← Chapters

အခန်း (၅၀၄)

Vol. 51 Ch. 504

အခန်း (၅၀၄)

Vol. 51 Ch. 504

သို့သော် ဤလူရိုင်းများ၌ သေစေနိုင်သော အားနည်းချက်တစ်ခု ရှိနေလေ၏။ ယင်းမှာ သူတို့သည် သံချပ်ကာကို နှစ်သက်ခြင်းမရှိသလို အဝတ်အစား ဝတ်ဆင်ရသည်ကိုပင် မနှစ်သက်ခြင်း ဖြစ်ပေသည်။

တစ်ဖက်က ခြေဆုံးခေါင်းဆုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ၊ တစ်ဖက်ကမူ ကိုယ်လုံးတီးနှင့် ဖြစ်နေကြရာ နှစ်ဖက်တပ်ဖွဲ့ကြားရှိ တိုက်ခိုက်စွမ်းရည်မှာ ကွာခြားမှု ရှိနေဆဲပင် ဖြစ်ချေ၏။

ဤသို့ဖြင့် တိုက်ပွဲသည် တစ်ဖက်သတ် အသတ်အဖြတ်ပွဲ ဖြစ်လာလေ၏။ ဖူဟုန်ပင်းသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူမအနေဖြင့် ဤမြို့ရိုးကို ကာကွယ်ရသည်မှာ ထင်ထားသည်ထက် ပိုမို လွယ်ကူနေလေ၏။ စစ်ပွဲသည် စစ်ပွဲနှင့်မတူဘဲ သားကောင်များကို အမဲလိုက်ရသလိုကို လွယ်ကူနေတော့သည်။

**--**--**--**--**--**--**--**

မြောက်ဘက် မြို့ရိုးတွင်မူ လီဝမ်ဟွေ့ ဦးဆောင်သော တပ်သား ရှစ်ထောင်သည် လီရူလုံ၏ တပ်သား သုံးသောင်းနှင့် ရင်ဆိုင်နေရသည်။ ဤတပ်သားများသည် ရှားလုံရွှို၏ တပ်သားများကဲ့သို့ အရောအနှောတပ်ဖွဲ့ မဟုတ်ဘဲ သံချပ်ကာများ ဝတ်ဆင်ထားသော လီမိသားစု၏ လက်ရွေးစင်တပ်ဖွဲ့ ဖြစ်လေသည်။

မြောက်ဘက် မြို့ရိုး၏ အရှေ့တွင်လည်း အတားအဆီးများ ပြည့်နှက်နေသော်လည်း လီရူလုံ၏ တပ်သားများသည် ထိုနေရာတွင် စုပြုံတိုးဝှေ့ခြင်း မရှိဘဲ စနစ်တကျ ဖြတ်ကျော်လာခဲ့ကြသည်။

တူညီသော အတားအဆီးများသည် ရှားလုံရွှို၏ တပ်ဖွဲ့ကို ကြီးမားသော အထိအခိုက်အကျအဆုံးများ ဖြစ်စေခဲ့သော်လည်း လီရူလုံ၏ တပ်ဖွဲ့အတွက်မူ သာမန်မျှသာ ဖြစ်နေသည်။

ထို့အပြင် တုပိုင်၏ ဧရာမဒူးလေးကြီးများကိုလည်း မူလနေရာမှ ရွှေ့ပြောင်းရန် အချိန်မမီတော့သဖြင့် လီရူလုံ၏ တပ်ဖွဲ့ကို ပစ်ခတ်၍ မရနိုင်တော့ပေ။

“တိုက်...”

အတားအဆီးများကို ကျော်ဖြတ်ပြီးနောက် လီရူလုံ၏ တပ်သား သုံးသောင်းသည် လူစုခွဲလိုက်ပြီး မြောက်ဘက် မြို့ရိုးဆီသို့ စနစ်တကျ ပြေးဝင် တိုက်ခိုက်လာကြသည်။

“အသင့်ပြင်... ပစ်...”

“အသင့်ပြင်... ပစ်...”

လီဝမ်ဟွေ့ ဦးဆောင်သော တပ်သား ရှစ်ထောင်သည် ခုနစ်ကြိမ်တိုင်တိုင် မြှားမိုးရွာချ ပစ်ခတ်ခဲ့ကြသည်။ ဤစစ်သည် ရှစ်ထောင်သည်လည်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ လက်ရွေးစင်များ ဖြစ်ကြပြီး သူတို့၏ မြှားပစ်စွမ်းရည်မှာလည်း တိကျလှပေသည်။

သို့သော် ခုနစ်ကြိမ်တိုင်တိုင် ပစ်ခတ်သော်လည်း အနောက်ဘက် မြို့ရိုးရှိ ဖူဟုန်ပင်းတို့လောက် ထိရောက်မှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လီရူလုံ၏ တပ်သားများသည် သံချပ်ကာများ ဝတ်ဆင်ထားကြသဖြင့် မြှားများသည် ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

လည်ပင်း ၊ မျက်နှာစသည့် သံချပ်ကာ မကာကွယ်နိုင်သော နေရာများကို ထိမှန်မှသာ အောင်မြင်စွာ သတ်ဖြတ်နိုင်လေသည်။ မြို့ရိုးအောက်သို့ ရောက်ရှိလာသည်နှင့် လီရူလုံ၏ တပ်သားများသည် လှေကားများကို တစ်စင်းပြီးတစ်စင်း ထောင်လိုက်ကြပြီး အုံနှင့်ကျင်းနှင့် တက်ရောက်လာကြတော့သည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မြို့ရိုးပေါ်မှနေ၍ သစ်တုံးကြီးများ ရုတ်တရက် လှိမ့်ကျလာ၏။ ပြီးနောက် ကျောက်တုံးကြီးများ ပစ်ချလိုက်ကြသည်။ နောက်ဆုံးတွင် ဆီပူအိုးများကို လောင်းချလိုက်ကြသည်။

အနောက်ဘက် မြို့ရိုးတွင် ဖူဟုန်ပင်းနှင့် ရှားလုံရွှိုတို့၏ တိုက်ပွဲသည် ခမ်းနားထည်ဝါပြီး ပေါ့ပါးကာ တစ်ဖက်သတ် အနိုင်ယူနေသလောက် ၊ မြောက်ဘက် မြို့ရိုးတွင် လီဝမ်ဟွေ့နှင့် လီရူလုံတို့၏ တိုက်ပွဲသည် စစ်မှန်သော ရှေးခေတ်စစ်ပွဲများအတိုင်း ရက်စက်ကြမ်းကြုတ်ပြီး သွေးစွန်းလှပေသည်။

လီရူလုံ၏ တပ်သားအများစုသည် သံချပ်ကာများ ဝတ်ဆင်ထားသဖြင့် မြှားဖြင့် ပစ်ခတ်ရန် မလွယ်ကူသော်လည်း သစ်တုံးကြီးများ ၊ ကျောက်တုံးကြီးများနှင့် ဆီပူများသည် အထိရောက်ဆုံး လက်နက်များ ဖြစ်ကြသည်။

သစ်တုံးကြီးတစ်တုံး လှိမ့်ဆင်းလာသည်နှင့် လှေကားတစ်စင်းလုံးရှိ စစ်သည်များ အကုန်လုံး ပြုတ်ကျကာ အရိုးများကျိုးကုန်ပြီး အသားပြာဖြစ်ကုန်ကြသည်။

ကျောက်တုံးကြီးများ ပြုတ်ကျလာသည်နှင့် ထိမှန်သူမှာ သွေးအန်ကာ သံချပ်ကာများ ပိပြားသွားပြီး တစ်ကိုယ်လုံး ဖိမိသေဆုံးကုန်ကြသည်။ ဦးခေါင်းများ ကွဲထွက်ကာ နံရိုးများ ကျိုးပဲ့ပြီး အတွင်းကလီစာများ ကြေမွသွားရသည်။

ဆီပူတစ်အိုး လောင်းချလိုက်သည်နှင့် အလောင်းခံရသူ၏ ခန္ဓာကိုယ်သည် အရှင်လတ်လတ် ကျက်သွားပြီး မကြုံစဖူး စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ထို့နောက် မီးမြှားတစ်စင်း ပစ်လွှတ်လိုက်လေ၏။

ဟုန်းကနဲ မီးတောက်များ ပြင်းထန်စွာ တောက်လောင်သွားပြီး ချက်ချင်းပင် လူတစ်စုလုံးသည် မီးပင်လယ်ထဲတွင် ဝါးမျိုခံလိုက်ရကာ ငရဲမှ လာသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

တိုက်ပွဲ၏ ပြင်းထန်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုသည် လီဝမ်ဟွေ့နှင့် လီရူလုံတို့၏ ထင်မြင်ယူဆချက်ထက် များစွာ ကျော်လွန်နေလေသည်။

နှစ်ဖက်စလုံး၏ မျက်နှာထားများသည် အလွန် လေးနက်နေကြ၏။.လီရူလုံ၏ မျက်နှာသည် တင်းမာခက်ထန်နေသည်။ အဘယ်ကြောင့်ဆိုသော် အထိအခိုက် အကျအဆုံး များပြားလွန်းသောကြောင့် ဖြစ်သည်။

လီဝမ်ဟွေ့လည်း စိတ်လှုပ်ရှားနေမိသည်။ သူ၏ စစ်သည် ရှစ်ထောင်သည် လီရူလုံ၏ တပ်သား သုံးသောင်းနှင့် ရင်ဆိုင်နေရရာ တစ်ယောက်လျှင် လေးယောက်နီးပါး ကျဆင်းနေသောကြောင့် ဖြစ်သည်။

သို့သော် သစ်တုံးများ ၊ ကျောက်တုံးများနှင့် ဆီပူများသည် အကန့်အသတ်ရှိပြီး တစ်ချိန်ချိန်တွင် ကုန်သွားပေလိမ့်မည်။ ကုန်သွားသည်နှင့် တစ်ပြိုင်နက် လီရူလုံ၏ တပ်သားများသည် နောက်ဆုံးတွင် မြို့ရိုးပေါ်သို့ ရောက်ရှိလာကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် လူချင်းယှဉ်တိုက်ရသည့် အနီးကပ်တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ ထိုအခါ တစ်ယောက်လျှင် သုံးယောက်နှုန်းခန့် ဖြစ်လာနိုင်ရာ နိုင်အောင် တိုက်နိုင်ပါဦးမည်လော။

မည်သို့ပင်ဆိုစေကာမူ... အနည်းဆုံးတော့ ယခုအချိန်တွင် မြောက်ဘက် မြို့ရိုးသည် ငရဲတိုက်ပွဲမြေပြင် ၊ အလောင်းနှင့် သွေးပင်လယ်ကြီး တစ်ခု အဖြစ်သို့အသွင်ပြောင်းသွားလေတော့၏။

**--**--**--**--**--**--**--**

တောင်ဘက် မြို့ရိုးတွင်မူ တုပိုင် ၊ ကျီပြောင်ပြောင်နှင့် မြို့စားမင်းလေးကျီချန်တို့ ဦးဆောင်သော တပ်သား တစ်သောင်းသည် ဆယ့်ငါးလီခန့် ရှည်လျားသော မြို့ရိုးကို ကာကွယ်နေကြသည်။ သူတို့ ရင်ဆိုင်ရမည့်သူမှာ လီဝမ်ဝမ်၏ အဓိကတပ်ဖွဲ့ဖြစ်သော မီးနတ်ဘုရားဂိုဏ်းသား နှစ်သောင်း ဖြစ်လေသည်။

တစ်သောင်းနှင့် နှစ်သောင်းသည် ကွာဟချက် အနည်းဆုံး ဖြစ်သည်။ သို့သော် ဤတိုက်ပွဲသည် အခက်ခဲဆုံး ဖြစ်လာပေလိမ့်မည်။ တုပိုင်၏ အာရုံခံစားမှုသည် မှားယွင်းခြင်း မရှိခဲ့ပေ။ တောင်ဘက် မြို့ရိုး၏ ရှေ့ ပေရှစ်ရာခန့် အကွာတွင်လည်း အတားအဆီး အမျိုးမျိုး ပြည့်နှက်နေသည်။

ရှားလုံရွှို၏ တပ်သား ငါးသောင်းသည် အုံနှင့်ကျင်းနှင့် တိုးဝင်လာခဲ့သော်လည်း နောက်ဆုံးတွင် ထိုနေရာ၌ လုံးဝ ပိတ်မိသွားခဲ့ပြီး တုပိုင်၏ ဧရာမဒူးလေးကြီးများ၏ လက်ချက်ဖြင့် မရေမတွက်နိုင်အောင် သေဆုံးခဲ့ရသည်။

လီရူလုံ၏ တပ်သား သုံးသောင်းသည် စနစ်တကျ ဖြတ်ကျော်လာနိုင်ခဲ့သည်။ သို့သော် လီဝမ်ဝမ်၏ မီးနတ်ဘုရားဂိုဏ်းသား နှစ်သောင်းမှာမူ... ဤအတားအဆီးများကို ရင်ဆိုင်ရာတွင် လူမရှိသော နယ်မြေသို့ ဝင်ရောက်လာသကဲ့သို့ပင်။

အလွန် လျင်မြန်စွာ ဖြတ်ကျော်လာကြသည်။ သိုင်းပညာ အလွန်မြင့်မားသော ဂိုဏ်းသားအချို့ဆိုလျှင် ခုန်ပျံကျော်လွှားကာ ခြောက်ပေမြင့်သော အတားအဆီးများကို တိုက်ရိုက် ခုန်ကျော်လာကြသည်။

မြင်ကွင်းသည် အလွန် ကျက်သရေရှိပြီး အလွန် ပေါ့ပါးလှသည်။

သို့သော် စစ်မြေပြင်တွင် ရန်သူအဖြစ် ရင်ဆိုင်နေရသူများ အဖို့မူ ဤမြင်ကွင်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လီဝမ်ဝမ်၏ မီးနတ်ဘုရားဂိုဏ်းသားများသည် အတားအဆီးများကို အလွယ်တကူ ကျော်ဖြတ်ပြီးနောက် လူစုခွဲလိုက်ကြပြီး မြို့ရိုးဆီသို့ ပြေးဝင်လာကြသည်။

ထို့အပြင် သူတို့တွင် လှေကားများ မပါလာကြပေ။

ဟုတ်ပေသည်။ လှေကားပင် မပါဘဲ တိုက်ခိုက်လာခြင်း ဖြစ်သည်။ သူတို့၏ ဝင်ရောက်တိုက်ခိုက်နှုန်းသည် ဆေးသောက်ထားသော ရှားလုံရွှို၏ တပ်ဖွဲ့ထက်ပင် ပိုမို မြန်ဆန်နေသေးသည်။

“အသင့်ပြင်... ပစ်...”

“အသင့်ပြင်... ပစ်...”

“အသင့်ပြင်... ပစ်...”

တုပိုင်၏ တပ်သား တစ်သောင်းတွင် သုံးကြိမ်မျှသာ ပစ်ခတ်ခွင့် ရရှိသည်။ ဤစစ်သည်များ၏ မြှားပစ်စွမ်းရည်သည်လည်း ထိပ်တန်းအဆင့် ဖြစ်ပြီး ဖူဟုန်ပင်းနှင့် လီဝမ်ဟွေ့တို့၏ တပ်ဖွဲ့များအောက် မလျော့ပေ။

သို့သော် မီးနတ်ဘုရားဂိုဏ်းသားများကို ထိခိုက်မှုမှာ အလွန် နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ဤရန်သူများသည် လူစုခွဲထားလွန်းသလို လှုပ်ရှားမှုများမှာလည်း အလွန် လျင်မြန်ဖျတ်လတ်လွန်းသည်။ မြှားထိမှန်လျှင်တောင်မှ သူတို့အားလုံးသည် သံကွင်းသံချပ်ကာများ ဝတ်ဆင်ထားကြသဖြင့် မြှားများ ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။

မကြာမီမှာပင် ဤ မီးနီရောင် ဝတ်စုံဝတ် မီးနတ်ဘုရားဂိုဏ်းသားများသည် တောင်ဘက် မြို့ရိုးအောက်သို့ ရောက်ရှိလာကြသည်။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

သူတို့တွင် လှေကားမပါသဖြင့် ကြိုးချိတ်များကို မြို့ရိုးပေါ်သို့ ပစ်တင်လိုက်ကြသည်။ ထို့အပြင် ဤကြိုးချိတ်များ၏ အရှေ့ပိုင်းတစ်ဝက်ကို သံနန်းကြိုးများဖြင့် ရက်လုပ်ထားသဖြင့် ချက်ချင်း ဖြတ်ချ၍ မလွယ်ကူပေ။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

ထောင်နှင့်ချီသော ကြိုးချိတ်များသည် တစ်ပြိုင်နက်တည်း ပစ်တင်လိုက်ရာ မြို့ရိုးကတုတ်များတွင် လာရောက် ချိတ်မိကုန်ကြသည်။

ထို့နောက် ထောင်နှင့်ချီသော မီးနတ်ဘုရားဂိုဏ်းသားများသည် ကြိုးကိုဆွဲကာ လျင်မြန်စွာ ခုန်တက်လာကြသည်။

ဟုတ်ပေသည်။ တွယ်တက်နေခြင်း မဟုတ်ပေ။ ခုန်တက်နေခြင်း ဖြစ်သည်။ မြို့ရိုးကို ခြေကန်ပြီး တစ်ချက်ခုန်လျှင် သုံးပေကျော် တက်ရောက်လာသည်။

ဤ မယုံကြည်နိုင်လောက်ဖွယ် မြို့ရိုးတက်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းလှချေသည်။

“ကြိုးဖြတ်... ကြိုးဖြတ်...”

တုပိုင် အမိန့်ပေးစရာပင် မလိုဘဲ သူ၏ လက်အောက်ရှိ တပ်မှူးများက အော်ဟစ် အမိန့်ပေးလိုက်ကြသည်။

တုပိုင်၏ လက်အောက်ရှိ စစ်သည်များသည် ဓားများဖြင့် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်ကြသည်။ သို့သော် သူတို့သည် မြို့ရိုးကို တိုက်ရိုက် ခုတ်ပိုင်း၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ရွှေဓားကိုင်ဆောင်ထားသူမှာ အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ဓားများသည် ထက်မြက်ပြီး ခိုင်ခံ့သော်လည်း မြို့ရိုးကျောက်တုံးများကို တိုက်ရိုက် ခုတ်ပိုင်းနိုင်လောက်အောင် မထက်ပေ။

ကြိုးကို ခုတ်ပိုင်းရာတွင်လည်း ရန်သူ၏ ကြိုးအရှေ့ပိုင်းသည် သံနန်းကြိုးများဖြင့် ရက်လုပ်ထားသဖြင့် ပြတ်ထွက်သွားအောင် အကြိမ်ကြိမ် ခုတ်ပိုင်းရလေသည်။

ပိုဆိုးသည်မှာ ကြိုးပြတ်သွား၍ အမြင့် ဆယ့်ငါးပေခန့်မှ ပြုတ်ကျသွားလျှင်ပင် ဤ မီးနတ်ဘုရားဂိုဏ်းမှ သိုင်းသမားများသည် ဘေးကင်းလုံခြုံစွာ မြေပြင်သို့ သက်ဆင်းနိုင်ပြီး ရူးသွပ်စွာ ပြန်လည် တက်ရောက်လာကြခြင်းပင် ဖြစ်သည်။

တုပိုင်သည် ကျီပြောင်ပြောင်နှင့် မြို့စားမင်းလေးကျီချန်ကို လှမ်းကြည့်လိုက်သည်။ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။

ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကြီး ဖြစ်လာတော့မည်။

ဤ နတ်ဘုရားများသဖွယ် တိုက်ခိုက်နိုင်သော မီးနတ်ဘုရားဂိုဏ်းသား လက်ရွေးစင်များသည် မကြာမီ မြို့ရိုးပေါ်သို့ ရောက်ရှိလာတော့မည်။

အဝေးမှနေ၍ တိုက်ပွဲအခြေအနေ ချောမွေ့နေသည်ကို မြင်လိုက်ရသောအခါ လီဝမ်ဝမ်သည် ရုတ်တရက် အေးစက်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

“ဓားဆွဲ...”

တုပိုင် ရုတ်တရက် အော်ဟစ်လိုက်သည်။ ဆယ့်ငါးလီခန့် ရှည်လျားသော မြို့ရိုးပေါ်တွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည် တစ်သောင်းနှင့် မိစ္ဆာသွေးစစ်သည် ရာဂဏန်းတို့သည် ဓားများကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ကြသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မရေမတွက်နိုင်သော မီးနတ်ဘုရားဂိုဏ်းသားများသည် မြို့ရိုးပေါ်သို့ ရောက်ရှိလာကြသည်။

“သတ်... သတ်... သတ်... သတ်...”

တုပိုင်သည် သွေးကြောခြောက်သွယ် ဓားသိုင်းဖြင့် ရူးသွပ်စွာ ပစ်ခတ်လိုက်တော့သည်။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

လက်ရှိအချိန်တွင် တုပိုင်သည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။ သူ၏ သွေးကြောခြောက်သွယ် ဓားသိုင်းသည် အမြန်နှုန်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မျက်တောင်တစ်ခတ်အတွင်း ဓားချက် လေးငါးချက်အထိ ပစ်ခတ်နိုင်နေပြီ ဖြစ်သည်။

ဓားချက်တစ်ချက် ထွက်သွားတိုင်း မီးနတ်ဘုရားဂိုဏ်းသား တစ်ယောက် သေဆုံးရလေသည်။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

ကြောက်မက်ဖွယ်ကောင်းသော တုပိုင်၏ သတ်ဖြတ်နှုန်းသည် စစ်မြေပြင်တွင် ကျီပြောင်ပြောင်ထက်ပင် များစွာ သာလွန်နေလေသည်။ သူ့ရှေ့တွင် အလောင်းများ ပုံကျနေကြသည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် တုပိုင်၏ သွေးကြောခြောက်သွယ် ဓားသိုင်းသည် မီးနတ်ဘုရားဂိုဏ်းသား နှစ်ရာနီးပါးကို သတ်ဖြတ်လိုက်နိုင်လေသည်။

ဤ သတ်ဖြတ်နှုန်းသည် ရိုးရှင်းစွာပင် အံ့မခန်း ဖြစ်နေလေ၏။

သွေးကြောခြောက်သွယ် ဓားသိုင်းသည်ပင် ဤမျှ စွမ်းအားကြီးမားနေလျှင် ၊ စစ်နတ်ဘုရားဟု တင်စားကြသော နဂါးနှိမ်လက်ဝါး ဆယ့်ရှစ်ကွက်ဆိုလျှင် မည်မျှ ကောင်းကင်ကို အန်တုနိုင်မည်နည်း။

လွန်ခဲ့သော နှစ်ပေါင်းရာချီက ရွှေအင်ပါယာကို တည်ထောင်ခဲ့သော ထယ်မူဂျင်သည် ဤ ဒဏ္ဍာရီလာ သိုင်းပညာကို အားကိုးပြီး ဘုရင်တစ်ဆူ ဖြစ်လာခဲ့ကာ စစ်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် မကြာခင်အချိန်အတွင်း အတွင်းအား ကုန်ဆုံးသွားလိမ့်မည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

မရေမတွက်နိုင်သော မီးနတ်ဘုရားဂိုဏ်းသားများသည် လခြမ်းကွေးဓားများကို ဆွဲထုတ်လိုက်ကြပြီး ချက်ချင်းပင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်များနှင့် ထိပ်တိုက် တွေ့ဆုံကာ တိုက်ခိုက်ကြတော့သည်။

ဤ တပ်ဖွဲ့နှစ်ခုစလုံးသည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး တပ်မတော်များ ဖြစ်ကြသည်။ ယခုအခါ သူတို့သည် မည်သူက ပိုသန်မာသလဲ ဆိုသည်ကို သက်သေပြကြရတော့မည်။

နိုင်သူအရှင် ၊ ရှုံးသူသေ။ သေလျှင်မြေကြီး ၊ ရှင်လျှင်ရွှေထီး။

“ဝေါင်းးးးး...”

တုပိုင်သည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သောအခါ ရွှေရောင်အကြေးခွံများ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသည်။ ချက်ချင်းပင် နဂါးသွေး စွမ်းအင်များ တိုးဝင်လာပြီး သွေးကြောတိုင်းနှင့် အရေပြားတိုင်းကို ကာကွယ်ပေးလိုက်သည်။

တုပိုင်သည် နဂါးတစ်ပိုင်းအသွင်သို့ အသွင်ပြင်လိုက်လေ၏။ လက်ရှိအချိန်တွင် တူပိုင်သည် ဓားပြီးလှံပြီး ဖြစ်နေပြီး အလွန်အမင်း စွမ်းအားကြီးမားနေပြီ ဖြစ်သည်။

တုပိုင်သည် ဘယ်လက်တွင် လျှို့ဝှက်ရွှေဓားကို ဝှေ့ယမ်းလိုက်ပြီး ၊ ညာလက်ရှိ နဂါးသတ်ဓားကြီးကိုလည်း ဝှေ့ယမ်းလိုက်သည်။

အံ့မခန်း လက်နက်ကြီး နှစ်ခုသည် ရူးသွပ်ဖွယ်ရာ လေပွေမုန်တိုင်းကြီးကဲ့သို့ ရူးသွပ်စွာ လည်ပတ်နေကြသည်။

တုပိုင်သည် သိုင်းပညာ အရာတွင် ကျီပြောင်ပြောင်ကို မယှဉ်နိုင်သော်လည်း လက်ရှိအချိန်တွင် တုပိုင်သည် စစ်မြေပြင်မှ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားပြီဖြစ်လေ၏။

သူ ရောက်ရှိသွားရာ နေရာတိုင်းတွင် အလောင်းများ လွင့်စင်ထွက်သွားပြီး သွေးများ ပန်းထွက်လာကုန်ကြသည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၀၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Moon 🌕

True Immortal Team

All Chapters