အခန်း (၅၀၃)
Vol. 51 Ch. 503
အနောက်ဘက် မြို့ရိုး၌ လေကိုခွင်း၍ ပျံသန်းလာသော မြှားသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေ၏။
“ရွှီး... ရွှီး... ရွှီး...”
ပိုင်ဆယ်မြို့တွင်းရှိ ဧရာမဒူးလေးကြီးများ၏ ရူးသွပ်ဖွယ် ပစ်ခတ်မှုသည် ဆက်လက် ဖြစ်ပေါ်နေဆဲပင် ဖြစ်သော်လည်း သေဆုံးမှုရလာဒ်ကမူ တဖြည်းဖြည်း လျော့ကျလာလေသည်။
ဤသည်မှာ မြှားမိုး၏ စွမ်းအား ကျဆင်းသွားသောကြောင့် မဟုတ်ဘဲ ရှားလုံရွှို၏ တပ်ဖွဲ့များ ကျဲပါးသွားခြင်းကြောင့်သာ ဖြစ်ပေသည်။ လူအများအပြား ပစ်ခတ်ခံရကာ သေဆုံးသွားကြသဖြင့် ပစ်မှတ်များ နည်းပါးသွားခြင်းပင် ဖြစ်၏။
ထို့အပြင် ဝင်္ကပါကဲ့သို့ ရှုပ်ထွေးနေသော အတားအဆီးများကို ကျော်ဖြတ်နိုင်ခဲ့သော လူအချို့သည်လည်း မြို့ရိုးဆီသို့ ဆက်လက်၍ ပြေးဝင်လာနေကြသည်။ ရှားလုံရွှို၏ တပ်ဖွဲ့သည် ဆေးအာနိသင်ကြောင့် အသိစိတ်များ လုံးဝ ပျောက်ဆုံးနေကြပြီ ဖြစ်သည်။ အထိအခိုက် အကျအဆုံး မည်မျှပင် များပြားပါစေ ၊ သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ အရူးအမူး ဆက်လက် တိုက်ခိုက်နေကြဆဲပင်။
လက်ဖက်ရည်တစ်အိုး သောက်စာအချိန် အတွင်းမှာပင် တုပိုင်၏ ဧရာမဒူးလေးကြီးများသည် အနည်းဆုံး မြှားပေါင်း သိန်းနှင့်ချီ၍ ပစ်ခတ်ခဲ့ပြီး ရှားလုံရွှို၏ တပ်သား နှစ်သောင်းခန့်ကို သုတ်သင်နိုင်ခဲ့လေသည်။
မြှားပေါင်း သိန်းနှင့်ချီ ပစ်ခတ်မှ လူနှစ်သောင်း သေဆုံးသည်ဆိုသော နှုန်းထားသည် သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဤနှုန်းထားသည် အလွန်မြင့်မားသည်ဟု ဆိုရပေမည်။ ဤကဲ့သို့ ရှေးခေတ်စစ်ပွဲကြီးများတွင် မြှားအစင်းတစ်ရာလျှင် ရန်သူတစ်ယောက်၏ အသက်ကို လဲနိုင်ခြင်းသည်ပင် အလွန်မြင့်မားသော အချိုးအစား ဖြစ်လေသည်။
ထို့အပြင် ယခင်က ကျောက်ခဲပစ်စက်များ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသူများပါ ထည့်ပေါင်းလိုက်လျှင် ရှားလုံရွှို၏ ငါးသောင်းသော တပ်မတော်ကြီးသည် ယခုအခါတွင် တစ်ဝက်ခန့်သာ ကျန်ရှိတော့၏။
သာမန်စစ်တပ်တစ်ခုသာ ဆိုပါက ယခုကဲ့သို့ တစ်ဝက်ခန့် သေဆုံးသွားချိန်တွင် စောစီးစွာကပင် ထွက်ပြေးသွားကြပေလိမ့်မည်။ သို့သော် ယခု လူအုပ်ကြီးမှာမူ ဆေးသောက်ထားသော စစ်သည်များ ဖြစ်ကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဖျက်ဆီးလိုစိတ်များ ပြည့်နှက်နေပြီး ကြောက်ရွံ့ခြင်း ဆိုသည်ကို နားမလည်ကြပေ။ တုပိုင်နှင့် ကျီပြောင်ပြောင်တို့ ယခင်က ရင်ဆိုင်ခဲ့ရဖူးသော ကြာပန်းမိစ္ဆာဂိုဏ်းသားများ ကဲ့သို့ပင် ဖြစ်သည်။ ထိုစဉ်ကလည်း လူနှစ်ရာ ၊ သုံးရာခန့် အသတ်ခံလိုက်ရသော်လည်း ကျန်လူများမှာ သေမင်းကို မကြောက်ဘဲ ဆက်လက် တိုးဝင်လာခဲ့ကြသဖြင့် တုပိုင်တို့မှာ မတတ်သာဘဲ ဘစ်ကျွတ်ကျမတတ် ပြေးလွှားခဲ့ရဖူးလေသည်။
“သတ်... သတ်... သတ်...”
“တစ်ယောက်မကျန် သတ်... တစ်ယောက်မကျန် သတ်ပစ်...”
ရှားလုံရွှို၏ လက်ကျန်တပ်သားများသည် မြို့ရိုးရှေ့ရှိ အတားအဆီးများကို ကျော်ဖြတ်ပြီးနောက် မြို့ရိုးဆီသို့ ရူးသွပ်စွာ ပြေးဝင်လာကြလေသည်။
တုပိုင်၏ တပ်ဖွဲ့မှာ စုစုပေါင်း သုံးသောင်း ခုနစ်ထောင်ခန့် ရှိသည်။ ထိုအထဲမှ လီလင်း ဦးဆောင်သော တပ်သားငါးထောင်မှာ ထျန်ပေါင်စီရင်စုကို စောင့်ကြပ်ရန် ခွဲထွက်သွားသဖြင့် ယခုအချိန်တွင် တုပိုင်၌ တပ်သား သုံးသောင်း နှစ်ထောင်ခန့်သာ ကျန်ရှိတော့သည်။
အနောက်ဘက် မြို့ရိုးကို စောင့်ကြပ်ပြီး ရှားလုံရွှို၏ နှစ်သောင်းကျော်သော လက်ကျန်တပ်သားများကို ရင်ဆိုင်ရမည့်သူမှာ ဖူဟုန်ပင်း ဦးဆောင်သော တပ်သား ခုနစ်ထောင် ဖြစ်သည်။
မြောက်ဘက် မြို့ရိုးကို စောင့်ကြပ်ပြီး လီရူလုံ၏ ရက်စက်ကြမ်းကြုတ်သော တပ်သားသုံးသောင်းကို ရင်ဆိုင်ရမည့်သူမှာ လီဝမ်ဟွေ့ ဦးဆောင်သော တပ်သား ရှစ်ထောင် ဖြစ်သည်။
တောင်ဘက် မြို့ရိုးကို စောင့်ကြပ်ပြီး လီဝမ်ဝမ်၏ မီးနတ်ဘုရားဂိုဏ်းသား နှစ်သောင်းကို ရင်ဆိုင်ရမည့်သူမှာ တုပိုင် ကိုယ်တိုင် ဦးဆောင်သော တပ်သား တစ်သောင်း ဖြစ်သည်။
အရှေ့ဘက် မြို့ရိုးကို စောင့်ကြပ်နေသူမှာ မင်းသမီးယွီကျိန်း ဦးဆောင်သော တပ်သား ခုနစ်ထောင် ဖြစ်သည်။ လောလောဆယ်တွင် ရန်သူများက အရှေ့ဘက် မြို့ရိုးကို တိုက်ခိုက်ခြင်း မရှိသေးသဖြင့် သူမ၏ တပ်ဖွဲ့တွင် တိုက်ခိုက်ရေးတာဝန် မရှိသေးပေ။ ထို့ကြောင့် မင်းသမီးယွီကျိန်း၏ တပ်ဖွဲ့သည် အရှေ့ဘက်မှ လာနိုင်သော ရန်သူကို စောင့်ကြပ်ရင်း တစ်ချိန်တည်းမှာပင် အရန်တပ်ဖွဲ့အဖြစ် တာဝန်ယူထားရလေသည်။
လာမည့် တိုက်ပွဲတွင် တုပိုင်၏ ဧရာမဒူးလေးကြီးများသည် သိပ်ပြီး အသုံးဝင်တော့မည် မဟုတ်ပေ။ သွေးနှင့် မီးလျှံများ၏ ယှဉ်ပြိုင်မှု ၊ စစ်တပ်၏ စစ်မှန်သော ခွန်အားနှင့် စိတ်ဓာတ်ခွန်အားများအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုရတော့မည် ဖြစ်သည်။
**--**--**--**--**--**--**--**
ဖူဟုန်ပင်း ဦးဆောင်သော တပ်သား ခုနစ်ထောင်သည် ရှားလုံရွှို၏ တပ်သား နှစ်သောင်းခွဲနှင့် ရင်ဆိုင်နေရသည်။ သူ ဦးဆောင်သော တပ်ဖွဲ့အများစုမှာ ဖူမိသားစု၏ ကိုယ်ပိုင်တပ်များ ဖြစ်ကြသည်။
စစ်သည် ခုနစ်ထောင်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ဆယ့်ငါးလီခန့် ရှည်လျားသော မြို့ရိုးပေါ်တွင် သေသပ်စွာ တန်းစီရပ်နေကြသည်။
ရှားလုံရွှို၏ တပ်သား နှစ်သောင်းခွဲသည် ဆေးသောက်ထားသည့်အပြင် မူလကတည်းက အရိုင်းအစိုင်းများ ဖြစ်ကြသဖြင့် ကြည့်ရသည်မှာ သားရဲတိရစ္ဆာန်များနှင့် တူနေလေသည်။ လူနှစ်သောင်းခွဲသည် တောရိုင်းတိရစ္ဆာန်အုပ်ကြီး တစ်ခုပမာ ပြေးဝင်လာနေကြသည်။
သို့သော် ဖူဟုန်ပင်း ဦးဆောင်သော စစ်သည် ခုနစ်ထောင်မှာမူ မြို့ရိုးပေါ်တွင် မလှုပ်မယှက် ရပ်နေကြဆဲပင်။
သူတို့၏ စိတ်နှလုံးထဲတွင် စိတ်ဓာတ်တက်ကြွမှုများ ၊ ဂုဏ်ယူမှုများ ၊ တာဝန်သိစိတ်များ ပြည့်နှက်နေသော်လည်း သူတို့၏ လက်များမှာ တုန်ယင်ခြင်းမရှိ ၊ ခန္ဓာကိုယ်များလည်း တုန်လှုပ်ခြင်း မရှိကြပေ။ သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည့် တစ်ခုတည်းသော အရာမှာ သူတို့၏ အေးစက်ပြီး စူးရှသော မျက်လုံးများသာ ဖြစ်သည်။
တင်စားပြောရလျှင် သူတို့သည် ပုံပြင်ထဲမှ နတ်သူငယ်စစ်သည်များနှင့် တူနေလေသည်။ အရပ်ရှည်ရှည် ၊ ခမ်းနားထည်ဝါသော လက်နက်ကိရိယာများ ၊ ထက်မြက်သော တိုက်ရည်ခိုက်ရည် ၊ ဂုဏ်ယူဝင့်ကြွားမှုများနှင့် တည်ငြိမ်မှုများ ပြည့်နှက်နေသော စစ်သည်တော်များပင် ဖြစ်၏။ ရှားလုံရွှို၏ တပ်ဖွဲ့သည် မကြာမီမှာပင် ပစ်ကွင်းထဲသို့ ရောက်ရှိလာ၏။
ဖူဟုန်ပင်းက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
“အသင့်ပြင်...”
စစ်သည် ခုနစ်ထောင်သည် တစ်ပြိုင်နက်တည်း လေးများကို တင်ကာ ချိန်ရွယ်လိုက်ကြသည်။
“ပစ်...” ဖူဟုန်ပင်းက တည်ငြိမ်စွာဖြင့် အမိန့်ထပ်ပေးလိုက်၏။
“ရွှီး... ရွှီး... ရွှီး...”
မြှားမိုးများ ထပ်မံ ရွာကျလာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ဧရာမဒူးလေးကြီးများဖြင့် ပစ်ခတ်ခြင်း မဟုတ်ဘဲ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်’မှ စစ်သည်များ၏ လက်စွမ်းပင် ဖြစ်လေ၏။
မြှားမိုးသည် ယခင်ကလောက် သိပ်သည်းခြင်း မရှိသော်လည်း တိကျမှု အပိုင်းတွင်မူ များစွာ သာလွန်ပေသည်။ ချက်ချင်းဆိုသလိုပင် ရှားလုံရွှို၏ စစ်သည် ရာပေါင်းများစွာ မြှားထိမှန်ကာ သေဆုံးသွားကြသည်။
“အသင့်ပြင်... ပစ်...”
“အသင့်ပြင်... ပစ်...”
“အသင့်ပြင်... ပစ်...”
ဖူဟုန်ပင်း၏ စစ်သည် ခုနစ်ထောင်တွင် မြှားပစ်ခတ်ရန် အခွင့်အရေး ငါးကြိမ်မျှသာ ရရှိသည်။ သို့သော် ဤ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် အလွန် ကျွမ်းကျင်လွန်းလှပြီး ပစ်ခတ်မှု စွမ်းရည်မှာလည်း အလွန်မြင့်မားလှသည်။ ငါးကြိမ်မျှ ပစ်ခတ်လိုက်ရာတွင် ရှားလုံရွှို၏ တပ်သား နှစ်ထောင် ၊ သုံးထောင်ခန့်၏ အသက်ကို နုတ်ယူသွားနိုင်လိုက်သည်။ ဤ တိကျမှု နှုန်းထားသည် အမှန်တကယ်ပင် အံ့မခန်းဖွယ်ရာပင် ဖြစ်လေ၏။
“ဒုန်း... ဒုန်း... ဒုန်း...”
လှေကားထောင်ပေါင်းများစွာသည် မြို့ရိုးပေါ်သို့ ပြင်းထန်စွာ ရိုက်တင်လိုက်ကြသည်။ ပိုင်ဆယ်မြို့ရိုးသည် သိပ်မမြင့်လှပေ။ ပေသုံးဆယ်ခန့်သာ ရှိသည်။
“အသင့်ပြင်... စိတ်ကြိုက်ပြစ်တော့...”
ဖူဟုန်ပင်း အမိန့်ပေးလိုက်သည်နှင့် စစ်သည် ခုနစ်ထောင်သည် ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီး လှေကားအတိုင်း တက်လာနေသော ရန်သူများကို ချိန်ရွယ်ပစ်ခတ်ကြတော့သည်။
“ရွှီး... ရွှီး... ရွှီး...”
ဤမျှ နီးကပ်သော အကွာအဝေးတွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်များ၏ ပစ်ခတ်မှု စွမ်းရည်သည် ကြောက်ခမန်းလိလိပင်။
ရှားလုံရွှို၏ တပ်သားများသည် လှေကားပေါ်သို့ တက်ကာစ ရှိသေးသည် ၊ ချက်ချင်းပင် မြှားထိမှန်ကာ သေဆုံးသွားကြရသည်။ သစ်တုံးများ လှိမ့်ချစရာမလို ၊ ကျောက်တုံးများ ပစ်ချစရာမလို ၊ ဆီပူများ လောင်းချစရာမလိုဘဲ လေးနှင့်မြှား သက်သက်ဖြင့်ပင် ဖြေရှင်းနိုင်နေလေသည်။
သို့သော် လှေကားများ ပိုမို များပြားလာပြီး ရှားလုံရွှို၏ တပ်သားများသည် ပုရွက်ဆိတ်အုံကဲ့သို့ ပြည့်သိပ်စွာ တက်ရောက်လာကြသည်။ လက်ရှိအချိန်တွင် လေးနှင့်မြှားဖြင့် ပစ်ခတ်ရုံဖြင့် မလုံလောက်တော့ပေ။
“ချလွင်...”
ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်သံနှင့်အတူ အေးစက်သော သံလိုက်အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
အမိန့်ပေးစရာပင် မလိုဘဲ ဖူဟုန်ပင်း၏ တပ်သား ခုနစ်ထောင်အနက် ထက်ဝက်ခန့်သည် ရှေ့သို့ တိုးထွက်လာကာ ကျက်သရေရှိသော ဟန်ပန်ဖြင့် ဓားများကို ဆွဲထုတ်လိုက်ပြီး ရန်သူများ မြို့ရိုးပေါ်သို့ တက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
“အား... အား... အား...”
ပထမဆုံး မြို့ရိုးပေါ်သို့ တက်ရောက်လာသူမှာ ရှားလုံမျိုးနွယ်စုမှ အရိုင်းအစိုင်းတစ်ကောင် ဖြစ်သည်။ သူသည် အရပ် ၇ ပေကျော် မြင့်ပြီး သံတုံးကဲ့သို့ မာကျောသော ကြွက်သားများဖြင့် ပြည့်နှက်နေကာ ဆေးမင်ကြောင်များဖြင့် ဖုံးလွှမ်းထားသည်။ လက်ထဲတွင် ဧရာမ ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး ဟိန်းဟောက်လျက် မြို့ရိုးကတုတ်ပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် လက်ထဲမှ ဓားဖြင့် အဆင့်မြင့် လက်နက်ကိရိယာများ ဝတ်ဆင်ထားသော ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တစ်ဦးကို ခုတ်ပိုင်းလိုက်လေသည်။
ထိုစစ်သည်သည် ခြေတစ်လှမ်းမျှ နောက်မဆုတ်ဘဲ လက်ထဲမှ ဓားဖြင့် ပြန်လည် ခုခံလိုက်သည်။
“ထန်းးးး...”
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ မီးပွားများ လွင့်စင်ထွက်သွားသည်။
အရပ်ရှည်ရှည်နှင့် ရှားလုံမျိုးနွယ်စု လူရိုင်းကြီး၏ ဓားမကြီးသည် တိုက်ရိုက် ပြတ်ထွက်သွားပြီး လွင့်စင်သွားလေ၏။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်သည် ကြီးကြီးမားမား အားစိုက်ထုတ်လိုက်ရခြင်း မရှိဘဲ လက်ထဲမှ စစ်ဓားဖြင့် ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလူရိုင်းကြီး၏ ခန္ဓာကိုယ်သည် တင်ပါးမှ လည်ပင်းအထိ တိုက်ရိုက် ကွဲထွက်သွားလေသည်။ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံနှင့်အတူ သူသည် အသေဆိုးဖြင့် သေဆုံးသွားပြီး သူ၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် လဲကျသွားလေ၏။
ရှားလုံမျိုးနွယ်စုမှ လူရိုင်းများ ပိုမိုများပြားစွာ တက်ရောက်လာပြီး မြို့ရိုးပေါ်သို့ အောင်မြင်စွာ ရောက်ရှိလာကြသည်။ လူဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်းမှသည် သောင်းဂဏန်းအထိ။
သို့သော်... အရာထင်ခြင်း မရှိပေ။
သူတို့သည် မီးနတ်ဘုရားဆေးရည်ကို သောက်သုံးထားကြပြီး သေခြင်းတရားကို မကြောက် ၊ နာကျင်မှုကိုပင် မမှုတော့ဘဲ စိတ်နှလုံးထဲတွင် ဖျက်ဆီးလိုစိတ် ၊ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော်လည်း... သူတို့ မည်မျှပင် ရူးသွပ်နေပါစေ ၊ တပ်ဖွဲ့နှစ်ခုကြားရှိ ကြီးမားသော စွမ်းရည်ကွာဟချက်ကို ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။
ဖူဟုန်ပင်း၏ စစ်သည် ခုနစ်ထောင်သည် ပျမ်းမျှအသက် ၄၉ နှစ်ခန့် ရှိကြသည်။ ဤအသက်အရွယ်သည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်တွင် လူငယ်များဟု သတ်မှတ်၍ ရသေးသည်။ သို့သော် သူတို့အားလုံးသည် စစ်မှုထမ်းသက် နှစ်ပေါင်း ၂၀ ကျော် ရှိသူများ ဖြစ်ကြသည်။
သူတို့၏ ဘဝတွင် တာဝန်တစ်ခုတည်းသာ ရှိသည်။ ထိုသည်မှာ တိုက်ခိုက်ရန် ၊ တိုက်ခိုက်ရန်နှင့် တိုက်ခိုက်ရန်သာ ဖြစ်သည်။ သူတို့သည် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သော လေးပစ်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ပေသည်။
ထို့အပြင် ပထမတန်းစား ဓားသိုင်း ၊ ပထမတန်းစား ဓားခုတ်စွမ်းရည် ၊ ပထမတန်းစား ခွန်အားနှင့် ပထမတန်းစား လျင်မြန်ဖျတ်လတ်မှုကိုပါ ပိုင်ဆိုင်ထားကြသည်။
မြို့ရိုးပေါ်သို့ တက်လာသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် သူတို့သည် ခြေတစ်လှမ်းပင် ရွေ့လျားခြင်း မရှိဘဲ အလွန် ကျွမ်းကျင်သော ဟန်ပန်ဖြင့် ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။
အနည်းဆုံးသော အားစိုက်ထုတ်မှု ၊ အပေါ့ပါးဆုံးသော လှုပ်ရှားမှုများဖြင့် ရန်သူများကို အဆက်မပြတ် သတ်ဖြတ်နေကြသည်။
ထို့ကြောင့် အဝေးမှ ကြည့်လိုက်လျှင် အံ့မခန်းဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်တွေ့ရပေလိမ့်မည်။ ဤစစ်သည်ထောင်ပေါင်းများစွာ လူသတ်နေကြပုံသည် လှုပ်ရှားမှုများ တစ်သားတည်း ဖြစ်နေပြီး ပိုနေသော လှုပ်ရှားမှုဟူ၍ မရှိပေ။ လက်ထဲမှ စစ်ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရုံဖြင့် အသက်တစ်ချောင်းကို နုတ်ယူသွားနိုင်သည်။
သူတို့သည် စွမ်းအားကြီးမားသော သားရဲဆန်းများနှင့် တိုက်ခိုက်ခဲ့ဖူးသူများ ဖြစ်ပြီး မည်သည့်အခါမှ နောက်မတွန့်ခဲ့ကြပေ။ သူတို့အားလုံး ပေါင်းစည်း၍ သားရဲဆန်း ထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
အစပိုင်းတွင် ရှားလုံရွှိုသည် အလွန်အမင်း အံ့သြဝမ်းသာ ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မြို့ရိုးပေါ်သို့ တက်ရောက်ရသည်မှာ အလွန် လွယ်ကူနေသောကြောင့်ပင်။
မည်သည့် မြို့သိမ်းတိုက်ပွဲတွင်မဆို မြို့ရိုးပေါ်သို့ တက်ရောက်ခြင်းသည် အခက်ခဲဆုံးဖြစ်သည်။ အထူးသဖြင့် အလုံးအရင်းဖြင့် မြို့ရိုးပေါ်သို့ တက်ရောက်နိုင်ခြင်းသည် မြို့တစ်မြို့ ကျဆုံးတော့မည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။
လှေကားထောင်ပြီး မကြာမီမှာပင် သူ၏ တပ်ဖွဲ့သည် အလုံးအရင်းဖြင့် မြို့ရိုးပေါ်သို့ ရောက်ရှိသွားကြသည်။ ထိုအချိန်က သူသည် တိုက်ပွဲ မကြာမီ ပြီးဆုံးတော့မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် လက်တွေ့အခြေအနေမှာမူ... တစ်ဖက်လူက သူတို့ကို တမင်တကာ မြို့ရိုးပေါ်သို့ တက်ခွင့်ပေးထားခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ တက်လာမှ သတ်ရဖြတ်ရ ပိုလွယ်ကူမည် မဟုတ်ပါလော။
နောက်ပိုင်းတွင်မူ ရှားလုံရွှိုသည် သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်လာရသည်။
‘ကမ္ဘာပေါ်မာ ဒီလောက်... သန်မာတဲ့ လက်ရွေးစင်တပ်ဖွဲ့ ရှိတာလား...’
သတ်ဖြတ်ပုံများက သေသပ်လှပပြီး တညီတညွတ်တည်း ရှိလွန်းလှသည်။ ကျက်သရေရှိပြီး ပေါ့ပါးလွန်းလှသည်။
ရန်သူတစ်ယောက်ကို သတ်ရသည်မှာ အလွန် လွယ်ကူနေသယောင်ပင်။ သို့သော် ရှားလုံရွှို၏ တပ်သားများအတွက်မူ ဖူဟုန်ပင်း၏ စစ်သည်တစ်ယောက်ကို သတ်ဖြတ်ရန်မှာ အလွန်တရာ ခက်ခဲလွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သံချပ်ကာဖြင့် ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤ သွေးရောင်သံချပ်ကာများသည် အလွန် ခိုင်ခံ့လှသဖြင့် သာမန်ဓားများဖြင့် ခုတ်ပိုင်း၍ မရနိုင်ပေ။
ရှားလုံရွှို၏ သောင်းချီသော တပ်မတော်ကြီးသည် မူလကတည်းက လူသားဒိုင်းကာ တပ်ဖွဲ့များသာ ဖြစ်ကြသည်။ လေးသောင်းခန့်မှာ လက်နက်ချလာသော အရောအနှော တပ်ဖွဲ့များ ဖြစ်ပြီး ၊ တစ်သောင်းခန့်သာလျှင် ရှားလုံမျိုးနွယ်စုမှ လက်ရွေးစင် လူရိုင်းများ ဖြစ်ကြသည်။
ရှားလုံမျိုးနွယ်စု လူရိုင်းများသည် အလွန် သန်မာထွားကြိုင်းကြပြီး တူများကို အသုံးပြုရသည်ကို နှစ်သက်ကြသည်။ ထိုတူများကမူ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေနိုင်ပေလိမ့်မည်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၀၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Moon 🌕
True Immortal Team