← Chapters

အခန်း (၅၀၇)

Vol. 51 Ch. 507

အခန်း (၅၀၇)

Vol. 51 Ch. 507

ထိုခဏ၌ တုပိုင်၏ ခန္ဓာကိုယ်ထက်မှ ထိုးဖောက်ဒဏ်ရာများသည် လုံးဝဥဿုံ ပျောက်ကွယ်သွားပြီး ယခင်အတိုင်း ပကတိ ပြန်လည်ကောင်းမွန်လာလေ၏။

ထို့ပြင် မီးနတ်ဘုရား အဆိပ်ဆေးလုံးသည်လည်း သူ၏ ပါးစပ်ထဲ၌ ဘုန်းးခနဲ ပေါက်ကွဲသွားခဲ့သော်လည်း သူသည် ထိခိုက်ဒဏ်ရာအနာတရမရှိဘဲ ဘေးကင်းလုံခြုံစွာ ရှိနေဆဲပင် ဖြစ်လေသည်။

ကျီပြောင်ပြောင် ၊ ကျီမျိုးနွယ်စု သခင်လေးနှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုင်းပညာရှင်တို့၏ ခံစားချက်ကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြနိုင်စွမ်း မရှိတော့ချေ။

သူတို့၏ ခေါင်းဆောင်သည် အမှန်တကယ်ပင် သတ်၍မသေသူလော။ ခန္ဓာကိုယ်ကို ဓားဖြင့် ထိုးဖောက်ခံရပြီးနောက် ချက်ချင်း ပြန်လည်ပျောက်ကင်းသွားသည်။ ထို့အပြင် အဆိပ်ဆေးလုံး ပေါက်ကွဲခဲ့သော်ငြား ထိခိုက်မှုမရှိဘဲ ဘေးကင်းနေဆဲပင်။ ဤသည်ကား မည်သို့သော အခြေအနေမျိုးနည်း။

ဤသည်ကား လူသားစစ်စစ်တစ်ဦး မဖြစ်နိုင်တော့ချေ။ သူတို့၏ ခေါင်းဆောင်သည် ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးလော။

ထိုစဉ် ကျီမျိုးနွယ်စု သခင်လေး၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေလေသည်။ သူတို့၏ မဟာမြို့စားမင်းကြီးသည် ဤမျှအထိ စွမ်းအားကြီးမားသော နတ်ဘုရားတစ်ပါး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

“မဟာမြို့စားမင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... ကျန်းမာပါစေ... ဘုန်းကြီးပါစေ...”

စစ်မြေပြင်တွင် ရောက်ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ ကျီမျိုးနွယ်စု သခင်လေးသည် ရုတ်တရက် ဒူးတစ်ဖက်ထောက်ကာ ဟစ်ကြွေးလိုက်၏။

ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သိုင်းပညာရှင် ဆယ်ဂဏန်းခန့်သည်လည်း ညီညာစွာ ဒူးထောက်လိုက်ကြလေသည်။

တုပိုင် ထုတ်ဖော်ပြသလိုက်သော သေခြင်းကင်းမဲ့သည့် မသေမျိုးခန္ဓာသည် သူတို့၏ လေးစားကြည်ညိုမှုနှင့် သစ္စာစောင့်သိမှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေသည်။

ထိုသည်သာမကသေးပေ။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် အလွန် သန်မာထူးချွန်ကြ၏။ သို့ငြားလည်း တစ်ဖက်တွင် လီဝမ်ဝမ်၏ မီးနတ်ဘုရား တပ်မတော်သည်လည်း ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးမားကြပြီး အလွန် ထူးဆန်းကြလေသည်။ သူတို့အသုံးပြုသော မိစ္ဆာနည်းလမ်းများသည် ခုခံကာကွယ်ရန် ခက်ခဲလှပေ၏။

ထို့ကြောင့် တိုက်ပွဲကြာလာသည်နှင့်အမျှ တုပိုင်၏ တပ်သားတစ်သောင်းသည် တဖြည်းဖြည်း အရေးနိမ့်သော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သို့သော် ယခုလေးတင် တုပိုင်သည် ဓားငါးလက်ဖြင့် ထိုးဖောက်ခံခဲ့ရသော်လည်း သေဆုံးခြင်းမရှိဘဲ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်ကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များစွာ မြင်တွေ့လိုက်ကြရသည်။

ဤမြင်ကွင်းသည် သူတို့ကို အလွန်ကြီးမားသော တွန်းအားတစ်ခု ဖြစ်စေခဲ့ပြီး သူတို့၏ စိတ်ဓာတ်ကို အပြည့်အဝ မြှင့်တင်ပေးလိုက်လေသည်။

မီးနတ်ဘုရားစစ်တပ်သည် မီးနတ်ဘုရားကို ယုံကြည်သက်ဝင်မှု အပြင်းထန်ဆုံးနှင့် ကိုင်းရှိုင်းမှု အရှိဆုံး စစ်သည်များ ဖြစ်ကြသည်။

လူအများအပြားသည် ဤလောကတွင် နတ်ဘုရားရှိသည်ဟု မယုံကြည်ကြသော်လည်း သူတို့ကမူ အကြွင်းမဲ့ ယုံကြည်ကြ၏။ ထို့အပြင် သူတို့သည် သူတို့၏ ဘဝတစ်ခုလုံးကို မီးနတ်ဘုရားအတွက် ပေးဆပ်ထားကြသူများ ဖြစ်သည်။

မီးနတ်ဘုရားကို ယုံကြည်ခြင်း၏ အကြီးမားဆုံး အံ့ဖွယ်ဖြစ်ရပ်မှာ သေခြင်းမှ ပြန်လည်ရှင်သန်လာခြင်းဖြစ်သည့် မသေမျိုးခန္ဓာပင် ဖြစ်သည်။

လီဝမ်ဝမ်သည် အဘယ်ကြောင့် မီးနတ်ဘုရားဘာသာ၏ သူတော်စင်မ ဖြစ်လာခဲ့ရသနည်း။ အကြောင်းမှာ သူမသည် သေခြင်းမှ ပြန်လည်ရှင်သန်လာသည့် ပြကွက်တစ်ခုကို ဖန်တီးပြသခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ဤမီးနတ်ဘုရားစစ်တပ်သည် လီဝမ်ဝမ်၏ အမာခံအင်အားစု ဖြစ်လာခဲ့ပြီး သူမအပေါ် အဆုံးမဲ့ သစ္စာစောင့်သိကာ ရူးသွပ်စွာ ကိုးကွယ်ခဲ့ကြသည်။

သို့သော် လီဝမ်ဝမ်၏ သေခြင်းမှ ရှင်ပြန်ထမြောက်သည် ဆိုသောကိစ္စကို မီးနတ်ဘုရားစစ်သည်များသည် ကြားသာကြားဖူးကြပြီး မျက်မြင်ကိုယ်တွေ့ မမြင်ဖူးကြချေ။

ယခုမူ သူတို့သည် တုပိုင်၏ မသေမျိုးစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရ၏။ မီးနတ်ဘုရားစစ်တပ်သည် မည်သည့်ရန်သူကိုမဆို ရင်ဆိုင်ရဲသော်လည်း မီးနတ်ဘုရား၏ အလိုတော်ကိုမူ ကြောက်ရွံ့ကြပေသည်။

တစ်နည်းအားဖြင့်ဆိုရသော် မသေမျိုးနတ်ဘုရားဖြစ်သည့် တုပိုင်သည် နတ်ဘုရား၏ အလိုတော်ကို ကိုယ်စားပြုနေခြင်း ဖြစ်မည်လော။

ထို့ကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရသော မီးနတ်ဘုရားစစ်သည်များ၏ စိတ်ဓာတ်သည် ချက်ချင်းပင် ကျဆင်းသွားကြသည်။ သူတို့သည် သူတို့၏ သခင်မ လီဝမ်ဝမ်ကို သံသယဝင်လာကြပြီး သူတို့၏ တာဝန်ကိုလည်း သံသယဖြစ်လာကြသည်။

ပြိုင်ဘက်ခေါင်းဆောင် တုပိုင်သည် မသေမျိုးတစ်ယောက် ဖြစ်နေသည်။ သူက နတ်ဘုရား၏ အလိုတော်ကို ကိုယ်စားပြုနေခြင်းလော။ သူက နတ်ဘုရား၏ တမန်တော်လား။ သူတို့သည် တုပိုင်၏ စစ်တပ်နှင့် ရန်သူဖြစ်နေခြင်းကြောင့် နတ်ဘုရား၏ အလိုတော်ကို ဖီဆန်နေမိပြီလား။

ထို့ကြောင့် ရှင်းပြ၍မရနိုင်လောက်အောင်ပင် ဤနေရာရှိ မီးနတ်ဘုရားစစ်တပ်၏ တိုက်ခိုက်စွမ်းရည်သည် လျင်မြန်စွာ ကျဆင်းလာတော့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ၏ စိတ်ဓာတ်သည် မိုးထိအောင် မြင့်တက်သွားပြီး တိုက်ခိုက်စွမ်းရည်များလည်း တိုးတက်လာကာ ပြန်လည် ဖိအားပေး တိုက်ခိုက်လာနိုင်ကြသည်။

အဓိကအချက်မှာ စစ်မြေပြင်တွင် ဖြစ်နေသော်လည်း ကောလာဟလများသည် လျင်မြန်စွာ ပျံ့နှံ့သွားခြင်းပင် ဖြစ်သည်။.ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များသည် တုပိုင်၏ အံ့ဖွယ်ဖြစ်ရပ်ကို ရူးသွပ်စွာ ဖြန့်ဝေကြလေသည်။

“ငါတို့ရဲ့ မဟာမြို့စားမင်းကြီးက မသေမျိုးပဲ... လူပေါင်းမရေမတွက်နိုင်အောင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြတယ်... သူက နဂါးနတ်ဘုရားရဲ့ အလိုတော်ကို ကိုယ်စားပြုတယ်...”

“ငါတို့ရဲ့ မဟာမြို့စားမင်းကြီးက ဓားငါးလက်နဲ့ အထိုးခံရပေမယ့် ဘေးကင်းနေတုန်းပဲ... ဒဏ်ရာတွေလည်း ချက်ချင်း ပျောက်သွားတယ်... ဒါက နဂါးနတ်ဘုရား ကိုယ်ယောင်ပြတာပဲ...”

မီးနတ်ဘုရားစစ်တပ်အတွင်းတွင်လည်း သတင်းများ ပျံ့နှံ့နေပြီး နာကျင်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုများဖြင့် ပြည့်နှက်နေလေသည်။

“ငါတို့ရဲ့ သူတော်စင်မက မီးနတ်ဘုရားရဲ့ ကောင်းချီးကြောင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့တယ်လို့ ပြောတယ်... ဒါပေမယ့် ရန်သူ့ခေါင်းဆောင် တုပိုင်က တကယ့်မသေမျိုး ဖြစ်နေတယ်... လူပေါင်းများစွာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတယ်... သူက ဓားငါးလက်နဲ့ အထိုးခံရတာတောင် မသေဘူး... ဒဏ်ရာတွေလည်း ချက်ချင်း ပျောက်သွားတယ်...”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

“မီးနတ်ဘုရားရဲ့ ကိုယ်စားလှယ်တော်ကသာ မသေမျိုးခန္ဓာ ရှိတာလေ... ဘာလို့ ရန်သူ့ခေါင်းဆောင်မှာလည်း မသေမျိုးခန္ဓာ ရှိနေရတာလဲ... ဒါဆို သူကရော... မီးနတ်ဘုရားရဲ့ ကိုယ်စားလှယ်တော်ပဲလား...”

“ဒါ့အပြင် ခုနက ရန်သူ့ခေါင်းဆောင် တုပိုင်ရဲ့ တစ်ကိုယ်လုံး ရုတ်တရက် နီရဲလာပြီး မီးတောက်တစ်ခုလို ဖြစ်သွားတာကို လူတွေအများကြီး မြင်လိုက်ရတယ်... ဒါက မီးနတ်ဘုရား ကိုယ်ယောင်ပြတာ ဖြစ်နိုင်တယ်...”

“ဟုတ်တယ်... တုပိုင်ရဲ့ တစ်ကိုယ်လုံး မီးတောက်လို လောင်ကျွမ်းနေပြီးမှ ပြန်မှေးမှိန်သွားတာကို ငါ သေချာမြင်လိုက်ရတယ်...”

တုပိုင်သည် ဓားငါးလက်ဖြင့် ထိုးဖောက်ခံရသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့သည့် မြင်ကွင်းသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့အပြင် အဆိပ်ဆေးလုံးသည် သူ၏ ကိုယ်ထဲတွင် ပေါက်ကွဲသွားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်ကဲ့သို့ နီရဲသွားပြီး ခဏအကြာတွင် ပြန်လည်မှေးမှိန်ကာ အဆိပ်ပြေသွားသည့် အဖြစ်အပျက်ကို မီးနတ်ဘုရား ကိုယ်ယောင်ပြသည်ဟု ကောလာဟလ ထွက်ပေါ်သွားလေ၏။

နက်နဲဆန်းကြယ်ပြီး အစွမ်းထက်သော မီးနတ်ဘုရားစစ်တပ်၏ ဟိတ်ဟန်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူတို့၏ မျက်ဝန်းများတွင် ခိုင်မာပြတ်သားမှုနှင့် ရူးသွပ်မှုများ မရှိတော့ဘဲ သံသယများဖြင့် ပြည့်နှက်သွားတော့သည်။

တစ်ဖက်တွင် စိတ်ဓာတ်များ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

တစ်ဖက်တွင် စိတ်ဓာတ်များ စတင် ကျဆင်းလာသည်။

တုပိုင် ခုခံကာကွယ်ထားသော တောင်ဘက်မြို့ရိုး၏ စစ်ပွဲအခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။

အရေးနိမ့်နေသော တုပိုင်၏ စစ်တပ်သည် ယခုအချိန်တွင် အပြည့်အဝ အသာစီးရသွားလေ၏။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ ထောင်ပေါင်းများစွာသော စစ်သည်များသည် ပြန်လည်တွန်းလှန် တိုက်ခိုက်လာကြသည်။

ရုတ်တရက် မြို့ရိုးပေါ်တွင် အနီရောင်မီးတောက်များ သဖွယ်ဖြစ်သော မီးနတ်ဘုရားဂိုဏ်းသားတို့သည် တဖြည်းဖြည်း နည်းပါးသွားလေ၏။

ထိုမြင်ကွင်းကို ကြည့်ပြီး လီဝမ်ဝမ်သည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားရလေ၏။ လွန်ခဲ့သော နာရီဝက်ခန့်က သူမ၏ မီးနတ်ဘုရားစစ်တပ်သည် ဝါးများကို ခွဲနေသကဲ့သို့ အားကောင်းမောင်းသန် ချီတက်နိုင်ခဲ့ပြီး အသာစီးရယူထားနိုင်ခဲ့သည်။

ဤတိုက်ပွဲတွင် ရှားလုံ၏ ပင်မတပ်ဖွဲ့ ရှုံးနိမ့်သွားလျှင်ပင် ကိစ္စမရှိပေ ၊ လီရူလုံ ရှုံးနိမ့်သွားလျှင်လည်း ပြဿနာမရှိပေ။.သို့သော် လက်ရှိအချိန်တွင် သူမ၏ အထက်မြက်ဆုံး မီးနတ်ဘုရားစစ်တပ်သည် ရှုံးနိမ့်တော့မည့် အခြေအနေသို့ ရောက်လာ၏။

စစ်ပွဲတစ်ခုလုံး ရှုံးနိမ့်တော့မည်လော။ စစ်မြေပြင် အခြေအနေသည် နှေးကွေးစွာ ပြောင်းလဲတတ်ခြင်း မရှိဘဲ အလွန် လျင်မြန်လှပေသည်။

အထူးသဖြင့် တစ်ဖက်ဖက်မှ ပျက်စီးဆုံးရှုံးမှု စတင်ဖြစ်ပေါ်လာသောအခါ အံ့ဖွယ်ကောင်းသော အလှည့်အပြောင်းမျိုး မရှိပါက ရှုံးနိမ့်မှုသည် ဖြည်းဖြည်းချင်း ဖြစ်လာမည်မဟုတ်ဘဲ ရုတ်တရက် ပြိုလဲသွားတတ်လေသည်။

တောင်ပြိုကမ်းပြို ရှုံးနိမ့်ခြင်းဆိုသည်မှာ ဤသို့ပင် ဖြစ်လေ၏။ ယခုတွင် ရှုံးနိမ့်မည့် အခြေအနေများ ပေါ်ပေါက်လာနေပြီ ဖြစ်သည်။ တုပိုင်၏ မသေနိုင်သော အံ့ဖွယ်ဖြစ်ရပ်ကြောင့် တုန်လှုပ်သွားခြင်းသည် အကြောင်းရင်းတစ်ခုမျှသာ ဖြစ်သည်။

နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ရှားလုံ၏ စစ်တပ်တစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရပြီး အနောက်ဘက်မြို့ရိုးကို ကာကွယ်ရန် စစ်သည်နှစ်ထောင်ခန့်သာ ကျန်ရစ်တော့ခြင်း ဖြစ်သည်။ ဖူဟုန်ပင်းသည် စစ်သည်လေးထောင်ကျော်ကို ဦးဆောင်ကာ တုပိုင်ရှိရာ တောင်ဘက်မြို့ရိုးသို့ စစ်ကူတိုက်ခိုက်ရန် ရောက်ရှိလာလေသည်။

တစ်ချိန်တည်းမှာပင် တောင်ဘက် မိုးကုပ်စက်ဝိုင်းဆီမှ လီလင်းသည် တပ်ဖွဲ့များကို ဦးဆောင်ကာ အပြင်းအထန် ဝင်ရောက်တိုက်ခိုက်လာလေ၏။

လီမိသားစု စစ်ရှုံးခြင်းသည် တောင်ပြိုသကဲ့သို့ ဖြစ်လာပြီး လီဝမ်ဝမ်၏ ကျရှုံးခန်းကြီးက ကျရောက်လာလေ၏။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters