← Chapters

အခန်း (၅၀၆)

Vol. 51 Ch. 506

အခန်း (၅၀၆)

Vol. 51 Ch. 506

သို့သော် ထိုအချိန်၌ပင် တုပိုင်သည် မျက်လုံးများကို ရုတ်ခြည်း ဖွင့်လိုက်ပြီး သူ၏ လက်ချောင်းငါးချောင်းကို ရုတ်တရက် ဆန့်ထုတ်လိုက်လေသည်။ သို့သော် ဤတစ်ကြိမ်တွင် တုပိုင်အသုံးပြုလိုက်သည်မှာ သွေးကြောခြောက်သွယ် ဓားသိုင်း မဟုတ်တော့ချေ။

ထိုအစား တုပိုင်ပစ်လွှတ်လိုက်သည်မှာ ဓားတစ်လက် မဟုတ်ဘဲ ဝိညာဉ်ခွင်းအရိပ်၏ စိတ်တိုက်ခိုက်မှု ဖြစ်လေ၏။

မီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင်ငါးဦးသည် အလိုအလျောက်ပင် ခုခံလိုက်ကြသည်။ တုပိုင် မသေဆုံးသေးကြောင်း တွေ့လိုက်ရသဖြင့် သူတို့မှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြ၏။ သို့သော် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် တုပိုင်ထက် များစွာ မြင့်မားနေသည့်အတွက် တုပိုင်၏ သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကိုသာ အဓိကထား၍ သတိပြုနေလိုက်ကြသည်။

သို့သော် တုပိုင်၏ တိုက်ခိုက်မှုကို လုံးဝ ခုခံကာကွယ်၍ မရနိုင်ကြောင်း သူတို့ ချက်ချင်းပင် သတိပြုမိလိုက်ကြလေသည်။

ထိုလူငါးဦးစလုံးသည် ဝိညာဉ်စွမ်းအင်တစ်ခု သူတို့၏ ဦးနှောက်ထဲသို့ ဝင်ရောက်တိုက်ခိုက်လာသည်ကို ခံစားလိုက်ရပြီးနောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

ထိုခဏ၌ သူတို့၏ ဦးနှောက်တစ်ခုလုံး ဗလာသက်သက် ဖြစ်သွားရလေ၏။ ဖြစ်သွားသည့် အချိန်ကာလသည် အလွန်တရာ တိုတောင်းလွန်းလှပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤမီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင်ငါးဦး၏ ဝိညာဉ်စွမ်းအင်သည်လည်း အလွန် သန်မာကြပေသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာ သတိလျော့နည်းသွားပြီး ကာကွယ်မှု မရှိတော့သော်လည်း အများဆုံး မျက်တောင်တစ်ခတ်စာအတွင်း ပြန်လည် သတိဝင်လာကြပေလိမ့်မည်။

သို့သော် ထိုစက္ကန့်ဝက်အချိန်သည် တုပိုင်အတွက် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။ တုပိုင်၏ လက်ထဲရှိ နဂါးသတ်ဓားသည် လျင်မြန်စွာ လှုပ်ရှားသွားလေ၏။

“ရွှီးးး...”

ချက်ချင်းဆိုသလိုပင် မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင်အဆင့်တစ်ပိုင်း သိုင်းပညာရှင်ငါးဦး၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တိုဝင်သွားပြီး ခါးလည်မှ ပြတ်တောက်ကာ နှစ်ပိုင်းပြတ်သွားလေ၏။

“အားးး...”

ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများနှင့်အတူ သူတို့အားလုံး ပွဲချင်းပြီးကာ သေဆုံးသွားကြလေသည်။

အခြားသော မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင်အဆင့်ရှိသူ ငါးဦးသည်လည်း တုပိုင် မသေဆုံးဘဲ ကျန်ရစ်နေသည်ကို မြင်လိုက်ရသောအခါ လုံးဝ တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

မီးနတ်ဘုရားဘာသာတွင် အရေးအကြီးဆုံးသော ယုံကြည်ချက်တစ်ခု ရှိပေသည်။ မီးနတ်ဘုရားကို ယုံကြည်သူများသည် အဆုံးသတ်၌ သေဆုံးခြင်းမရှိဘဲ ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် ကောင်းကင်ဘုံသို့ ရောက်ရှိသွားမည် ဟူ၍ဖြစ်သည်။

ထို့အပြင် စစ်မှန်သော မီးနတ်ဘုရား၏ တမန်တော်သည် မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဟူသောအချက်ပင် ဖြစ်သည်။

ယခုတွင် ဤမီးနတ်ဘုရားဂိုဏ်းသား ငါးဦးသည် တုပိုင်၏ ခန္ဓာကိုယ်ကို ဓားဖြင့်ထိုးဖောက်ထားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသော်လည်း သူသည် သေမင်းလက်မှ ပြန်လည်လွတ်မြောက်လာသည်။

ထိုသည်က မည်သည်ကို ဆိုလိုသည်နည်း။ တုပိုင်သည်ကော မီးနတ်ဘုရား၏ တမန်တော်ဖြစ်သည်လား။

သို့သော် ထိုငါးဦး၏ ပထမဆုံး တုံ့ပြန်မှုမှာ ချက်ချင်း ထွက်ခွာသွားပြီး ဤကိစ္စကို မီးနတ်ဘုရားဂိုဏ်းချုပ်ထံ သတင်းပို့ရန်ပင် ဖြစ်သည်။

သို့သော် ထိုအချိန်၌ ကျီပြောင်ပြောင်၏ အစ်ကိုကြီး လေးယောက်စလုံး အရောက်လှမ်းလာကြလေသည်။

ထိုအစ်ကိုကြီးလေးယောက်အနက် သုံးယောက်သည် မဟာဆရာသခင်အဆင့်ရှိသူများ ဖြစ်ကြသည်။ သူတို့တွင် အသီးသီး အရေးကြီးသော တိုက်ခိုက်ရေး တာဝန်များ ရှိကြလေသည်။ မီးနတ်ဘုရားစစ်တပ်၏ လူနှစ်သောင်းကျော်ထဲတွင် သိုင်းပညာရှင်များစွာ ပါဝင်နေသည့်အတွက် မြို့ရိုးတစ်လျှောက်တွင် သိုင်းပညာရှင်များက စောင့်ကြပ်နေရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ရန်သူ့ဘက်မှ သိုင်းပညာရှင်များသည် မြို့ရိုး၏ တစ်နေရာရာကို ဖောက်ဝင်သွားနိုင်ပြီး အကျိုးဆက်မှာ ဆိုးရွားသွားနိုင်ပေသည်။

ကျီပြောင်ပြောင်၏ အစ်ကိုကြီး လေးယောက်သာမက ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုင်းပညာရှင်များစွာသည်လည်း မြို့ရိုးတစ်လျှောက် နေရာအသီးသီးတွင် တာဝန်ယူထားကြရသည်။

သူတို့သည် မိုင်အနည်းငယ်ခန့် ကွာဝေးသော နေရာများတွင် ရှိနေကြသော်လည်း တုပိုင် လုပ်ကြံခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်၌ ချက်ချင်းပင် ပြေးလာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ခုနက အဖြစ်အပျက်များမှာ အလွန် လျင်မြန်လွန်းလှသည်။ တုပိုင်၏ ခန္ဓာကိုယ် ထိုးဖောက်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်၌ ထိုလူများသည် ချက်ချင်းပင် ရူးသွပ်သွားမတတ် ဖြစ်သွားခဲ့ကြရသည်။

တုပိုင်သည် ဤစစ်တပ်၏ အကြွင်းမဲ့ ခေါင်းဆောင်ဖြစ်သည်။ အကယ်၍သာ သူသေဆုံးသွားပါက တိုက်ပွဲဝင်နေခြင်းသည် အဓိပ္ပာယ်မရှိတော့သလို တိုက်ခိုက်စရာမလိုဘဲ အရှုံးပေးလိုက်ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုလက်ရှိ မြင်ကွင်းက သူတို့ကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့သည်။ တုပိုင်သည် အဆိပ်ဓားငါးလက်ဖြင့် ထိုးဖောက်ခံခဲ့ရသော်လည်း သေဆုံးသွားခြင်း မရှိသည့်အပြင် ပြန်လည်တိုက်ခိုက်ကာ မီးနတ်ဘုရားဂိုဏ်းသား ငါးယောက်စလုံးကို သတ်ဖြတ်လိုက်နိုင်လေသည်။

ဤမြင်ကွင်းသည် အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှပေသည်။ ကျီပြောင်ပြောင်၏ အစ်ကိုကြီးလေးယောက် ဝင်ရောက်တိုက်ခိုက်လာမှုကြောင့် ကျီပြောင်ပြောင်နှင့် ကျီမျိုးနွယ်စု သခင်လေးတို့အပေါ် ကျရောက်နေသော ဖိအားများမှာ ချက်ချင်းပင် လျော့ပါးသွားရလေ၏။

မဟာဆရာသခင် ငါးယောက်နှင့် မီးနတ်ဘုရားဂိုဏ်းသား ငါးယောက်တို့ တိုက်ခိုက်ကြရာတွင် တုပိုင်တို့ဘက်မှ အသာစီးရသွားလေသည်။

ခဏကြာပြီးနောက် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုင်းပညာရှင်များစွာ ရောက်ရှိလာကြ၏။

ထိုအခါ မီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင်ငါးဦးသည် လုံးဝ အရေးနိမ့်သွားပြီး အန္တရာယ်ကြီးမားသော အခြေအနေသို့ ရောက်ရှိသွားကြတော့သည်။

ရုတ်တရက် သူတို့သည် တုပိုင် နားမလည်နိုင်သော စကားတချို့ကို ပြောလိုက်ကြသည်။

“ရွှီးးး...”

မီးနတ်ဘုရားဂိုဏ်းသားတစ်ဦးသည် ရုတ်တရက် အဆိပ်ဆေးလုံးတစ်လုံးကို ပစ်ပေါက်လိုက်လေ၏။

မီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင်များသည် အလွန် ရွံရှာဖွယ်ကောင်းလှသည်။ သူတို့၏ ခန္ဓာကိုယ်တွင် အဆိပ်မျိုးစုံနှင့် လျှို့ဝှက်လက်နက်များကို ဆောင်ထားလေ့ရှိကြသည်။

အကယ်၍သာ ဤအဆိပ်ဆေးလုံး ပေါက်ကွဲသွားပါက ထိုလူငါးဦးစလုံး ထွက်ပြေးလွတ်မြောက်သွားကြပေလိမ့်မည်။ ကျီပြောင်ပြောင်နှင့် အခြားသော သိုင်းပညာရှင်များပင်လျှင် အန္တရာယ်ကြုံတွေ့ရနိုင်ပေသည်။

ထိုအဆိပ်ဆေးလုံးသည် မီးနတ်ဘုရားဂိုဏ်းအတွက် အလွန်တန်ဖိုးကြီးလှပြီး အရေးကြီးသော အချိန်မဟုတ်လျှင် ထုတ်သုံးလေ့မရှိပေ။ ယခုတွင် မီးနတ်ဘုရားဂိုဏ်းသား ငါးဦးသည် လမ်းဆုံးသို့ ရောက်နေပြီဖြစ်၍ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

သို့သော်... သူတို့ ပစ်ပေါက်လိုက်သော အဆိပ်ဆေးလုံးသည် လေထဲတွင်ပင် လက်တစ်ဖက်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေ၏။ စနစ်၏ သတိပေးမှုကြောင့် တုပိုင်သည် စက္ကန့်ဝက်ခန့် ကြိုတင်လှုပ်ရှားနိုင်ခဲ့ပြီး ပေါက်ကွဲတော့မည့် အဆိပ်ဆေးလုံးကို ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် တုပိုင်သည် အဆိပ်ဆေးလုံးကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေ၏။ အဆိပ်ဆေးလုံးသည် ရုတ်တရက် ပေါက်ကွဲသွားရာ တုပိုင်၏ ပါးစပ်တစ်ခုလုံး လင်းထိန်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချက်ချင်းပင် နီရဲသွားလေသည်။ တစ်ကိုယ်လုံး မီးတောက်များဖြင့် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေပြီး မီးနတ်ဘုရား ပူးကပ်နေသကဲ့သို့ ထူးဆန်းသော မြင်ကွင်းဖြစ်ပေါ်နေ၏။

သို့သော် မိစ္ဆာနှိမ်နှင်းပုတီးစေ့၏ အစွမ်းနှင့် တုပိုင်၏ ပြောင်းလဲထားသော သွေးမျိုးဆက်ကြောင့် သူ၏ ကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ရာ အနီရောင်အလင်းတန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားလေပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။

အဆိပ်ဆေးလုံး ပစ်လိုက်ပြီးနောက် မီးနတ်ဘုရားဂိုဏ်းသား ငါးယောက်အနက် လေးယောက်က ထွက်ပြေးရန် ပြင်ဆင်ကြပြီး ကျန်တစ်ယောက်ကမူ တတ်နိုင်သမျှ လူအများအပြားကို သတ်ဖြတ်ရန် ကျန်ရစ်နေလိုက်၏။

သို့သော်... သူတို့ မမျှော်လင့်ထားသည့်အရာမှာ အဆိပ်ဆေးလုံး ပေါက်ကွဲမလာခြင်းပင် ဖြစ်သည်။ ထိုဆေးလုံးကို တုပိုင်က ဖမ်းယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သော်လည်း သူသည် ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင်။

ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားရလေ၏။

“ရွှီးးး...”

သိုင်းပညာ အမြင့်ဆုံးဖြစ်သော ကျီမျိုးနွယ်စု သခင်လေးသည် အခွင့်ကောင်းယူကာ မီးနတ်ဘုရားဂိုဏ်းသား တစ်ယောက်ကို ချက်ချင်း သတ်ဖြတ်လိုက်လေသည်။

ထို့နောက်... ဒုတိယမြောက် ၊ တတိယမြောက် ၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်လူ...။ တုပိုင်၏ ဘက်တော်သား ဆယ်ဂဏန်းခန့် ဝင်ရောက်တိုက်ခိုက်ကြရာ နောက်ထပ် နှစ်မိနစ်အတွင်းမှာပင် မီးနတ်ဘုရားဂိုဏ်းမှ မဟာဆရာသခင်အဆင့်ရှိသူ ငါးယောက်စလုံး အသတ်ခံလိုက်ရလေတော့သည်။

ကျီပြောင်ပြောင် ၊ ကျီမျိုးနွယ်စု သခင်လေးနှင့် အခြားသော သိုင်းပညာရှင်များသည် တုပိုင်၏ ဒဏ်ရာများကို စစ်ဆေးရန် ဝိုင်းအုံလာကြသည်။ အခုနက တုပိုင်၏ ခန္ဓာကိုယ်ကို ရန်သူ့ဓားငါးလက်ဖြင့် ထိုးဖောက်ခံလိုက်ရသည်ကို သူတို့ အထင်အရှား မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူတို့အားလုံး စိတ်ဓာတ်ကျနေကြပြီး ခေါင်းဆောင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဟု ထင်မှတ်နေကြသည်။

သို့သော် ထိုအချိန်၌... တုပိုင်၏ ကိုယ်ပေါ်ရှိ ဒဏ်ရာငါးချက်သည် စတင်ပျောက်ကင်းနေပြီး သာမန်မျက်စိဖြင့်ပင် မြင်သာလောက်သည့် နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်ကို တွေ့မြင်လိုက်ကြရလေ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters