အခန်း (၅၁၁)
Vol. 52 Ch. 511
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လက်ရွေးစင် မီးနတ်ဘုရား စစ်သည်များသည် ပြန်လည်ခုခံရန် ကြိုးပမ်းကြသော်လည်း ပြိုလဲနေပြီဖြစ်သော လက်ရှိအခြေအနေတွင် မဖြစ်နိုင်တော့ချေ။
သူတို့ လူစုမဖွဲ့နိုင်သေးမီမှာပင် လီရူလုံ၏ တပ်ပျက်များကြောင့် ချက်ချင်းဆိုသလို လူစုကွဲသွားရလေသည်။ ထို့အပြင် မီးနတ်ဘုရား သူတော်စင်မ ပျောက်ဆုံးနေမှုကြောင့် သူတို့၏ စိတ်ဓာတ်များမှာလည်း အောက်ဆုံးထိ ထိုးကျလာ၏။ ခုခံမှုအချို့ ရှိနေသေးသော်လည်း ကွင်းပြင်ကျယ်၌ မြင်းတပ်၏ အားသာချက်မှာ ကြီးမားလွန်းလှပေသည်။
အထူးသဖြင့် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်မြင်းများသည် မြင့်မားကာ ခံ့ညားထည်ဝါပြီး တစ်ကိုယ်လုံးကို သံချပ်ကာများဖြင့် ဖုံးအုပ်ထားလေသည်။ မြင်းများ၏ နဖူးစည်းတွင်ပင် ထိပ်တိုက်တိုးဝှေ့ရန် သံချပ်ကာများ ပါရှိလေ၏။
"ဘုန်းးး... ဘုန်းးး... ဘုန်းးးး..."
ရုတ်တရက် ဝင်ဆောင့်လိုက်သော အရှိန်အဟုန်သည် လေးညှို့မှ လွတ်ထွက်သွားသော မြှားတစ်စင်း၏ အရှိန်ထက်ပင် ကျော်လွန်နေပေသည်။ လီစစ်သည်များသည် တိုက်ရိုက် အဆောင့်ခံလိုက်ရကာ လွင့်ထွက်သွားကြပြီး သွေးများ ပန်းထွက်လာကာ အရိုးများ တစ်စစီ ကြေမွသွားရတော့သည်။ သူတို့၏ အတွင်းကလီစာများ ကြေမွပျက်စီးကာ ပုံပျက်ပန်းပျက် သေဆုံးကုန်ကြ၏။
စစ်ပွဲတစ်ပွဲ၏ အနှစ်သာရများဖြစ်သည့် ရက်စက်စွာ ဝင်ဆောင့်ခြင်း... အငမ်းမရ ခေါင်းဖြတ်သတ်ဖြတ်ခြင်း... စသည်တို့ကို နေရာအနှံ့တွင် တွေ့မြင်နေရသည်။
တစ်ဦးချင်း တိုက်ခိုက်စွမ်းရည်တွင် မီးနတ်ဘုရား စစ်သည်များသည် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ စစ်သည်များကို မယှဉ်နိုင်သည့်အပြင် ၊ ယခင်က သူတို့အသုံးပြုခဲ့သော ယုတ်မာသည့် နည်းလမ်းများသည်လည်း ယခုအချိန်တွင် အသုံးမဝင်တော့ချေ။
ယခုမူ တစ်ဖက်က မြင်းစီးထားပြီး တစ်ဖက်က ခြေကျင်ပြေးနေရရာ ပြိုင်ဘက်ပင် မဟုတ်တော့ပေ။ နောက်ဆုံးတွင် စစ်ပွဲအခြေအနေသည် တစ်ဖက်သတ် သတ်ဖြတ်ပွဲအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ကြီးမားသော တပ်ဆုတ်မှုကြီးသည် နောက်ဆုံးတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသော တပ်ပျက်ကြီးအဖြစ်သို့ အဆုံးသတ်သွားလေ၏။
ကောင်းကင်ယံမှ စီးမိုးကြည့်လိုက်ပါက တောင်တန်းကြီးတစ်ခုလုံးတွင် ထွက်ပြေးနေသော စစ်သည်များဖြင့် ပြည့်နှက်နေသည်ကို တွေ့မြင်ရပေမည်။ ဖရိုဖရဲ ထွက်ပြေးနေသော လီမိသားစု စစ်သည်အရေအတွက်မှာ သုံးသောင်းကျော် ရှိလေသည်။
ထိုထွက်ပြေးနေသော စစ်သည်သုံးသောင်းကို တုပိုင်၏ မြင်းတပ်သား လေးထောင်က ဗရမ်းဗတာ လိုက်လံသတ်ဖြတ်နေကြခြင်း ဖြစ်၏။ ထွက်ပြေးနေသူများသည် အဖွဲ့အစည်း ပျက်ပြားနေပြီး လုံးဝ ပြိုကွဲနေကြပြီ ဖြစ်သည်။
တုပိုင်၏ မြင်းတပ်သား လေးထောင်သည် ထက်မြက်သော ဓားတစ်လက်ပမာ စုစည်းနေကြသည်။ ဝက်ဆီခဲကို မီးရဲရဲတောက်နေသော ဓားသွားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ပင် ရန်သူများသည် ခုခံနိုင်စွမ်း လုံးဝ မရှိကြချေ။
"သတ်... သတ်... သတ်..."
တုပိုင်သည် လမ်းတစ်လျှောက်လုံး လိုက်လံသတ်ဖြတ်ခဲ့လေသည်။ မိုင်လေးငါးဆယ်ခန့်အထိ အားရပါးရ လိုက်လံချေမှုန်းခဲ့ခြင်း ဖြစ်၏။
**--**--**--**--**--**--**--**
နောက်ဆုံးတွင် တုပိုင် လိုက်လံရှင်းလင်းမှုကို ရပ်တန့်လိုက်ရသည့် အကြောင်းအရင်းမှာ မြေပြင်အနေအထား ရှုပ်ထွေးလာပြီး နေရာအနှံ့ သစ်တောများ ထူထပ်လာသောကြောင့် ဖြစ်သည်။
ထို့အပြင် လီမိသားစု၏ တပ်ပျက်များသည် အလွန်လူစုကွဲနေပြီဖြစ်ရာ လိုက်လံသတ်ဖြတ်ရသည်မှာ တွက်ခြေမကိုက်တော့ပေ။ ထို့ပြင် ပြိုင်ဘက်ကင်း မြေအောက်မြို့တော်မှ မြင်းများ မည်မျှပင် သန်မာပါစေ ၊ မိုင်လေးငါးဆယ်ခန့် အဆက်မပြတ် သွားလာပြီးနောက်တွင် အတော်လေးကို ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
"တပ်ခေါက်မယ်... မြို့ထဲပြန်ကြ..."
တုပိုင် အမိန့်ပေးလိုက်သည်နှင့် မြင်းတပ်သား လေးထောင်သည် နောက်ပြန်လှည့်ကာ ပြိုင်ဘက်ကင်း မြေအောက်မြို့တော်သို့ ဦးတည်လိုက်ကြသည်။
မြို့သို့ပြန်ရာလမ်း မိုင်နှစ်ဆယ်ခန့် အရောက်တွင် ကင်းထောက် မြင်းသည်တော်တစ်ဦး ရုတ်တရက် ရှေ့သို့ ပြေးထွက်လာလေ၏။
မြင်းသည်တော်သည် ဝံပုလွေကြီးများကို စီးနင်းထားသော ကင်းထောက်တပ်ဖွဲ့ဝင်ဖြစ်ပြီး တုပိုင်၏ တပ်မတော်တွင် အရေးအပါဆုံး ကင်းထောက်များ ဖြစ်ကြသည်။ ဝံပုလွေကြီးများသည် လျင်မြန်ပြီး အားကောင်းကာ ရန်သူကို ကြိုတင်အာရုံခံနိုင်စွမ်း ရှိကြသည်။
"ဒီည ကြယ်ရောင်တွေ မှိန်ဖျော့နေတယ်... လမင်းကြီးက သွေးရောင်ပြောင်းနေတယ်..."
ထိုသူသည် ပြေးလွှားနေရင်း စကားဝှက်ကို အော်ဟစ်လိုက်၏။ ထိုဝံပုလွေစီး ကင်းထောက်သည် တုပိုင်၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာပြီး ဝံပုလွေပေါ်မှ မြောက်ဘက်သို့ လှိမ့်ဆင်းကာ ဒူးထောက်လိုက်လေသည်။
"အရှင်သခင်ကို လျှောက်တင်ပါတယ်... အရေးကြီး စစ်ရေးသတင်းပါ... အရေးကြီး စစ်ရေးသတင်းပါ..."
တုပိုင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"လာခဲ့..."
ဝံပုလွေစီး ကင်းထောက်က လျှောက်တင်လိုက်၏။
"သခင်ကြီး လီဝမ်ဟွေ့ သေဆုံးသွားပါပြီ။ ဒီသတင်းအချက်အလက်က လျှို့ဝှက်ချက်ဖြစ်ပြီး အရှင်သခင် တစ်ယောက်တည်းသာ ကြည့်ရှုခွင့် ရှိပါတယ်"
တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးနှင်လျက် ခြေလှမ်းတစ်ဒါဇင်ခန့် ရှေ့တိုးသွားကာ ထိုဝံပုလွေစီး ကင်းထောက်၏ ရှေ့သို့ ရောက်သွား၏။ ထို့နောက် လက်ကို ဆန့်တန်းလျက် အမိန့်ပေးလိုက်သည်။
"ပေး..."
ဝံပုလွေစီး ကင်းထောက်သည် လျှို့ဝှက်သဝဏ်လွှာတစ်စောင်ကို တုပိုင်၏ လက်ထဲသို့ ရိုသေစွာဖြင့် ကမ်းပေးလိုက်လေသည်။
သို့သော်...
"ဝုန်း..."
လျှို့ဝှက်သဝဏ်လွှာသည် ရုတ်တရက် ပေါက်ကွဲသွားတော့သည်။
ပေါက်ကွဲထွက်လာသည့်အရာမှာ ပြင်းထန်သော အဆိပ်များ မဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များ ဖြစ်လေ၏။ မီးတောင်ချော်ရည်များထက်ပင် ပိုမိုပူပြင်းသော မီးတောက်များ ဖြစ်သည်။
ထိုမီးတောက်များသည် ပေါက်ကွဲထွက်လာပြီး တုပိုင်၏ သံချပ်ကာပေါ်သို့ စင်လာလေသည်။ ခဏချင်းမှာပင် သံချပ်ကာများသည် လုံးဝ အရည်ပျော်ကျသွားပြီး ကြောက်မက်ဖွယ် မီးတောက်များသည် တုပိုင်၏ ရင်ဘတ် ၊ လက်မောင်းနှင့် လက်ဖဝါး နေရာအနှံ့သို့ တိုက်ရိုက် လောင်ကျွမ်းသွားတော့သည်။
"ဟားဟားဟား... တုပိုင် ဆိုတဲ့ သင်းကွပ်ထားတဲ့ ခွေးကုန်းကုန်းလေး... ငရဲကို သွားလိုက်တော့..."
ရက်စက်သော ရယ်မောသံနှင့်အတူ ဝံပုလွေစီး ကင်းထောက်၏ လက်ထဲမှ ထက်မြက်သော ဓားသွားသည် တုပိုင်၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ဝင်ရောက်လာတော့သည်။
ဤသူသည် တုပိုင်၏ ဝံပုလွေစီး ကင်းထောက် မဟုတ်ပေ။
ရှားလုံရွှိုပင် ဖြစ်လေ၏။
ရှားလုံလူမျိုးစု၏ ဘုရင်ဖြစ်သူ ရှားလုံရွှိုသည် သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး မြွေတစ်ကောင်ကဲ့သို့ ကောက်ကျစ်စဉ်းလဲသူ ဖြစ်၏။ သူသည် တုပိုင်၏ ဝံပုလွေစီး ကင်းထောက်တစ်ယောက်ကို သတ်ဖြတ်ကာ သံချပ်ကာဝတ်စုံကို ရယူဝတ်ဆင်ထားခြင်း ဖြစ်သည်။
တုပိုင်၏ မြင်းတပ်တွင် အမျိုးအစားနှစ်မျိုး ရှိသည်။ တစ်မျိုးမှာ အမြန်နှုန်းကို ဦးစားပေးသော မြင်းစီးကင်းထောက်များ ဖြစ်ပြီး ပေါ့ပါးသော သံချပ်ကာ သို့တည်းမဟုတ် သားရေဝတ်စုံများကိုသာ ဝတ်ဆင်ကြသည်။
နောက်တစ်မျိုးမှာ အတော်ဆုံးဖြစ်သော ဝံပုလွေစီး ကင်းထောက်များ ဖြစ်ပြီး တစ်ကိုယ်လုံးကို သံချပ်ကာများဖြင့် ဖုံးအုပ်ထားကြသည်။ သူတို့သည် ရန်သူတပ်ဖွဲ့နှင့် တွေ့ဆုံလျှင်ပင် ဘေးကင်းစွာ ထွက်ခွာနိုင်စွမ်း ရှိကြသည်။
ရှားလုံရွှို၏ ကြီးမားသော ဓားကြီးသည် တုပိုင်၏ လည်ပင်းဆီသို့ လေခွင်းသံမြည်လျက် ဝင်ရောက်လာ၏။
တုပိုင်၏ မျက်လုံးများ အေးစက်သွားပြီး ရုတ်တရက် ဟိန်းဟောက်လိုက်လေသည်။
"ဝေါင်းးးးး..."
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ခွင်းအရိပ် ဝိညာဉ်တိုက်ခိုက်မှု စွမ်းအင်သည် ပြင်းထန်စွာ ထွက်ပေါ်လာလေ၏။
ရှားလုံရွှို၏ စိတ်စွမ်းအားသည် မြင့်မားပြီး သိုင်းပညာသည်လည်း အလွန်မြင့်မားလှသည်။ ထို့ကြောင့် တုပိုင်၏ စိတ်စွမ်းအား တိုက်ခိုက်မှုသည် သူ့ကို မျက်တောင်တစ်ခတ်စာမျှသာ စိတ်လွတ်သွားစေနိုင်ခဲ့သည်။
သို့သော်... ထိုအချိန် ခဏလေးကပင် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
တုပိုင်၏ လက်ဖဝါးသည် သူ့ထံ ဝင်ရောက်လာသော ဓားကြီးကို ရုတ်တရက် ဖမ်းဆုပ်လိုက်လေသည်။
"ခွမ်း..."
တုပိုင်၏ လက်ဝါးဖြင့် ထိပ်တိုက်တွေ့ဆုံမှုတွင် ရှားလုံရွှို၏ ဓားကြီးမှာ ကျိုးပဲ့သွားရလေ၏။ တုပိုင်၏ လက်မှာမူ ရွှေရောင်နဂါးအကြေးခွံများ ဖုံးအုပ်ထားသဖြင့် ဘေးကင်းနေလေသည်။
နောက်တစ်ခဏတွင် ဖူဟုန်ပင်း ၊ မြို့စားမင်းလေး ကျီချန်နှင့် ကျီပြောင်ပြောင်တို့သည် လျှပ်စီးလက်သကဲ့သို့ ပြေးထွက်လာပြီး ရှားလုံရွှိုအား မြေပြင်ပေါ်သို့ ဖိချကာ ဖမ်းချုပ်လိုက်ကြသည်။
"ဟားဟားဟား..."
ရှားလုံရွှိုသည် ချက်ချင်း သတိပြန်ဝင်လာပြီး ရူးသွပ်စွာ ရယ်မောလိုက်လေသည်။
"တုပိုင်... မင်း ငါမှန်း မထင်ထားဘူးမလား။ မင်း မီးနတ်ဘုရားရဲ့ မိစ္ဆာမီးတောက်ကို မိသွားပြီ။ အဲဒီမီးက ချော်ရည်ထက်တောင် ပူတယ်။ ဘယ်လိုသံချပ်ကာမျိုးကိုမဆို ဖောက်ဝင်လောင်ကျွမ်းနိုင်တယ်။ သာမန် အသားအရေလောက်ကတော့ ပြောစရာတောင် မလိုဘူး။ မင်းရဲ့ အတွင်းကလီစာတွေ မကြာခင် လောင်ကျွမ်းပြီး နာကျင်စွာ သေဆုံးရတော့မယ်"
တုပိုင်သည် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ ရင်ဘတ်ကို ဖုံးအုပ်ထားသော သံချပ်ကာကို ဖွင့်ပြလိုက်လေသည်။
အကောင်းတိုင်းဖြစ်နေ၏။ မှန်ပေသည်။ မိစ္ဆာမီးတောက်သည် သံချပ်ကာနှင့် တုပိုင်၏ အဝတ်အစားများကို ဖောက်ထွင်းလောင်ကျွမ်းသွားခဲ့သော်လည်း ၊ တစ်ချိန်တည်းမှာပင် တုပိုင်က သူ၏တစ်ကိုယ်လုံးကို ရွှေရောင် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းထားလိုက်ခြင်း ဖြစ်သည်။
မိစ္ဆာမီးတောက်သည် ဤနဂါးအကြေးခွံလွှာကို မဖောက်ထွင်းနိုင်ဘဲ လျင်မြန်စွာ ငြိမ်းသတ်သွားခဲ့ရသည်။
ရှားလုံရွှိုသည် တုပိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း အက်ကွဲစွာ အော်ဟစ်လိုက်မိ၏။
"မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."
မိစ္ဆာမီးတောက်က အရာအားလုံးကို လောင်ကျွမ်းနိုင်စွမ်း ရှိသော်လည်း အဘယ်ကြောင့် တုပိုင်၏ အရေပြားနှင့် အသားကို မလောင်ကျွမ်းနိုင်ရသနည်း။
နာရီအနည်းငယ်အတွင်းမှာပင် သူ၏ စစ်တပ်သည် လုံးဝ ပျက်စီးသွားခဲ့ရသည်။ ထို့နောက် လီဝမ်ဝမ်၏ ရှေ့မှောက်တွင် ကြီးမားစွာ အရှက်ခွဲခံရပြီး စစ်မြေပြင်သို့ မောင်းထုတ်ခံခဲ့ရသည်။
ထိုအချိန်က သူသည် ဒေါသထွက်နေခဲ့ပြီး လီဝမ်ဝမ်အတွက် အသက်ပေးတိုက်ခိုက်ရန် ဆန္ဒမရှိတော့ပေ။ သို့သော် လီဝမ်ဝမ် ရှုံးနိမ့်သွားပြီးနောက် တုပိုင်က မြင်းတပ်ကို ဦးဆောင်ကာ လိုက်လံတိုက်ခိုက်လာသည်ကို မြင်လိုက်ရသောအခါ သူ့အတွက် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။
သူ့တွင် အလွန်ရဲရင့်သော အစီအစဉ်တစ်ခု ရှိခဲ့သည်။
တုပိုင်၏ မြင်းတပ်သား အများစုသည် တစ်ကိုယ်လုံး လုံခြုံသော သံချပ်ကာများကို ဝတ်ဆင်ထားကြပြီး မျက်နှာကိုပင် ဖုံးအုပ်ထားကြသည်။ ထို့အပြင် သူတို့အားလုံးသည် အရပ်အမောင်း မြင့်မားကြပြီး ရှားလုံရွှိုကဲ့သို့ ခန္ဓာကိုယ်ကြီးမားသူများလည်း အများအပြား ရှိလေသည်။
ထို့ကြောင့် သူသည် ဝံပုလွေစီး ကင်းထောက်တစ်ယောက်ကို ပစ်မှတ်ထားကာ နောက်ယောင်ခံလိုက်ခဲ့သည်။ ထိုကင်းထောက် စကားဝှက်အော်ပြောသည်ကို ကြားပြီးနောက် လူသူကင်းမဲ့သော နေရာတွင် သတ်ဖြတ်ကာ သံချပ်ကာကို ယူဆောင်ဝတ်ဆင်လိုက်ခြင်း ဖြစ်သည်။
ရှားလုံရွှိုသည် ဝံပုလွေစီး ကင်းထောက်အဖြစ် ရုပ်ဖျက်ပြီး တုပိုင်အနားသို့ ချဉ်းကပ်ကာ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အောင်မြင်ပါက ဝံပုလွေကြီးကို စီးနင်းလျက် ထွက်ပြေးပြီး တာ့ယန်မင်းဆက်၏ မြို့တော်သို့ ပြန်သွားရန် ရည်ရွယ်ထားခဲ့သည်။
ဤတိုက်ပွဲတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သော်လည်း အကယ်၍သာ သူသည် တုပိုင်ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့လျှင် မည်မျှကြီးမားသော အကျိုးပြုမှု ဖြစ်လိုက်မည်နည်း။
လီရူလုံ ရှုံးနိမ့်သည်။ လီဝမ်ဝမ် ရှုံးနိမ့်သည်။ သို့သော် ရှားလုံရွှိုက တုပိုင်ကို သတ်နိုင်ခဲ့သည်ဆိုပါက တာ့ယန်နိုင်ငံတော်တွင် ကျန်ရှိသော ထိပ်တန်းစစ်ဗိုလ်ချုပ်မှာ သူသာ ဖြစ်လာပေလိမ့်မည်။
အကျိုးအမြတ်မှာ ကြီးမားလွန်းလှသဖြင့် ရှားလုံရွှို စွန့်စားခဲ့ခြင်း ဖြစ်သည်။
သို့သော်... အဆိပ်မီးတောက်က တုပိုင်ကို မသတ်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ထို့အပြင် တုပိုင်သည် ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုကာ သူ၏ ဦးနှောက်ကို ခေတ္တမျှ ဗလာဖြစ်သွားစေခဲ့သည်။
ခမောက်ကို ချွတ်လိုက်သောအခါ ဆေးမင်ကြောင်များဖြင့် ပြည့်နှက်နေသော ရှားလုံရွှို၏ မျက်နှာ ပေါ်ထွက်လာလေသည်။ ယောက်ျားပီသသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာမျိုး ဖြစ်လေ၏။
အန္တရာယ်ငွေ့များ ယှက်သန်းနေပြီး... လျှို့ဝှက်ဆန်းကြယ်ကာ... ခန့်ညားသော မျက်နှာထားပင် ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ် အပိုင်း ၅၁၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team