အခန်း (၅၀၈)
Vol. 51 Ch. 508
သွေးသောက်ညီအကို လီလင်းသည် တောင်ဘက်အရပ်မှ စစ်သည်လေးထောင်ကို ဦးဆောင်ကာ အရှိန်အဟုန်ဖြင့် ချီတက်လာသည်ကို မြင်လိုက်ရသောအခါ တုပိုင်မှာ မှင်သက်မိသွားရလေသည်။
အစ်ကိုကြီး လီလင်း၏ တာဝန်မှာ ထျန်ပေါင်စီရင်စုကို စောင့်ကြပ်ရန်ဖြစ်ပြီး ပိုင်ဆယ်မြို့နှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်ကြားရှိ ကုန်စည်စီးဆင်းမှု ၊ အထူးသဖြင့် ရိက္ခာထောက်ပံ့မှု လမ်းကြောင်းများ မပြတ်တောက်စေရန် ကာကွယ်ပေးရမည် ဖြစ်၏။ ပိုင်ဆယ်မြို့ရှိ လူအားလုံးသည် စစ်သည်များ ဖြစ်ကြပြီး စားနပ်ရိက္ခာအားလုံးကို ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ သယ်ယူရခြင်း ဖြစ်ပေသည်။
“အစ်ကိုကြီးမှာ တာဝန်ကိုယ်စီ ရှိရက်နဲ့ ဘာလို့များ စစ်တပ်ကို ဦးဆောင်ပြီး ဒီနေရာကို ရောက်လာရတာလဲ...”
အကြိတ်အနယ် ဖြစ်ပွားနေသော တိုက်ပွဲတစ်ခုတွင် အနိုင်အရှုံး ရလဒ်သည် မတော်တဆ ဖြစ်ရပ်များနှင့် မလွှဲမရှောင်သာသော အကြောင်းတရားများအပေါ် များစွာ မူတည်နေတတ်စမြဲပင်။
ဥပမာအားဖြင့် ဆိုရသော် ဖူဟုန်ပင်း၏ စစ်သည် ၇,၀၀၀ သည် ရှားလုံရွှို၏ အဓိကတပ်ဖွဲ့ဖြစ်သော လူအင်အား နှစ်သောင်းကျော်ကို အနိုင်ယူလိုက်ခြင်းမှာ ရှောင်လွှဲ၍မရသော ကံတရားတစ်ခုပင် ဖြစ်၏။
အသေခံတပ်သားများနှင့် သံချပ်ကာ လူရိုင်းများသည် ဆေးဝါးများ သုံးစွဲထားပြီး သေရမည်ကို မကြောက်ကြသော်လည်း အရာထင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် အနောက်ဘက်မြို့ရိုးရှိ တိုက်ပွဲကို သတ်ဖြတ်ပွဲကြီးတစ်ခုဟုပင် ခေါ်ဆိုနိုင်ပေသည်။ ထိုသည်ကား သေသပ်လှပသော လူသတ်ပွဲကြီးတစ်ခု ဖြစ်လေ၏။
စစ်သည် ၇,၀၀၀ ၏ လက်ထဲမှ ဓားများသည် လေထဲတွင် မျဉ်းကွေးများ ရေးဆွဲကာ ‘ရွှပ်... ရွှပ်...’ ဟူသော အသံများနှင့်အတူ ခုတ်ပိုင်းလိုက်တိုင်း ရန်သူများကို သတ်ဖြတ် ၊ သတ်ဖြတ်ပြီးရင်း သတ်ဖြတ်နေကြတော့သည်။
ထိုသို့ဖြင့် တိုက်ပွဲသည် သုံးနာရီခန့် ကြာမြင့်ခဲ့လေ၏။
နောက်ဆုံးတွင်မူ သားရဲတိရစ္ဆာန်ကဲ့သို့ ရှေ့သို့ တိုးဝင်လာသော ရန်သူတပ်ဖွဲ့များ မရှိတော့ချေ။ သူတို့အားလုံး အသတ်ခံလိုက်ကြရပြီ ဖြစ်သည်။ ဆေးသောက်ထားသည့် ထိုအသေခံတပ်သားများ အားလုံး သေဆုံးသွားကြပြီ ဖြစ်လေ၏။
ငါးမိုင်ခန့် ရှည်လျားသော မြို့ရိုးတစ်ခုလုံးသည် သွေးများဖြင့် ဆေးကြောထားသကဲ့သို့ နီရဲနေပြီး မြို့ရိုးအောက်တွင် အလောင်းများသည် မီတာဝက်ခန့်အထိ မြင့်မားစွာ ပုံလျက်သား ရှိနေကြလေသည်။
“ဝေါးးးး.....”
သွေးညှီနံ့များ ရောပြွန်းနေသော လေပြင်းတစ်ချက် တိုက်ခတ်လာသည်မှာ အလွန်တရာ ကြက်သီးထဖွယ် ကောင်းလှပေသည်။
သုံးနာရီဆက်တိုက် မရပ်မနား ခုတ်ပိုင်းသတ်ဖြတ်ရခြင်းသည် စစ်တပ်တစ်ခု၏ ကာယစွမ်းအား အလွန်ကောင်းမှ ရလေ၏။ တာ့နင်အင်ပါယာ၏ စစ်သည်တော်များ အတွက်ပင်လျှင် သုံးနာရီဆက်တိုက် ဓားကို ဝှေ့ယမ်းခုတ်ပိုင်းရန် ခက်ခဲလှပေ၏။
ရှားလုံမျိုးနွယ်စုဘုရင် ရှားလုံရွှိုသည် မြို့ရိုးအောက်တွင် ရပ်နေပြီး သူ၏ စစ်တပ်ကြီးတစ်ခုလုံး အသေခံတပ်သားများကဲ့သို့ အသတ်ခံနေရသည်ကို ကြည့်နေမိလေသည်။
အစပိုင်းတွင် သူသည် နှလုံးသားကို ဓားဖြင့် မွှန်းခံလိုက်ရသကဲ့သို့ နာကျင်ကြေကွဲခဲ့ရ၏။ သို့သော် နောက်ပိုင်းတွင် သူ၏ နှလုံးသားသည် လုံးဝ အေးစက်သွားလေတော့သည်။ တိုက်ပွဲအလယ်လောက်တွင် သူသည် ရှားလုံလူရိုင်းများကို ကယ်တင်ရန်အတွက် တပ်ဆုတ်ခိုင်းဖို့ စဉ်းစားခဲ့သေးသည်။
သို့သော် ဆေးဝါးများ သောက်သုံးထားသော ထိုအသေခံ စစ်သည်များသည် လုံးဝ ရူးသွပ်နေကြပြီ ဖြစ်သည်။ သူတို့ မသေဆုံးသရွေ့ ရှေ့သို့သာ တိုးဝင်နေကြပြီး သေမင်းထံသို့ အရူးအမူး ပြေးဝင်နေကြသည်။
ထိုလူများ၏ မျက်လုံးထဲတွင် ရန်သူမှလွဲ၍ အခြားမရှိတော့ဘဲ သတ်ဖြတ်ရန်သာ စိတ်ဆန္ဒ ရှိကြတော့သည်။ သူတို့၏ ဉာဏ်ရည်သည်လည်း ခွေးတစ်ကောင်ထက်ကို နိမ့်ကျသွားခဲ့ပြီ ဖြစ်လေ၏။
ရှားလုံရွှိုသည် မြို့ရိုးပေါ်တွင် တုပိုင်ကို ရှာမတွေ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပြိုင်ဘက်မှာ တုပိုင် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် ရှားလုံရွှိုသည် လွန်ခဲ့သော တစ်နှစ်ခန့်က တုပိုင် မည်မျှ အားနည်းခဲ့သည်ကို ပြန်လည်အမှတ်ရနေမိသည်။ ထိုစဉ်က လီမိသားစုကို တိုက်ခိုက်ရန် စစ်ကူတောင်းရင်း တုပိုင်သည် ခေါင်းကိုးလုံးမြွေ နတ်ဘုရားလိုဏ်ဂူထဲသို့ပင် ခုန်ချပြခဲ့သည် မဟုတ်ပါလော။
ထိုအချိန်က ရှားလုံရွှိုသည် တုပိုင်ကို လေးစားခဲ့သော်လည်း ရင်ထဲတွင်မူ အထင်သေးခဲ့မိသည်။
အဘယ်ကြောင့်ဆိုသော် သူသည် စစ်သည်များ စေလွှတ်ရန် ကြိုတင်စီစဉ်ပြီးသား ဖြစ်သောကြောင့်ပင်။ သူသည် ချွေ့ဖိန်ထင်နှင့် ချွေ့ဖူ မောင်နှမနှစ်ယောက်ကို အသုံးချကာ ကြီးမားသော ရှင်းလင်းရေးတစ်ခု ပြုလုပ်ခဲ့ပြီး တုပိုင်ရှေ့တွင် ဟန်ဆောင်ပြခဲ့ခြင်းသာ ဖြစ်သည်။ လီမိသားစု၏ လက်ကို ငှားရမ်းကာ ဂူသခင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ရှားလုံမျိုးနွယ်စု တစ်ခုလုံးကို အပြည့်အဝ စုစည်းနိုင်ခဲ့သည်။ ထို့နောက်တွင်မှ လက်စားချေရန် ဟူသော ခေါင်းစဉ်ဖြင့် လူရိုင်းနှစ်သောင်းကျော်ကို ဦးဆောင်ကာ လီမိသားစု နယ်မြေထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေ၏။
သူသည် ယနေ့အချိန်အထိ တုပိုင်၏ အံ့အားသင့်ပြီး လေးစားအားကျနေသော မျက်ဝန်းများကို မမေ့နိုင်သေးပေ။ မူလက သူသည် စစ်ကူလွှတ်ရန် ရည်ရွယ်ပြီးသား ဖြစ်သော်လည်း တုပိုင်သည် သူ့ရှေ့တွင် ပြဇာတ်တစ်ခု ကပြအသုံးတော်ခံခဲ့သည်။ ထိုအချိန်က ရှားလုံရွှိုသည် လေမုန်တိုင်းကဲ့သို့ လျင်မြန်ဖြတ်လတ်ပြီး လီမိသားစု နယ်မြေအတွင်းသို့ ဝင်ထွက်သွားလာကာ သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအချိန်ကာလသည် သူ၏ ဘဝတွင် ဂုဏ်အရှိဆုံးနှင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော အချိန်များပင် ဖြစ်လေ၏။
ထိုအချိန်က ဧကရာဇ်သည်လည်း အလွန် စိတ်လှုပ်ရှားခဲ့ပြီး သူ့အား ရှားလုံစော်ဘွားအဖြစ် ခန့်အပ်ခဲ့သည်။ ဘွဲ့တံဆိပ် ခန့်အပ်လွှာသည် လမ်းခရီး၌ပင် ရှိနေသေးသော်လည်း ရှားလုံရွှိုသည် စိတ်ပြောင်းသွားခဲ့သည်။
သူသည် လီမိသားစုထံ အဘယ်ကြောင့် ခိုလှုံခဲ့သနည်းဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်မိလေ၏။
ထိုတိုက်ပွဲတွင် သူသည် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။ လီဝမ်ဝမ်သည် မီးနတ်ဘုရားစစ်သည် ထောင်ဂဏန်းခန့်သာ စေလွှတ်ခဲ့သော်လည်း သူ ရှုံးနိမ့်ခဲ့ရသည်။
သို့သော် လီမိသားစုထံ သူ လက်နက်ချ ခိုလှုံခဲ့ရခြင်းမှာ သူ၏ ကြီးမားသော ရည်မှန်းချက်ကြီးနှင့် မိမိ၏ ဉာဏ်ပညာကို ယုံကြည်မှုတို့ကြောင့် ဖြစ်သည်။
ပြီးခဲ့သော အကြိမ်က သူသည် တုပိုင် ၊ ဧကရာဇ်နှင့် လီမိသားစုတို့ကို လက်ခုပ်ထဲထည့်ကာ ကစားခဲ့ပြီး ရှားလုံမျိုးနွယ်စုကို ပေါင်းစည်းနိုင်ခဲ့သည်။ ထို့ကြောင့် လီမိသားစုနှင့် ပူးပေါင်းပြီးနောက် ပြိုင်ဘက်ကင်း အလှပိုင်ရှင် လီဝမ်ဝမ်ကို သိမ်းပိုက်ကာ တစ်နေ့တွင် သူတစ်ပါးအသိုက်ကို လုယူသော ငှက်သူခိုးကဲ့သို့ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာရန်နှင့် တာ့ယန်အင်ပါယာ၏ ဧကရာဇ် ဖြစ်လာရန် ရည်မှန်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လီမိသားစုထံ ဝင်ရောက်ခိုလှုံရခြင်းတွင် ပိုမိုကြီးမားသော အကြောင်းပြချက်တစ်ခု ရှိပေသေးသည်။ သူသည် လီဝမ်ဝမ်ကို ပထမဆုံး မြင်လိုက်ရသည့် အချိန်တွင် သူမကို ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးအဖြစ် မှတ်ယူခဲ့ပြီး ဤအမျိုးသမီးကို သိမ်းပိုက်ရမည်ဟု ကျိန်ဆိုခဲ့မိသောကြောင့် ဖြစ်သည်။
သို့သော် လီမိသားစုသည် အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းလိုက်ပြီးနောက် ရှားလုံရွှိုသည် သူ၏ အရေးပါမှု လျော့နည်းလာပြီး လက်ထဲရှိ အာဏာများလည်း လျော့ရဲလာသကဲ့သို့ ခံစားလာရသည်။
အမှန်တကယ်တွင် ရာထူးအဆင့်အတန်း လျော့ကျသွားခြင်း မဟုတ်ပေ။ လီမိသားစု၏ တာ့ယန်နိုင်ငံတော် တည်ထောင်ပြီးနောက် သူသည် နယ်စားမင်းဘွဲ့ ပေးအပ်ခံရပြီး အနောက်တောင်ပိုင်း စော်ဘွားခေါင်းဆောင် ဖြစ်လာခဲ့သည်။ နဂါးတစ်ကောင်ကဲ့သို့ အားကြီးသော လီရူဟိုင်၏ အောက်တွင်သာ ရှိပြီး ဒုတိယ စစ်သေနာပတိလည်း ဖြစ်သည်။
သို့သော် သူ၏ ရည်မှန်းချက်မှာ လီဝမ်ဝမ်ကို သိမ်းပိုက်ရန်နှင့် လီမိသားစုကို ကျော်ဖြတ်ရန် ဖြစ်သည်။ သို့သော် သူ၏ အင်အားများ သေးငယ်လာသည်ဟု ခံစားရပြီး လီဝမ်ဝမ်နှင့်လည်း တဖြည်းဖြည်း ဝေးကွာလာသကဲ့သို့ ခံစားနေရသည်။ လီရူဟိုင်ကို ရင်ဆိုင်ရသည့်အခါတွင်ပင် သူ၏ ခြေထောက်များ တုန်ရီလာပြီး နှလုံးသား၏ နက်ရှိုင်းသော နေရာမှ ကြောက်ရွံ့မှုများ ထွက်ပေါ်လာရသည်။
ရှားလုံမျိုးနွယ်စုတွင် ပြုလုပ်ခဲ့သော သူ၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များသည် ဘဝဇာတ်ခုံ၏ အစပျိုးခြင်းဟု ထင်မှတ်ခဲ့သော်လည်း ယင်းမှာ သူ၏ နောက်ဆုံးသော အောင်မြင်မှု တေးသွားတစ်ပုဒ် ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ထိုအချိန်မှစ၍ သူသည် လူအများကြားတွင် မှေးမှိန်ပျောက်ကွယ်သွားခဲ့ရသည်။
တစ်ဖက်တွင်မူ တစ်ချိန်က မပြောပလောက်သော လမ်းဘေးခွေးလေးဖြစ်သည့် တုပိုင်သည် စစ်ကူရရှိရန်အတွက် မိမိ၏ အသက်ကိုပင် ရင်းကာ လောင်းကြေးထပ်ရဲခဲ့သည်။ ရှားလုံရွှိုသည် စစ်ကူလွှတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သော်လည်း တုပိုင်၏ လုပ်ရပ်ကို မျောက်တစ်ကောင်အလား ထိုင်ကြည့်ခဲ့မိသည်။
သို့သော် ယခုအချိန်တွင် သူသည် တုပိုင်၏ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရန်ပင် မထိုက်တန်တော့သည်လော။
သူသည် မိန်းမောတွေဝေနေမိပြီး မြို့ရိုးအောက်တွင် သူ၏ စစ်တပ်ကြီးတစ်ခုလုံး ခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရသည်ကို ကြည့်နေမိသည်။
သူ... သူ့မှာ ဘာမှမကျန်တော့ဘူးလား။ စိတ်လွတ်နေသော ရှားလုံရွှိုသည် ရုတ်တရက် သွားများကို ကြိတ်လိုက်ပြီး မီးနတ်ဘုရားဂိုဏ်းသား ထောင်ပေါင်းများစွာနှင့် သိုင်းပညာရှင်များ စုဝေးနေသော လီဝမ်ဝမ်၏ စစ်တပ်ဆီသို့ ပြန်သွားလိုက်သည်။
လီဝမ်ဝမ်သည် သူ့အား အေးစက်စွာ စိုက်ကြည့်ပြီး မေးလိုက်၏။
“ရှင် ဒီမှာ ဘာလုပ်နေတာလဲ... ရှင့်ရဲ့ စစ်မြေပြင်က ဘယ်မှာလဲ...”
ရှားလုံရွှိုသည် တုန်တုန်ရီရီဖြင့် ပြန်ဖြေလိုက်သည်။
“ကုန်သွားပြီ... စစ်တပ်တစ်ခုလုံး သေကုန်ပြီ...”
လီဝမ်ဝမ်က အေးစက်စွာ ဆိုလေသည်။
“ရှင့်စစ်တပ်က သေသွားတာလေ... ရှင်သေတာမှမဟုတ်တာ... ရှင်က ဘာလို့ ဒီမှာ လာရပ်နေတာလဲ... တုပိုင် ဟိုမှာ ရှိနေတယ်လေ... သွားတိုက်လေ...”
ရှားလုံရွှို မသွားချင်ပေ။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team