← Chapters

အခန်း (၅၀၉)

Vol. 51 Ch. 509

အခန်း (၅၀၉)

Vol. 51 Ch. 509

ထိုစဉ် လီဝမ်ဝမ်၏ ဘေးနားရှိ မီးနတ်ဘုရားဂိုဏ်းမှ သိုင်းပညာရှင် ဆယ်ဂဏန်းခန့်သည် ဓားများကို ‘ချွမ်’ ခနဲ မြည်အောင် ဆွဲထုတ်လိုက်ကြလေ၏။

အကယ်၍ ရှားလုံရွှိုသာ ရှေ့သို့ မတက်လျှင် ဤနေရာမှာပင် သေရလိမ့်မည် ဖြစ်သည်။

လီဝမ်ဝမ်သည် ရှားလုံရွှိုကို လက်မခံနိုင်သောကြောင့် မဟုတ်ပေ။ အကြောင်းရင်းမှာ သူသည် လူရိုင်းနှစ်သောင်းကျော်ကို ပိုင်ဆိုင်ထားပြီး လီဝမ်ဝမ်ကို အရူးအမူး လိုက်လံပိုးပန်းခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် အကြိမ်ကြိမ်အဖန်ဖန် မသင့်လျော်သော အပြုအမူများ ပြုလုပ်ခဲ့ပြီး မီးနတ်ဘုရား သူတော်စင်မ၏ မြင့်မြတ်သော ဂုဏ်သိက္ခာကို စော်ကားခဲ့သောကြောင့်ပင် ဖြစ်လေ၏။

ဤကဲ့သို့သော ရည်မှန်းချက်ကြီးမားသူ လက်ထဲ၌ ကိုယ်ပိုင်စစ်တပ်တစ်ခု ရှိနေခြင်းသည် အန္တရာယ် ကြီးမားလှပေသည်။ အကောင်းဆုံးနည်းလမ်းမှာ သူ့အား စစ်မြေပြင်တွင် သေဆုံးစေပြီး သူ့စစ်တပ်ကို သိမ်းယူကာ သူ့လက်အောက်ငယ်သားများကို ရာထူးတိုးပေးခြင်းသာ ဖြစ်ချေသည်။

ရှားလုံရွှိုသည် လီဝမ်ဝမ်ကို တွေဝေငေးမောစွာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်လေသည်။

“အားးးးးးး”

ထို့နောက် သူ၏ ဓားကို ဆွဲထုတ်ပြီး မြို့ရိုးပေါ်ရှိ တုပိုင်ဆီသို့ အရူးအမူး ပြေးဝင်သွားလေတော့သည်။

**--**--**--**--**--**--**--**

မြို့ရိုးသုံးဘက်အနက် တိုက်ပွဲအပြင်းထန်ဆုံး နေရာမှာ လီဝမ်ဟွေ့ စောင့်ကြပ်ထားသော မြောက်ဘက်မြို့ရိုးပင် ဖြစ်လေ၏။ ထိုနေရာသည် အမှန်တကယ်ပင် လူ့ပြည်ရောက် ငရဲခန်းတစ်ခုနှင့် တူလှပေသည်။

စစ်ပွဲစတင်ပြီး နှစ်နာရီအကြာတွင် မြို့ရိုးပေါ်ရှိ သစ်လုံးများ ၊ ကျောက်တုံးများနှင့် ရေနံဆီများ အားလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုနှစ်နာရီအတွင်း လီရူလုံ၏ တပ်သား ၅,၀၀၀ ကျော် သေဆုံးခဲ့ရပြီး မြို့ရိုးပေါ်သို့ တစ်ယောက်မျှ တက်မလာနိုင်ခဲ့ချေ။

သို့သော် မြို့ရိုးပေါ်ရှိ လက်နက်များ ကုန်ဆုံးသွားသည့်အချိန်တွင်... လီရူလုံ၏ စစ်တပ်သည် ဒီရေအလား မြို့ရိုးပေါ်သို့ တက်ရောက်လာပြီး အနီးကပ် သတ်ဖြတ်ပွဲကြီး စတင်လာတော့သည်။

စစ်တပ်၏ စစ်မှန်သော တိုက်ခိုက်စွမ်းရည်ကို စမ်းသပ်ရန် အချိန်ရောက်လာပြီ ဖြစ်လေ၏။ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ၏ တိုက်ခိုက်စွမ်းရည်သည် ပိုမိုအားကောင်းကြောင်း သက်သေပြနေသော်လည်း ရန်သူက မိမိထက် သုံးဆပိုများနေသည့်အတွက် အခြေအနေ မကောင်းလှပေ။

မြောက်ဘက်မြို့ရိုး တိုက်ပွဲသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာ၏။ လီရူလုံ၏ စစ်သည်များ အများအပြား သေဆုံးနေသော်လည်း နှစ်ဖက်စလုံး၏ အခြေအနေမှာ တူညီနေဆဲပင်။

လီဝမ်ဟွေ့၏ စစ်သည် ၈,၀၀၀ မှာလည်း ထိခိုက်သေဆုံးမှု များပြားလာပြီး အခြေအနေ ပိုမိုဆိုးရွားလာသည်။

လီရူလုံဘက်မှ အသေအပျောက် ပိုများသော်လည်း သူ့တွင် လူအင်အား အများအပြား ရှိနေသေးသည်။

ထို့ကြောင့် လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသည့် မြောက်ဘက်မြို့ရိုး တိုက်ပွဲသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး သွေးစွန်းနေလေ၏။ သို့သော် ဤစိုးရိမ်ဖွယ်ရာ အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် ဖူဟုန်ပင်းဘက်မှ တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူမသည် အနောက်ဘက်မြို့ရိုးကို ကာကွယ်ရန် လူနှစ်ထောင်ကျော် ချန်ထားခဲ့ပြီး စစ်သည် ၄,၀၀၀ ကို ကိုယ်တိုင်ဦးဆောင်ကာ စစ်ကူလာရောက်ခြင်းကြောင့် ဖြစ်သည်။

လီဝမ်ဟွေ့နှင့် ဖူဟုန်ပင်းတို့ ပူးပေါင်းလိုက်သောအခါ ချက်ချင်းပင် အသာစီးရသွားလေ၏။ သိပ်မကြာလိုက်ပင် လီရူလုံ၏ တပ်ဖွဲ့များ စတင် ဆုတ်ခွာရတော့သည်။

**--**--**--**--**--**--**--**

တုပိုင် ရှိနေသော တောင်ဘက်မြို့ရိုး၌လည်း တိုက်ပွဲအရှိန်က အထွတ်အထိပ်သို့ ရော​က်နေပြီဖြစ်လေ၏။ တိုက်ဆိုင်မှုတစ်ခု ဖြစ်သကဲ့သို့ တုပိုင်ကိုယ်တိုင်လည်း မျှော်လင့်မထားခဲ့မိချေ။ သူ၏ မသေမျိုး အံ့ဖွယ်ဖြစ်ရပ်ကြောင့် အခြေအနေများ ပြောင်းပြန်လှန်သွားပြီး အင်အားကြီးမားသော မီးနတ်ဘုရား စစ်သည်နှစ်သောင်း၏ စိတ်ဓာတ်ကို အကြီးအကျယ် ကျဆင်းသွားစေခဲ့သည်။

အရေးနိမ့်နေသော တုပိုင်သည် ပြန်လည် တိုက်စစ်ဆင်လာနိုင်ပြီး မီးနတ်ဘုရား စစ်တပ်ကို အဆက်မပြတ် မောင်းထုတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် လီလင်း ဦးဆောင်လာသော စစ်သည် ၄,၀၀၀ သည် ပိုမို နီးကပ်လာလေ၏။

မီတာတစ်ထောင်ခန့် အကွာသို့ ရောက်ရှိလာသောအခါ တုပိုင်သည် ထိုစစ်သည်များမှာလည်း ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ဂုဏ်ယူဝင့်ကြွားသော ခြေလှမ်းများ ၊ ခွန်အားကြီးမားသော ခန္ဓာကိုယ်များနှင့် တောက်ပသော သံချပ်ကာဝတ်စုံများသည် အခြားသူများနှင့် မတူ ကွဲပြားနေပေသည်။

“အစ်ကိုကြီးလီလင်းက ထျန်ပေါင်စီရင်စုကို ကာကွယ်ရမှာလေ... သူ့လက်အောက်မှာ အပြာရောင်နဂါးဂိုဏ်းသားတွေ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည်တွေနဲ့ ကွေ့လင်ဘုရင်ရဲ့ မြင်းတပ်တွေပဲ ရှိတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ပြိုင်ဘက်ကင်း မြေအောက်မြို့တော်က စစ်သည်တွေ အများကြီး ပါလာရတာလဲ...”

မည်သို့ပင်ဆိုစေကာမူ သွေးသောက်ညီအကို လီလင်းသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်ထောင်ပေါင်းများစွာကို ဦးဆောင်ကာ မီးနတ်ဘုရား စစ်တပ်ကို တိုက်ခိုက်နေလေ၏။

ကျန်ရှိနေသေးသော မီးနတ်ဘုရား စစ်သည်တစ်သောင်းကျော်သည် ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်ခံရမည့် ကံကြမ္မာနှင့် ရင်ဆိုင်နေရသည်။ ထိုအချိန်တွင် လီဝမ်ဝမ်၏ မြင်းရထားသည် တောင်ကုန်းတစ်ခုပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူမသည် စစ်ပွဲ၏ မြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး အေးစက်သွားရ၏။

ရှုံးနိမ့်တော့မည်... ရှုံးနိမ့်တော့မည်...

“ငါ ရှုံးတော့မှာလား...”

“ငါ့မှာ စစ်သည် တစ်သိန်းရှိတယ်... ပြီးတော့ အတော်ဆုံး မီးနတ်ဘုရား စစ်သည်နှစ်သောင်းလည်း ရှိသေးတယ်... ဒါတောင် ရှုံးရမှာလား...”

သူမ၏ မီးနတ်ဘုရား စစ်တပ်သည် တစ်ခါမျှ အင်အားအပြည့်အစုံ ထုတ်သုံးခဲ့ဖူးခြင်း မရှိကြောင်း သိထားရမည်။ သူမသည် မီးနတ်ဘုရား စစ်သည် နှစ်ထောင် ၊ သုံးထောင်ခန့်နှင့် လီရူလုံ၏ ထောင်ဂဏန်းရှိသော စစ်တပ်ကိုသာ ဦးဆောင်ပြီး ရှားလုံရွှို၏ အံ့မခန်းဖွယ်ရာ လူရိုင်းနှစ်သောင်းကျော်ကို အနိုင်ယူခဲ့ဖူးသည်။

ထို့ကြောင့် ဤတိုက်ပွဲတွင် သူမ ရှုံးနိမ့်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ဘေးနားရှိ ဘုန်းတော်ကြီးတစ်ပါးက လျှောက်တင်လိုက်၏။

“သူတော်စင်မ... မီးနတ်ဘုရား စစ်တပ်က ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်ခံရတော့မယ့် အန္တရာယ် ရှိနေပါတယ်... တပ်ဖွဲ့လုံး ပျက်စီးသွားနိုင်ပါတယ်”

“သူတော်စင်မ ချက်ချင်း ဆုတ်ခွာမှ ဖြစ်ပါမယ်... မဟုတ်ရင် ကျွန်တော်တို့ရဲ့ အတော်ဆုံးတပ်ဖွဲ့ကို ဆုံးရှုံးရပါလိမ့်မယ်”

‘ဆုတ်ခွာရမယ်... ဟုတ်လား...’

‘ဒီတိုင်းကြီး ဆုတ်ခွာလိုက်ရမှာလား...’

‘ဟင့်အင်း... လုံးဝ မဖြစ်နိုင်ဘူး...’

အချိန်ကြာမြင့်စွာ သူမသည် တုပိုင်ရှေ့တွင် အမြဲတမ်း အသာစီးရယူခဲ့ပြီး တုပိုင်၏ အသက်ကိုပင် အကြိမ်ကြိမ် ချုပ်ကိုင်ထားခဲ့ဖူးသည်။

“အခု ငါက သူ့ကို ရှုံးရတော့မှာလား... ငါ့မှာ သူ့ထက် သုံးဆပိုများတဲ့ အင်အားတွေ ရှိပါလျက်နဲ့ သူ့ကို ရှုံးရမှာလား...”

‘လုံးဝ မဖြစ်နိုင်ဘူး။’

သူမသည် ဒီရေကို ပြန်လှည့်ပစ်ရလေမည်။

လီဝမ်ဝမ်က အေးစက်စွာ ပြောလိုက်၏။

“ငါတို့ မရှုံးသေးဘူး... လီရူလုံလည်း မရှုံးသေးဘူး... ငါတို့ရဲ့ စစ်အင်အားက တုပိုင်ထက် သာလွန်နေတုန်းပဲ... ငါ အခြေအနေကို ကယ်တင်နိုင်သေးတယ်”

ထို့နောက် အေးစက်စွာ အမိန့်ပေးလိုက်လေသည်။

“ငါ့ရဲ့ ကိုယ်ရံတော်တွေ အကုန်လုံး ရှေ့တက်ပြီး အသေအလဲ တိုက်ခိုက်ကြစမ်း”

ထိုစကားကို ကြားလိုက်သောအခါ ဘုန်းတော်ကြီးအကြီးအကဲမှာ တုန်လှုပ်သွားရလေ၏။

လီဝမ်ဝမ်၏ ဘေးနားရှိ မီးနတ်ဘုရား ကိုယ်ရံတော် နှစ်ထောင်သည် အတော်ဆုံး စစ်သည်များ ဖြစ်သော်လည်း နောက်ဆုံးကျန်ရှိနေသော အင်အားပင် ဖြစ်လေသည်။ အကယ်၍ ဤစစ်တပ်သာ ဆုံးရှုံးသွားပါက မီးနတ်ဘုရား သူတော်စင်မ၏ နောက်ဆုံး ဂုဏ်သိက္ခာလည်း ပျောက်ဆုံးသွားပေလိမ့်မည်။

“သူတော်စင်မ...”

ဘုန်းတော်ကြီးအကြီးအကဲက ထပ်မံ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ သို့သော် လီဝမ်ဝမ်သည် ပြတ်သားသော ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။

သူမသည် လုံးဝ အရှုံးပေးမည် မဟုတ်ပေ။

သူမ၏ မီးနတ်ဘုရား စစ်တပ်သည် တိုက်ခိုက်စွမ်းရည် ကျဆင်းသွားခြင်း မဟုတ်ဘဲ စိတ်ဓာတ်ကျဆင်းသွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုစိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးရမည် ဖြစ်သည်။

သူမသည် တောင်ကုန်းမြင့်ပေါ်တွင် ရပ်ကာ ဆွဲဆောင်မှုရှိသော အကကို စတင် ကပြလိုက်လေ၏။

ပြိုင်ဘက်ကင်း စုန်းမတစ်ယောက်ကဲ့သို့ ညှို့ဓာတ်ပြင်းသော အကကို ကပြနေခြင်း ဖြစ်သည်။

ရုတ်တရက်...

“ဝုန်းးးးးး”

သူမ၏ ဘေးနားတွင် မီးတောက်များ မြင့်တက်လာလေ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ မီးတောက်များ မရေမတွက်နိုင်အောင် ကျဆင်းလာသည်။

လီဝမ်ဝမ်သည် မီးတောက်များကြားတွင် ပေါ်ထွက်လာပြီး ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အပြင် မီးတောက်သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေလေ၏။

မရေမတွက်နိုင်သော မီးတောက်များသည် တောင်ပေါ်တွင် ဧရာမလူသားပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင် ဖြစ်နေတော့သည်။

လီဝမ်ဝမ်သည် ထိုမီးတောက်လူသားကြီး၏ အလယ်တည့်တည့်တွင် ရှိနေလေ၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ၏ အသံသည် လုံးဝ ပြောင်းလဲသွားပြီး အလွန် အားကောင်းသော ယောကျ်ားအသံကြီး ထွက်ပေါ်လာကာ ကီလိုမီတာအနည်းငယ်ခန့်အထိ ပဲ့တင်ထပ်သွားလေသည်။

“မီးနတ်ဘုရားက နတ်ဘုရားအတုအယောင် တမန်တော် တုပိုင်ကို သတ်ဖြတ်လိမ့်မယ်...”

“မီးနတ်ဘုရားက နတ်ဘုရားအတုအယောင် တမန်တော် တုပိုင်ကို သတ်ဖြတ်လိမ့်မယ်...”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခွင်လုံး မီးမိုးများ ရွာကျလာလေ၏။ ထိုမြင်ကွင်းသည် အလွန်တရာ တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။

မီးနတ်ဘုရား စစ်တပ်သာမက တုပိုင်ပင်လျှင် အံ့အားသင့်သွားရလေ၏။

“မီးနတ်ဘုရားဂိုဏ်းရဲ့ လှည့်ကွက်တွေက ဒီလောက်တောင် ကြီးကျယ်ခမ်းနားနေတာလား...”

ရှုံးနိမ့်လုနီးပါး ဖြစ်နေသည့်တိုင် လီဝမ်ဝမ်က အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဟု တုပိုင် မထင်မှတ်မထားခဲ့မိချေ။

အထူးသဖြင့် ကောင်းကင်မှ ရွာကျလာသော မီးမိုးများ ၊ မိုင်ပေါင်းများစွာအထိ တုန်ခါသွားစေသော နတ်ဘုရားအသံနှင့် မီးနတ်ဘုရား ဆင်းသက်လာသကဲ့သို့ ဖြစ်ပေါ်နေသော မီးတောက်လူသားကြီးတို့ကြောင့် ဖြစ်သည်။

မီးနတ်ဘုရားဂိုဏ်းသားများ အားလုံး၏ မျက်လုံးထဲတွင် ထိုအရာများသည် စစ်မှန်သော အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင် ဖြစ်ချေ၏။ အမှန်တကယ်တွင် လီဝမ်ဝမ်သည် ထိုကဲ့သို့သော အသံမျိုး ပြုလုပ်နိုင်စွမ်း မရှိပေ။ သူမ၏ သိုင်းပညာ မည်မျှပင် မြင့်မားပါစေ ထိုအသံမျိုး မထွက်နိုင်ပေ။ သူမ၏ လက်အောက်ရှိ ကိုယ်ရံတော်နှစ်ထောင်က ဝမ်းဗိုက်မှ အသံများဖြင့် ပြုလုပ်ဖန်တီးလိုက်သောကြောင့် ကမ္ဘာမြေတစ်ခွင် ပဲ့တင်ထပ်သွားခြင်း ဖြစ်သည်။

ဤအရာအားလုံးသည် မီးနတ်ဘုရားဂိုဏ်း၏ နောက်ဆုံးသော လှည့်ကွက်များဖြစ်ပြီး လူအင်အားနှင့် အဖိုးတန်ပစ္စည်းများစွာ လိုအပ်လေသည်။

ဤပြကွက်ပြီးဆုံးသွားသောအခါ တုပိုင်၏ မသေမျိုးအံ့ဖွယ်ဖြစ်ရပ်ကြောင့် စိတ်ဓာတ်ကျဆင်းနေသော မီးနတ်ဘုရား စစ်တပ်သည် တစ်ဖန်ပြန်လည် တုန်လှုပ်သွားပြီး စိတ်ဓာတ်များ မြင့်တက်လာကာ မြို့ရိုးဆီသို့ ရူးသွပ်စွာ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၀၉ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters