်ကြသည်။

လက်ရှိအချိန်တွင် ဆေးအာနိသင်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ မည်သည့် အမိန့်ပေးသံကိုမျှ ကြားနိုင်စွမ်း မရှိကြတော့ပေ။ သူတို့၏ စိတ်ထဲတွင် လားရာတစ်ခုတည်းသာ ရှိတော့သည်။ ထိုသည်မှာ မြို့ရိုးပေါ်သို့ တက်ကာ အတွင်းရှိ လူများကို ခေါင်းဖြတ်သတ်ဖြတ်ရန်ဖြစ်၏။

လီမိသားစု၏ အမြင်တွင်တော့ မြို့ထဲရှိ တုပိုင်၏ တပ်ဖွဲ့သည် အဆိပ်ငွေ့ကြောင့် လဲကျသေဆုံးနေကြပြီဟု ထင်မှတ်ထားကြသည်။ သူတို့သည် ရလဒ်သေချာနေပြီးသား တိုက်ပွဲတစ်ခုဟုသာ ယူဆထားကြ၏။

ထိုအချိန်၌ပင် လီဝမ်ဝမ်သည် သူမ၏ ရှေ့ရှိ ကောင်းကင်ပြင်ကြီး ရုတ်တရက် မည်းမှောင်သွားသည်ကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရလေသည်။ ထိုသည်က ဧရာမ မိုးတိမ်မည်းကြီးတစ်ခု လျင်မြန်စွာ ရွေ့လျားလာသကဲ့သို့ပင် ဖြစ်လေ၏။

မကြာမီမှာပင် ထိုအရာသည် မိုးတိမ်မည်းကြီး မဟုတ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ ထိုအရာသည် မိုးတိမ်ကြီးမဟုတ်လေဘဲ မြှားမိုးဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော မြှားမိုးကြီးပင် ဖြစ်လေ၏။

သောင်းနှင့်ချီသော ထက်ရှသည့် မြှားတိုများသည် မြို့ထဲမှနေ၍ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုထဲတွင် မျဉ်းကွေးများ ရေးဆွဲလျက် စုပြုံတိုးဝှေ့နေသော ရှားလုံရွှို၏ တပ်မတော်ကြီးအပေါ်သို့ ရက်စက်စွာ ကျဆင်းလာတော့သည်။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

“ဒုန်းးး... ဒုန်းးး... ဒုန်းးး...”

ထိုမြင်ကွင်းသည် သဲအိတ်တစ်ခုထံသို့ မိုးသည်းထန်စွာ ရွာချလိုက်သကဲ့သို့ ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်း... ရှားလုံရွှို၏ တပ်မတော်ကြီး အလယ်တည့်တည့်တွင် ကောက်ရိတ်သိမ်းခံလိုက်ရသကဲ့သို့ ကွက်လပ်ကြီးတစ်ခု ဖြစ်သွားလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ထက်ရှသည့် မြှားတိုများသည် စစ်သည်များအား ကောက်ရိုးခြောက်များအလား တိုက်ရိုက် ထိုးဖောက်သွားကြသည်။

“အားးး... အားးး... အားးး...”

မရေမတွက်နိုင်သော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ညည်းညူသံများဟု ဆိုရမည်ထက် စူးရှသော အော်ဟစ်သံများဟု ဆိုရပေမည်။

အဘယ်ကြောင့်ဆိုသော် မြှားထိမှန်သူများသည် ချက်ချင်း မသေဆုံးကြဘဲ ဆေးအာနိသင်ကြောင့် နာကျင်မှုနှင့် သာယာမှုတို့ကို ရောထွေးစွာ ခံစားနေရသောကြောင့် ဖြစ်သည်။

မြှားတိုတစ်စင်းစီတွင် ကြောက်မက်ဖွယ် ကောင်းလှသော အစိမ်းရောင် အဆိပ်ရည်များ လူးထားသည်။ ထိုအဆိပ်ရည်များသည် အက်စစ်ကဲ့သို့ ပြင်းထန်သော တိုက်စားနိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်နှင့် တပြိုင်နက် အသားနှင့် သွေးများကို တိုက်စားကာ အပေါက်ကြီးများ ဖြစ်ပေါ်လာစေသည်။

မည်သည့်နေရာကို ထိမှန်သည်ဖြစ်စေ ၊ ခြေလက်များကို ထိမှန်လျှင်ပင် ထိုခြေလက်များကို ချက်ချင်း ဖြတ်မပစ်ပါက သေလမ်းမှလွဲ၍ အခြားမရှိပေ။

တိုက်ရိုက် မထိမှန်ဘဲ မြှားတိုဖြင့် ရှပ်ထိသွားလျှင်ပင် အသားများကို ချက်ချင်းစားကာ အပေါက်ကြီးများ ဖြစ်ပေါ်လာစေပြီး တိုက်ခိုက်နိုင်စွမ်းကို ချက်ချင်း ပျောက်ဆုံးသွားစေသည်။

“ရွှီးးး... ရွှီးးး... ရွှီးးး... ရွှီးးး...”

မြို့ထဲမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော မြှားမိုးများသည် ရူးသွပ်စွာ ဆက်လက်ရွာသွန်းနေဆဲပင်။

ရန်သူကို လျှော့တွက်မိခြင်းကြောင့်လည်းကောင်း ၊ ဆေးသောက်ထားခြင်းကြောင့်လည်းကောင်း ရှားလုံရွှို၏ သောင်းချီသော တပ်မတော်ကြီးသည် မြို့ရိုးရှေ့ရှိ အတားအဆီးများကြားတွင် ပိတ်မိကာ စုပြုံတိုးဝှေ့နေကြသည်။

လူအုပ်ကြီးသည် သိပ်သည်းလွန်းလှပြီး ရပ်စရာနေရာပင် မရှိလောက်အောင် ကြပ်ညပ်နေကြ၏။ လူသောင်းပေါင်းများစွာသည် ကျဉ်းမြောင်းသော ဧရိယာလေးတစ်ခုထဲတွင် ပိတ်မိနေကြသည်။ ထို့ကြောင့် တုပိုင်၏ အဆိပ်မြှားမိုးသည် စစ်ပွဲတစ်ခု မဟုတ်တော့ဘဲ ရူးသွပ်ဖွယ်ရာ လူသတ်ပွဲတစ်ခုသာ ဖြစ်နေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဝမ်ဝမ်၏ မျက်နှာထားသည် အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားလေ၏။ လက်ရှိအချိန်တွင် သူမ အခြေအနေမှန်ကို ရှင်းလင်းစွာ သိလိုက်ရပြီ ဖြစ်သည်။

အခုနက မီးနတ်ဘုရား အဆိပ်ဗုံး တိုက်ခိုက်မှုသည် ကြီးမားသော သက်ရောက်မှု မရှိခဲ့ပေ။ အဆိပ်ငွေ့များသည် တုပိုင်၏ တပ်ဖွဲ့ကို အကြီးအကျယ် ထိခိုက်စေခြင်း မရှိခဲ့ချေ။

ပိုင်ဆယ်မြို့တွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှု ၊ ကျောက်ခဲပစ်စက်များ၏ တိုက်ခိုက်မှု ရပ်တန့်သွားခြင်း... ဤအရာအားလုံးသည် တုပိုင် ဖန်တီးလိုက်သော ပုံရိပ်ယောင်များသာ ဖြစ်သည်။ လီဝမ်ဝမ်အနေဖြင့် ရန်သူကို လျှော့တွက်လာအောင် ၊ ယခုကဲ့သို့ လူသတ်ကွင်းထဲသို့ ဝင်လာအောင် တုပိုင်က တမင်တကာ ထောင်ချောက်ဆင်ခဲ့ခြင်းသာ ဖြစ်လေသည်။

‘ဒါပေမဲ့...’

‘တုပိုင်ရဲ့ မြှားတွေက ဘာလို့ ဒီလောက်ဝေးဝေး ပစ်နိုင်ရတာလဲ...’

အကွာအဝေးသည် ပေ ၇၀၀ ကျော်တောင် ရှိသည် မဟုတ်ပါလော။ အမှန်စင်စစ် ဤကမ္ဘာရှိ ထိပ်တန်းလေးသမားများသည် ပေ ၇၀၀ အထိ ပစ်ခတ်နိုင်စွမ်း ရှိကြသည်။ သို့သော် တုပိုင်၏ လက်အောက်တွင် ထိုကဲ့သို့ ထိပ်တန်းလေးသမား မည်မျှ ရှိနိုင်မည်နည်း။ ယခု ပစ်ခတ်လိုက်သော ရူးသွပ်ဖွယ်ရာ မြှားမိုးတွင် တစ်ကြိမ်လျှင် မြှားပေါင်း တစ်သောင်းကျော် ပါဝင်နေသည် မဟုတ်ပါလော။

ဧရာမ ဒူးလေးကြီးများသည် ပေ ၇၀၀ အထိ ပစ်ခတ်နိုင်ကြောင်း လီဝမ်ဝမ် သိထား၏။ သို့သော် ထို ဧရာမ ဒူးလေးကြီးများသည် အလွန်လေးလံပြီး တစ်လက်လျှင် ကျင်းနှစ်ထောင်ကျော် လေးလံသည်။ ပစ်ခတ်သော မြှားတံများကလည်း လှံတံများကဲ့သို့ ကြီးမားသည်။ ထိုကဲ့သို့သော ဧရာမ ဒူးလေးကြီးများကို အရေအတွက် အများအပြား တပ်ဆင်ထားရန် မဖြစ်နိုင်သလို၊ ယခုကဲ့သို့ အတိုင်းအတာဖြင့် မြှားမိုးရွာချရန်လည်း မဖြစ်နိုင်ပေ။

တုပိုင်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ အလွန်စွမ်းအားကြီးမားသော ဒူးလေးများကို ရရှိထားကြောင်း သူမ သိနိုင်မည် မဟုတ်ပေ။ အလင်းရွှေ နှင့် သားရဲဆန်းတို့၏ အရွတ်များဖြင့် ပြုလုပ်ထားသော ထိုဒူးလေးများသည် ပေါ့ပါးသော်လည်း အလွန်အမင်း စွမ်းအားကြီးမားလှသည်။

**--**--**--**--**--**--**--**

တုပိုင်၏ တပ်ဖွဲ့သည် လီဝမ်ဝမ်၏ အဆိပ်ငွေ့တိုက်ခိုက်မှုမှ မည်သို့ လွတ်မြောက်ခဲ့သနည်း။ ပထမအချက်မှာ စစ်သည်များအားလုံးသည် လုံခြုံစိတ်ချရသော ကတုတ်ကျင်းများထဲတွင် ပုန်းအောင်းနေကြပြီး ၊ လေဝင်ပေါက်တိုင်းတွင် စစ်ထုတ်သည့် အလွှာများ တပ်ဆင်ထားသည်။

ဒုတိယအချက်မှာ စစ်သည်တိုင်းကို ရိုးရှင်းသော်လည်း ထိရောက်သော အဆိပ်ကာ မျက်နှာဖုံးများ တပ်ဆင်ပေးထားသည်။ ထိုမျက်နှာဖုံးများတွင် အဆိပ်ငွေ့ကို စစ်ထုတ်ပေးနိုင်သော မီးသွေးများ ပါဝင်သည့်အပြင် ၊ စစ်ခုန်းယဲ့ ကိုယ်တိုင် ဖော်စပ်ထားသော မီးနတ်ဘုရား အဆိပ်ဖြေဆေးများလည်း ပါဝင်သည်။

အဓိကသော့ချက်မှာ စစ်ခုန်းယဲ့ပင် ဖြစ်လေ၏။ ဤအဂ္ဂိရတ်ပညာ ဉာဏ်ကြီးရှင်အတွက် မီးနတ်ဘုရား အဆိပ်ဗုံးဆိုသည်မှာ ဘာမျှ မဟုတ်ပေ။ သူသည် စမ်းသပ်မှုအနည်းငယ်ဖြင့် အလွယ်တကူပင် အဆိပ်ဖြေဆေးကို ဖန်တီးနိုင်လေသည်။

သို့သော် ထိုသို့ ကြိုတင်ပြင်ဆင်ထားသည့်တိုင် လီဝမ်ဝမ်၏ အဆိပ်ငွေ့တိုက်ခိုက်မှုသည် တုပိုင်၏ တပ်ဖွဲ့ကို အနည်းနှင့်အများ ထိခိုက်စေခဲ့သည်။ သင့်လျော်သော ကာကွယ်မှုများ ရှိသော်လည်း စစ်သည် ရာဂဏန်းခန့်သည် မျက်လုံးများတွင် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၊ စစ်သည် ၂,၀၀၀ ခန့်မှာ သေးငယ်ပြီး တိုက်ခိုက်နိုင်စွမ်းကို မသက်ရောက်သည့် ဒဏ်ရာငယ်များကိုသာ ရှိခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ တုပိုင်သည် လီဝမ်ဝမ်ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီး ယခုကဲ့သို့ သတ်ကွင်းတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်လိုက်ပြီဖြစ်လေ၏။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

တုပိုင်၏ ဧရာမဒူးလေးကြီးများသည် ရိုးရှင်းပြီး ယန္တရားမောင်းတံ ဆွဲတင်ရုံဖြင့် အသုံးပြုနိုင်လေပြီဂ အားစိုက်ထုတ်ရန် မလိုပေ။ စစ်သည် လေးယောက်က ဧရာမဒူးလေး တစ်လက်ကို ကိုင်တွယ်ပြီး အသက်ရှူချိန် သုံးကြိမ်အတွင်း တစ်ကြိမ် ပစ်ခတ်နိုင်သည်။

ထို့ကြောင့် အသက်ရှူချိန် သုံးကြိမ်တိုင်းတွင် သေမင်းတမန်က အမိန့်ပေးလိုက်သလိုကို သတ်ဖြတ်ခြင်းအရှိန်အဝါအပြည့်ဖြင့် မြှားမိုးက တ​လဟော ရွာကျလာတော့သည်။

“ရွှီးးး... ရွှီးးး... ရွှီးးး... ရွှီးးး...”

မြှားမိုးများသည် ရှားလုံရွှို၏ တပ်မတော်ကြီးမှ အသက်ပေါင်းများစွာကို ရူးသွပ်စွာ ရိတ်သိမ်းနေကြသည်။ မရေမတွက်နိုင်သော ရူးသွပ်နေသည့် စစ်သည်များသည် ရိတ်သိမ်းခံလိုက်ရသော ဂျုံခင်းများကဲ့သို့ အစုလိုက် အပြုံလိုက် လဲကျသေဆုံးကုန်ကြသည်။ အလောင်းများသည်လည်း တောင်လိုကို ပုံနေလေ၏။

ထိုသို့ သေဆုံးနေသည့်တိုင် ဆေးရှိန်တက်နေသော ကျန်စစ်သည်များသည် အရှေ့သို့ ရူးသွပ်စွာ တိုးဝင်နေကြဆဲပင်။ ရှားလုံရွှိုသည် ရုတ်တရက် နောက်လှည့်ကြည့်လိုက်ပြီး လီဝမ်ဝမ်အား ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အနေဖြင့် ယခု မြို့သိမ်းတိုက်ပွဲသည် တစ်ဖက်သတ် အနိုင်ယူမည့် ပွဲတစ်ပွဲဟု ထင်မှတ်ခဲ့သော်လည်း သူ၏ တပ်သားများသာ တစ်ဖက်သတ် အသတ်ဖြတ်ခံရမည်ဟု ထင်မှတ်မထားခဲ့ချေ။ လက်ရှိအချိန်တွင် လက်နက်ချလာသော စစ်သည်များသာမက သူ၏ ရှားလုံမျိုးနွယ်စုမှ လူရိုင်းစစ်သည်များပါ အသတ်ခံနေရခြင်း ဖြစ်သည်။

ရှားလုံရွှို၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီး အစုလိုက်အပြုံလိုက် သေဆုံးနေသော စစ်သည်များကို ကြည့်ရင်း လီဝမ်ဝမ်၏ မျက်နှာထားသည် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူမ အံကိုတင်းတင်းကြိတ်ထားသဖြင့် သွားဖုံးများမှ သွေးများပင် စီးကျလာမတတ် ဖြစ်သွားရ၏။

‘တုပိုင်... ခွေးကုန်းကုန်း’

လီရူလုံသည် လီဝမ်ဝမ်၏ ဘေးနားသို့ အလျင်အမြန် ရောက်ရှိလာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“သူတော်စင်မ... အမိန့်ပေးပါတော့... ဘာအမိန့်ပဲဖြစ်ဖြစ် မြန်မြန်ပေးပါတော့။ ရှားလုံရွှိုရဲ့ သောင်းချီတဲ့ စစ်တပ်ကြီးက အဲဒီနေရာမှာ လုံးဝ ပိတ်မိနေပြီ။ သူတို့က မလှုပ်ရှားနိုင်တဲ့ စာခြောက်ရုပ်တွေလိုကို ဖြစ်နေပြီ။ အခုချက်ချင်း မဆုတ်ခိုင်းရင် သေဆုံးမှုနှုန်းက...”

“ဆုတ်ရမယ် ဟုတ်လား...”

လီဝမ်ဝမ် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

“ဟင့်အင်း... လုံးဝ ဆုတ်လို့မဖြစ်ဘူး...”

ထို့နောက် လီဝမ်ဝမ်၏ လှပသော မျက်ဝန်းများသည် ရက်စက်ပြတ်သားမှုများဖြင့် ပြည့်နှက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ရှားလုံရွှိုရဲ့ တပ်က အစကတည်းက လူသားဒိုင်းကာအဖြစ် သုံးဖို့ပဲ။ သေကြေဒဏ်ရာရတာတွေ များနေပြီဆိုမှတော့ ဆက်သေလည်း ကိစ္စမရှိပါဘူး... သူတို့က ငါတို့အတွက် ပစ်မှတ်တွေကို ဆွဲဆောင်ထားပေးလိမ့်မယ်...”

ထို့နောက် သူမသည် ရုတ်တရက် အမိန့်ပေးလိုက်သည်။

“လီရူလုံ... မြောက်ဘက် မြို့ရိုးကို တိုက်။ ငါ့ရဲ့ မီးနတ်ဘုရားတပ်ဖွဲ့က တောင်ဘက် မြို့ရိုးကို တိုက်မယ်။ ရှားလုံရွှိုရဲ့ တပ်ဖွဲ့က အနောက်ဘက် မြို့ရိုးကို ဆက်တိုက်ခိုင်းထား။ တပ်မတော်ကြီး သုံးရပ်လုံး ပိုင်ဆယ်မြို့ကို တစ်ပြိုင်နက်တည်း အလုံးအရင်းနဲ့ တိုက်မယ်...”

လီဝမ်ဝမ်သည် ရူးသွပ်နေသော လောင်းကစားသမား တစ်ယောက်နှင့် တူနေပြီဖြစ်သည်။ ပွဲငယ်တစ်ပွဲကို ရှုံးနိမ့်ပြီးနောက် လောင်းကြေးများကို ပြန်ရုပ်သိမ်းမည့်အစား ရှိသမျှ လောင်းကြေးအကုန်လုံးကို ပုံအောကာ အရူးအမူး လောင်းထပ်လိုက်ခြင်းပင်။

သို့သော် သူမ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သွားသည် ဟုပြောရပေမည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ကြောက်မက်ဖွယ်ရာ စစ်ဗုံသံကြီး ထွက်ပေါ်လာသည်။ သောင်းနှင့်ချီသော ရှားလုံရွှို၏ တပ်မတော်ကြီးသည် လူသားဒိုင်းကာများ ဖြစ်လာကြပြီး တုပိုင်၏ အဝေးပစ်လက်နက် အများစုကို သူတို့ဆီသို့ ရောက်လာအောင် ဆွဲဆောင်ထားလိုက်ကြသည်။

လီရူလုံ၏ တပ်သား ၃၀,၀၀၀ နှင့် လီဝမ်ဝမ်၏ မီးနတ်ဘုရားဂိုဏ်းသား ၂၀,၀၀၀ တို့သည် ဘယ်နှင့် ညာ နှစ်ဖက်မှနေ၍ ပိုင်ဆယ်မြို့ဆီသို့ စနစ်တကျနှင့် ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

ပိုင်ဆယ်မြို့သိမ်းတိုက်ပွဲ၏ အထွေထွေထိုးစစ်ကြီးသည် အားလုံးခန့်မှန်းထားကြသည့် အချိန်ထက် များစွာပိုမိုပြီးစော၍ ရောက်ရှိလာပြီဖြစ်၏။ ပိုင်ဆယ်မြို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အချိန်သည် တရားဝင် ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters