← Chapters

အခန်း (၅၁၀)

Vol. 51 Ch. 510

အခန်း (၅၁၀)

Vol. 51 Ch. 510

ထို့နောက် ချက်ချင်းပင် လီဝမ်ဝမ်က အမိန့်ပေးလိုက်၏။

“မီးနတ်ဘုရား ကိုယ်ရံတော်တွေအားလုံး... သတ်ကြစမ်း”

ရုတ်တရက်ဆိုသလိုပင် သူမ၏ လက်ရွေးစင် အသန်မာဆုံးဖြစ်သော မီးနတ်ဘုရား ကိုယ်ရံတော် နှစ်ထောင်သည် ရှေ့သို့ ပြေးထွက်လာကြသည်။ ထိုကိုယ်ရံတော် နှစ်ထောင်စလုံး၏ သိုင်းပညာသည် အတော်လေးကို အဆင့်မြင့်လေ၏။

သူတို့သည် အလွန် လျင်မြန်စွာ စစ်မြေပြင်သို့ ဝင်ရောက်လာပြီး လီလင်း၏ တပ်ဖွဲ့ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။ အတားအဆီးများ ၊ မြို့ရိုးများသည် သူတို့အတွက် မရှိသည့်အလားပင်။ မီးနတ်ဘုရား ကိုယ်ရံတော်များသည် မြို့ရိုးပေါ်သို့ အလွန် လျင်မြန်စွာဖြင့် ရောက်ရှိလာကြလာ၏။

“ရွှီးးး... ရွှီးးး... ရွှီးးး...”

သူတို့သည် တုပိုင်၏ မသေမျိုးအံ့ဖွယ်ဖြစ်ရပ်ကို မမြင်တွေ့လိုက်ရသဖြင့် အားကုန်ထုတ်၍ ရဲရဲတောက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထောင်ပေါင်းများစွာသော တုပိုင်၏ တပ်သားများသည် ရုတ်ခြည်း ဖိနှိပ်ခံလိုက်ရလေ၏။

“မီးနတ်ဘုရားရဲ့ အမိန့်တော်အတိုင်း တမန်တော်အတုအယောင် တုပိုင်ကို အပြစ်ပေးရမယ်...”

“မီးနတ်ဘုရားရဲ့ အမိန့်တော်အတိုင်း တမန်တော်အတုအယောင် တုပိုင်ကို အပြစ်ပေးရမယ်...”

‘ဒီမိန်းမယုတ်က တကယ်ကို တော်လွန်းတာပဲ...’

တောင်ပြိုကမ်းပြို ရှုံးနိမ့်လုနီးပါး ဖြစ်နေသော အခြေအနေကို သူမ၏ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြင့် ပြန်လည် ဆွဲတင်နိုင်ခဲ့သည်။

မီးနတ်ဘုရား စစ်သည်တစ်သောင်းကျော်သည်လည်း မြို့ရိုးပေါ်သို့ နောက်တစ်ကြိမ် တက်ရောက်လာပြီး တုပိုင်၏ စစ်တပ်နှင့် တိုက်ခိုက်နေကြသည်။ မီးနတ်ဘုရား ကိုယ်ရံတော် နှစ်ထောင်နှင့် ပေါင်းလိုက်သောအခါ သူတို့ဘက်မှ တဖြည်းဖြည်း အသာစီးရလာလေ၏။

နတ်ဘုရားကို ယုံကြည်သော စစ်တပ်သည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှပေသည်။ စိတ်ဓာတ်ကျနေချိန်တွင် လုံးဝ အသုံးမကျ ဖြစ်သွားတတ်သော်လည်း စိတ်ဓာတ်တက်ကြွနေချိန်တွင်မူ ကောင်းကင်ကိုပင် ထိုးဖောက်နိုင်မတတ် စွမ်းဆောင်နိုင်ကြသည်။

တုပိုင်၏ စစ်သည်များ ထိခိုက်သေဆုံးမှု တဖြည်းဖြည်း များပြားလာပြီး မြို့ရိုးပေါ်တွင် တဖြည်းဖြည်း နောက်ဆုတ်ပေးနေရသည်။

ထိုအချိန်၌ လီလင်း ဦးဆောင်လာသော စစ်သည် ၄,၀၀၀ ကျော်သည် မြို့ရိုးအောက်သို့ ရောက်ရှိလာပြီး ရန်သူ့တပ်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ဤစစ်ကူအင်အားသစ်နှင့် ရှေ့နောက် ညှပ်ပိတ် တိုက်ခိုက်မှုအောက်တွင် အောင်ပွဲချိန်ခွင်လျှာသည် တုပိုင်ဘက်သို့ အနည်းငယ် ယိမ်းယိုင်လာလေ၏။

တုပိုင်နှင့် လီလင်းတို့၏ တပ်ပေါင်းစု ၁၂,၀၀၀ ကျော်သည် မီးနတ်ဘုရား ကိုယ်ရံတော်များနှင့် စစ်သည် ၁၅,၀၀၀ ကျော်ကို ရင်ဆိုင်တိုက်ခိုက်နေကြသည်။ တိုက်ပွဲသည် အလွန်ကိုရက်စက်ကြမ်းကြုတ်လွန်းလှ၏။ ခြေပြတ်လက်ပြတ်များဟူ၍ သိပ်မရှိဘဲ ခေါင်းပြတ် ၊ ကိုယ်ပြတ်တွေကိုသာ နေရာအနှံ့တွေ့နေရသည်။

စစ်တပ်နှစ်ဖက်စလုံး အကြိတ်အနယ် တိုက်ခိုက်နေကြပြီး နောက်ဆုံးတွင် သရေကျနေသော အခြေအနေသို့ ရောက်ရှိလာ​၏။

လီဝမ်ဝမ်တစ်ယောက် သက်ပြင်းချလိုက်မိ၏။ အနည်းဆုံးတော့ လုံးဝ ပြိုလဲသွားမည့် အခြေအနေကို ပြန်လည်ထိန်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

နောက်ထပ် မည်သူနိုင်မည်နည်း။ မည်သူရှုံးမည်နည်းဆိုသည်က စိတ်ဓာတ်ခွန်အားအပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။ လက်ရှိတွင် နှစ်ဖက်စလုံး၏ စစ်အင်အားမှာ တူညီနေပြီ ဖြစ်လေ၏။

သို့သော် ထိုအချိန်၌ပင် လီရူလုံ၏ တပ်ဖွဲ့သည် လုံးဝ ပြိုလဲသွားခဲ့လေ၏။ ဆိုးရွားလှသော အသေအပျောက်များ ကြုံတွေ့ရပြီးနောက် ကျန်ရှိနေသေးသော စစ်သည်တစ်သောင်းကျော်သည် ငရဲနှင့်တူသော စစ်မြေပြင်တွင် ဆက်လက်မနေရဲတော့ဘဲ ထွက်ပြေးကြတော့သည်။

လီဝမ်ဝမ် အော်ဟစ်လိုက်မိ၏။

“မဟုတ်ဘူး... မလုပ်နဲ့...”

‘ဒီအချိန်ကျမှ မပြိုလဲကြနဲ့လေ... ဘာလို့ ဒီအချိန်ကျမှ လီရူလုံရဲ့ တပ်ဖွဲ့က ပြိုလဲသွားရတာလဲ... နင်တို့မှာ စစ်သည်နှစ်သောင်းနီးပါး ရှိနေသေးတယ်လေ... လီဝမ်ဟွေ့နဲ့ ဖူဟုန်ပင်း နှစ်ယောက်ပေါင်းထားတဲ့ အင်အားထက်တောင် ပိုများနေသေးတာပဲ မဟုတ်လား...’

သို့သော် လီရူလုံသည် သာမန် လီမိသားစုဝင်တစ်ယောက်သာ ဖြစ်သည်။ အသေအပျောက် အတိုင်းအတာတစ်ခု ကျော်လွန်သွားသည်နှင့် သူတို့သည် လုံးဝ ပြိုလဲသွားတတ်ကြသည်။ စစ်တပ်တစ်ခုလုံး ထိန်းချုပ်မှု လွတ်ကင်းသွားပြီး ရူးသွပ်စွာ ထွက်ပြေးကြလေတော့သည်။

“ဝုန်းးး... ဝုန်းးး... ဝုန်းးး...”

ဖူဟုန်ပင်းသည် စစ်သည်တစ်သောင်းကို ဦးဆောင်ကာ တုပိုင်ရှိရာ တောင်ဘက်မြို့ရိုးသို့ စစ်ကူလာရောက်လေ၏။

ရုတ်တရက် တောင်ဘက်မြို့ရိုးတွင် တုပိုင်၏ စစ်အင်အားသည် ၂၃,၀၀၀ ကျော်အထိ ရောက်ရှိသွားပြီး မီးနတ်ဘုရား စစ်တပ်အင်အား ၁၅,၀၀၀ ကို ကျော်လွန်သွားလေတော့သည်။

မီးနတ်ဘုရား စစ်တပ်နှင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များကို ယှဉ်ကြည့်လျှင် သိုင်းပညာ သက်သက်တွင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်များက ပိုမို သာလွန်ကြသည်။ သို့သော် မီးနတ်ဘုရား စစ်တပ်တွင် ကာကွယ်ရန်ခက်ခဲသော စုန်းကဝေ နည်းလမ်းများ ရှိနေသဖြင့် နှစ်ဖက်စလုံး၏ တိုက်ခိုက်စွမ်းရည်မှာ တူညီနေခြင်း ဖြစ်သည်။

ယခုတွင် တုပိုင်၏ စစ်အင်အားသည် မီးနတ်ဘုရား စစ်တပ်ထက် ၆၀ ရာခိုင်နှုန်း ပိုများနေလေ၏။ ထို့အတွက်ကြောင့် တိုက်ပွဲရလဒ်သည် သံသယဖြစ်စရာ မလိုတော့ပေ။

တုပိုင်၏ အင်အားအလုံးအရင်းနှင့် ရင်ဆိုင်ရသောအခါ လီဝမ်ဝမ်၏ မီးနတ်ဘုရား စစ်တပ်သည် အသေအပျောက် များပြားလာပြီး အစုလိုက်အပြုံလိုက် သေဆုံးကုန်ကြတော့သည်။

**--**--**--**--**--**--**--**

ထိုမြင်ကွင်းကို ကြည့်ရင်း လီဝမ်ဝမ်၏ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

‘ဒီတစ်ကြိမ်တော့ ငါ တကယ် ရှုံးနိမ့်သွားပြီပဲ...’

လီဝမ်ဝမ် ဖန်တီးနိုင်သည့် မည်သည့် အံ့ဖွယ်ဖြစ်ရပ်ကမှ အခြေအနေကို ပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။

သူမ၏ တစ်ကိုယ်လုံး အေးစက်သွားပြီး မျက်လုံးများ ပြာဝေသွားလေ၏။ သူမသည် စိတ်စွမ်းအားကို စုစည်းလိုက်ရာ မြို့ရိုးပေါ်ရှိ တုပိုင်၏ မျက်နှာကိုပင် မြင်တွေ့နေရသည်။ သူမ၏ အမြင်အာရုံထဲတွင် တုပိုင်၏ မျက်နှာသည် တဖြည်းဖြည်း ကြီးမားလာသည်ဟု ခံစားနေရသည်။

တုပိုင်သည် သူမအား လှောင်ပြောင် သရော်နေလေ၏။

‘အံ့ဖွယ်ဖြစ်ရပ်တဲ့လား... မိန်းမယုတ်’

လီဝမ်ဝမ်သည် တုပိုင်၏ လှောင်ပြောင်သံကိုပင် ကြားနေရသကဲ့သို့ ဖြစ်နေသည်။ လီဝမ်ဝမ် မျက်လုံးများကို မှိတ်လိုက်ပြီး မူးဝေနေသည့် အခြေအနေ ပျောက်သွားအောင် ကြိုးစားလိုက်သည်။

သို့သော် သူမ၏ ဦးနှောက်သည် ပြင်းထန်စွာ နာကျင်ကိုက်ခဲလာပြီး ဦးခေါင်းတစ်ခုလုံး ကွဲထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။

‘မီးနတ်ဘုရားဂိုဏ်းရဲ့ စုန်းကဝေ ပြုပြင်ပြောင်းလဲမှုတွေက ငါ့ကို ပြန်လည် ဒုက္ခပေးနေပြီလား...’

ထို့နောက် ချက်ချင်းဆိုသလိုပင် သွေးကြောထဲရှိ စွမ်းအင်များသည် ဆူပွက်လာပြီး သူမ၏ အရေပြားသည် ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားလေ၏။

လီဝမ်ဝမ်တစ်ယောက် ရင်ဘတ်ကို ဖိကာ နာကျင်စွာ ညည်းညူလိုက်ရသည်။

“အင်းးးးး”

သူမ၏ လှပသည့် နှုတ်ခမ်းများက တုန်ရီနေသော်လည်း အသံထွက်ရန် ခက်ခဲနေရှာ၏။

“ဆုတ်... ဆုတ်... ဆုတ်မယ်...”

ထိုစကားကို ခက်ခဲစွာ ပြောပြီးနောက် သူမ၏ မျက်လုံးများ မှောင်မိုက်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ဆုတ်မယ်... ဆုတ်မယ်... ဆုတ်မယ်...”

လီဝမ်ဝမ် သတိမေ့သွားပြီးနောက် သူမ၏ ဘုန်းတော်ကြီးများသည် တပ်ဆုတ်ရန် ခရာမှုတ်လိုက်ကြသည်။

စစ်မြေပြင်၌ အပြင်းအထန် တိုက်ခိုက်နေသော မီးနတ်ဘုရား စစ်တပ်သည် ရန်သူများကို ထားရစ်ခဲ့ပြီး ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။ ထို့နောက် စစ်သည်တိုင်းသည် မြေပြင်ပေါ်သို့ အရာဝတ္ထုတစ်ခု ပစ်ပေါက်လိုက်ကြသည်။

“ဘုန်းးး... ဘုန်းးး... ဘုန်းးး...”

ရုတ်တရက် အနီရောင် မီးခိုးလုံးများ ထွက်ပေါ်လာလေ၏။ ထိုအခါ မြို့ရိုးတစ်ခုလုံး ထူထပ်သော မီးခိုးများ ဖုံးလွှမ်းသွားပြီး မြင်ကွင်းများ ဝေဝါးသွားတော့သည်။

ထို့နောက် မီးနတ်ဘုရား စစ်တပ်သည် ထူးခြားသော အနံ့တစ်ခုဖြင့် လျင်မြန်စွာ စုရုံးလိုက်ကြပြီး စနစ်တကျ နောက်ဆုတ်သွားကြလေ၏။

စစ်တပ်တစ်ခု၏ အရည်အချင်းကို အကဲခတ်လိုလျှင် အရေးကြီးဆုံးမှာ တပ်ဆုတ်ချိန်တွင် စနစ်တကျ ရှိမရှိ ကြည့်ရမည် ဖြစ်သည်။

တပ်ဆုတ်ခြင်းသည် အန္တရာယ်အများဆုံး ဖြစ်ပြီး အချိန်မရွေး ပြိုလဲသွားနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် လီဝမ်ဝမ် သတိမေ့နေပြီး ခေါင်းဆောင် မရှိတော့သည့် အချိန်တွင် ပိုမို အန္တရာယ်များလှသည်။

သို့သော် မီးနတ်ဘုရား စစ်တပ်သည် တိုက်ခိုက်ရေး တာဝန်များကို ချက်ချင်း ခွဲဝေလိုက်သည်။ တစ်စိတ်တစ်ပိုင်းက နောက်မှပိတ်ကာ တိုက်ခိုက်နေစဉ် ကျန်တစ်စိတ်တစ်ပိုင်းက လျင်မြန်စွာနှင့် စနစ်တကျ စစ်မြေပြင်မှ ထွက်ခွာသွားကြသည်။

သို့သော် တုပိုင်က သူတို့ကို အေးဆေးစွာ ထွက်ခွာခွင့် ပေးမည်လော။

“မြင်းတပ်တွေအားလုံး... ရန်သူကို လိုက်သတ်ကြစမ်း”

ရုတ်တရက် မြင်းတပ်များအားလုံး တိုက်ပွဲမှ ထွက်ခွာကာ မြို့ထဲသို့ ဝင်ရောက်ပြီး မြင်းများနှင့် ဧရာမဝံပုလွေများကို စီးနင်းလိုက်ကြသည်။

**--**--**--**--**--**--**--**

မီးနတ်ဘုရား စစ်တပ်သည် အမှန်တကယ်ပင် အားကောင်းလှသည်။ လက်ရွေးစင် နှစ်ထောင်ခန့်ဖြင့် နောက်မှပိတ်ကာ ခုခံပြီးနောက် လူတစ်သောင်းကျော်သည် လျင်မြန်စွာ ဆုတ်ခွာသွားနိုင်ခဲ့သည်။

နာရီဝက်မပြည့်ခင်မှာပင် သူတို့သည် စစ်မြေပြင်မှ လုံးဝ ထွက်ခွာသွားနိုင်ခဲ့ကြသည်။ ဤအတိုင်းသာ ဆက်သွားပါက ဤအတော်ဆုံး တပ်ဖွဲ့သည် တာ့ယန်နိုင်ငံတော်၏ မြို့တော်သို့ ဘေးကင်းစွာ ရောက်ရှိသွားနိုင်သည်။

သို့သော် သူတို့ ကံဆိုးသွားခဲ့ချေသည်။

အဘယ်ကြောင့်ဆိုသော် တာ့ယန်နိုင်ငံတော်၏ မြို့တော် ဝမ်ရှန်းမြို့သို့ ဦးတည်ပြေးနေသော နောက်ထပ် စစ်တပ်တစ်ဖွဲ့ ရှိနေသေးသောကြောင့် ဖြစ်သည်။ ထိုစစ်တပ်မှာ လီရူလုံ၏ တပ်ဖွဲ့ပင် ဖြစ်လေ၏။

ဤစစ်တပ်သည် မီးနတ်ဘုရား စစ်တပ်ကဲ့သို့ ကျွမ်းကျင်မှုမရှိဘဲ ကြီးမားသော ရှုံးနိမ့်မှုအောက်တွင် ကွပ်ကဲမှုစနစ် ပျက်စီးသွားပြီး စစ်သည်နှစ်သောင်းနီးပါး ရူးသွပ်စွာ ထွက်ပြေးနေကြခြင်း ဖြစ်သည်။ စနစ်တကျ ဆုတ်ခွာလာသော မီးနတ်ဘုရား စစ်တပ်သည် ထိုလူများနှင့် ရောထွေးသွားပြီး စည်းစနစ်များ ပျက်ပြားသွားရလေ၏။

ထိုအချိန်တွင် တုပိုင်သည် မြင်းတပ် လေးထောင်နီးပါးကို ဦးဆောင်ကာ မြို့ထဲမှ ပြေးထွက်လာသည်။ အခွင့်ကောင်းကို မြင်သောအခါ မြင်းတပ် လေးထောင်သည် အရှိန်ကို မြှင့်တင်လိုက်ကြလေ၏။

“ဝုန်းးး... ဝုန်းးး... ဝုန်းးး...”

မီးနတ်ဘုရား စစ်တပ်က အရင် စတင်ပြေးခဲ့သော်လည်း တုပိုင်၏ မြင်းတပ်သည် စုရုံးပြီးမှ လိုက်ရခြင်း ဖြစ်သည်။

သို့သော် ခြေနှစ်ချောင်းက ခြေလေးချောင်းကို မမှီနိုင်ပေ။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် တုပိုင်သည် ထွက်ပြေးနေသော လီမိသားစု စစ်တပ်ကို အမီလိုက်နိုင်ခဲ့သည်။

မီးနတ်ဘုရား စစ်တပ်၏ ဆုတ်ခွာမှုသည် မူလက အလွန် စိတ်ပျက်စရာ ကောင်းနေပြီး ဖြစ်သည်။ လီရူလုံ၏ တပ်ဖွဲ့နှင့် ရောထွေးသွားသော်လည်း သူတို့သည် စစ်ကြောင်းမပျက်ဘဲ ထိန်းထားနိုင်ခဲ့ကြသည်။ သို့သော် လီဝမ်ဝမ်၏ မြင်းရထားကို လှမ်းကြည့်လိုက်သောအခါ သူတို့၏ စိတ်ဓာတ်များ လုံးဝ ပျက်စီးသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ရူးသွပ်စွာ ကိုးကွယ်ခဲ့သော မီးနတ်ဘုရား သူတော်စင်မကို မမြင်ရတော့သောကြောင့် ဖြစ်သည်။

ပုံမှန်ဆိုလျှင် တပ်ဆုတ်နေချိန်တွင်ပင် မီးနတ်ဘုရား သူတော်စင်မသည် မြင့်မားသော ရထားပေါ်တွင် ရပ်ကာ သူတို့ကို ကြည့်ရှုပြီး အမိန့်ပေးနေရမည် ဖြစ်သည်။

သို့သော် ယခုတွင် မီးနတ်ဘုရား သူတော်စင်မ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ထိုအချက်က သူတို့၏ စိတ်ဓာတ်ကို ကြီးမားစွာ ရိုက်ခတ်သွားစေခဲ့သည်။ (စမူအစွမ်း 🤓)

“သတ်... သတ်... သတ်...”

တုပိုင်၏ မြင်းတပ် လေးထောင်သည် အရှိန်အဟုန်ပြင်းစွာဖြင့် လီမိသားစု၏ ရှုံးနိမ့်နေသော စစ်တပ်ထဲသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။ မြင်းသည်တော်များသည် ဓားများကို ဝှေ့ယမ်းကာ ရူးသွပ်စွာ သတ်ဖြတ်နေကြလေ၏။

“သတ်... သတ်... သတ်...”

အထူးသဖြင့် တုပိုင်၏ မြင်းသည်တော်များသည် မီးနတ်ဘုရား စစ်တပ်ကိုသာ ရွေးချယ် သတ်ဖြတ်နေကြသည်။

သူတို့၏ အဝတ်အစားများမှာ အနီရောင်မီးတောက်ကဲ့သို့ ထင်ရှားနေသောကြောင့် ပြစ်မှတ်ထားရသည်မှာ အတော်လေးကို လွယ်ကူလှသည်။

ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters